← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း ၁၁၁ - တောင်ပေါ်မြို့

ချာမကူလမ်းသည် အနောက်တောင်နှင့် အနောက်မြောက် နယ်စပ်ဒေသများကြား လက်ဖက်နှင့် မြင်း ကုန်သွယ်မှုကနေ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ချီမင်းဆက်နှင့် ကျင်းမင်းဆက်မှာ ထွန်းကားလာပြီး ဝေမင်းဆက်နှင့် ရွှမ်မင်းဆက်မှာ အထွတ်အထိပ်ကို ရောက်ရှိလာခဲ့သည်။ ဤလမ်းသည် ရှုကျိုး၊ ယွင်ကျိုးနှင့် အနောက်ဘက်ဒေသတို့နှင့် ဆက်စပ်နေပြီး သမုဒ္ဒရာနိုင်ငံ၏ ပိုင်နက်နယ်မြေထဲသို့ ဝင်ရောက်ကာ အနောက်တိုင်းကုန်းမြေတိုက်သို့ ဆက်လက်၍ ဦးတည်နေသည်။

ဤလမ်းတစ်လျှောက်မှာ စည်ကားသက်ဝင်သော ဈေးကွက်များစွာရှိလေသည်။

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ချောင်မကူလမ်းမှာ မိုင် ၃၀ခန့် လျှောက်လှမ်းပြီးနောက် ခပ်လှမ်းလှမ်းမှာ မီးခိုးများထွက်နေသည်ကို တွေ့မြင်လိုက်ရသည်။ ထိုလမ်းဘေးမှာ မြို့ငယ်တစ်မြို့ရှိနေပြီး ‘တောင်ပေါ်မြို့’ ဟူသောအလံကို လေထဲမှာ လွှင့်ထူထားသည်။

ချီရွှမ်းစုက ထိုသည်ကိုတွေ့မြင်သောအခါ အံ့အားသင့်သွား၏။

“အို… ဒါက တောင်ပေါ်မြို့ပဲ”

သူမဘဝ၏ အချိန်အများစုကို ကျောက်စိမ်းနေပြည်တော်မှာသာ နေထိုင်ခဲ့သည့် ကျန်းယွဲ့လုက အပြင်လောကမှ ကိစ္စများစွာနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ မေးလိုက်၏။

“တောင်ပေါ်မြို့က ဘာလဲ”

ချီရွှမ်းစုက ဖြေလိုက်သည်။

“မူလတောင်ပေါ်မြို့ဆိုတာကတော့ ထိုက်ဖျင်တောင်က ကျင်းအောင်တောင်ထွတ်မှာရှိတဲ့ တံလှပ်ပုံရိပ်ကိုပြောတာပဲ… ဒဏ္ဍာရီအရဆို အပြာရောင်ကျောက်ပြားတွေ၊ အပေါ်ကိုပျံတက်နေတဲ့ အမိုးချွန်တွေ… မြင့်မားတဲ့ အုတ်တံတိုင်းတွေနဲ့ နန်းတော်တွေကို အဲဒီတံလှပ်ပုံရိပ်တွေက ပြသပေးထားတယ်လို့ဆိုတယ်… အဲဒါက နှစ်မိုင်အထိ ဖြန့်ကြက်ပြီး အရာရာတိုင်းရဲ့ အထက်စီးမှာ ရှိနေတယ်… အဲဒီမှာ မြို့တစ်မြို့နဲ့ဆင်တူတဲ့ အဆောက်အအုံတွေနဲ့ ဈေးကွက်တွေလည်းရှိတယ်… ဒါပေမဲ့ အဲဒါနဲ့ ကြုံတွေ့ရဖို့က တကယ့်ကို ရှားရှားပါးပါးပဲ… အထုံရေစက်ပါတဲ့သူတွေပဲ တွေ့မြင်ရနိုင်တယ်လို့ဆိုတယ်”

“လူတချို့က အဲဒီတံလှပ်ပုံရိပ်ကို တုပပြီး ကျင်းအောင်တောင်ထွတ်ရဲ့အနီးနားမှာ ကုန်သွယ်မြို့ငယ်တစ်မြို့ကို တည်ဆောက်ခဲ့ကြတယ်… အဲဒီနေရာက ခရီးသွားတွေနဲ့ အတော်လေးစည်ကားတယ်… နောက်ပိုင်းမှာ နောက်ထပ်လူတွေက အဲဒါကိုတုပပြီး ကုန်သွယ်ဖို့အတွက် ဒီလိုမျိုး တောင်ပေါ်မြို့တွေကို တည်ဆောက်လာကြတယ်… အဲဒီနေရာတွေက မှောင်ခိုဈေးကွက်လို့ လူသိများကြတယ်… အဲဒီမှာ မင်း ဓားပျံတွေ၊ ဆေးလုံးတွေ၊ သေနတ်တွေနဲ့ မင်းစဉ်းစားမိတဲ့ ဘယ်အရာကိုမဆို ဝယ်လို့ရနိုင်တယ်”

“အို… မှောင်ခိုဈေးကွက်လား”

ကျန်းယွဲ့လုက နောက်ဆုံးမှာ နားလည်သဘောပေါက်သွား၏။

“ငါ မှောင်ခိုဈေးကွက်ကို ကြားဖူးတယ်.. ဒါပေမဲ့ တစ်ခါမှမမြင်ဖူးဘူး… ငါတို့ ဒီကိုရောက်နေမှတော့ လက်လွှတ်ခံလို့ဘယ်ဖြစ်ပါ့မလဲ … တစ်ချက်လောက် သွားကြည့်ရအောင်”

ချီရွှမ်းစုက ပြောလိုက်သည်။

“ငါတို့ သွားကြည့်လို့ရတယ်… ဒါပေမဲ့ အသပြာပါမှရမယ်… အဲဒီမှာ နတ်နဂါးပစ္စတိုတစ်လက်က ထိုက်ဖျင်ဒင်္ဂါး ၈၀၀ ကျသင့်တယ်… အဲဒါက ပုံမှန်ဈေးကွက်ထဲက ပုံမှန်ဈေးထက် အများကြီးပိုပြီးဈေးကြီးတယ်… ဒါပေမဲ့ ပုံမှန်ဈေးနဲ့ နတ်နဂါးပစ္စတိုကို ဝယ်ဖို့ဆိုတာကလည်း ဝတ်ရုံနက်တွေနဲ့ အဆက်အသွယ်ရှိထားတဲ့သူတွေပဲ တတ်နိုင်ကြတယ်”

ကျန်းယွဲ့လုက ခဏမျှ စဉ်းစားလိုက်၏။

“ငါ မချမ်းသာပေမယ့် ငါ့မှာ ထိုက်ဖျင်ဒင်္ဂါးနည်းနည်းပါးပါးတော့ ရှိပါသေးတယ်”

ဤသည်က အကျိုးအကြောင်းသင့်လေသည်။ ပညရှိလောင်းတစ်ဦး၏ ခံစားခွင့်နှင့် အဆင့် ၅ တာအိုဆရာတစ်ဦးက တစ်လမှာ ထိုက်ဖျင်ဒင်္ဂါးတစ်ရာ လက်ခံရရှိနိုင်သည်။ ထို့ကြောင့် အဆင့် ၄ တာအိုအကြီးအကဲတစ်ဦးအနေဖြင့် ကျန်းယွဲ့လုက ပိုမိုမြင့်မားသော လစဉ်ခံစားခွင့်ကို ရရှိပေလိမ့်မည်။ ဒါ့အပြင် အနောက်ဘက်ဒေသကနေ ပြန်လာပြီးနောက် သူတို့သည် အပိုဆုကြေး ထိုက်ဖျင်ဒင်္ဂါးတစ်ရာကို ရရှိခဲ့ကြသည်။ ကျန်းယွဲ့လုမှာ စုဆောင်းထားတာမရှိဘူးဆိုလျှင် ချီရွှမ်းစုယုံလိမ့်မည် မဟုတ်ပေ။

ကျန်းယွဲ့လုမှာ အသပြအနည်းငယ်ပါလာပြီး ဈေးဝယ်ချင်သည်ဆိုမှတော့ ချီရွှမ်းစုက ကန့်ကွက်စရာမရှိပေ။ ထို့ကြောင့် သူတို့က တောင်ပေါ်မြို့သို့ ဝင်ရောက်လိုက်ကြ၏။

အပြင်ဘက်ကနေကြည့်လျှင် တောင်ပေါ်မြို့က သိပ်ပြီးထင်ရှားပေါ်လွင်ခြင်းမရှိပေ။ သို့သော်လည်း အထဲကို သူတို့ဝင်ရောက်လာသည်နှင့် လုံးဝကွဲပြားသော လောကတစ်ခုထဲသို့ ရောက်ရှိလာသလို ခံစားလိုက်ရသည်။ လမ်းတစ်လျှောက်မှာရှိသော အဆောက်အအုံအများစုသည် အနက်ရောင်ကျောက်ပြားများ၊ အဖြူရောင်တံတိုင်းများ၊ အနီရောင်တိုင်လုံးများ၊ အပြာရောင်ရက်မများနှင့် နှစ်ထပ်အဆောက်အအုံများဖြစ်လေသည်။

လမ်းကို အပြာရောင်အုတ်များဖြင့် ခင်းထားပြီး ရထားလုံးနှစ်စီးစာလောက်ကျယ်ပြန့်သည်။ ၎င်းသည် ချန်မကူလမ်းပေါ်မှ နယ်စွန်နယ်ဖျားမြို့တစ်မြို့နှင့် သိပ်မတူဘဲ ကျင်းလင်စီရင်စု သို့မဟုတ် ကျင်းကွမ်စီရင်စုမှ လမ်းများနှင့် ဆင်တူနေသည်။

တစ်ခုကိုတစ်ခု အပေါင်းလက္ခာပုံစံဖြတ်ထားသည့် လမ်းနှစ်လမ်းနှင့်အတူ မြို့ကွက်အခင်းအကျင်းရှိလေသည်။ မြို့ကို ဧရိယာလေးခုအဖြစ် ပိုင်းခြားထားပြီး ဆိုင်ခန်းငယ်များစွာတည်ရှိနေ၏။

ကျန်းယွဲ့လုနှင့် ချီရွှမ်းစု တောင်ပေါ်မြို့သို့ ဝင်ရောက်လာသည်နှင့် လူတစ်ယောက်က သူတို့အနားကို ချဉ်းကပ်လာသည်။ ဤလူက ဒူးသို့ပင်မရောက်သည့် ခပ်တိုတို ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထား၏။ သူက ပိတ်သားဖိနပ်ကိုစီးပြီး ခြောက်စစပ် ဦးထုပ်တစ်လုံးကို ဆောင်းထား၏။

(ခြောက်စစပ်ဦးထုပ် - ပိတ်စခြောက်စကို တွဲချုပ်ထားသည့် ဦးထုပ်။)

အမျိုးသားက ကျန်းယွဲ့လုနှင့် ချီရွှမ်းစုကို ဦးညွှတ်ပြီး နှုတ်ဆက်လိုက်သည်။

“ကျုပ်က ဒီတောင်ပေါ်မြို့ရဲ့ အစောင့် ချန်ပေါင်ပါ… ခင်ဗျားတို့ ဒီကို ပထမဆုံးအကြိမ်ရောက်ဖူးတာပါလား”

ချီရွှမ်းစုက ကျန်းယွဲ့လုကို စကားမပြောရန် အချက်ပြပြီး ပြန်ဖြေလိုက်သည်။

“ငါတို့က ဒီတိုင်းဖြတ်သွားဖြတ်လာတွေပဲ… လမ်းကြုံလို့ ခဏဝင်ကြည့်တာ”

“ကျုပ်သိပါပြီ”

ချန်ပေါင်၏ မျက်လုံးက တဖျတ်ဖျတ်ခတ်သွား၏။

“ဒီတောင်ပေါ်မြို့က သေးငယ်တဲ့စီးပွားရေးလုပ်ငန်းလေးတစ်ခုပါ… ဆိုင်ခန်းတွေကို ပြန်လည်ပြင်ဆင်တာနဲ့ ဒီနေရာကို ထိန်းသိမ်းရတာက အတော်လေးကုန်ကျစရိတ်များပါတယ်… အဲဒါကြောင့် ခင်ဗျားတို့က ပစ္စည်းဝယ်မှာပဲဖြစ်ဖြစ် ရောင်းမှာပဲဖြစ်ဖြစ် အခကြေးငွေကို…”

သူက ပြောရင်း လက်ညှိုးနှင့်လက်မကို ခပ်ဖွဖွပွတ်က အသပြာတောင်းသည့်အမူအရာ လုပ်ပြလိုက်သည်။

“ဝင်ကြေးလား… ကိစ္စမရှိဘူး… ရတယ်လေ”

ချီရွှမ်းစုက ပြောလိုက်သည်။

“ဘယ်လောက်လဲပြောပါ”

ချီရွှမ်းစုက မသိနားမလည်သောလူတစ်ယောက် မဟုတ်သည်ကို ချန်ပေါင်က ချက်ချင်းပင် နားလည်သဘောပေါက်သွားပြီး များစွာတောင်းဆိုရဲခြင်းမရှိပေ။ သူက ရိုးသားစွာဖြင့် ပြောလိုက်သည်။

“လူတစ်ယောက်ကို ထိုက်ဖျင်ဒင်္ဂါးတစ်ပြားပါ”

ချီရွှမ်းစုက သူ၏ အိတ်ကပ်ထဲကနေ ထိုက်ဖျင်ဒင်္ဂါးနှစ်ပြားကိုထုတ်ယူပြီး ချန်ပေါင်ကို ကမ်းပေးလိုက်သည်။

“မင်းတို့ ဒီမြို့မှာ ဘာတွေရှိလဲ”

ချန်ပေါင်က ပြန်ဖြေလိုက်သည်။

“ကျုပ်တို့မှာ အတော်များများရှိပါတယ်… လက်မြန်တွေ၊ ရမ်းကုတွေ၊ ဟူးရားတွေ၊ မျက်နှာဖတ်တွေ၊ ငှက်ကြည့်တွေ၊ သားသတ်သမားတွေ၊ ဗြောက်တွေ၊ ခဲလုံးတွေ၊ အဆင်တန်ဆာတွေ၊ ဆေးလုံးကြီးတွေ၊ ဆပ်ပြာမြှုပ်တွေ၊ အလှူခံတွေ၊ ငှက်ထောင်တွေ၊ သားရေစာလေးတွေ… အစရှိသဖြင့်ပေါ့.. ခင်ဗျားလိုချင်တာကို ပြောလိုက်ပါ”

[လက်မြန်-ခါးပိုက်နှိုက်၊ မျက်နှာဖတ်-မျက်နှာကြန်အင်ဖတ်သူ၊ ဟူးရား-ဗေဒင်ဆရာ၊ ရမ်းကု-တရားမဝင်ကုသသောသမားတော်၊ ငှက်ကြည့်-နိမိတ်ဖတ်သူ၊ သားသတ်သမား-ကြေးစားလူသတ်သမား၊ ဗြောက်-သေနတ်၊ ခဲလုံး-ကျည်ဆန်၊ အဆင်တန်ဆာ-အဆောင်/ယတြာ၊ ဆပ်ပြာမြှုပ်-ကစော်၊ အလှူခံ-ဓားပြ၊ ငှက်ထောင်-ထောက်ချောက်ဆင်/ဖောက်ထွင်းသူများ၊ သားရေစာ-အပျော်မယ်/ပြည့်တန်ဆာ။]

ချီရွှမ်းစုက စုံစမ်းလိုက်သည်။

“ဒီမှာ ရိုက်စားတွေရောရှိလား”

ချန်ပေါင်၏ မျက်နှာက အနည်းငယ်တောင့်တင်းသွားပြီးနောက် အိုးတိုးအမ်းတမ်းဖြင့် ရယ်မောလိုက်သည်။

“လူကြီးမင်း… အဲဒါကိုတော့ ခင်ဗျားဘာသာရှာမှရလိမ့်မယ်… ခင်ဗျားတို့က မျက်စိလျင်မယ်ဆိုရင်တော့ ဘာကိုမှရှာတွေ့မှာမဟုတ်ဘူး… ဒါပေမဲ့ မျက်စိလျှမ်းမယ်ဆိုရင်တော့ တစ်ခုတစ်လေနဲ့ ကြုံတွေ့ရနိုင်တယ်”

ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။

“ကျေးဇူးပဲ… အဲဒါဆိုရင်လည်း ငါတို့ဘာသာငါတို့ ရှာကြည့်လိုက်မယ်”

ချန်ပေါင်က သူတို့ကို နှုတ်ဆက်ပြီး လှည့်ထွက်သွား၏။

ကျန်းယွဲ့လုက မနေနိုင်ဘဲမေးလိုက်၏။

“စောစောက နင်တို့ပြောနေတဲ့ ထူးဆန်းတဲ့စကားတွေက ဘာတွေလဲ”

“ဝင်ကြေးအဖြစ် ငါတို့ ထိုက်ဖျင်ဒင်္ဂါးနှစ်ပြားပေးရတယ်… ပြီးတော့ ဒီနေရာမှာ ဆေးတွေ၊ လက်နက်တွေ၊ သေနတ်တွေ၊ ကျည်ဆန်တွေနဲ တခြားပစ္စည်းတွေကို ရောင်းတဲ့သူတွေရှိတယ်လို့ သူပြောတယ်… အဲဒီမှာ ကံကြမ္မာဖတ်ဗေဒင်ဟောတာနဲ့ မျက်လှည့်တွေလည်းရှိတယ်… ငါက လူလိမ်တွေရှိလားလို့ မေးတော့ အဲဒါက ငါတို့ပေါ် မူတည်လိမ့်မယ်လို့ သူပြောတယ်… ငါတို့က နုံအမယ်ဆိုရင်တော့ တစ်ယောက်ယောက်နဲ့ သေချာပေါက် ကြုံတွေ့ရလိမ့်မယ်”

ချီရွှမ်းစုက ရှင်းပြလိုက်သည်။

ကျန်းယွဲ့လုက ပြုံးလိုက်၏၊

“စိတ်ဝင်စားစရာပဲ”

သူတို့နှစ်ယောက်သား ခပ်လှမ်းလှမ်းကို လျှောက်လာပြီးနောက် မိန်းကလေးအလှပစ္စည်းများရောင်းသည့် ဆိုင်တစ်ဆိုင်ကို ရောက်လာသည်။ သို့သော်လည်း ကျန်းယွဲ့လုက ထိုဆိုင်ကို စိတ်ဝင်စားခြင်းမရှိဘဲ ဘေးချင်းကပ်မှာရှိသော လက်နက်များရောင်းသည့်ဆိုင်သို့ တန်းသွားသည်။

ဆိုင်ရှင်က ချီရွှမ်းစုကို နှုတ်ဆက်လိုက်သည်။

“လူကြီးမင်း… ခင်ဗျား နှစ်သက်သဘောကျတဲ့ အမျိုးသမီးလေးများ ရှိပါသလား… အဝတ်အစားနဲ့ အဆင်တန်ဆာတွေက အမျိုးသမီးတွေကို စိတ်ကျေနပ်စေတယ်လို့ဆိုကြတယ်… ခင်ဗျားရဲ့ အမျိုးသမီးလေးအတွက် ပါးနီတွေ၊ မျက်နှာချေတွေ၊ လက်ဝတ်တန်ဆာတွေ မဝယ်ချင်ဘူးလား… သူအဲဒါတွေကို သေချာပေါက် သဘောကျမှာ… ခင်ဗျားမှာ သဘောကျရတဲ့သူ အခုချိန်ထိ မရှိသေးဘူးဆိုရင်လည်း နောက်သုံးဖို့အတွက် သိမ်းထားလို့ရတာပဲ… တစ်နေ့မှာ အဲဒါက အသုံးဝင်လာမှာပါ”

ချီရွှမ်းစုက ပစ္စည်းတစ်ခုဝယ်ချင်နေသည်။ သူက ဆိုင်ခန်းထဲကနေ ပွင့်ရိုက်ဆံထိုးတစ်ခုကို ကောက်ယူပြီး ကျန်းယွဲ့လုဘက်ကိုလှည့်ကာ မေးလိုက်သည်။

“ချင်းရှောင်… မင်းဘယ်အရောင်ဆံထိုးကို သဘောကျလဲ”

ကိုးဆစ်ကျာပွတ်ကို ကြည့်နေသည့် ကျန်းယွဲ့လုက ခေါင်းပင်မော့မကြည့်ပေ။

“ငါ အစိမ်းရောင်ပစ္စတိုတွေကို ပိုပြီးကြိုက်တယ်”

ချီရွှမ်းစုက အိုးတိုးအမ်းတမ်းဖြင့် လည်ချောင်းရှင်းကာ ပြောလိုက်သည်။

“ငါလည်း အစိမ်းရောင်ပစ္စတိုတွေကို သဘောကျပါတယ်… ကြေးသားက ရှေးဆန်ပြီးတော့ လေးလံတယ်… ရွှေကလည်း အရောင်တောက်လွန်းတယ်”

သူက ဆိုင်ရှင်၏ စိတ်ပျက်သွားသောအကြည့်အောက်မှာ ဆံထိုးကိုပြန်ချပြီး ခေါင်းခါယမ်းလိုက်သည်။

ကျန်းယွဲ့လုက သူမလက်ထဲက ကိုးဆစ်ကျာပွတ်ကို ချပြီး မေးလိုက်သည်။

“ရှင့်မှာ စိတ်ဝိညာဉ်ကိုးဆစ်ကျာပွတ်တွေမရှိဘူးလား”

သက်လတ်ပိုင်းအရွယ် ဆိုင်ရှင်က ပြုံးလိုက်သည်။

“စိတ်ဝိညာဉ်ပစ္စည်းတွေက အတော်လေးအသုံးများတယ်… ဒါပေမဲ့ စိတ်ဝိညာဉ်ကျာပွတ်ကတော့ တွေ့မြင်ရခဲတယ်… သခင်မလေး ခင်ဗျားကို စိတ်ပျက်စေမိရင် တောင်းပန်ပါတယ်”

ကျန်းယွဲ့လုက စကားများစွာပြောဆိုခြင်းမရှိဘဲ ချီရွှမ်းစုနှင့် ထွက်ခွာကာ မြို့ငယ်လေးထဲသို့ ဆက်လက်ဝင်ရောက်လာ၏။

သူတို့အထဲကိုရောက်လာလေ ရောင်းချသောပစ္စည်းများက ပို၍ထူးခြားလာလေပင်။

လူတစ်ယောက်က ချုံးချီသွေးတု ရောင်းနေသည်ကို ချီရွှမ်းစုတွေ့မြင်လိုက်ရသည်။ ဈေးက အစ်မချီပြောသည့်ဈေးထက် များစွာပိုမိုမြင့်မားနေ၏။ ဆိုင်ခန်းထဲမှာ ပုလင်းငယ်တစ်လုံးသာရှိပြီး ဈေးသည်က လမ်းသွားလမ်းလာများကို နှုတ်ဆက်ခြင်းမရှိဘဲ ဈေးလာမေးမည့်သူကိုသာ စောင့်ဆိုင်းနေသည်။

ထိုသည်ကိုတွေ့မြင်သောအခါ ကျန်းယွဲ့လုက မျက်မှောင်ကြုတ်လိုက်၏။ ချုံးချီသွေးတုကို တာအိုဂိုဏ်းတော်ကသာ ထုတ်လုပ်သောကြောင့်ဖြစ်သည်။ ထိုသို့ဆိုလျှင်တောင် ဤကဲ့သို့ပစ္စည်းများကို ကြုံရာကျပန်းတောင်ပေါ်မြို့တစ်မြိုမှာ တွေ့မြင်နေရသည်။ ဤအချက်သည် တာအိုဂိုဏ်းတော်အတွင်းမှာ ပြဿနာကြီးများရှိနေသည်ကို ညွှန်ပြနေသည်။

သို့သော်လည်း ထိုပြဿနာက ဤတောင်ပေါ်မြို့နှင့်မဆိုင်ဘဲ တာအိုဂိုဏ်းနှင့်သာဆိုင်သည်ကို ကျန်းယွဲ့လုသိလေသည်။ ထို့ကြောင့် သူမ၏အကြည့်ကို အလျင်အမြန်ရုပ်သိမ်းပြီး အခြားသောဆိုင်ခန်းများရှိရာသို့ ဆက်လျှောက်သွား၏။

တစ်နာရီခန့် လှည့်ပတ်သွားလာပြီးနောက် သူတို့က ထိုက်ဖျင်ဒင်္ဂါးတစ်ပြားကို မသုံးစွဲရသေးပေ။ သူတို့သဘောကျသည့်အရာ မရှိသောကြောင့် သို့မဟုတ် သူတို့သဘောကျသည့်အရာများကလည်း ဈေးကြီးလွန်းနေသောကြောင့်ဖြစ်သည်။

ချီရွှမ်းစုက တစ်ပတ်ရစ် နတ်နဂါးပစ္စတိုတစ်လက်ကို မျက်စိကျနေ၏။ လက်နက်က အတော်လတ်သေးပြီး ထိုက်ဖျင်ဒင်္ဂါး ၆၀၀ ကျသင့်ကာ ဈေးနှုန်းကလည်း မဆိုးပေ။ ကံဆိုးစွာပင် ချီရွှမ်းစုမှာ ထိုမျှလောက်ငွေကြေးပါမလာခဲ့ပေ။

တစ်ဘက်မှာတော့ ကျန်းယွဲ့လုက ဓားပျံတစ်လက်ကို မျက်စိကျနေသော်လည်း ၎င်းက ထိုက်ဖျင်ဒင်္ဂါး ၁၆၀၀ကျသင့်သည်။ ဈေးနှုန်းကို စုံစမ်းပြီးနောက် ကျန်းယွဲ့လုက တစ်ချက်ပင်ထပ်မကြည့်တော့ဘဲ လှည့်ထွက်လာခဲ့၏။ ကျန်းယွဲ့လုသည် တောင်ပေါ်မြို့သို့ ပထမဆုံးအကြိမ်အလည်ရောက်ဖူးခြင်းကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ သူမက မည်သည့်အရာကိုမှ မဝယ်ရလျှင်တောင် အတော်လေးစိတ်လှုပ်ရှားနေဆဲဖြစ်၏။၊

ချီရွှမ်းစုကတော့ လှည့်ပတ်သွားလာရင်း စတင်ငြီးငွေ့လာပြီဖြစ်၏။ သူ့အတွက်တော့ ပစ္စည်းများကိုမဝယ်ဘဲ လိုက်ကြည့်နေရသည်က အဓိပ္ပါယ်မရှိပေ။ ထို့ကြောင့် သူက စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ဝင်ပြီး ကျန်းယွဲ့လုကို တစ်ယောက်တည်း လျှောက်ကြည့်ခိုင်းလိုက်သည်။ သူက ထိုက်ဖျင်ဒင်္ဂါးအသေးတစ်ပြားဖြင့် လက်ဖက်ရည်တစ်အိုးနှင့် ပဲလှော်တစ်ပွဲမှာ၍ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။

နေ စတင်ဝင်လာစဉ် ကျန်းယွဲ့လုက ချီရွှမ်းစုထံသို့ နောက်ဆုံးမှာ ပြန်လည်ရောက်ရှိလာသည်။ သူမက ပစ္စည်းငယ်တချို့ကိုဝယ်လာပြီး သူ့အတွက် လက်ဆောင်တစ်ခုပင်ပါလာ၏။ ထိုလက်ဆောင်က ၁၈ လက်ပါသော ပေါက်ဓားတစ်စုံဖြစ်သည်။ ထိုပေါက်ဓားများကို ခါးပတ်ခေါင်းမှာချိတ်ပြီး အလွယ်တကူအသုံးပြုနိုင်သည်။ သူတို့က စိတ်ဝိညာဉ်ပစ္စည်းများမဟုတ်သော်လည်း အရည်အသွေးက အတော်လေးကောင်းမွန်နေဆဲဖြစ်သည်။ ထက်ရှမှုသည် အရင်က ချီရွှမ်းစုအသုံးပြုခဲ့သော ကျားဆေဘာနှင့်ယှဉ်နိုင်သည်။

ချီရွှမ်းစုက ထိုလက်နက်များကို ဓားထိန်းချုပ်နည်းစနစ်နှင့်အသုံးပြုမည်ဆိုလျှင် ထွက်ပေါ်လာမည့်စွမ်းအားက ဖီးနစ်စိမ်းတပ်ဖွဲ့၏ ကြေးညိုဒူးလေးထက်ပင် သာနိုင်သည်။

ချီရွှမ်းစုက စိတ်ထဲမှာကျေနပ်သွားပြီး အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

“မင်း ငါ့အတွက် ဒီပေါက်ဓားတွေဝယ်လာဖို့ ဘယ်လိုစဉ်းစားမိသွားတာလဲ”

ကျန်းယွဲ့လုက ပြောလိုက်သည်။

“နင် ဆူးချွန်တွေကိုသုံးနေတာ ငါမြင်တယ်လေ… အဲဒါနဲ့ ဒီပေါက်ဓားတစ်စုံကိုမြင်တော့ နင့်အတွက် သတိရသွားလို့ ငါဝယ်လာခဲ့တာပဲ”

ချီရွှမ်းစုက မလုံမလဲခံစားသွားရ၏။ သူက ကျန်းယွဲ့လုနှင့် အဖော်လိုက်ဖို့ စိတ်မရှည်ခဲ့သော်လည်း သူမက သူ့အတွက် စဉ်းစားပေးနေဆဲဖြစ်၏။ သူအတွက်ဝယ်လာခဲ့သော ခြုံထည်အပါအဝင် ဤသည်က သူမ၏ ဒုတိယမြောက်လက်ဆောင်ဖြစ်သည်။

ချီရွှမ်းစုက မိဘမဲ့တစ်ဦးဖြစ်၏။ သူ့ဆရာက စောစောစီးစီးကွယ်လွန်သွားပြီး အစ်မချီကလည်း ကပ်စေးနှဲကော်တရာဖြစ်သည်။ ကျန်းယွဲ့လုသည် သူ့အတွက် လက်ဆောင်ပစ္စည်းများဝယ်ပေးသည့် ပထမဆုံးလူဖြစ်လာသည်။ သူမ၏ အပြုအမူက သူ့ရင်ထဲကို ထိသွားစေ၏။

ချီစွမ်းစုက သူမအား မမှိတ်မသုန်စိုက်ကြည့်နေသည်ကို ကျန်းယွဲ့လုတွေ့မြင်သောအခါ သူမက အနည်းငယ်ရှက်လာပြီး လက်ကာပြလိုက်သည်။

“အဲဒါက ထိုက်ဖျင်ဒင်္ဂါးနည်းနည်းပါးပါးပေးရတဲ့ ပေါက်ဓားတစ်စုံပဲကို နင်ငါ့ကိုကျေးဇူးမတင်ပါနဲ့… ငါ့အတွက် သောက်စရာဝယ်လာပေးလို့ အဲဒါကို ပြန်ပေးတယ်လို့ သဘောထားလိုက်”

ချီရွှမ်းစုက သူ့အကြည့်ကို ပြန်ရုပ်ပြီး ခေါင်းညိတ်ပြလိုက်သည်။

အခန်း ၁၁၂ - တစ်ညတာ

ကျန်းယွဲ့လုက ညဘက်ခရီးသွားဖို့ စိတ်ကူးမရှိပေ။ ကံကောင်းစွာဖြင့် တောင်ပေါ်မြို့မှာ တည်းခိုခန်းတစ်ခုရှိပြီး သူမနှင့် ချီရွှမ်းစုက ဤညကို တည်းခိုခန်းမှာ ကုန်ဆုံးနိုင်မည်ဖြစ်သည်။

တည်းခိုခန်းက သေးငယ်ပြီး သီးသန့်ခြံဝန်းများမပါရှိပေ။ ယင်းသည် နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ပထမထပ်ကို စားသောက်ဆိုင်အဖြစ်ထားကာ ဒုတိယထပ်တွင် ဧည့်ခန်းများပါဝင်၏။

သူတို့က တည်းခိုခန်းထဲသို့ ဝင်ရောက်လာသည်နှင့် ကျန်းယွဲ့လု၏ အကြည့်သည် ကောင်တာနောက်မှာရှိသော သေရည်အိုးများထံ ရောက်ရှိသွား၏။ သူမက အကြံပေးလိုက်သည်။

“နင် ပေါက်ဓားအသစ်တစ်စုံရသွားတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ငါတို့ သောက်ကြရအောင်”

ချီရွှမ်းစုက ပုံပြောသမားတစ်ဦးလို လက်ရှိအခြေအနေကို ဖော်ကြူးလိုက်သည်။

“ဒဏ္ဍာရီလာ မှောင်ခိုဈေးကွက်ကို တွေ့မြင်ရပြီးတဲ့နောက် ချင်းရှောင်ဆိုတဲ့မိန်းကလေးဟာ အစစ်အမှန်လောကရဲ့ အဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံကို ရသွားပြီလို့ခံယူပြီး သူမကိုယ်သူမ ဂုဏ်ပြုဧည့်ခံတော့မှာဖြစ်ပါတယ်ခင်ဗျာ”

ကျန်းယွဲ့လုက ရယ်မောကာ ပြောလိုက်၏။

“ငါသိထားတဲ့ဇာတ်လမ်းကတော့ အဲလိုမဟုတ်ဘူး… ချင်းရှောင်နဲ့ ထျန်းယွမ်ဟာ တောင်ပေါ်မြို့လေးထဲမှာ အတူတကွ စူးစမ်းလေ့လာဖို့ သဘောတူခဲ့ပေမဲ့ ထျန်းယွမ်ဟာ သနားစရာကောင်းတဲ့ ချင်းရှောင်ကို စွန့်ခွာပြီး မရင်းနှီးတဲ့ပတ်ဝန်းကျင်ဆီ မိန်းကလေးကို တစ်ယောက်တည်းလွှတ်လိုက်ပါတော့တယ်… အပြစ်ဒဏ်ကတော့ တောင်းပန်တဲ့အနေနဲ့ ထျန်းယွမ်က သေရည်သုံးခွက်သောက်ရမှာဖြစ်ပါတယ်ရှင်။”

သူတို့က စကားပြောရင်း ကောင်တာနားကို ရောက်ရှိလာ၏။ ကျန်းယွဲ့လုက ပြောလိုက်၏။

“ကျေးဇူးပြုပြီး ရှောင်ကျိုး အိုးသေးနှစ်အိုးပေးပါ”

“ထိုက်ဖျင်ဒင်္ဂါးနှစ်ပြားကျပါမယ်”

ဆိုင်ရှင်က ချီရွှမ်းစုကို ငြင်းဆန်ခွင့်မပေးဘဲ ကောင်တာနောက်မှာရှိသော သေရည်နှစ်အိုးကို အလျင်အမြန်ထုတ်ယူကာ ကျန်းယွဲ့လုရှေ့သို့ ချပေးလိုက်၏။

ကျန်းယွဲ့လုက ထိုက်ဖျင်ဒင်္ဂါးနှစ်ပြားကို ကောင်တာပေါ်ချပြီး တစ်ဖက်တစ်အိုးစီသယ်ကာ မလှမ်းမကမ်းမှာရှိသော စားပွဲလွတ်တစ်လုံးသို့ လျှောက်လှမ်းသွား၏။

ချီရွှမ်းစုက ကျန်းယွဲ့လုနောက်ကနေ လိုက်ပါသွားရသည်။

မျက်နှာချင်းဆိုင်ထိုင်ပြီး ကျန်းယွဲ့လုက သူမ၏ သေရည်အိုးအဖုံးကို လက်တစ်ဖက်ဖြင့် ဖွင့်လိုက်သည်။ အဲဒါက အိုးအသေးဖြစ်သောကြောင့် သူမက ဒီတိုင်းပင် မော့သောက်လိုက်၏။

ချီရွှမ်းစုက ကျန်းယွဲ့လုကို တုပပြီး သေရည်အိုးကိုဖွင့်ကာ မော့သောက်လိုက်သည်။

ကျန်းယွဲ့လုနှင့် တွေ့ဆုံပြီးကတည်းက ချီရွှမ်းစု၏ သောက်နိုင်စွမ်းက အတော်လေးတိုးတက်လာသည်။ ယခု သူ၏ ကျင့်ကြံမှုအဆင့်ကလည်း မြင့်တက်လာပြီး သေရည်အတော်များများသောက်သုံးပြီးလျှင်တောင် သူက မူးဝေသည်ဟု မခံစားရတော့ပေ။

ကျန်းယွဲ့လုက သူမ၏ သေရည်အိုးကို လက်စသတ်ပြီးနောက် ကောင်တာထံသို့သွားကာ မေးလိုက်သည်။

“ရှင်တို့မှာ တည်းခိုဖို့အတွက် ဧည့်ခန်း ရနိုင်သေးလား”

ဆိုင်ရှင်က သူတို့နှစ်ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်၏။

“ရပါတယ်… ဒါပေမဲ့ အခန်းက တစ်ခန်းပဲကျန်တော့တယ်”

ကျန်းယွဲ့လုက ခဏမျှတုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။

“အဲဒါဆိုလည်း အဲဒီတစ်ခန်းယူမယ်.. ငွေကုန်ကြေးကျသက်သာတာပေါ့”

“အဆင့်မြင့်အခန်းအတွက် ထိုက်ဖျင်ဒင်္ဂါးတစ်ပြားကျပါမယ်”

ဆိုင်ရှင်က ပြောလိုက်သည်။

ကျန်းယွဲ့လုက ထိုက်ဖျင်ဒင်္ဂါးတစ်ပြားကိုထုတ်ပြီး ကောင်တာပေါ်တင်လိုက်၏၊

ဆိုင်ရှင်က ထိုက်ဖျင်ဒင်္ဂါးကို ယူပြီး သော့တစ်ချောင်းကို ကမ်းပေးလိုက်သည်။

“အခန်းက အပေါ်ထပ်မှာပါ… ညာဘက်အစွန်ဆုံးအခန်းပါ”

ကျန်းယွဲ့လုက သော့ကိုယူပြီး ဒုတိယထပ်သို့ တက်သွား၏။

ချီရွှမ်းစုက အပေါ်သို့တက်သွားသော ကျန်းယွဲ့လု၏ နောက်ကျောကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူ့လက်ထဲက ကုန်လုနီးပါး သေရည်အိုးကို ငေးကြည့်ပြီး အကျပ်ရိုက်နေမိသည်။

ဆိုင်ရှင်၏ အဓိပ္ပါယ်ပါပါအကြည့်အောက်မှာ ချီရွှမ်းစုသည် အလဟဿမဖြစ်စေရန်နှင့် ရဲဆေးတင်ရန် သူ၏ သေရည်ကို လက်စဖြတ်လိုက်သည်။

ထို့နောက် ချီရွှမ်းစုက ဖြည်းဖြည်းချင်းထရပ်ပြီး အပေါ်ကို လိုက်တက်သွား၏။

သူက အခန်းအပြင်သို့ ရောက်ရှိလာပြီးနောက် တံခါးခေါက်ရမလား၊ အပြင်မှာပဲနေရမလား တွေဝေနေမိသည်။ မည်သို့ပင်ဆိုစေ သူ့အနေဖြင့် တစ်ညတာကို ဘယ်လိုပဲကုန်ဆုံးရကုန်ဆုံးရ ကိစ္စမရှိပေ။

နောက်ဆုံးမှာတော့ သေရည်ရှိန်ဖြင့် သတ္တိကောင်းနေသော ချီရွှမ်းစုက တံခါးခေါက်လိုက်သည်။

ထိုအခါမှ အထဲကနေချက်ချမထားသည်ကို သူသိလိုက်ရ၏။ သူ တံခါးခေါက်လိုက်ချိန်မှာ တံခါးက ပွင့်ဟသွားလေသည်။

သူက အခန်းထဲသို့ ဝင်လာချိန်မှာ အခန်းထဲတွင် သေသေသပ်သပ်ဝတ်စားလျက် ကုတင်ပေါ်မှာလှဲနေသော ကျန်းယွဲ့လုကို တွေ့မြင်လိုက်ရ၏။ သူမက ဖိနပ်ကိုချွတ်ထားပြီး သူမ၏ ကိုယ်ပေါ်မှာ ခြုံထည်တစ်ထည် တင်ထားသည်။

မှိန်ပျပျအလင်းရောင်အောက်မှာ ကျန်းယွဲ့လုက မျက်လုံးဖွင့်ထားဆဲဖြစ်၏။ ထိုအလင်းရောင်မရှိလျှင်ပင် သူ့ကို စိုက်ကြည့်နေသည့် သူမ၏ အကြည့်ကို ခံစားမိနိုင်သည်။

ချီရွှမ်းစု၏ ခန္ဓာကိုယ်က အေးစက်တောင့်တင်းသွားပြီး သူက ရှေ့တိုးရမလား၊ နောက်ဆုတ်ရမလား မသိတော့ပေ။

ခဏနေပြီးနောက် ကျန်းယွဲ့လုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“နင် တစ်ညလုံး အဲတိုင်းပဲ မတ်တတ်ရပ်နေမှာလား”

ချီရွှမ်းစုက ညင်သာစွာ ချောင်းဟန့်လိုက်၏။

“အခန်းတစ်ခန်းထဲမှာ ယောင်္ကျားနဲ့မိန်းမနှစ်ယောက်တည်းဆိုတာက… သိပ်တော့…”

ကျန်းယွဲ့လုက သူ့ကို ဖြတ်ပြောလိုက်၏။

“အရင်တုန်းက အနောက်ဘက်ဒေသကို ငါတို့သွားတုန်းက နှင်းလိုဏ်ဂူထဲမှာ ငါတို့ ညဘက်အတူတူရှိခဲ့ကြတာပဲမလား… နင် အဲတုန်းက အခုလို မစဉ်းစားမိခဲ့ဘူးထင်တယ်… အခု နင့်စိတ်ထဲမှာ မဟုတ်မဟတ်တဲ့အတွေးတွေ ရှိနေလို့လား”

ချီရွှမ်းစုက ဆွံ့အသွား၏။ သူက တံခါးကိုပိတ်ပြီး ကုတင်ဘေးက ခုံမှာထိုင်လိုက်၏။

ကျန်းယွဲ့လုက သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်၏။ သိပ်မကြာခင် ချီရွှမ်းစုက သူမ၏ အသက်ရှူသံကိုပင် ကြားလာရသည်။

ချီရွှမ်းစုက ငေးငိုင်သွားပြီး သူ့ဘာသာသူတွေးလိုက်၏။

‘သူက ဘယ်လိုလုပ် အဲလောက်ထိ စိတ်ချလက်ချအိပ်နိုင်ရတာလဲ… သူက ငါ့ကို အဲလောက်တောင် ယုံကြည်ထားတာလား… သူ့ရဲ့ယုံကြည်မှုနဲ့ရော ငါက တန်အောင်နေနိုင်ပါ့မလား။’

သူက ပြတင်းပေါက်အပြင်ဘက်မှာ တောက်ပသောလကို မော့ကြည့်ပြီး သက်ပြင်းချလိုက်၏။

နောက်ဆုံးတော့ သူက အတွေးများထဲမှာ နစ်မျောကာ အိပ်ပျော်သွားလေသည်။

ချီရွှမ်းစုက အိပ်မက်မက်နေ၏။ ဤတစ်ခေါက်မှာတော့ လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းသို့ ရောက်ရှိသွားခြင်းမဟုတ်ဘဲ စိမ်းစိုလန်းဆန်းသော နေရာတစ်ခုဖြစ်လေသည်။

လရောင်ဖျန်းပက်ထားသည့် တိတ်ဆိတ်အေးချမ်းသော ညမှာ ချီရွှမ်းစုက လှေငယ်တစ်စင်းကိုစီးပြီး ရေစီးကြောင်းအတိုင်း မျောပါနေ၏။ အေးမြသောလေပြည်က သူ့မျက်နှာကို လာရောက်တိုက်ခတ်ပြီး လန်းဆန်းသွားသလို ခံစားရသည်။ သူက လှေအလယ်မှာထိုင်နေပြီး လှေဦးစွန်းမှာတစ်ယောက် လှေပဲ့မှာတစ်ယောက်ရှိနေကာ လှေက ဟန်ချက်ညီနေသည်။

သူက ထိုလူနှစ်ယောက်၏ မျက်နှာများကို မတွေ့မြင်ရသော်လည်း သူနှင့်ရင်းနှီးကျွမ်းဝင်မှုရှိသည်ဟု ခံစားနေရသည်။ သူက မကြုံစဖူး ထူးခြားသည့် တည်ငြိမ်အေးချမ်းမှုကို ခံစားနေရ၏။

သူနိုးလာသည့်အချိန်မှာ အပြင်ဘက်မှာ လင်းထိန်နေပြီဖြစ်သည်။ ထို့အခါမှသာ ခပ်ဖျော့ဖျော့မွှေးရနံ့ရှိနေသည့် ကျန်းယွဲ့လု၏ ခြုံထည်က သူ့ကိုယ်ပေါ်မှာ ရောက်ရှိနေသည်ကို သတိထားမိလိုက်၏။

ကုတင်က သေသေသပ်သပ်ရှိနေသော်လည်း ကျန်းယွဲ့လုကို မတွေ့မြင်ရတော့ပေ။

ချီရွှမ်းစုသည် ညက အိပ်မက်ကို ပြန်လည်စဉ်းစားလိုက်၏။ ချင်းဖျင်အသင်းကို သူဝင်ရောက်ပြီးကတည်းက ရှားရှားပါးပါး အိပ်မက်ကောင်းမက်ခြင်းဖြစ်သည်။ တည်ငြိမ်အေးချမ်းသော ဤခံစားချက်က သူ၏ မှတ်ဉာဏ်ထဲမှာ နက်ရှိုင်းစွာစွဲထင်နေပြီး ဤအိပ်မက်ကို မေ့ပျောက်သွားမှာ သူစိုးရိမ်နေမိသည်။

ထိုအချိန်မှာ ကျန်းယွဲ့လုက တံခါးကိုဖွင့်ပြီး လက်ထဲမှာ ဝါးခြင်းတစ်ခြင်းနှင့် ပြန်ရောက်လာ၏။

“နင်နိုးနေပြီပဲ”

ကျန်းယွဲ့လုကို ဝါးခြင်းကို စားပွဲပေါ်တင်လိုက်သည်။

“ငါနင့်အတွက် စားစရာဝယ်လာတယ်”

ချီရွှမ်းစုက မတ်တတ်ထရပ်ပြီး ကျန်းယွဲ့လု၏ ခြုံထည်ကို ကုတင်ပေါ်တင်လိုက်သည်။ ထို့နောက် ရေစိုပုဝါဖြင့် သူ၏ လက်နှစ်ဖက်ကိုသုတ်ကာ စားပွဲမှာထိုင်လိုက်၏။ သူက မေးလိုက်သည်။

“မင်းရော…”

“ငါ အစာဖြတ် ကျင့်နေတာ”

ကျန်းယွဲ့လုက သူမ၏ဝမ်းဗိုက်ကို ခပ်ဖွဖွပုတ်ပြလိုက်သည်။

ချီရွှမ်းစုက စနောက်ကာမေးလိုက်၏။

“မင်းငါ့ပေါ် ဘာလို့အဲလောက်ထိ ကောင်းလာရတာလဲ”

သူ့အပေါ် ကျန်းယွဲ့လု၏ ထူးခြားသော ပြုမူဆက်ဆံမှုသည် သူ့ထံမှအကူအညီတစ်ခုခု လိုအပ်ခြင်းကြောင့်မဟုတ်ဘဲ သူဖြစ်နေသောကြောင့်သာဖြစ်ပါစေဟု ချီရွှမ်းစုက တိတ်တခိုးမျှော်လင့်နေမိ၏။

ကျန်းယွဲ့လုက သူ့မေးခွန်းကိုမဖြေလဲ ပြောလိုက်သည်။

“နင့်ရဲ့မနက်စာကိုသာ စားစမ်းပါ”

ချီရွှမ်းစုက နာခံပြီး ကျေကျေနပ်နပ်ဖြင့် စားသောက်လိုက်၏။

ကျန်းယွဲ့လုက သူ့ရှေ့မှာထိုင်ကာ ချီရွှမ်းစုစားနေသည်ကို မေးထောက်ပြီး စောင့်ကြည့်နေ၏။ သူမက မေးလိုက်သည်။

“အရသာက ဘယ်လိုနေလဲ”

“မဆိုးပါဘူး”

သူမ၏ အကြည့်အောက်မှာ ချီရွှမ်းစုက အနည်းငယ်နေရထိုင်ရခက်နေပြီး လွတ်လွတ်လပ်လပ်မစားနိုင်ဘဲ ဟန်ပန်အမူအရာကိုပို၍ ချုပ်တည်းထားရသည်။

ကျန်းယွဲ့လုက ပြောလိုက်၏။

“အနောက်ဘက်ဒေသကို ငါတို့သွားတုန်းက အေးစက်နေတဲ့ ရေတွေနဲ့ ရိက္ခာခြောက်တွေနင်စားတာ ငါမှတ်မိသေးတယ်… ဒါဆို နင့်ရဲ့မဆိုးပါဘူးဆိုတဲ့စကားက မကောင်းဘူးဆိုတဲ့သဘောပေါ့”

ချီရွှမ်းစုက ပြုံးလိုက်၏။

“ငါက အစားအသောက်နဲ့ပတ်သက်ပြီး ချေးမများတတ်ဘူး… ဒါပေမဲ့ အရသာရှိတာနဲ့ မရှိတာကို မခွဲခြားတတ်တာမဟုတ်ဘူး…ငါ့ရဲ့ ရသာခံအာရုံက အတော်လေးကောင်းပါသေးတယ်… မင်း တစ်ခုလောက်စားကြည့်ပါလား”

“တော်ပါပြီ ရပါတယ်”

ကျန်းယွဲ့လုက ငြင်းဆန်လိုက်သည်။

“အစာဖြတ်တာက လူတစ်ယောက်ရဲ့ရုပ်ရည်သွင်ပြင်ကို ထိန်းသိမ်းဖို့အတွက် အခြေခံလိုအပ်ချက်ပဲ”

“အဲဒါတွေနဲ့ ပတ်သက်ပြီး မင်းဂရုမစိုက်တတ်ဘူးလို့ ငါထင်နေတာ”

ချီရွှမ်းစုက ဘန်းမုန့်ကို ဆက်စားနေ၏။

ကျန်းယွဲ့လုက အရွှန်းဖောက်ကာပြောလိုက်၏။

“ငါ့မှာ ဂရုစိုက်ရတဲ့အကြောင်းရင်းရှိတယ်… ဆယ်စုနှစ်တွေကြာပြီးသွားရင် တခြားသူတွေက နုပျိုနေပေမယ့် ငါကတော့ တစ်ခေါင်းလုံးဆံဖြူနဲ့ အဖွားကြီးဖြစ်သွားလိမ့်မယ်… ငါနင့်ကြောင့် အကျင့်ပျက်နေပြီ”

သူတို့နှစ်ယောက်စလုံးက ချမ်းသာကြွယ်ဝသော မိသားစုမှမဟုတ်ဘဲ အစားအသောက်နှင့်ပတ်သက်သည့် ဓလေ့ထုံးများကို လိုက်နာခြင်းမရှိပေ။ သူတို့က စားရင်းသောက်ရင်း အေးအေးဆေးဆေးစကားပြောဆိုနေကြသည်။ မနက်စာစားပြီးနောက် သူတို့သည် တောင်ပေါ်မြို့ကနေ ထွက်ခွာကာ သူတို့၏ ခရီးကို ပြန်ဆက်လိုက်ကြ၏။

သူတို့ခရီး၏ နောက်ပိုင်းမှာ ထူးခြားမှုသိပ်မရှိပေ။ သူတို့သည် ချာမကူလမ်းအတိုင်း လျှောက်သွားကြပြီး ကုန်သည်ယာဉ်တန်းများဘေးမှာ အခြားသောခရီးသည်တချို့နှင့်တွေ့ဆုံမိသည်။

ချီရွှမ်းစုသည် လမ်းလျှောက်ရင်း ထိုင်ရင်း ကျင့်ကြံနိုင်သည့်အဆင့်ကို မရောက်ရှိသေးပေ။ ထို့ကြောင့် သူက ကျန်းယွဲ့လုနှင့် စကားပြောရင်း အချိန်ဖြုန်းဖို့သာတတ်နိုင်သည်။ ကျန်းယွဲ့လုက ပါရမီရှင်တစ်ဦးဖြစ်သော်လည်း သူမက ရွှမ်အရှင်မြတ် သို့မဟုတ် တုန်ဟွမ်တို့၏ အဆင့်ကို မရောက်ရှိသေးပေ။ သူမ၏ စွမ်းအင်က အကန့်အသတ်ရှိသည်။ ထို့ကြောင့် သူမ၏ စိတ်အာရုံအများစုကို သူမ၏ကျင့်ကြံမှုနှင့် တာအိုဂိုဏ်းတော်အတွင်း အမျိုးမျိုးသောတာဝန်များအပေါ် စူးစိုက်ထားလေသည်။ ထို့ကြောင့် သူမသည် ဘာသာသုံးခု၏ အမျိုးမျိုးသောကျမ်းဂန်များမှာ ကျွမ်းကျင်နှံ့စပ်ခြင်းမရှိချေ။ သူမသည် ကျမ်းဂန်လာအကိုးအကားများကိုလည်း သာမန်ကာလျှံကာပြောဆိုနိုင်ခြင်း မရှိပေ။ တေးဂီတ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီဆွဲခြင်းကဲ့သို့ အမျိုးမျိုးသော အနုသုခုမပညာရပ်များမှာလည်း ကျွမ်းကျင်မှု မရှိချေ။

တိုက်တိုက်ဆိုင်ဆိုင်ပင် ချီရွှမ်းစုကလည်း အတူတူပင်ဖြစ်သည်။ ဝမ်ရှန်းတာအိုနန်းတော်ကနေ ထွက်လာပြီးနောက် ချီရွှမ်းစုသည် သူ၏ အချိန်အများစုကို ခရီးသွားလာခြင်းဖြင့် ကုန်ဆုံးစေခဲ့သည်။

ထို့ကြောင့် သူတို့အတူရှိနေသည့်အချိန်မှာ သူတို့တွင် ဆွေးနွေးပြောဆိုစရာ ခေါင်းစဉ်များစွာမရှိချေ။

ဒါ့အပြင် သူတို့နှစ်ယောက်သည် ခဲယမ်းလက်နက်များကို သဘောကျသော်လည်း တေးဂီတတူရိယာများနှင့်ပတ်သက်၍ ဗဟုသုတမရှိကြပေ။ သူတို့နှစ်ယောက်စလုံးက ငွေကြေးမချမ်းသာသောကြောင့်လည်းဖြစ်သည်။ သူတို့သည် အဆင့်မြင့် လူနေမှုပုံစံများကိုခံစားဖို့ မတတ်နိုင်ကြပေ။

စာပေပညာရှင်များနှင့် မိန်းမလှများသည် တေးဂီတတူရိယာများ တီးခတ်ခြင်း၊ ဂန္တဝင်စာပေများလေ့လာခြင်း၊ ခွန်ပြဇာတ်နားထောင်ခြင်း၊ စစ်တုရင်ကစားခြင်း၊ လက်ဖက်ရည်သောက်ခြင်းနှင့် ကဗျာများဖွဲ့ဆိုခြင်းတို့ကို ပြုလုပ်လေ့ရှိကြသည်။ ဤအရာများကို အဆင့်မြင့်ဝါသနာများဟုဆိုနိုင်သည်။

တစ်ဘက်မှာတော့ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုတွင် မတူညီသော ဘဝနေထိုင်မှုပုံစံတစ်ခု ရှိနေကြသည်။ သူတို့က ဓားများကိုကိုင်ဆွဲ၍ ဝတ္ထုများဖတ်ကာ ခေတ်ပေါ်ပြဇာတ်များကိုကြည့်ကြသည်။ သူတို့က ကတ်ကစားပြိး သေရည်သောက်ကာ လှည့်ပတ်သွားလာကြသည်။ သို့သော်လည်း ထိုအရာများကို အဆင့်မြင့်ဝါသနာများဟု မဆိုနိုင်ပေ။

အစကတော့ ချီရွှမ်းစုသည် ကျန်းယွဲ့လုနှင့်အတူ အဖော်လိုက်ခဲ့မိသည့်အတွက် နောင်တရနေမိ၏။ သို့သော်လည်း ယခုအချိန်မှာ ယခင်ကကဲ့သို့ မခံစားရတော့ဘဲ သူမနှင့် အချိန်ဖြုန်းရသည်ကို သဘောကျလာသည်။

ညရောက်သည့်အချိန်မှာ သူတို့သည် ရွာတစ်ရွာ သို့မဟုတ် မြို့တစ်မြို့ကို မတွေ့မြင်ရသေးပေ။ သူတို့တွေ့မြင်ရသည်မှာ အရှေ့မိုးကုပ်စက်ဝိုင်းမှာ စုစည်းနေသည့် ညိုမှောင်နေသောတိမ်စိုင်များဖြစ်သည်။

ချက်ချင်းပင် ကောင်းကင်က မှောင်ကျလာ၏။ ရှုကျိုးက ဆောင်းရာသီမှာပင် နွေးထွေးလေသည်။ ထို့ကြောင့် နှင်းကျခြင်း သို့မဟုတ် ရေခဲခြင်းမရှိပေ။ လက်ရှိအခြေအနေအရ မိုးရွာတော့မည့်ပုံရှိသည်။

ချီရွှမ်းစုက ချာမကူလမ်းနှင့် မလှမ်းမကမ်းမှ ကုန်းမြင့်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“ချင်းရှောင်… အဲဒီတောအုပ်ထဲမှာ ဘုရားကျောင်းတစ်ခုရှိတယ်… ငါတို့ ဒီည အဲမှာပဲ နေကြမလား”

ကျန်းယွဲ့လုက ချီရွှမ်းစုထက် အမြင်အာရုံပိုမိုထက်ရှပြီး ထိုဘုရားကျောင်းကို တွေ့မြင်ထားပြီးသားဖြစ်၏။

“ဘုရားကျောင်းပျက်မှာထက် သင်္ချိုင်းမှာပဲ အိပ်စက်လိုတယ်လို့ နင်ပြောခဲ့ဖူးတယ်မလား… အခုမှ ဘာလို့စိတ်ပြောင်းသွားတာလဲ။”

ချီရွှမ်းစုက ရယ်မောကာ ပြောလိုက်၏။

“အဲလိုပြောရတာ အကြောင်းရင်းနှစ်ခုရှိတယ်… ပထမတစ်ချက်… အချိန်အတန်ကြာအောင် စွန့်ပစ်ခံထားရတဲ့ ရှေးဟောင်းဘုရားကျောင်းတွေက များသောအားဖြင့် ညစ်ညမ်းပြီးတော့ ဆိုးယုတ်စိတ်ဝိညာဉ်တွေ သိမ်းပိုက်ထားတတ်တယ်… ငါတို့ အထဲကိုအတင်းဝင်မယ်ဆိုရင် အသွေးအသားကို တောင့်တတဲ့ သားရဲတွေ၊ မိစ္ဆာတွေရဲ့ ပစ်မှတ်ထားခြင်းခံရနိုင်တယ်… ဒုတိယအချက် ယိုယွင်းပျက်စီးနေတဲ့ဘုရားကျောင်းတွေမှာ ခရီးသွားတွေဆီကနေ လုယက်တဲ့ သူခိုးဓားပြတွေ ပုန်းအောင်းနေတတ်တယ်… အဲဒီအခါ ငါတို့က ချောင်းမြောင်းတိုက်ခိုက်ခံရနိုင်တယ်… ဒါပေမဲ့ မင်းလိုမျိုး ကွေ့ကျန်းအဆင့် ပညာရှင်တစ်ဦးပါလာမှတော့ ဘာကိုကြောက်နေရဦးမှာလဲ”

“ဒါဆိုရင်လည်း ငါတို့ အဲဒီဘုရားကျောင်းမှာပဲ ဒီည နားကြတာပေါ့”

ကျန်းယွဲ့လုက ရှေ့ကနေ ဦးဆောင်သွားသည်။

သူတို့နှစ်ယောက်က ဘုရားကျောင်းအို၏ ပင်မခန်းမထဲသို့ ဝင်ရောက်လာသည့်အချိန်မှာ ပလ္လင်ပေါ်တွင် ဝေရိုစနဘုရားဆင်းတုတော်ကို တွေ့မြင်လိုက်ရသည်။ သို့သော်လည်း ရွှေချထားသော ကိုယ်ထည်က အရောင်ဖျော့နေသည်။ ပူဇော်စားပွဲက မှောက်လန်နေပြီး တိုင်လုံးများနှင့် ရက်မတန်းများကြား နေရာလွတ်များကို ဖုန်မှုန့်များနှင့် ပင့်ကူချည်များက ဖုံးအုပ်နေသည်။

ထိုစဉ်မှာပင် မိုးက စတင်ရွာလာ၏။ သို့သော်လည်း မိုးက သည်းထန်စွာရွာသွန်းခြင်းမဟုတ်ဘဲ ပိုးစာရွက်များကို ပိုးကောင်လေးများ ကိုက်ဝါးနေသလို တဖျောက်ဖျောက်အသံသာ ထွက်ပေါ်နေသည်။

ဘုရားကျောင်းအိုက နေရာတိုင်းမှာလိုလို မိုးယိုနေသည်။ ထို့ကြောင့် ကျန်းယွဲ့လုက ခြောက်သွေ့သောနေရာလွတ်တစ်ခုကိုရှာပြီး ဖုန်မှုန့်များနှင့် ပင့်ကူမျှင်များကို သူမ၏ ချီဖြင့် ရှင်းလင်းလိုက်၏။ သူမ၏ မှော်သိုလှောင်အိတ်ထဲကနေ ပိတ်စတစ်စကိုထုတ်ယူပြီး မြေပြင်မှာခင်းလိုက်သည်။ သူမက အတူထိုင်ရန် ချီရွှမ်းစုကို လက်ယက်ခေါ်လိုက်၏။

သူတို့နှစ်ယောက်က ကျောချင်းကပ်ထိုင်၍ ဘုရားကျောင်းအပြင်ဘက်မှ မိုးသံကိုနားထောင်ကာ မည်သူကမှ စကားမပြောကြပေ။

ကျန်းယွဲ့လုက သူမ၏ ဒူးနှစ်ဖက်ကို လက်ဖြင့်ပိုက်ထားပြီး အတွေးထဲမှာ နစ်မျောနေ၏။

တစ်ဘက်မှာ… ချီရွှမ်းစုကတော့ အနည်းငယ်နေရထိုင်ရခက်နေသည်။ သူ၏ အသက်ရှူသံကပင် တိုးညင်းသွားလေသည်။

All Chapters