အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း ၁၁၃ - မနေ့တစ်နေ့ကလို
ညက မှောင်လာပြီး အပြင်ဘက်မှာ မိုးက ရွာသွန်းနေဆဲဖြစ်သည်။
ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက တစ်ချိန်တည်းမှာ နိုးလာကြသည်။ သူတို့နှစ်ယောက်စလုံးက နားပါးပြီး ဘုရားကျောင်းပျက်ရှိရာသို့ ချဉ်းကပ်လာနေသည့် တရှပ်ရှပ်ခြေသံများကို ကြားလိုက်ရသည်။
ချီရွှမ်းစုက ရင်ထဲမှာ တုန်ယင်သွားပြီး ကျန်းယွဲ့လုဘက်ကို လှည့်ကြည့်လိုက်၏။
“အဲဒီလူတွေက ကောင်းတဲ့ရည်ရွယ်ချက်နဲ့လာတာ မဖြစ်နိုင်ဘူး… လင်းရှန်စုန်းကဝေဂိုဏ်းက မိစ္ဆာတွေ လက်စားချေဖို့အတွက် ရောက်လာတယ်လို့ မင်းထင်လား။”
ကျန်းယွဲ့လုက သူမ၏ နှုတ်ခမ်းကို လက်ညှိုးဖြင့်ထိကပ်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
“ထျန်းယွမ်… အခု တိတ်တိတ်နေဦး”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။
သူတို့နှစ်ယောက်က ဖြည်းဖြည်းချင်းမတ်တတ်ထရပ်လိုက်သည်။ ကျန်းယွဲ့လုက ပုံသဏ္ဌာန်မဲ့စက္ကူကို ထုတ်ယူထားပြီဖြစ်ပြီး ချီရွှမ်းစုက သူ၏ ဓားတို ချင်းယွမ်ကို ကိုင်ထားသည်။
ခဏနေပြီးနောက် ဘုရားကျောင်းအပြင်ဘက်မှာ လူအိုတစ်ယောက်၏ အသံက ထွက်ပေါ်လာသည်။
“ထျန်ကန်းခန်းမက လက်ထောက်ခန်းမသခင်ကျန်း… ဘုရားကျောင်းထဲမှာရှိပါသလား… လက်ထောက်ခန်းမသခင်ကျန်း… ကျုပ်တို့ ခင်ဗျားကို မေးစရာရှိလို့ပါ.. ကျေးဇူးပြုပြီး ထွက်လာပါဦး”
ကျန်းယွဲ့လု၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ သူမက စကားပြောတော့မည့်ဆဲဆဲမှာ ချီရွှမ်းစုကမေးလိုက်သည်။
“ဒီလိုညကြီးသန်းခေါင်မှာ ဘယ်မိတ်ဆွေက လာလည်တာလဲ”
နောက်ခဏ၌ ရှေးဟောင်းဘုရားကျောင်းတံခါးက ပွင့်ထွက်သွားပြီး အပြင်ဘက်မှာ အနောက်တိုင်းမှလာသော ရေနံဆီမီးအိမ်များကို ကိုင်ဆွဲထားသည့် လူခုနှစ်ဦးပေါ်ထွက်လာသည်။ လေနှင့်မိုးကြားမှာ သူတို့က အကြောက်အလန့်ကင်းမဲ့သည့်ပုံပေါ်နေ၏။
ဤလူအုပ်စုက ဘုရားကျောင်းတံခါးကို အတင်းဖွင့်ပြီးနောက် သူတို့၏ ရေနံဆီမီးအိမ်အလင်းရောင်များက တစ်ပြိုင်နက်တည်းတောက်ပလာပြီး ချီရွှမ်းစုက ခဏလောက် မျက်စိထဲမှာ ပြာသွားသည်။
ဤလူအုပ်စုက အလင်းရောင်များနောက် အမှောင်ထဲမှာ ပုန်းကွယ်နေကြပြီး သူတို့၏ မျက်နှာများကို ကောင်းကောင်းမတွေ့မြင်ရပေ။ သို့သော်လည်း ဤလူအုပ်စုက ရန်လိုနေကြသည်မှာ သိသာနေ၏။
ဤလူအုပ်စု၏ ခေါင်းဆောင်က အိုစာနေသောအသံဖြင့် ပြောလိုက်သည်။
“ပညာရှိကျန်း… ကျေးဇူးပြုပြီး ထွက်လာခဲ့ပါ”
အခြားသောသူများကလည်း တူညီသောစကားကို ဝင်ရောက်ပြောဆိုလိုက်ကြ၏။
သူတို့၏ အသံများက တောအုပ်ထဲမှာ ပျံ့နှံ့ပြီး ဘုရားကျောင်းပျက်၏ ထုပ်တန်းများက တုန်ခါလာ၏။ ထုပ်တန်းပေါ်မှ ဖုန်များက ကျဆင်းလာပြီး အမိုးအုတ်ကြွပ်များက လှုပ်ခါလာ၏။
ဤလူအုပ်စုများမှာ မြင့်မားသောကျင့်ကြံမှုအဆင့်တစ်ခုစီ ရှိနေကြသည်။ ကျန်းယွဲ့လုက ရှေ့သို့ဖြည်းဖြည်းချင်းလှမ်းပြီး မေးလိုက်သည်။
“နင်တို့ ဘယ်သူတွေလဲ… ငါ့ဆီကနေ ဘာလိုချင်လို့လဲ”
သူမက ပုံမှန်လေသံဖြင့် ပြောဆိုလိုက်သော်လည်း သူမ၏ အသံက တခြားသူများ၏ အသံများကို အုပ်မိုးသွား၏။ ကျန်းယွဲ့လု၏ ကျင့်ကြံမှုအဆင့်က သူတို့ထက် ပိုမိုမြင့်မားသည်ကို ပြနေ၏။
ဤအချိန်မှာ လူတစ်ယောက်က ကျန်းယွဲ့လု၏ မျက်နှာကို ရေနံဆီးမီးအိမ်ဖြင့်ထိုးပြီး ပုံတူပန်းချီတစ်ခုကို ထုတ်ယူကာ နှိုင်းယှဉ်ကြည့်နေ၏။ သူက အော်ပြောလိုက်သည်။
“အဲဒါ ကျန်းယွဲ့လုပဲ”
ဤလူများက သူမကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း ကျန်းယွဲ့လုက ချက်ချင်းပင်သိရှိသွား၏။ သူမမှာ ရန်သူများစွာရှိသော်လည်း သူမက ကျောက်စိမ်းနေပြည်တော်မှာရှိနေခဲ့သောကြောင့် သူမကို ပစ်မှတ်ထားဖို့ သူတို့မှာ အခွင့်အရေးမရခဲ့ပေ။ အရင်တုန်းက သူမသည် အခြွေအရံတစ်ဦး သို့မဟုတ် ဝေဟင်ပျံသင်္ဘောဖြင့်သာ ကျောက်စိမ်းနေပြည်တော်ကနေ ထွက်ခွာတတ်လေသည်။ ဤတစ်ခေါက်မှာ ချီရွှမ်းစုနှင့်အတူ ခြေကျင်ခရီးသွားခြင်းဖြင့် သူမ၏ ရန်သူများက သူမကို ချောင်းမြောင်းတိုက်ခိုက်လုပ်ကြံဖို့ အခွင့်အရေးရရှိလာသည်။
ဤလမ်းကြောင်းကို ရွေးချယ်ခြင်းဖြင့် အမှားပြုလုပ်မိသွားသည်ကို သူမသိရှိလိုက်ပြီး ချီရွှမ်းစုကိုပါ ဆွဲခေါ်လာမိသည့်အတွက် မလုံမလဲခံစားနေရ၏။ သူမ၏ အမှားကို နားလည်သိရှိသွားပြီး ချီရွှမ်းစုကို ခပ်တိုးတိုးပြောလိုက်သည်။
“ထျန်းယွမ်… ဒီလူတွေကို ငါ့တာဝန်ထားလိုက်… နင် ထွက်ပြေးဖို့ အခွင့်အရေးရှာထား။”
သူက လူကြောက်တစ်ယောက်ဟု အထင်မခံနိုင်သောကြောင့် ထွက်ခွာမသွားမှာကို ကျန်းယွဲ့လုက စိုးရိမ်နေပြီး ထပ်ပြောလိုက်သည်။
“ငါ့ကို ဘာမှပူမနေနဲ့ ပြေးသာပြေး… သူတို့တွေ ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး”
ဤစကားကိုကြားသောအခါ ချီရွှမ်းစုသည် တွေ့ကြုံဖူးသလို ခံစားချက်တစ်ခုကို ရရှိလာ၏။ ဤမြင်ကွင်းသည် သူ့ဆရာနှင့်သူ ကျောက်စိမ်းနေပြည်တော်ကိုပြန်အလာ လမ်းမှာ ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရပုံနှင့် ဆင်တူနေ၏။ သူ့ဆရာက သူ့ကို အရင်ဆုံးထွက်ပြေးဖို့ အော်ပြောခဲ့သည်။ ယခုအချိန်ထိ သူ့ဆရာ၏ ကျယ်လောင်သောအသံက သူ့နားထဲမှာ ပဲ့တင်ထပ်နေဆဲဖြစ်သည်။
ထိုအချိန်တုန်းက ချီရွှမ်းစုက ကြောက်လန့်နေခဲ့ပြီး သူ့ဆရာပြောသည့်အတိုင်း ထွက်ပြေးခဲ့လေသည်။ သို့သော်လည်း နောက်ဆုံးမှတော့ သူသည် လွတ်မြောက်နိုင်ခြင်းမရှိဘဲ လူသတ်သမားကြေးစားက သူ့ကို ဓားဖြင့်ထိုးခဲ့လေသည်။
ယခုလည်း သူက ထွက်ပြေးပြီး ကျန်းယွဲ့လုကို တစ်ယောက်တည်း ထားခဲ့ရမှာလား။
ထိုအခိုက်အတန့်မှာ ချီရွှမ်းစုက စဉ်းစားတွေးတောရင်း သူ၏ ရင်ထဲမှာ တင်းကျပ်လေးလံလာသည်။ သူက မွန်းကျပ်လာပြီး သူ့နှလုံးက စတင်၍ ကိုက်ခဲလာ၏။
သူ၏ မချင့်မရဲခံစားချက်များကို ဖွင့်ထုတ်ဖို့အတွက် အော်ဟစ်ချင်နေ၏။ သို့သော်လည်း အမြဲတမ်း တည်တည်ငြိမ်ငြိမ်ရှိနေစေဖို့ အစ်မချီက သူ့အား သင်ကြားပေးထားသည်။
အထူးသဖြင့် သူစိတ်တိုလာသည့်အချိန်မှာဖြစ်သည်။ ထို့ကြောင့် ချီရွှမ်းစုက သူ၏ အမျက်ဒေါသကို ဖိနှိမ်ပြီး ပြတ်ပြတ်သားသားခေါင်းခါပြလိုက်သည်။
ခါတိုင်းနာခံတတ်သေချီရွှမ်းစုက ဤကဲ့သို့ သေရေးရှင်ရေးအခိုက်အတန့်မှာ သူမစကားကို ဖီဆန်လာသည့်အတွက် ကျန်းယွဲ့လုက စိတ်တိုဒေါသထွက်သွား၏။ သို့သော်လည်း အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အချိန်မှာ သူက စွန့်ခွာမသွားသည့်အတွက် သူမက တိတ်တဆိတ်ကျေနပ်သွား၏။ သူတို့က ဆင်းရဲဒုက္ခများကို အတူတကွဖြတ်ကျော်လာခဲ့သောကြောင့် ရင်းနှီးသောမိတ်ဆွေသူငယ်ချင်းများဟု ဆိုနိုင်သည်မဟုတ်ပါလား။
လူ ၇ ဦးက သူတို့၏ ရေနံဆီမီးအိမ်များကို မတူညီသောဘက်များသို့ ပစ်ထုတ်လိုက်ကြ၏။ မီးအိမ်တချို့က မြေပြင်ပေါ်ကိုကျဆင်းသွားပြီး တချို့က ထုပ်တန်းများပေါ်မှာ တွယ်ငြိနေ၏။ ယခုအခါမှ ဘုရားကျောင်းက အလင်းရောင်ကောင်းကောင်းရသွားလေသည်။
ဤတစ်ခေါက်မှာ ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက သူတို့၏ ရန်သူများကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရပြီဖြစ်သည်။ သူတို့က အနက်ရောင်ဓားပြမျက်နှာဖုံးများကို ဝတ်ဆင်ထားပြီး မျက်လုံးများကလွဲ၍ အရာရာတိုင်းကို ဖုံးကွယ်ထားလေသည်။ ဤသည်က လူသတ်သမားကြေးစားများ၏ ရုပ်ဖျက်နေကျ ပုံစံတစ်မျိုးဖြစ်သည်။
ဦးဆောင်လာသူခေါင်းဆောင်က လှောင်ပြောင်လိုက်သည်။
“တကယ့်ကို ချစ်ခင်တွယ်တာနေကြတဲ့ ငှက်ကျေးမောင်နှံပဲ… ဒီလိုကပ်ဆိုးဝင်လာချိန်မှာတောင် မင်းတို့နှစ်ယောက်က ကိုယ်လွတ်ရုန်းမပြေးတာ ငါအံ့ဩမိတယ်”
နောက်တစ်ယောက်က ထပ်ပြောလိုက်သည်။
“သူတို့ကို ငရဲဆီ အတွဲလိုက်ပို့ပေးရတာ ကောင်းတာပေါ့… အဲဒါဆိုရင် သူတို့ အထီးမကျန်ရတော့ဘူး”
တတိယမြောက်လူက ရယ်မောကာ ပြောလိုက်သည်။
“ငါတော့ မခံစားနိုင်တော့ဘူးဟေ့… တကယ့်ကို နှမြောစရာပဲ”
ကျန်းယွဲ့လု၏ မျက်နှာက မှင်သေသေဖြင့်ရှိနေ၏။ သူမ၏ မျက်လုံးထဲမှာ ခရမ်းရောင်စွမ်းအင်က ဖြာလက်သွားပြီး လူ ၇ ဦး၏ လမ်းစဉ်များကို ခွဲခြားနေ၏။ တစ်ချိန်တည်းမှာပင် သူမရှာတွေ့ထားသည်ကို ချီရွှမ်းစုထံ သတင်းပေးလိုက်၏။
ချီရွှမ်းစုက သူတို့နှင့် ရန်သူများအကြား အားသာချက် အားနည်းချက်များကို သေသေချာချာ ချိန်ဆနေသည်။
သူတို့ ၇ ဦးထဲမှာ ဂမ္ဘီရဝိဇ္ဇာတစ်ဦးပါသည်။ သူ၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို မတွေ့မြင်ရသော်လည်း အပြင်ဘက်မှာ ထုတ်ဖော်ထားသော သူ့လက်နှစ်ဖက်က လူသေကောင်၏ လက်များလို ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ ထုတ်ဖော်ထားသော သူ့မျက်လုံးများက ချိုင့်ဝင်နေပြီး ကြောက်စရာကောင်းနေသည်။
ဂမ္ဘီရဝိဇ္ဇာမှာ လွန်ကဲယင်စွမ်းအင်ရှိနေပြီး သူက အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိနည်းစနစ်များကို ကျင့်ကြံထားကြောင်း ပြသနေ၏။ သူတို့မှာ လျှပ်တပြက်ထုတ်ဖော်နိုင်သည့် လှည့်ကွက်များရှိသောကြောင့် ဤကဲ့သို့သောပြိုင်ဘက်များကို သတိထားရန်ခက်လေသည်။ အဆောင်လက်နက်တစ်ခုက ကြီးမားသောခြိမ်းခြောက်မှုတစ်ခုမဟုတ်သော်လည်း ၎င်းသည် အကွာအဝေးတစ်ခုခြားထားသော ဂမ္ဘီရဝိဇ္ဇာတစ်ဦးကို အနိုင်ယူဖို့ ခက်ခဲစေသည်။
ဤလူအုပ်စု၏ ခေါင်းဆောင်က ချီသန့်စင်သူတစ်ဦးဖြစ်သည်။ ပုံမှန်အခြေအနေမှာဆိုလျှင် နတ်သက်ကြွေအင်မော်တယ်များက စွမ်းအားအကြီးမားဆုံး တာအိုလမ်းစဉ်ဖြစ်ပြီး ချီသန့်စင်သူများက ဒုတိယနေရာမှာရှိနေ၏။ နတ်ဆရာ၏ ခွန်အားက ပူဇော်ပသစွမ်းအားပမာဏနှင့် တိုက်ရိုက်ဆက်စပ်နေသလို ချီသန့်စင်သူ၏ တိုက်ခိုက်ရည်ခွန်အားက ထိုက်ဖျင်ဒင်္ဂါးပမာဏနှင့် ဆက်စပ်နေသည်။
ရှန်းထျန်သက်ရှိအဆင့် ချီသန့်စင်သူတစ်ဦးသည် အရည်အသွေးအမြင့်ဆုံး ဓားပျံတစ်လက်နှင့်အတူ သူ့ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်သည်။ အရည်အသွေးအမြင့်ဆုံးဓားပျံများက ဈေးကြီးလွန်းသောကြောင့် သာမန်လူများက မတတ်နိုင်ကြပေ။ ထို့ကြောင့် လူအများစုသည် ထိပ်တန်းအဆင့် ဓားပျံတစ်လက်ပိုင်ဆိုင်ဖို့သာ မျှော်လင့်ကြပေလိမ့်မည်။
ကျန်ရှိနေသောလူငါးဦးက ကိုယ်ခံပညာသိုင်းသမားများ၊ ဘိက္ခုများနှင့် လေလွင့်ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့ထဲမှာ နတ်ဆရာများနှင့် ဗြဟ္မာများ မပါရှိပေ။ ကျန်းယွဲ့လုက ခက်ခဲသောပြိုင်ဘက်တစ်ဦးဖြစ်သည်ကို ဤလူ ၇ ဦးက သိရှိထားပုံရသည်။ သူတို့၏ လှောင်ပြောင်သရော်စကားများမှာ ကျန်းယွဲ့လုက မဖြုံသည်ကိုကြည့်ပြီး သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
တစ်ယောက်က ပြောလိုက်သည်။
“ညီကိုတို့… ဒီမိန်းကလေးကိုသတ်ရမှာ နှမြောစရာကောင်းမနေဘူးလား… သူ့ကို အဆုံးမသတ်ပေးခင် ငါတို့ ပျော်စရာလေးတွေ ဖန်တီးကြရအောင်”
ထို့နောက် သူက ချီရွှမ်းစုကိုကြည့်ပြီး ထပ်ပြောလိုက်သည်။
“မင်းက ပညာရှိကျန်းရဲ့ခန္ဓာကိုယ်ကို အခုချိန်ထိ မမြင်ဖူးသေးဘူးမလား… မင်း ငါတို့ကို ကျေးဇူးတင်သင့်တယ်… နောက်ပြီးကျရင် မင်းကို မမေ့ဖျောက်နိုင်တဲ့မြင်ကွင်းတစ်ခု ငါတို့ပြပေးမယ်”
နောက်ထပ်လူတစ်ယောက်က ရယ်မောလိုက်သည်။
“အဲဒါ အကြံကောင်းပဲ… ဒီငှက်ကျေးမောင်နှံက ဘယ်လိုကိုယ်လက်နှီးနှောရမလဲ မသိသေးတဲ့ အပျံသင်ခါစ ငှက်ကလေးတွေဖြစ်နေတုန်းပဲ… သူတို့ကို ငါတို့ နည်းမှန်လမ်းမှန်ပြပေးရမှာပေါ့”
ဤလူများက ကျန်းယွဲ့လုကို တမင်သက်သက် ရန်စနေခြင်းဖြစ်သည်။ သူမက ဣန္ဒြေပျက်သွားမည်ဆိုလျှင် သူတို့အနိုင်ရဖို့အခွင့်အရေးက ပိုတိုးလာပေလိမ့်မည်။
ဤအခိုက်အတန့်မှာ ကျန်းယွဲ့လုထံမှ ရှားရှားပါးပါး သတ်ဖြတ်ခြင်းအော်ရာတစ်ခုကို ချီရွှမ်းစု ရှင်းရှင်းလင်းလင်ခံစားမိလိုက်သည်။
သူမက စကားပြောလိုက်သောလူနှစ်ဦးကို လှည့်ကြည့်ပြီး ခြိမ်းခြောက်လိုက်သည်။
“ငါဒီနေ့ သေချင်သေရလိမ့်မယ်… ဒါပေမဲ့ နင်တို့ထဲက တချို့ကို ငါနဲ့အတူ သေချာပေါက်ဆွဲခေါ်သွားနိုင်တယ်… နင်တို့နှစ်ယောက်က အဲလောက်ထိစကားများလွန်းနေမှတော့ ငရဲဆီသွားမယ့်လမ်းမှာ မပျင်းရအောင် နင်တို့နှစ်ယောက်ကို အပါခေါ်သွားဖို့ ငါဆုံးဖြတ်လိုက်ပြီ”
ထိုလူနှစ်ဦး၏ အမူအရာများက သူတို့၏ မျက်နှာဖုံးများအောက်မှာ ပြောင်းလဲသွားကြသည်။ ကျန်းယွဲ့လုက တကယ်ပင် အသေအကြေတိုက်ခိုက်ချင်သည်ဆိုလျှင် သူတို့က တကယ်ပဲ အသက်အန္တရာယ်ရှိလာပေလိမ့်မည်။
ချီရွှမ်းစုက ထိုလူနှစ်ယောက်ကို မြန်မြန်ဆန်ဆန် အကဲခတ်ကြည့်လိုက်၏။
တစ်ယောက်က ကိုယ်ခံပညာသိုင်းသမားဖြစ်ပြီး အခြားတစ်ယောက်က ဘိက္ခုဖြစ်သည်။
ဘိက္ခုက အရပ် ၈ ပေခန့်မြင့်သည့် ဗလတောင့်တောင့်လူတစ်ဦးဖြစ်ပြီး လူ့အသားလွှာကဲ့သို့ အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ သူ့အရေပြားပေါ်မှ ခပ်ဖျော့ဖျော့ရွှေရောင်ကို အနက်ရောင်ချပ်ဝတ်တန်ဆာ၏ အဟကြားများထဲကတစ်ဆင့် ချီရွှမ်းစုက ခပ်ရေးရေးတွေ့မြင်နိုင်သည်။
ထိုသည်က ဗုဒ္ဓတပည့်ဂိုဏ်းသားများ၏ တစ်မူထူးခြားသော လက္ခဏာတစ်ခုဖြစ်သည်။
ဘိက္ခုဝတ်ဆင်ထားသည်က ဘယ်လိုချပ်ဝတ်တန်ဆာဖြစ်သည်ကို ချီရွှမ်းစု သေချာမသိပေ။ သို့သော်လည်း ရှန်းထျန်သက်ရှိများသည် ရတနာအဆင့်လက်နက်များကို မတတ်နိုင်ကြသောကြောင့် ဤအနက်ရောင်ချပ်ဝတ်တန်ဆာက ရတနာတစ်ခု မဟုတ်လောက်ပေ။
ကိုယ်ခံပညာသိုင်းသမားက ခန္ဓာကိုယ်ကျစ်ကျစ်လစ်လစ်နှင့် သာမန်ပုံစံအမျိုးသားတစ်ဦးဖြစ်သည်။ ကိုယ်ခံပညာသိုင်းသမားများသည် သူတို့၏ ငွေကြေးအများစုကို အစားအသောက်နှင့် ဆေးဝါးများမှာ အသုံးချတတ်ပြီး ပြင်ပပစ္စည်းများကို များစွာဂရုမစိုက်ပေ။ တစ်နည်းအားဖြင့်ဆိုသော သူတို့၏ ခန္ဓာကိုယ်က သူတို့အတွက် အကောင်းဆုံးလက်နက်များဖြစ်သည်။
ဤအချိန်မှာ ဦးဆောင်လာသူ ချီသန့်စင်သူက အော်ပြောလိုက်သည်။
“ဟိုသနားကမားကောင်လေးကို အရင်ရှင်းလိုက်ကြ”
ဘိက္ခုက အံကိုကြိတ်ပြီး ချီရွှမ်းစုထံသို့ ပြေးဝင်လာ၏။
ဘိက္ခုက ဗလတောင့်တောင့်အမျိုးသားဖြစ်ပြီး ချပ်ဝတ်တန်ဆာနှင့်အတူ သူ့ခန္ဓာကိုယ်က ပို၍ပင် မြင့်မားနေ၏။ ဤအချိန်မှာ သူက ရပ်တန့်တားဆီးမရသောအရှိန်အဟုန်ဖြင့် ရှေ့သို့တက်လှမ်းပြီး သူက ချီရွှမ်းစုထံသို့ ပြေးဝင်လာနေသော ဘီလူးတစ်ကောင်နှင့်တူနေသည်။
ကိုယ်ခံပညာသိုင်းသမားကလည်း နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာ၏။
ချီရွှမ်းစုက ရှောင်တိမ်းဖို့စိတ်ကူးမရှိဘဲ ဘိက္ခုနှင့် ရင်ဆိုင်လိုက်သည်။ ဘိက္ခု၏ ထိုးချက်က ချီရွှမ်းစု၏ လက်ဝါးနှင့် ထိခတ်ပြီး သတ္တုနှင့်ကျောက်တုံးထိခတ်သံမျိုး ထွက်ပေါ်လာ၏။
ဘိက္ခုက မှင်တက်သွားပြီး ချီရွှမ်းစုက ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်မည်ဟု သူတွေးလိုက်သည်။
ဘိက္ခုက ငေးငိုင်သွားစဉ်မှာပင် ချီရွှမ်းစုက နတ်နဂါးပစ္စတိုကိုဆွဲထုတ်ပြီး သူ့ရင်ဘတ်ကို ပစ်ထည့်လိုက်၏။
ဤမျှနီးကပ်သောအကွာအဝေးမှာ ယမ်းစွမ်းအားကို တားဆီး၍မရနိုင်ပေ။ ဘိက္ခု၏ ချပ်ဝတ်တန်ဆာက ကြေမွပြီး သူက နောက်သို့ဒယီးဒယိုင်ဆုတ်ခွာသွားရသည်။ သူ၏ ရင်ဘတ်ကနေ သွေးများစီးကျလာပြီး သူ့မှာ တိုက်ခိုက်နိုင်သည့်ခွန်အားမကျန်ရှိတော့ပေ။
ဘိက္ခု၏ နောက်ဘက်မှ ကိုယ်ခံပညာသိုင်းသမားက ရှေ့သို့ပြေးဝင်လာပြီး ချီရွှမ်းစု၏ သေကွင်းသေကွက်ကို ချိန်ရွယ်ကာ ပစ်ထိုးလိုက်ပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကိုယ်ခံပညာသိုင်းသမားက ချီရွှမ်းစုကို စိတ်အာရုံထွေးပြားစေရန် သူ၏ ကိုယ်နေဟန်ထားကို အဆက်မပြတ်ပြောင်းလဲပြီး ထိုးချက်များကို ထုတ်ဖော်နေ၏။
သို့သော်လည်း ချီရွှမ်းစုက ထိုသို့မျှော်လင့်ထားပြီးသားဖြစ်သည်။ သူက နောက်သို့ခုန်ဆုတ်၍ ထိုးချက်များကို ရှောင်တိမ်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူ့ခါးပတ်ခေါင်းဆီ လက်လှမ်းပြီး သူလက်ကို ပြန်မြှောက်လိုက်သည်။
အေးစက်စက်အလင်းတစ်ချက် ဖျတ်ခနဲလက်ပြီး ကိုယ်ခံပညာသိုင်းသမားသည် သူ့မျက်နှာပေါ်မှ အေးစက်မှုတစ်ခုနှင့် သူ့လည်ပင်းမှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ ကိုယ်ခံပညာသိုင်းသမားက သူ့လည်ပင်းကို လက်ဖြင့်စမ်းလိုက်ချိန် သူ့လက်ဖဝါးက သွေးများဖြင့် စိုရွှဲသွားသည်ကို သိလိုက်ရသည်။
ချီရွှမ်းစုက သူ့ကို ဓားမြှောင်ဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အခန်း ၁၁၄ - ရှေးဟောင်းဘုရားကျောင်းထဲက ညသန်းခေါင်တိုက်ပွဲ
လူခုနှစ်ဦးထဲနှစ်ယောက် ချီရွှမ်းစုကို တိုက်ခိုက်နေစဉ် တခြားငါးယောက်က ချီရွှမ်းစုကို ပစ်မှတ်ထားနေသည်။ နေရာက ကျဉ်းမြောင်းသောကြောင့် လူသုံးယောက်သာလျှင် ကျန်းယွဲ့လုနှင့် တစ်ချိန်တည်းမှာတိုက်ခိုက်နိုင်ပြီး ကျန်းနှစ်ယောက်က အခွင့်အလမ်းကို စောင့်ဆိုင်းနေ၏။
ကျန်းယွဲ့လုက ထိုလူသုံးယောက်ကို အလျင်အမြန် အကဲခတ်ကြည့်လိုက်သည်။ သူတို့ထဲမှတစ်ယောက်သည် လက်ဗလာနှင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်ပြီး နောက်တစ်ယောက်က ဓားတစ်လက်ကိုင်ဆွဲထားသည့် ဘိက္ခုတစ်ဦးဖြစ်သည်။ ဘိက္ခုနှင့် ကိုယ်ခံပညာသိုင်းသမားကြား အကြီးမားဆုံးကွာဟချက်မှာ ဘိက္ခုက ချီကို စုဆောင်းနိုင်ခြင်းဖြစ်သည်။ ဘိက္ခုများမှာ ချီသန့်စင်သူနှင့် ကိုယ်ခံပညာသိုင်းသမား၏ ရောနှောနေသောခွန်အားရှိလေသည်။ ထို့ကြောင့် ဘိက္ခုများက လက်နက်များနှင့် ချပ်ဝတ်တန်ဆာများကို အသုံးပြုလေ့ရှိသည်။
တတိယမြောက်လူက သူ့မျက်နှာကို ဖုံးကွယ်ထားသော်လည်း ထုတ်ဖော်ထားသောလက်နှစ်ဖက်က လူသေကောင်၏ လက်များကဲ့သို့ ဖြူဆုတ်နေ၏။ သူ့မှာ မကောင်းဆိုးဝါးဆန်းဆန်အော်ရာတစ်ခုလည်းရှိနေပြီး သူ့ခန္ဓာကိုယ်ထဲက လွန်ကဲယန်စွမ်းအင်ကို ညွှန်ပြနေသည်။ သူက ဤအုပ်စုထဲမှာ တစ်ဦးတည်းသော ဂမ္ဘီရဝိဇ္ဇာဖြစ်သည်။
သူတို့သုံးယောက်စလုံးက ယွီရှုအဆင့်မှာ ရှိနေကြသည်။ ပုံမှန်အခြေအနေမှာဆိုလျှင် ယွီရှုအဆင့် ကျင့်ကြံသူသုံးဦးသည် ကွေ့ကျန်းအဆင့်မှာရှိသော ပြိုင်ဘက်တစ်ဦးကို အနိုင်ယူနိုင်ကြသည်။
ကိုယ်ခံပညာသိုင်းသမားက အံကိုကြိတ်ပြီး ကျန်းယွဲ့လုရှိရာသို့ အရင်ဆုံးပြေးဝင်လာ၏။
တကယ်ဆို ကျန်းယွဲ့လုက ကွေ့ကျန်းအဆင့် နတ်သက်ကြွေအင်မော်တယ်တစ်ဦးဖြစ်သည်ကို သူသတိထားမိနေပြီးသားဖြစ်သည်။
သို့သော်လည်း မည်သူကအနိုင်ရမည်ကို ပြောဖို့စောလွန်းသေးသည်။
ဘိက္ခုကလည်း နောက်ကနေ လိုက်ပါလာ၏။ တစ်ချိန်တည်းမှာ သူက လက်ထဲရှိဓားဆီသို့ ချီကို ပို့လွှတ်ပြီး ဓားကို ခပ်ဖျော့ဖျော့ ရွှေရောင်အော်ရာတစ်ခုနှင့် တောက်ပလာစေ၏။
တစ်ချိန်တည်းမှာပင် ဂမ္ဘီရဝိဇ္ဇာက သူ့ခြေဖဝါးအောက်မြေပြင်ကို သူ၏ ဖြူဖွေးနေသောလက်များဖြင့် ဖိချလိုက်၏။ ရုတ်တရက် မြေပြင်တစ်လျှောက် အနက်ရောင်မီးခိုးမျှင်များက ပျံ့နှံ့သွား၏။
ယွီရှုအဆင့် ပြိုင်ဘက်သုံးဦးက သူမကို အနိုင်မယူနိုင်သောကြောင့် ကျန်းယွဲ့လုသည် နေရာမှာတင် မတ်တတ်ရပ်ပြီး သူတို့၏ ကိုယ်စီနည်းလမ်းများကို ထုတ်ဖော်ခွင့်ပေးထားသည်။
ကျန်းယွဲ့လု၏ ဘေးဘက်လည်မှာ ဒြပ်စင်ငါးမျိုးချီဒိုင်းကာကို ကိုယ်ခံပညာသိုင်းသမားက တွေ့မြင်နေရပြီဖြစ်၏။ သူမ၏ ဘေးပတ်လည်မှာရစ်သိုင်းနေသည့် အရောင်ငါးမျိုးအလင်းရောင်က လျှို့ဝှက်ဆန်းကြယ်စွာလှည့်ပတ်နေသည်။ ဤဒြပ်စင်ငါးမျိုးချီဒိုင်းကာက သာမန်ချီဒိုင်းကာများထက် များစွာပိုမိုအဆင့်မြင့်သည်မှာ သိသာထင်ရှားနေ၏။
ဤအချက်မှာ ကိုယ်ခံပညာသိုင်းက မကျေမချမ်းခံစားရလေသည်။ သူ့တစ်ဘဝလုံးနီးပါး ညစ်ပေနေသောလမ်းပေါ်မှာ ဖြတ်သန်းရသော်လည်း လူတချို့ကတော့ တိမ်စိုင်များပေါ်မှာ မွေးဖွားလာကြသည်။
ထိုလူကြီးက ဒေါသတကြီးဟိန်းဟောက်ပြီး ခပ်ထိုင်းထိုင်းအသက်ရှူသံကို ထုတ်ဖော်လိုက်၏။ သူ၏အလျင်အဟုန်ကို အသုံးချကာ သန်မာသော ထိုးချက်တစ်ချက်ကိုထုတ်ဖော်ပြီး ခပ်ဖျော့ဖျော့ပေါက်ကွဲသံကို ထွက်ပေါ်လာစေသည်။
ဤထိုးချက်နှင့် ရင်ဆိုင်ရချိန်မှာ ကျန်းယွဲ့လုက ရှောင်တိမ်းဖို့ စိတ်ကူးမရှိပေ။ သူမ၏ အကြောက်အလန့်ကင်းမဲ့မှုက သူမသည် ပြိုင်ဘက်များကို အထင်သေးသလို ဖြစ်နေသည့်ပုံ ပေါ်စေသည်။
ကိုယ်ခံပညာသိုင်းသမားက အော်လိုက်သည်။
“မြေခွေးမ… သေလိုက်တော့”
ထိုးချက်က ကျန်းယွဲ့လု၏ ဒိုင်းကာပေါ်သို့ ပြင်းပြင်းထန်ထန်ကျဆင်းသွား၏။ သို့သော် သူ့ထိုးချက်က ဝါဂွမ်းပေါ်ကိုကျဆင်းသွားသလို ခံစားရသည့်အတွက် သူက အံ့အားသင့်သွားသည်။
‘ဒါက နတ်သက်ကြွေအင်မော်တယ်တွေရဲ့ မှော်စွမ်းအားလား။’
သူက ဘယ်လိုလုပ် အားမကျဘဲနေပါ့မလဲ။
ဤမိန်းကလေးက ငယ်ရွယ်လွန်းသေးသည်။ ထိုသို့ဆိုလျှင်တောင် သူမက ကွေ့ကျန်းအဆင့်ကို ရောက်နှင့်နေပြီဖြစ်၏။ တစ်ဘက်မှာတေ့ သူက ယွီရှုအဆင့်တွင် ရပ်တန့်နေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။
ကိုယ်ခံပညာသိုင်းသမားသည် ကျန်းယွဲ့လု၏ အကာအရံအလွှာကိုချိုးဖျက်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး သူ၏ ခွန်အားကုန်နီးပါးကို အသုံးပြုလိုက်၏။ သို့သော်လည်း အချိန်တစ်ခုအတွင်းမှာ သူသည် အသက်တစ်ရှိုက်တွင် ထိုးချက်တစ်ချက်ကိုသာ ထုတ်ဖော်နိုင်ပြီး ခါတိုင်းအလျင်အဟုန်ထက် များစွာလျော့ကျနေ၏။
သူ့မျက်နှာက နီမြန်းလာပြီး အော်လိုက်သည်။
“သေစမ်း”
ကျန်းယွဲ့လု၏ ဒြပ်စင်ငါးမျိုးချီဒိုင်းကာက နောက်ဆုံးမှာအက်ကွဲသွား၏။ သူမက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူမ၏ လက်ဖဝါးဖြင့် ထိုလူကို ပစ်တွန်းလိုက်သည်။
ဘိက္ခုက ခဏမျှငေးငိုင်သွား၏။ ထို့နောက် သူက ကျန်းယွဲ့လု၏ ရှေ့သို့ ခုန်ဝင်လာပြီး သူ့လက်ထဲကဓားနှင့် ခုတ်ပိုင်းချလိုက်သည်။
ကံဆိုးစွာဖြင့် ကျန်းယွဲ့လုက လွယ်ကူသောပြိုင်ဘက် မဟုတ်ပေ။ သူမက သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး သူ့ဓားဖြင့် အစီအရင်ထုတ်ဖော်နေသော ဂမ္ဘီရဝိဇ္ဇာကို လှမ်းခုတ်လိုက်သည်။ ဂမ္ဘီရဝိဇ္ဇာက အစီအရင်ထုတ်ဖော်ခြင်းမှာ အာရုံစိုက်ထားသည့်အတွက် ဘေးဘက်မှ ဝင်ရောက်လာသည့် ဤခုတ်ချက်ကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်ရ၏။ သူကချက်ချင်းပင် ချွေးပြန်လာသည်။ သူသာ တုံ့ပြန်မှုအနည်းငယ်နှေးကွေးသွားမည်ဆိုလျှင် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားနိုင်သည်။
ဘိက္ခုက ဤအခွင့်အရေးကိုအသုံးချပြီး ကျန်းယွဲ့လု၏ ဖမ်းဆုပ်မှုကနေ ရုန်းထွက်ကာ ဂမ္ဘီရဝိဇ္ဇာဘေးသို့ မျှောချလိုက်၏။ သူ ငုံ့ကြည့်လိုက်ချိန်မှာ သူ့လက်ကောက်ဝတ်ပေါ်တွင် နက်ရှိုင်းသော လက်ချောင်းငါးချောင်းရာကို တွေ့မြင်လိုက်ရ၏။ သူ၏ အရိုးများကပင် ထိခိုက်သွားပြီဖြစ်သည်။
ကိုယ်ခံပညာသိုင်းသမား၏ အခြေအနေက ပို၍ပင် ဆိုးဝါးသည်။ သူက ဆယ်ပေကျော်အောင် နောက်သို့ ဒယီးဒယိုင်ဆုတ်ခွာသွားပြီးမှ ရပ်တန့်လိုက်နိုင်သည်။ မြေပြင်ပေါ်တွင် သူ၏ နက်ရှိုင်းသောခြေရာများ ကျန်ရစ်ခဲ့၏။ သူက ပါးစပ်အပြည့်သွေးများကို ထွေးထုတ်ရပြီး သူ့ခန္ဓာကိုယ်ထဲမှာ တရုန်းရုန်းထကြွနေသည့် သွေးချီက တဖြည်းဖြည်းဖျော့တော့သွားလေသည်။
ဘေးကနေစောင့်ကြည့်နေသောလူနှစ်ယောက်က ဝင်ရောက်တိုက်ခိုက်ဖို့ စိတ်ကူးမရှိသော်လည်း သူတို့၏ အမူအရာများက သုန်မှုန်လာကြ၏။
သဘောတရားအရ အဆင့်နိမ့်ကျင့်ကြံသူသုံးဦးသည် သူတို့ထက် တစ်ဆင့်ပိုမြင့်သောပြိုင်ဘက်တစ်ဦးကို အတူပူးပေါင်းတိုက်ခိုက်ကာ အနိုင်ယူနိုင်ကြသည်။ ကျန်းယွဲ့လုနှင့် ရင်ဆိုင်ရချိန်မှာ ယွီရှုအဆင့် ကျင့်ကြံသူသုံးဦးက ဘာလို့အဲလောက်ထိ နုသွားကြတာလဲ။
သူတို့သာ ကျန်းယွဲ့လုနေရာမှာဆိုလျှင် ယွီရှုအဆင့် ကျင့်ကြံသူသုံးဦးကို ဤမျှအထိ အလွယ်တကူ သေချာပေါက် ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။
ဤအချိန်မှာ မတ်တတ်ရပ်နေဆဲကျန်းယွဲ့လုက နောက်ဆုံးမှာ လှုပ်ရှားလာ၏။ သူမက ကိုယ်ခံပညာသိုင်းသမားရှေ့မှာ ပေါ်ထွက်လာပြီး သူ၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန်ပစ်ထိုးလိုက်၏။ ထိုးချက်၏ ခွန်အားက သူ့နှလုံးနှင့် အဆုတ်ကို ထိုးဖောက်သွား၏။ ချက်ချင်းပင် ကိုယ်ခံပညာသိုင်းသမား၏ ဒွာရပေါက်များအားလုံးကနေ သွေးများစီးကျလာ၏။
ဤအချင်းအရာကို တွေ့မြင်ရသော ဘိက္ခု၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ဓားကိုင်ထားသော သူ၏ ညာဘက်လက်က အနည်းငယ်တုန်ယင်လာ၏။
သူတို့၏ ကိုယ်ကာယခွန်အားကြောင့် ကျော်ကြားသော ကိုယ်ခံပညာသိုင်းသမားတစ်ဦးကို ထိုးချက်တစ်ချက်မျှနှင့် ကျန်းယွဲ့လုက ဒဏ်ရာအပြင်းအထန်ရရှိစေနိုင်သည်မှာ အဓိပ္ပါယ်မရှိပေ။
သူက စွမ်းအားမဲ့သလို ခံစားလာရပြီး သူ့လက်ထဲရှိ ဓားကပင် ပို၍လေးလံလာသည်ဟု ထင်ရသည်။
သို့သော်လည်း ယခုအချိန်မှ နောက်ဆုတ်၍ မဖြစ်တော့ပေ။ ကျန်းယွဲ့လုက မသန်မစွမ်းဖြစ်သွားသော ကိုယ်ခံပညာသိုင်းသမားကို ကန်ထုတ်လိုက်ချိန် ဘိက္ခုက သူမကို တိုက်ခိုက်လာသည်။ သူက လက်ချောင်းနှစ်ချောင်းဖြင့် ဓားသွားကို သပ်ပြီး ကျိန်းစပ်တောက်ပနေသောအလင်းရောင်တစ်ခုကို သူမထံသို့ ပစ်လွင့်သွားစေ၏။
ဤဓားက စိတ်ဝိညာဉ်ဓားဖြစ်ပြီး ဓားအလင်းက အလွန်တရာထက်ရှကာ ဘိက္ခုသည် ကျန်းယွဲ့လု၏ ချီဒိုင်းကာကို ချိုးဖျက်နိုင်မည်ဟု ယုံကြည်မှုရှိနေသည်။
တစ်ချိန်တည်းမှာပင် ဂမ္ဘီရဝိဇ္ဇာက နောက်ဆုံးအစီအရင်ကို ခင်းကျင်းလို့ပြီးစီးသွားပြီး ကျန်းယွဲ့လု၏ ခြေဖဝါးအောက်မြေပြင်သည် မိုးရွာပြီးခါစ ရွှံ့ဗွက်လို သို့မဟုတ် တွန့်လိမ်နေသော ကိုယ်တွင်းကလီစာများလို စေးကပ်သွားလေသည်။
ထို့နောက် အနက်ရောင်မီးခိုးများထွက်ပေါ်လာပြီး အနက်ရောင်ရေသေအိုင်တစ်ခုလို သူမ၏ ခြေထောက်ကို တဖြည်းဖြည်းဖုံးအုပ်လာသည်။
မြူခိုးများထဲမှာ တွန့်လိမ်နေသော မြေကြီးထဲကနေ ပြူထွက်လာသည့် အသက်ဝင်နေသလို မျက်နှာများစွာရှိနေ၏။ ဤမျက်နှာများက နာကျင်ခံစားနေရပြီး ဆိုးဆိုးဝါးဝါးအမူအရာများဖြင့် သူတို့၏ မျက်လုံးများကို တင်းကျပ်စွာမှိတ်ထားကြသည်။ သူတို့က မြေကြီးထဲကနေ သူတို့၏ ဖြူဖပ်ဖြူရော်လက်များကိုထုတ်ပြီး ကျန်းယွဲ့လု၏ ခြေချင်းဝတ်ကို ဖမ်းဆွဲနေကြသည်။
တစ်ချိန်တည်းမှာပင် ကျန်းယွဲ့လုထံ သူတို့၏ နာကျင်ခံစားရပုံများ ပြောပြနေသလို တတွတ်တွတ်ရွတ်ဆိုသံများကို ကြားနေရပြီး သူမက သက်တောင့်သက်သာမရှိဖြစ်လာ၏။
သေဆုံးသွားပြီးနောက် လူတစ်ယောက်၏ ဝိညာဉ်နှင့် စိတ်ဝိညာဉ်က ကောင်းကင်နှင့်မြေကမ္ဘာထံ ပြန်သွားသည်ကို ကျန်းယွဲ့လု ကောင်းကောင်းသိရှိထားသည်။ အလောင်းသုံးလောင်းကသာ တစ္ဆေအဖြစ် ပြောင်းလဲနိုင်လေသည်။ ထို့ကြောင့် ဤခန္ဓာများသည် မှတ်ဉာဏ်မရှိသော ဖုတ်ကောင်များကဲ့သို့သာဖြစ်၏။ နာကျင်ခံစားရကြောင်း သူတို့၏ ရွတ်ဆိုပြောဆိုမှုများက စိတ်အာရုံကို ထွေးပြားစေသည့် နည်းလမ်းတစ်ခုမျှသာဖြစ်သည်။
ကျန်းယွဲ့လုက ကောင်းကင်ဘုံသက်ရှိတစ်ဦး မဖြစ်သေးသောကြောင့် ခြေတစ်ချက်ဆောင့်ရုံမျှနှင့် ဤအစီအရင်ကို မချိုးဖျက်နိုင်ဘဲ သူမက ယာယီအားဖြင့် ဤနေရာမှာ ပိတ်မိသွားသည်။
ဤအခွင့်အရေးကိုအသုံးချပြီး ဘိက္ခုက နောက်ဆုံးမှာ သူ၏ ခွန်အားအားလုံးကို အသုံးပြုကာ ကျန်းယွဲ့လုကို ဓားဖြင့်ခုတ်ပိုင်းချလိုက်၏။ ကျန်းယွဲ့လုက ဓားချက်ကို ရှောင်တိမ်းရန် သူမ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သော်လည်း သူမ၏ ဒြပ်စင်ငါးမျိုးချီဒိုင်းကာက ကျိုးပျက်သွားရဆဲဖြစ်သည်။
ထို့နောက် ကျန်းယွဲ့လုက ဘိက္ခု၏ ဓားကို လက်နှစ်ချောင်းဖြင့်ညှပ်ပြီး မလှုပ်ရှားနိုင်အောင်ထိန်းထားသည်။ ဘိက္ခုက တုံ့ပြန်မှုမြန်ဆန်ပြီး သူ့အသက်လောက်အရေးပါသော သူ့ဓားကို ချက်ချင်းပင်လွှတ်ပေးလိုက်သည်။
သူမက ဓားကိုပြောင်းပြန်ကိုင်ပြီး လေလွင့်ကျင့်ကြံသူများ၏ ဓားထိန်းချုပ်နည်းစနစ်ကဲ့သို့ ၎င်းကို ပစ်ထုတ်လိုက်၏။
ဓားက တစ်ပတ်လည်၍ ဘိက္ခုဝမ်းဗိုက်ကို ထိုးဖောက်ကာ သူ့နောက်မှာရှိသော ဂမ္ဘီရဝိဇ္ဇာထံ တိုးဝင်သွားသည်။
ဂမ္ဘီရဝိဇ္ဇာ၏ မြင်ကွင်းကို ဘိက္ခု၏ခန္ဓာက ကာဆီးထားပြီး သူက ကျန်းယွဲ့လု ပြုလုပ်လိုက်သည့်အရာကို မတွေ့မြင်ရပေ။ ဓားကို သူ သတိထားမိသည့်အချိန်မှာ နောက်ကျသွားပြီဖြစ်သည်။ ဓားက သူ၏ ရင်ဘတ်ကိုထိုး၍ နောက်ကျောကနေ ဖောက်ထွက်သွား၏။ ၎င်းက သူ့နှလုံးကို ထိမသွားသော်လည်း ဂမ္ဘီရဝိဇ္ဇာက ဒဏ်ရာအပြင်းအထန်ရရှိသွားဆဲပင်။
သို့သော်လည်း သူ၏ အစီအရင်က လျော့ကျမသွားပေ။ ၎င်းက ကျန်းယွဲ့လုကို နေရာမှာပင် ချုပ်နှောင်ထားဆဲဖြစ်သည်။
ဘိက္ခုက သူ၏ ဝမ်းဗိုက်မှ ဓားဖောက်သွားသောဒဏ်ရာကို လက်ဖြင့်အုပ်ကိုင်ပြီး ဒူးတစ်ဖက်ထောက်ကျကာ သွေးများအန်ထုတ်နေ၏။ သူ့ပုံစံက ဆိုးဆိုးရွားရွားပင်။
တစ်ခဏချင်းမှာပင် ယွီရှုအဆင့် ကျင့်ကြံသူသုံးဦးစလုံးက ကျန်းယွဲ့လုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားကြသည်။
ဘေးကနေစောင့်ကြည့်နေသည့် ဤအုပ်စု၏ ခေါင်းဆောင်က သူ၏ မျက်လုံးကို မှေးကျဉ်းထား၏။ သူ၏ အမူအရာက သုန်မှုန်ခက်ထန်လာလေသည်။
သူက ကျန်းယွဲ့လုကို အထင်မသေးဘဲ သူနှင့်အတူ လူခြောက်ယောက်ကို ခေါ်လာခဲ့သည်။ ထိုသို့ဆိုလျှင်တောင် အရေအတွက်က လုံလောက်မှု မရှိသေးပေ။
ဤအချိန်မှာ တိုက်ပွဲထဲသို့ နောက်ထပ်လူတစ်ယောက်ဝင်ရောက်လာ၏။ ဤလူက ကွေ့ကျန်းအဆင့် လေလွင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။
ကျန်းယွဲ့လုက ပုံသဏ္ဌာန်မဲ့စက္ကူကို တစ်ဖက်သွားဓားတစ်လက်အဖြစ်ပြောင်းပြီး ထိုလူကို ခုတ်ပိုင်းချလိုက်၏။
ရိုက်ခတ်မှုက မြေပြင်တွင် လျှိုမြောင်ငယ်တစ်ခု ပေါ်ထွက်လာစေ၏။ ဤသည်မှာ ဓားချီ၏ သက်ရောက်မှုမျှသာဖြစ်သည်။ ဓားချီက လေလွင့်ကျင့်ကြံသူထံ ချဉ်းကပ်လာပြီး သူနှင့် ဆယ်ပေအကွာအဝေးမှာပင် သူ၏ အဝတ်အစားများက စုတ်ပြဲသွား၏။ ထိုအင်အားက ဘယ်လောက်သန်မာသလဲ ပြသနေသည်။
လေလွင့်ကျင့်ကြံသူက နောက်သို့မျှောချပြီး ဓားချီကို ဖမ်းဆီးရန် သူ၏ အင်္ကျီလက်စနှစ်ဖက်ကို ဝေ့ယမ်းလိုက်၏။ သူ့ဝတ်ရုံ၏ အင်္ကျီလက်စများက အဆက်မပြတ် ပြန်ကားလာလေသည်။
ကျန်းယွဲ့လုက ရှေ့သို့လိုက်ပါပြီး သူ့ကို ဆက်လက်၍ ခုတ်ပိုင်းနေ၏။ သူမက သူနှင့် ခြေဆယ်လှမ်းအကွာခန့် ရောက်သည့်အချိန်မှာ သူမ၏ ဓားချီကြောင့် မြေပြင်တွင် ကန့်လန့်ဖြတ်ယှက်နေသော လျှိုမြောင်ငယ်များစွာပေါ်ထွက်လာပြီး တစ်ခုချင်းစီက တစ်ပေခန့် နက်ရှိုင်းလေသည်။ ကျောက်စရစ်ခဲများက လွင့်ပျံသွားပြီး မြေပြင်ပေါ်ကို ပြန်ကျသည့်အချိန်မှာ ချိုင့်ခွက်များစွာပေါ်ထွက်လာ၏။
ထိုကျောက်စရစ်ခဲများက လူ့အသားပေါ် ကျရောက်မည်ဆိုလျှင် သွေးသံရဲရဲ မြင်ကွင်းတစ်ခု ပေါ်ထွက်လာပေလိမ့်မည်။
ကျန်းယွဲ့လုက နောက်တစ်ဖန်တိုက်ခိုက်လိုက်ပြီး ပြင်းထန်ကြမ်းတမ်းသော ဓားချီက လေလွင့်ကျင့်ကြံသူ၏ ရှေ့တည့်တည့်ကို ကျဆင်းလာ၏။ လေလွင့်ကျင့်ကြံသူက ခြေဖျားထောက်၍ နောက်သို့ခုန်ဆုတ်လိုက်၏။ ထိုအခိုက်အတန့်မှာ ကျန်းယွဲ့လုက သူမ၏ ဓားကို လွှဲယမ်းပြီး သူမ၏ ဓားချီနှင့်အတူ ဗုဒ္ဓဆင်းတုတော်တစ်ခုကို ထက်ပိုင်းပြတ်ကျသွားစေ၏။ ပြန်ရှရာက ချောမွတ်နေပြီး ဓားချီက ဘယ်လောက်ထက်ရှသလဲ ပြသနေသည်။
လေလွင့်ကျင့်ကြံသူက တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် သူ၏ လက်သည်းများကို တစ်စက္ကန့်မျှမှာ တစ်ပေခန့် ရှည်ထွက်စေသည့် လျှို့ဝှက်ဆန်းကြယ်စွမ်းရည်တစ်ခုကို အသုံးပြုလိုက်သည်။ သူ၏ လက်သည်းများက သတ္တုရောင်ဖြင့် တောက်ပလာပြီး လူခန္ဓာအစိတ်အပိုင်းနှင့် ဆက်လက်၍ မတူတော့ဘဲ လက်နက်တစ်ခုလိုဖြစ်လာ၏။
လေလွင့်ကျင့်ကြံသူက သူ၏ လက်ချောင်းငါးချောင်းကို ပူးကပ်ပြီး သူ့လက်ထဲမှာ ဓားတစ်လက်ရှိနေသည့်အလား အောက်သို့ပြင်းထန်စွာခုတ်ပိုင်းချလိုက်၏။ ၎င်းက ကျန်းယွဲ့လု၏ စက္ကူဓားနှင့်ထိခတ်သောအခါ သတ္တုနှင့်ကျောက်ခဲ ထိခတ်သံသာ ထွက်ပေါ်လာသည််။
ကျန်းယွဲ့လု၏ စက္ကူဓားဘေးပတ်လည်မှာ ဓားအလင်းက အဆက်မပြတ်ပြန့်ကားပြီး ဓားကိုလုံးလုံးလျားလျား လွှမ်းခြုံသွား၏။ သူမက ဓားကို ပြန်ပင့်ပြီး လေလွင့်ကျင့်ကြံသူ၏ လက်သည်းများကို အပိုင်းပိုင်းပြတ်ကျသွားစေ၏။ ဒေါသူပုန်ထနေသောလေပြင်းကဲ့သို့ သန်မာသော ဓားချီနှင့် ဤကဲ့သို့ အဖျက်စွမ်းအားမြင့်မားသော ဓားပညာနှင့် ရင်ဆိုင်ရချိန်မှာ လေလွင့်ကျင့်ကြံသူက တုန်လှုပ်ချောက်ချားလာလေသည်။
လေလွင့်ကျင့်ကြံသူက သူမ၏ ဓားကို ဖမ်းဆီးရဲခြင်းမရှိတော့ဘဲ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် အတတ်နိုင်ဆုံးကြိုးစားရင်း နောက်သို့ထပ်တလဲလဲဆုတ်ပေးနေရသည်။