အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း ၁၁၇ - ခေါင်းငါးလုံး
ချီသန့်စင်သူနှင့် လေလွင့်ကျင့်ကြံသူက ကျန်းယွဲ့လုကို ပူးပေါင်းကာ တိုက်ခိုက်နေကြသည်။ သူတို့သည် ကျန်းယွဲ့လုကို သတ်ဖြတ်နိုင်သည်ဟု တွေးထားသော်လည်း နတ်သက်ကြွေအင်မော်တယ်တစ်ဦးမှာ ရှိသည့် ခွန်အားနှင့် စွမ်းအင်က ဘယ်လောက်များပြားသလဲ သူတို့ မသိရှိကြပေ။ အတန်ကြာအောင် ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်ပြီးနောက် ကျန်းယွဲ့လုက ခြေကုန်လက်ပန်းကျမည့် လက္ခဏာများ မပြသသေးပေ။
ချီသန့်စင်သူက ပြောလိုက်သည်။
“ပညာရှိကျန်း... မင်းက တကယ်ပဲ စွမ်းအားကြီးမားပါပေတယ်... ငါတို့ငါးယောက် မင်းနဲ့ တိုက်ခိုက်ခဲ့ပေမဲ့ မင်းက ငါတို့ထဲက သုံးယောက်ကို ဒဏ်ရာရစေခဲ့တယ်... ဒီမှာရှိတဲ့ ငါ့ရဲ့ ရောင်းရင်းတောင်မှ မင်းနဲ့တိုက်ခိုက်ရင်း လက်ချောင်းငါးချောင်း ဆုံးရှုံးသွားရတယ်... ဒါတောင် မင်းကို အနိုင်မယူနိုင်သေးဘူး”
“ဟဲဟဲ... မင်းရဲ့ ဇွဲနပဲကိုတော့ ငါတကယ်ပဲ ချီးကျူးမိတယ်... ငါတို့သာ တစ်ယောက်ချင်း တိုက်ခိုက်ရမယ်ဆိုရင် ငါမင်းကို ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး... မင်းလက်ထဲမှာ ငါ အသက်ပျောက်သွားရနိုင်တယ်… ဒါပေမဲ့ စိတ်မကောင်းစရာကတော့…”
သူစကားမဆုံးသေးခင် ချီသန့်စင်သူက ဓားပျံနှစ်လက်ကို ခပ်မြန်မြန်အသက်သွင်းပြီး အရှိန်အဟုန်ကို မြှင့်တင်ကာ ကျန်းယွဲ့လုကို ဘယ်ညာညှပ်၍ တိုက်ခိုက်လိုက်သည်။
ကျန်းယွဲ့လုက စကားမပြောပေ။ သူမက စိတ်ဝိညာဉ်ရုပ်တုကို ထိန်းချုပ်ခြင်းမှာ အာရုံစိုက်ထားပြီး အမျိုးမျိုးသော ဓားနည်းစနစ်များကို အသုံးချကာ ဓားပျံနှစ်လက်ကို ပိတ်ဆို့တားဆီးနေ၏။ တစ်ချိန်တည်းမှာပင် သူမက ပုံသဏ္ဌာန်မဲ့စက္ကူကို စက္ကူကြာပန်းများအဖြစ် ပြောင်းလဲပြီး ဓားသွားများကဲ့သို့ လည်ပတ်လာစေ၏။
သူမသည် ချီသန့်စင်သူကို ဒဏ်ရာရရှိအောင် ဆက်လက်၍ ကြိုးစားနေသော်လည်း သူ၏ ဘေးပတ်လည်မှ အကာအကွယ်ဒိုင်းကာက တိုက်ခိုက်မှုများအားလုံးကို ပိတ်ဆို့တားဆီးထားသည်။ လေလွင့်ကျင့်ကြံသူက သတိကို လျှော့ချရဲခြင်းမရှိဘဲ ဒိုင်းကာကို ထိန်းချုပ်ခြင်းမှာ အာရုံစိုက်ထား၏။
ချီရွှမ်းစုက ဘုရားကျောင်းပျက်ထဲကနေ ထွက်လာပြီး တိုက်ပွဲကို ခပ်လှမ်းလှမ်းကနေ ကြည့်လိုက်၏။ စက္ကူကြာပန်းက ဒိုင်းကာကို ထိခတ်မိသည်နှင့် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များ ပေါ်ထွက်လာသော်လည်း သိပ်မကြာခင် ပျောက်ကွယ်သွားသည်ကို သူရှင်းရှင်းလင်းလင်း တွေ့မြင်နေရသည်။
ဤသည်မှာ နဂါးမျက်လုံးကျည်ဆန်နှင့်ပင် သူ၏ နတ်နဂါးပစ္စတိုက ထိရောက်မှုရှိလိမ့်မည်မဟုတ်ဟု ပြသနေသည်။
ထိုသို့ဆိုလျှင် ဤဒိုင်းကာကို အင်အားသုံး၍ ချိုးဖျက်ဖို့က လက်တွေ့မဆန်ပေ။ ထိုသို့ပြုလုပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ပြိုင်ဘက်ကို တစ်ပတ်ရိုက်ခြင်းဖြင့်သာ ဖြစ်ပေမည်။
ထို့သို့အတွေးဖြင့် ချီရွှမ်းစုက ဘုရားကျောင်းထဲသို့ ပြန်သွားပြီး အလောင်းငါးလောင်းကို ခေါင်းဖြတ်လိုက်သည်။
သူက ခေါင်းပြတ်များကို ဆံပင်ကနေ ဆွဲကိုင်ပြီး ရှေးဟောင်းဘုရားကျောင်းထဲကနေ တစ်ဖန်ပြန်ထွက်လာ၏။
ချီရွှမ်းစုက တိုက်ပွဲအနားကို ချဉ်းကပ်လာပြီး လှမ်းအော်ပြောလိုက်သည်။
“ဟေး... မင်းတို့နှစ်ယောက်… ဘယ်သူပေးတဲ့အလုပ်ကို လက်ခံထားတာလဲ... အဲ့ဒါ တည်းခိုခန်းလား”
ချီရွှမ်းစု၏ အသံကို ကြားလိုက်ရသည့်အတွက် ပြိုင်ဘက်နှစ်ဦးက ထိတ်လန့်သွား၏။ ချီသန့်စင်သူက ကျန်းယွဲ့လုကို တိုက်ခိုက်ခြင်းမှာ အာရုံစိုက်ထားပြီး စိတ်အာရုံပျံ့လွင့်ဖို့ မတတ်နိုင်ပေ။
သို့သော်လည်း လေလွင့်ကျင့်ကြံသူက ချီရွှမ်းစုကို လှည့်ကြည့်လိုက်၏။
ချီရွှမ်းစုက ခေါင်းပြတ်တစ်လုံးကို သူတို့ထံ ပစ်ထုတ်လိုက်သည်။
“ဒီမှာ မင်းတို့အတွက် လက်ဆောင်ငယ်လေးတစ်ခု ပါလာတယ်... မင်းတို့ အဲ့ဒါကို သဘောကျမလားတော့ မသိဘူး”
လေလွင့်ကျင့်ကြံသူက ခေါင်းပြတ်ကို ဖမ်းဆွဲပြီးနောက် ခဏမျှ မှင်တက်သွားသည်။
“ညီ ၇…”
သူ၏ မျက်လုံးက နီရဲလာပြီး သူ့ဘေးမှာရှိသော ချီသန့်စင်သူကို လှည့်ကြည့်လိုက်၏။
“အစ်ကိုကြီး... ညီ ၇ တော့ သေပြီ”
ချီသန့်စင်သူက စကားမပြောဘဲ သူ၏ ဓားပျံများကို ထိန်းချုပ်ခြင်းမှာသာ အာရုံစိုက်ထားသည်။
ချီရွှမ်းစုက နောက်ထပ် ခေါင်းပြတ်တစ်လုံးကို ပစ်ထုတ်ပြီး မခံချင်အောင် လှမ်းအော်ပြောလိုက်သည်။
“ကဲ ဒီတစ်ယောက်ကတော့ တကယ့်ကို ထိုက်ထိုက်တန်တန် သေသွားရတာပဲ”
လေလွင့်ကျင့်ကြံသူက ခေါင်းပြတ်ကို နောက်တစ်ဖန် ဖမ်းဆီးပြီး စူးစူးဝါးဝါး အော်လိုက်၏။
“ညီငါး…”
လေလွင့်ကျင့်ကြံသူက မျက်နှာဖုံးစွပ်ထားသော်လည်း သူ့အသံကနေတစ်ဆင့် လေလွင့်ကျင့်ကြံသူ၏ စိတ်ထိခိုက်ခံစားရမှုကို ချီရွှမ်းစု သိနိုင်သည်။
ချီရွှမ်းစုက မီးထဲကို လောင်စာ ထပ်ထည့်ဖို့ ဆုံးဖြတ်ပြီး တတိယမြောက် ခေါင်းကို ပစ်ထုတ်လိုက်၏။
“ဒီလောက် အန္တရာယ်များတဲ့အလုပ်ကို လက်ခံခဲ့မှတော့ သေရဖို့ပဲ ရှိတော့တာပေါ့”
“ညီခြောက်…”
လေလွင့်ကျင့်ကြံသူက ခေါင်းပြတ်ကို နောက်တစ်ဖန် ဖမ်းယူလိုက်၏။ သူ့အသံက ပူဆွေးဝမ်းနည်းမှု၊ မကျေမချမ်းမှုဖြင့် အက်ကွဲနေ၏။
ချီရွှမ်းစုက ဆက်လက်၍ မီးလောင်ရာ လေပင့်ပေးလိုက်သည်။
“ငါ့ရဲ့ နှုတ်ဆက်လက်ဆောင်... ဒီခေါင်းသုံးလုံးကို မင်းတို့နှစ်ယောက် ဘယ်လိုသဘောရလဲ... မင်းတို့ သိမှာပါ ငါက ဒါကို မင်းတို့အတွက် စဉ်းစားပြီး လုပ်ပေးခဲ့တယ်ဆိုတာ... ငါဒီလို လုပ်ပေးလိုက်လို့ မင်းတို့နှစ်ယောက်က အခုဆိုရင် ဝေစုအများကြီး ပိုရသွားပြီ... မင်းတို့တွေက အချင်းချင်း ပေါ်ပေါ်ထင်ထင် သတ်ဖြတ်လို့မရဘူးဆိုတာ ငါနားလည်တယ်... အဲ့ဒါကြောင့် မင်းတို့အတွက် ငါလုပ်ပေးရတာပဲ... မင်းတို့ ငါ့ကို ကျေးဇူးတင်သင့်တယ် မဟုတ်ဘူးလား”
“မင်း ခွေးကောင်... ငါ မင်းကို သတ်မယ်”
လေလွင့်ကျင့်ကြံသူက နောက်ဆုံးမှာ သည်းမခံနိုင်တော့ပေ။ သူက ဒေါသတကြီး အော်ဟစ်ပြီး ချီရွှမ်းစုရှိရာသို့ ပြေးသွား၏။
ချီသန့်စင်သူက အော်ပြောလိုက်သည်။
“ညီနှစ်... စိတ်လိုက်မာန်ပါ မလုပ်နဲ့... ကျန်းယွဲ့လုကို အရင်ကိုင်တွယ်ရအောင်... ဒီကောင်လေးက ဘာမှမဟုတ်ဘူး… နောက်ပြီးကျရင် ငါတို့ သူ့ကို ဘယ်လိုသတ်သတ်ရတယ်”
လေလွင့်ကျင့်ကြံသူက ဆတ်ခနဲ ရပ်တန့်လိုက်ပြီး သူ့ရင်ထဲမှာ လေးလံလာကာ သည်းထန်စွာ မောဟိုက်နေ၏။
ချီရွှမ်းစုက လှောင်ပြောင်လိုက်သည်။
“တကယ့်လက်တွေ့ဘဝမှာ သွေးသောက်ညီအစ်ကိုဆိုတာမျိုး တကယ်မရှိဘူးကွ... လုံလောက်တဲ့ အကျိုးအမြတ်ကိုရရင် အရာရာတိုင်းက အဆုံးသတ်သွားရတာပဲ... ငါလောင်းရဲတယ်… ဓားပျံနဲ့ အဲ့ဒီငနဲက တခြားသူတွေကို ငါသတ်ဖြတ်လို့ရအောင် ချန်ထားတာပဲ... လူငါးယောက်ကို မျှပေးစရာ မလိုတော့ဘူးဆိုတော့ မင်းတို့တွေ အကျိုးအမြတ် ဘယ်လောက်ပိုရသွားမလဲ စဉ်းစားကြည့်လိုက်လေ”
“အဓိပ္ပာယ်မရှိတာ”
ချီသန့်စင်သူက ဒေါသချောင်းချောင်းထွက်လာ၏။
“ညီနှစ်... သူ့ရဲ့ လှည့်ကွက်ထဲကို မဝင်မိစေနဲ့... ဒီကောင်က ငါတို့ကို သွေးခွဲချင်နေတာပဲ”
လေလွင့်ကျင့်ကြံသူက သူကိုင်ထားသော ခေါင်းကို လွှတ်ချလိုက်၏။ သူ့မျက်လုံးများက နီရဲလာပြီး အံကိုတင်းတင်းကြိတ်ထားသည်။
ရလဒ်အနေဖြင့် ချီသန့်စင်သူ၏ တိုက်စစ်က နှေးကွေးသွားပြီး ကျန်းယွဲ့လုက အသက်ရှူခွင့် ရလာ၏။
ချီရွှမ်းစုက ညည်းတွားရေရွတ်လိုက်သည်။
“ဒီတစ်ယောက်ကတော့ မင်းတို့နှစ်ယောက်အပေါ်မှာ တော်တော်သစ္စာရှိတယ်... ငါက သူ့ရဲ့ နံရိုးတွေကို ချိုးပစ်လိုက်တာတောင် သူက မင်းတို့အတွက် ငါ့ခြေထောက်ကို ဖမ်းဆွဲထားတုန်းပဲ... အဲ့တော့ ငါလည်း မတတ်သာဘဲ သူ့နှလုံးကို ထိုးဖောက်လိုက်ရတယ်... သူက သေသင့်တယ်လို့ မင်းတို့ မထင်ဘူးလား... ဒါနဲ့ သူက မင်းတို့ရဲ့ ညီသုံးလား ညီလေးလားတော့ ငါလည်း မသိဘူး”
ထိုသို့ပြောပြီးနောက် ချီရွှမ်းစုက စတုတ္ထမြောက်ဦးခေါင်းကို ချီသန့်စင်သူထံ ပစ်ထုတ်ပေးလိုက်သည်။
ချီသန့်စင်သူက ခေါင်းကို ဖမ်းယူဖို့ မကြိုးစားဘဲ သူ့ခြေရင်းမှာ ကျဆင်းသွားစေ၏။ သူ့မျက်နှာက သုန်မှုန်ပြီး ကြောက်မက်ဖွယ်ရာကောင်းလာသည်။
လေလွင့်ကျင့်ကြံသူ၏ မျက်လုံးများက နီရဲလာ၍ သူ့အသံက ခြောက်သွေ့အက်ကွဲနေ၏။
“အစ်ကိုကြီး... အဲ့ဒါ ညီ-၄ ပဲ”
ချီသန့်စင်သူက စကားပြောတော့မည့်ဆဲဆဲမှာ ချီရွှမ်းစုက နောက်ဆုံးဦးခေါင်းကို ပစ်ထုတ်လိုက်ပြီဖြစ်သည်။
“ကဲ ဒါကတော့ နောက်ဆုံးတစ်ယောက်ပဲ... သူကတော့ မင်းတို့နှစ်ယောက်ကို လက်စားချေချင်နေလို့ မသိဘူး.. သေသွားတာတောင် မျက်လုံးမမှိတ်နိုင်သေးဘူး”
ဤတစ်ခေါက်မှာ ချီရွှမ်းစုက သူ၏ ခွန်အားကုန်ကိုသုံးပြီး ဦးခေါင်းကို အပေါ်သို့ မြင့်မြင့်မြှောက်တင်လိုက်သည်။
“ညီသုံး…”
လေလွင့်ကျင့်ကြံသူက အော်ဟစ်ပြီး နောက်ဆုံးဦးခေါင်းကို ဖမ်းယူဖို့ ကြိုးစားလိုက်သည်။ ဤအခိုက်အတန့်မှာ လူတိုင်း သေနတ်သံတစ်သံကို ကြားလိုက်ရပြီး လေထဲမှာ ရှိသော ဦးခေါင်းက ပေါက်ကွဲထွက်သွားသည်။
ဦးနှောက်ဖတ်များက အပေါ်ကနေ ပြုတ်ကျလာပြီး လေလွင့်ကျင့်ကြံသူအပေါ်သို့ ဖိတ်စင်ကျလာ၏။
လေလွင့်ကျင့်ကြံသူသည် ပြောင်းဝမှာ မီးခိုးများ ရစ်သိုင်းနေဆဲ နတ်နဂါးပစ္စတိုကို ကိုင်ထားသည့် ချီရွှမ်းစုကို စိုက်ကြည့်ပြီး မှင်တက်နေမိသည်။
တကယ်တော့ သာမန်ကျည်ဆံများမှာ ဤကဲ့သို့သော ပေါက်ကွဲစွမ်းအား မရှိပေ။ ချီရွှမ်းစုသည် သေဆုံးသူ၏ ပါးစပ်ထဲမှာ နဂါးမျက်လုံးကျည်ဆန်တစ်တောင့်ကို ကြိုတင်ထည့်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ခေါင်းကို ပစ်လိုက်သည့်အချိန်မှာ နဂါးမျက်လုံးကျည်ဆန်က ပေါက်ကွဲထွက်သွားခြင်း ဖြစ်သည်။
လေလွင့်ကျင့်ကြံသူက လက်ချောင်းများ မပါသော လက်ဖြင့် သူ့မျက်နှာကို သုတ်ပြီး စကားတစ်ခွန်းမဆိုတော့ဘဲ ချီရွှမ်းစု ရှိရာသို့ ပြေးထွက်သွား၏။
ချီရွှမ်းစုက ဤအရာများ အားလုံးကို ပြုလုပ်ခဲ့သည်မှာ လေလွင့်ကျင့်ကြံသူကို ရန်စ၍ သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးချကာ ပြိုင်ဘက်ကို မျှားခေါ်ထုတ်သွားရန်သာ ဖြစ်သည်။ ထို့သို့ဖြင့် ကျန်းယွဲ့လုအပေါ် ဖိအားက လျော့ကျသွားပေလိမ့်မည်။ လေလွင့်ကျင့်ကြံသူက ထိုသို့တုံ့ပြန်လာဖို့ သူမျှော်လင့်ထားပြီးသားဖြစ်ပြီး တွေဝေခြင်းမရှိဘဲ နောက်သို့ ပြန်လှည့်လိုက်၏။
သူတို့နှစ်ယောက်က ရှေးဟောင်းဘုရားကျောင်းပျက်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြ၏။ ချီရွှမ်းစုက ဖြည်းဖြည်းချင်း နောက်သို့ ဆုတ်ခွာသွားသည်။ လေလွင့်ကျင့်ကြံသူက ကွေ့ကျန်းအဆင့်မှာ ရှိနေပြီး သူက တစ်ခဏချင်းမှာပင် ချီရွှမ်းစုကို လိုက်မီလာ၏။
လေလွင့်ကျင့်ကြံသူက သူ၏ လက်ဝါးဖြင့် ချီရွှမ်းစုကို ရိုက်ချလိုက်၏။ ချီရွှမ်းစု၏ ချီဒိုင်းကာက ခဏမျှသာ တောင့်ခံပြီးနောက် ပျက်ပြယ်သွားသည်။
ဤအချိန်မှာ ချီသန့်စင်သူတစ်ယောက်တည်းက ကျန်းယွဲ့လုကို မနိုင်ဘူးဆိုတာ လေလွင့်ကျင့်ကြံသူက သိရှိထားဆဲဖြစ်သည်။ ထို့ကြောင့် သူက ချီသန့်စင်သူကို ပြန်သွားကူညီရန် ဤသနားကမားကောင်လေးကို တတ်နိုင်သမျှမြန်မြန် ရှင်းထုတ်ပစ်လို၏။
လေလွင့်ကျင့်ကြံသူက သူ၏ ချီများအားလုံးကို သူ၏ လက်ဖဝါးထဲသို့ စုယူပြီး ချီရွှမ်းစု၏ ရင်ဘတ်ကို ပစ်ရိုက်ကာ ပြိုင်ဘက်ကို နေရာမှာတင် သတ်ဖြတ်လိုသည်။
သို့သော်လည်း လေလွင့်ကျင့်ကြံသူ အံ့အားသင့်သွားရသည်မှာ ချီရွှမ်းစု၏ ကိုယ်ကာယက ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးနှင့် ယှဉ်နိုင်နေ၏။ ဤလက်ဝါးရိုက်ချက်က ချီရွှမ်းစုကို ဒဏ်ရာရရှိသွားစေသော်လည်း အသက်နှင့် ဝေးကွာသေးလေသည်။
ချီရွှမ်းစုက အခွင့်အလမ်းကို ချိန်ဆပြီး နောက်သို့ ခုန်ဆုတ်လိုက်၏။ သူက ပြိုင်ဘက်နှင့် အကွာအဝေးတစ်ခု ခြားပြီးနောက် အင်္ကျီလက်အိုးထဲကနေ ဖီးနစ်မျက်လုံးကျည်ဆံတစ်တောင့်ကို ထုတ်ယူကာ လေလွင့်ကျင့်ကြံသူကို ပစ်ပေါက်လိုက်၏။
ဖီးနစ်မျက်လုံးကျည်ဆံသည် ကွေ့ကျန်းအဆင့် ရှန်းထျန်သက်ရှိများအပေါ် သက်ရောက်မှု အနည်းငယ်သာရှိပြီး အဟန့်အတားသာ ဖြစ်စေပေလိမ့်မည်။
ထင်မှတ်ထားသည့်အတိုင်း လေလွင့်ကျင့်ကြံသူက သတိအနေအထားရှိနေပြီး ပေါက်ကွဲမှုကို ရှောင်လွှဲလိုက်၏။ တုန်ခါလှိုင်းများကလည်း သူ့ချီဒိုင်းကာဖြင့် ကာဆီးခံထားရသည်။
ချီရွှမ်းစုက အခွင့်အလမ်းကို ချိန်ဆကာ တိုက်ခိုက်လိုက်၏။ သူ့မှာ သန်မာသော ကိုယ်ကာယသာ ရှိပြီး ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ ကျွမ်းကျင်မှုအဆင့် မရှိသည်မှာ နှမြောစရာပင်။ ထိုသို့ဖြင့် သူ၏ ခန္ဓာနှင့် စိတ်ဝိညာဉ်ကို မစုဖွဲ့နိုင်ဘဲ ကွေ့ကျန်းအဆင့် လေလွင့်ကျင့်ကြံသူနှင့် ရင်ဆိုင်ရချိန်တွင် အရေးနိမ့်နေသည်။
သူက လက်ဗလာဖြင့် တိုက်ခိုက်ခြင်းမှာ မကျွမ်းကျင်သောကြောင့် ချီရွှမ်းစုသည် လေလွင့်ကျင့်ကြံသူနှင့် တိုက်ခိုက်ရန် သူ့ဓားတို ချင်းယွမ်ကို ဆွဲထုတ်လိုက်၏။
သူတို့နှစ်ယောက်က ဆယ်ကွက်ကျော် တိုက်ခိုက်ဖလှယ်လိုက်ကြ၏။ လေလွင့်ကျင့်ကြံသူ၏ လက်ချောင်းငါးချောင်းက ဖြတ်တောက်ခံထားရပြီး သူ့မှာ လက်နက်မရှိသောကြောင့် ချီရွှမ်းစုနှင့် လေလွင့်ကျင့်ကြံသူက ညီတူမျှတူ ယှဉ်ပြိုင်နေကြသည်။
တိုက်ခိုက်ရင်း လေလွင့်ကျင့်ကြံသူက ပို၍ပင် ပူပန်သောကများလာ၏။ သူသည် ကွေ့ကျန်းအဆင့်၏ မြင့်မြတ်သန္ဓေလောင်းနယ်ပယ်မှာ ရှိနေသောကြောင့် သူ့မှာ ဂမ္ဘီရအတွက်အချက်နည်းစနစ်ဟုခေါ်သော လျှို့ဝှက်ဆန်းကြယ် စွမ်းရည်တစ်ခု ရှိလေသည်။
ခရမ်းရောင် နက္ခတ်ဗေဒင်နှင့် မတူသည်မှာ ဂမ္ဘီရအတွက်အချက်နည်းစနစ်ကို တိုက်ပွဲထဲမှာ အသုံးချနိုင်သည်။
လေလွင့်ကျင့်ကြံသူသည် သူ့လက်ချောင်းများ ပြတ်တောက်ရာနေရာကနေ တစ်ပေခန့်ရှည်သော အရိုးဆူးငါးချောင်းကို ပေါ်ထွက်လာစေ၏။ သူတို့က သတ္တုရောင်ဖြင့် တောက်ပနေပြီး ဓားမြှောင်များဖြင့် ဆင်တူနေ၏။
လေလွင့်ကျင့်ကြံသူက အကောင်းအတိုင်း ရှိနေသော လက်ချောင်းငါးချောင်းကို တစ်ချောင်းပြီးတစ်ချောင်း ကွေးလိုက် ဆန့်လိုက် လုပ်ရင်း တွက်ချက်မှုတစ်ခုကို ထပ်တလဲလဲ ပြုလုပ်နေ၏။
ဂမ္ဘီရအတွက်အချက်နည်းစနစ်အကြောင်း သူ့ဆရာ ပြောသည်ကို ချီရွှမ်းစု ကြားဖူးထားသည်။ ကောင်းကင်သက်ရှိအဆင့် မတိုင်ခင်မှာ ဤလျှို့ဝှက်ဆန်းကြယ်စွမ်းရည်ကို သင်ယူဖို့က အခက်ခဲဆုံး ဖြစ်လေသည်။
အဓိကကျသော စကားလုံးက အတွက်အချက် ဖြစ်သည်။ လေလွင့်ကျင့်ကြံသူသည် ပြိုင်ဘက်၏ တည်နေရာ၊ ကျင့်ကြံမှုအဆင့်၊ ခန္ဓာကိုယ်လှုပ်ရှားမှု၊ လက်နက်များ အသုံးပြုမှုအပြင် အလင်းအမှောင်၊ မြေပြင်အနေအထား အနိမ့်အမြင့်နှင့် လေစီးကြောင်းတို့ကိုပါ ထည့်တွက်ရလေသည်။ ဤအလှည့်အပြောင်းများ အားလုံးသည် တွက်ချက်ရ အင်မတန် ရှုပ်ထွေးသော်လည်း မှန်ကန်စွာ ပြုလုပ်နိုင်မည်ဆိုလျှင် တစ်ဖက်သူ၏ တိုက်ခိုက်မှုကို ကြိုတင်ခန့်မှန်းနိုင်လေသည်။
၎င်း၏ အမြင့်မားဆုံး အလားအလာမှာ ပြိုင်ဘက်၏ လှုပ်ရှားမှုကို တွက်ဆပြီး တိုက်ခိုက်မှုကို ကြိုတင်ထုတ်ဖော်နိုင်သည်။ ပြိုင်ဘက်က သူ၏ တိုက်ခိုက်မှုထဲသို့ တိုးဝင်လာသည်နှင့် တူသွားပေလိမ့်မည်။
သို့သော်လည်း ဂမ္ဘီရအတွက်အချက်နည်းစနစ်၏ အားနည်းချက်မှာ စိတ်စွမ်းအင် အမြောက်အမြားကို သုံးစွဲရခြင်း ဖြစ်ပြီး ကွေ့ကျန်းအဆင့် မတိုင်ခင် အဲဒါကို လေ့ကျင့်နိုင်မည် မဟုတ်ပေ။
အရင်တုန်းက ချီရွှမ်းစုသည် ကွေ့ကျန်းအဆင့်နှင့် ဝေးကွာသေးပြီး ၎င်းကို အာရုံများစွာမစိုက်ခဲ့ပေ။ ဤအချိန်မှာ ချီရွှမ်းစုသည် ထိုပညာကို လေးလေးနက်နက် ဘယ်တုန်းကမှ မလေ့လာခဲ့သည့်အတွက် ဤအလှည့်အပြောင်းများ အားလုံးကို မတွက်ချက်နိုင်ပေ။ ထို့ကြောင့် ဤလျှို့ဝှက်ဆန်းကြယ်စွမ်းရည်ကို အသုံးပြုနိုင်သည့် ပြိုင်ဘက်တစ်ဦးနှင့် ကြုံတွေ့ရသောအခါ သူက ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။
ချီရွှမ်းစုက ဓားဖြင့် ပစ်ထိုးလိုက်သော်လည်း လေလွင့်ကျင့်ကြံသူက အချိန်တိုင်းမှာ သူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းနေ၏။ သူ၏ အရိုးဆူးများနှင့်ပင် ချီရွှမ်းစုကို ပြန်လည်ပစ်ထိုးနေ၏။
ချီရွှမ်းစုက သူ့ဓားကို ခပ်မြန်မြန်မြှောက်ပြီး နောက်တစ်ဖန် တိုက်ခိုက်လိုက်သော်လည်း လေလွင့်ကျင့်ကြံသူက ကြိုတင်တွက်ဆထားပုံရပြီး တန်ပြန်တိုက်ခိုက်လိုက်သည်။ ချီရွှမ်းစုက အချိန်မီ မရှောင်တိမ်းနိုင်လျှင် သူ၏ ရင်ဘတ်က အရိုးဆူးများဖြင့် ထိုးဖောက်ခံရပေလိမ့်မည်။ သူက ချက်ချင်းပင် ချွေးပြန်လာသည်။
အခန်း ၁၁၈ - လှည့်ကွက်အဟောင်း
လေလွင့်ကျင့်ကြံသူ၏ အကြီးမားဆုံး အမှားမှာ ချီသန့်စင်သူနှင့် ခွဲထွက်လာခြင်းမဟုတ်ဘဲ မှားယွင်းသော ပြိုင်ဘက်ကို ရွေးချယ်မိခြင်းဖြစ်သည်။
လေလွင့်ကျင့်ကြံသူက ကျန်းယွဲ့လုနှင့် တစ်ယောက်ချင်း ရင်ဆိုင်ရမည်ဆိုလျှင် သူက သူမကို အနိုင်ယူနိုင်မည် မဟုတ်သော်လည်း သူ၏ အကာအကွယ်ဒိုင်းကာနှင့်အတူ ခဏမျှ တောင့်ခံထားနိုင်ပေဦးမည်။ ထိုသို့ဆိုလျှင် ချီသန့်စင်သူသည် ချီရွှမ်းစုကို အလျင်အမြန် လက်စသတ်ကာ ကျန်းယွဲ့လုကို ကိုင်တွယ်ဖို့အတွက် လေလွင့်ကျင့်ကြံသူနှင့် ပြန်လည်ပူးပေါင်းနိုင်မည်ဖြစ်သည်။
ချီသန့်စင်သူက သူ၏ ဓားပျံနှစ်လက်နှင့်အတူ မိနစ်ပိုင်းမှာ ချီရွှမ်းစုကို ခေါင်းဖြတ်သတ်နိုင်ပေလိမ့်မည်။
သို့သော်လည်း ထိုရွေးချယ်မှုမှာ အားနည်းချက်တစ်ခုတော့ ရှိနေသည်။ ချီသန့်စင်သူက ချီရွှမ်းစုကို သွားရောက်တိုက်ခိုက်နေစဉ် ကျန်းယွဲ့လုက ကိုယ်လွတ်ရုန်းပြေးလိုမည်ဆိုလျှင် လေလွင့်ကျင့်ကြံသူက သူမကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအခါ ချီသန့်စင်သူနှင့် လေလွင့်ကျင့်ကြံသူက သူတို့၏ ဆုကြေးကို ထုတ်ယူနိုင်တော့မည် မဟုတ်ပေ။ ဆုကြေးထုတ်ခံထားရသူက ချီရွှမ်းစုမဟုတ်ဘဲ ကျန်းယွဲ့လု ဖြစ်နေသောကြောင့် သူတို့ ကြိုးစားသမျှ အရာရာတိုင်းက သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့်ပင် ချီသန့်စင်သူက ချီရွှမ်းစုကို အရင်မကိုင်တွယ်လိုခြင်းဖြစ်သည်။ ဤအလုပ်ကို လက်ခံပြီး သူ့ညီအစ်ကိုငါးဦး သေဆုံးသွားပြီ ဖြစ်သောကြောင့် သူက ကျန်းယွဲ့လုကို မရမက သတ်ဖြတ်ချင်နေ၏။ သူက လက်ဗလာဖြင့် ပြန်မသွားချင်ပေ။
ဤအချိန်မှာ လေလွင့်ကျင့်ကြံသူက အချိန်ဆွဲဖို့ ကြိုးစားနေသော ချီရွှမ်းစုနှင့် တိုက်ခိုက်ပြီး လေလွင့်ကျင့်ကြံသူ၏ ကာကွယ်ရေးဒိုင်းကာက ဖျော့တော့လာသည်။ တစ်ချိန်တည်းမှာ ချီသန့်စင်သူက ကျန်းယွဲ့လုနှင့် တစ်ယောက်ချင်း တိုက်ခိုက်နေရ၏။
လေလွင့်ကျင့်ကြံသူမှာ ဂမ္ဘီရအတွက်အချက်နည်းစနစ် ရှိနေသည့်အတွက် ချီရွှမ်းစုက ထပ်တလဲလဲ အန္တရာယ်ကျရောက်နေ၏။ ချီရွှမ်းစုက သူ၏ ဓားတိုဖြင့် ပစ်ထိုးလိုက်စဉ် လေလွင့်ကျင့်ကြံသူက တိုက်ခိုက်မှုကို သူ၏ အရိုးဆူးများဖြင့် ကာဆီးလိုက်သည်။
ချီရွှမ်းစု၏ ဓားက လေလွင့်ကျင့်ကြံသူ၏ နောက်ဘက်ကနေ ပတ်ဝင်လာသောအခါ ထိုသူက ချက်ချင်းပင် ကိုယ်ကိုလှည့်ပြီး ချီရွှမ်းစု၏ ဝမ်းဗိုက်နှင့် နဖူးကို ပစ်ထိုးလိုက်၏။
ချီရွှမ်းစုက ဤတိုက်ခိုက်မှုတွင် ထိတ်လန့်သွားပြီး သူ့ဓားဖြင့် တိုက်ခိုက်မှုကို တားဆီးလိုက်၏။ သူ့ဓားက အရိုးဆူးများနှင့် ထိခတ်သောအခါ သတ္တုချင်း ထိခတ်သံသာ ထွက်ပေါ်လာ၏။ သူတို့နှစ်ယောက်ထဲ ဘယ်သူက တိုက်ခိုက်နေသည်၊ ဘယ်သူက ခုခံနေသည်ကို ပြောရခက်သည်။
သူတို့နှစ်ယောက်က ချက်ချင်းပင် တိုက်ကွက်များစွာ ဖလှယ်လိုက်ကြ၏။ သို့သော်လည်း လေလွင့်ကျင့်ကြံသူ၏ ဂမ္ဘီရအတွက်အချက်ကြောင့် ချီရွှမ်းစုက သူ့ပြိုင်ဘက်ကို ထိအောင် မတိုက်ခိုက်နိုင်ဘဲ တဖြည်းဖြည်း အရေးနိမ့်လာလေသည်။ သူက တိုက်ခိုက်မှုများကိုသာ တားဆီးနေရတော့သည်။
တစ်ဖက်မှာတော့ ကျန်းယွဲ့လုက လေထဲကို ခုန်တက်လိုက်၏။ ထိုအခိုက်အတန့်မှာ သူမ၏ နောက်ဘက်တွင် ရောင်ခြည်တစ်ထောင် အလင်းရောင်တစ်ခု ပေါ်ထွက်လာ၏။ အမှတ်တမဲ့ကြည့်လျှင် ဒေါင်းတစ်ကောင် အမြီးဖြန့်ထားသည်နှင့် တူလေသည်။ အနီးကပ်ကြည့်မည်ဆိုလျှင်တော့ ထိုအလင်းများကို ဓားချီများဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်ကို တွေ့ရပေမည်။
ဤသည်မှာ စီဟန်ဓားသိုင်းစဉ်တွင် အဆင့်မြင့်ထွန်းပေါက်မှု ကျင့်စဉ်တစ်ခုဖြစ်သော ကွမ်ယင်ဓားတစ်ထောင် ဖြစ်သည်။ သို့သော်လည်း ၎င်းသည် ထိုက်ယင် ဓား ၁၃ လက်နှင့် ယှဉ်နိုင်သော သတ်ဖြတ်ကွက်များထဲမှ တစ်ကွက်ဖြစ်သည်။
ဤနည်းလမ်းကို ပုံမှန်အားဖြင့် ကောင်းကင်သက်ရှိများသာ ကျင့်ကြံနိုင်ကြသည်။
ကျန်းယွဲ့လုက ကောင်းကင်သက်ရှိတစ်ဦး မဟုတ်သေးဘဲ ဓားတစ်ထောင်ကို မစုဖွဲ့နိုင်သော်လည်း သူမက ကြောက်စရာကောင်းသော စွမ်းအားနှင့်အတူ ဓား ၁၀၀ ကို ထုတ်ဖော်နိုင်ဆဲဖြစ်သည်။
ချီသန့်စင်သူသည် ကွေ့ကျန်းအဆင့်တွင် နှစ်ပေါင်းများစွာ ရှိလာခဲ့ပြီး မှတ်လောက်သားလောက် သိုင်းကွက်များအားလုံးကို တွေ့မြင်ထားဖူးသည်။ သို့သော်လည်း ဤဓားနည်းစနစ်မှာ သူက တုန်လှုပ်ချောက်ချားသွားရသည်။
နောက်ခဏ၌ ကျန်းယွဲ့လုက ရှေ့သို့ပြေးဝင်လာပြီး ဓား ၁၀၀ ကို တစ်ပြိုင်နက်တည်း ပစ်ထုတ်လိုက်၏။ ချီသန့်စင်သူ၏ ဓားပျံနှစ်လက်က ဓား၈၀ခန့်ကို တန်ပြန်တိုက်ခိုက်နိုင်သော်လည်း ကျန်ရှိနေသော ဓား ၂၀ က သူ့ကို တရစပ် တိုက်ခိုက်လာဆဲဖြစ်သည်။ သူက ပေတစ်ရာကျော် နောက်သို့ဆုတ်ပြီး ကြီးမားသော သစ်ပင်ကြီးတစ်ပင်ကို ပစ်တိုက်မိကာ လုံးပတ် ခုနှစ်ပေလောက်ရှိသော သစ်ပင်က ယိမ်းထိုး၍ လဲကျလုမတတ် ဖြစ်သွားသည်။
ကျန်းယွဲ့လုက ခြေဖျားထောက်ပြီး ချီသန့်စင်သူရှေ့သို့ ခုန်တက်ကာ သူမ၏ ဓားဖြင့် အပေါ်စီးကနေ ဖိချလိုက်၏။ အနီးကပ်တိုက်ခိုက်မှုမှာ ဓားပျံများက ထိရောက်မှု မရှိတော့ပေ။ ထို့ကြောင့် ချီသန့်စင်သူက သူ၏ ဓားပျံများကို သိမ်းဆည်းပြီး သူ့ကျောထက်က ဓားရှည်ကို ဆွဲထုတ်ကာ ကျန်းယွဲ့လု၏ တိုက်ခိုက်မှုကို တားဆီးလိုက်၏။ သိပ်သည်းလေးလံသော အလေးတုံးတစ်တုံး သူ့အပေါ်သို့ ဖိကျလာသည်ဟု ခံစားရပြီး သူက မြေပြင်ပေါ်ကို ဒူးထောက်ကျသွား၏။
ကျန်းယွဲ့လုက သန်မာလွန်းပြီး ချီသန့်စင်သူက အင်အားကို တောင့်ခံရန် သူ့ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ထားရသည်။ သူမက ဓားကို လက်တစ်ဖက်ဖြင့်သာ ဖိချပြီး ဘယ်ဘက်လက်ဝါးဖြင့် ချီသန့်စင်သူ၏ နဖူးကို ရိုက်ချလိုက်၏။
ချီသန့်စင်သူက သူ့နောက်ဘက်မှာရှိသော သစ်ပင်ကြီးကို ပစ်တိုက်ချိုးပြီး နောက်သို့ စင်ထွက်သွား၏။ သူက ကြယ်များကို တွေ့မြင်လိုက်ရသည်။
ခဏနေပြီးနာက် ချီသန့်စင်သူက မတ်တတ်ထရပ်ပြီး သူ၏ ကသောင်းကနင်းဖြစ်နေသော ချီများကို ထိန်းချုပ်ချင်သော်လည်း ကျန်းယွဲ့လုက အနားကို ချဉ်းကပ်ကာ သူမ၏ ဓားဖြင့် ဆက်လက်၍ တိုက်ခိုက်နေ၏။
စွမ်းအင်ကုန်ဆုံးလာသော ချီသန့်စင်သူက ကျန်းယွဲ့လုနှင့် တိုက်ခိုက်ရင်း အသည်းအသန် ရုန်းကန်လာရသည်။
စွမ်းအင်မြောက်များစွာ ကုန်ဆုံးမှု၏ လက္ခဏာတစ်ခုအဖြစ် ကျန်းယွဲ့လု၏ မျက်နှာက အနည်းငယ် ဖြူဖျော့လာ၏။ ဤအဆင့်မှာ သူမအနေဖြင့် ကွမ်ယင်ဓားတစ်ထောင်ကို အသုံးပြုဖို့ ခက်ခဲလာသည်။ သို့သော်လည်း သူမက ယခုအချိန်ထိ လမ်းဆုံးကို မရောက်ရှိသေးဘဲ အသာစီး ရယူထားဆဲဖြစ်သည်။
ချီသန့်စင်သူက သူ့ဓားကို လွှဲယမ်းလိုက်သော်လည်း ကျန်းယွဲ့လုက ထိုလှုပ်ရှားမှုကို ကြိုတွက်ထားပြီး သက်သောင့်သက်သာ ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူမက ချီသန့်စင်သူ၏ ဓားကို ရိုက်ထုတ်ပြီး ထိုသူ၏ ချီစီးဆင်းမှုကို ဟန့်တားနှောင့်ယှက်လိုက်၏။
ကျန်းယွဲ့လုက အလျှော့မပေးဘဲ နောက်တစ်ဖန် တိုက်ခိုက်လိုက်သည်။
ချီသန့်စင်သူက ထိတ်လန့်သွားပြီး နောက်သို့ ခုန်ဆုတ်ကာ တိုက်ခိုက်မှုကနေ လွတ်မြောက်သွား၏။ သို့သော်လည်း ဓားချီက သူ၏ အင်္ကျီလက်စနှစ်ဖက်ကို ဆုတ်ဖြဲသွားဆဲဖြစ်ပြီး သူ၏ လက်ဖျံမှာ ရှည်လျားသော ပြတ်ရှရာတစ်ခု ကျန်ရစ်ခဲ့သည်။
ဤသည်ကို ကြည့်ပြီး ချီသန့်စင်သူက ဝမ်းသာသွား၏။ စောစောက ကျန်းယွဲ့လုသည် သူ၏ ရင်ဘတ်ကို ချိန်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရသောကြောင့်ပင်။ ဤအချက်သည် ကျန်းယွဲ့လု၏ တုံ့ပြန်မှုက နှေးကွေးလာပြီး သူမက ခြေကုန်လက်ပန်းကျလာသည်ဟူသော လက္ခဏာတစ်ခု ဖြစ်သည်။
သူမက ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲတွင် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ။
သူမသည် ချီသန့်စင်သူ၏ ဓားပျံများကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး သူမ၏ လှုပ်ရှားမှုများက လေးကန်လာသည်ကို ကျန်းယွဲ့လုက သိရှိထားသည်။ သူမသာ ထိခိုက်ဒဏ်ရာ မရရှိထားလျှင် ချီသန့်စင်သူကို ဒဏ်ရာရရှိအောင် အလွယ်တကူ ပြုလုပ်နိုင်သည်။ သူ့ကို သတ်ပင်သတ်နိုင်ပေလိမ့်မည်။
ချီရွှမ်းစုနှင့် အချိန်တစ်ခုကြာအောင် အတူရှိလာခဲ့ပြီးနောက် ကျန်းယွဲ့လုသည် တိုက်ခိုက်နေစဉ် လှည့်ကွက်များကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သူထံမှ အတော်လေး သင်ယူမိလာ၏။ ချီရွှမ်းစုသည် ချောင်းမြောင်းတိုက်ခိုက်နိုင်မည်ဆိုလျှင် ဘယ်တော့မှ ထိပ်တိုက်ရင်ဆိုင်လိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ တိုက်ပွဲတစ်ပွဲမှာ အရေးကြီးဆုံးက အနိုင်ရဖို့သာ ဖြစ်သည်။
ကျန်းယွဲ့လုက အခြေအနေကို အသာစီးရယူပြီး ကူကယ်ရာမဲ့လာသယောင် ဟန်ဆောင်လိုက်သည်။ သူမ၏ မျက်နှာက ဖြူဖျော့၍ ဓားကို မှီထားပြီး သည်းထန်စွာ မောဟိုက်နေ၏။
ချီသန့်စင်သူက သူမ၏ သရုပ်ဆောင်မှုမှာ အရူးလုပ်ခံလိုက်ရသည်။
သူက နောက်သို့ မဆုတ်တော့ဘဲ ရှေ့သို့ ပြန်လည်တက်လှမ်းလာပြီး လှောင်ရယ်လိုက်၏။
"ပညာရှိကျန်း... မင်း မောနေပြီလား... ဒါဆိုရင်တော့ ငါ စိတ်မကောင်းဘူး"
ထိုသို့ပြောပြီးနောက် သူက ဓားကို မြှောက်ကာ လေထဲသို့ ခုန်တက်ပြီး ကျန်းယွဲ့လု၏ ခေါင်းကို ခုတ်ပိုင်းချလို၏။
ချီသန့်စင်သူက လေထဲသို့ ရောက်ရှိလာသည်အထိ ကျန်းယွဲ့လုက တမင်သက်သက် စောင့်နေအပြီးမှာ ရုတ်တရက် သူမ၏ ဓားကို ဆွဲထုတ်ကာ သူ၏ ဝမ်းဗိုက်အောက်ပိုင်းကို ဓားဖျားဖြင့် ထိုးညွှန်လိုက်သည်။
ဤသည်ကို ကြည့်ပြီး ချီသန့်စင်သူက ထိတ်လန့်သွား၏။ သူ့လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်တင်ပြီး လေထဲသို့ ခုန်တက်ထားကာ သူ၏ ဝမ်းဗိုက်က အကာအကွယ်မဲ့နေ၏။
ကျန်းယွဲ့လုက သူ၏ တိုက်ခိုက်မှုကို မရှောင်တိမ်းပေ။ ထိုအစား သူမ၏ ဓားဖြင့် သူ့ဝမ်းဗိုက်ကို ထောက်ထားပြီး သူ့ခန္ဓာကိုယ်က သူမ၏ ဓားပေါ်သို့ ကျဆင်းလာမည်ကို စောင့်ဆိုင်းနေ၏။
သူမက သေရမည်ကို ဂရုမစိုက်ဘဲ သူ့ကိုပါ အပါဆွဲခေါ်သွားဖို့ စိတ်ပိုင်းဖြတ်ထားသည့်အလားပင်။ သူ၏ ခြေဖဝါးနှစ်ဖက် မြေပြင်နှင့်မထိခင် သူက အန္တရာယ်ရှိလာသည်ကို သိလိုက်ရပြီး သူ့ဓားကို အလောတကြီး လွှဲကာ ကျန်းယွဲ့လု၏ ဓားရှည်ကို ခတ်ထုတ်လိုက်၏။ ဤသို့ သူ လှုပ်ရှားလာမည်ကို ကျန်းယွဲ့လုက ကြိုတင်တွက်ဆထားပြီး သူမ၏ ညာဘက်လက်ကို အနည်းငယ် လှုပ်ကာ သူမ၏ လက်ထဲက စက္ကူဓားကို မပြီး ချီသန့်စင်သူ၏ ရင်ညွန့်ကို ထိုးညွှန်လိုက်၏။
ချီသန့်စင်သူသည် သူမ၏ ဓားကို ခတ်ထုတ်ပြီးနောက် ထိခတ်မှု၏ အင်အားကို အသုံးချကာ နောက်သို့ ခုန်ဆုတ်ဖို့ ကြိုတွက်ထားလေသည်။ မထင်မှတ်ထားစွာပင် ကျန်းယွဲ့လုက သေရေးရှင်ရေး အခိုက်အတန့်မှာ သူမ၏ ဓားကို အပေါ်သို့ ပင့်တင်လိုက်၏။ သူ့ဓားက လေကိုသာ ခုတ်မိပြီး သူ၏ ခန္ဓာကိုယ်က ကျန်းယွဲ့လု၏ ဓားပေါ် အရှိန်ဖြင့် ယိုင်ကျကာ သူ့ပခုံးက ထိုးဖောက်ခံလိုက်ရသည်။
သေရေးရှင်ရေး အခိုက်အတန့်မှာ ချီသန့်စင်သူက ပြတ်သားမှု ရှိလေသည်။ သူက ဒဏ်ရာများကို လျစ်လျူရှုပြီး ကျန်းယွဲ့လု၏ စက္ကူဓားကနေ သူ့ခန္ဓာကိုယ်ကို ဆွဲထုတ်ကာ နောက်သို့ ဆုတ်ခွာလိုက်၏။ ထို့နောက် သူက ဘုရားကျောင်း ရှိရာဘက်သို့ လှည့်ပြေးလိုက်သည်။
ဒဏ်ရာရရှိထားသော ကျန်းယွဲ့လုက ချီသန့်စင်သူ၏နောက်သို့ ပြေးလိုက်သွားပြီး သူ၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။ သူမ၏ ခန္ဓာကိုယ်ပေါ်မှ သက်သာပျောက်ကင်းလာစ ဒဏ်ရာများက နောက်တစ်ဖန် ပွင့်ထွက်သွားပြီး သူမက သွေးအလိမ်းလိမ်း ဖြစ်သွား၏။ သို့သော်လည်း ကျန်းယွဲ့လုက ဂရုစိုက်ခြင်းမရှိဘဲ ချီသန့်စင်သူကို ခုတ်ပိုင်းချလိုက်သည်။ ချီသန့်စင်သူက တိုက်ခိုက်မှုကို တားဆီးပြီး ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရသည်။
ဤသည်ကိုကြည့်ပြီး ကျန်းယွဲ့လုက ချီသန့်စင်သူ၏ တံကောက်ကွေးကို ကန်ကာ သူ့ကို ဒူးထောက်ကျသွားစေ၏။
ချီသန့်စင်သူက ဒေါသတကြီး ဟိန်းဟောက်ပြီး ထရပ်ဖို့ ကြိုးစားသော်လည်း ကျန်းယွဲ့လုက သူမ၏ ဓားဖြင့် သူ့ကို ဖိချထားသည်။
သာလွန်အင်အားဖြင့် စီးပိုးခံထားရသည့် ချီသန့်စင်သူက မတ်တတ်မရပ်နိုင်ဘဲ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်း အင်အားကို အသုံးချကာ ဓားကို သူ့ပခုံးဖြင့် ထောက်ထားရသည်။
ကျန်းယွဲ့လုက လက်ဖျောက်တစ်ချက်တီးပြီး ချီသန့်စင်သူ၏ ဓားကို ထိုးညွှန်ကာ သူ့ကို လွင့်စင်ထွက်သွားစေ၏။ ချီသန့်စင်သူက သေဆုံးမသွားသော်လည်း ထိတ်လန့်တကြားဖြစ်သွား၏။ သူက တုံ့ဆိုင်းခြင်းမရှိ မတ်တတ်ထရပ်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ အသက်လုကာ ထွက်ပြေးလိုက်သည်။
ကျန်းယွဲ့လုက နောက်ကနေ ပြေးလိုက်သွားပြီး ချီသန့်စင်သူ၏ နောက်ကျောကို ပစ်ရိုက်ချလိုက်သည်။
သူ့မျက်နှာက ရုတ်တရက် နီရဲပြီး ပါးစပ်အပြည့် သွေးများကို မျိုချလိုက်သည်။ သူက ဤလက်ဝါးရိုက်ချက်၏ အင်အားကို အသုံးချကာ ရှေ့သို့ခုန်ထွက်ပြီး တောအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။
ဤသည်ကို ကြည့်ပြီး ကျန်းယွဲ့လုက သူ့နောက်သို့ မလိုက်တော့ဘဲ ဘုရားကျောင်းထဲသို့ ပြန်လှည့်သွား၏။
ဤအခိုက်အတန့်မှာ လေလွင့်ကျင့်ကြံသူက ချီရွှမ်းစုကို ချောင်ပိတ်ရိုက်နေပြီဖြစ်သည်။
ချီရွှမ်းစုက ဆိုးဆိုးဝါးဝါး အခြေအနေမှာ ရှိနေ၏။ ရွှမ်ကျောက်စိမ်းက သူ့ကို အသွင်ပြောင်းလဲပေးထားခြင်း မရှိခဲ့လျှင် သူက ဤမျှအထိကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ သူက လေလွင့်ကျင့်ကြံသူ၏ လက်ချက်ဖြင့် သေနှင့်နေလောက်လေပြီ။
ဤအချိန်မှာ လေလွင့်ကျင့်ကြံသူက ကျန်းယွဲ့လုကို ကျောပေးထား၏။
ကျန်းယွဲ့လုက သူမ၏ တည်ရှိမှုကို တတ်နိုင်သမျှ ဖုံးဖိပြီး ယခင်က ချီရွှမ်းစု ချောင်းမြောင်းတိုက်ခိုက်ခဲ့သလို လေလွင့်ကျင့်ကြံသူအနားသို့ ချဉ်းကပ်လာ၏။
လေလွင့်ကျင့်ကြံသူမှာ ရတနာအဆင့် အကာအကွယ်ဒိုင်းကာ ရှိနေသည်ကို သူမ သိရှိထားသောကြောင့် သူ့ကို သတ်ဖြတ်ဖို့ မဆင်မခြင် မပြုလုပ်ပေ။ သူက မလွတ်မြောက်နိုင်တော့ဘူးဆိုတာ လေလွင့်ကျင့်ကြံသူ သိရှိသွားမည်ဆိုလျှင် ဒိုင်းကာကို သုံး၍ သူမ၏ တိုက်ခိုက်မှုကို ခုခံပြီး ချီရွှမ်းစုကို သူနှင့်အတူ သေရွာသို့ ဆွဲခေါ်သွားနိုင်သည်။ ထို့ကြောင့် သူမက မဆင်မခြင် မပြုမူရဲခြင်းဖြစ်သည်။
ကျန်းယွဲ့လုက နောက်ဘက်ကနေ ချဉ်းကပ်လာသည်ကို လေလွင့်ကျင့်ကြံသူက သတိမထားမိချေ။ တစ်ဖက်မှာတော့ ချီရွှမ်းစုက ကျန်းယွဲ့လုကို တွေ့မြင်နေရပြီး သူမက နှုတ်ခမ်းမှာ လက်ညှိုးကို ကပ်ပြလိုက်၏။ ချီရွှမ်းစု၏ အမူအရာက မပြောင်းမလဲ ရှိနေသည်။
နောက်ခဏ၌ လေလွင့်ကျင့်ကြံသူသည် သူ့နှလုံးမှ စူးရှသော နာကျင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး သူ့ချီက စတင်၍ အလျင်အမြန် ပျက်ပြယ်သွားသည်။
ထိုအခိုက်အတန့်မှာ တဖျောက်ဖျောက် မိုးသံကလွဲလျှင် ဘုရားကျောင်းက တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူ့ကို ဘယ်သူ ချောင်းမြောင်းတိုက်ခိုက်သလဲ လေလွင့်ကျင့်ကြံသူက မတွေ့မြင်ရသော်လည်း ချီရွှမ်းစု၏ မထီတရီအပြုံးကို သူ တွေ့မြင်လိုက်ရသည်။
သူက ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ပြီး သူ့ရင်ဘတ်ကနေ ကျွံထွက်လာသည့် စက္ကူဓားဖျားကို ကြည့်လိုက်၏။
လေလွင့်ကျင့်ကြံသူက မကျေမချမ်း ခံစားနေရပြီး ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။
“လူဆိုးလူမိုက်တွေပဲ နောက်ဘက်ကနေ တိုက်ခိုက်တာ… မင်းတို့ တာအိုခွေးတွေက ဒီလိုမျိုး လှည့်ကွက်အသစ်တွေကို သုံးလို့မရဘူးမလား။”
ချီရွှမ်းစုက ပြောလိုက်၏။
“ဒါက လှည့်ကွက်အသစ် မဟုတ်ဘူး… ဒါပေမဲ့ အသုံးဝင်နေတုန်းပဲ”
လေလွင့်ကျင့်ကြံသူက မုန်းတီးမှုနှင့် နာကျည်းမှုတို့နှင့်အတူ စိတ်ပျက်အားငယ်စွာဖြင့် သေဆုံးသွားတော့သည်။