← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း ၁၁၉ - အပျံသင်စငှက်နှစ်ကောင်

“မင်းအဆင်ပြေရဲ့လား”

ချီရွှမ်းစုက သူ့ရှေ့မှာသေဆုံးနေသော လေလွင့်ကျင့်ကြံသူကို လျစ်လျူရှုပြီး ကျန်းယွဲ့လုကို ချက်ချင်းပင်ကြည့်လိုက်သည်။

ကျန်းယွဲ့လုသည် လက်တစ်ဖက်က စက္ကူဓားကိုကိုင်၍ ကျန်လက်တစ်ဖက်က သူမ၏လည်ပင်းကို လက်ညှိုးထိုးပြပြီးနောက် လက်ကာပြလိုက်သည်။

ချီရွှမ်းစုက စစချင်းမှင်တက်သွား၏။ ယခုအခါမှ ကျန်းယွဲ့လု၏ လည်ပင်းမှဒဏ်ရာကို သူသတိထားမိသွားခြင်းဖြစ်သည်။ ဒဏ်ရာက သွေးမထွက်တော့ပြီဖြစ်သော်လည်း ခဲနေသောသွေးများက ခပ်ဖျော့ဖျော့အပြုံးတစ်ခုနှင့် ဆင်တူလေသည်။

ကျန်းယွဲ့လုက သူမ၏ စက္ကူဓားဖြင့် မြေပြင်ပေါ်မှာ စာရေးပြလိုက်သည်။

“ငါအဆင်ပြေတယ်… ဒါတွေက အပေါ်ယံဒဏ်ရာတွေပဲ… ဒါပေမဲ့ လောလောဆယ်တော့ ငါစကားမပြောနိုင်သေးဘူး”

ချီရွှမ်းစုက နားလည်သဘောပေါက်သွားပြီး ထပ်မေးလိုက်သည်။

“အဲဒါက အမာရွတ်ကျန်ခဲ့မှာလား”

ကျန်းယွဲ့လုက သူ့ကိုစိုက်ကြည့်ပြီး ခေါင်းခါပြလိုက်၏။

ရုပ်ရည်ကိုနုပျိုစေခြင်းအပါအဝင် တာအိုဆေးပညာက တိုးတက်လာပြီး ရိုးရှင်းသောအမာရွတ်များကို သေချာပေါက်ဖယ်ရှားနိုင်သည်။ သို့သော်လည်း ထိုသို့ပြုလုပ်ဖို့အတွက် ကုန်ကျစရိတ်ရှိသည်။

သူမလည်ပင်းကဒဏ်ရာအပြင် သူမ၏ ခန္ဓာကိုယ် အခြားအစိတ်အပိုင်းများမှာလည်း ဒဏ်ရာများစွာရှိနေသေးသည်။ ကိုယ်ခံပညာသိုင်းသမားတစ်ဦးဆိုလျှင်တော့ ဤဒဏ်ရာများကို တစ်စွန်းတစ်စမကျန်အောင် ကုသနိုင်ပေလိမ့်မည်။ သို့သော် နတ်သက်ကြွေအင်မော်တယ်များကတော့ ထိုမျှလောက် မတတ်နိုင်ပေ။

ကျန်းယွဲ့လုသည် သူမ၏ ခန္ဓာကိုယ်ပေါ်မှာ ဤကဲ့သို့သောအမာရွတ်များ မကျန်ရစ်ခဲ့စေချင်ပေ။ ထို့ကြောင့် သူမက ကျောက်စိမ်းနေပြည်တော်သို့ပြန်ရောက်လျှင် ဟွာရှန်ခန်းမသို့ သွားရောက်ကာ ကုသဖို့ ပြင်ထားသည်။

ခန်းမကိုးဆောင်တွင် ကိုယ်စီတာဝန်ယူမှုများရှိကြသည်။ ကျိဝေခန်းမသည် တာအိုဆရာများကို အကဲဖြတ်ခြင်း၊ ရာထူးတိုးပေးခြင်း၊ ရွှေ့ပြောင်းပေးခြင်း၊ ဆုပေးခြင်းနှင့် ဒဏ်ပေးခြင်းတို့ကို တာဝန်ယူထားသည်။ ၎င်းသည် ခန်းမကိုးဆောင်၏ အချုပ်လည်းဖြစ်သည်။ ပြီးလျှင် အတွင်းရေးနှင့် အပြင်ရေးအန္တရာယ်များကို ချေမှုန်းခြင်းမှာ အာရုံစိုက်ထားသည့် ပေချန်ခန်းမနှင့် ထျန်ကန်းခန်မရှိသည်။

ထန်ကျိခန်းမသည် ဝေဟင်ပျံသင်္ဘောများဆောက်လုပ်ခြင်းနှင့် ကျောက်စိမ်းနေပြည်တော်က အိမ်ရာများကဲ့သို့ အမျိုးမျိုးသော ဆောက်လုပ်ရေးစီမံကိန်းများကို တာဝန်ယူထားသည်။ ဟွာရှန်ခန်းမက ဆေးလုံးများနှင့် ဆေးဝါးများဖော်စပ်ခြင်းကို တာဝန်ယူထားသည်။

အမျိုးမျိုးသော လျှို့ဝှက်ဆန်းကြယ်သတ္တဝါများ၏ သွေးတုများ၊ ဝိညာဉ်ပြန်ခေါ်အမွှေးနံ့သာများနှင့် အခြားသောလျှို့ဝှက်ဆန်းကြယ်ပစ္စည်းများကို ဟွာရှန်ခန်းမကနေ ပြုလုပ်ပေးသည်။ ထန်ကျိခန်းမနှင့် ဟွာရှန်ခန်းမနှစ်ခုစလုံးသည် ချွမ်ကျန်းဂိုဏ်းနှင့်အတူ တွဲဖက်၍ ဆန်းသစ်တီထွင်မှုများကို တာဝန်ယူထားကြသည်။

တစ်ယောက်ယောက်က တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိမည်ဆိုလျှင် ဟွာရှန်ခန်းမက အခမဲ့ ဆေးဝါးကုသပေးပေလိမ့်မည်။ ဒဏ်ရာက တာဝန်နှင့်မပတ်သက်လျှင် ဟွာရှန်ခန်းမက ကုန်ကျစရိတ်ကို ကာမိဖို့အတွက် အခကြေးငွေကောက်ခံပေလိမ့်မည်။

တာအိုဆရာများ၏ အဆင့်အလိုက် လျှော့ဈေးများနှင့် ကင်းလွတ်ခွင့်ပေးခြင်းများလည်း ရှိလေသည်။ ပထမအဆင့် ထျန်ကျန်းတာအိုအကြီးအကဲတစ်ဦးက အခမဲ့ဆေးကုသနိုင်ပြီး ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲကတော့ ဆေးဝါးများ၏ ကုန်ကျစရိတ် ၃၀ ရာခိုင်နှုန်းကို ပေးဆောင်ရပေလိမ့်မည်။

အထူးသဖြင့် ပြင်းထန်၍ အသက်အန္တရာယ်ရှိသော ဒဏ်ရာများအတွက် အပိုထပ်ဆောင်း ဈေးလျှော့ပေးခြင်းလည်းရှိသည်။ သို့သော်လည်း အလှအပရေးရာကုသမှုများအတွက် မည်သည့်လျှော့ဈေးမှ မရရှိပေ။

ကျန်းယွဲ့လုက အဆင့်၄ တာအိုအကြီးအကဲတစ်ဦးဖြစ်သော်လည်း အမာရွတ်ဖယ်ရှားခြင်းသည် အလှအပရေးရာကုသမှုထဲတွင် ပါဝင်သောကြောင့် လျှော့ဈေးများစွာရရှိလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ဤအမာရွတ်များကို ဖယ်ရှားဖို့က ကုန်ကျစရိတ် အတော်အတန်ရှိပေလိမ့်မည်။

ကျန်းယွဲ့လုက သူမ၏ အမာရွတ်များကို စိုးရိမ်နေပြီးသားဖြစ်ပြီး ချီရွှမ်းစုက ထပ်မံ၍ ပြောလိုက်သည့်အတွက် သူ့ကို စိတ်တိုဒေါသထွက်သွားသည်။

ချီရွှမ်းစုသည် အရင်တုန်းက သူ၏ အမာရွတ်များကို မဖယ်ရှားခဲ့ခြင်းမှာ တူညီသောအမှားမျိုးမပြုလုပ်ရန် သတိပေးချက်အနေဖြင့် ထားရှိဖို့ဖြစ်သည်။ နောက်ထပ်အကြောင်းပြချက်မှာ ထိုသို့ပြုလုပ်ဖို့ သူ့မှာ ငွေကြေးများစွာမရှိသောကြောင့်ဖြစ်သည်။

ကျန်းယွဲ့လုက သူ့ကို စိတ်တိုဒေါသထွက်နေလျှင်တောင် သူမကို စွန့်ခွာမသွားသည့်အတွက် သူ့ကို ကျေးဇူးတင်နေမိသည်။ မဟုတ်ပါက သူမသည် အချိန်မတန်ခင် သေဆုံးသွားသော နတ်သက်ကြွေအင်မော်တယ်များစွာထဲမှတစ်ဦး ဖြစ်သွားပေလိမ့်မည်။

ကျန်းယွဲ့လုက အမူအရာဖြင့် ဖော်ပြခြင်းမှာ သိပ်မတော်ပေ။ ယခုအချိန်မှာ သူမက စကားလည်းမပြောနိုင်သောကြောင့် မြေပြင်ပေါ်တွင် သူမ၏ စက္ကူဓားဖြင့် ကျေးဇူးတင်ပါသည်ဟူသော စကားကို ရေးပြလိုက်သည်။

ချီရွှမ်းစုက ထိုစာကိုဖတ်ပြီး ပြုံး၍ပြောလိုက်သည်။

“ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက်သိကျွမ်းလာတာ သိပ်မကြာသေးဘူးဆိုပေမယ့် ငါတို့က သေခြင်းရှင်ခြင်းအခြေအနေတွေကို အကြိမ်ကြိမ်ဖြတ်ကျော်ခဲ့ကြပြီးပြီ… တစ်ယောက်နဲ့တစ်ယောက် ကျေးဇူးတင်စကားပြောဖို့လိုသေးလို့လား… မင်းငါ့ကို ကျေးဇူးတင်ချင်သပဆိုရင်လည်း မင်းဘဝကို ငါ့ဆီသာပုံအပ်လိုက်ပါလား”

ကျန်းယွဲ့လု၏ မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုပေါ်ထွက်လာပြီး သူမလက်ထဲက စက္ကူဓားကို တုတ်တစ်ချောင်းအဖြစ် တိတ်တဆိတ်ပြောင်းလဲပြီး ရုတ်တရက် ချီရွှမ်းစု၏ တင်ပါးကို ရိုက်ချလိုက်၏။

ဤတုံ့ပြန်မှုကို ချီရွှမ်းစုက မျှော်လင့်မထားဘဲ မရှောင်လိုက်နိုင်ပေ။ သူက လန့်ပြီးထခုန်လိုက်၏။

“မင်းဘာလို့ ငါ့ကိုရိုက်နေတာလဲ… ဘဝကို ပုံအပ်ခြင်းနဲ့ လူတစ်ယောက်ရဲ့ အသက်ကယ်ကျေးဇူးကို ပြန်ဆပ်တာကလွဲပြီး တခြားနည်းလမ်းမရှိဘူးလို့ ဝတ္ထုတွေထဲမှာ အမြဲပြောတယ်မဟုတ်ဘူးလား”

ကျန်းယွဲ့လုက စကားမပြောနိုင်ဘဲ သူမ၏ စက္ကူတုတ်ချောင်းဖြင့် မြေပြင်ပေါ်မှာ စာရေးပြလိုက်သည်။

“ဒါပေမဲ့ နင့်ကိုဘယ်လိုပြန်ပေးဆပ်ရမလဲ ငါသိတယ်”

စကားပြောနေရင်း အေးစက်နေသောမိုးနှင့်အတူ လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး ကျန်းယွဲ့လုက တုန်ယင်သွားသည်။ ပုံမှန်အားဖြင့် ကျန်းယွဲ့လုသည် အပူဒဏ်နှင့်အအေးဒဏ်ကို ခံနိုင်ရည်ရှိသင့်သည်။ အနောက်ဘက်ဒေသမှာတုန်းက သည်းထန်သောနှင်းများကပင် သူမအပေါ် သက်ရောက်မှုမရှိခဲ့ပေ။ ထို့ကြောင့် ဤအအေးဓာတ်က သူမအတွက် ဘာမှမဟုတ်သင့်ပေ။ သို့သော်လည်း သူမက ဒဏ်ရာရရှိထားပြီး ၎င်းက သူမကို အတော်လေးနုနယ်သွားစေ၏။ ထိုသို့ဖြင့် ဆိုးယုတ်စိတ်ဝိညာဉ်များက သူမ၏ ခန္ဓာကို ပူးကပ်ဖို့ ပိုမိုလွယ်ကူလာသည်။ ထို့ကြောင့်လည်း ချီရွှမ်းစုသည် ဖုန်ထိုက်ခရိုင်ကနေ ဒဏ်ရာများနှင့်ထွက်လာပြီးနောက် မိုးရေထဲမှာ ခရီးမသွားလိုခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် စောစောက ပြင်းထန်ကြမ်းတမ်းသောတိုက်ပွဲအပြီးမှာ ရှေးဟောင်းဘုရားကျောင်းတစ်ခုလုံးက အပေါက်များစွာဖြင့် ပြည့်နှက်သွားသည်။ ယခုက ဆောင်းရာသီဖြစ်ပြီး ညက အေးစက်နေ၏။ ချီရွှမ်းစုမှာ ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ သန်မာသောကိုယ်ကာယရှိထားပြီး အဲဒါကို မမှုသော်လည်း ကျန်းယွဲ့လုက အအေးဓာတ်ကို ခံစားလိုက်ရ၏။

ကျန်းယွဲ့လု၏ ကိုယ်ပေါ်မှာ သူမ၏ ခြုံထည်ရှိနေသော်လည်း ခြုံထည်က ပျက်စီးထိခိုက်၍ ရေများစိုရွှဲနေပြီဖြစ်သည်။

ချီရွှမ်းစုက ရှေ့သို့တက်လှမ်းပြီး သူမ၏ ခြုံထည်ကို ကူညီ၍ချွတ်ပေးလိုက်သည်။

“ငါ့ခြုံထည်မှာ စုတ်ပြဲရာနည်းနည်းရှိပေမဲ့ အဲဒါက ခြောက်သွေ့နေသေးတယ်… မင်းအဲဒါကိုထုတ်ပြီး အရင်ဝတ်ထားလိုက်… ငါ မီးဖိုဖို့ ထင်းနဲနဲသွားရှာလိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် ချီရွှမ်းစုက ကျန်းယွဲ့လု၏ တုံ့ပြန်မှုကို စောင့်မနေဘဲ ရှေးဟောင်းဘုရားကျောင်းထဲမှာ ခြောက်သွေ့သောသစ်သားများကို စတင်၍ ရှာဖွေလိုက်၏။

ကျန်းယွဲ့လုက ချီရွှမ်းစု၏ နောက်ကျောကို တိတ်တဆိတ်ဖြင့်ကြည့်ပြီး သူမ၏ မှော်သိုလှောင်အိတ်ထဲကနေ သူ့ခြုံထည်ကို ထုတ်ယူကာ ဝတ်ဆင်လိုက်၏။

ခဏနေပြီးနောက် ချီရွှမ်းစုသည် ခြေနှစ်ချောင်းသာကျန်တော့သည့် ပူဇော်ပသစားပွဲစင်တစ်လုံးကို ရှာတွေ့သွား၏။ သူက စားပွဲခုံကို ထင်းချောင်းများစွာအဖြစ်ခွဲစိတ်ပြီး ခြောက်သွေ့သောနေရာလွတ်တစ်ခုကိုရှာကာ မီးဖိုလိုက်သည်။

ကျန်းယွဲ့လုက မီးဖိုနားကိုရောက်လာပြီး ထိုင်ချလိုက်၏။ သူမက မြေပြင်တွင်စာရေးတော့မည့်ဆဲဆဲမှာ ချီရွှမ်းစုက သူမကိုဖြတ်ပြောလိုက်သည်။

“မင်း ကျေးဇူးတင်ပါတယ်လို့ ရေးချင်တာဆိုရင် ရေးမနေနဲ့တော့။”

ထိုအခါ ကျန်းယွဲ့လုက လက်လျှော့ပြီး သူမ၏ လက်နှစ်ဖက်ကို ခြုံထည်အောက်သို့ ထည့်လိုက်၏။

ချီရွှမ်းစုက ကျန်းယွဲ့လု၏ စိုနေသောခြုံထည်ကိုယူပြီး မီးဖြင့် အခြောက်ခံရန် ကိုင်ထားပေးသည်။

အပြင်ဘက်မှာ မိုးကသည်းထန်စွာရွာပြီး ဘုရားကျောင်းပျက်ထဲမှာ မိုးဖွဲများကျဆင်းနေ၏။ အနီးနားဝန်းကျင်မှာ ခေါင်းပြတ်အလောင်းတချို့လည်းရှိနေသည်။ ပတ်ဝန်းကျင်က သာယာညိမ့်ညောင်းမနေသော်လည်း သူတို့နှစ်ယောက်က ဤကဲ့သို့သော မြင်ကွင်းများနှင့် အသားကျနေပြီးသားဖြစ်ပြီး မသိချင်ယောင်ဆောင်ထားနိုင်သည်။

ချီရွှမ်းစုက ကျန်းယွဲ့လုကို ခိုးကြည့်လိုက်၏။ လိမ္မော်ရောင်မီးအလင်းမှာ သူမ၏ ဖြူဖပ်ဖြူရော်အသားအရေက ဆည်းဆာရောင်အဖြစ် ပြောင်းလဲသွား၏။ ထိုသို့ဖြင့် သူမကို ပို၍ ချစ်စဖွယ်ကောင်းလာစေသည်။ ထိုအချိန်မှာ သူမက မျက်လွှာချပြီး မီးပုံကို ငေးကြည့်နေ၏။ သူမ ဘာစဉ်းစားနေသလဲ သူမသိပေ။

ခဏနေပြီးနောက် ကျန်းယွဲ့လုက ချီရွှမ်းစု၏ အကြည့်ကို သတိထားမိသွားပုံရပြီး သူ့ကို မျက်ခုံးပင့်ကြည့်လိုက်၏။

ဤတစ်ခေါက်မှာ ချီရွှမ်းစုက ရှက်ကိုးရှက်ကန်းခံစားမနေရဘဲ ညင်သာစွာပြုံးပြလိုက်သည်။

ကျန်းယွဲ့လုက အကြည့်လွှဲပြီး သူမ၏ တုတ်ချောင်းဖြင့် မြေကြီးပေါ်မှာစာရေးလိုက်သည်။

“ဟိုနားမှာ ရတနာဒိုင်းကာတစ်ခုရှိတယ်… အဲဒါကိုသွားယူလိုက်”

သေဆုံးသွားသော လေလွင့်ကျင့်ကြံသူမှာ အကာအကွယ်ဒိုင်းကာတစ်ခုရှိသည်ကို ချီရွှမ်းစုအမှတ်ရသွား၏။ သို့သော်လည်း သူက ထသွားဖို့ကို အလောတကြီးရှိမနေပေ။ ထိုအစား ကျန်းယွဲ့လု၏ ခြုံထည် လုံးဝခြောက်သွားသည်ကို စောင့်ပြီးမှ မတ်တတ်ထရပ်ကာ ခြုံထည်ကို သူမကိုယ်ပေါ် တင်ပေးလိုက်သည်။

ကျန်းယွဲ့လုက အနည်းငယ်မှင်တက်နေ၏။ သူမ အဆင်ပြေပါသည်ဟု ပြောချင်သည်။ သူမက စွမ်းအင်ကုန်ဆုံးမှုကြောင့် အားနည်းနေရုံမျှသာဖြစ်ပြီး အအေးဓာတ်ကို ခံစားရခြင်းဖြစ်သည်။ သူမ၏စွမ်းအင်ကို ပြန်လည်ရယူပြီးသည်နှင့် ပုံမှန်အတိုင်းပြန်ဖြစ်သွားပေလိမ့်မည်။ သို့သော် နောက်ဆုံးမှာတော့ ချီရွှမ်းစု၏ စေတနာကို အသိအမှတ်ပြုပြီး သူမက ဘာမှပြောဆိုခြင်းမရှိတော့ပေ။

တကယ်တော့ အချစ်ရေးနှင့်ပတ်သက်လျှင် အမျိုးသမီးများသည် ပုံပြင်ဇာတ်လမ်းများနှင့် ကြားဖူးနားဝများမှ အတွေ့အကြုံရရှိထားသောကြောင့် ပို၍ ရင့်ကျက်တတ်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် အမျိုးသားများက အဲဒါကို ကိုယ်တိုင်မကြုံဖူးသရွေ့ အချစ်ရေးမှာ ကိုးရိုးကားရားနိုင်ပြီး သတိထားတတ်ကြ၏။ အဲဒါကပင် သူတို့၏ စိတ်ရင်းမှန်ကန်မှုကို ပြသနေ၏။ အမျိုးသားတစ်ယောက်က အချစ်ရေးနှင့်ပတ်သက်၍ အတွေ့အကြုံရှိထားမည်ဆိုလျှင် အမျိုးသမီးများ၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ ရင်းနှီးကျွမ်းဝင်နေပြီး ပေါ့ပေါ့တန်တန် သဘောထားပေလိမ့်မည်။

ချီရွှမ်းစုက အတွေ့အကြုံရှိနယ်လှည့်ခရီးသွားတစ်ဦးဖြစ်သော်လည်း အမျိုးသမီးများနှင့် ပတ်သက်သည့် ဆက်ဆံရေးမှာ သူက အပျံသင်စ ငှက်တစ်ကောင်သာဖြစ်သည်။

တကယ်တော့ ကျန်းယွဲ့လုကလည်း အတူတူပင်ဖြစ်၏။ သူတို့နှစ်ယောက်စလုံးက အပျံသင်စငှက်ငယ်များသာဖြစ်ကြသည်။

ချီရွှမ်းစုက လေလွင့်ကျင့်ကြံသူ၏ အလောင်းဆီသွားပြီး လှန်လောကြည့်ရှုလိုက်၏။ ထင်မှတ်ထားသည့်အတိုင်း မီးလင်းပုလဲနှင့်တူသော ပုတီးစေ့တစ်လုံးကို သူရှာတွေ့သွားသည်။ အထဲသို့ သူ၏ချီကို ထိုးသွင်းလိုက်သည့်အခါ သူ့ကိုကာပေးထားသည့် အလင်းဒိုင်းကာတစ်ခု ချက်ချင်းပင်ပေါ်ထွက်လာ၏။ ၎င်းသည် ကျန်းယွဲ့လု၏ ဒြပ်စင်ငါးမျိုးချီဒိုင်းကာနှင့် ဆင်တူသည်။

ချီရွှမ်းစုက ချီပို့လွှတ်ခြင်းကို ဖြတ်တောက်လိုက်သည့်အခါ ဒိုင်းကာက စက္ကန့်အနည်းငယ်မျှ ကြန့်ကြာပြီးနောက် တဖြည်းဖြည်းပျက်ပြယ်သွားသည်။ ချီရွမ်းစုက ပုတီးစေ့ကို ယာယီသိမ်းဆည်းပြီး အခြားသောအလောင်းများကို လိုက်လံရှာဖွေလိုက်၏။ လက်နက်များနှင့် အသုံးပြုနေကျဆေးဝါးတချို့အပြင် ကျန်းယွဲ့လု၏ ပုံတူပန်းချီကို သူရှာတွေ့လိုက်သည်။ သူတို့မှာ ငွေကြေးအသပြာ သို့မဟုတ် မှော်သိုလှောင်ပစ္စည်းများ မရှိကြပေ။

ကြေးစားအများစုသည် သူတို့နှင့်အတူ ငွေကြေးများစွာ ဆောင်ထားလေ့မရှိကြပေ။

ချီရွှမ်းစုက ကျန်းယွဲ့လုထံ ပြန်ရောက်လာပြီး ပုတီးစေ့ကို ထုတ်ပေးလိက်သည်။ ထို့နောက်သူက ပုံတူပန်းချီကို ဖြည်းဖြည်းချင်းဖြန့်ပြီး ကျန်းယွဲ့လု၏ မျက်နှာနှင့်တိုက်ကြည့်ကာ ချီးကျူးလိုက်၏။

“ဒါကို ဘယ်သူဆွဲထားတာပါလိမ့်… မင်းနဲ့တကယ်တူတာပဲ”

ကျန်းယွဲ့လုက သူ့ကိုတစ်ချက်စွေကြည့်ပြီးနောက် ပုတီးစေ့ကို ဆက်လက်၍ လေ့လာနေ၏။

သူက ခဏမျှစဉ်းစားပြီးနောက် ပန်းချီစာရွက်ကိုလိပ်ကာ သူ၏ သားရေအိတ်ထဲ ထိုးထည့်လိုက်၏။ သို့သော်လည်း သူ့အိတ်ထဲမှာ ပစ္စည်းများစွာရှိနေသောကြောင့် စာလိပ်တစ်ပိုင်းက အပြင်မှာထွက်နေသည်။

ကျန်းယွဲ့လုက ခေါင်းမမော့ဘဲ လက်ဆန့်ကာ ဖြန့်ပြလိုက်၏။

ချီရွှမ်းစုက ချက်ချင်းပင်နားလည်သဘောပေါက်ပြီး စာလိပ်ကို သူမလက်ထဲထည့်ပေးလိုက်သည်။

ကျန်းယွဲ့လုက ပန်းချီစာရွက်ကို သူမ၏ မှော်သိုလှောင်ပစ္စည်းထဲထည့်လိုက်သည်။ ထို့နောက် တုတ်ချောင်းဖြင့် မြေပြင်မှာ စာရေးပြလိုက်သည်။

“ဒါက ငါ့ရဲ့ ဒြပ်စင်ငါးမျိုးချီဒိုင်းကာနဲ့ဆင်တူတဲ့ ရတနာဒိုင်းကာပဲ… အဲဒါကို နင်အသုံးပြုလို့ရတယ်”

ချီရွှမ်းစုက ငြင်းဆန်လိုက်သည်။

“အဲဒါကို ရောင်းကြရအောင် ဒီလိုမျိုး ရတနာတစ်ခုက အနည်းဆုံးထိုက်ဖျင်ဒင်္ဂါးလေးထောင်လောက်ရမှာပဲ… အဲဒါကို ဟွာရှန်ခန်းမမှာ မင်းဆေးကုဖို့ သုံးနိုင်တယ်… အဲဒီမှာ ဆေးဖိုးဝါးခတွေက ဈေးမပေါဘူးဆိုတာ ငါသိတယ်… ပြီးမှ ကျန်တဲ့ပိုက်ဆံနဲ့ ငါတို့ နတ်နဂါးပစ္စတိုတစ်လက် ဝယ်ကြတာပေါ့”

ကျန်းယွဲ့လုက မှင်တက်သွား၏။ သူမက ယခင်ရေးထားသည့်စာကိုဖျက်ပြီး ဆက်ရေးပြလိုက်သည်။

“ငါတို့က အယူဝါဒမိစ္ဆာတွေကို သတ်ခဲ့တာ မဟုတ်ဘူး… ငါ့ရဲ့ရန်သူတွေကို နင်က ကူညီတိုက်ခိုက်ပေးခဲ့တာပဲ… နင်အဲဒါနဲ့…”

သူမရေးလို့မပြီးသေးခင် ချီရွှမ်းစုက လက်လှမ်းပြီး သူမ၏ စက္ကူတုတ်ကို ဖိထားလိုက်၏။ သူက ပြုံး၍ပြောလိုက်သည်။

“ငါက အဲဒါနဲ့ ထိုက်တန်တယ်ဆိုမှတော့ အဲဒါကို ဘယ်လိုလုပ်မလဲ ပြောရေးဆိုခွင့်ရှိသူက ငါပဲဖြစ်သင့်တာပေါ့… ငါအဲဒါကို ရောင်းချင်တယ်”

ကျန်းယွဲ့လုက မျက်မှောင်ကြုတ်ပြီး မကျေမနပ်ဖြင့် ချီရွှမ်းစုကိုကြည့်လိုက်သည်။

ချီရွှမ်းစုက ပို၍ရဲတင်းလာပြီး ဖီဆန်တတ်လာသည်ကို သူမ နားလည်သဘောပေါက်လာသည်။

ချီရွှမ်းစုက ထိုမျှနှင့်ပြီးမသွားပေ။ သူက ကျန်းယွဲ့လုကို ကြည့်ပြီး ရဲတင်းစွာဖြင့်ပြောလိုက်သည်။

“ချင်းရှောင်… မင်းက ငါ့ရဲ့အထက်လူကြီးဆိုပေမယ့် ငါတို့အခု ထျန်ကန်းခန်းမမှာ ရှိနေတာမဟုတ်ဘူး… ငါတို့က တရားဝင်အလုပ်တာဝန်ထမ်းဆောင်နေတာလည်းမဟုတ်တဲ့အတွက် ဒီနေရာမှာ ပြောရေးဆိုခွင့်ရှိသူက ငါပဲဖြစ်ရမယ်။”

အခန်း ၁၂၀ - ကောလာဟလများနှင့် ထင်မြင်ယူဆချက်များ

ကျန်းယွဲ့လုက ခဏမျှ မှင်တက်သွား၏။ ချီရွှမ်းစုသည် ပုံမှန်အားဖြင့် ခပ်လျှိုလျှိုနေတတ်သော်လည်း သူ အလိုရှိသည့်အခါ အတော်လေး တင်စီးပြတ်သားသည်ကို သူမသိရှိလာ၏။ သူမက နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး တစ်ဘက်သို့လှည့်ကာ သူနှင့်ငြင်းခုန်ခြင်းမရှိတော့ပေ။

အကြောင်းပြချက်တစ်ခုမှာ ချီရွှမ်းစုက မရမကလုပ်တတ်သောကြောင့်ဖြစ်သည်။ နောက်ထပ်အကြောင်းပြချက်မှာ စကားမပြောဘဲ သူမ၏ စိတ်ခံစားချက်များကို ဖော်ပြရန် ခက်ခဲသောကြောင့်ပင်။ သူမသည် စာရေးရာမှာလည်းနှေးပြီး အားနည်းသည်ဟု အထင်မခံရချင်ပေ။

ချီရွှမ်းစုကလည်း ထိုအကြောင်းကို ဆက်လက်၍ မပြောဆိုတော့ပေ။

ကျန်းယွဲ့လုသည် သူမ၏ မှော်သိုလှောင်အိတ်ထဲမှ သာမန်အနာကျက်ဆေးတချို့ကို ထုတ်ယူကာ သူမ၏ လည်ပင်းပေါ် သုတ်လိမ်းလိုက်၏။

သူမ၏ ကိုယ်ကာယနှင့် ကုသနိုင်စွမ်းအရ နှစ်နာရီခန့်ကြာလျှင် သူမက စကားပြန်ပြောနိုင်ပေလိမ့်မည်။

ကျန်းယွဲ့လုက ဆေးလိမ်းပြီးနောက် မျက်လုံးနှစ်ဖက်မှိတ်ကာ အနားယူလိုက်သည်။

နှစ်နာရီက လျင်လျင်မြန်မြန်ကုန်ဆုံးသွားသည်။ ကျန်းယွဲ့လုက အမာရွတ်ကိုလက်ဖြင့်စမ်းပြီး လည်ချောင်းရှင်းလိုက်၏။ သူမ၏ အသံက အက်ကွဲနေသော်လည်း နောက်ဆုံးမှာ စကားပြောနိုင်ပြီဖြစ်သည်။

ကျန်းယွဲ့လုက စကားပြောတော့မည့်ဆဲဆဲမှာ ချီရွှမ်းစုက ပြောလိုက်၏။

“အဲဒီလုပ်ကြံသတ်ဖြတ်သူတွေက တည်းခိုခန်းက ဖြစ်လောက်တယ်”

“တည်ခိုခန်းလား”

ကျန်းယွဲ့လုက ရေရွတ်လိုက်သည်။

“တာအိုဂိုဏ်းတော်က လျှို့ဝှက်အသင်းအဖွဲ့တွေကို (က)၊ (ခ)၊ (ဂ)နှင့် (ဃ)ဆိုပြီးတော့ အဆင့်လေးဆင့်ခွဲထားတယ်… ရှေးဟောင်းအင်မော်တယ်တွေနဲ့ ပတ်သက်ဆက်စပ်နေတဲ့ လင်းရှန်စုန်းကဝေဂိုဏ်း… ကံကြမ္မာအယူဝါဒ… ကျိကွမ်းအသင်းနဲ့ တခြားအသင်းအဖွဲ့တွေက အန္တရာယ်အရှိဆုံးမလို့ (က) စာရင်းထဲမှာ ထည့်ထားတယ်”

“ကောင်းကင်ဘုံနန်းတော်၊ ချင်းဖျင်အသင်းနဲ့၊ မျိုးနွယ်၈စုလို (ခ)စာရင်းအသင်းအဖွဲ့တွေက စွမ်းအားကြီးမားကြပေမဲ့ အရင်အဖွဲ့တွေလောက် အန္တရာယ်မများဘူး… (ဂ)စာရင်းထဲမှာ ရတနာခုနှစ်သွယ်မဏ္ဍပ်နဲ့ တည်းခိုခန်းတိုလို တရားမဝင်လုပ်ငန်းတွေကို အဓိကလုပ်ဆောင်နေတဲ့ အဖွဲ့တွေပါတယ်… သူတို့က အတော်လေးအန္တရာယ်နည်းတယ်… လျှို့ဝှက်အသင်းအဖွဲ့အသေးလေးတွေကိုတော့ (ဃ) စာရင်းထဲမှာ ထည့်ထားတယ်… ငါက (က)အဆင့်နဲ့ (ခ)အဆင့် လျှို့ဝှက်အသင်းအဖွဲ့တွေနဲ့ပဲ ရင်းနှီးကျွမ်းဝင်တာ… အဲဒါကြောင့် တည်းခိုခန်းနဲ့ သိပ်ပြီးတော့ မရင်းနှီးဘူး”

ချီရွမ်းစုက ပြောလိုက်သည်။

“ဘယ်လောက်တိုက်ဆိုင်လိုက်လဲ… ရတနာခုနှစ်သွယ်မဏ္ဍပ်တို့… တည်းခိုခန်းတို့နဲ့ ငါ ရင်းနှီးကျွမ်းဝင်မှုရှိတယ်… မင်းပြောတဲ့အတိုင်းပဲ အဲဒီလျှို့ဝှက်အသင်းအဖွဲ့နှစ်ခုစလုံးက တရားမဝင်စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်ကြတယ်… ရတနာခုနှစ်သွယ်မဏ္ဍပ်က အဓိကအားဖြင့် မှောင်ခိုပစ္စည်းအမျိုးမျိုးကို ရောင်းချတယ်… အင်ပါယာနန်းတော်က လက်ဆောင်ပဏ္ဍာတွေနဲ့ ဟွာရှန်ခန်းမရဲ့ အဖိုးတန်ပစ္စည်းတွေကစပြီး နတ်ဘုရားလက်နက်တိုက်နဲ့ ထျန်ကျိခန်းမက ခဲယမ်းလက်နက်တွေထိ သူတို့ဆီမှာရှိတယ်… စောစောက ငါတို့ဖြတ်လာခဲ့တဲ့ တောင်ပေါ်မြို့က သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေထဲကတစ်ခုပဲ”

ကျန်းယွဲ့လုက မျက်လုံးအနည်းငယ်ပင့်လိုက်၏။ မှောင်ခိုဈေးကွက်များသည် ရတနာခုနှစ်သွယ်မဏ္ဍပ်၏ စီးပွားရေးလုပ်ငန်းဖြစ်နေလိမ့်မည်ဟု သူမ မသိခဲ့ပေ။ ချီရွှမ်းစုက အဲဒါနှင့် ရင်းနှီးကျွမ်းဝင်သည်ဆိုမှတော့ ၎င်းသည် နယ်လှည့်ခရီးသည်များအတွက် သာမန်အသိသညာဖြစ်ပုံရသည်။ ထို့ကြောင့် တာအိုဂိုဏ်းတော်မှာ ၎င်းက လျှို့ဝှက်ချက်တစ်ခုမဟုတ်လောက်ပေ။ သူမက ဤကဲ့သို့သောသတင်းအချက်အလက်များကို စိတ်အာရုံမစိုက်မိခဲ့ရုံသာဖြစ်ပေလိမ့်မည်။

ချီရွှမ်းစုက ဆက်ပြောလိုက်သည်။

“တည်းခိုခန်းကတော့ လူသတ်သမားတွေနဲ့ သက်တော်စောင့်တွေငှားရမ်းဖို့အတွက် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးတယ်… သူတို့က ကိုယ်တိုင်လှုပ်ရှားခဲပြီး အလုပ်အပ်သူနဲ့ ကြေးစားကြားမှာ ကြားလူအဖြစ် ဝန်ဆောင်ခယူပြီး ဆောင်ရွက်ပေးတယ်”

“အင်ပါယာနန်းတော်နဲ့ပတ်သက်တဲ့အမှုကိစ္စတွေကို သူတို့ရဲ့ ဌာနချုပ်မှာပဲ လုပ်ဆောင်ပေးတဲ့အတွက် သူတို့က ဖီးနစ်စိမ်းတပ်ဖွဲ့နဲ့ ထူးခြားတဲ့ဆက်ဆံရေးတစ်ခုရှိနေတယ်”

“သူတို့ရဲ့ဌာနချုပ် ဘယ်မှာရှိလဲဆိုတာကတော့ အဲဒါကို ရှာနိုင်တဲ့သူကပဲ အင်ပါယာနန်းတော်နဲပတ်သက်တဲ့ အမှုကိစ္စတွေကို ညှိနှိုင်းဆွေးနွေးဖို့ အဆင့်မီလိမ့်မယ်”

ကျန်းယွဲ့လုက ပြောလိုက်သည်။

“နင်က ဒီလောက်တောင် အသေးစိတ်သိထားတယ်ဆိုတော့ တည်းခိုခန်းမှာ သေချာပေါက် အတွေ့အကြုံရှိခဲ့မှာပဲ… အဲဒါကို ဘာလို့တည်းခိုခန်းလို့ခေါ်တာလဲ နင်သိလား”

ချီရွှမ်းစုက ခေါင်းခါပြလိုက်သည်။

“ငါမသိဘူး”

သူမကရှင်းပြလိုက်၏။

“ငါက တည်းခိုခန်းနဲ့မရင်းနှီးပေမဲ့ ငါ ကောလာဟလကြားဖူးထားတာရှိတယ်.. ရွှမ်အရှင်မြတ်က သူလျှိူထားဖို့အတွက် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကို တစ်ခါက တည်ထောင်ခဲ့တယ်… အဲဒါကို ထိုက်ဖျင်တည်းခိုခန်းလို့ အမည်ပေးခဲ့တယ်… ရွှမ်အရှင်ကတ်ထဲက လျှိုကျင်းယီလို နာမည်ကြီးပုဂ္ဂိုလ်အတော်များများက အဲဒီအဖွဲ့အစည်းမှာ တာဝန်ထမ်းခဲ့ကြဖူးတယ်”

“ဒါပေမဲ့ ရွှမ်အရှင်မြတ်က နောက်ပိုင်း တာအိုဂိုဏ်းတော်ရဲ့ခေါင်းဆောင် တရားဝင်ဖြစ်လာပြီးတဲ့နောက် အဲဒီအဖွဲ့အစည်းကို ဖျက်သိမ်းလိုက်တယ်… ဒါပေမဲ့ နေရာတိုင်းမှာ ထိုက်ဖျင်တည်းခိုခန်းရဲ့ အခွဲတွေကျန်ခဲ့တယ်… အဲဒီလျှို့ဝှက်အဖွဲ့အစည်းကြောင်းကို တာအိုကျမ်းစာတွေထဲမှာ အတိအလင်းရေးမထားပေမယ့် သူတို့ရဲ့သမိုင်းကြောင်းက တစ်ဆင့်စကားတစ်ဆင့်နဲ့ ပျံ့နှံ့လာခဲ့တယ်… အဲဒီကောလာဟလက အမှန်ဟုတ်မဟုတ် ငါလည်းမသိဘူး”

ကျန်းယွဲ့လုသည် တည်းခိုခန်းနှင့်ပတ်သက်ပြီး သူမသိသမျှကို ချီရွှမ်းစုအား ပြောပြလိုက်သည်။

ချီရွှမ်းစုက မှင်တက်သွားပြီးနောက် တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

“ငါအဲဒါကို အရင်က တစ်နေရာရာမှာဖတ်ဖူးသလိုပဲ… အဲဒါ ထိုက်ဖျင်တည်းခိုခန်းရဲ့ ဒဏ္ဍာရီကများ ဖြစ်နေမလား”

ကျန်းယွဲ့လုက အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။

“ထိုက်ဖျင်တည်းခိုခန်းရဲ့ ဒဏ္ဍာရီမှာ အဲဒါနဲ့ပတ်သက်ပြီး ပါလို့လား”

“မင်း အဲဒီဝတ္ထုကို မဖတ်ဖူးဘူးလား”

ချီရွှမ်းစုက ပို၍ပင် အံ့အားသင့်သွား၏။

ကျန်းယွဲ့လုက ခေါင်းခါပြလိုက်သည်။

“ငါ အဲဒီစာအုပ်ကို ကြားဖူးတယ်… ဒါပေမဲ့ အဲဒါက ထွက်ခဲ့တာ အရမ်းကြာပြီမို့လို့ ငါမဖတ်ခဲ့ဘူး”

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

ခဏနေပြီးနောက် ချီရွှမ်းစုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“မင်း ကြားထားတဲ့ ကောလာဟလတွေက တကယ်ပဲ ထိုက်ဖျင်တည်းခိုခန်းရဲ့ ဒဏ္ဍာရီကနေလာတာများ ဖြစ်နေမလား”

ကျန်းယွဲ့လု၏ မျက်နှာက အနည်းငယ်သုန်မှုန်သွား၏။

“ငါပြောတမပြီးသေးဘူး… ရွှမ်အရှင်မြတ်နဲ့ပူးပေါင်းခဲ့တဲ့ အဲဒီလျှို့ဝှက်အဖွဲ့အစည်းအပြင် ဧကရာဇ်ကောင်းကျူနဲ့ တိုက်ရိုက်ပူးပေါင်းခဲ့တဲ့ နောက်ထပ်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုလည်းရှိတယ်… အဲဒီအချိန်တုန်းက ဧကရာဇ်ကောင်းကျူက ဧကရာဇ်တောင်မဖြစ်သေးဘူး”

“အဲဒီလျှို့ဝှက်အသင်းအဖွဲ့ကို ဝမ်တူဂိုဏ်းလို့ခေါ်တယ်… သူတိုက အဓိကအားဖြင့် လုပ်ကြံသတ်ဖြတ်တာတွေကို တာဝန်ယူထားတယ်… မဟာရွှမ်မင်းဆက်က လောကကို သိမ်းပိုက်အုပ်စိုးပြီးတဲ့နောက် ဝမ်တူဂိုဏ်းက ပျောက်ကွယ်သွားတယ်… ဝမ်တူဂိုဏ်းက ဖီးနစ်စိမ်းတပ်ဖွဲ့နဲ့ ပေါင်းစည်းသွားတယ်လို့ အတော်များများက ယုံကြည်လက်ခံထားကြတယ်… ဒါပေမဲ့ ဝမ်တူဂိုဏ်းရဲ့ အဖွဲ့ဝင်တချို့က အင်ပါယာနန်းတော်ကို မဝင်ရောက်လိုဘူးလို့ ငါကြားဖူးတယ်… နောက်ပိုင်းမှာ သူတို့တွေက ရွှမ်အရှင်မြတ်ဖျက်သိမ်းလိုက်တဲ့ ထိုက်ဖျင်တည်းခိုခန်းက အဖွဲ့ဝင်တချို့နဲ့ပူးပေါင်းပြီး လက်ရှိတည်းခိုခန်းကို တည်ထောင်လိုက်ကြတယ်”

ဤသည်မှာ ချီရွှမ်းစုတစ်ခါမှ မကြားဖူးခဲ့သော အကြောင်းအရာဖြစ်သည်။ သူက အရွှန်းဖောက်ကာပြောလိုက်သည်။

“မင်းက အဲလောက်ထိ တပ်အပ်သေချာပြောနေမှတော့ တည်းခိုခန်းနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိထားမှာပေါ့… မင်း အဲဒါကို ဘယ်ကနေကြားလာတာလဲ”

ကျန်းယွဲ့လုက ချေပလိုက်သည်။

“လက်ရှိအင်ပါယာနန်းတော်က လောကကို ဘယ်လိုသိမ်းပိုက်စိုးမိုးခဲ့သလဲ ငါသိတယ်… ဒါပေမဲ့ အဲဒါက အင်ပါယာနန်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ငါသိတယ်လို့မဆိုလိုဘူး… အဲဒီအချက်နှစ်ချက်ကို ဆက်စပ်လို့မရဘူး… အဲလိုပဲ ငါက တည်းခိုခန်းရဲ့ မူလဇာစ်မြစ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေကို သိထားပေမဲ့ ငါက တည်းခိုခန်းရဲ့လည်ပတ်ပုံကို နားလည်သဘောပေါက်တယ်လို့ မဆိုလိုဘူး”

သူမက ခဏမျှရပ်တန့်ပြီးနောက် ဆက်ပြောလိုက်သည်။

“အဲဒီကောလာဟလတွေကို ငါ ဘယ်ကကြားလဲဆိုတာကတော့ အဲဒါတွေအားလုံး ငါ့ဆရာ(မ) ပြောပြခဲ့တာပဲ”

ဤအကြောင်းကိုပြောရင်း ကျန်းယွဲ့လု၏ အမူအရာက ပို၍ပင် တွေဝေရှုပ်ထွေးလာ၏။

“ငါ့ဆရာက အခြေအမြစ်မရှိတဲ့ သမိုင်းကြောင်းတွေကို ပြောရတာသဘောကျတယ်… အဲဒီအကြောင်းအရာတွေက ယုတ္တိမတန်လေ သူက ပိုပြီးတော့ စိတ်လှုပ်ရှားနေလေပဲ… အဲဒီအခြေအမြစ်မရှိတဲ့ သမိုင်းကြောင်းတွေပေါ် အခြေခံပြီး သူက ရဲတင်းတဲ့ထင်မြင်ယူဆချက်တွေကိုပါ ထုတ်သေးတယ်… အဲဒါကြောင့်လည်း ကောင်းကင်ဆရာသခင်က သူ့ကို သမိုင်းကြောင်းတွေလုပ်ကြံဖန်တီးနေတယ်လို့ မကြာခဏပြောတာပဲ”

“ငါ့ဆရာရဲ့ ယူဆချက်အရဆို ရွှမ်အရှင်မြတ်က မဟာအကြီးအကဲဖြစ်လာပြီးတဲ့နောက် ထိုက်ဖျင်တည်းခိုခန်းမှာ တာဝန်ထမ်းခဲ့တဲ့ အဆင့်မြင့်အရာရှိတွေက မဟာသူတော်စင်နဲ့ သူတော်စင်တွေဖြစ်လာခဲ့ကြတယ်လို့ သူထင်တယ်… ရွှမ်အရှင်မြတ်က ထိုက်ဖျင်တည်းခိုခန်းကိုဖျက်သိမ်းပြီး အဲဒီအဖွဲ့ဝင်အများစုကို ထျန်ကန်းခန်းနဲ့ ပေချန်ခန်းမဆီ ခွဲပို့လိုက်တာ ဖြစ်နိုင်တယ်… ဒါပေမဲ့ အဖွဲ့ဝင်တချို့က အဲဒါကို လက်ခံချင်ကြမှာ မဟုတ်ဘူး… အဲဒါကြောင့် သူတို့က တာအိုအဖွဲ့အစည်းကနေ ထွက်သွားကြတာပဲ”

“ရွှမ်အရှင်မြတ်က ထိုက်ဖျင်တည်းခိုခန်းကို တည်ထောင်တုန်းက အဲဒီလူတွေက စည်းမဲ့ကမ်းမဲ့နဲ့ လွတ်လွတ်လပ်လပ်နေရတာနဲ့ အသားကျနေခဲ့တဲ့အတွက် သူတို့က တာအိုဂိုဏ်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာ ချုပ်နှောင်မခံထားချင်တာ ယုတ္တိတန်တယ်”

ချီရွှမ်းစုက ဤအကြောင်းကိုကြားသောအခါ ခေါင်းညိတ်ပြီး သူ၏ထင်မြင်ယူဆချက်ကို ပြောလိုက်သည်။

“ဧကရာဇ်ကောင်းကျူကလည်း ဝမ်တူဂိုဏ်းကိုဖျက်သိမ်းပြီး ဖီးနစ်စိမ်းတပ်ဖွဲ့နဲ့ အစားထိုးခဲ့တယ်… ဒါပေမဲ့ အဖွဲ့ဝင်တချို့က အဲဒါကို လက်ခံလိုကြမှာ မဟုတ်ဘူး… ရလဒ်အနေနဲ့ သူတို့က ဝမ်တူဂိုဏ်းကနေ ထွက်သွားကြလိမ့်မယ်… အဲဒီနှစ်အုပ်စုက နောက်ပိုင်းမှာပေါင်းစည်းပြီး ဒီနေ့ငါတို့သိထားတဲ့ တည်းခိုခန်းဖြစ်လာတယ်ပေါ့… အဲဒါကြောင့် တည်းခိုခန်းက ဖီးနစ်စိမ်းတပ်ဖွဲ့နဲ့ ခွဲခြားမရအောင် ဆက်စပ်နေတယ်လို့ သူတို့ပြောကြတာဖြစ်မယ်”

“အဲဒီအဖွဲ့နှစ်ဖွဲ့က အလုပ်အတူတူလုပ်ခဲ့ကြဖူးပြီး တူညီတဲ့အရင်းအမြစ်ကနေ ဆင်းသက်လာတဲ့အတွက် အဲဒါက အဓိပ္ပါယ်ရှိတယ်… ဒါပေမဲ့ တည်းခိုခန်းရဲ့ တည်ထောင်သူတွေက တာအိုအဖွဲ့အစည်းကနေလာတာဆိုမှတော့ တည်းခိုခန်းက တာအိုဂိုဏ်းတော်နဲ့လည်း ဆက်ဆံရေးတစ်ခု ရှိထားတယ်လို့ ဆိုလိုတယ်မဟုတ်ဘူးလား”

ကျန်းယွဲ့လုက တိုက်ရိုက်မဖြေပေ။

“တာအိုဂိုဏ်းတော်က လောကမှာ အင်အားအကြီးမားဆုံးအဖွဲ့အစည်းပဲ… ဒါပေမဲ့ ငါတို့ရဲ့ ဖိနှိမ်မှုအောက်မှာ အဲဒီလျှို့ဝှက်အသင်းအဖွဲ့တွေက ဆက်ပြီးတော့ ကြီးထွားလာနိုင်တယ်… အဲဒါက တာအိုဂိုဏ်းတော်ထဲမှာ ပြဿနာတစ်ခုရှိနေတယ်ဆိုတဲ့သဘောပဲ… အကုန်လုံးက နောက်တစ်ခါထပ်ပြီးတော့ ရှုပ်ထွေးလာနေကြပြီ… အဲဒါကြောင့်ပဲ သူတို့ကို ရှင်းထုတ်ပစ်ဖို့ ခက်ခဲနေတာပဲ”

ဤလျှို့ဝှက်အသင်းအဖွဲ့များသည် တာအိုဂိုဏ်းတော်နှင့် အနည်းနှင့်အများဆိုသလို ပတ်သက်ဆက်စပ်နေသည်ဟု ချီရွှမ်းစုခံစားမိသည်။ ချီရွှမ်းစုက မေးလိုက်၏။

“အဲဒီလူတွေက တည်းခိုခန်းက ဆုကြေးကို လက်ခံခဲ့တယ်ဆိုရင် သူတို့ကိုအလုပ်အပ်ခဲ့တဲ့သူက ဘယ်သူဖြစ်မလဲ”

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး တစ်ပြိုင်နက်တည်းပြောလိုက်၏။

“ကျန်းနန်အမှု”

ချီရွှမ်းစုကပြောလိုက်သည်။

“အဲဒီအမှုက နှစ်ဖက်သွားဓားလိုပဲ… မင်းကို နာမည်ကြီးစေခဲ့သလို မင်းအတွက် ရန်သူတွေအများကြီးလည်း ရလာစေခဲ့တယ်… အရင်တုန်းက ဘိုးဘေးကျောင်းတော်က ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦးကို ကွပ်မျက်ခဲ့တယ်လို့ မင်းပြောတယ်… ဒါဆို အဲဒီလူက ကြိုးကိုင်ခြယ်လှယ်သူဖြစ်မယ်လို့ သူတို့က ဆုံးဖြတ်ခဲ့တဲ့ပုံပဲ… မေးခွန်းကတော့ အဲဒီလူက သူ့ရဲ့လက်အောက်ငယ်သား ဒါမှမဟုတ် တပည့်တွေကို လက်စားချေဖို့ စေခိုင်းခဲ့သလား ဒါမှမဟုတ် ဒုတိယအဆင့် တာအိုအကြီးအကဲရဲ့နောက်ကွယ်မှာ အစစ်အမှန်ကြိုးကိုင်ခြယ်လှယ်သူ နောက်တစ်ယောက် ရှိနေသလား ဆိုတာပဲ။”

ကျန်းယွဲ့လုက သူ့ကိုကြည့်လိုက်၏။

“နင်ပြောတဲ့လေသံက အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ကောင်းကောင်းနားလည်ထားတဲ့ပုံပဲ”

ချီရွှမ်းစုက နှိမ့်ချစွာပြုံးလိုက်၏။

“နဲနဲလေးပါပဲ”

ကျန်းယွဲ့လုက ပြောလိုက်သည်။

“စေခိုင်းသူရဲ့ သရုပ်သကန်အတိအကျကို အခုချိန်မှာ ငါမဆုံးဖြတ်နိုင်သေးဘူး… ဒါပေမဲ့ ငါသိချင်တာ တစ်ခုရှိတယ်… ငါက ကျောက်စိမ်းနေပြည်တော်ကနေ တစ်ယောက်တည်းထွက်လာခဲ့တယ်… အဲဒါကြောင့် အခုက ငါ့ကို တိုက်ခိုက်ဖို့အတွက် ရှားရှားပါးပါးအခွင့်အရေးပဲ… စေခိုင်းသူက ပိုပြီးတော့ စွမ်းအားကြီးမားတဲ့သူတွေကို ဘာလို့ မငှားရမ်းတာလဲ… သူက ကောင်းကင်သက်ရှိတစ်ဦးကို ငှားရမ်းခဲ့မယ်ဆိုရင် ငါက သေချာပေါက် သေရမှာပဲ”

ချီရွှမ်းစုက ခဏမျှစဉ်းစားပြီးနောက် အကြုံပြုလိုက်၏။

“တကယ်တော့ ရိုးရှင်းတဲ့အဖြေရှိတယ်… ပထမဆုံးအကြောင်းပြချက်ကတော့ ကုန်ကျစရိတ်ပဲ… ကောင်းကင်သက်ရှိတစ်ဦးကို ငှားရမ်းတာက ကုန်ကျစရိတ်များတယ်… မင်းရဲ့ရန်သူက အဲဒါကို မတတ်နိုင်တာဖြစ်ကောင်းဖြစ်မယ်… ဒါမှမဟုတ် အဲလောက်ထိလုပ်ဖို့မတန်ဘူးလို့ သူထင်တာလည်းဖြစ်ချင်ဖြစ်မယ်… ကျန်းနန်အမှုကိစ္စကို ဖြေရှင်းပြီးသွားပြီ… အဲဒါကြောင့် မင်းကိုသတ်တာက နှုတ်ပိတ်တာ မဟုတ်တော့ဘူး… သူတို့ရဲ့ အမျက်ဒေါသကို ဖွင့်ထုတ်တာပဲ... အဲဒါကြောင့် သူတို့က ကုန်ကျစရိတ်ကို ထည့်တွက်ကြလိမ့်မယ်”

“ဒုတိယဖြစ်နိုင်ခြေကတော့ ငါ့ရဲ့ ထင်မြင်ယူဆချက်သက်သက်ပဲ… အဲဒါကတော့ စေခိုင်းသူက ဒီတာဝန်ပြီးရင် ကြေးစားတွေကို နှုတ်ပိတ်ဖို့ ကြံစည်ထားတာဖြစ်နိုင်တယ်… သူက ကောင်းကင်သက်ရှိတစ်ဦးကို ငှားရမ်းမယ်ဆိုရင် အဲဒီကြေးစားကို ပြန်ပြီးသတ်ဖြတ်ဖို့က ခက်ခဲလိမ့်မယ်… အဲဒါကြောင့် ရှန်းထျန်သက်ရှိတစ်အုပ်စုကို ငှားရမ်းခဲ့တာပဲ… သူတို့က မင်းကိုသတ်နိုင်ခဲ့မယ်ဆိုရင် သူက အဲဒီလူတွေကို သတ်ပြီး သဲလွန်စတွေအကုန်လုံးကို ဖျောက်ဖျက်ပစ်နိုင်မယ်။”

All Chapters