← Chapters

များပြားလှသည့်ချစ်မေတ္တာ

Vol. 22 Ch. 299

များပြားလှသည့်ချစ်မေတ္တာ

Vol. 22 Ch. 299

“ကောင်းကင်ဘုံပိုင်နက်ကနေ ပစ္စည်းကောင်းလေးတွေ ယူလာခဲ့တယ် အဖေရေ”

အန်လင်းသည် အန်မင်ချွန်နှင့်အတူ စံအိမ်ငယ်တစ်ခုသို့ ရောက်ရှိလာပြီး စိတ်လှုပ်ရှားစွာဖြင့် သူ၏ သိုလှောင်လက်စွပ်အား မွှေနှောက်နေလေသည်။

“အဲဒါတွေ မလိုပါဘူး လင်းလေးရဲ့။ ဒီမှာ အဖေ လိုအပ်တာမျိုး မရှိပါဘူး။” အန်မင်ချွန် တည်ငြိမ်သည့်ဟန်ဖြင့် ပြောလေသည်။

“တကယ်လား။ ဒါဆိုရင် စိတ်ဝိညာဉ်လက်နက် မလိုချင်ဘူးပေါ့။” အန်လင်း ရယ်မောလိုက်သည်။

အန်လင်း၏စကားကြောင့် အားလုံး တိတ်ဆိတ်သွားလေသည်။

ထျန်းလင်းလင်း၊ စွေ့ကျဲ့နှင့် အန်မင်ချွန်တို့သည် အန်လင်း၏ စကားများကြောင့် မျက်လုံးများပြူးကျယ်ကာ ပါးစပ်အဟောင်းသားဖြင့် ရှိနေကြလေသည်။

ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်လက်နက် ဆိုသည်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ ဂိုဏ်းကြီးများ၏ မရှိမဖြစ် ရတနာတစ်ပါး ဖြစ်သည်။

ဟွားနိုင်ငံတစ်ခုလုံးတွင်ပင် စိတ်ဝိညာဉ်လက်နက် ၁၀ ခု မပြည့်ချေ။

“မလိုချင်ဘူး။ အဲဒါက အရမ်း အဖိုးတန်လွန်းတယ်။ သားဘာသာပဲ သိမ်းထားလိုက်။ အဖေမလိုချင်ဘူး။” အန်မင်ချွန် ချက်ချင်းပင် ငြင်းဆန်လေသည်။

သူ၏ဖခင် စိုးရိမ်နေသည့်အရာအား အန်လင်းသိသည်။ “စိတ်မပူပါနဲ့။ ကျွန်တော့်မှာ အဖေ ရွေးလို့ရတဲ့အထိ စိတ်ဝိညာဉ်လက်နက် အများကြီးရှိပါတယ်။”

များမကြာမီတွင် သူ၏ သိုလှောင်လက်စွပ် အရောင်လက်လာပြီး စားပွဲပေါ်တွင် စိတ်ဝိညာဉ်လက်နက် ၆ ခု ပေါ်လာသည်။

အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက် ၃ ခုနှင့် အလယ်အဆင့် စိတ်ဝိညာဉ်လက်နက် ၃ ခုတို့ ဖြစ်ကြသည်။ ယင်းတို့မှာ ဆောင်းနဂါးသင်္ချိုင်းအပြင်ဘက်ရှိ ချုံခိုတိုက်ခိုက်သူ တစ်စုထံမှ ရရှိလာခဲ့သော စိတ်ဝိညာဉ်လက်နက်များ ဖြစ်ပြီး ရောင်းချနိုင်ခဲ့ခြင်း မရှိချေ။

“ဖာ့ခ်”

ထျန်းလင်းလင်းသည် ထိုစိတ်ဝိညာဉ်လက်နက် ၆ ခုအား မြင်တွေ့လိုက်သည်နှင့် ကျယ်လောင်စွာ အော်ဆဲမိလိုက်သည်။

စွေ့ကျဲ့မှာ ထိတ်လန့်တကြား တံတွေးမျိုချမိလိုက်သည်။

“မင်း.. ဘယ်လိုဖြစ်ပြီး အများကြီး ရှိနေရတာလဲ။” အန်မင်ချွန်၏ မျက်လုံးများ ပြူးကျယ်လာလေသည်။

အန်လင်း၏ သိုလှောင်လက်စွပ်အတွင်းရှိ စိတ်ဝိညာဉ်လက်နက်များမှာ နိုင်ငံတစ်ခုလုံးတွင်ရှိသည့် စိတ်ဝိညာဉ်လက်နက် ထက်ဝက်ကျော်မျှပင် ရှိလေသည်။

အန်လင်းသည် သူတို့၏ ပြင်းထန်လှသည့် တုံ့ပြန်မှုတို့ကြောင့် အံ့အားသင့်မိခြင်း မရှိချေ။ ကိုးပြည်ထောင် နိုင်ငံတော်၌ပင် စိတ်ဝိညာဉ်လက်နက်များမှာ အလွန် အဖိုးတန်လှသည်ဟု ယူဆနိုင်သည်။ ထို့ကြောင့် သူတို့အားလုံး တုန်လှုပ်သွားခြင်းမှာ အံ့ဩဖွယ်ရာ မရှိချေ။

“တစ်ခု ရွေးလိုက်လေ အဖေ။ ဒီလက်နက်တွေက ကျွန်တော့်ရဲ့ သိုလှောင်လက်စွပ်ထဲမှာ မှိုတက်နေပြီ။” အန်လင်း ကြီးကျယ်သည့်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။

တပိုင်မှာ အရေးမစိုက်ဟန်ဖြင့် နှုတ်ခမ်းစေ့လိုက်သည်။ အန်ကော စတင်၍ ကြွားဝါတော့မည်မှန်း သူသိနေသည်။

ထျန်းလင်းလင်းသည် ကနဦးတွင် အန်လင်းအား အထင်သေးသည့် စကားတချို့ ပြောဆိုရန် ရည်ရွယ်ထားသော်လည်း မေ့လျော့သွားပြီ ဖြစ်သည်။ သူမသည် စားပွဲပေါ်ရှိ စိတ်ဝိညာဉ်လက်နက်များအား သွားရည်တများများ ကျကာဖြင့် တွေဝေစွာ စိုက်ကြည့်နေလေသည်။

အန်မင်ချွန် ငြင်းခုံခြင်း မပြုတော့ချေ။ ဓားအသုံးပြုရခြင်းကို နှစ်ခြိုက်သူ ဖြစ်သည့်အတွက် အလယ်အဆင့် စိတ်ဝိညာဉ်လက်နက်ဖြစ်သည့် ရေခဲပြာဓားအား ကောက်ယူလိုက်သည်။

အန်လင်း လက်မထောင်ကာ ထောက်ခံလိုက်သည်။ “ကျွန်တော့်အဖေ ပီသပါပေ့။ ကျွန်တော်တို့က ဓားအင်မော်တယ်မိသားစု ဖြစ်လာဖို့ ကံပါလာတာပဲ။”

ထျန်းလင်းလင်း : “… ဘာလဲ။ နင့်ကိုယ်နင် ဓားအင်မော်တယ်ပါလို့ သွယ်ဝိုက်ပြီး ပြောလိုက်တာလား။”

တပိုင် : “အန်ကောက အမြဲ အဲလိုပဲလေ။”

အန်မင်ချွန် ရွေးချယ်ပြီးသည့်အခါ အန်လင်းသည် ထျန်းလင်းလင်းအား ကြည့်လိုက်ပြီးနောက် စိတ်ဝိညာဉ်လက်နက်များ တင်ထားသည့် စားပွဲသို့ ညွှန်ပြလိုက်သည်။ “နင်လည်း တစ်ခုယူ။”

ထျန်းလင်းလင်းသည် ကြောင်အသွားပြီးနောက် အရည်လဲ့နေသည့် မျက်လုံးကြီးများဖြင့် အန်လင်းအား ကြည့်လိုက်သည်။ “တောက်ဆရာအတု... နင် တကယ်ကြီး ငါ့ကို စိတ်ဝိညာဉ်လက်နက် ပေးမယ်လို့ ပြောနေတာလား။”

အန်လင်း ခေါင်းညိတ်လိုက်သည်။ သူ့အတွက် ထျန်းလင်းလင်းသည် သေမျိုးကမ္ဘာမှ သူငယ်ချင်းကောင်း များစွာထဲမှ တစ်ဦးဖြစ်သည်။ သူသည် သူငယ်ချင်းများအပေါ်၌ လွန်စွာ ရက်ရောတတ်သူလည်း ဖြစ်သည်။

“အူးးဝါးးး ဓားအင်မော်တယ်အန်လင်းကို ချစ်တယ်လို့...” ထျန်းလင်းလင်းသည် စိတ်လှုပ်ရှားစွာဖြင့် အန်လင်းထံ ပြေးသွားပြီးနောက် သူမ၏ ပါးလျလျ နှုတ်ခမ်းလေးများဖြင့် အန်လင်းပါးအား နမ်းလိုက်သည်။

အန်လင်းသည် ဓားအင်မော်တယ်အန်လင်း ဟူသည့် ဂုဏ်ပုဒ်အား ကြားရသည့်အပေါ် လွန်စွာ ဝမ်းမြောက်လှသည့်အတွက် အောင်ပွဲရသူပမာ ပြုံးနေလေသည်။

ထို့နောက်တွင် စိတ်ဝိညာဉ်လက်နက်များ တင်ထားသည့် စားပွဲကို ညွှန်ပြကာဖြင့် ထပ်မံတိုက်တွန်းလိုက်သည်။ “သွား သွား တစ်ခုယူလိုက်။”

ထျန်းလင်းလင်း ခေါင်းညိတ်ကာဖြင့် ကျန်ရှိနေသည့် စိတ်ဝိညာဉ်လက်နက်များထဲမှ အဖြူရောင် လှံတိုတစ်စုံအား ကောက်ယူလိုက်သည်။ ယင်းတို့မှာ အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက် လျှပ်စီးပျံလှံတို ဖြစ်လေသည်။

ထို့နောက်တွင် အန်လင်းသည် စွေ့ကျဲ့ထံသို့ လှည့်ကာဖြင့် “ဦးလေး စွေ့လည်း တစ်ခု ယူပါဗျ။”

စွေ့ကျဲ့မှာ ချက်ချင်းဆိုသလို နေရာတွင်ပင် ကြောင်လျက်သား ရပ်နေမိသည်။

သူ့အား စိတ်ဝိညာဉ်လက်နက် လက်ဆောင်ပေးနေခြင်းများလား။

လာနောက်နေတာလားကွ။ ဒါတွေက အဖိုးတန် စိတ်ဝိညာဉ်လက်နက်တွေလေ။

အန်လင်းသည် သူ့အား မှော်ပစ္စည်းတစ်ခုခု သို့တည်းမဟုတ် စိတ်ဝိညာဉ်ဆေးလုံးအချို့ ပေးလာလိမ့်မည်ဟု တွေးထင်မိခဲ့သော်လည်း စိတ်ဝိညာဉ်လက်နက်တစ်ခု ပေးလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

“ဦးလေး စွေ့က အဖေ့ရဲ့ ဆရာဆိုတော့ ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြတဲ့ လက်ဆောင်ကို လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။”

အန်လင်းသည် ကြောင်အလျက်သား ရှိနေသေးသည့် စွေ့ကျဲ့အား နောက်တစ်ဖန် တိုက်တွန်းလိုက်ပြန်သည်။

အန်မင်ချွန် အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ “တစ်ခု ယူလိုက်ပါ ဆရာ။ လင်းလေးက လက်ဆောင်ပေးတာလေ။”

“ဒါပေမဲ့...” စွေ့ကျဲ့သည် အန်လင်းနှင့် အန်မင်ချွန်တို့အား ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ “ကောင်းပြီလေ။ ဒါဆိုလည်း ဒီအဖိုးတန် လက်ဆောင်ကို လက်ခံပါ့မယ်။”

ထို့နောက်တွင် အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက်ဖြစ်သည့် သွေးငွေလှံအား ယူလိုက်သည်။

ထိုလှံအား ကိုင်ဆောင်လိုက်သည်နှင့် လှံထံမှ စွမ်းအင်အတက်အကျများကို ခံစားမိသည်ကြောင့် သူ၏လက်များ ထိန်းချုပ်မရနိုင်အောင် တုန်ယင်လာလေသည်။

ဪ.. စိတ်ဝိညာဉ်လက်နက်ဆိုတာ ဒါပေါ့။

ပြီးတော့ ဒါကို ချစ်မေတ္တာတွေ ဖြန့်ဝေတယ်လို့ ခေါ်တယ်ပေါ့။

စွေ့ကျဲ့ အနည်းငယ် တွေဝေနေမိသည်။ ချစ်မေတ္တာများ များပြားလွန်းလှသည်။ စိတ်ထက်သန်မှုနှင့် အားမာန်တို့ သူ၏ သွေးကြောများထဲသို့ စီးဝင်လာသည်ကို ခံစားမိနေသည်။

အန်မင်ချွန်သည် အမှန်တကယ်ကိုပင် မဟာအခွင့်အရေးကြီး ဖြစ်လေသည်။

သူ့ဘဝတွင် အကောင်းမွန်ဆုံး ပြုလုပ်ခဲ့သည့် အရာမှာ အန်မင်ချွန်အား ဆရာစားမချန် သင်ပြပေးခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိသည့် စိတ်ဝိညာဉ်လက်နက် သုံးခုအား သိုလှောင်လက်စွပ်အတွင်းသို့ ပြန်သိမ်းလိုက်ပြီးနောက်တွင် အန်လင်းသည် သူ၏ဖခင်အား စိတ်ဝိညာဉ်ဆေးလုံး တစ်ဒါဇင်နှင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းအား ပေးလိုက်သည်။ ထိုပမာဏနှင့်ဆိုလျှင် သူ၏ဖခင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်သို့ ရောက်သည့်အထိ အသုံးပြုနိုင်ပေလိမ့်မည် ဖြစ်သည်။

ထျန်းလင်းလင်းနှင့် စွေ့ကျဲ့တို့မှာမူ ကြာမြင့်သည့် အချိန်များကပင် ကျောက်ရုပ်ဖြစ်နေကြလေသည်။

တစ်ကြိမ်တည်းနှင့် ဒေါ်လာဘီလျံများစွာ အသုံးပြုနေသော စူပါတိုင်ကွန်းတစ်ဦးအား သာမန်လူတစ်ဦးမှ မြင်တွေ့လိုက်ရသကဲ့သို့ပင်။ အလွန်များပြားလှသည့် ပမာဏဖြစ်သည့်အတွက် သူတို့အားလုံး ကြက်သေ သေသွားကြလေသည်။

အားလုံးထဲတွင် အန်မင်ချွန်မှာ အတုန်လှုပ်ဆုံး ဖြစ်လေသည်။

ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်ပြီး ဖြစ်သည့်အတွက် ထိုပစ္စည်းများ မည်မျှအဖိုးတန်သည်ကို သိရှိပြီး ဖြစ်သည်ကြောင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရခြင်း ဖြစ်သည်။

စိတ်ဝိညာဉ်ဆေးလုံးများနှင့် စိတ်ဝိညာဉ်လက်နက်များကို ဖယ်ထားမည် ဆိုလျှင်ပင် သူ့အနေဖြင့် အမျိုးသားကျင့်ကြံခြင်းဌာန၌ ထိုမျှလောက်များပြားလှသည့် စိတ်ဝိညာဉ်ကျောက်တုံးများအား မြင်တွေ့ခဲ့ဖူးခြင်း မရှိချေ။

“ကောင်းပါပြီခင်ဗျာ။ ဒါလေးတွေကတော့ ကျွန်တော်ဝေမျှပေးချင်တဲ့ ချစ်မေတ္တာလေးတွေပါ။” အန်လင်းသည် ဝမ်းမြောက်စွာဖြင့် လက်ခုပ်တီးလိုက်သည်။ ဘာအတွက်ကြောင့် ကျင့်ကြံရသနည်း။ မည်သည်ကြောင့် ကြိုးစားရသနည်း။ သူ့ထံတွင် အဖြေမရှိချေ။

သို့သော်လည်း လတ်တလောတွင် သူ၏စိတ်အခြေအနေမှာ အတော်လေး ရိုးရှင်းလှဿည်။ အိမ်မှထွက်ခွာကာ အလုပ်သွားလုပ်နေသည့် လူတစ်ဦးသည် လစာရလာသည့်အခါ ချက်ချင်းဆိုသလို မိဘများထံ ပိုက်ဆံပြန်ပို့သကဲ့သို့ ခံစားမိလေသည်။ ယင်းမှာ အန်လင်းသည် အရွယ်ရောက်လာပြီ ဖြစ်သည့်အတွက် ဖခင်အနေဖြင့် သူ့အား မှီခိုနိုင်ပြီဟု ပြသလိုခြင်းလည်း ဖြစ်သည်။

အခြေခံအကျဆုံးသော အတွေးလည်းဖြစ်သည်။ ထိုခံစားချက်မှာ လွန်စွာကောင်းမွန်လှသဖြင့် အန်လင်း နှစ်ခြိုက်နေမိသည်။

လက်ဆောင်များ ပေးပြီးသည့်နောက်တွင် အန်လင်းသည် ကိုးပြည်ထောင်နိုင်ငံတော်မှ ယူဆောင်လာခဲ့သည့် လက်ဖက်ခြောက်များကို ထုတ်ယူလိုက်သည်။ ထို့နောက်တွင် သူတို့အားလုံးသည် စားပွဲပတ်လည်တွင် ထိုင်ကာဖြင့် လက်ဖက်ရည် သောက်ကြသည်။

သူတို့လေးဦးသားသည် ကျောက်စားပွဲတွင် ထိုင်ကာဖြင့် ကုန်လွန်ခဲ့သည့် နှစ်နှစ်တာ အတွေ့အကြုံများအကြောင်း ပြောဆိုကြလေသည်။

“အဲတော့ နင်က တာအိုခန္ဓာ အဆင့် ၁၀ ကို ရောက်နေပြီပေါ့။ မဆိုးပါဘူး။” အန်လင်းသည် ထျန်းလင်းလင်းအား အံ့ဩသည့်ဟန်ဖြင့် ကြည့်လိုက်သည်။

ထျန်းလင်းလင်းမှ ဟွန့်ခနဲအသံ ပြုသော်လည်း မည်သို့မျှ ပြန်ဖြေခြင်း မရှိချေ။

သူမ၏ ကျင့်ကြံမှုနှုန်းမှာ စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော်မှ ကျောင်းသားများနှင့် နှိုင်းယှဉ်လျှင်ပင် အတော်လေး မြန်လှသည်ဟု ဆိုရပေညမ်။ သို့သော်လည်း အန်လင်း၏ ရှေ့တွင်မူ အောင်ပွဲခံရမည့် အကြောင်းမရှိပေ။

အန်လင်း ကမ္ဘာသို့ ပြန်လာသည့် အခါတွင် သူမ၏ ကျင့်ကြံမှုနှုန်းဖြင့် ကြွားဝါမည်ဟု ကြံစည်ထားခြင်း ဖြစ်သည်။

သို့သော်လည်း နှစ်နှစ် ကြာပြီးသည့်နောက်တွင် သူမသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်၏ တံခါးဝသို့ ရောက်ရှိလာခဲ့သော်လည်း အန်လင်းမှာမူ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် နီးကပ်နေလေပြီ။ ထိုမျှလောက် ကြီးမားလှသည့် ကွာခြားချက်ကြောင့် ဒေါသထွက်လွန်းသဖြင့် သတိလစ်သွားလုနီးနီးပင် ဖြစ်ရသည်။

“ထျန်းလင်းလင်းက ဟွားနိုင်ငံရဲ့ ကြယ်ပွင့်သစ်လေးတွေထဲက ပါရမီအရှိဆုံး ကျင့်ကြံသူပဲ။” စွေ့ကျဲ့ ကြားဖြတ်ပြောသည်။

“အခုတော့ ဦးလေး အန် ကို အဲဒီနေရာ ပေးရတော့မယ်။” ထျန်းလင်းလင်း သွားဖြီးလိုက်သည်။

“ဟားဟားဟား ဟုတ်ပကွာ။ အန်မင်ချွန်ကို မေ့သွားတယ်။” စွေ့ကျဲ့ ရယ်မောလိုက်သည်။ “သူက ကျင့်ကြံတာ နောက်ကျပေမဲ့လည်း အရမ်းကို မြန်ဆန်လွန်းတယ်။ သတိထားနော် မဟုတ်ရင် အရှုံးပေးနေရလိမ့်မယ်။”

လတ်တလောတွင် အန်မင်ချွန်သည် ကျင့်ကြံခြင်းနှင့် ပတ်သက်သည်များအား စိတ်မဝင်စားနိုင်သေးချေ။ အန်လင်း သေမျိုးကမ္ဘာသို့ ဆင်းသက်လာရခြင်းမှာ တာဝန်ထမ်းဆောင်ရန် ဖြစ်သည့်အကြောင်း သိရှိပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို သူစိတ်ဝင်စားသည့် အချက်အား မေးတော့သည်။ “လင်းလေးရေ.. စုရှောင်လန်က ဘာလို့ သားနဲ့အတူတူ မလိုက်လာတာလဲ။”

အန်လင်း အနည်းငယ် အံ့အားသင့်သွားလေသည်။ “အာ.. သူမလည်း တူတူပါလာပါတယ်။ အဖေက ဘာလို့ မေးတာလဲ။”

“အဲဒါဆို ဘာလို့များ အဖေ့ဆီ ခေါ်မလာရတာလဲကွ။” အန်မင်ချွန် စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် သူ၏ ခြေထောက်အား ရိုက်လိုက်သည်။

အန်လင်းမှာ အနည်းငယ် စဉ်းစားမရနိုင်ပဲ ရှိနေလေသည်။ “သူ့မှာလည်း သူ့ဘာသာ လုပ်စရာလေးတွေ ရှိတာပေါ့။”

“ဘာတွေလဲ။”

“အာာ ဈေးဝယ်ထွက်ဖို့လေ။”

“…”

အန်မင်ချွန် သက်ပြင်းချလိုက်ပြီးနောက် ခေါင်းယင်းလိုက်သည်။

ထိုမျှလောက် နိမ့်ပါးလှသည့် EQ ဖြင့် သူ၏ သားသည် မည်သည်ကြောင့် ချစ်သူရှိခဲ့ဖူးသနည်း။ ကံစမ်းမဲ ပေါက်ခဲ့ခြင်းများလား။

အန်မင်ချွန် ကြိတ်မှိတ်ကာဖြင့် သက်ပြင်းချနေစဉ်မှာပင် ရုတ်တရက်ဆိုသလို အန်လင်း၏ဖုန်း မြည်လာသည်။

အန်လင်း ဖုန်းထုတ်လိုက်ပြီးသည့်နောက်တွင် ခေါ်ဆိုသည်မှာ စုရှောင်လန် ဖြစ်သည်ကို တွေ့လိုက်ရသည်။

သရဲတွေက သူတို့အကြောင်း ပြောပြီဆိုရင် ရောက်လာတတ်ကြတယ်။

ဖုန်းကိုင်လိုက်သည်။ “ဟေး ဘယ်လိုလဲ။”

တစ်ဖက်မှ စုရှောင်လန်၏ စိုးရိမ်ပူပန်နေသည့်အသံ ထွက်ပေါ်လာသည်။ “အန်လင်းရေ.. ငါတို့တော့ ပြဿနာတက်ပြီဟေ့။”

***

All Chapters