စုချန်းရန် ပျောက်ဆုံးမှု
Vol. 22 Ch. 300
အန်လင်း ခုန်လိုက်မိသည်။ “ဘာ.. ဘာဖြစ်တာတုံး။”
စုရှောင်လန်၏အသံ ထွက်လာပြန်သည်။ “စုချန်းရန် ပျောက်သွားပြီ။”
“ဘာဖြစ်တယ်။” အန်လင်း မျက်လုံးများ ပြူးကျယ်လာသည်။ “နင် ဘယ်လိုများ လုပ်လိုက်တာတုံး။”
စုရှောင်လန်မှာ အလွန်ကြောက်လန့်နေလေသည်။ “ငါတို့ စင်တာမှာ ဈေးဝယ်နေကြတာ။ ပြီးတော့ မုန့်တွေရောင်းနေတဲ့ နေရာတစ်ခုကို တွေ့တာနဲ့ ဝယ်ဖို့သွားတယ်။ ငါလည်းပြန်လာရော စုချန်းရန်က ရုတ်တရက်ကြီး ပျောက်သွားမယ်လို့ ဘယ်သူထင်မှာလဲ။”
အန်လင်းမှာ ထိတ်လန့်မှုကြောင့် တိတ်ဆိတ်သွားလေသည်။
ဘယ်လိုတောင် သောက်ကျိုးနည်းတဲ့ ကိစ္စတုန်း။
စုချန်းရန်က အရွယ်ရောက်နေပြီလေ။ ဘယ်လိုလုပ်ပြီး ပျောက်သွားရတာတုန်း။ သူမက ဘာမှ မသိနားမလည်တဲ့ ကလေးမဟုတ်ဘူးလေ။
စုရှောင်လန် ဆက်ပြောသည်။ “ငါတို့ ဘာလုပ်ကြမတုံး။ သူ့မှာ ဖုန်းလည်း ပါမသွားဘူးရယ်။”
“နင့်ရဲ့ လိုကေးရှင်း ပို့လိုက်။ ငါလာခဲ့မယ်။” အန်လင်းမှာ အချိန်ဆွဲမနေသင့်မှာ သိသည့်အတွက် ချက်ချင်းဆိုသလို လှုပ်ရှားရတော့သည်။
စုရှောင်လန်၏ တည်နေရာ ရောက်ရှိလာသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုရှော့ပင်းမောလ်သည် အန်လင်း ရှိနေသည့် နေရာနှင့် မဝေးလှချေ။
သူမတို့သည်လည်း ဟွားနိုင်ငံ၏ မြို့တော်ကို အတော်လေး စိတ်ဝင်စားသည့်အတွက် ထိုနေရာသို့ ဦးစွာ သွားကြခြင်း ဖြစ်ပေလိမ့်မည်။
အန်လင်း အချိန်ဖြုန်းမနေတော့ပဲနှင့် တပိုင်နှင့် ထျန်းလင်းလင်းတို့ကို ခေါ်ယူကာ သူ၏ဖုန်းတွင် ပေါ်နေသည့် တည်နေရာသို့သာ ပျံသန်းသွားလေသည်။
…
…
စုချန်းရန်သည် လမ်းများထက်တွင် အပူအပင်မရှိဘဲနှင့် ဦးတည်ရာမဲ့စွာ လျှောက်သွားနေလေသည်။
သူမသည် အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နူးညံ့လှသည့် သွင်ပြင်သည် ဖြတ်သွားဖြတ်လာ လူအများ၏ အာရုံကို ဆွဲဆောင်ထားလေသည်။ သို့သော်လည်း သူမအနေဖြင့် ကျေနပ်နေရန် အချိန်မရှိချေ။ အကြောင်းမှာ သူမ လမ်းပျောက်နေသည့်အကြောင်း သိရှိလိုက်ရခြင်းကြောင့်ပင် ဖြစ်သည်။
ဖြတ်သွားဖြတ်လာ လူအများအား ကြည့်ကာဖြင့် စုချန်းရန် ကြောင်အနေမိသည်။
ထိုလူပင်လယ်ထဲမှ စုရှောင်လန်အား မည်သို့ရှာဖွေရမည်နည်း။
စုရှောင်လန်နှင့် အသံလွှင့်ကျောက်တုံးချင်း လဲထားခဲ့သင့်သည်။ သို့သော်လည်း သူမတို့မှာ အမြဲတမ်း အတူရှိခဲ့ကြသည့်အတွက် ထိုသို့ မပြုလုပ်ခဲ့မိချေ။
ဟူး.. ပန်းရောင်းသည့် မိန်းကလေးထံ မသွားမိခဲ့လျှင် ကောင်းပေလိမ့်မည်။
မဟုတ်ချေ၊ ထိုသို့ မတွေးသင့်ပေ။ ထိုပန်းရောင်းနေသည့် မိန်းကလေးမှာ လဲကျနေသည့်အတွက် သူမအနေဖြင့် မကူညီပဲ မနေနိုင်ချေ။
ပန်းရောင်းသည့် မိန်းကလေးအား ကူညီပေးခဲ့သည် ဆိုလျှင်ပင် သူမအနေဖြင့် မူလနေရာအား မှတ်မိသင့်သည်။
စုချန်းရန်၏ မျက်လုံးများတွင် စိတ်အားငယ်မှုနှင့် နောင်တတို့ ပြည့်နေလေသည်။ သူမသည် လမ်းကြောင်းရှာရာ၌ အမြဲတမ်း ညံ့ဖျင်းလှသည်။ မဟုတ်ချေ။ လမ်းကြောင်းရှာခြင်းပင် မပြုနိုင်ချေ။ သူမ ခေါင်းလှည့်လိုက်သည်နှင့် လမ်းပျောက်သွားတတ်သည်ဟု ဆိုရပေမည်။
လမ်းပျောက်မည် ဆိုးသဖြင့် စုရှောင်လန်နှင့် ထက်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
သို့သော်လည်း ဤသို့ ဖြစ်ခဲ့ရလေသည်။
ထို့နောက်တွင် စုရှောင်လန်အား ရှာဖွေရန်အတွက် သူမ၏ ပင်ကိုသိစိတ်အား အသုံးချရန် ဆုံးဖြတ်လိုက်သည်။
သို့သော်ငြား အသုံးမဝင်ခဲ့ချေ။
“ဘာဆက်လုပ်ရမလဲ။” စုချန်းရန် ညည်းတွားနေမိသည်။
သူမထံတွင် ဖုန်းလည်း မရှိ၊ ပိုက်ဆံလည်းမရှိသည့်အပြင် သူတို့၏ ဘာသာစကားကိုလည်း ပြောကြားတတ်ခြင်း မရှိချေ။
သူမ၏ ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် ကူကယ်ရာမဲ့ခြင်းကို ခံစားမိလေသည်။
အိုး... သင်ခန်းစာထဲ၌ ပြောထားချက်အရ ပြဿနာဖြစ်လျှင် ရဲအား ရှာဖွေရမည်ဟု ဆိုသည်။ စုချန်းရန်၏ မျက်လုံးများ အရောင်လက်လာပြီး ပတ်ပတ်လည်အား ရှာဖွေလိုက်သည်။
ပတ်ဝန်းကျင်အား အသေးစိတ် လေ့လာပြီးသည့်နောက်တွင် သူမ၏ အကြည့်များသည် နို့လက်ဖက်ရည် ဆိုင်ထဲရှိ ကြင်နာတတ်ပုံရသည့် အဒေါ်တစ်ဦးထံတွင် အခြေချလေသည်။
“နိ.. နိဟောင်” စုချန်းရန်သည် ကိုးရိုးကားရား နိုင်လှသော တရုတ်ဘာသာစကားဖြင့် အထစ်ထစ် အငေါ့ငေါ့ ပြောလေသည်။
စုချန်းရန်၏ လှပသည့် သွင်ပြင်ကို ကြည့်ပြီးနောက် ထိုအမျိုးသမီး၏ အပြုအမူများမှာ ပိုမိုနူးညံ့လာလေသည်။ “မင်္ဂလာပါကွယ်။ ဘာများ သောက်ချင်လို့ပါလဲ။”
စုချန်းရန် အနည်းငယ် ချွေးပြန်လာသည်။ ထိုအမျိုးသမီးပြောသည်မှာ လွန်စွာမြန်လှသည်ကြောင့် စုချန်းရန်အနေဖြင့် ဘာပြောလိုက်မှန်း မသိလိုက်ပေ။
အာ.. ထိုအမျိုးသမီး ဖြည်းညင်းစွာ ပြောမည်ဆိုလျှင်ပင် သူမနားလည်နိုင်လိမ့်မည် မဟုတ်ချေ။
“ရဲ.. ဘယ်မှာလဲ..” သူမ၏ မှတ်ဉာဏ်ကို ဖျစ်ညှစ်ကာ စဉ်းစားပြီးသည့်နောက်တွင် ထိုစကားလုံး နှစ်လုံးအား ပြောထွက်လာခဲ့ခြင်း ဖြစ်သည်။
“ဟမ်” ထိုအမျိုးသမီး အနည်းငယ် ဆွံ့အသွားလေသည်။ ထိုမိန်းကလေးသည် သူမ၏ နို့လက်ဖက်ရည်ဆိုင်သို့ ရောက်လာကာ ရဲအား ရှာနေလေသည်။
“ကျွန်မ ရဲကို ရှာနေတာပါ။ ဘယ်မှာပါလဲ။” စုချန်းရန်၏ မျက်နှာနုနု နီမြန်းလာပြီး သူ၏ သွင်ပြင်မှာ အထိမခံနိုင်တော့ပုံ ပေါ်လာသည်။ (ဒါ ကောင်းကင်ဘုံပိုင်နက်က ဘာသာစကားနဲ့ ပြောတာ ဖြစ်ပါမယ်နော်_)
ထိုအမျိုးသမီး၏ နှုတ်ခမ်းများ မဲ့သွားသော်လည်း စိတ်ရှည်စွာဖြင့် ပြန်ဖြေလေသည်။ “ရဲစခန်းကို ရှာနေတာဆိုရင် အနီးဆုံး ရဲစခန်းကတောင် အတော်လေး ဝေးသေးတယ်ကွဲ့။ ဒီကနေ အရှေ့မြောက်ဘက် မီတာ ၆၀၀ လောက်မှာရှိတာဆိုတော့ အတော်လေး ဝေးတယ်လို့ ပြောရမယ်။ ဖုန်းမှာပါတဲ့ ချင်တု မြေပုံကို သုံးပြီး ရှာလို့ရတယ်လေ။ မဟုတ်ရင် အငှားကား ငှားလိုက်တာ အကောင်းဆုံးပဲ။”
စုချန်းရန် နားမလည်နိုင်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။ “ဟမ်”
တစ်လုံးမျှပင် နားမလည်လိုက်ချေ။
အိုး.. ခဏလေး.. မဟုတ်သေးဘူး။ ထိုအမျိုးသမီး၏ “ရဲ” ဟူသည့် စကားကို သူမနားလည်ခဲ့သည်။
ထိုအမျိုးသမီးမှာလည်း ကြောင်အနေလေသည်။ ဝသဖ ဒီကောင်မလေးက လူစကား နားမလည်ဘူးလား။
များမကြာမီတွင် သူမ သဘောပေါက်သွားမိသည်။ သူမ၏ စကားပြောပုံနှင့် အမူအရာမှတစ်ဆင့် သူမသည် တရုတ်စကားအား နားမလည်ခြင်း ဖြစ်ပေလိမ့်မည်။
နိုင်ငံခြားသား ခရီးသွားများလား။
မြို့တော်တွင် မကြာခဏဆိုသလို နိုင်ငံခြားသားများအား တွေ့ရတတ်သည်။ ထိုအမျိုးသမီး ပြုံးလိုက်သည်။ သူမ၏ အင်္ဂလိပ်စကား ကျွမ်းကျင်မှုအရ ထိုမိန်းကလေးသည် လူမှန်ထံ ရောက်လာခဲ့ခြင်းဟု သူမကိုယ်သူမ တွေးထင်လိုက်သည်။
သူမ၏ တိုင်းပြည်၏ ဂုဏ်သရေအတွက် အင်္ဂလိပ်စကား ကျွမ်းကျင်မှုအား ထုတ်ဖော်ပြောရတော့မည့် အချိန် ဖြစ်လေသည်။
ထိုအမျိုးသမီးသည် ယုံကြည်မှုရှိစွာဖြင့် သူမ ပြောခဲ့သမျှ စကားအားလုံးကို အင်္ဂလိပ်စကားဖြင့် ပြောလိုက်လေသည်။ ထို့နောက်တွင် စုချန်းရန်အား ကြည့်လိုက်သည်။ သူမ မျှော်လင့်ထားသည်မှာ စုချန်းရန်၏ ထိတ်လန့်ပျော်ရွှင်နေသည့် အမူအရာကို ဖြစ်သည်။
စုချန်းရန်မှာမူ နားမလည်နိုင်စွာ ရှိနေဆဲပင်။ “ဟမ်”
ဤတစ်ကြိမ်တွင်မူ စုချန်းရန်မှာ တစ်လုံးမျှပင် နားမလည်လိုက်ချေ။
“ကျွန်မ.. ရဲ.. ဘယ်မှာလဲ။”
စုချန်းရန် နောက်ထပ်တစ်ဖန် သနားစဖွယ် အမူအရာဖြင့် မေးလိုက်ပြန်သည်။
“…”
ထိုအမျိုးသမီး မျက်ရည်ဝဲချင်လာသည်။ ထိုမိန်းကလေးမှာ အင်္ဂလိပ်စကားအားလည်း နားမလည်ခြင်းများလား။ သူမ မည်သည့်နိုင်ငံမှ လာခဲ့သနည်း။ သူမ၏ ပုံစံမှာလည်း ဟွားနိုင်ငံမှ ဖြစ်ပုံပင်။ သူမ၏ ဆိုးဝါးလှသည့် ဘာသာစကား ကျွမ်းကျင်မှုနှင့်ဆိုလျှင် ရဲသားတစ်ယောက်ယောက်အား ရှာတွေ့မည် ဆိုလျှင်ပင် သူမ ပြောသမျှကို နားလည်နိုင်မည် မဟုတ်ချေ။
ထိုအမျိုးသမီးသည် နူးညံ့လှပသည့် မိန်းကလေးအား ကြည့်လိုက်သည်။ သူမ၏ သနားစဖွယ် အမူအရာလေးအား စိုက်ကြည့်ကာဖြင့် သူမ၏ နှလုံးသားလေး အရည်ပျော်လာလေသည်။
“ကျန်းလေးရေ.. ငါ့ရဲ့ဆိုင်ကို ခဏလောက် ကြည့်ထားပေးဦး။ လုပ်စရာရှိလို့။” ထိုအမျိုးသမီး ဦးဆောင်ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
ရဲစခန်းကို ဘယ်လိုသွားရမလဲ မသိဘူး ဆိုတော့လည်း ဒီအဒေါ်က ခေါ်သွားပေးရမှာပေါ့။
“လာခဲ့” စုချန်းရန်အား လက်ဝှေ့ယမ်းပြ လိုက်သည်။
စုချန်းရန် နာခံစွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မံ လမ်းပျောက်သွားမည်ကို စိုးရိမ်သည့်အတွက် ထိုအမျိုးသမီး၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
“ငတုံးမလေးပါလား..” ထိုအမျိုးသမီး ခေါင်းယမ်းပြီးနောက် လှောင်ပြုံး ပြုံးလိုက်သည်။
စနေ၊ တနင်္ဂနွေ ပိတ်ရက်ဖြစ်သည့်အတွက် ရှော့ပင်းမောလ်တွင် လူများပြည့်နေလေသည်။
စုချန်းရန်သည် လမ်းပေါ်ရှိ လူအများအား စူးစူးစမ်းစမ်း ကြည့်လိုက်သည်။ များပြားလှသည့် လူအများသည်လည်း သူမအား မနာလို အားကျစွာဖြင့် ပြန်ကြည့်နေကြလေသည်။
ထိုအခိုက်အတန့်မှာပင် ထူးဆန်းစွာ ပြုမူနေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအား သူမတွေ့လိုက်မိသည်။
ထိုလူ၏လက်သည် အခြားလူတစ်ဦး၏ အိတ်ကပ်အတွင်းသို့ ရောက်နေပြီး အနက်ရောင် ပိုက်ဆံအိတ်အား ဖြည်းညင်းစွာ ဆွဲထုတ်နေလေသည်။
စုချန်းရန် မျက်တောင်ခတ်လိုက်သည်။ ထိုမြင်ကွင်းအား အတော်လေး စိမ်းသက်မနေဟု ခံစားမိသည်။
ကိုးပြည်ထောင်နိုင်ငံတော်မှ သူခိုးများသည်လည်း ထိုသို့ပြုမူကြသည်ဟု သူမခံစားမိသည်။
ရင်းနှီးလွန်းလှသည့် မြင်ကွင်းပင်။
ဤမျိုးနွယ်စု နှစ်ခုအကြားတွင် တူညီမှုများ ရှိနေပုံပင်။
စုချန်းရန် သက်ပြင်းချလိုက်ပြီးနောက် ထိုသူခိုး၏ လက်ကောက်ဝတ်ထံ စွမ်းအင်လှိုင်းတစ်လှိုင်း ပို့လွှတ်လိုက်သည်။
ဘန်း
“အို့..”
သူခိုး နာကျင်နေသည့် လက်ကောက်ဝတ်အား ဆုပ်ကိုင်ကာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး အနက်ရောင် ပိုက်ဆံအိတ်မှာလည်း မြေပေါ်သို့ ပြုတ်ကျလာသည်။
လမ်းပေါ်တွင် လူများစွာ ရှိနေသည့်အတွက် ထိုရုတ်ရုတ်သဲသဲ အခြေအနေအား ချက်ချင်းဆိုသလို အာရုံစိုက်လာကြလေသည်။
“အဆင်ပြေရဲ့လား ကောင်လေး”
“ဟမ်.. ဒီပိုက်ဆံအိတ်ကို အတော်လေး ရင်းနှီးနေပုံပဲ။”
“ငလူးးး ငါ့ပိုက်ဆံအိတ်ကြီးဟ”
ထိုလူသည် ချက်ချင်းဆိုသလို သူ၏ပိုက်ဆံအိတ်အား ကောက်ယူလိုက်ပြီးနောက် မြေပြင်တွင် လှိမ့်နေသည့်သူအား ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။
ထို့နောက်တွင် ၁၁၀ အား ဖုန်းခေါ်လိုက်သည်။
သူခိုးမှာမူ နာကျင်မှုကြောင့် ညည်းတွားနေဆဲပင် ဖြစ်သည်။
စုချန်းရန်အား ခေါ်ဆောင်လာသည့် အမျိုးသမီးသည်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ပွားရာ နေရာအား ကြည့်လိုက်သည်။ “ကျွတ် ကျွတ် သူခိုးက ခိုးနေရင်း လက်လည်သွားတယ်တဲ့လား။ အံ့ဩဖို့ကောင်းလိုက်တာဟယ်။ မိုးကောင်းကင်က ဒဏ်ခတ်တာပဲ ဖြစ်ရမယ်။”
စုချန်းရန် သူမ၏ နှုတ်ခမ်းများကို စေ့ကာဖြင့် ပြုံးလိုက်သည်။ အခြားသူများ ပြောဆိုနေသည်ကို သူမနားမလည်နိုင်သော်လည်း အခြားသူများ သတိမထားမိသော သူမ၏ ကိုယ်ပိုင်စွမ်းအားဖြင့် တရားမျှတမှု ရှာဖွေပေးနိုင်ခဲ့ခြင်းမှာ အလွန်ကောင်းမွန်လှသည့် ခံစားချက် ဖြစ်လေသည်။
ခဏလေး.. အခြားသူတွေ သတိမထားမိတဲ့ ကိုယ်ပိုင်စွမ်းအား ဟုတ်လား။
စုချန်းရန်၏ ခြေလှမ်းများ တုံ့ဆိုင်းသွားပြီး ရုတ်တရက်ဆိုသလို အတွေးတစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်အား မော့ကြည့်လိုက်သည်။
ကောင်းကင်ပြင်တွင် ရုတ်တရက်ဆိုသလို အနက်ရောင်တိမ်တိုက်ကြီးများ စုဝေးလာသည်။
“သွားကြစို့၊ မိုးရွာတော့မယ်။ မိုးမရွာခင် ရဲစခန်းကို ရောက်မှဖြစ်မှာ။” ထိုအမျိုးသမီးသည် စုချန်းရန်၏ လက်မောင်းအား ဆွဲကာဖြင့် “ဘယ်လိုရာသီဥတုမျိုးလဲ မသိပါဘူးတော်။ မိုးလေဝသဌာနကတော့ နေသာမယ်လို့ ပြောထားပြီးတော့ ကြည့်ရတာ မိုးတကယ်ရွာတော့မယ်နဲ့ တူပါတယ်။”
ပြောင်းလဲလာသည့် ရာသီဥတုကြောင့် လမ်းပေါ်ရှိ လူများသည်လည်း လျင်မြန်စွာ သွားလာနေကြလေသည်။
ဂျိန်း
မိုးကြိုးပစ်သံ ထွက်ပေါ်လာသည်။
“သောက်ကျိုးနည်း မိုးကြိုးတွေပါ ပါလာပါလား။”
ထိုအမျိုးသမီးသည် စုချန်းရန်အား ဆွဲခေါ်ရန် ကြိုးစားလေသည်။ သို့သော်လည်း စုချန်းရန်မှာ မူလအတိုင်း ရပ်နေမြဲဖြစ်ပြီး မိုးခြိမ်းသံများ ဆူညံပေါက်ကွဲနေရာသို့ ကြည့်နေလေသည်။
ထိုအခိုက်အတန့်မှာပင် ထိုတိမ်စိုင်များအတွင်းမှ လျှပ်စီးကြောင်းအနည်းငယ်ခန့်သည် ထက်မြိနေသည့် လက်သည်းချွန်များသဖွယ် ပေါ်ထွက်လာလေသည်။
ဂျိန်း
မိုးခြိမ်းသံများ ပိုမိုကျယ်လောင်လာပြီး ထိုအသံများအကြားမှ ရှေးဟောင်းသားရဲ ဟိန်းသံများကိုပါ ကြားနေရသည်။ ထိုမြင်ကွင်းအား ကြည့်နေသည့် မိန်းကလေးအချို့မှာ ကြောက်ရွံ့မှုကြောင့် စူးစူးဝါးဝါး အော်ဟစ်ကြလေသည်။
“သောက်ကျိုးနည်း ဘယ်လို လျှပ်စီးမျိုးတုံး။” စုချန်းရန်နှင့် အတူရှိနေသည့် အမျိုးသမီးမှာလည်း ကြောင်အနေလေသည်။
သို့သော်လည်း စုချန်းရန်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်လာပြီး ကောင်းကင်နှင့် မြေပြင်မှ စိတ်စွမ်းအင်များ လှုပ်ရှားမှုကို အာရုံခံမိလိုက်သည်။
သူမ၏ အနီးတွင်ရှိသည့် တစ်ယောက်ယောက်မှ အချက်ပြနေခြင်းများလား။
“ကျေးဇူးတင်ပါတယ်”
စုချန်းရန်သည် ထိုအမျိုးသမီးအား ကျေးဇူးတင်ဟန် ပြုလိုက်သည်။
“ဘာပြောလိုက်တာလဲ။” ထိုအမျိုးသမီးသည် သူမ၏ စကားများကြောင့် အသံများတုန်လာသည်။
စုချန်းရန်သည် သူမ၏ ကြွေသားနှင့်တူသည့် လက်ဖဝါးအား ထိုအမျိုးသမီး၏ နောက်ကျောဘက်တွင် ထားလိုက်သည့်အခါ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အနွေးလှိုင်းတစ်ခု စီးဆင်းလာသည်ကို အာရုံခံလိုက်ရသည်။
လွန်စွာသက်သောင့်သက်သာ ရှိလှသော်လည်း ထိုအမျိုးသမီးမှာ ထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်လာလေသည်။
ထို့နောက် မျက်စိတစ်မှိတ် အတွင်းမှာပင် စုချန်းရန် ပျောက်ကွယ်သွားလေသည်။
၁၀ စက္ကန့်မျှ ကြာပြီးသည့်နောက်တွင် ထိုအမျိုးသမီး အသိပြန်ဝင်လာပြီး သူမ၏ ပါးအား ဆွဲဆိတ်ကြည့်သည်။ နာ၏။
သူမခန္ဓာကိုယ်အတွင်း စီးဆင်းနေသည့် စွမ်းအင်လှိုင်းတစ်ခုကို အာရုံခံမိသည့်အခါတွင် မယုံကြည်နိုင်မှုများဖြင့် သူမခန္ဓာကိုယ်အား လှုပ်ရှားကြည့်လိုက်သည်။ နှစ်ပေါင်းများစွာ ခံစားလာခဲ့ရသည့် အဆစ်နာရောဂါမှာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“ငါ နတ်ဘုရားနဲ့များ တွေ့ခဲ့ရတာလား။” ထိုအမျိုးသမီးမှာ တစ်ကိုယ်တည်း ရေရွတ်နေမိတော့သည်။
***