← Chapters

အခန်း (၃၀၁-၃၀၂)

Vol. 16 Ch. 301-302

အခန်း (၃၀၁-၃၀၂)

Vol. 16 Ch. 301-302

အခန်း (၃၀၁) - ကျောက်ဝမ်ထန်၏ အတွေးများ

​သားရဲအကဲဖြတ်မှူး အသင်းချုပ်၏ ဂိတ်ဝတွင် ရုတ်တရက် ရောက်ရှိလာသော ဒေါသထွက်နေသည့် လူအုပ်ကြီးကြောင့် အနီးနားရှိ လူများမှာ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြတော့သည်။ သတ္တိရှိသူ အချို့ကသာ အဝေးတစ်နေရာမှ ရပ်ကြည့်နေကြပြီး ထိုလူအုပ်ကြီးကို လက်ညှိုးထိုးကာ တိုးတိုးတိတ်တိတ် ဝေဖန်နေကြ၏။

​“လူကြီးမင်းတို့... ကျုပ်တို့ သွားကြရအောင်... ကျုပ်ရဲ့ မြို့သူမြို့သားတွေကို မထိတ်လန့်စေပါနဲ့”

ကျောက်ဝမ်ထန်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လမ်းပြလိုက်သည်။

​သူက ဤကဲ့သို့ ယဉ်ကျေးပျူငှာစွာ ပြောဆိုလိုက်သဖြင့် တစ်ဖက်လူများမှာလည်း မလိုက်လျောဘဲ မနေနိုင်တော့ပါပေ။

​ခေါင်းမာနေရုံဖြင့် ဘာမှ ပြောင်းလဲသွားမည် မဟုတ်သည်ကို သူတို့ သိကြသည်။

​လူအင်အား နှစ်ဆယ်နှင့် တစ်ရာ... အရူးမှသာ ရန်သူကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပေလိမ့်မည်။

​တစ်ဖက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူမှာ မျက်နှာပျက်သွားပြီးနောက် သွားကြိတ်ကာ ပြောလိုက်၏။

“စီမံခန့်ခွဲသူ ကျောက်... ခင်ဗျား ဒါကို သေချာစဉ်းစားထားတယ်လို့ ကျုပ် မျှော်လင့်ပါတယ်... ကျုပ်တို့ မြို့တော်ဝန်က ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ဘူးနော်”

​“ဒီဘက်က ကြွပါ”

ကျောက်ဝမ်ထန်က ထိုသူ၏ စကားကို ဂရုမစိုက်ဟန်ဖြင့် ပြန်လည် ဖိတ်ခေါ်လိုက်သည်။

​မိမိတို့၏ မစ်ရှင်မှာ ကျရှုံးသွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် ဖန်မြို့မှ ခေါင်းဆောင်မှာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် သူ၏ လူများကို ခေါ်ကာ ဆုတ်ခွာသွားတော့သည်။ ကျောက်ဝမ်ထန်သည် ထိုလူများ နောက်ထပ် ပြဿနာမရှာနိုင်စေရန် မြို့တံခါးဝအထိ ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးခဲ့၏။

​ဘာပဲဖြစ်ဖြစ် ယနေ့တွင်တော့ ထိုလူများကို သူတို့ စိတ်ကြိုက် လုပ်ခွင့်ပေးမည် မဟုတ်ပါပေ။

​မြို့၏ လူသူကင်းဝေးသော နေရာတစ်ခုသို့ ရောက်သောအခါတွင်တော့ ဖန်မြို့မှ ခေါင်းဆောင်က ပြောလိုက်၏။

“စီမံခန့်ခွဲသူ ကျောက်... ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို ဖန်မြို့တော်ဝန်ဆီ တစ်လုံးမကျန် သတင်းပို့မှာပါ... အဲဒီအချိန်ကျမှ ခင်ဗျား နောင်တမရစေနဲ့လို့ပဲ ဆုတောင်းပါတယ်”

​ကျောက်ဝမ်ထန်မှာ ထိုသို့သော ခြိမ်းခြောက်မှုကို တုန်လှုပ်မည့်သူ မဟုတ်ပါပေ။ သူက တဟားဟား ရယ်မောလိုက်ပြီးနောက် ပြောလိုက်၏။

“ခင်ဗျားတို့ ဖန်မြို့တော်ဝန်ကို ဘာပြောပြော အဲဒါ ခင်ဗျားတို့ ကိစ္စပါ... ဒါပေမဲ့ ကျုပ်အမှန်အတိုင်း ပြောရရင် ဒီနေ့ ခင်ဗျားတို့ကို ကျုပ် ကယ်လိုက်တာပဲ... ဒါကို ခင်ဗျားတို့ ဘယ်လိုပဲ ထင်ထင်၊ နောက်ဆုံးကျရင်တော့ ခင်ဗျားတို့ ကျုပ်ကို ကျေးဇူးတင်ကြရမှာ"

​“ဟွန့်... သွားကြမယ်”

ထိုသူသည် ကျောက်ဝမ်ထန်၏ အကြံပေးချက်ကို နားမထောင်ဘဲ ထွက်ခွာသွားတော့သည်။

​ကျောက်ဝမ်ထန်ကတော့ အေးဆေးပင်။

​“ကဲ... အစောင့်တွေ၊ ဖန်မြို့က လာတဲ့ ဧည့်သည်တော်တွေကို မြို့တံခါးဝအထိ သေချာ လိုက်ပို့ပေးလိုက်ကြ”

ကျောက်ဝမ်ထန်က အမိန့်ပေးလိုက်၏။ အလုပ်အပေါ် အမြဲတမ်း အာရုံစိုက်ပြီး စေ့စပ်သေချာမှုကြောင့်သာ ကျောက်ဝမ်ထန်သည် ပိုင်ကျန့်ခုန်း၏ ယုံကြည်မှုကို ရရှိထားခြင်း မဟုတ်ပါလား။

​ယနေ့ ကိစ္စတွင်လည်း သူသည် ပိုင်ကျန့်ခုန်း၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံပေသည်။

​၎င်းမှာ လင်းကျင်းကို ရန်စမည့်အစား ဖန်မြို့တော်ဝန်ကို ရန်စရန် ဆုံးဖြတ်ချက်ပင် ဖြစ်၏။

​လင်းကျင်းနှင့် ပတ်သက်လျှင် ကျောက်ဝမ်ထန်တွင် ကိုယ်ပိုင် အမြင်တစ်ခု ရှိနေခဲ့သည်။ အကြောင်းမှာ ပိုင်ကျန့်ခုန်းပင် မသိနိုင်သော အချက်အချို့ကို သူ သိရှိထားသောကြောင့်ပင်။ ဥပမာအားဖြင့် မြို့တော်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စအချို့မှာ သူ မစုံစမ်းရသေးသော်လည်း အမှန်တရားနှင့် နီးစပ်နေမည်ဟု သူ ယူဆနေမိခြင်းပင် ဖြစ်သည်။

​သူသည် အကြာကြီး စဉ်းစားပြီးနောက်တွင်တော့ ဤကိစ္စကို ပိုင်ကျန့်ခုန်းအား မပြောပြရန် ဆုံးဖြတ်လိုက်၏။ အကြောင်းမှာ ဒါဟာ ခိုင်လုံသော အထောက်အထား မရှိဘဲ ခန့်မှန်းချက်သက်သက်သာ ဖြစ်သောကြောင့်ပင်။ အကယ်၍ သူသာ ထုတ်ပြောမိပါက မိမိကိုယ်ကိုယ် ပြဿနာရှာသလို ဖြစ်သွားပေလိမ့်မည်။

​သို့သော်လည်း ကျောက်ဝမ်ထန်အနေဖြင့် ဒါကို လုံးဝ လျစ်လျူရှုထား၍တော့ မရပါပေ။

​မြို့တော်တွင် ရှိသော သူ၏ သူငယ်ချင်းကောင်း တစ်ဦးက ‘မျောက်ဖြူတစ်ကောင်’ နှင့် ‘ကျောက်စိမ်းနဂါးတစ်ကောင်’ တိုက်ခိုက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း သူ့ကို ပြောပြခဲ့ဖူးသည်။

​ဤသတင်းတစ်ခုတည်းနှင့်တင် အလွန်အရေးကြီးသော အချက်အလက်များစွာ ပါဝင်နေခဲ့ချေပြီ။

​ကျောက်စိမ်းနဂါးဆိုသည်မှာ ကျောက်စိမ်းနဂါးနိုင်ငံ၏ အမှတ်အသားဖြစ်ပြီး အလွန်ပင် ရှားပါးလှသော သားရဲတစ်မျိုး ဖြစ်သည်။ ဤနိုင်ငံအတွင်း ကျောက်စိမ်းနဂါးကို ပိုင်ဆိုင်ထားသူမှာ လက်ချိုးရေတွက်၍ပင် ရနိုင်သည် မဟုတ်ပါလား။

​မျောက်ဖြူနှင့် ကျောက်စိမ်းနဂါး တိုက်ခိုက်နေခြင်း... ထိုမျောက်ဖြူမှာ လင်းကျင်း ပိုင်ဆိုင်သော သားရဲများထဲမှ တစ်ကောင် ဖြစ်နိုင်သလား။

​ဖြစ်နိုင်ချေ အလွန် မြင့်မားလှပေသည်။

​ဒါဆိုလျှင် ထိုကျောက်စိမ်းနဂါးကရော ဘယ်သူ့ဆီကလဲ။

​ဤအချက်ကို အတည်မပြုနိုင်သေးသဖြင့် ကျောက်ဝမ်ထန်မှာ ခန့်မှန်းရုံသာ တတ်နိုင်ပါသေးသည်။ ထိုအချိန်မှာပင် ဧကရာဇ်မင်းမြတ်ပြီးလျှင် ဒုတိယမြောက် အာဏာအရှိဆုံးဖြစ်သော အမတ်ယွီမှာ သေဆုံးသွားသည်ဟု သတင်းထွက်လာခဲ့၏။

​ဤအချက်နှင့် ပေါင်းစပ်လိုက်သောအခါ အဖြေမှာ ပေါ်ထွက်လာခဲ့ချေပြီ။

​ထိုကျောက်စိမ်းနဂါးမှာ အမတ်ယွီ၏ သားရဲ ဖြစ်နေမလား။

အမတ်ယွီသည် ဖျားနာ၍ သေဆုံးခြင်း မဟုတ်ဘဲ အခြားသော အကြောင်းရင်းကြောင့် သေဆုံးသွားခြင်းလည်း ဖြစ်နိုင်ပေသည်။

​သူ ပို၍ တွေးတောလေ၊ ဤခန့်မှန်းချက်မှာ ပို၍ ဖြစ်နိုင်ခြေ ရှိလေပင်။ အခြားသော အရာရှိကြီးများစွာသည်လည်း ဤကဲ့သို့ပင် တွေးတောနေကြမည်မှာ အသေအချာပင်။ နန်းတော်က အာဏာလုပွဲများကို မည်မျှပင် ဖုံးကွယ်ထားစေကာမူ သတင်းအစအနအချို့ကတော့ အပြင်သို့ ပျံ့နှံ့လာမည်သာ ဖြစ်သည်။

​မြို့တော်ရှိ အရာရှိကြီးများမှာ အချက်အလက်အချို့ကို သိရှိထားကြသော်လည်း မည်သူမျှ ထုတ်မပြောဝံ့ကြပါပေ။ အခြားဒေသရှိ အရာရှိများမှာမူ အမှန်တရားကို ခန့်မှန်းနေကြရုံသာ ရှိသော်လည်း၊ အမတ်ယွီ၏ သြဇာအာဏာမှာ နန်းတွင်း၌သာမက အခြားနေရာများတွင်ပါ တဖြည်းဖြည်း မှေးမှိန်လာနေသည်ကို သူတို့ မြင်တွေ့နေကြရပြီ ဖြစ်သည်။ သူ၏ အမာခံလူများမှာလည်း သေးငယ်သော အမှားများဖြင့်ပင် ရာထူးမှ ဖယ်ရှားခြင်း ခံနေကြရသည် မဟုတ်ပါလား။

​ဒါဆိုလျှင် အမတ်ယွီ ပြုတ်ကျသွားခြင်းကြောင့် မည်သူက အကျိုးအရှိဆုံး ဖြစ်မည်နည်း။

​၎င်းမှာ ဧကရာဇ်မင်းမြတ် ဖြစ်ကြောင်း ကျောက်ဝမ်ထန် ကောင်းကောင်း သိရှိထားသည်။

​ဒါဆိုလျှင် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိပါသေးသည်။ ၎င်းမှာ ဧကရာဇ်မင်းမြတ်သည် အမတ်ယွီကို ဖယ်ရှားရန်အတွက် လင်းကျင်း၏ အင်အားကို အသုံးချခဲ့ခြင်း ဖြစ်နိုင်သလား။

​ဒါဟာ အလွန်ပင် ရဲတင်းလွန်းသော ခန့်မှန်းချက် ဖြစ်သော်လည်း ဖြစ်နိုင်ခြေတော့ ရှိနေခဲ့သည်။

​အကယ်၍ ထိုသို့ မဟုတ်လျှင်ပင် လင်းကျင်းသည် ဤကိစ္စတွင် တစ်နည်းမဟုတ် တစ်နည်း ပါဝင်ပတ်သက်နေမည်မှာ အသေအချာပင်။ ထို့ကြောင့် တစ်ခုခု ဖြစ်လာခဲ့လျှင် ကျောက်ဝမ်ထန် အပါအဝင် မြို့တော်ဝန်အိမ်တော်သည် လင်းကျင်းဘက်ကသာ ရပ်တည်ရမည် ဖြစ်သည်။

​ဒါဟာ ပြောနေစရာပင် မလိုတော့သော အချက်ပင်။

​မှန်ပါသည်၊ ယနေ့တွင် လင်းကျင်းကို ကူညီခဲ့သည်မှာလည်း အလကား မဟုတ်ပါပေ။ သူတို့အနေဖြင့် လင်းကျင်းအား အသိပေးရန် လိုအပ်သလို၊ ဒါဟာ ဂုဏ်လိုချင်၍ မဟုတ်ဘဲ ဖန်မြို့တော်ဝန်မှာ အလွယ်တကူ လက်လျှော့မည့်သူ မဟုတ်ကြောင်း သတိပေးရန်အတွက်လည်း ဖြစ်၏။

​ဤသို့ တွေးတောပြီးနောက်တွင် ကျောက်ဝမ်ထန်သည် သူ၏ လူများကို ပြန်လွှတ်လိုက်ကာ သူကိုယ်တိုင်မှာတော့ သားရဲအကဲဖြတ်မှူး အသင်းချုပ်ဆီသို့ ဦးတည်လိုက်တော့သည်။

​အသင်းချုပ် ဂိတ်ဝတွင် ဖြစ်ပျက်ခဲ့သမျှကို တစ်စုံတစ်ယောက်က လင်းကျင်းထံသို့ သတင်းပို့ခဲ့ပြီး ဖြစ်၏။

​အလုပ်များနေသော လင်းကျင်းသည် ထိုသတင်းကို ကြားလိုက်ရသောအခါ လုပ်ဖော်ကိုင်ဖက်များကို စိတ်အေးအေးထားရန်နှင့် မိမိတို့၏ အလုပ်တွင်သာ အာရုံစိုက်ကြရန် ပြန်လည် ပြောကြားလိုက်သည်။

​အပြင်ဘက်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို လင်းကျင်း အတိအကျ မသိသော်လည်း၊ ကျောက်ဝမ်ထန် ရှိနေသရွေ့တော့ ကြီးမားသော ပြဿနာများ ဖြစ်လာမည် မဟုတ်ကြောင်း သူ ယုံကြည်နေခဲ့သည်။

​ယခင်က လင်းကျင်း မဟုတ်တော့သဖြင့်၊ သူ၏ စိတ်ဓာတ်မှာ အရာရာကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။ သူ၏ ရှေ့တွင် တောင်ပြိုကျလျှင်ပင် သူသည် တုန်လှုပ်နေမည် မဟုတ်ပါပေ။ လက်ရှိတွင် သူ၏ အဓိက တာဝန်မှာ ထုတ်ပေးထားသော အကဲဖြတ်လက်မှတ် တစ်ရာကျော်ကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးရန်သာ ဖြစ်၏။

​၎င်းမှာ သူ၏ တစ်ခုတည်းသော ဦးစားပေး တာဝန်ပင်။

​ဒီနေ့ မနက်ပိုင်းကစပြီး လင်းကျင်းသည် သားရဲပေါင်း တစ်ရာကျော်ကို အကဲဖြတ်ပေးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ပြတိုက်ထံမှ မည်သည့် ဆုလာဘ်မျှ မရရှိသေးပါပေ။ ‘သားရဲစွမ်းအင် စုစည်းခြင်း စတုတ္ထပိုင်း’ ကို ရရှိရန်အတွက် သူသည် ရှားပါးသားရဲများကို ပိုမို အကဲဖြတ်ရန် လိုအပ်နေခဲ့ရာ၊ ယခုအချိန်အထိ ရှားပါးသားရဲ ရှစ်ကောင်ကိုသာ တွေ့ရှိရသေးသဖြင့် ဒါဟာ အလွန်ပင် နည်းပါးလွန်းလှသေးသည်။

​“ဆရာလင်း... ဆရာ သားရဲပေါင်း တစ်ရာကျော်ကို ဆက်တိုက် အကဲဖြတ်ပေးနေတာဆိုတော့... ခဏလောက် နားပြီး တစ်ခုခု စားပါဦးလားဟင်”

ကျောက်ရင်းက အနားသို့ လာကာ တိုးတိုးလေး မေးလိုက်၏။

​လင်းကျင်းသည် အပြင်တွင် ကျောက်ဝမ်ထန် ရောက်ရှိနေပြီး သူ့ကို စောင့်နေသည်ကို သတိပြုမိလိုက်သည်။ ထိုသူ ရောက်လာခြင်းမှာ ပြောစရာ ကိစ္စတစ်ခုခု ရှိနေသောကြောင့်ဖြစ်ကြောင်း သူ သိသဖြင့် ခေါင်းညိတ်ပြလိုက်၏။

​“ကောင်းပြီလေ"

​နောက်ဆုံးစာကို ရေးပြီးနောက်တွင် လင်းကျင်းသည် ထိုင်နေရာမှ ထကာ သူ၏ ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်သည်။

​အမှန်စင်စစ် လင်းကျင်းမှာ လုံးဝ ပင်ပန်းနွမ်းနယ်ခြင်း မရှိပါပေ။ သားရဲသခင် စတုတ္ထမြောက်ကျမ်းစာကို ကျင့်ကြံထားသဖြင့် သူ၏ ခန္ဓာကိုယ်မှာ သားရဲနှင့် တစ်သားတည်း ဖြစ်နေကာ ယခင်ကထက် များစွာ ပိုမို သန်မာလှပေသည်။ ထို့ကြောင့် နာရီအနည်းငယ် မဆိုထားနှင့်၊ ဆယ်နာရီကျော် ဆက်တိုက် အကဲဖြတ်လျှင်ပင် သူ ပင်ပန်းမည် မဟုတ်ပါပေ။

​ခန္ဓာကိုယ်ကို အနည်းငယ် ဆန့်ထုတ်ပြီးနောက်တွင် လင်းကျင်းက ကျောက်ရင်းကို ကျောက်ဝမ်ထန်အား အထဲသို့ ဖိတ်ခေါ်ရန် အချက်ပြလိုက်၏။

​“စီမံခန့်ခွဲသူ ကျောက်... စောစောကတည်းက ရောက်နေတာ မြင်သားပဲ... ဘာလို့ အထဲမဝင်တာလဲဗျာ”

လင်းကျင်းက ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။

​ကျောက်ဝမ်ထန်က ဦးညွှတ်နှုတ်ဆက်ကာ ပြန်ဖြေလိုက်၏။

“ဥက္ကဋ္ဌလင်း... ကျုပ် ရောက်လာတုန်းက ခင်ဗျား အလုပ်များနေတာကို မြင်လို့ မနှောင့်ယှက်ချင်တာနဲ့ အပြင်မှာပဲ စောင့်နေလိုက်တာပါ”

​“ခင်ဗျားကလည်း အားနာစရာတွေ လုပ်နေပြန်ပြီ... အခု ကျုပ် အားနေပြီဆိုတော့ အထဲမှာပဲ စကားပြောကြရအောင်”

လင်းကျင်းက ပြန်လည် နှုတ်ဆက်ကာ ကျောက်ဝမ်ထန်ကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။ ထို့နောက် တပည့်များကို အရေးကြီးသော ဧည့်သည်တော်အတွက် လက်ဖက်ရည် ပြင်ဆင်ရန် ညွှန်ကြားလိုက်၏။

​အံ့သြစရာကောင်းသည်မှာ ကျားချန်သည် လက်ဖက်ရည်ကို အဆင်သင့် ပြင်ဆင်ပြီး ဖြစ်နေခဲ့သည်။

​သူမမှာ ပါးနပ်သူဖြစ်သည့်အားလျော်စွာ၊ လင်းကျင်းသည် ကျောက်ဝမ်ထန်ကို လက်ခံတွေ့ဆုံသည်နှင့် တစ်ပြိုင်နက် လက်ဖက်ရည်ကို ကြိုတင် ပြင်ဆင်ထားခဲ့ခြင်းပင်။

​ဒါဟာ လုရှောင်ယုတို့ လူစုအနေဖြင့် အတုယူရမည့် အချက်တစ်ခုလည်း ဖြစ်ပေလိမ့်မည်။

​ခန်းမအတွင်း၌ သူတို့ ထိုင်လိုက်ကြပြီးနောက်တွင် လင်းကျင်းသည် ကျောက်ဝမ်ထန်ကို ကြည့်လိုက်၏။ ထိုသူ ရောက်လာခြင်းမှာ စောစောက အပြင်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စကြောင့် ဖြစ်ရမည်ဟု သူ ခန့်မှန်းလိုက်သည်။

​သေချာပါပေသည်။ ကျောက်ဝမ်ထန်သည် စကားကို လှည့်ပတ်မပြောဘဲ ဖြစ်ပျက်ခဲ့သမျှကို လင်းကျင်းအား အကုန်အစင် ပြောပြလိုက်တော့သည်။

​“မြို့တော်ဝန်ပိုင်က ဥက္ကဋ္ဌလင်းအတွက် ဘာပဲဖြစ်ဖြစ် အရာရာကို ထိန်းချုပ်ပေးထားဖို့ ကျုပ်ကို အမိန့်ပေးထားပါတယ်”

ကျောက်ဝမ်ထန်က တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် ပြောလိုက်၏။

​လင်းကျင်းကလည်း ကျောက်ဝမ်ထန်ကို ပြန်လည် ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

​ဘာပဲဖြစ်ဖြစ် သူတို့သည် သူ့ကို တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့သည် မဟုတ်ပါလား။ လင်းကျင်းအနေဖြင့် ဖန်မြို့မှ လူများကို မကြောက်သော်လည်း၊ သူတို့သာ အသင်းချုပ်ထဲတွင် ပြဿနာရှာမည်ဆိုလျှင်တော့ အတော်လေး စိတ်ရှုပ်စရာ ကောင်းမည်မှာ အမှန်ပင်။

အခန်း (၃၀၂) - မင်း သူ့ကို ရန်မစရဲဘူး

​“ဥက္ကဋ္ဌလင်း... အရင်တုန်းက ခင်ဗျားနဲ့ ဖန်မြို့တော်ဝန်ကြားမှာ တစ်ခုခု နားလည်မှုလွဲခဲ့တာမျိုး ရှိခဲ့လို့လား”

ကျောက်ဝမ်ထန်က ရုတ်တရက် မေးလိုက်သည်။

​သူသည် ဖန်မြို့တော်ဝန်ဘက်မှ ကြားသိရသည့် သတင်းအစအနအချို့ကိုသာ သိထားသဖြင့် လင်းကျင်းဘက်မှ ဖြစ်ရပ်မှန်ကိုလည်း နားထောင်လိုခြင်းပင်။

​“နားလည်မှုလွဲတာလို့တော့ ပြောလို့မရပါဘူး”

လင်းကျင်းက ထိုစဉ်က အဖြစ်အပျက်ကို ပြန်လည် အမှတ်ရလိုက်၏။ ဂွါတောင်တန်းရှိ တောအုပ်ထဲတွင် ထိုလူများသည် မျောက်ဖြူကို ဝိုင်းဝန်း အမဲလိုက်ရန် ကြိုးစားခဲ့ကြသော်လည်း သူတို့၏ အရည်အချင်း မရှိမှုကြောင့်သာ ကျရှုံးခဲ့ကြခြင်း ဖြစ်သည်။ မျောက်ဖြူသည်ပင်လျှင် သဘောထားကြီးစွာဖြင့် ထိုလူများကို အသက်ချမ်းသာပေးခဲ့သေး၏။

​ထို့ကြောင့် လင်းကျင်းအနေဖြင့် သူ၏ဘက်တွင် အမှားမရှိဟု ယူဆထားသလို၊ မျောက်ဖြူ၏ဘက်တွင်လည်း အမှားမရှိကြောင်း အခိုင်အမာ ယုံကြည်ထားသည်။

​လင်းကျင်းသည် အဖြစ်အပျက် အစအဆုံးကို ကျောက်ဝမ်ထန်အား ရှင်းပြလိုက်ရာ၊ ကျောက်ဝမ်ထန်သည်လည်း မကြာမီမှာပင် အခြေအနေကို သဘောပေါက်သွားတော့သည်။ လင်းကျင်းသည် မိစ္ဆာသားရဲတစ်ကောင်ကို မွေးမြူထားသည်မှာ မှန်သော်လည်း၊ ၎င်းမှာ အကြောင်းမဲ့ သတ်ဖြတ်တတ်သည့် သတ္တဝါမျိုး မဟုတ်ပါပေ။ တစ်ဖက်တွင်မူ ဖန်မြို့တော်ဝန်၏ သားဖြစ်သူမှာ ဆိုးသွမ်းမှုအမျိုးမျိုးကို ပြုလုပ်နေသဖြင့် နာမည်ပျက်ကျော်ကြားနေသူ ဖြစ်၏။ တစ်နည်းအားဖြင့် ပြောရလျှင် ထိုလူငယ်မှာ မိစ္ဆာသားရဲထက်ပင် ပို၍ ဆိုးယုတ်လှပေသည်။

​“ဟားဟား... ဒါက ဘာမှ မဟုတ်တဲ့ ကိစ္စပါပဲ... ဥက္ကဋ္ဌလင်းက မေပယ်မြို့သားတစ်ယောက် ဖြစ်နေသရွေ့တော့၊ ဘာပဲဖြစ်ဖြစ် မြို့တော်ဝန်ပိုင်က ခင်ဗျားဘက်က ရပ်တည်ပေးမှာပါ... ဥက္ကဋ္ဌလင်း အလုပ်များနေမယ်ဆိုတာ ကျုပ် သိပါတယ်၊ ဒါကြောင့် အကြာကြီး မနှောင့်ယှက်တော့ဘူး... နောက်တစ်နေ့ကျရင် ကျုပ်ရဲ့ အဖော်သားရဲကိုလည်း ဥက္ကဋ္ဌလင်း တစ်ချက်လောက် ကြည့်ပေးစေချင်ပါတယ်”

ပြောရင်း ကျောက်ဝမ်ထန်က ပြန်ရန် ပြင်လိုက်တော့သည်။

​သူ၏ အချိန်ကိုက်မှုမှာ အလွန်ပင် ကောင်းမွန်လှပေသည်။ သူ ပြောလိုသည်ကို ပြောပြီးသည်နှင့် တစ်ဖက်လူ ပင်ပန်းမည်ကို စိုးရိမ်သဖြင့် အလျင်အမြန်ပင် နှုတ်ဆက်သွားခြင်းပင်။

​“ခင်ဗျားကလည်း အားနာစရာတွေ ပြောနေပြန်ပြီ စီမံခန့်ခွဲသူ ကျောက်... ခင်ဗျား အလိုရှိတယ်ဆိုရင် အခုပဲ ကြည့်ပေးလို့ ရပါတယ်”

လင်းကျင်းက ပြုံး၍ ဆိုသော်လည်း၊ ကျောက်ဝမ်ထန်က ခေါင်းခါလိုက်၏။

“ကျုပ် မြို့တော်ဝန်အိမ်တော်မှာ လုပ်စရာလေးတွေ ကျန်သေးလို့ပါ... ဒီညကျရင် ‘မေတ္တာရိပ်မြုံ’မှာ ဥက္ကဋ္ဌလင်းကို အရက်တစ်ခွက်နဲ့ ဧည့်ခံပါရစေ”

​မေတ္တာရိပ်မြုံ ဆိုသည်မှာ မေပယ်မြို့တွင် အလွန် ကျော်ကြားသော နေရာတစ်ခု ဖြစ်သော်လည်း လင်းကျင်းမှာ တစ်ခါမျှ မရောက်ဖူးသေးပါပေ။

​သို့သော်လည်း ကျောက်ဝမ်ထန်က စေတနာဖြင့် ဖိတ်ကြားနေသဖြင့် သူ၏ စေတနာကို ငြင်းပယ်ရန်မှာ မသင့်တော်လှပေ။

​“ဒါဆိုရင်တော့ ကျုပ်နှောက်ယှက်မိတော့မှာပဲ စီမံခန့်ခွဲသူ ကျောက်”

လင်းကျင်းက ပြန်ဖြေလိုက်သည်။

“ဒီညကျရင် ဝအောင် သောက်ကြတာပေါ့ဗျာ။ အခုတော့ ကျွန်တော် နှုတ်ဆက်ပါတယ်”

ကျောက်ဝမ်ထန်က ဆိုကာ ထွက်ခွာသွားတော့သည်။

​“ကောင်းပါပြီ... ဂရုစိုက်သွားပါဦး”

လင်းကျင်းသည် ကျောက်ဝမ်ထန်ကို တံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့၏။ ကျောက်ဝမ်ထန် ထွက်သွားသည်အထိ ကြည့်နေပြီးမှသာ သူ၏ ဆေးကုသခန်းထဲသို့ ပြန်ဝင်လာခဲ့တော့သည်။

​ယနေ့ အဖြစ်အပျက်အတွက် လင်းကျင်းသည် ကျောက်ဝမ်ထန်ကို ကျေးဇူးတင်မိသလို၊ ထိုသူသည် ရင်းနှီးအောင် ပေါင်းသင်းသင့်သည့် လူတစ်ယောက်ဖြစ်ကြောင်းလည်း ခံစားမိလိုက်သည်။

​ဖန်မြို့နှင့် ပတ်သက်သည့် ပြဿနာကိုမူ လင်းကျင်း စိတ်ထဲ၌ လုံးဝ မထားပါပေ။

​အရင်တုန်းကဆိုလျှင် မြို့တော်ဝန်တစ်ဦးကို ရန်စမိခြင်းမှာ ကြောက်စရာကောင်းသည့် ကိစ္စဖြစ်သော်လည်း၊ ယခုအချိန်တွင်မူ သူ ကြောက်နေရန် လိုအပ်ပါသလား။

​လင်းကျင်းသည် ကျောက်စိမ်းနဂါးမြို့၏ ဧကရာဇ်မင်းမြတ်နှင့်ပင် ရင်ဆိုင်ခဲ့ဖူးသူဖြစ်ရာ၊ သာမန် မြို့တော်ဝန်တစ်ဦးကိုတော့ သူ ဂရုစိုက်နေမည် မဟုတ်ပါပေ။

​ထိုလူကြီးမှာ သူ၏ ဒေါသနှင့် ပူလောင်မှုထဲတွင်သာ နစ်မွန်းနေပါစေတော့။

​လင်းကျင်းသည် စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် အလုပ်ပြန်စလိုက်၏။

​ကံကောင်းသည်မှာ နေ့လယ်ပိုင်းတွင် ပထမဆုံး အကဲဖြတ်ပေးရသည့် သားရဲမှာ ရှားပါးသားရဲတစ်ကောင် ဖြစ်နေခြင်းပင်။

​ဤကဲ့သို့ပင် ညနေစောင်းသည့်အထိ သူ အလုပ်များနေခဲ့တော့သည်။

​မြို့တော်ဝန်အိမ်တော်တွင်တော့ ပိုင်ကျန့်ခုန်းသည် နောက်ဆုံးရ သတင်းကို ကြားရသောအခါ မျက်ခုံးများ တွန့်ချိုးသွားခဲ့ပြီး အပြင်သို့ ထွက်လာခဲ့၏။

​“လင်းယုန်”

ပိုင်ကျန့်ခုန်းက အော်ခေါ်လိုက်သည်။

​ချက်ချင်းပင် လက်အောက်ငယ်သား တစ်ဦးက အိမ်တော်ရှိ လင်းယုန်ငှက်တစ်ကောင်ကို ခေါ်ဆောင်လာခဲ့၏။ ပိုင်ကျန့်ခုန်းက ကျောက်ဝမ်ထန်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ဝမ်ထန်... ငါနဲ့ လိုက်ခဲ့”

​ထို့နောက် သူသည် လင်းယုန်ပေါ်သို့ ခုန်တက်လိုက်၏။ ကျောက်ဝမ်ထန်သည်လည်း ဘာမှ ထပ်မမေးတော့ဘဲ သူ၏ ကိုယ်ပိုင် လင်းယုန်ပေါ်သို့ တက်လိုက်တော့သည်။

​ငှက်နှစ်ကောင်စလုံးမှာ ဝေဟင်သို့ ပျံတက်သွားကြပြီး မြို့ပြင်သို့ ဦးတည်လိုက်ကြရာ၊ မြို့ရိုးနှင့် ဆယ်မိုင်ခန့်အကွာရှိ ဇရပ်တစ်ခုသို့ ဆိုက်ရောက်သွားကြတော့သည်။

​နေ့ခင်းဘက်တွင် ထိုနေရာ၌ လူအများအပြား အနားယူလေ့ရှိသော်လည်း၊ ယခုကဲ့သို့ အချိန်မျိုးတွင်တော့ လူသူကင်းမဲ့နေတတ်သည်။ သို့သော်လည်း လူတစ်ယောက်မှာ ထိုဇရပ်ထဲတွင် ထိုင်နေသည်ကို မြင်တွေ့လိုက်ရ၏။

​ထိုသူမှာ ဖန်မြို့တော်ဝန်ပင် ဖြစ်ချေတော့သည်။

​“ဟောင်းဖန်... မတွေ့ရတာ ကြာပြီပဲ”

ပိုင်ကျန့်ခုန်းက မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် တဟားဟား ရယ်မောကာ နှုတ်ဆက်လိုက်၏။

​ပိုင်ကျန့်ခုန်း၏ ပြုံးရွှင်နေသော မျက်နှာပေးနှင့် တည်ငြိမ်သော အမူအရာတို့နှင့် နှိုင်းယှဉ်လျှင်၊ ဖန်မြို့တော်ဝန်၏ မျက်နှာမှာ သိသိသာသာပင် ညှိုးငယ်နေကာ ဒေါသကြောင့် နီမြန်းနေခဲ့သည်။

​ဇရပ်၏ အပြင်ဘက်တွင်တော့ ခြံရံပါ တစ်ဦး ရှိနေခဲ့၏။ ထိုသူမှာ ယနေ့ နေ့လယ်က ဖန်မြို့မှ လူစုကို ဦးဆောင်လာသူဖြစ်ပြီး၊ သူသည်လည်း ကျောက်ဝမ်ထန်ကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

​“မြို့တော်ဝန်ပိုင်... ခင်ဗျားဆီက စာကို ရရချင်းပဲ ကျုပ် ချက်ချင်း လာတွေ့တာပါ... ကျုပ်တို့က မိတ်ဆွေဟောင်းတွေ တွေဖြစ်သလို၊ ဒီမှာ ရှိနေတဲ့သူတွေကလည်း ကိုယ့်လူတွေချည်းပဲမို့ အမှန်အတိုင်း ပြောစမ်းပါဦး... အဲဒီ လင်းကျင်းဆိုတာ ဘယ်သူလဲ... ခင်ဗျားက ဘာလို့ သူ့ကို ဒီလောက်အထိ အကာအကွယ် ပေးနေရတာလဲ”

​ဖန်မြို့တော်ဝန်မှာ ဒေါသ မပြေသေးသည်မှာ ထင်ရှားလှပြီး သူ၏ လေသံမှာလည်း ရန်လိုနေခဲ့သည်။

​ပိုင်ကျန့်ခုန်းက ထိုအချက်ကို ဂရုမစိုက်ဘဲ ဇရပ်ထဲသို့ ဝင်ကာ ထိုင်လိုက်၏။

​“ဟောင်းဖန်... မင်း ပြောသလိုပဲ ငါတို့က မိတ်ဆွေဟောင်းတွေ ဖြစ်နေလို့၊ မင်းကလည်း ငါ့ကို လာတွေ့တယ်ဆိုတော့ ငါ့စကားကို နားထောင်ဦးမယ်လို့ ငါ ယုံကြည်တယ်... မင်း သိချင်တယ်ဆိုရင်လည်း ငါ အမှန်အတိုင်း ပြောပြပါ့မယ်...လင်းကျင်းဆိုတာ မင်း ရန်မစရဲတဲ့သူ တစ်ယောက်ပဲ... ကဲ... ငါ့ကို အော်ဟစ်မဆဲဆိုခင် ငါ ပြောတာကို ဆုံးအောင် အရင် နားထောင်ဦး.. ငါ ပြောတာ မှားတယ်လို့ မင်း ထင်ရင်တော့ နောက်မှ စိတ်ဆိုးလည်း ရတယ်”

​ဇရပ်၏ အပြင်ဘက်တွင်တော့ ကျောက်ဝမ်ထန်က ဖန်မြို့မှ စီမံခန့်ခွဲသူကို ပြုံးပြုံးလေး ကြည့်နေခဲ့သည်။ တစ်ဖက်လူကတော့ ရန်လိုနေဆဲပင်။

​“ညီအစ်ကိုလန်း... ခင်ဗျား လင်းကျင်းကို သွားပြီး ပြဿနာမရှာခင်မှာ၊ သူက ကျွန်တော်တို့ နိုင်ငံရဲ့ အစောင့်အရှောက်တစ်ဦးဖြစ်တယ်ဆိုတာကို မသိခဲ့ဘူးလား”

ကျောက်ဝမ်ထန်က တိုးတိုးလေး မေးလိုက်၏။

​ထိုသူသည် ဤစကားကို ကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့တော့သည်။

​သေချာပါပေသည်။ သူသည် ဤအချက်ကို လုံးဝ မသိရှိခဲ့ပါပေ။

​လင်းကျင်းမှာ မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်မှ သားရဲအကဲဖြတ်မှူး တစ်ဦးသာ ဖြစ်ကြောင်း သိလိုက်ရသည်နှင့် သူတို့၏ အင်အားစုများကို ချက်ချင်း စေလွှတ်လိုက်ကြခြင်း ဖြစ်သည်။ ထို့နောက်တွင်တော့ သူတို့သည် နောက်ထပ် ဘာသတင်းအချက်အလက်ကိုမျှ ထပ်မံ၍ စုံစမ်းခြင်း မပြုခဲ့ကြပါပေ။

​သို့သော်လည်း ‘အစောင့်အရှောက်’ ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ညီအစ်ကိုလန်း၏ မျက်ခွံများမှာ သိသိသာသာပင် တုန်ခါသွားခဲ့၏။

​နိုင်ငံ၏ အစောင့်အရှောက် ဖြစ်ရခြင်းမှာ ဘာကို ဆိုလိုသည်ကို သူ ကောင်းကောင်း သိရှိထားသည်။ အဆင့် ၄ အဖော်သားရဲ ပိုင်ဆိုင်ထားသူများသာလျှင် ဤဘွဲ့ထူးကို ရရှိနိုင်ခြင်း မဟုတ်ပါလား။ သူတို့မှာ နိုင်ငံ၏ အကာအကွယ်ပေးသူများ ဖြစ်သဖြင့် သူတို့၏ သြဇာအာဏာမှာ မည်မျှအထိ ကြီးမားမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

​“အဲဒီ လင်းကျင်းက တကယ်ပဲ ငါတို့ နိုင်ငံရဲ့ အစောင့်အရှောက်လား”

ထိုသူက မျက်လုံးအပြူးသားဖြင့် မေးလိုက်၏။

​ကျောက်ဝမ်ထန်က ခပ်မှိန်မှိန်လေး ပြုံးလိုက်ပြီး သူ၏ နှုတ်ခမ်းပေါ်တွင် လက်ညှိုးတင်ကာ ဆိုလိုက်သည်။

"တိတ်တိတ်နေပြီး ကျုပ်တို့ မြို့တော်ဝန် ပြောတာကိုပဲ နားထောင်လိုက်ပါ”

​ပိုင်ကျန့်ခုန်းသည် အသေးစိတ် အချက်အလက်များကို အများကြီး မပြောပြသော်လည်း၊ လာရောက်သူ နှစ်ဦးကို အံ့အားသင့်သွားစေရန်တော့ လုံလောက်လှပေသည်။ ဧကရာဇ်မင်းမြတ်က လင်းကျင်းကို အဆင့် ၃ သားရဲအကဲဖြတ်မှူးအဖြစ် ထူးထူးခြားခြား ရာထူးတိုးမြှင့်ပေးရန် အမိန့်တော် ထုတ်ပြန်ခဲ့သည်ဟူသော သတင်းတစ်ခုတည်းနှင့်တင် ဖန်မြို့တော်ဝန်၏ ခြေဖျားလက်ဖျားများမှာ အေးစက်သွားခဲ့ရချေပြီ။

​သူ့သားမှာ ခြေထောက်တစ်ဖက် ကျိုးသွားခြင်းသာ ဖြစ်ပြီး ပြန်လည် ကုသနိုင်ပါသေးသည်။ အဆိုးဆုံး ဖြစ်ခဲ့လျှင်ပင် တစ်သက်လုံး လမ်းကောင်းကောင်း မလျှောက်နိုင်တော့ခြင်းသာ ရှိပေလိမ့်မည်။ ပြန်စဉ်းစားကြည့်လျှင် ထိုကောင်လေး အသက်ရှင်နေသေးသည်ကိုပင် ကျေးဇူးတင်ရမည့် အခြေအနေ ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။

​အကယ်၍ သူ သေသွားလျှင်ပင် လင်းကျင်းကို ကလဲ့စားသွားချေရန် သူတို့မှာ အခွင့်အရေး ရှိမည် မဟုတ်ပါပေ။

​မြို့တော်ဝန်အဆင့်သို့ ရောက်ရှိလာသူများမှာ ငတုံးများ မဟုတ်ကြပါပေ။ သေချာ စဉ်းစားကြည့်ပြီးနောက်တွင် ဖန်မြို့တော်ဝန်သည် သူ ဘာဆက်လုပ်ရမည်ကို သိသွားခဲ့သည်။

​သူသည် ပိုင်ကျန့်ခုန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ ထိုင်နေရာမှ ထကာ ပိုင်ကျန့်ခုန်းကို ဦးညွှတ် နှုတ်ဆက်လိုက်တော့သည်။

​“အို... ဟောင်းဖန်၊ မင်း ဘာတွေ လုပ်နေတာလဲ”

ပိုင်ကျန့်ခုန်းက ခပ်အေးအေးပင် ပြုံးလျက် မေးလိုက်၏။ အမှန်အတိုင်း ပြောရလျှင် ဟောင်းဖန် ဘာကြောင့် ဤကဲ့သို့ ပြုမူနေရသနည်းဆိုသည်ကို သူ သိနှင့်ပြီးသား ဖြစ်သည်။

​ဦးညွှတ်ပြီးနောက်တွင် ဖန်မြို့တော်ဝန်က ပြောလိုက်၏။

“ညီအစ်ကိုပိုင်... ကျုပ့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်... တကယ်လို့ ခင်ဗျားသာ လူလွှတ်ပြီး ကျုပ်ကို မတားခဲ့ဘူးဆိုရင်၊ ကျုပ် ကိုယ့်ဘာသာကိုယ် ဘေးဒုက္ခတွင်းထဲ ဆင်းနေမိတော့မှာပဲ”

​မှန်ပေသည်။ ဒါဟာ တကယ့်ကို ကြီးမားလှသော ဘေးဒုက္ခကြီးပင် ဖြစ်ပေလိမ့်မည်။ သူသည် သာမန် မြို့တော်ဝန်တစ်ဦးသာ ဖြစ်၏။ ကျောက်စိမ်းနဂါးနိုင်ငံ တစ်ဝန်းလုံးတွင် မြို့ပေါင်း တစ်ဆယ့်ခြောက်မြို့ရှိပြီး မြို့တော်ဝန်ပေါင်း တစ်ဆယ့်ခြောက်ဦး ရှိသည်။ ဧကရာဇ်မင်းမြတ်အနေဖြင့် သူတို့ကဲ့သို့သော သူတစ်ဦးကို ဖယ်ရှားရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။

​အကယ်၍ ဖန်မြို့တော်ဝန်သာ ပြဿနာရှာခဲ့မည်ဆိုလျှင်၊ နောက်ပိုင်းတွင် သူ ကြီးလေးစွာ ပြန်လည် ပေးဆပ်ရမည်မှာ အသေအချာပင်။

​ထို့ပြင် ဖန်မြို့တော်ဝန်မှာ ငတုံး မဟုတ်ပါပေ။ လင်းကျင်းမှာ ပိုင်ကျန့်ခုန်း ဖော်ပြခဲ့သည့် အချက်များထက် ပိုမို ထူးခြားနေမည်မှာ အသေအချာပင်။ ဖြစ်နိုင်သည်မှာ ပိုင်ကျန့်ခုန်းပင် မသိသေးသော လျှို့ဝှက်ချက်များ ရှိနေနိုင်သလို၊ ပိုင်ကျန့်ခုန်းက သူ့ကို အကုန်အစင် မပြောပြခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

​ဘာပဲဖြစ်ဖြစ် တစ်ခုတော့ သေချာ၏။ လင်းကျင်းကိုတော့ ဘယ်သောအခါမှ မစော်ကားသင့်ပါပေ။ သူ ပြန်ရောက်သွားလျှင် ဤကိစ္စကို ပိုမို အသေးစိတ် စုံစမ်းရပေလိမ့်မည်။

​သူ့သားနှင့် ပတ်သက်လျှင်တော့ ထိုလူငယ်အပေါ် သူ အလိုလိုက်လွန်းခဲ့မိသည့် မိမိကိုယ်ကိုယ်သာ အပြစ်တင်ရပေလိမ့်မည်။ ဒဏ်ရာရသွားခြင်းမှာ ထိုကောင်လေးအတွက် ကောင်းမွန်သော သင်ခန်းစာတစ်ခု ဖြစ်သွားနိုင်ပေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျောက်မိသားစုနှင့် ဟွမ်မိသားစုတို့မှာလည်း ဤကိစ္စတွင် ပါဝင်ပတ်သက်နေကြသဖြင့်၊ ဖန်မြို့တော်ဝန်သည် သူတို့ထံမှသာ လျော်ကြေးတောင်းရန် ဆုံးဖြတ်လိုက်တော့သည်။

​ပါးနပ်သော လူများမှာ ရှင်းပြချက်များစွာ မလိုအပ်ကြပါပေ။ ဖန်မြို့တော်ဝန်သည် ယခင်ကကဲ့သို့ ရန်လိုသော ပုံစံမျိုး မရှိတော့ပါပေ။ ထို့အစား သူသည် ပိုင်ကျန့်ခုန်းနှင့် ပြုံးရွှင်စွာဖြင့် ဆက်လက် စကားပြောဆိုနေခဲ့တော့သည်။

​ဇရပ်၏ အပြင်ဘက်တွင်တော့ ကျောက်ဝမ်ထန်မှာ အချိန်ကို ကြည့်ရင်း စိုးရိမ်နေခဲ့၏။

​ဘာပဲဖြစ်ဖြစ် သူသည် ညဘက်တွင် လင်းကျင်းကို အရက်တိုက်ရန် ကတိပေးထားသည် မဟုတ်ပါလား။

​ကံကောင်းသည်မှာ ဖန်မြို့တော်ဝန်နှင့် ပိုင်ကျန့်ခုန်းတို့၏ စကားဝိုင်းမှာ အကြာကြီး မကြာခဲ့ပါပေ။ စကားအနည်းငယ် ထပ်မံ ပြောဆိုပြီးနောက်တွင် သူတို့သည် ထိုင်နေရာမှ ထကာ တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်လိုက်ကြတော့သည်။

​ဖန်မြို့တော်ဝန် သူ၏ လင်းယုန်ငှက်ပေါ်တွင် ပြန်လည် ထွက်ခွာသွားသောအခါ ပိုင်ကျန့်ခုန်းမှာလည်း စိတ်ကြည်လင်နေသည့် ပုံစံ ရှိနေခဲ့၏။

​“ဒီနေ့တော့ ငါ ဟောင်းဖန်ဆီကနေ ကျေးဇူးတစ်ခု ရလိုက်ပြီပဲ”

All Chapters