← Chapters

အခန်း (၃၀၃-၃၀၄)

Vol. 16 Ch. 303-304

အခန်း (၃၀၃-၃၀၄)

Vol. 16 Ch. 303-304

အခန်း (၃၀၃) - မေတ္တာရိပ်မြုံ

​ပိုင်ကျန့်ခုန်းသည် အလွန်ပင် ကျေနပ်အားရနေခဲ့၏။ အကြောင်းရင်းမှာ ပထမအချက်အနေဖြင့် ဖန်မြို့တော်ဝန်က သူ၏ စကားကို နားဝင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ပိုင်ကျန့်ခုန်း၏ အကူအညီကို ဖန်မြို့တော်ဝန်က လက်ခံသွားခြင်းကြောင့်ပင်။ ဤအချက်နှစ်ခုမှာပင် သူ့အတွက် လုံလောက်လှပေပြီ။

​ကျောက်ဝမ်ထန်မှာ စိတ်လှုပ်ရှားနေသော်လည်း သူ၏ မျက်နှာတွင်တော့ အမူအရာ လုံးဝ မပြပါပေ။ သို့သော်လည်း သူတို့ မြို့ထဲသို့ ပြန်ဝင်လာသည့် လမ်းတွင်တော့ လင်းကျင်းအား အရက်သောက်ရန် ဖိတ်ကြားထားသည့်အကြောင်းကို ပိုင်ကျန့်ခုန်းအား ပြောပြလိုက်၏။

​ဤကိစ္စကို သူ ဖုံးကွယ်ထား၍ ရမည် မဟုတ်ပါပေ။

​ဘယ်လိုမှ ဖုံးကွယ်ထား၍ မရနိုင်ပါ။

​ပိုင်ကျန့်ခုန်းမှာ လူအ မဟုတ်ပါပေ။ အလုပ်အများစုကို ကျောက်ဝမ်ထန်က ကိုင်တွယ်နေခြင်း ဖြစ်သော်လည်း၊ ပိုင်ကျန့်ခုန်း၏ လက်အောက်တွင် ကျောက်ဝမ်ထန် တစ်ဦးတည်းသာ အလုပ်လုပ်နေခြင်း မဟုတ်သည်မှာ အသေအချာပင်။

​အကယ်၍ သူက လင်းကျင်းကို တိတ်တဆိတ် အရက်တိုက်ရန် ဖိတ်ခေါ်သည့် သတင်းမှာ နောက်ပိုင်းတွင် ပိုင်ကျန့်ခုန်း၏ နားထဲသို့ ရောက်သွားခဲ့လျှင်၊ ကျောက်ဝမ်ထန်၏ ရည်ရွယ်ချက်မှာ မည်မျှပင် ရိုးသားပါစေ၊ မြို့တော်ဝန်အနေဖြင့် သံသယဝင်လာနိုင်ပေသည်။

​ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်၏။ မိမိတွင် ကိုယ်ကျိုးစီးပွား သို့မဟုတ် လျှို့ဝှက်ချက် တစ်စုံတစ်ရာ ရှိမနေကြောင်း ပြသရန်မှာ အလွန်ပင် အရေးကြီးလှပေသည်။

​သူ မျှော်လင့်ထားသည့်အတိုင်းပင်၊ ပိုင်ကျန့်ခုန်းသည် ဤသတင်းကို ကြားသောအခါ အနည်းငယ် အံ့သြသွားသော်လည်း၊ မကြာမီမှာပင် ပြုံးလျက် ပြန်လည် ဖြေကြားလိုက်၏။

“ဝမ်ထန်... မင်း လုပ်တာ မှန်တယ်... လင်းကျင်းမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေသလို၊ ဧကရာဇ်မင်းမြတ် ကိုယ်တိုင်တောင် သူ့ကို အထူးတလည် အာရုံစိုက်နေတာ... သူနဲ့ ရင်းနှီးအောင် ပေါင်းထားတာက တကယ်ကို ပါးနပ်တဲ့ ရွေးချယ်မှုပဲ... ငါသာ ငါ့ရဲ့ အဆင့်အတန်းကြောင့် မဟုတ်ဘူးဆိုရင်၊ ငါကိုယ်တိုင်လည်း သူ့ကို အရက်တိုက်ချင်သေးတယ်”

​ကျောက်ဝမ်ထန်က ချက်ချင်းပင် ဆိုလိုက်၏။

“မြို့တော်ဝန်မင်း... အဲဒါက ကျုပ် လုပ်ဖို့ ရည်ရွယ်ထားတဲ့ အချက်ပါပဲ... အကယ်၍ ကျုပ် တစ်ခုခု စုံစမ်းသိရှိရရင် မြို့တော်ဝန်ကို ချက်ချင်း သတင်းပို့ပါ့မယ်”

​“ကောင်းပြီ၊ ကောင်းပြီ... မင်းတို့ လူငယ်တွေ ဘယ်မှာ သွားသောက်ကြမှာလဲ”

​“မေတ္တာရိပ်မြုံမှာပါ”

​မေတ္တာရိပ်မြုံ။

​၎င်းမှာ မေပယ်မြို့တွင် အဆင့်အမြင့်ဆုံး ဖျော်ဖြေရေး နေရာတစ်ခု ဖြစ်၏။ အခြားသော နေရာများမှာ အရက်နှင့် အစားအသောက်ကိုသာ အဓိကထားသော်လည်း၊ မေတ္တာရိပ်မြုံမှာမူ အစားအသောက်နှင့် အရက်တို့အပြင် ကချေသည်များနှင့် အဆိုတော်များကြောင့် အလွန်ပင် ကျော်ကြားလှပေသည်။ ထို နတ်မိမယ်များသဖွယ် လှပသော အမျိုးသမီးများမှာ မြို့ပြင်မှ ဧည့်သည်တော်များကိုပင် ဆွဲဆောင်နိုင်စွမ်း ရှိကြ၏။ သူတို့မှာ အရက်သောက်ရန် သို့မဟုတ် အစားအသောက် စားရန် လာကြခြင်း မဟုတ်ဘဲ၊ ထိုအမျိုးသမီးများ၏ ပြိုင်ဘက်ကင်းသော အလှအပနှင့် ဖျော်ဖြေမှုများကို ကြည့်ရှုရန် လာကြခြင်း ဖြစ်သည်။

​လင်းကျင်းသည် ဤနေရာအကြောင်းကို သိထားသော်လည်း တစ်ခါမျှ မရောက်ဖူးပါပေ။

​အကြောင်းမှာ သူ့တွင် ထိုကဲ့သို့ ဖြုန်းတီးပစ်ရန် ပိုလျှံနေသော ငွေကြေး မရှိသောကြောင့်ပင်။

​ယခုအခါ ကျောက်ဝမ်ထန်က ဧည့်ခံမည်ဆိုတော့ သွားကြည့်လျှင်လည်း မမှားပါပေ။ ထိုကဲ့သို့သော နေရာမျိုးကို စိတ်မဝင်စားသော်လည်း၊ လင်းကျင်းအနေဖြင့် ဤကမ္ဘာ၏ ကာမဂုဏ်ခံစားရာ နေရာမျိုးကို အနည်းဆုံး တစ်ကြိမ်တော့ ကြုံဖူးချင်နေမိသည် မဟုတ်ပါလား။

​အသင်းချုပ် ပိတ်ချိန် ရောက်သောအခါ လင်းကျင်းမှာ ပြန်မသွားသေးပါပေ။ ထို့အစား သူသည် လုပ်ဖော်ကိုင်ဖက်များကို ကျောက်ဝမ်ထန်နှင့်အတူ အရက်သောက်ရန် ချိန်းထားကြောင်း ပြောပြလိုက်၏။

​ပုဂ္ဂလိက လူမှုရေး ကိစ္စရပ်များတွင်တော့ မည်သူ့ကိုမျှ ခေါ်သွားရန် မသင့်တော်ပါပေ။

​အဖော်သားရဲများကိုပင် အထဲသို့ ဝင်ခွင့်မပြုဘဲ အပြင်ဘက်ရှိ သားရဲတင်းကုပ်များတွင်သာ ထားခဲ့ရမည် ဖြစ်၏။

​ထို့ကြောင့် တပည့်များမှာလည်း ပါးနပ်စွာဖြင့် နှုတ်ဆက်ကာ ပြန်သွားကြတော့သည်။ သူတို့မှာ ယခုအခါ အလွန် ရင်းနှီးနေကြပြီဖြစ်ရာ၊ ခန်းမထဲမှ ထွက်လာသည်နှင့် လင်ကျင်းသည် နောက်ပိုင်းတွင် ဘယ်ကို သွားမည်နည်းဟူသော အချက်ကို စတင် ဆွေးနွေးကြတော့သည်။

​ဟန်ဒုန်းကတော့ အဖြေကို သိနေခဲ့၏။ သူသည် ခေတ္တစဉ်းစားပြီးနောက် ‘မေတ္တာ’ ဟူသော စကားလုံးကိုသာ ပြောလိုက်သည်။

​“ဟင်... မေတ္တာရိပ်မြုံလား”

လုရှောင်ယုက ထိုနေရာကို သိထားပေသည်။

​အကြောင်းမှာ သူမ၏ အစ်ကိုဖြစ်သူ လုယွန်ဟယ်မှာ ထိုနေရာသို့ ခဏခဏ သွားလေ့ရှိသောကြောင့်ပင်။ သူက ထိုနေရာ၏ အမြဲတမ်း ဖောက်သည်တစ်ဦးလည်း ဖြစ်၏။

​ကျားချန်သည်လည်း မေတ္တာရိပ်မြုံအကြောင်း သိသဖြင့် ပြုံးရုံသာ ပြုံးနေခဲ့သည်။ သို့သော်လည်း ကျောက်ရင်းမှာတော့ သူတို့ ပြောနေသည့် နေရာအကြောင်းကို ဘာမှ မသိပါပေ။ သူမမှာ စာအုပ်ကိုသာ အမြဲ ဖတ်နေတတ်သူဖြစ်ရာ၊ မြို့ထဲတွင် သူမ မရောက်ဖူးသေးသည့် နေရာများစွာ ရှိနေဆဲ ဖြစ်၏။ ထို့ကြောင့် မေတ္တာရိပ်မြုံမှာ မည်သည့်အရပ်တွင် ရှိသည်ကိုပင် သူမ မသိပါပေ။

​ကျောက်ရင်း၏ ဖြူစင်မှုကို သိမြင်လိုက်ရသောအခါ လုရှောင်ယုနှင့် ကျားချန်တို့မှာ သူမကို စနောက်လိုစိတ် ပေါ်လာခဲ့ကြသည်။ ထို့ကြောင့် သူမကို ဘေးသို့ ဆွဲခေါ်သွားကာ နားထဲသို့ တိုးတိုးတိတ်တိတ် ပြောဆိုလိုက်ကြတော့သည်။

​လုရှောင်ယုနှင့် ကျားချန်တို့က သူမကို ဘယ်လိုမျိုး ရှင်းပြလိုက်သည် မသိသော်လည်း၊ ကျောက်ရင်း၏ မျက်နှာမှာ သိသိသာသာပင် နီမြန်းသွားခဲ့ရ၏။

​တစ်ဖက်တွင်လည်း ဟန်ဒုန်းမှာ ဘာမှ မမြင်၊ ဘာမှ မကြားသလို ဟန်ဆောင်နေခဲ့သည်။

​“ငါတော့ ဆရာလင်းရဲ့ စရိုက်ကို ယုံကြည်တယ်... ဆရာက ဖိတ်ကြားခံရလို့သာ သွားတာ... အဲဒီမှာလည်း အရက်သောက်ပြီး စကားပြောရုံပဲ နေမှာပဲ”

ဟန်ဒုန်းက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်၏။

​ဟန်ဒုန်း၏ စိတ်ထဲတွင် လင်းကျင်းမှာ ထူးချွန်သော အရည်အချင်းရှိသည့် မြင့်မြတ်သော လူတစ်ယောက်ဖြစ်ပြီး၊ အရာရာတွင် စံနမူနာပြရမည့်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အခြေအနေမျိုးတွင်မဆို လင်းကျင်းအနေဖြင့် မသင့်တော်သော ကိစ္စရပ်များကို ပြုလုပ်လိမ့်မည်ဟု ဟန်ဒုန်းက မယုံကြည်နိုင်ပါပေ။

​သေချာပါသည်၊ လင်းကျင်းအနေဖြင့် သူ၏ တပည့်များက သူ့အပေါ် မည်သို့ တွေးနေကြသည်ကို မသိပါပေ။

​ရှန်းအာသည် အနည်းငယ် ထပ်နေချင်သော်လည်း လင်းကျင်းက သူမအား အိမ်သို့ ပြန်ရန် ဖျောင်းဖျခဲ့သည်။

​ရှန်းအာသည် သူ၏ လုံခြုံရေးအတွက် စိုးရိမ်နေသော်လည်း၊ လင်းကျင်းက မေပယ်မြို့တွင် သူ့ကို ခြိမ်းခြောက်နိုင်သူမှာ ရဲ့ယွီကျိုး တစ်ယောက်သာ ရှိကြောင်းနှင့် ကျန်သူများမှာ သူ့ကို ထိပင် မထိနိုင်ကြောင်း အာမခံလိုက်၏။

​ရှန်းအာသည်လည်း ဤအချက်ကို ယုံကြည်သဖြင့် အိမ်သို့ လိမ္မာစွာ ပြန်သွားခဲ့တော့သည်။

​ယနေ့တွင် လင်းကျင်းသည် မေပယ်မြို့တွင် သူ နေထိုင်ရန် သင့်တော်သော အိမ်တစ်လုံးကို ရှာဖွေပေးရန် လူတစ်ယောက်ကို အကူအညီ တောင်းထားခဲ့၏။ သူ၏ လက်ရှိ အိမ်မှာ လူများလွန်းသဖြင့် မသက်မသာ ဖြစ်နေရသောကြောင့် သူ ပြောင်းရွှေ့ရန် အသင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

​သို့သော်လည်း အိမ်သစ်ကို ချက်ချင်း ရှာတွေ့ရန်မှာ မလွယ်ကူပါပေ။ မြို့တော်ဝန်အိမ်တော်၏ စီမံခန့်ခွဲသူတစ်ဦးအနေဖြင့် ကျောက်ဝမ်ထန်မှာ ကူညီနိုင်မည်ဖြစ်ရာ၊ လင်းကျင်းသည် သူ့ကို အကူအညီတောင်းရန် စီစဉ်ထားခဲ့သည်။

​သူ ဤသို့ စဉ်းစားနေစဉ်မှာပင် ကျောက်ဝမ်ထန် ရောက်ရှိလာခဲ့၏။

​“ဥက္ကဋ္ဌလင်း... ခင်ဗျားကို စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်... နောက်ကျရင် ကျုပ် ကိုယ့်ဘာသာကိုယ် အရက်သုံးခွက် သောက်ပြီး ပြစ်ဒဏ်ပေးပါ့မယ်”

ကျောက်ဝမ်ထန်က ရောက်ရောက်ချင်း အော်ပြောလိုက်သည်။ သူ ကမန်းကတန်း ရောက်လာသည့် ပုံစံကို ကြည့်ခြင်းအားဖြင့် ကျောက်ဝမ်ထန်မှာ ယနေ့အတွက် အလုပ်များကို ယခုမှ သိမ်းဆည်းပြီးစီးခဲ့ခြင်း ဖြစ်ရပေမည်။

​“စီမံခန့်ခွဲသူ ကျောက်ကလည်း နောက်နေပြန်ပြီ... ခင်ဗျား အလုပ်များနေရင်လည်း တခြားနေ့မှ ချိန်းလို့ ရပါတယ်၊ ကျုပ် ဘာမှ မဖြစ်ပါဘူး”

လင်းကျင်းက ရိုးရိုးသားသားပင် ဆိုလိုက်၏။ ကျောက်ဝမ်ထန်သည်လည်း လင်းကျင်းမှာ စနောက်နေခြင်း သို့မဟုတ် စော်ကားနေခြင်း မဟုတ်ကြောင်း သိလိုက်သည်။

​“အလုပ်တွေ ဘယ်လောက်ပဲ များများ၊ ဥက္ကဋ္ဌလင်းနဲ့ အရက်သောက်ရတာကိုတော့ မယှဉ်နိုင်ပါဘူး... ကဲ... သွားရင်းလာရင်း စကားပြောကြတာပေါ့”

ကျောက်ဝမ်ထန်က အလွန်ပင် တက်ကြွနေခဲ့၏။

​လမ်းတွင် ကျောက်ဝမ်ထန်သည် ဖန်မြို့တော်ဝန်နှင့် ပတ်သက်သည့် ကိစ္စရပ်အားလုံးကို လင်းကျင်းအား ပြောပြလိုက်သည်။

​‘ခင်ဗျားကို ပြဿနာတွေ အများကြီးကြားကနေ ကျုပ် အခုလေးတင် ကယ်ထုတ်လာခဲ့တာလို့ အသိပေးချင်လို့ပါ’ ဟူသော စကားကို ကြားလိုက်ရသောအခါ၊ လင်းကျင်းက ကျေးဇူးတင်သည့်အနေဖြင့် လက်ယှက် နှုတ်ဆက်လိုက်၏။

​သူသည် ဖန်မြို့တော်ဝန်ကို မကြောက်သော်လည်း၊ မလိုအပ်သော ပြဿနာများကို ရှောင်ရှားနိုင်ခြင်းမှာ အမြဲတမ်း ကောင်းမွန်လှပေသည်။ ထိုသူသည် လင်းကျင်းအတွက် ဤပြဿနာကို တားဆီးပေးနိုင်ခဲ့သဖြင့်၊ လင်းကျင်းသည် သူ၏ အကူအညီကို လက်ခံလိုက်ခြင်းပင်။

​လင်းကျင်းက သူတို့၏ အကူအညီကို အလွယ်တကူ လက်ခံလိုက်သည်ကို မြင်သောအခါ၊ ကျောက်ဝမ်ထန်သည် သူနှင့် မြို့တော်ဝန်ပိုင်တို့၏ ကြိုးစားမှုမှာ အလဟဿ မဖြစ်သွားကြောင်း သိလိုက်ရသည်။

​သူတို့ စကားပြောဆိုနေကြရင်း မကြာမီမှာပင် မေပယ်မြို့ကို ဖြတ်စီးသွားသော မြစ်ကမ်းနားသို့ ရောက်ရှိလာကြတော့သည်။ မြစ်မှာ အလွန်ကြီးမားသည်ဟု မဆိုနိုင်သော်လည်း၊ အကျယ်ဆုံးနေရာမှာ ပေငါးဆယ်ခန့် ရှိကာ လှေနှစ်စင်း ယှဉ်တွဲ၍ပင် သွားလာနိုင်ပေသည်။ မြစ်ရေမှာလည်း အတော်လေး ကြည်လင်သန့်ရှင်းလှ၏။ မြစ်ကမ်းဘေး တစ်ဖက်တစ်ချက်တွင် မီးအိမ်များ ချိတ်ဆွဲထားရာ၊ မီးရောင်များ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်မှာ ကြည်လင်သော မြစ်ရေမျက်နှာပြင်ပေါ်တွင် ထင်ဟပ်နေသည်မှာ အလွန် လှပလှပေသည်။ မြစ်ကမ်းဘေးတွင် ဆိုင်ခန်းများစွာ ရှိနေသော်လည်း ယခုအချိန်တွင်တော့ ဖွင့်ထားသော ဆိုင်မှာ သိပ်မရှိပါပေ။

​မေတ္တာရိပ်မြုံမှာတော့ ထိုအထဲတွင် မပါဝင်ပါပေ။

​အဝေးမှ ကြည့်လျှင်ပင် ၎င်းမှာ အလွန် တောက်ပသော အဆောက်အဦးတစ်ခု ဖြစ်ကြောင်း သိသာလှ၏။ ငါးထပ်တိုက် အဆောက်အဦးဖြစ်ပြီး ကျယ်ဝန်းသော ရင်ပြင်တစ်ခု ရှိကာ၊ နံရံများပေါ်တွင် တောက်ပသော မီးအိမ်များ ချိတ်ဆွဲထားသည်။ ညလေပြေထဲတွင် အလှကုန်ပစ္စည်းများနှင့် ရေမွှေးနံ့များ ပါဝင်နေခဲ့၏။

​ထိုအနံ့များထက် လင်းကျင်းက ကောင်းမွန်သော အရက်နံ့ကို ရရှိလိုက်သည်။

​မေတ္တာရိပ်မြုံကို အလှအပနှင့် ဖျော်ဖြေမှုများအတွက် သွားကြသည့် နေရာဟု လူအများက သတ်မှတ်ထားကြသော်လည်း၊ ထိုနေရာတွင် ရောင်းချသော အရက်မှာလည်း အလွန်ပင် နာမည်ကြီးလှပေသည်။ သေချာပါသည်၊ ဈေးနှုန်းမှာလည်း ထိုနည်းတူစွာပင် ကြီးမြင့်လှပေသည်။ ၎င်းမှာ ချမ်းသာကြွယ်ဝသူများအတွက် အိပ်မက်တစ်ခုသဖွယ် ဖြစ်သဖြင့်၊ ဈေးနှုန်းမှာ အံ့သြလောက်အောင် မြင့်မားနေခြင်းမှာ သဘာဝပင် ဖြစ်၏။

​တံခါးဝတွင် ပြုံးရွှင်နေသော မျက်နှာတစ်ခုက သူတို့ကို ကြိုဆိုလိုက်သည်။ မေတ္တာရိပ်မြုံတွင် သားရဲတင်းကုပ် အများအပြား ရှိနေသလို၊ ထိုနေရာကို ဂရုစိုက်ရန်အတွက် အထူးကျွမ်းကျင်သော အလုပ်သမားများကိုလည်း ငှားရမ်းထားခဲ့၏။

​ဤအဆောက်အဦးတစ်ခုလုံးကို လည်ပတ်နိုင်ရန်အတွက် မည်မျှအထိ ရင်းနှီးမြှုပ်နှံထားရမည်ကို တွက်ချက်ကြည့်ရန် မခက်ခဲပါပေ။

​ဤကဲ့သို့သော အချိန်မျိုးတွင် လမ်းမများမှာ လူသူကင်းမဲ့နေသော်လည်း၊ မေတ္တာရိပ်မြုံ၏ အပြင်ဘက်မှာမူ လူများဖြင့် ပြည့်နှက်နေခဲ့သည်။ ဝတ်စားဆင်ယင်မှု မတင့်တယ်သူများ သို့မဟုတ် သာမန်လူတန်းစားဟု ထင်ရသူများကိုမူ လုံခြုံရေးဝန်ထမ်းများက အထဲသို့ ပေးမဝင်ကြပါပေ။

​ကျောက်ဝမ်ထန်မှာမူ သာမန်လူတစ်ယောက် မဟုတ်ပါပေ။ မေတ္တာရိပ်မြုံမှ လူများသည် ကျောက်ဝမ်ထန်ကို အဝေးကတည်းက မြင်တွေ့လိုက်ကြသဖြင့်၊ သူနှင့် လင်းကျင်းကို အထဲသို့ လိုက်လံပို့ဆောင်ရန် လူတစ်ယောက်ကို စေလွှတ်လိုက်ကြတော့သည်။

အခန်း (၃၀၄) - မထောင်လွှားနိုင်သော အရှိန်အဝါ

​“စီမံခန့်ခွဲသူ ကျောက်... မတွေ့ရတာ ကြာပြီနော်ယ.ယ ကဲ... ဒီဘက်က ကြွပါခင်ဗျာ... တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ မေတ္တာရိပ်မြုံကို အသစ်တစ်ယောက် ရောက်နေပါတယ်... သူမက မြက်ခင်းပြင်တိုက်ကြီး အနောက်ဘက်ခြမ်းက နိုင်ငံတစ်ခုက နာမည်ကြီး အလှပဂေးလေးတစ်ယောက်ပဲ... စီမံခန့်ခွဲသူ ကျောက် သဘောကျမယ်ဆိုတာ ကျွန်တော် အာမခံတယ်”

ဝန်ထမ်းဖြစ်သူက ရိုရိုသေသေ ပြောလိုက်၏။

​ကြည့်ရသည်မှာ ကျောက်ဝမ်ထန်သည် မေတ္တာရိပ်မြုံ၏ အမြဲတမ်း ဖောက်သည်တစ်ဦး ဖြစ်ပုံရပေသည်။

​ကျောက်ဝမ်ထန်က ပြုံးလိုက်ပြီးနောက် မှာကြားလိုက်သည်။

“ဒီနေ့ ငါ အရေးကြီးတဲ့ ဧည့်သည်တော်တစ်ယောက်ကို အရက်တိုက်ဖို့ ခေါ်လာတာဆိုတော့၊ ဝန်ဆောင်မှုကတော့ အကောင်းဆုံး ဖြစ်ရမယ်နော်”

​ဝန်ထမ်းဖြစ်သူက ချက်ချင်းပင်ပြန်ဖြေလိုက်၏။

“ဒါပေါ့... ဒါပေါ့... စိတ်ချပါ စီမံခန့်ခွဲသူ ကျောက်”

​သူက စကားပြောရင်းနှင့်ပင် ဧည့်သည်တော် နှစ်ဦးကို အထဲသို့ လမ်းပြခေါ်ဆောင်သွားတော့သည်။

​ထိုစဉ် ကျောက်ဝမ်ထန်က လင်းကျင်းအား တိုးတိုးလေး ကပ်ပြောလိုက်၏။

“ဥက္ကဋ္ဌလင်း... ဒီနေရာမှာတော့ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ‘ညီအစ်ကိုလင်း’ လို့ ခေါ်ပါရစေ”

​လင်းကျင်းက ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။

“အသက်ကြီးသူက အစ်ကိုပဲပေါ့... အစ်ကိုကျောက် သဘောရှိသလိုသာ ခေါ်ပါဗျာ”

​လင်းကျင်းက ဤမျှအထိ လိုက်လျောညီထွေ ရှိသည်ကို မြင်ရသောအခါ ကျောက်ဝမ်ထန်မှာ ကျေနပ်အားရစွာဖြင့် တဟားဟား ရယ်မောတော့သည်။

​ဤကဲ့သို့သော ဖျော်ဖြေရေး နေရာမျိုးတွင် ‘စီမံခန့်ခွဲသူ ကျောက်’ တို့ ‘ဥက္ကဋ္ဌလင်း’ တို့နှင့် အချင်းချင်း ခေါ်ဝေါ်နေကြလျှင် ပတ်ဝန်းကျင်ရှိ လူများကို အနှောင့်အယှက် ဖြစ်စေသလို၊ သူတို့၏ အဆင့်အတန်းကိုလည်း အခြားသူများ သိရှိသွားပေလိမ့်မည်။

​‘ရောက်တဲ့အရပ်မှာ ထိုက်သလိုနေ’ ဆိုသည့်အတိုင်း၊ ဤနေရာတွင် ညီအစ်ကိုများကဲ့သို့ ခေါ်ဝေါ်ခြင်းကသာ ပတ်ဝန်းကျင်နှင့် ပို၍ လိုက်ဖက်လှပေသည်။

​လင်းကျင်းသည် အဆင့်အတန်း ခွဲခြားတတ်သူ မဟုတ်သလို၊ ကျောက်ဝမ်ထန်မှာလည်း ပေါင်းသင်းသင့်သည့် လူတစ်ယောက်ဖြစ်ကြောင်း သူ အမှန်တကယ် ခံစားမိသောကြောင့်လည်း ဖြစ်၏။

​သူတို့နှစ်ဦး မေတ္တာရိပ်မြုံထဲသို့ ဝင်လာခဲ့ကြသည်။ လင်းကျင်းအဖို့ ဤနေရာမှာ ပထမဆုံးအကြိမ် ဖြစ်ရာ၊ အံ့သြမသွားစေရန် စိတ်ကို ကြိုတင် ပြင်ဆင်ထားသော်လည်း မေတ္တာရိပ်မြုံ၏ ခမ်းနားထည်ဝါလှသော အပြင်အဆင်များကြောင့် သူ မှင်တက်သွားရသည်မှာ အမှန်ပင်။

​လင်းကျင်းသည် မြို့တော်ရှိ နန်းတော်ထဲသို့ပင် ရောက်ဖူးသူ ဖြစ်သည်။ သို့သော်လည်း နန်းတော်၏ အပြင်အဆင်မှာပင် မေတ္တာရိပ်မြုံ၏ သေသပ်ခမ်းနားမှုနှင့် ယှဉ်လျှင် အနည်းငယ် မှေးမှိန်နေသယောင် ရှိ၏။

​တောက်ပ ခမ်းနားသည်ဆိုသည်မှာ ဘယ်လိုမျိုးလဲ။

​လင်းကျင်းမှာ ယခုမှပင် မျက်မြင်ကိုယ်တွေ့ မြင်ဖူးတော့သည်။ နန်းမူသစ်သားဖြင့် ပြုလုပ်ထားသော ရွှေရောင်စာတန်းပါ ဆိုင်းဘုတ်ကြီး၊ အနောက်ဘက် အရပ်မှလာသော ကျောက်စိမ်းဖြူများဖြင့် ပြုလုပ်ထားသည့် လှေကားထစ်များ၊ လက်ရာမြောက်သော ပန်းချီများ ရေးဆွဲထားသည့် မျက်နှာကြက်၊ ရွှေရောင်ဘောင်များဖြင့် ချိတ်ဆွဲထားသော ဖယောင်းတိုင်များနှင့် အဆင့်မြင့် လိုက်ကာများ... အရာအားလုံးမှာ အိပ်မက်တစ်ခုသဖွယ် ထူးခြားဆန်းပြားလှပေသည်။

​အချုပ်အားဖြင့် ပြောရလျှင် သူ၏ မျက်စိတစ်ဆုံး မြင်တွေ့ရသမျှ အရာအားလုံးမှာ အလွန်ပင် ဇိမ်ကျလှ၏။ သူ နင်းထားသည့် ကော်ဇောမှာပင် အလွန် နူးညံ့လှသဖြင့် အလှပဂေးလေးတစ်ဦး၏ ပခုံးသားပေါ် နင်းထားရသကဲ့သို့ ခံစားရစေသည်။

​“ဒီကမ္ဘာက လူတွေကလည်း ဇိမ်ခံတတ်ကြသားပဲ”

လင်းကျင်းက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်၏။

​ခန်းမဆောင်ကြီးထဲတွင် ဖယောင်းတိုင်ပေါင်း တစ်ရာကျော်ကို ထွန်းညှိထားရာ၊ ၎င်းတို့မှာ အဆင့်မြင့် ဖယောင်းတိုင်များ ဖြစ်ကြသည်။ ပုံမှန် ဖယောင်းတိုင်များကဲ့သို့ အနံ့ဆိုး မထွက်ဘဲ၊ သင်းပျံ့သော ရနံ့ကိုသာ ထုတ်လွှတ်ပေးနေ၏။ ဤနေရာ၏ ပိုင်ရှင်မှာ ဤလုပ်ငန်းကို လည်ပတ်နိုင်ရန်အတွက် ငွေကြေးအမြောက်အမြား အသုံးပြုထားမည်မှာ အသေအချာပင်။

​ဤမျှအထိ ခမ်းနားထည်ဝါစွာ လုပ်ကိုင်နိုင်ခြင်းမှာ တစ်ခုတည်းကိုသာ ညွှန်ပြနေသည်။ ၎င်းမှာ ဤနေရာ၏ ပိုင်ရှင်သည် သာမန်လူ မဟုတ်နိုင်ဆိုသည့် အချက်ပင်။

​သို့သော်လည်း လင်းကျင်းမှာ ထိုအချက်ကို စိတ်ဝင်စားရုံမျှသာ ဖြစ်၏။ ကျောက်ဝမ်ထန်အနေဖြင့် ဤနေရာသို့ မကြာခဏ လာလေ့ရှိသည်မှာ၊ ထိုသူသည်လည်း ဤနေရာ၏ အစုရှယ်ယာရှင်တစ်ဦး ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းမိသည်။

​ဒါပေမဲ့ လင်းကျင်းကတော့ ဒါကို ထုတ်မမေးပါပေ။

​သူ မျှော်လင့်ထားသည့်အတိုင်းပင်၊ ကျောက်ဝမ်ထန်အတွက် ပေးထားသော အခန်းမှာ မေတ္တာရိပ်မြုံရှိ အကောင်းဆုံး အခန်းများထဲမှ တစ်ခု ဖြစ်နေခဲ့သည်။

​မေတ္တာရိပ်မြုံ၏ အတွင်းပိုင်း ဖွဲ့စည်းပုံမှာ ပေသုံးဆယ်ခန့် ကျယ်ဝန်းသော အလယ်ခန်းမဆောင်ကြီးကို ဗဟိုပြု၍ ရေတွင်းတစ်တွင်းသဖွယ် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုခန်းမ အလယ်တွင်တော့ ကချေသည်များ ဖျော်ဖြေရန်အတွက် မြင့်မားသော စင်မြင့်တစ်ခု ရှိနေ၏။

​စားပွဲနှင့် ထိုင်ခုံများကိုတော့ ပတ်ပတ်လည်တွင် ထားရှိထားပြီး၊ ဒုတိယထပ်နှင့် တတိယထပ်များတွင်လည်း ရှိနေခဲ့သည်။

​ဒုတိယထပ်မှစ၍ သီးသန့်ခန်းများ ရှိသော်လည်း၊ ၎င်းတို့ကို သစ်သားအကာများဖြင့်သာ ခြားထားခြင်း ဖြစ်သည်။ စင်မြင့်ဘက်သို့ မျက်နှာမူထားသော ဘက်တွင်တော့ လက်ရန်းများ ရှိနေသဖြင့်၊ ဧည့်သည်တော်များမှာ အောက်ဘက်မှ ဖျော်ဖြေမှုများကို ကောင်းစွာ မြင်တွေ့နိုင်ပေသည်။

​ဒုတိယထပ်ရှိ အခန်းများမှာ အခြားသော အထပ်များထက် ပို၍ ကောင်းမွန်လှပြီး၊ ကျောက်ဝမ်ထန် ရရှိထားသော အခန်းမှာတော့ ဒုတိယထပ်တွင် ရှုခင်းအလှဆုံး အခန်းပင် ဖြစ်၏။

​ကချေသည်များနှင့် အဆိုတော်များမှာလည်း အနီးကပ် ရှိနေသဖြင့်၊ လက်လှမ်းလိုက်ရုံဖြင့် ထိုမိန်းကလေးများကို ထိတွေ့နိုင်သကဲ့သို့ပင် ခံစားရစေသည်။

​“ညီအစ်ကိုလင်း... မေတ္တာရိပ်မြုံရဲ့ စည်းကမ်းကတော့၊ အရက်မသောက်ခင် သူတို့ရဲ့ လက်ဖက်ရည်ကို အရင် မြည်းစမ်းရတာပဲ... သူတို့ရဲ့ လက်ဖက်ရည်ကလည်း တကယ့်ကို ထူးခြားလှသလို၊ တစ်အိုးကို အနည်းဆုံး ငွေပြား ငါးပြားလောက် ပေးရတယ်”

ကျောက်ဝမ်ထန်က တဟားဟား ရယ်မောရင်း ရှင်းပြလိုက်သည်။

​ဤကဲ့သို့သော နေရာမျိုးတွင်တော့ မြို့တော်ဝန်အိမ်တော်၏ တည်ကြည်သော စီမံခန့်ခွဲသူ ပုံစံမျိုးကို ထိန်းသိမ်းထားရန် မလိုအပ်တော့ပါပေ။ သူသည် သီးသန့် တွေ့ဆုံမှုတစ်ခုသို့ ရောက်ရှိနေခြင်း ဖြစ်ရာ၊ သူ၏ စိတ်ကြိုက် လွတ်လပ်စွာ နေထိုင်နိုင်ပေသည်။

​စကားပြောဆိုရာတွင်လည်း အားနာနေရန် မလိုတော့ပါပေ။

​ဒါဟာ သူ၏ စရိုက်အမှန်လည်း ဖြစ်နိုင်သလို၊ လင်းကျင်း၏ စိတ်ကို ပေါ့ပါးသွားစေရန် တမင်တကာ ပြုမူနေခြင်းလည်း ဖြစ်နိုင်ပေသည်။

​လင်းကျင်းသည်လည်း ကျောက်ဝမ်ထန်၏ စေတနာကို သိရှိနေခဲ့၏။

​“လက်ဖက်ရည် တစ်အိုးကို ငါးပြားဆိုရင်တော့၊ အရက်တစ်အိုးက အနည်းဆုံး ပြားငါးဆယ်လောက် ရှိမှာပဲ... ဒီနေ့တော့ အစ်ကိုကျောက်ရဲ့ အိတ်ကပ်ကို ပြောင်သွားအောင် လုပ်မိတော့မယ် ထင်တယ်”

လင်းကျင်းက ရယ်မောလျက် ပြန်ပြောလိုက်သည်။

​ကျောက်ဝမ်ထန်က မကျေနပ်သလိုမျိုး ဟန်ဆောင်ကာ မျက်နှာပျက်ပြလိုက်ပြီး ပြောလိုက်၏။

“ညီအစ်ကိုလင်းကလည်း... ဘာတွေ ပြောနေတာလဲ... ကိုယ့်ညီအစ်ကိုနဲ့အတူ ပျော်ပျော်ပါးပါး နေနေတာကို အဲဒီလို ဖော်ပြချက်မျိုး မသုံးပါနဲ့ဗျာ... ပြားငါးဆယ် မဟုတ်ဘူး၊ ငါးရာ ဖြစ်သွားရင်တောင် ဘယ်သူက ဂရုစိုက်မှာလဲ”

​လင်းကျင်းက သဘောကျစွာ ရယ်မောလိုက်ပြီး လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။

​အမှန်ပင်၊ ဈေးနှုန်းကြီးမြင့်ရခြင်းမှာ လက်ဖက်ရည်၏ အရသာတွင် ပေါ်လွင်နေခဲ့သည်။ ၎င်းမှာ မေပယ်မြို့၏ အကျော်ကြားဆုံး ‘မေပယ်ရနံ့တောင်ကုန်း လက်ဖက်ရည်’ ဖြစ်၏။ နာမည်မှာ မေပယ်လက်ဖက်ရည်ဟု ခေါ်သော်လည်း၊ အမှန်စင်စစ်မှာတော့ သင်းပျံ့သော ရနံ့နှင့် လန်းဆန်းသော အရသာရှိသည့် လက်ဖက်ရည်စိမ်း အမျိုးအစားပင် ဖြစ်သည်။ တစ်ငုံသောက်လိုက်လျှင် နောက်ထပ် ထပ်မံ သောက်ချင်စိတ် ပေါ်လာစေသည်။

​လင်းကျင်းမှာ ဤနေရာသို့ ရောက်နေပြီဖြစ်ရာ၊ အရာရာကို အပြည့်အဝ ခံစားရန်သာ ဆုံးဖြတ်ထားလိုက်၏။

​မေတ္တာရိပ်မြုံတွင် လက်ဖက်ရည်တစ်အိုးကပင် အလွန် စေ့စပ်သေချာလှသည်။ လက်ဖက်ရည် ဖျော်စပ်သည့် ရေကိုပင် တောင်ပေါ်ရှိ စမ်းရေတွင်းများမှ အထူး မှာယူရပြီး၊ နေ့စဉ် မြင်းလှည်းများဖြင့် သယ်ဆောင်လာရခြင်း ဖြစ်သည်။

​ဤအချက်ကြောင့် လင်းကျင်းသည် နောက်ပိုင်းတွင် လာမည့် ဟင်းလျာများကို ပိုမို စိတ်ဝင်စားသွားခဲ့၏။

​ခန်းမဆောင်ကြီးအတွင်း၌ တေးဂီတသံများ စတင် ပေါ်ထွက်လာပြီးနောက်၊ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် မိန်းကလေး ခုနစ်ဦးမှာ စင်မြင့်ပေါ်သို့ တက်လာကြသည်။ သူတို့မှာ ပါးလွှာသော ပဝါများကို ဝတ်ဆင်ထားကြပြီး၊ သူတို့၏ လက်နှင့် ခြေထောက်များတွင် မြည်သံပေးသော ခေါင်းလောင်းလေးများကို ချည်နှောင်ထားကြရာ၊ လှုပ်ရှားလိုက်တိုင်း သာယာသော အသံလေးများ ထွက်ပေါ်လာစေသည်။

​မိန်းကလေး ခုနစ်ဦးစလုံး၏ မျက်နှာပေါ်တွင် ပါးလွှာသော ပဝါများ အုပ်ထားသော်လည်း၊ ထိုအောက်ရှိ လှပသော မျက်နှာများကို အားလုံးက မြင်တွေ့နေကြရသည်။ တေးဂီတသံနှင့်အတူ သူတို့သည် စတင် ကပြကြတော့ရာ၊ အောက်ဘက်ရှိ ဧည့်သည်တော်များ၏ အကြည့်ကို ဆွဲဆောင်ထားနိုင်ခဲ့၏။

​ကျောက်ဝမ်ထန်က လင်းကျင်းကို ခိုးကြည့်လိုက်သောအခါ၊ လင်းကျင်းမှာ ထိုကချေသည်များကို စိတ်ဝင်စားပုံ မရသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။ လင်းကျင်းမှာ သာမန် လူငယ်တစ်ဦးကဲ့သို့ စိတ်လှုပ်ရှားနေသည့် ပုံစံမျိုး လုံးဝ မရှိပါပေ။

​“ညီအစ်ကိုလင်း... မေတ္တာရိပ်မြုံက မိန်းကလေးတွေအားလုံးက အသေအချာ ရွေးချယ်ခံထားရသူတွေပဲ... ဒါပေမဲ့ ညီအစ်ကိုလင်းရဲ့ ဘေးနားမှာ အမြဲတမ်း အလှပဂေးလေးတွေ ဝန်းရံနေတာဆိုတော့၊ ဒီက မိန်းကလေးတွေကိုတော့ ခင်ဗျား မျက်စိထဲ မဝင်ဘူး ထင်တယ်နော်”

ကျောက်ဝမ်ထန်က စနောက်လိုက်၏။

​ဤစကားကို ကြားသောအခါ လင်းကျင်းက ခပ်အေးအေးပင် ရယ်မောလိုက်၏။

“အစ်ကိုကျောက်ကလည်း ကျုပ်ကို မစပါနဲ့ဗျာ... ကျုပ်က သားရဲအကဲဖြတ်ခြင်း သုတေသနမှာပဲ အမြဲ အချိန်ကုန်နေတာဆိုတော့၊ ဒါတွေကို စိတ်မဝင်စားအားပါဘူး”

​ကျောက်ဝမ်ထန် ဘာကို ဆိုလိုသည်ကို လင်းကျင်း ကောင်းကောင်း သိပါသည်။ အမှန်အတိုင်း ပြောရလျှင် သူ၏ ဘေးနားတွင် အလှပဂေးလေးများစွာ ရှိနေသည်မှာ အမှန်ပင်ဖြစ်ပြီး၊ ထိုသူများမှာ မေတ္တာရိပ်မြုံရှိ ကချေသည်များထက် များစွာ ပို၍ လှပကြသည်။

​နေ့စဉ်နေ့တိုင်း ထိုကဲ့သို့သော အလှပဂေးများကို မြင်တွေ့နေရသဖြင့်၊ လင်းကျင်း၏ မျက်စိမှာ အဆင့်မြင့်သွားခဲ့ချေပြီ။ ထိုသူများထက် မသာလွန်သော အလှအပမျိုးကို သူ စိတ်ဝင်စားတော့မည် မဟုတ်ပါပေ။

​အထူးသဖြင့် ရှန်းအာပင် ဖြစ်၏။ ထိုမိန်းကလေး၏ အလှမှာ ပြိုင်ဘက်ကင်းလှပြီး၊ တိုင်းပြည်တစ်ခုကိုပင် ပျက်စီးသွားစေနိုင်သော အလှမျိုး ဖြစ်သည် မဟုတ်ပါလား။

​ထိုမိန်းကလေးများနှင့် အမြဲတမ်း ထိတွေ့နေရသဖြင့်၊ လင်းကျင်း၏ အကြိုက်မှာ အဆင့်မြင့်သွားခဲ့ပြီဟု ဆိုရပေလိမ့်မည်။

​ကျောက်ဝမ်ထန်က ရယ်မောလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ပါပေ။ သူတို့ ကခုန်မှုများကို ကြည့်နေကြစဉ်မှာပင်၊ ကျောက်ဝမ်ထန်က ဆက်ပြောလိုက်၏။

“အခုတော့ အချိန်မကျသေးဘူး၊ နောက်ပိုင်းကျရင် မေတ္တာရိပ်မြုံရဲ့ ပြိုင်ဘက်ကင်း အလှပဂေး ပေါ်လာလိမ့်မယ်... နောက်ဆုံး ပိတ်ပွဲအနေနဲ့ ကပြမယ့် ‘ချွီဝမ်ကျီ’ ကတော့ တကယ့်ကို ဆွဲဆောင်မှု ရှိလှတာဗျ... သူမက ကတတ်၊ ဆိုတတ်ရုံတင် မဟုတ်ဘူး၊ ပန်းချီ၊ ကဗျာ၊ စစ်တုရင်နဲ့ စောင်းတီးတာမှာလည်း အလွန် ကျွမ်းကျင်တာ... ဒီက လူအများစုက သူမကို ကြည့်ဖို့သက်သက် လာကြတာလို့ ကျုပ် အာမခံရဲတယ်”

​ကျောက်ဝမ်ထန် စကားပြောနေစဉ်တွင် သူ၏ မျက်လုံးများထဲ၌ မြတ်နိုးတန်ဖိုးထားသော အရိပ်အယောင်အချို့ ပေါ်ထွက်လာခဲ့၏။

​“အိုး... ဟုတ်လား”

​လင်းကျင်းမှာ ချွီဝမ်ကျီဆိုသော လူကို မသိပါပေ။

​သို့သော်လည်း ကျောက်ဝမ်ထန်က ဤမျှအထိ ချီးကျူးပြောဆိုနေသည်မှာ ထိုသူတွင် ထူးခြားချက် တစ်ခုခု ရှိနေမည်မှာ အသေအချာပင်။ သို့သော်လည်း လင်းကျင်းမှာမူ နောက်ပိုင်းတွင် မြည်းစမ်းရမည့် အရက်နှင့် အစားအသောက်များကိုသာ ပို၍ အာရုံစိုက်နေခဲ့သည်။

​အစားအသောက်အကြောင်း ပြောရလျှင် လင်းကျင်းအနေဖြင့် စားဖိုမှူးကြီး လျောင်ကို မတွေ့ရသည်မှာ အတော်လေး ကြာနေခဲ့ပြီ ဖြစ်သည်။

​စားဖိုမှူးကြီး လျောင်မှာ လွန်ခဲ့သော အချိန်အနည်းငယ်ကပင် ခရီးထွက်သွားခဲ့ရာ၊ သူ ဘယ်ကို ရောက်နေမည်နည်းဟု လင်းကျင်း တွေးနေမိ၏။

​သူ တွေးနေစဉ်မှာပင် လင်းကျင်း၏ နှာခေါင်းထဲသို့ သင်းပျံ့သော ရနံ့တစ်ခု ရောက်ရှိလာခဲ့သည်။

​‘ရောက်လာပြီပဲ’

​တံခါးဘက်သို့ လှည့်ကြည့်လိုက်သောအခါ၊ မိန်းကလေးငယ်တစ်ဦးက ဟင်းလျာအချို့ကို သယ်ဆောင်လာသည်ကို မြင်တွေ့လိုက်ရ၏။

​ဟင်းလျာများမှာ အများကြီး မဟုတ်သော်လည်း၊ တစ်ခုချင်းစီကို အသေအချာ ပြင်ဆင်ထားပြီး အမြင်ရော အနံ့ပါ ပြည့်စုံလှပေသည်။ အထူးသဖြင့် နောက်မှ ပါလာသော အရက်မှာ အလွန်ပင် ကောင်းမွန်လှသည့် အနံ့ ရှိနေခဲ့၏။

​ကချေသည်များနှင့် နှိုင်းယှဉ်လျှင် လင်းကျင်းမှာ သူ၏ ရှေ့ရှိ အစားအသောက်များကိုသာ ပို၍ စိတ်ဝင်စားနေခဲ့သည်။

​“ကဲ... လာပါ ညီအစ်ကိုလင်း... မေတ္တာရိပ်မြုံရဲ့ ထုံးစံကတော့ ဟင်းလျာတွေကို အဆင့်သုံးဆင့်နဲ့ တည်ခင်းတာပဲ... အဆင့်တိုင်းမှာ မတူညီတဲ့ ဟင်းလျာတွေ ပါဝင်လိမ့်မယ်... အခု ဒါတွေကတော့ အမြည်းလေးတွေပေါ့၊ ပါလာတဲ့ အရက်ကတော့ ဇီးအရက်ပါ၊ ဒါက ခင်ဗျားရဲ့ အစာစားချင်စိတ်ကို နှိုးဆွပေးလိမ့်မယ်... အဲဒါပြီးမှ အဓိက ဟင်းလျာတွေ ရောက်လာမှာ”

ကျောက်ဝမ်ထန်က တဟားဟား ရယ်မောရင်း ရှင်းပြလိုက်သည်။

​ထူးခြားသည်မှာ ဟင်းလျာများ လာသည့်အမျှ စင်မြင့်ပေါ်မှ ဖျော်ဖြေမှုများလည်း ပြောင်းလဲသွားခြင်းပင်။

​အစောပိုင်းက မိန်းကလေး ခုနစ်ဦးမှာ စင်မြင့်ပေါ်မှ ဆင်းသွားကြပြီး၊ အခြားသော မိန်းကလေး နှစ်ဦး တက်လာခဲ့ကြသည်။

​ထိုနှစ်ဦးထဲမှ တစ်ဦးမှာ စောင်းတီးနေပြီး၊ အခြားတစ်ဦးမှာ ပုလွေမှုတ်နေခဲ့၏။ သွယ်လျသော လက်ချောင်းလေးများက ကြိုးများကို ခတ်လိုက်တိုင်း ကြည်လင်သာယာသော တေးသံများ ထွက်ပေါ်လာစေသည်။ ထိုသာယာသော ဂီတသံများအပြင်၊ မိန်းကလေး နှစ်ဦးစလုံးမှာလည်း အလွန်ပင် လှပတင့်တယ်လှပေသည်။

​တစ်ချိန်တည်းမှာပင် အောက်ဘက်ရှိ သီးသန့်ခန်းများဆီသို့လည်း ဟင်းလျာများ ရောက်ရှိနေခဲ့ကြရာ၊ ဤအချက်မှာ မေတ္တာရိပ်မြုံ၏ ပုံမှန် လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်ပုံရပေသည်။

​“မြည်းကြည့်ဦးလေ”

ကျောက်ဝမ်ထန်က လင်းကျင်းကို စားရန် တိုက်တွန်းလိုက်၏။ လင်းကျင်းကလည်း ဝန်မလေးဘဲ သူ၏ တူဖြင့် ပဲတောင့်စိမ်းတစ်တောင့်ကို ကောက်ယူလိုက်သည်။ ဟင်းသီးဟင်းရွက်၏ အနံ့ကို အရင်ခံစားပြီးမှ ပါးစပ်ထဲသို့ ထည့်လိုက်ရာ၊ အံ့သြလောက်အောင်ပင် အရသာရှိလှပေသည်။

​ထို့နောက် သူသည် အမဲသားတစ်ဖဲ့ကို ယူကာ ဆော့စ်ထဲတွင် နှစ်လိုက်၏။ နူးညံ့သော အမဲသားမှာ သူ၏ ပါးစပ်ထဲတွင် အရည်ပျော်သွားသကဲ့သို့ပင် ခံစားရစေသည်။

​‘တကယ့်ကို ကောင်းတာပဲ!’

​အခြားအချက်များကို ခေတ္တဖယ်ထားလျှင်ပင်၊ မေတ္တာရိပ်မြုံ၏ အစားအသောက်မှာ လင်းကျင်းအတွက် အမှတ်အပြည့် ပေးချင်လောက်အောင်ပင် ကောင်းမွန်လှပေသည်။

​ဇီးအရက်ကို တစ်ငုံ သောက်လိုက်သောအခါတွင်လည်း၊ ၎င်းမှာ သူ၏ မျှော်လင့်ချက်အတိုင်း ပြည့်စုံလှပေသည်။

​ထိုစဉ် လင်းကျင်းမှာ တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိလိုက်၏။ သူ စားသောက်နေရင်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ၊ စင်မြင့်ပေါ်မှ ဖျော်ဖြေသူများကို မဟုတ်ဘဲ တံခါးမှ အသစ်ဝင်လာသော ဧည့်သည်တစ်ဦးကို ကြည့်လိုက်ခြင်းပင်။

​ထိုသူမှာ ဤတိုက်ကြီးမှ လူတစ်ဦးနှင့် မတူဘဲ ဝတ်စားထား၏။ သူ၏ ကြွက်သားအပြည့်နှင့် ကိုယ်လုံးကိုယ်ပေါက်၊ သားရေဝတ်စုံတို့က လင်းကျင်း၏ သံသယကို အတည်ပြုပေးနေခဲ့သည်။ သူ၏ ဆံပင်များမှာလည်း အလွန်ပင် ထူထဲလှ၏။ ထိုသူသည် ခေါင်းကို မော့ကာ၊ ထောင်လွှားသော အရှိန်အဝါတစ်ခုဖြင့် အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာခဲ့တော့သည်။

All Chapters