← Chapters

အခန်း (၃၀၅-၃၀၆)

Vol. 16 Ch. 305-306

အခန်း (၃၀၅-၃၀၆)

Vol. 16 Ch. 305-306

အခန်း (၃၀၅) - အနောက်ဘက်မှ အလှပဂေး

​လင်းကျင်းသည် ထိုသူ၏ ရုပ်ရည်ကို အာရုံစိုက်နေခြင်း မဟုတ်ဘဲ၊ ထိုသူထံမှ ထွက်ပေါ်နေသည့် မသိမသာသော မိစ္ဆာသားရဲ အရှိန်အဝါကိုသာ သတိပြုမိနေခြင်း ဖြစ်သည်။

​သားရဲအရှင်သခင် စတုတ္ထမြောက်ကျမ်းစာကို လေ့ကျင့်ပြီးနောက်တွင် လင်းကျင်းသည် သားရဲများ၏ အရှိန်အဝါကို အလွန်ပင် အကဲဆတ်စွာ သိရှိနိုင်စွမ်း ရှိလာခဲ့သည်။ အထူးသဖြင့် အလွန်အမင်း ဖုံးကွယ်ထားသည့် အရှိန်အဝါမျိုးကိုပင် သူ ခွဲခြားနိုင်စွမ်း ရှိနေပြီ ဖြစ်၏။

​ထိုလူမှာ တစ်ယောက်တည်း လာခြင်း မဟုတ်ပါပေ။ သူသည် တစ်စုံတစ်ဦး၏ နောက်မှ လိုက်ပါလာခြင်း ဖြစ်ပြီး၊ ရှေ့ကလူထံတွင်တော့ မိစ္ဆာသားရဲ အရှိန်အဝါ မရှိပါပေ။ သို့သော်လည်း ထိုသူမှာ သားရဲကျမ်းစာကို လေ့ကျင့်ထားသူဖြစ်ပြီး သူ၏ အဖော်သားရဲနှင့် ပေါင်းစပ်နိုင်စွမ်း ရှိသည်မှာ ထင်ရှားလှသည်။

​လင်းကျင်းသည် သူ၏ စိတ်ဝိညာဉ်မျက်စိဖြင့် ကြည့်လိုက်သောအခါ၊ ထိုသူ၏ ကိုယ်ပေါ်တွင် ကြီးမားသော အနောက်ဘက်မြွေဟောက်ဘုရင်တစ်ကောင်၏ ပုံရိပ်ယောင်ကို မြင်တွေ့လိုက်ရ၏။

​လင်းကျင်းသည် အနောက်ဘက် ဒေသမှ မြွေဟောက်များအကြောင်းကို သိရှိထားသည်။ ၎င်းတို့မှာ အလွန် အဆိပ်ပြင်းထန်ပြီး ကြမ်းတမ်းသော မြွေကြီးများ ဖြစ်ကြကာ ပေတစ်ရာခန့်အထိ ကြီးမားနိုင်ကြ၏။ ထူထဲသော အကြေးခွံများ ဖုံးလွှမ်းထားသည့် ထိုသားရဲကြီးများသည် အဆောက်အဦးနှင့် အိမ်များကို အလွယ်တကူပင် ရိုက်ချိုးဖျက်ဆီးနိုင်စွမ်း ရှိကြသည်။

​ပို၍ ကြောက်စရာကောင်းသည့် အချက်မှာ ထိုမြွေကြီးများသည် ပေသုံးရာ အကွာအဝေးအထိ အဆိပ်များဖြင့် ပစ်ခတ် တိုက်ခိုက်နိုင်ခြင်းပင်။

​မြက်ခင်းပြင်တိုက်ကြီးတွင်ပင် ထိုမြွေဟောက်မျိုးမှာ ရှားပါးလှပြီး အနောက်ဘက်ပိုင်း ဒေသများတွင်သာ တွေ့ရလေ့ရှိသည်။ သို့သော်လည်း ၎င်းတို့ထဲမှ တစ်ကောင်ချင်းစီမှာ ဂိုဘီသဲကန္တာရ၏ အရှင်သခင်များသဖွယ် အလွန် အစွမ်းထက်ကြ၏။

​စီလျန်းနိုင်ငံ၏ တော်ဝင်မိသားစုဝင်များသာလျှင် ထိုမြွေကြီးများနှင့် သွေးစာချုပ် ချုပ်ဆိုနိုင်သောကြောင့် ၎င်းတို့ကို မြွေဟောက်ဘုရင် ဟုလည်း ခေါ်ဆိုကြပေသည်။

​လင်းကျင်းသည် ဤအချက်အလက်များကို စာအုပ်များထဲတွင် ဖတ်ဖူးထားခြင်း ဖြစ်၏။

​သူတို့ ဝတ်ဆင်ထားသော ဝတ်စုံများကို ကြည့်ခြင်းအားဖြင့် လင်းကျင်းက ဤမျှအထိ တွက်ချက်နိုင်ခြင်းပင်။

​“ညီအစ်ကိုလင်း... ဘာဖြစ်လို့လဲ”

လင်းကျင်းက လက်ရန်းပေါ်မှ ငုံ့ကြည့်နေသည်ကို မြင်သောအခါ၊ ကျောက်ဝမ်ထန်က လင်းကျင်းမှာ စောင်းတီးနေသည့် မိန်းကလေးကို ကြည့်နေသည်ဟု ထင်မှတ်လိုက်၏။

​သို့သော်လည်း မကြာမီမှာပင် ထိုသို့မဟုတ်ကြောင်း သူ သိလိုက်ရသည်။

​“ဘာမှ မဟုတ်ပါဘူး... မြက်ခင်းပြင်တိုက်ကြီးက လူတွေကို ထူးထူးဆန်းဆန်း မြင်လိုက်ရလို့ စပ်စုကြည့်မိတာပါ”

ဆိုကာ လင်းကျင်းက ပြန်လှည့်လာခဲ့သည်။

​သူက ထိုသို့ ပြောလိုက်သော်လည်း၊ လင်းကျင်းသည် သူတို့၏ အရှိန်အဝါကို အတတ်နိုင်ဆုံး စူးစမ်းနေခဲ့၏။

​မိစ္ဆာသားရဲ အရှိန်အဝါ ရှိနေသော ထိုလူမှာ အမှန်တကယ်ပင် မိစ္ဆာအဆင့် သားရဲတစ်ကောင် ဖြစ်ရပေမည်။

​ထို့ပြင် ထိုသူ့ထံမှ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေသဖြင့် ဂရုစိုက်ရပေလိမ့်မည်။

​ထိုလူသစ်များမှာ နိုင်ငံခြားသားများ ဖြစ်ကြသော်လည်း၊ သူတို့၏ ငွေကြေးအမြောက်အမြား သုံးစွဲမှုကြောင့် ဒုတိယထပ်ရှိ လင်းကျင်းတို့ အခန်း၏ ဘေးကပ်လျက် အခန်းသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။ ယခုအခါ လင်းကျင်းသည် ထိုသူတို့၏ အရှိန်အဝါကို ပိုမို ပြတ်သားစွာ ခံစားနေရပြီ ဖြစ်၏။

​သူသည် မိမိ၏ အရှိန်အဝါကို တိတ်တဆိတ် ဖုံးကွယ်ထားပြီး ကျောက်ဝမ်ထန်နှင့် ဆက်လက် စကားပြောနေသော်လည်း၊ ဘေးခန်းမှ လူများကိုတော့ သတိထားနေခဲ့သည်။

​အကယ်၍ သူတို့က ဖျော်ဖြေမှု ကြည့်ရန် လာခြင်းသာ ဆိုလျှင်၊ ဤမျှအထိ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်များကို ထုတ်လွှတ်နေရန် မလိုပါပေ။

​လင်းကျင်းသာမက ကျောက်ဝမ်ထန်သည်လည်း ထိုအချက်ကို ခံစားမိပုံရသည်။

​ကျောက်ဝမ်ထန်၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့၏။ သို့သော်လည်း သူ၏ ကျင့်စဉ်အဆင့်မှာ လင်းကျင်းလောက် မမြင့်မားသဖြင့်၊ ရန်လိုသော အငွေ့အသက်ကိုသာ ခံစားမိပြီး မိစ္ဆာသားရဲ ရှိနေသည်ကိုမူ မသိရှိပါပေ။

​“မေတ္တာရိပ်မြုံမှာ လာပြီး ပြဿနာရှာရဲတဲ့သူ ရှိတယ်ဆိုတော့၊ သူတို့က သေချင်လို့ပဲ ဖြစ်ရမယ်”

ကျောက်ဝမ်ထန်က အရက်တစ်ခွက် သောက်ရင်း ပြောလိုက်သည်။ သူသည် လင်းကျင်း ကြားအောင်ပင် ပြောလိုက်ခြင်း ဖြစ်၏။ လူသတ်လိုသော ဆန္ဒကို ဖုံးကွယ်မထားသည့် ထိုလူများမှာ ပြဿနာရှာရန် လာခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ လင်းကျင်းကဲ့သို့ ကျင့်ကြံသူများ အသင်းမှ ရန်ကျဲကို အနိုင်ယူခဲ့ဖူးသူ တစ်ယောက်အဖို့တော့ ဤအချက်ကို မသိဘဲ နေမည် မဟုတ်ပါပေ။

​“ဒီမှာ အရင်က ပြဿနာရှာတဲ့သူတွေ ရှိဖူးလား”

လင်းကျင်းက မေးလိုက်၏။

​“ရှိတာပေါ့”

ကျောက်ဝမ်ထန်က အေးအေးဆေးဆေးပင် ပြန်ဖြေသည်။

“ဒါပေမဲ့ စိတ်မပူပါနဲ့ ညီအစ်ကိုလင်း... မေတ္တာရိပ်မြုံဆိုတာ ဘယ်သူမဆို စိတ်ကြိုက် လာပြီး ပြဿနာရှာလို့ ရတဲ့ နေရာမျိုး မဟုတ်ပါဘူး... ရှာခဲ့ရင်လည်း ကြီးလေးတဲ့ တန်ဖိုးကို ပြန်ပေးဆပ်ရလိမ့်မယ်”

​လင်းကျင်းက ဆက်လက်၍ မေးကြည့်လိုက်၏။

“အစ်ကိုကျောက်... ခင်ဗျားက ဒီမေတ္တာရိပ်မြုံမှာ အစုရှယ်ယာ ပါနေတာလား”

​“ကျုပ်လား”

ကျောက်ဝမ်ထန်က အံ့သြသွားပြီးမှ ရယ်မောလိုက်သည်။

“ကျုပ်တော့ မပါပါဘူး၊ ဒါပေမဲ့...”

​ကျောက်ဝမ်ထန်က ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လေသံကို လျှော့ကာ ပြောလိုက်၏။

“...မြို့တော်ဝန်ကတော့ ဒီမှာ အစုရှယ်ယာ အနည်းငယ် ပါဝင်ပါတယ်”

​ဒါဟာ အလွန်ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ဖြစ်သော်လည်း၊ ကျောက်ဝမ်ထန်က လင်းကျင်းကို ပြောပြလိုက်ခြင်းပင်။

​ဤအချက်က ကျောက်ဝမ်ထန်သည် လင်းကျင်းအပေါ် မည်မျှအထိ ပွင့်လင်းရိုးသားသည်ကို သက်သေပြနေခဲ့သည်။

​လင်းကျင်း သေချာ စဉ်းစားကြည့်လိုက်သောအခါ၊ မြို့တော်ဝန်ပိုင်က အစုရှယ်ယာ အနည်းငယ်သာ ပိုင်ဆိုင်သည်ဆိုလျှင် ဤနေရာတွင် သူ၏ သြဇာအာဏာမှာ သိပ်မကြီးမားနိုင်ပါပေ။

​ဒါဆိုရင် ဒီနေရာကို တကယ့်ကို ထိန်းချုပ်ထားတဲ့သူက ဘယ်သူဖြစ်မလဲ။

​ထိုသူသည် အနည်းဆုံးတော့ ပိုင်ကျန့်ခုန်းနှင့် အဆင့်အတန်း တူညီသူ သို့မဟုတ် ပို၍ မြင့်မားသူ ဖြစ်ရပေမည်။

​သို့သော်လည်း လင်းကျင်းသည် ကျောက်ဝမ်ထန်က ဤအချက်ကို ပြောပြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါပေ။

​ဒါပေမဲ့ ကျောက်ဝမ်ထန်ကတော့ အမှန်တကယ်ပင် ပြောပြလိုက်၏။

​“ကျုပ်တို့ မြို့တော်ဝန်အပြင်၊ တခြား မြို့တော်ဝန်အချို့လည်း ဒီမေတ္တာရိပ်မြုံမှာ ပါဝင်ပတ်သက်နေကြတယ်... ဒါတင်မကသေးဘူး၊ တခြား မြို့တွေမှာလည်း မေတ္တာရိပ်မြုံတွေ ရှိသေးသလို၊ မြို့တော်က တော်ဝင် အရာရှိကြီးတွေ အများကြီးလည်း ပါဝင်နေကြတာ... ဒါကြောင့် ပြောစမ်းပါဦး... ဘယ်သူက ဒီမှာ လာပြီး ပြဿနာရှာရဲမှာလဲ... ရှာခဲ့ရင်လည်း ဘယ်သူပဲဖြစ်ဖြစ် ကြီးလေးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရမှာပဲ”

​ဒါဟာ တကယ့်ကို ကြီးမားလှသော လျှို့ဝှက်ချက် ဖြစ်သဖြင့်၊ လင်းကျင်းမှာ ကျောက်ဝမ်ထန်က ဤမျှအထိ ပွင့်ပွင့်လင်းလင်း ပြောပြလိမ့်မည်ဟု မထင်ထားခဲ့ပါပေ။

​“ဒီအချက်ကို သိတဲ့သူ အများကြီး မရှိဘူး မဟုတ်လား”

လင်းကျင်းက မေးလိုက်ရာ၊ ကျောက်ဝမ်ထန်က ခေါင်းငြိမ့်ပြလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ပါပေ။

​တချို့သော ကိစ္စရပ်များတွင် အချိန်မီ ရပ်တန့်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်၏။

​ကျောက်ဝမ်ထန်သည် လင်းကျင်း၏ ယုံကြည်မှုကို ရရှိရန်နှင့် လင်းကျင်းကို သူငယ်ချင်းအရင်းအချာကဲ့သို့ သဘောထားကြောင်း ပြသရန်အတွက်သာ ဤမျှအထိ ပြောပြလိုက်ခြင်း ဖြစ်သည်။

​ထို့နောက် သူတို့သည် ဆက်လက် စားသောက်နေကြတော့သည်။ မေတ္တာရိပ်မြုံ၏ စားဖိုမှူးကြီးမှာ စားဖိုမှူးကြီး လျောင် မဟုတ်သော်လည်း၊ သူတို့၏ လက်ရာမှာ သိပ်ပြီး ကွာခြားလှသည်တော့ မဟုတ်ပါပေ။ အနည်းဆုံးတော့ လင်းကျင်းအနေဖြင့် အစားအသောက်များကို ကောင်းစွာ မြိန်ယှက်စွာ စားနိုင်ခဲ့သည်။

​ထိုစဉ် မိန်းကလေးတစ်ဦး၏ သီချင်းဆိုသံမှာ သူတို့၏ နားထဲသို့ ရောက်ရှိလာခဲ့၏။

​ထိုအသံကို ကြားသည်နှင့် ကျောက်ဝမ်ထန်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။

“ချွီဝမ်ကျီ လာပြီ... ညီအစ်ကိုလင်း... ဒီအသံကို နားထောင်ကြည့်စမ်းပါ... တခြား ဘယ်နေရာမှာမှ ဒီလိုမျိုး အသံကို ကြားရမှာ မဟုတ်ဘူး”

​လင်းကျင်းက ခေါင်းငြိမ့်ပြလိုက်၏။

​အမှန်ပင်၊ ထိုမိန်းကလေး၏ အသံမှာ အလွန် ကြည်လင်သာယာလှသည်။ သူမမှာ ဂီတကို ကောင်းစွာ နားလည်သော သူတစ်ဦး ဖြစ်ကြောင်း ထင်ရှားလှ၏။ သူမ၏ သီဆိုမှုမှာ အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလှပေသည်။

​အသံမှာ သာယာလှသော်လည်း၊ လင်းကျင်းအဖို့တော့ သီချင်း၏ အနှစ်သာရမှာ ထိုမျှအထိ ထူးခြားနေခြင်း မရှိပါပေ။

​ဘာပဲဖြစ်ဖြစ် သူသည် အခြားကမ္ဘာမှ ကူးပြောင်းလာသူဖြစ်ရာ၊ သူ၏ ယခင်ဘဝတွင် သီချင်းပေါင်းများစွာကို နားထောင်ခဲ့ဖူးသူ မဟုတ်ပါလား။ ထိုကမ္ဘာနှင့် နှိုင်းယှဉ်လျှင် ဤကမ္ဘာ၏ တေးဂီတမှာ အနည်းငယ် ရှေးကျနေသယောင် ရှိ၏။

​သို့သော်လည်း အခြားသော လူများမှာတော့ လင်းကျင်းကဲ့သို့ အတွေ့အကြုံမျိုး မရှိကြသဖြင့်၊ သူတို့ ကြားနေရသော အသံကို အပြည့်အဝ ခံစားနေကြရသည်။

​အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ လင်းကျင်းသည် ချွီဝမ်ကျီကို မြင်တွေ့လိုက်ရ၏။

​သူ မျှော်လင့်ထားသည့်အတိုင်းပင်၊ သူမမှာလည်း မြို့တစ်မြို့ကို ပျက်စီးသွားစေနိုင်လောက်သော အလှပဂေးတစ်ဦး ဖြစ်နေခဲ့သည်။ သူမ၏ အလှမှာ ကျောက်ရင်းနှင့် လုရှောင်ယုတို့ထက် သာလွန်သော်လည်း၊ ရှန်းအာနှင့် နှိုင်းယှဉ်လျှင်တော့ အနည်းငယ် လိုအပ်နေသေးသည်။ သို့သော်လည်း သူတို့နှစ်ဦးစလုံးမှာတော့ ကိုယ်စီ ဆွဲဆောင်မှု ရှိကြသူများ ဖြစ်ကြ၏။

​ဤ ချွီဝမ်ကျီမှာတော့ ကြည့်ရသည်မှာ ပို၍ သနားစရာကောင်းသော အလှမျိုး ရှိနေခဲ့သည်။ သူမ၏ အမူအရာနှင့် ရုပ်ရည်မှာ လူအများအား မထိန်းချုပ်နိုင်သော ချစ်ခင်မြတ်နိုးစိတ်ကို ဖြစ်ပေါ်စေသလို၊ အမျိုးသားများကိုလည်း သူမအား ကာကွယ်ပေးလိုစိတ် ပြင်းပြလာစေသည်။

​သီချင်းတစ်ပုဒ် ပြီးဆုံးသွားသောအခါ ချွီဝမ်ကျီက ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်၏။ သူမမှာ မေတ္တာရိပ်မြုံ၏ အဓိက ဖျော်ဖြေသူ ဖြစ်ရပေမည်။ သူမ စင်ပေါ်သို့ ရောက်လာသည်နှင့် တစ်အဆောက်အဦးလုံး၏ အငွေ့အသက်မှာ ပြောင်းလဲသွားခဲ့ရသည်။

​အောက်ဘက်တွင်တော့ ဝဝဖိုင့်ဖိုင့် ကုန်သည်ကြီးတစ်ဦးက အရက်မူးမူးဖြင့် အော်ပြောလိုက်၏။

“နတ်သမီးချွီ... မင်းရဲ့ ဒီသီချင်းကို ကျုပ် ဘယ်တော့မှ ရိုးသွားမှာ မဟုတ်ဘူး... အရမ်း သဘောကျတာပဲ....နောက်ပိုင်းကျရင် ကျုပ်တို့အတွက် ကပြဦးမှာလားဗျ... ကျုပ် စောင့်မျှော်နေပါတယ်”

​ချွီဝမ်ကျီက စင်ပေါ်မှနေ၍ ခပ်ဖွဖွလေး ပြုံးပြလိုက်သည်။

“ဒီညမှာ ကပြမှုတွေ ရှိမှာပါ... ဒါပေမဲ့ ကျွန်မ ကပြမှာ မဟုတ်ပါဘူး...ဒီနေ့ မေတ္တာရိပ်မြုံမှာ အနောက်ဘက်ကလာတဲ့ အလှပဂေးတစ်ဦး ရောက်နေတယ်...သူမ ကပြနေတဲ့ အချိန်မှာ ကျွန်မက စောင်းတီးပေးမှာပါ”

​အောက်ဘက်ရှိ လူအုပ်ကြီးမှာ ခဏမျှ မှင်တက်သွားပြီးနောက်၊ ဝေဖန်သံများစွာ ထွက်ပေါ်လာခဲ့သည်။ အချို့က စိတ်ဝင်တစား စောင့်မျှော်နေကြသော်လည်း၊ အချို့ကမူ ကန့်ကွက်နေကြ၏။

​သို့သော်လည်း မေတ္တာရိပ်မြုံမှာ မည်သို့သော နေရာမျိုး ဖြစ်သည်ကို အားလုံးက သိထားကြသဖြင့်၊ ကန့်ကွက်သူများမှာလည်း သူတို့၏ ဒေါသကို ထိန်းထားကြရသည်။

​“အနောက်ဘက်က အလှပဂေးက ဘယ်လောက်တောင် ထူးခြားနေမလဲဆိုတာ ကျုပ်တော့ သိချင်မိသားပဲ”

ကျောက်ဝမ်ထန် အပါအဝင် လူအများအပြားက တွေးနေကြတော့သည်။

​ကျောက်ဝမ်ထန်မှာ ယခုအခါ လည်ပင်းကို ဆန့်ကာ အပြင်သို့ စူးစမ်းကြည့်နေခဲ့၏။

​လင်းကျင်းသည် ကျောက်ဝမ်ထန်အနေဖြင့် ဤချွီဝမ်ကျီကို တစ်မျိုးတစ်ဖုံ မြတ်နိုးနေသည်ကို သိမြင်လိုက်ရသည်။ ကျောက်ဝမ်ထန်က သူ၏ အကြည့်များကို ဖုံးကွယ်ထားသော်လည်း၊ လင်းကျင်းကိုတော့ လှည့်စား၍ မရပါပေ။

​လင်းကျင်းမှာ သားရဲအကဲဖြတ်မှူးတစ်ဦးဖြစ်ရာ၊ သူ၏ မျက်လုံးများမှာ အလွန်ပင် စူးရှလှသည် မဟုတ်ပါလား။

​ထိုစဉ် အနောက်ဘက်မှ အလှပဂေး ထွက်ပေါ်လာခဲ့သည်။

​သူမသည် ဇိမ်ကျလှသော ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် ပဝါအုပ်ထား၏။ သို့သော်လည်း လင်းကျင်းအနေဖြင့် ထိုမိန်းကလေးမှာလည်း ပြိုင်ဘက်ကင်းသော အလှပဂေးတစ်ဦး ဖြစ်မည်ကို အသေအချာ သိလိုက်ရတော့သည်။

အခန်း (၃၀၆) - ပြန်ပေးဆွဲခံရခြင်း

​ဆက်လက်၍ ချွီဝမ်ကျီက စောင်းတီးပေးပြီး အနောက်ဘက်မှ အလှပဂေးလေးက စတင် ကပြတော့သည်။

​တေးဂီတသံမှာ နတ်သက်ကြွေသကဲ့သို့ သာယာလှပြီး ကကွက်မှာလည်း အလွန်ပင် ယဉ်ကျေးသိမ်မွေ့လှသည်မှာ ယုံမှားသံသယ ရှိစရာ မလိုပါပေ။

​ကပြနေစဉ်အတွင်း အနောက်ဘက် အလှပဂေး၏ မျက်နှာပေါ်မှ ပဝါမှာ အလိုအလျောက် ကျွတ်ထွက်သွားပြီး စင်အောက်သို့ လွင့်ပျံကျသွားရာ၊ အောက်ဘက်ရှိ လူအုပ်ကြီးမှာ ထိုပဝါကို ရရှိရန်အတွက် ရုန်းရင်းဆန်းကျဲ ဖြစ်ကာ လုယှက်ကြတော့သည်။

​အနောက်ဘက် အလှပဂေးမှာ သွယ်လျသော ခြေတံလက်တံများ၊ ထင်ရှားသော ရုပ်သွင်ပြင်များ ရှိနေခဲ့၏။ သူမ၏ နှာတံမှာ မြင့်မားပြီး ဆံပင်မှာ အညိုရောင် ရှိကာ မျက်လုံးများမှာမူ နီလာခဲကဲ့သို့ ပြာလွင်နေခဲ့သည်။ သူမ၏ အလှမှာ ဤတိုက်ကြီး၏ စံနှုန်းဖြစ်သော ချွီဝမ်ကျီနှင့် မတူဘဲ တစ်မူထူးခြားသော ဆွဲဆောင်မှု ရှိနေခဲ့၏။ လင်းကျင်းအဖို့တော့ ထိုမိန်းကလေးမှာ ချွီဝမ်ကျီထက် ပိုလှသည်ဟု မဆိုနိုင်သော်လည်း သူမ၏ ဟန်ပန်မှာတော့ တကယ့်ကို ထူးခြားလှပေသည်။

​ကချေသည်တစ်ဦးအနေဖြင့် ထိုမိန်းကလေးမှာ သူမ၏ ပညာရပ်တွင် အဆင့်မြင့်မားသူ ဖြစ်ကြောင်း လင်းကျင်းပင် အသိအမှတ်ပြုလိုက်ရ၏။

​သို့သော်လည်း ရုတ်တရက် အခြေအနေတစ်ခု ပြောင်းလဲသွားခဲ့သည်။

​ဘေးခန်းမှ လူတစ်ယောက်သည် ဝုန်းခနဲ ခုန်ထွက်လာပြီး စင်မြင့်ပေါ်သို့ ဖျတ်ခနဲ ဆင်းသက်လိုက်၏။ ထို့နောက် ဖျော်ဖြေနေဆဲဖြစ်သော မိန်းကလေးနှစ်ဦးစလုံးကို ခါးမှပွေ့ကာ တံခါးဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။

​မည်သူမျှ သူ့ကို မတားဆီးနိုင်ခင်မှာပင် စားပွဲများ ကျိုးပဲ့ကုန်ပြီး ဟင်းလျာများမှာလည်း ဟိုဟိုဒီဒီ လွင့်စင်ကုန်တော့သည်။

​မေတ္တာရိပ်မြုံတွင် လုံခြုံရေးဝန်ထမ်းများနှင့် ကျွမ်းကျင်သူများ ရှိသော်လည်း၊ ထိုသူ၏ ကြမ်းတမ်းသော ခွန်အားကြောင့် အားလုံး လွင့်ထွက်သွားကြရ၏။ ကံမကောင်းသော အချို့မှာမူ ပြင်းထန်သော ရိုက်ချက်ကြောင့် သွေးအန်ကာ ကြမ်းပြင်ပေါ်တွင် သတိလစ်သွားကြတော့သည်။

​“ဒီလူယုတ်မာ..."

ကျောက်ဝမ်ထန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ထိုတရားခံနောက်သို့ ချက်ချင်းပင် လိုက်လံ ဖမ်းဆီးတော့သည်။

​လင်းကျင်း မျက်မှောင်ကြုတ်လိုက်မိ၏။ အောက်ဘက် ခန်းမဆောင်ကြီးမှာ ရုန်းရင်းဆန်းကျဲ ဖြစ်နေသော်လည်း၊ ဘေးခန်းတွင် လူတစ်ယောက်တည်း ရှိနေခြင်း မဟုတ်သည်ကို လင်းကျင်း မှတ်မိနေခဲ့သည်။

​နောက်တစ်စက္ကန့်တွင်တော့ ထိုအခန်းထဲမှ လူအချို့ ထွက်လာခဲ့ကြ၏။ ၎င်းမှာ တောကြီးမြွေဟောက် အရှိန်အဝါရှိသော မြက်ခင်းပြင်တိုက်ကြီးသားနှင့် သူ၏ အစောင့်နှစ်ဦးပင် ဖြစ်သည်။ အစောပိုင်းက မိန်းကလေးများကို ပြန်ပေးဆွဲသွားသော မိစ္ဆာသားရဲမှာ ထိုသူတို့၏ လူဖြစ်ကြောင်း ထင်ရှားလှပေသည်။

​ကျန်ရှိနေသော မြက်ခင်းပြင်သား သုံးဦးမှာ လှောင်ပြုံးပြုံးလျက် ဤနေရာမှ ထွက်ခွာသွားကြတော့သည်။ ယခုအချိန်တွင် မည်သူမျှ သူတို့ကို သတိမထားမိကြပါပေ။

​လင်းကျင်း ခဏမျှ စဉ်းစားကြည့်လိုက်ပြီးနောက် ဤအတိုင်း လွှတ်ထားရန် မသင့်တော်ကြောင်း ဆုံးဖြတ်လိုက်သည်။ အဓိကအားဖြင့် ကျောက်ဝမ်ထန်သည် ချွီဝမ်ကျီအပေါ် မည်မျှအထိ သံယောဇဉ်ရှိသည်ကို လင်းကျင်း သိမြင်ထားခြင်းကြောင့်ပင်။ သို့မဟုတ်ပါက ကျောက်ဝမ်ထန်အနေဖြင့် ဧည့်သည်တော်ကို ထားခဲ့ပြီး ထိုပြန်ပေးဆွဲသူနောက်သို့ အသည်းအသန် လိုက်သွားလိမ့်မည် မဟုတ်ပါပေ။ ထို့ကြောင့် လင်းကျင်းအနေဖြင့် ဒီအတိုင်း ကြည့်မနေနိုင်တော့ပါ။

​ထို့ကြောင့် သူသည် ထိုတရားခံ သုံးဦး၏ လမ်းကို ပိတ်ဆို့ရန် ခုန်ဆင်းလိုက်တော့သည်။

​“မိတ်ဆွေတို့... ဒီအတိုင်း ထွက်သွားကြတော့မလို့လား”

လင်းကျင်း၏ လေသံမှာ ယဉ်ကျေးသော်လည်း၊ သူ ရင်ဆိုင်နေရသော လူများမှာမူ ထိုသို့ မဟုတ်ပါပေ။

​အစောင့်အဖြစ် ဝတ်ဆင်ထားသော လူနှစ်ဦးမှာ ဘယ်နှင့်ညာ ရှေ့သို့ တိုးလာကြပြီး၊ တစ်ဦးက လက်သီးဖြင့် ထိုးကာ အခြားတစ်ဦးက လက်ဝါးဖြင့် တွန်းထုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ထိုသာမန်လူသား နှစ်ဦး၏ တိုက်ကွက်မှာ ပေါင်းစပ်သွားပြီး ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့၏။ လင်းကျင်း၏ မျက်စိထဲတွင် ကြီးမားသော မြက်ခင်းပြင်ဆင်ကြီး တစ်ကောင် သူ့ထံသို့ ပြေးဝင်လာသကဲ့သို့ပင် မြင်တွေ့လိုက်ရသည်။

​တွေ့သည်နှင့် တိုက်ခိုက်ခြင်းပင်။

​ဤမြက်ခင်းပြင်တိုက်ကြီးသားများမှာ တကယ့်ကို ရိုင်းစိုင်းလှပေသည်။

​လင်းကျင်းအနေဖြင့် ပေါ့ပေါ့ဆဆ နေ၍ မရတော့ပါပေ။ ပြင်းထန်သော စွမ်းအားမှာ သူ့ထံသို့ တည့်တည့် တိုးဝင်လာနေပြီ ဖြစ်၏။ သူသည် ရှောင်ဟော့၏ စွမ်းအားကို ထိန်းညှိလိုက်ပြီး၊ ဘယ်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ညာလက်ဝါးကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ သူတို့၏ လက်သီးနှင့် လက်ဝါးများ ထိတွေ့သွားသောအခါ၊ ရေခဲနှင့် မီးတောက် စွမ်းအင်များမှာ ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

​ဤကဲ့သို့ အရေးကြီးသော အခြေအနေတွင် ၎င်းမှာ လင်းကျင်း ပြုလုပ်နိုင်သည့် အမြန်ဆုံး တန်ပြန်တိုက်စစ်ပင် ဖြစ်၏။ ထိုလူနှစ်ဦး၏ ပေါင်းစပ်တိုက်ကွက်မှာ အမှန်တကယ်ပင် ပြင်းထန်လှပြီး၊ ရိုက်ခတ်မှုကြောင့် လင်းကျင်းမှာ အရွယ်ရောက်ပြီး ဆင်တစ်ကောင်၏ ဖိအားဖြင့် အတိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

​လင်းကျင်းမှာ နောက်သို့ လွင့်ထွက်သွားပြီး သူ၏ နောက်ကွယ်ရှိ သစ်သားအကာကို ဝင်တိုက်မိသွားတော့သည်။

​“မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ”

အလယ်မှ လူက လှောင်ပြုံးပြုံးကာ ထွက်ခွာသွား၏။ သူ၏ လက်အောက်ငယ်သားများမှာမူ နာကျင်နေသော အမူအရာဖြင့် သူ့နောက်သို့ အပြေးလိုက်သွားကြသည်။ သူတို့လည်း နာကျင်နေကြသည်မှာ ထင်ရှားလှပေသည်။

​အပြင်သို့ ရောက်သောအခါ ထိုအလယ်အလတ်အရွယ် လူက တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားသဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ “မင်းတို့နှစ်ယောက် ဘာဖြစ်တာလဲ”

​“ယန်ဘုရင်... စောစောက လူက သာမန် မဟုတ်ဘူး... ကျွန်တော်တို့ လက်မောင်းတွေကို အခု ခံစားလို့ မရတော့ဘူး၊ ပြီးတော့...”

လက်အောက်ငယ်သား နှစ်ဦးမှာ ချွေးပြန်လျက် နာကျင်စွာ ပြောလိုက်ကြသည်။

​သူတို့၏ လက်မောင်းများကို သေချာကြည့်လိုက်လျှင်၊ တစ်ဖက်မှာ ခဲမတတ် အေးစက်နေပြီး အခြားတစ်ဖက်မှာမူ မီးလောင်ထားသကဲ့သို့ မည်းနက်နေသည်ကို မြင်တွေ့ရမည် ဖြစ်၏။

​“အသုံးမကျတာ”

‘ယန်ဘုရင်’ ဟု အခေါ်ခံရသူက ဟောက်လိုက်သည်။ ထို့နောက် သူသည် သူ၏ ခြေလှမ်းများကို မြှင့်လိုက်ရာ၊ လက်အောက်ငယ်သားများမှာလည်း အံကြိတ်ကာ နောက်မှ လိုက်ကြတော့သည်။ သူတို့မှာ ဖြစ်ပေါ်နေသော ရုန်းရင်းဆန်းကျဲမှုကို အခွင့်ကောင်းယူကာ မြို့ပြင်သို့ ထွက်ပြေးရန် ကြိုးစားနေကြခြင်းပင်။

​သို့သော်လည်း သူတို့ မသိလိုက်သည်မှာ တစ်စုံတစ်ဦးက သူတို့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေခြင်းပင် ဖြစ်၏။

​၎င်းမှာ လင်းကျင်းပင် ဖြစ်သည်။

​လင်းကျင်းသည် အစောပိုင်းက သတိမထားမိဘဲ နောက်သို့ လွင့်ထွက်သွားခဲ့ရသည်။ သူတို့၏ ခွန်အားမှာ သူ မျှော်လင့်ထားသည်ထက် ပိုနေခဲ့သလို၊ ပေါင်းစပ်တိုက်ကွက်ကိုလည်း တစ်ခါမျှ မရင်ဆိုင်ဖူးသဖြင့် အနည်းငယ်တော့ အထိနာသွားခဲ့ရ၏။

​သို့သော်လည်း ထိုမြက်ခင်းပြင်သား နှစ်ဦးက ပို၍ အထိနာသွားခဲ့ခြင်း ဖြစ်သည်။

​လင်းကျင်းမှာ နောက်သို့ လွင့်ထွက်သွားပြီး အနည်းငယ်သာ ဒဏ်ရာရခဲ့သော်လည်း၊ ထိုသူနှစ်ဦးမှာမူ သူတို့၏ လက်မောင်းများကို နောက်ပိုင်းတွင် အသုံးပြုနိုင်တော့မည် မဟုတ်ပါပေ။ ထို့ကြောင့် လင်းကျင်းကသာ အသာစီး ရခဲ့ခြင်းပင်။

​ဒါပေမဲ့ သူ အခု အတော်လေး စိတ်တိုနေခဲ့သည်။

​အလွန် စိတ်တိုနေခဲ့၏။

​သူက မေးခွန်းတစ်ခု မေးရုံသာ ရှိသေးသော်လည်း၊ သူ ပြန်ရလိုက်သည့် အဖြေမှာ ကြမ်းတမ်းသော တိုက်ခိုက်မှုသာ ဖြစ်သည်။ ၎င်းမှာ လင်းကျင်းဖြစ်နေ၍သာ တော်သေးတော့သည်၊ အကယ်၍ အခြားသော သာမန်လူတစ်ဦးသာဆိုလျှင် ထိုတိုက်ကွက်ကြောင့် သေဆုံးသွားနိုင်သည် မဟုတ်ပါလား။

​ထိုသနားစရာကောင်းသော လူ၏ အရိုးများမှာ မှုန့်မှုန့်ညက်ညက် ကြေမွသွားပြီး သူ၏ မိသားစုကိုပင် ပြန်တွေ့နိုင်တော့မည် မဟုတ်ပါပေ။

​ဒါဟာ လင်းကျင်းကို စိတ်တိုစေသည့် အချက်ပင်။ ဤကိစ္စမှာ ကျောက်ဝမ်ထန်နှင့် ပတ်သက်နေသည်ကို ထားလိုက်ဦးတော့၊ မပတ်သက်လျှင်ပင် လင်းကျင်းအနေဖြင့် ဤလူများကို အလွတ်ပေးမည် မဟုတ်ပါပေ။

​သူသည် ကိုယ်ရောင်ဖျောက်ခြင်း အစွမ်းကို အသုံးပြုကာ တိမ်လွှာစီးနင်းခြင်းဖြင့် သူတို့နောက်သို့ လိုက်ပါခဲ့သည်။ ထိုမြက်ခင်းပြင်သားများ မည်မျှပင် မြန်မြန်ပြေးပါစေ၊ မြို့ပြင်သို့ ရောက်နေပါစေ၊ လင်းကျင်းကိုတော့ ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်ပါပေ။

​လင်းကျင်းနှင့် ရင်ဆိုင်လိုက်ရခြင်းကြောင့် ထိုမြက်ခင်းပြင်သားများမှာ မေပယ်မြို့တွင် ကျွမ်းကျင်သူများ ရှိနေကြောင်း သိရှိသွားကြပြီ ဖြစ်၏။ ထို့ကြောင့် ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ပါပေ။ သူတို့မှာ အသေအချာ စီစဉ်ထားပြီးသားဖြစ်ရာ၊ ဤအရှိန်ဖြင့်ဆိုလျှင် မည်သည့် ကျွမ်းကျင်သူမျှ သူတို့ကို အချိန်မီ တားဆီးနိုင်မည် မဟုတ်ဟု ထင်နေကြသည်။ အမှန်စင်စစ်မှာလည်း ပြန်ပေးဆွဲခံရချိန်မှ ယခုအချိန်အထိ ခဏလေးသာ ရှိသေးသည် မဟုတ်ပါလား။

​မြို့ပြင်သို့ ရောက်သောအခါ သူတို့သည် အနောက်ဘက်သို့ ဆက်လက် ထွက်ပြေးကြတော့သည်။ အမှန်စင်စစ် လင်းကျင်းအနေဖြင့် သူတို့ကို မြို့ရိုးအတွင်း၌ပင် တားဆီးနိုင်ခဲ့ပါသည်။

​သို့သော်လည်း သူက ထိုသို့ မလုပ်ခဲ့ပါပေ။

​စောစောက ပြောခဲ့သလိုပင် လင်းကျင်းမှာ စိတ်တိုနေသဖြင့်၊ ထိုလူများ ဘာလုပ်ရန် ကြံစည်နေသည်ကို အရင်ဆုံး သိရှိအောင် လုပ်ပြီးမှ အရေးယူရန် ဆုံးဖြတ်ထားခြင်း ဖြစ်၏။ သူတို့ ဘာကိုပဲ ရည်ရွယ်နေပါစေ၊ သူ့ကို စိတ်တိုအောင် လုပ်ခဲ့သည့်အတွက် သူကတော့ အရာအားလုံးကို ဖျက်ဆီးပစ်မည်သာ ဖြစ်သည်။

​ထိုလူသုံးဦးမှာ တစ်ခုခုကို ဆွေးနွေးနေကြစဉ်၊ လင်းကျင်းသည် သူတို့၏ အထက်တွင် လမ်းလျှောက်နိုင်သော တိမ်လွှာလှေကားထစ် အစွမ်းကို အသုံးပြုကာ လိုက်ပါနေခဲ့၏။

​အပြင်ဘက်မှာ မှောင်မည်းနေသလို၊ လင်းကျင်းကလည်း ကိုယ်ရောင်ဖျောက်ထားသဖြင့် ထိုလူသုံးဦးမှာ လင်းကျင်း ရှိနေသည်ကို လုံးဝ မသိကြပါပေ။

​“မင်းတို့နှစ်ယောက် တောင့်ခံနိုင်သေးရဲ့လား”

ယန်ဘုရင်က မကျေမနပ် လေသံဖြင့် မေးလိုက်သည်။

​“ဟုတ်ကဲ့... ယန်ဘုရင်... ကျွန်တော်တို့ တောင့်ခံနိုင်ပါတယ်”

ဒဏ်ရာရထားသော အစောင့်များမှာ ‘ဟင့်အင်း’ ဟု ဘယ်လိုလုပ် ပြောရဲပါမည်နည်း။ သူတို့၏ သခင်မှာ မည်သို့သော စရိုက်မျိုး ရှိသည်ကို သူတို့ ကောင်းကောင်း သိကြသည်။ အကယ်၍ သူတို့က အနှောင့်အယှက် ဖြစ်နေသည်ဟု ယူဆလျှင် ထိုသူက သူတို့ကို ဒီအတိုင်း ပစ်ထားခဲ့မည်သာ ဖြစ်၏။ ထို့ကြောင့် နာကျင်မှုကို မခံစားနိုင်လျှင်ပင် အံကြိတ်ကာ အောင့်ထားကြရတော့သည်။

​“ဟွန်း... ကျောက်စိမ်းနဂါးနိုင်ငံမှာ ကျွမ်းကျင်သူ အများကြီး မရှိဘူး၊ အထူးသဖြင့် မေပယ်မြို့မှာပေါ့... တိုက်ခိုက်နိုင်တဲ့ ရဲ့ယွီကျိုး တစ်ယောက်ပဲ ရှိတယ်လို့ ကြားဖူးတယ်၊ ကျန်တဲ့လူတွေကတော့ ဘာမှ မလုပ်နိုင်ကြဘူး... စောစောက ငါတို့ကို တားတဲ့ ကောင်လေးကတော့ ရဲ့ယွီကျိုး မဟုတ်တာ သေချာတယ်... နာမည်မရှိတဲ့ ကလေးတစ်ယောက် လက်ထဲမှာမှ ဒဏ်ရာရလာရတယ်လို့... မင်းတို့လို အရှုံးသမားတွေကို ပြန်ရောက်ရင် အပြစ်ပေးရမယ်... ဒါပေမဲ့ ဒီနေ့တော့ ငါ စိတ်ကောင်းဝင်နေတယ်... တီလီကို ပြန်ခေါ်သွားနိုင်ရုံတင် မဟုတ်ဘဲ၊ ဒီတိုက်ကြီးက အလှပဂေးလေးကိုပါ ခေါ်သွားနိုင်တာပဲ... ဟားဟား.. ဒါကြောင့် စိတ်မပူကြနဲ့... ပြန်ရောက်ရင် ဆုလာဘ်တွေပဲ စောင့်နေလိမ့်မယ်”

​ယန်ဘုရင်မှာ အလွန်ပင် စိတ်ကြည်လင်နေပုံရပြီး တဟားဟား ရယ်မောနေခဲ့သည်။

​အစောင့်များမှာလည်း သက်ပြင်းချနိုင်သွားကြပြီး ချက်ချင်း မြှောက်ပင့်လိုက်ကြ၏။

“အလှပဂေးအသစ်တွေကို ရရှိတဲ့အတွက် ယန်ဘုရင်ကို ဂုဏ်ပြုပါတယ်ခင်ဗျာ... ယန်ဘုရင်ရဲ့ ကိုယ်လုပ်တော်တွေထဲကို နောက်ထပ် မိန်းကလေး နှစ်ယောက် ထပ်တိုးလာပြန်ပြီပေါ့”

​ဤစကားက ယန်ဘုရင်ကို ပို၍ပင် သဘောကျသွားစေပုံရသည်။

​“ဟားဟား... မင်းတို့ ပြောတာ မှန်တယ်... ငါ့ရဲ့ ကိုယ်လုပ်တော်တွေ ထားဖို့အတွက် အိမ်တော်အသစ်အချို့ ထပ်ဆောက်ရဦးမယ်... ပြီးတော့ ဟို တီလီ ဆိုတဲ့ မိန်းကလေးကိုလည်း သင်ခန်းစာ ပေးရဦးမယ်... ငါ့ရဲ့ လက်ထပ်ခွင့် တောင်းဆိုမှုကို ငြင်းပြီး ဒီလို ညစ်ပတ်တဲ့ နေရာမျိုးမှာ လာအလုပ်လုပ်ရဲတယ်လို့... သူမကို သင်ခန်းစာ မပေးရရင် ငါ့ရဲ့ ဒေါသက ဘယ်တော့မှ ပြေမှာ မဟုတ်ဘူး”

မိမိကို စိတ်အနှောင့်အယှက် ဖြစ်စေသည့် အကြောင်းအရာကို ရောက်သွားသောအခါ၊ ယန်ဘုရင်၏ လေသံမှာ လူသတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။ သူ၏ လက်အောက်ငယ်သားများမှာမူ မှားယွင်းသော စကားပြောမိ၍ သခင်၏ ဒေါသနှင့် ထိတွေ့မည်ကို ကြောက်သဖြင့် တိတ်ဆိတ်နေကြတော့သည်။

All Chapters