အခန်း (၃၀၉-၃၁၀)
Vol. 16 Ch. 309-310
အခန်း (၃၀၉) - နည်းဗျူဟာများ
ကောင်းကင်ယံရှိ ထိုမျက်လုံးကြီးကို လင်းကျင်းမှလွဲ၍ မည်သူမျှ သတိမထားမိကြသလို၊ လင်းကျင်းကိုယ်တိုင်လည်း သူတို့ကို ပြောပြရန် ရည်ရွယ်ချက် မရှိပါပေ။
ပြောပြလိုက်ရုံဖြင့်လည်း ဘာမှ ထူးခြားသွားမည် မဟုတ်သောကြောင့်ပင်။
ထိုမျက်လုံးကြီးမှာ နက်နဲဆန်းကြယ်လှသော်လည်း လင်းကျင်းအနေဖြင့် ခန့်မှန်းခြေတစ်ခုကိုတော့ ထွက်ဆိုနိုင်ခဲ့၏။ မိစ္ဆာကျားသစ်ကို မြက်ခင်းပြင်သား သုံးဦးက ထိန်းချုပ်ထားခြင်းဖြစ်ရာ၊ ဤသားရဲအပေါ် ကျွန်တံဆိပ် ခတ်နှိပ်ခဲ့သူမှာ ထိုသူတို့နှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေသူ ဖြစ်ရပေမည်။
လင်းကျင်းသည် ကျားသစ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခဏမျှ စဉ်းစားကာ ထိုသားရဲ၏ နောက်ကြောင်း ရာဇဝင်ကို မေးမြန်းလိုက်တော့သည်။
ကျားသစ်သည် လင်းကျင်းကို နတ်ဘုရားဆရာကြီးတစ်ဦးကဲ့သို့ မှတ်ယူထားသဖြင့် သူ၏ စိတ်ထဲတွင် လေးစားမှုတစ်ခုသာ ရှိနေခဲ့၏။ ထို့ပြင် လင်းကျင်းက သူ၏ ကျွန်တံဆိပ်ကို ဖြေဖျောက်ပေးခဲ့သည့် ကျေးဇူးကြောင့်လည်း သူသည် လင်းကျင်း၏ မေးခွန်းမှန်သမျှကို မကွယ်မဝှက်ဘဲ ဖြေကြားတော့သည်။
လင်းကျင်းသည် ကျားသစ်၏ နောက်ကြောင်းနှင့်အတူ မြက်ခင်းပြင်သား သုံးဦး၏ အကြောင်းကိုပါ သိရှိလိုက်ရ၏။
သူတို့မှာ မြက်ခင်းပြင်တိုက်ကြီးရှိ အနောက်နိုင်ငံမှ လာကြသူများ ဖြစ်သည်။
အနောက်နိုင်ငံမှာ မြက်ခင်းပြင်တိုက်ကြီး၏ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်၏။ ၎င်း၏ အတိုင်းအတာနှင့် စစ်အင်အားမှာ ကျောက်စိမ်းနဂါးနိုင်ငံကိုပင် လွှမ်းမိုးထားနိုင်ပြီး၊ ယန်ဘုရင်မှာ ထိုနိုင်ငံ၏ ဘုရင်တစ်ဆယ့်သုံးပါးထဲမှ တစ်ပါး ဖြစ်သည်။
အနောက်နိုင်ငံ၏ အုပ်ချုပ်ပုံမှာ ကျောက်စိမ်းနဂါးနိုင်ငံနှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။ ရှေးယခင်ကတည်းက အနောက်နိုင်ငံတွင် ဘုရင်တစ်ဆယ့်သုံးပါး ရှိခဲ့၏။ အချို့မှာ အမှန်တကယ် အာဏာရှိသော်လည်း၊ အချို့မှာမူ ဘိုးဘွားများထံမှ ရရှိခဲ့သော စည်းစိမ်နှင့် ဘွဲ့အမည်ကို အသုံးချကာ ဂုဏ်မောက်နေကြသူများသာ ဖြစ်သည်။
ယန်ဘုရင်မှာ ဒုတိယအမျိုးအစားထဲတွင် ပါဝင်နေခဲ့၏။
သူသည် မိမိနိုင်ငံအတွင်း၌ အာဏာမရှိသော ဘုရင်တစ်ပါးမျှသာ ဖြစ်သော်လည်း၊ သူ၏ အဆင့်အတန်းနှင့် စည်းစိမ်မှာမူ သာမန် အနောက်နိုင်ငံသားများနှင့် နှိုင်းယှဉ်၍ မရပါပေ။
ဥပမာအားဖြင့် ယန်ဘုရင် ထိန်းချုပ်ထားသော နယ်မြေမှာ မေပယ်မြို့ထက် နှစ်ဆ၊ သုံးဆခန့် ပိုမို ကြီးမားလှသည်။
၎င်းမှာ အနောက်နိုင်ငံတွင် မြေနေရာ အလွန်ကျယ်ဝန်းသော်လည်း လူဦးရေ နည်းပါးကာ တောင်တန်းများ ပေါများလွန်းသောကြောင့်ပင်။
ယန်ဘုရင်သည် အခြားသော ဘုရင်များနှင့် မယှဉ်ပြိုင်ရဲသော်လည်း၊ သူ၏ နယ်မြေအတွင်းရှိ ပြည်သူများအပေါ်တွင်မူ ရက်စက်ကြမ်းကြုတ်ကာ အာဏာပြတတ်သူ ဖြစ်သည်။ အထူးသဖြင့် သူသည် ကာမဂုဏ်ကို အလွန် လိုက်စားသူ ဖြစ်၏။ ပြည်သူများထံမှ အတင်းအဓမ္မ ကောက်ခံထားသော အခွန်ငွေများစွာကို သူ၏ ကိုယ်လုပ်တော်များအတွက် အိမ်တော်ဆောက်ရာတွင် အသုံးပြုလေ့ရှိပြီး၊ ယခုအခါ သူ့တွင် ကိုယ်လုပ်တော် တစ်ရာကျော် ရှိနေပြီ ဖြစ်သည်။
ယခုတစ်ကြိမ်တွင် သူသည် တီလီကို ဖမ်းဆီးရန်အတွက် ဤမျှအထိ ဝေးလံသော ခရီးကို လာခဲ့ခြင်းပင်။
“တီလီ"
လင်းကျင်းသည် အစောပိုင်းက အနားသို့ ရောက်လာသော အနောက်ဘက် အလှပဂေးလေးကို တစ်ချက်ကြည့်လိုက်၏။ ထိုမိန်းကလေးမှာ သူတို့ ပြောနေသည့် ‘တီလီ’ ဖြစ်ကြောင်း သူ သိလိုက်ရသည်။
မှန်ပါသည်... အမျိုးသားအများစုမှာ လှပသော အမျိုးသမီးများကို လိုချင်တပ်မက်ကြစမြဲပင်။ သို့သော် ကျောက်စိမ်းနဂါးနိုင်ငံမှာ အနောက်နိုင်ငံနှင့် မိုင်ပေါင်း ထောင်ချီ၍ ဝေးကွာနေခဲ့ရာ၊ အမျိုးသမီးတစ်ဦးတည်းအတွက်နှင့် ဤမျှအထိ ဝေးလံသော ခရီးကို လာခဲ့သူမျိုးကို လင်းကျင်း ပထမဆုံး မြင်ဖူးခြင်း ဖြစ်၏။
အနောက်နိုင်ငံမှ အမျိုးသမီးများမှာ ရဲရင့်ကြသူများအဖြစ် ကျော်ကြားကြပြီး တီလီမှာလည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ယန်ဘုရင်၏ ကိုယ်လုပ်တော်အဖြစ် အသုံးတော်ခံရမည့် အရေးကို အလွန်အမင်း ရွံရှာသဖြင့် သူမသည် ထွက်ပြေးလာခဲ့ခြင်း ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် သူမတွင် အစွမ်းရှိသောကြောင့်သာ လွတ်မြောက်လာခြင်း ဖြစ်ရပေမည်။ အကယ်၍ အခြားသူသာဆိုလျှင် အနောက်နိုင်ငံ၏ နယ်စပ်ကိုပင် ကျော်နိုင်လိမ့်မည် မဟုတ်ပါပေ။
“နှုတ်ဆက်ပါတယ် ဆရာကြီး”
တီလီသည် ဤတိုက်ကြီး၏ ယဉ်ကျေးမှုအတိုင်း နူးညံ့သိမ်မွေ့သော အမူအရာဖြင့် အရိုအသေ ပေးလိုက်သည်။
လင်းကျင်း ခေါင်းငြိမ့်ပြလိုက်ပြီးနောက် မိစ္ဆာကျားသစ် လင်းပေါင်ကို ဆက်လက် မေးမြန်းလိုက်၏။
လင်းပေါင်ဆိုသည်မှာ ကျားသစ်က သူ့ဘာသာ ရွေးချယ်ထားသော အမည်ဖြစ်၏။ ‘လင်း’ဟူသော မျိုးရိုးနာမည်ကို ရွေးချယ်ရခြင်းမှာ သူသည် တောအုပ်ထဲတွင် မွေးဖွားလာခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် ‘တောအုပ်’ ကို ကိုယ်စားပြုသော ‘လင်း’ ကို မျိုးရိုးအဖြစ် သုံးကာ၊ ‘ကျားသစ်’ ဟု အဓိပ္ပာယ်ရသော ‘ပေါင်'ကို အမည်အဖြစ် သုံးစွဲခဲ့ခြင်း ဖြစ်၏။
လွန်ခဲ့သော အနှစ်ခြောက်ဆယ်ခန့်က လင်းပေါင်သည် အနောက်နိုင်ငံမှ ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ခဲ့ရပြီး တိုက်ကွက် သုံးကွက်အတွင်းမှာပင် ရှုံးနိမ့်ခဲ့ရသည်။ ထို့နောက် သူ၏ ကိုယ်ပေါ်တွင် ကျွန်တံဆိပ် အခတ်ခံလိုက်ရပြီး ယန်ဘုရင်၏ ဖခင်ထံသို့ လက်ဆောင်အဖြစ် အပို့ခံခဲ့ရခြင်း ဖြစ်၏။ လင်းပေါင်အနေဖြင့် ယန်ဘုရင်၏ အိမ်တော်တွင် အမှုထမ်းခဲ့ရသည်မှာ နှစ်ပေါင်း ငါးဆယ်ခန့် ရှိပြီ ဖြစ်သည်။
ပြီးခဲ့သော နှစ်ငါးဆယ်အတွင်း သူသည် ကိရိယာတစ်ခုကဲ့သို့သာ ဆက်ဆံခံခဲ့ရပြီး၊ သူ၏ စိတ်ထဲတွင် ရှိနေသော လူသတ်လိုသည့် ဆန္ဒနှင့် ဒေါသများမှာ ထိုသို့ အနှိပ်စက်ခံရခြင်း၏ ရလဒ်များပင် ဖြစ်၏။
အမှန်ပင်... ထိုဒေါသများကို ယန်ဘုရင်၏ မျိုးနွယ်စုအပေါ်တွင်သာ ပုံချချင်နေခဲ့ခြင်းပင်။
ယန်ဘုရင်၏ ရက်စက်သော စရိုက်ကြောင့် သူသည် အစေခံများကို နှိပ်စက်သကဲ့သို့ လင်းပေါင်ကဲ့သို့သော မိစ္ဆာသားရဲများကိုလည်း ပို၍ပင် နှိပ်စက်ခဲ့သည်။ နှစ်ပေါင်း ငါးဆယ်တိုင်တိုင် လင်းပေါသည် ထိုသားအဖနှစ်ဦး၏ စိတ်ကူးမယဉ်နိုင်သော နှိပ်စက်မှုများကို ခံခဲ့ရ၏။ သို့သော်လည်း ကျွန်တံဆိပ်ကြောင့် သူသည် ထိုမတရားမှုများကို ပြန်လည် မတုံ့ပြန်နိုင်ခဲ့ပါပေ။
ယခုအခါ ကျွန်တံဆိပ် ပြုတ်သွားပြီဖြစ်ရာ၊ လင်းပေါင်မှာ ဝမ်းသာနေရုံသာမက ကလဲ့စားချေရန်လည်း ရည်ရွယ်ထားခဲ့သည်။
သို့သော်လည်း နှစ်ပေါင်း တစ်ရာကျော် ကျင့်ကြံထားသော မိစ္ဆာသားရဲဖြစ်သဖြင့် သူသည် ဆင်ခြင်တုံတရား ရှိနေခဲ့၏။ သူ ကလဲ့စားချေချင်လျှင်ပင် ဤနတ်ဘုရားဆရာကြီး၏ ရှေ့တွင်တော့ လုပ်လိမ့်မည် မဟုတ်ပါပေ။
“ငါ့ကို နတ်ဘုရားဆရာကြီးလို့ မခေါ်ပါနဲ့... ငါက နတ်ဘုရား မဟုတ်ဘူး”
လင်းကျင်းက လင်းပေါင်ကို ကြည့်ကာ ပြောလိုက်သည်။ ကျားသစ်မှာ အမှန်တကယ်ပင် ကျေးဇူးတင်နေပြီး ဒူးထောက်နေဆဲဖြစ်သဖြင့် လင်းကျင်းက တိုက်တွန်းလိုက်၏။
“ဒူးထောက်မနေပါနဲ့တော့၊ ထလိုက်ပါဦး”
ထိုအခါမှသာ လင်းပေါင်သည် ထရပ်ရဲတော့သည်။
“ဒါဆိုရင် ကျွန်တော်လည်း ဆရာကြီးလို့ပဲ ခေါ်ပါ့မယ်”
တီလီက ထိုသို့ ခေါ်သည်ကို ကြားလိုက်ရသဖြင့် လင်းပေါင်ကလည်း လိုက်၍ ခေါ်လိုက်ခြင်းပင်။
ထိုစဉ် တောအုပ်ထဲမှ ဒေါသတကြီး အော်ဟစ်သံများကို ကြားလိုက်ရသည်။ အသံကို ကြည့်ရသည်မှာ ယန်ဘုရင် ဖြစ်ရပေမည်။
ဆင်ပေါ်မှ ပြုတ်ကျကာ သတိလစ်သွားပြီးနောက်၊ သူ ပြန်နိုးလာသည်နှင့် ပထမဆုံး လုပ်သည့် အလုပ်မှာ ဆဲဆိုကြိမ်းမောင်းခြင်းပင် ဖြစ်ရပေမည်။
အမှန်ပင်... လူ့စရိုက်ဆိုတာ ပြောင်းလဲဖို့ ခက်လှပေသည်။
ထိုအသံကို ကြားလိုက်ရသောအခါ လင်းပေါင်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားတော့သည်။ လင်းကျင်းသည် ယန်ဘုရင်က သူတို့အပေါ် မည်သို့ ဆက်ဆံခဲ့သည်ကို လင်းပေါင်ထံမှ ကြားသိထားပြီးဖြစ်ရာ၊ ထိုလုပ်ရပ်များမှာ တကယ့်ကို လူမဆန်ကြောင်း ခံစားလိုက်ရ၏။
ဝဋ်ဆိုသည်မှာ လည်တတ်သည် မဟုတ်ပါလား။ အကယ်၍ လင်းပေါင်က ယန်ဘုရင်ကို ယခု သတ်ပစ်လျှင်ပင် လင်းကျင်း တားဆီးလိမ့်မည် မဟုတ်ပါပေ။
ဒါဟာ ယန်ဘုရင် ကိုယ်တိုင် ရှာခဲ့တဲ့ ဝဋ်ပဲဟုသာ သူ ဆိုနိုင်ပါတော့သည်။
လင်းပေါင်သည် မိမိကိုယ်ကိုယ် အတတ်နိုင်ဆုံး ထိန်းချုပ်နေခဲ့သည်။ သို့သော် အားလုံးကို အံ့သြသွားစေသည်မှာ တီလီသည် တွေဝေမနေဘဲ ထိုအသံလာရာဘက်သို့ အပြေးသွားလိုက်ခြင်းပင်။
လင်းကျင်းအနေဖြင့် တီလီသည် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း၊ အမျိုးသားများထက်ပင် ပို၍ ပြတ်သားသူဖြစ်ကြောင်း သိလိုက်ရ၏။ ယန်ဘုရင်မှာ လင်းကျင်း၏ အပ်စိုက်ထားမှုကြောင့် အားအင် ကုန်ခမ်းနေဆဲ ဖြစ်သည်။ သူ ဘာမှ မသိလိုက်ခင်မှာပင် တီလီက ကောက်ကွေးနေသော ဓားမြှောင်တစ်လက်ဖြင့် သူ၏ ခေါင်းကို ဖြတ်ချလိုက်တော့သည်။
ထိုဓားမြှောင်မှာ အဆင့်မြင့်လှပြီး သွေးပင် စွန်းထင်ခြင်း မရှိပါပေ။ တီလီ၏ လှုပ်ရှားမှုများမှာလည်း အလွန် လျင်မြန်လှသလို သူမ၏ နောက်ကွယ်တွင် သားရဲပုံရိပ်တစ်ခု ရှိနေခဲ့၏။ ၎င်းမှာ ငှက်ပြာလေးတစ်ကောင်နှင့် တူလှပေသည်။
ယန်ဘုရင်သည် အကုသိုလ်များစွာ ပြုလုပ်ခဲ့သဖြင့် သူ့ကို သေစေချင်သူများစွာ ရှိနေခြင်းမှာ မဆန်းပါပေ။
ယန်ဘုရင် မြေပြင်ပေါ်သို့ လဲကျသွားသောအခါ၊ သူ၏ ကိုယ်ပေါ်မှ နီမြန်းသော စွမ်းအင်များ ထွက်ပေါ်လာပြီး ကြီးမားသော မြွေဟောက်ကြီးအဖြစ် စုစည်းသွားတော့သည်။ ဤဟောက်ကောင်မှာ ယန်ဘုရင်၏ သားရဲပင် ဖြစ်၏။ ယခုအခါ ၎င်း၏ သခင် သေဆုံးသွားပြီဖြစ်ရာ၊ ၎င်းသည် ခန္ဓာကိုယ်ထဲမှ ရုန်းထွက်လာပြီး ရမ်းကားတော့သည်။
အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ထိုကြောက်စရာကောင်းသည့် မြွေဟောက်ကြီးသည် ပုပ်စော်နံနေသော ပါးစပ်ကြီးကို ဟကာ တီလီကို ကိုက်ရန် ကြိုးစားတော့သည်။ ၎င်းမှာ အလွန် မြန်လွန်းသဖြင့် တီလီမှာ အချိန်မီ တုံ့ပြန်ရန် ခက်ခဲနေခဲ့၏။
သို့သော်လည်း ထိုကောင်၏ ရည်ရွယ်ချက်မှာ မအောင်မြင်ခဲ့ပါပေ။ လင်းကျင်းသည် ထိုသားရဲ သွေးစွမ်းအင်အဖြစ် ရှိနေကတည်းက သတိထားမိနေခဲ့ပြီး၊ ၎င်းမှာ သားရဲကျမ်းစာ၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ကြောင်း သိရှိလိုက်ရသည်။
သွေးစာချုပ် ချုပ်ဆိုထားသူ သေဆုံးလျှင် သို့မဟုတ် အပြင်းအထန် ဒဏ်ရာရလျှင်၊ သူတို့၏ သားရဲသည် လူသားခန္ဓာကိုယ်ထဲမှ အတင်းအဓမ္မ ရုန်းထွက်လာတတ်ခြင်းပင်။ သခင် သေဆုံးသွားလျှင်တော့ ပြဿနာ မရှိသော်လည်း၊ ဒဏ်ရာရရုံသာ ရှိသေးလျှင် ထိုသို့ သားရဲက ရုန်းထွက်ခြင်းမှာ သေစေနိုင်သည့် လုပ်ရပ်ပင် ဖြစ်၏။
အချို့သော သားရဲများမှာမူ သူတို့၏ သခင်ကို ကာကွယ်ရန် ရွေးချယ်တတ်ကြသဖြင့်၊ အသက်အန္တရာယ် ရှိသော အခြေအနေများတွင် သခင်ဖြစ်သူမှာ အံ့သြစရာကောင်းလောက်အောင် ပြန်လည် ကျန်းမာလာတတ်ကြသည်။
ဒါဟာ သားရဲ၏ စိတ်ဆန္ဒပေါ်မှာသာ လုံးဝ မူတည်နေခဲ့၏။
လင်းကျင်း ကြားဖူးသည်မှာ အချို့သော သားရဲများတွင် ထူးခြားသော အစွမ်းများ ရှိကြရာ၊ သူတို့၏ သခင် ခေါင်းပြတ်သွားလျှင်ပင် ချက်ချင်း ပြန်ဆက်ပေးနိုင်ကြသည် ဟူ၏။ အမှန်စင်စစ် ထိုကဲ့သို့သော သားရဲမျိုးမှာ ရှာရခက်လှသလို၊ ဤသို့ လုပ်ဆောင်ခြင်းမှာလည်း သားရဲ၏ အသက်နှင့် သခင်၏ အသက်ကို လဲလှယ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဘာဆက်ဖြစ်မလဲဆိုသည်မှာ ထိုသားရဲက ၎င်း၏ သခင်အပေါ် မည်မျှအထိ သစ္စာရှိကာ ကာကွယ်ပေးလိုသလဲဆိုသည့် အချက်ပေါ်တွင် မူတည်နေခဲ့သည်။
ဤကောင်မှာ ယန်ဘုရင်ကို အလွန်ပင် မုန်းတီးနေခဲ့ပုံရ၏။ သို့မဟုတ်ပါက အလောင်းကို အတင်းဆွဲဖြဲပြီး ထွက်လာလိမ့်မည် မဟုတ်ပါပေ။
လင်းကျင်းသည် ချက်ချင်းပင် ဟန့်တားခြင်း အစွမ်းကို အသုံးပြုလိုက်ပြီး၊ ပို၍ သေချာစေရန်အတွက် ဧည့်ခန်းမဆောင်၏ တံခါးကို ဖွင့်ကာ ၎င်း၏ အရှိန်အဝါကို ငှားရမ်းပြီး မြွေဟောက်ကို ချက်ချင်းပင် ငြိမ်ကျသွားအောင် လုပ်လိုက်တော့သည်။
လင်းကျင်းသည် ဤသို့ လုပ်ဆောင်ခြင်းကို ကျွမ်းကျင်နေပြီဖြစ်ရာ အမြဲတမ်းလိုလို အောင်မြင်လေ့ရှိ၏။
သို့သော်လည်း လက်တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် အဝေးမှ သားရဲတစ်ကောင်ကို ငြိမ်ကျသွားအောင် လုပ်နိုင်သည့် ဤနည်းဗျူဟာမှာ ကျောက်ဝမ်ထန်နှင့် အခြားသူများအတွက်တော့ အသစ်အဆန်းပင်။ အားလုံးမှာ မှင်တက်ကာ ကြည့်နေကြရတော့သည်။
ကျောက်ဝမ်ထန်သည် အတွေ့အကြုံ များစွာရှိသူဖြစ်သော်လည်း၊ ယနေ့တွင်တော့ သူသည် လောကကြီးအကြောင်း မည်မျှအထိ မသိသေးကြောင်း နားလည်လိုက်ရသည်။ ဤညီအစ်ကိုလင်းမှာ တကယ့်ကို အံ့မခန်းလှသလို သူ၏ အစွမ်းများမှာလည်း ထူးကဲလှပေသည်။ ဧကရာဇ်မင်းမြတ်က သူ့ကို ထူးထူးခြားခြား ရာထူးတိုးပေးခဲ့သည်မှာ မဆန်းတော့ပါပေ။
အရင်ကတော့ ကျောက်ဝမ်ထန်သည် လင်းကျင်းတွင် မည်သည့် ထူးခြားချက်ရှိသလဲဆိုသည်ကို နားမလည်ခဲ့သော်လည်း၊ ယခုအခါမှာတော့ အရာအားလုံး ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
ထို့ပြင် လင်းကျင်းသည် သူ၏ အသက်ကိုလည်း ကယ်တင်ပေးခဲ့သည် မဟုတ်ပါလား။ ကျောက်ဝမ်ထန်သည် ပရိယာယ်များသော လူတစ်ဦးဖြစ်သော်လည်း၊ ကျေးဇူးသိတတ်သူ တစ်ဦးဖြစ်ရာ ယခုအခါ လင်းကျင်းကို သူ၏ ညီအစ်ကိုအရင်းအခြာကဲ့သို့ သတ်မှတ်လိုက်တော့သည်။
တီလီသည်လည်း သူမ စောစောက စိတ်လိုက်မာန်ပါ လုပ်မိသွားသဖြင့် အသက်အန္တရာယ် ကြုံခဲ့ရပုံကို နားလည်သွားခဲ့၏။
သူမသည် ဖြူဖျော့နေသော မျက်နှာဖြင့် အမြန် ပြန်ပြေးလာခဲ့သည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး... ကျွန်မကို နောက်တစ်ကြိမ် ကယ်တင်ပေးပြန်ပြီ”
ယခုတစ်ကြိမ်တွင်တော့ တီလီသည် အရင်ကထက် ပို၍ ဦးညွှတ်ကာ အရိုအသေ ပေးလိုက်၏။ ယခုအချိန်မှစ၍ သူမ၏ လုပ်ရပ်တိုင်းမှာ အမှန်တကယ်ပင် ရိုးသားဖြူစင်နေခဲ့ပြီ ဖြစ်သည်။
မြင်တွေ့ရဖို့ နေနေသာသာ၊ အဆင့် ၃ အနောက်ဘက် မြွေဟောက်ဘုရင်ကို အဝေးမှနေ၍ ဤသို့ ဟန့်တားနိုင်သည်ကို သူမ တစ်ခါမျှပင် မကြားဖူးခဲ့ပါပေ။
အခန်း (၃၁၀) - နတ်တောင်တော် အမိန့်တော်ပြန် အဆောင်
အနောက်ဘက် ဘုရင်ဟောက်ကောင်မှာ ရက်စက်ကြမ်းကြုတ်သော သတ္တဝါဖြစ်ရာ ၎င်းကို အသက်ချမ်းသာပေးထားခြင်းမှာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုမိုဖြစ်ထွန်းစေလိမ့်မည် ဖြစ်၏။
လင်းကျင်းသည်လည်း တာအိုဆရာကြီး ဝူချန်းထံမှ သင်ယူထားခဲ့သော အဆောင်အတတ်ပညာများကို စမ်းသပ်ကြည့်ချင်စိတ် ပေါ်ပေါက်နေခိုက်ပင်။ အဆောင် အမျိုးအစားများစွာ ရှိသလို အသုံးပြုပုံများမှာလည်း ဆန်းကြယ်လှသော်လည်း၊ အခြေခံအားဖြင့်တော့ ဓာတ်ကြီးငါးပါးအပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။
ထိုအထဲတွင် မိစ္ဆာများကို နှိမ်နင်းရန် အသုံးပြုသည့် ‘နတ်တောင်တော် အဆောင်’မှာအံ့မခန်း အစွမ်းထက်လှပေသည်။
လင်းကျင်းသည် ဤအဆောင်အကြောင်းကို အရင်ကတည်းက လေ့လာထားခဲ့ဖူးရာ၊ ယခုအချိန်မှာ ၎င်း၏ စွမ်းပကားကို စမ်းသပ်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်တော့သည်။
ထိုသို့ တွေးလိုက်ပြီးနောက် လင်းကျင်းသည် သူအရင်က လေ့ကျင့်ရေးသားထားသော နတ်တောင်တော် အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် ဓမ္မကိုယ်ထည် စွမ်းအင်ဖြင့် အဆောင်ကို နှိုးဆွကာ ဘုရင်ဟောက်ကောင်ထံသို့ ပစ်လွှတ်လိုက်တော့သည်။
“တောင်တန်း ဖြစ်ပေါ်စေသတည်း”
ခဏချင်းမှာပင် အဆောင်၏ ဆွဲဆောင်မှုကြောင့် မြေကြီးနှင့် ကျောက်ခဲများမှာ မယုံနိုင်စရာကောင်းလောက်အောင် စုစည်းလာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အရွယ်အစားမျိုးစုံရှိသော မြေပုံကြီးနှင့် ကျောက်တုံးကြီးများမှာ တောင်ငယ်လေးတစ်ခုပမာ ဖြစ်တည်လာခဲ့၏။ ၎င်း၏ အမည်အတိုင်းပင် ထိုကျောက်ပုံကြီးမှာ တောင်ငယ်လေးတစ်ခုနှင့် အလားသဏ္ဌာန် တူလှပေသည်။
အနောက်ဘက် မြွေဟောက်ဘုရင်မှာ ကြီးမားသော သတ္တဝါဖြစ်သော်လည်း၊ လင်းကျင်း ယခု ဖန်တီးလိုက်သော တောင်တုကြီးနှင့် ယှဉ်လျှင်တော့ လူနှင့် အိမ်ကဲ့သို့ပင် အလွန် သေးငယ်သွားခဲ့ရ၏။
“နှိမ်နင်းစမ်း"
လင်းကျင်းက အမိန့်တော်ကို ထုတ်ပြန်လိုက်သည်။ သူ့တွင် ရှောင်ဟော့၏ ဓမ္မကိုယ်ထည် ရှိနေသဖြင့် သူ၏ စကားလုံးတိုင်းမှာ နတ်ဘုရားတစ်ပါး၏ အရှိန်အဝါများ ကိန်းဝပ်နေခဲ့၏။ ထိုတောင်တုကြီးမှာ အလင်းရောင်များ တောက်ပလာပြီးနောက်၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝုန်းခနဲ ပြိုကျသွားကာ မြွေဟောက်ကို ၎င်း၏ အောက်တွင် ဖိပိထားလိုက်တော့သည်။
အကယ်၍ သာမန်သားရဲသာ ဆိုလျှင်တော့ ထိုနေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားပေလိမ့်မည်။
သေဆုံးခြင်း မရှိလျှင်ပင် ပြင်းထန်လှသော နတ်ဘုရား စွမ်းအင်များ၏ ဖိနှိပ်မှုကို ခံရမည် ဖြစ်ရာ၊ အိုမင်းပြီး သေဆုံးသွားသည့်တိုင်အောင် ထိုမြေပုံအောက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပါပေ။
နတ်တောင်တော် အဆောင်၏ စွမ်းပကားမှာ တစ်ခါမျှ မမြင်ဖူးလောက်အောင် ပြင်းထန်လှသဖြင့်၊ ဝူချန်းကိုယ်တိုင် ဤနေရာတွင် ရှိနေလျှင်ပင် အံ့သြတုန်လှုပ်သွားပေလိမ့်မည်။
သူ၏ ဆရာ သရုပ်ပြစဉ်ကပင် ဤမျှအထိ ပြင်းထန်သော စွမ်းအားမျိုး မရှိခဲ့ပါပေ။ သူတို့ ဂိုဏ်း၏ ရှေးဦးဆရာကြီးများသာ ဤအဆင့်မျိုးကို ရောက်ရှိနိုင်ပေလိမ့်မည်။
လင်းကျင်းအနေဖြင့် ဤသို့ လုပ်ဆောင်နိုင်ခြင်းမှာ အဆောင်ကို ဓမ္မကိုယ်ထည် စွမ်းအားဖြင့် ပေါင်းစပ်လိုက်သောကြောင့်ပင် ဖြစ်၏။ သို့မဟုတ်ပါက ယခု မြင်တွေ့နေရသော အစွမ်း၏ ၂၀ ရာခိုင်နှုန်းကိုပင် ရရှိလိမ့်မည် မဟုတ်ပါပေ။
လင်းကျင်းကိုယ်တိုင်လည်း သူ၏ စွမ်းဆောင်ရည်အပေါ် အံ့သြနေမိသည်။
‘ဒါမှ ငါသိတဲ့ ပုံစံမျိုးပေါ့... ဘုရားလောင်းက မျောက်မင်းကို လက်ငါးချောင်းတောင်အောက်မှာ ဖိထားသလိုမျိုးပဲ... စိတ်ဝင်စားစရာ ကောင်းလိုက်တာ’
လင်းကျင်း စိတ်ထဲမှ ကျေနပ်နေခဲ့၏။
သူ၏ အောက်တွင် အဖိခံထားရသော မြွေဟောက်မှာ မသေသေးကြောင်း သူ အာရုံခံမိသည်။ အမှန်ပင် ဤကောင်မှာ အသက်ပြင်းလှပေသည်။ သို့သော်လည်း နတ်တောင်တော် အဆောင်၏ ဒဏ်ကြောင့် ပြင်းထန်သော ဒဏ်ရာများ ရထားသဖြင့်၊ ၎င်းအနေဖြင့် သူ့အလိုလို လွတ်မြောက်ရန်မှာ မဖြစ်နိုင်တော့ပါပေ။
ရက်စက်သော သားရဲတစ်ကောင်အတွက်တော့ ဤပြစ်ဒဏ်မှာ မဆိုးလှဟု ဆိုရပေမည်။
မလှမ်းမကမ်းတွင် တောင်ကုန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခြင်းပင်။ ၎င်းမှာ အလွန် မမြင့်လှဘဲ မီတာ နှစ်ရာခန့်သာ ရှိသလို၊ အလွန်လည်း မကျယ်ဝန်းပါပေ။ သို့သော် ယနေ့ခေတ် ကမ္ဘာကြီးတွင် လေထဲမှနေ၍ တောင်တစ်ခုကို ဖန်တီးနိုင်သူ မည်မျှ ရှိပါမည်နည်း။
လင်းကျင်းကိုယ်တိုင်ပင် အံ့သြနေရသဖြင့် ကျောက်ဝမ်ထန်နှင့် အခြားသူများမှာတော့ ဆိုဖွယ်ရာ မရှိတော့ပါပေ။
လင်းကျင်းနှင့် ရင်းနှီးသော ကျောက်ဝမ်ထန်ပင်လျှင် ယခုအခါ ပါးစပ်ကို ပိတ်ထားမိတော့သည်။ သူသည် လင်းကျင်းကို အထင်ကြီးထားပြီးသား ဖြစ်သော်လည်း၊ ယနေ့တွင် ဆက်တိုက် မြင်တွေ့နေရသော နတ်ဘုရားသဖွယ် စွမ်းအင်များကြောင့် သူ သိရှိထားသမျှ အရာအားလုံးမှာ ပြိုပျက်သွားခဲ့ရပြီ ဖြစ်၏။
ယခုမှသာ ဧကရာဇ်မင်းမြတ်သည် လင်းကျင်းကို အဘယ်ကြောင့် ဤမျှအထိ ထူးထူးခြားခြား ရာထူးတိုးပေးခဲ့သလဲဆိုသည်ကို ကျောက်ဝမ်ထန် ကောင်းကောင်း နားလည်သွားတော့သည်။ ဒါဟာ မျက်နှာသာပေးရုံတင် မဟုတ်ဘဲ ကြောက်ရွံ့ခြင်းကြောင့်လည်း ပါဝင်နေရပေမည်။
ကျောက်ဝမ်ထန်သည် မြေပုံကြီးတစ်ခု အလိုအလျောက် ဖြစ်တည်လာပြီး ကြီးမားလှသော မြွေဟောက်ဘုရင်ကို ဖိပစ်လိုက်သည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရခြင်း ဖြစ်၏။ ဤမြင်ကွင်းမှာ မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားလှသဖြင့် ကျောက်ဝမ်ထန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ ဒါဟာ သာမန်လူသားတစ်ယောက် လုပ်နိုင်သည့် အရာ မဟုတ်ပါပေ။
‘သူက နတ်ဘုရားဆရာကြီး မဟုတ်ဘူးလို့ ပြောနေပေမဲ့...’
‘ငါ့အမြင်မှာတော့ သူက နတ်ဘုရားဆရာကြီး အစစ်ပဲ’
သို့သော် ကျောက်ဝမ်ထန်မှာ လင်းကျင်းကို ထိုသို့ ထုတ်ဖော်ပြောရန် မရဲပါပေ။ သူသည် လင်းကျင်းကို ‘ညီအစ်ကိုလင်း’ ဟုပင် မခေါ်ရဲတော့ပါပေ။
ပွင့်လင်းရဲတင်းသော တီလီပင်လျှင် ကြက်သေ သေနေခဲ့၏။ သူမ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ တစ်သက်တာတွင် ကောင်းကင်ယံ၌ တောင်တစ်ခုကို ဖန်တီးကာ ရန်သူကို တိုက်ခိုက်သည်ကို တစ်ခါမျှ မမြင်ဖူးသောကြောင့်ပင်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့သည်။ အားလုံးမှာ အံ့သြမှင်တက်နေကြသဖြင့် သတိမဝင်နိုင်ကြသေးပါပေ။
လင်းကျင်း သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်၏။ ထိုနတ်တောင်တော် အဆောင်မှာ အဓိကအားဖြင့် အမိန့်တော်နှင့် ဓမ္မကိုယ်ထည် စွမ်းအားအပေါ်တွင်သာ မူတည်နေသဖြင့်၊ သူ၏ စိတ်ဝိညာဉ်စွမ်းအင်မှာ အနည်းငယ်သာ ကုန်ခမ်းသွားခဲ့သည်။
ထိုစဉ် သူ၏ လက်မောင်းပေါ်ရှိ ရှောင်ဟော့၏ ဓမ္မကိုယ်ထည်မှာ တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။ မမြင်နိုင်သော စွမ်းအားတစ်ခုက သူ့ကို ဖိနှိပ်နေသကဲ့သို့ပင်။
အန္တရာယ် အငွေ့အသက်တစ်ခုကို သူ ခံစားလိုက်ရသည်။ လွန်ခဲ့သော စက္ကန့်ပိုင်းကမှ လေထဲတွင် တောင်တစ်ခုကို ဖန်တီးနိုင်သည့် သူ၏ စွမ်းအားအပေါ် ကျေနပ်နေခဲ့သော်လည်း၊ ယခုအခါတွင်မူ ပြင်းထန်သော အန္တရာယ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရခြင်း ဖြစ်၏။
သူသည် အခြားသူများကို ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းပင် ထိုင်ချလိုက်တော့သည်။ မျက်လုံးများကို မှိတ်လိုက်ပြီးနောက် လင်းကျင်းသည် သူ၏ စိတ်အာရုံဖြင့် လောကကြီးကို စူးစမ်းလိုက်ရာ၊ မြင်တွေ့လိုက်ရသည့် အရာကြောင့် သူသည် ချွေးစေးများ ထွက်လာသည်အထိ ထိတ်လန့်သွားခဲ့ရ၏။
လင်းကျင်းသည် ရှောင်ဟော့၏ ဓမ္မကိုယ်ထည် မျက်လုံးများမှတစ်ဆင့် လောကကြီးကို ကြည့်နေခြင်း ဖြစ်သည်။ မြင်ကွင်းမှာ လင်းကျင်း မြင်နေကျ မြင်ကွင်းနှင့် တူညီရမည် ဖြစ်သော်လည်း၊ ယခုအခါတွင်မူ လုံးဝ ကွဲပြားခြားနားနေခဲ့၏။
ရှောင်ဟော့၏ မျက်လုံးများမှတစ်ဆင့် မြင်ရသော မြေပြင်မှာ ငရဲတွင်းကြီးကဲ့သို့ မှောင်မည်းနေပြီး သွေးများ ပွက်ပွက်ဆူနေခဲ့သည်။ သို့သော် အကြောက်စရာအကောင်းဆုံး မြင်ကွင်းမှာ ကောင်းကင်ယံတွင် ရှိနေခဲ့၏။
အထက်သို့ မော့ကြည့်လိုက်သောအခါ တိမ်လွှာများမှာ ထပ်ဆင့်ကာ တည်ရှိနေပြီး၊ အပေါ်သို့ ရောက်လေလေ အရောင်များမှာ ဖျော့တော့သွားလေလေ ဖြစ်ကာ နတ်ဘုရားတို့၏ ဘုံဗိမာန်သို့ ရောက်ရှိသွားသည့်အလားပင်။ ထိုအပေါ်ဆုံးတွင်တော့ ကြိုးကြာငှက်များ ပျံသန်းနေသည့် နန်းတော်ဆောင်တစ်ခု ရှိနေခဲ့သည်။ ထိုနန်းတော်ကြီးမှာ ကောင်းကင်ယံတွင် ပေပေါင်း ထောင်ချီ၍ ကျယ်ဝန်းစွာ တည်ရှိနေပုံရ၏။
ရုတ်တရက် ထိုနန်းတော်ကြီးအတွင်းမှ ကြောက်မက်ဖွယ်ကောင်းလှသော သားရဲကြီးတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာခဲ့သည်။
ခဏတာမျှသာ ဖြစ်သော်လည်း လင်းကျင်းသည် ရှောင်ဟော့၏ ဓမ္မကိုယ်ထည် ပြိုပျက်တော့မည့် အရိပ်အယောင်ကို ခံစားလိုက်ရ၏။
ထိတ်လန့်သွားသော လင်းကျင်းသည် ရှောင်ဟော့၏ ဓမ္မကိုယ်ထည်ကို တည်ငြိမ်အောင် အမြန် ကြိုးစားလိုက်ရသည်။
ဤကဲ့သို့သော ထူးဆန်းသော ဖြစ်ရပ်မျိုးကို မမြင်သင့်သလို မကြားလည်း မကြားသင့်ပါပေ။
ဒါဟာ လင်းကျင်း ရောက်ရှိသွားသော ကောက်ချက်ပင် ဖြစ်သည်။ ဤကဲ့သို့သော အသည်းအသန် အခြေအနေတွင် သူ အများကြီး မတွေးရဲသော်လည်း၊ ဤရုတ်တရက် အန္တရာယ်မှာ သူသည် အနောက်ဘက် မြွေဟောက်ဘုရင်ကို နှိမ်နင်းရန်အတွက် နတ်တောင်တော် အဆောင်ကို အသုံးပြုလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်မည်ဟု သူ ခံစားနေရသည်။
လင်းကျင်းအနေဖြင့် အသေးစိတ်ကိုတော့ မသိနိုင်ပါပေ။ သူ၏ ဦးစားပေးမှာ ရှောင်ဟော့၏ ဓမ္မကိုယ်ထည်ကို ကာကွယ်ရန်သာ ဖြစ်၏။
သူသည် သွားကို တင်းတင်းကြိတ်ကာ သူတို့၏ သွေးစာချုပ် စွမ်းအားကို အသုံးပြုပြီး ရှောင်ဟော့၏ ဓမ္မကိုယ်ထည်ကို ထိန်းထားလိုက်သည်။ သို့သော် လင်းကျင်း၏ စွမ်းအားဖြင့်တော့ အသက်ရှူအကြိမ် ဆယ်ကြိမ်ခန့်သာ တောင့်ခံနိုင်ပြီး အားအင်ကုန်ခမ်းစပြုလာခဲ့၏။
လင်းကျင်းမှာ မတတ်သာတော့ဘဲ ဧည့်ခန်းမဆောင်၏ တံခါးကို ဖွင့်လိုက်ပြီး ပြတိုက်၏ စွမ်းအင်များကို ငှားရမ်းလိုက်ရတော့သည်။ ထိုသို့ လုပ်ဆောင်ပြီးမှသာ သူ တောင့်ခံထားနိုင်တော့၏။
အခြားသူများမှာ ဘာဖြစ်နေသည်ကို နားမလည်ကြသော်လည်း၊ လင်းကျင်း၏ အစောပိုင်းက စွမ်းဆောင်ရည်ကြောင့် သူ့ကို မနှောင့်ယှက်ရဲကြဘဲ တိတ်ဆိတ်စွာ ထိုင်နေသည်ကိုသာ ကြည့်နေကြရသည်။
“တစ်ခုခု ဖြစ်လို့လား”
တီလီက မအောင့်နိုင်တော့ဘဲ တိုးတိုးလေး မေးလိုက်၏။
မည်သူမျှ ဘာဖြစ်နေသည်ကို အနည်းငယ်မျှပင် မသိကြပါပေ။
ချွီဝမ်ကျီမှာ စိုးရိမ်တကြီးဖြင့် ကျောက်ဝမ်ထန်၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ အတွေ့အကြုံများသော ကျောက်ဝမ်ထန်ကတော့ တည်ငြိမ်အောင် ကြိုးစားနေခဲ့သည်။ သူသည် ချွီဝမ်ကျီ၏ ကျောပြင်ကို ခပ်ဖွဖွလေး ပုတ်ကာ အရာအားလုံး အဆင်ပြေသွားမည်ဖြစ်ကြောင်း နှစ်သိမ့်ပေးနေခဲ့၏။
“ဆရာကြီးလင်း တစ်ခုခုကို စဉ်းစားနေပုံရတယ်၊ သူ့ကို မနှောင့်ယှက်ကြနဲ့... တို့တွေ ဒီအတိုင်းလေးပဲ စောင့်ကြည့်နေကြရအောင်”
ကျောက်ဝမ်ထန်က ထိုသို့ ပြောလိုက်သော်လည်း သူကိုယ်တိုင်လည်း အမျိုးသမီးများကဲ့သို့ပင် စိုးရိမ်နေခဲ့ရ၏။
အမှန်စင်စစ် သူ စိုးရိမ်နေသည်မှာ အခြားသူများအတွက် မဟုတ်ဘဲ ချွီဝမ်ကျီ၏ ဘေးကင်းရေးအတွက်သာ ဖြစ်သည်။
သူနှင့် ချွီဝမ်ကျီမှာ တစ်ဦးအပေါ်တစ်ဦး သံယောဇဉ် ရှိနေကြသည်မှာ ကြာပြီ ဖြစ်သလို၊ ချစ်သူများဟုပင် ခေါ်ဆိုနိုင်ပါသည်။
သို့သော် ချွီဝမ်ကျီ၏ အဆင့်အတန်းကြောင့် ကျောက်ဝမ်ထန်ကဲ့သို့ လူမျိုးပင် သူမနှင့် ပေါင်းဖက်ရန် ခက်ခဲနေခဲ့ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ချွီဝမ်ကျီမှာ မေတ္တာရိပ်မြုံမှ ဖြစ်နေသောကြောင့်ပင်။
မေတ္တာရိပ်မြုံနှင့် ပတ်သက်လျှင် မြို့တော်ဝန် ပိုင်ကျန့်ခုန်းမှာ အစုရှယ်ယာရှင် အနည်းငယ်မျှသာ ရှိသူ ဖြစ်၏။ ကျောက်ဝမ်ထန်သည် သူ၏ အလုပ်ရှင်ကိုပင် ဤအကြောင်းကို တစ်ခါမျှ မပြောပြခဲ့ဖူးပါပေ။
ဘာမှ ထူးခြားလာမည် မဟုတ်ကြောင်း သူ သိနေသောကြောင့်ပင်။