← Chapters

အခန်း (၃၁၃-၃၁၄)

Vol. 16 Ch. 313-314

အခန်း (၃၁၃-၃၁၄)

Vol. 16 Ch. 313-314

​အခန်း (၃၁၃) - ရုတ်တရက် ပေါ်ပေါက်လာသော တောင်ကုန်း

​ကျောက်ဝမ်ထန်သည် ဖြစ်ပျက်သမျှကို အကျဉ်းချုပ် ရှင်းပြလိုက်၏။ သူ၏ ဇာတ်လမ်း ပထမပိုင်းမှာ အမှန်များ ဖြစ်သော်လည်း နောက်ပိုင်းမှာမူ တစ်ခုမကျန် လုပ်ကြံဖန်တီးထားခြင်းပင်။ သို့သော် သူသည် အဓိပ္ပာယ်မရှိသည်များကို ရမ်းရော်ပြောဆိုနေခြင်း မဟုတ်ပါပေ။ ကျောက်ဝမ်ထန်သည် သူ၏ စကားများမှာ ရှေ့နောက်ညီညွတ်ပြီး ယုံကြည်စိတ်ချရမှု ရှိစေရန် သေချာစွာ စီစဉ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

​ဥပမာအားဖြင့် သူသည် ထိုမိစ္ဆာနောက်သို့ လိုက်လံတိုက်ခိုက်ခဲ့သော်လည်း အချိန်တိုအတွင်းမှာပင် သူ ရှုံးနိမ့်တော့မည့်အရေးကို သိမြင်လိုက်ရသည်ဟု ဆို၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ သူငယ်ချင်းဖြစ်သူမှာ အချိန်မီ ရောက်ရှိလာပြီး ကူညီခဲ့သဖြင့် အတော်အတန် ပြန်လည်ခုခံနိုင်ခဲ့သော်လည်း၊ ထိုမိစ္ဆာမှာ သူတို့လက်ထဲမှ လွတ်မြောက်သွားခဲ့သည်ဟု ရှင်းပြလိုက်သည်။

​“ကျုပ် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်... ဒါပေမဲ့ ရန်သူတွေက များလွန်းသလို တစ်ယောက်ချင်းစီကလည်း ပုံမှန်ထက် ပိုပြီး အစွမ်းထက်နေကြတယ်”

ကျောက်ဝမ်ထန်သည် အတည်ပေါက်ပင် လိမ်ညာနေတော့သည်။ ဆယ်လှမ်းခန့်သာ ဝေးသောနေရာတွင် ရှိနေကြသည့် ချွီဝမ်ကျီ၊ တီလီနှင့် မှင်တက်နေသော မိစ္ဆာကျားသစ်တို့မှာမူ ကျောက်ဝမ်ထန် လိမ်ညာနေသည်ကို ကြည့်ရင်း အသံတစ်ချက်ပင် မထွက်ရဲကြပါပေ။

​“စီမံခန့်ခွဲသူကျောက်တောင် မယှဉ်နိုင်ဘူးလား”

ကျန်းယွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ သူသည် ကျောက်ဝမ်ထန်၏ စကားကို သံသယရှိနေပုံရသည်။

​ရုတ်တရက် ကျန်းယွမ်၏ နောက်မှ ထူးဆန်းသော လူနှစ်ဦးထဲမှ လက်မောင်းတွင် မြွေရစ်ပတ်ထားသူက လင်းကျင်းကို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏ နဖူးမှာ ပြောင်နေပြီး ဦးခေါင်းနောက်ဘက်တွင် ကျစ်ဆံမြီးသေးသေးလေး တစ်ခု ရှိနေ၏။ ထို့နောက် သူက “ဒါက ဘယ်သူလဲ” ဟု မေးလိုက်တော့သည်။

​ကျန်းယွမ်ကိုယ်တိုင်လည်း သိချင်နေသဖြင့် သူ၏ အဖော်ဖြစ်သူက မေးလိုက်ခြင်းမှာ အခန့်သင့်သွားခဲ့၏။

​ကျောက်ဝမ်ထန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ဖြေလိုက်၏။

“ဒါက မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်ရဲ့ ဥက္ကဋ္ဌ လင်းကျင်းပဲ... ကျုပ် မေတ္တာရိပ်မြုံမှာ ဥက္ကဋ္ဌလင်းနဲ့ အရက်သောက်နေတုန်း အခုလို ပြဿနာတွေ ဖြစ်လာတာ... စောစောက မိစ္ဆာကို ခုခံဖို့ ကူညီပေးခဲ့တဲ့သူကလည်း ဒီဥက္ကဋ္ဌလင်းပဲ”

​“ဥက္ကဋ္ဌလင်း.."

​ကျန်းယွမ်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံရ၏။

“သူ့အကြောင်း ကျုပ် ကြားဖူးပယ်... မင်းက ဥက္ကဋ္ဌလင်းပေါ့.... မကြာသေးခင်ကပဲ ကျင့်ကြံသူများအသင်းက ရန်ကျဲကို အနိုင်ယူခဲ့သလို၊ အဆင့် ၃ အကဲဖြတ်မှူးအဖြစ် ရာထူးတိုးခံခဲ့ရတယ်လို့ ကြားလိုက်ရတယ်... အခုလို ကိုယ်တိုင်တွေ့ရတာ ဂုဏ်ယူမိပါတယ်”

​သူ၏ စကားလုံးများမှာ သိသိသာသာပင် ဟန်ဆောင်ကောင်းလှပေသည်။

​ကံကောင်းထောက်မစွာဖြင့် လင်းကျင်းက ထိုအရာကို ဂရုမစိုက်ပါပေ။ ကျောက်ဝမ်ထန်မှာမူ ကျန်းယွမ်နှင့် အဖွဲ့မှာ ချွီဝမ်ကျီတို့ကို အမှန်တကယ် မမြင်ရကြောင်း သေချာသွားသောအခါ စိတ်ထဲမှနေ၍ ဝမ်းသာအားရ အော်ဟစ်နေမိတော့သည်။ ဒါဟာ တကယ့်ကို အံ့သြစရာကောင်းလှပေသည်။

​ထို့ကြောင့်ပင် ကျန်းယွမ်၏ ရန်စလိုသော လေသံကို သူ ဂရုမစိုက်တော့ခြင်း ဖြစ်၏။

​ကျန်းယွမ်၏ ထူးဆန်းသော စရိုက်ကို သူ သိရှိထားပြီးသား ဖြစ်သည်။ ထိုသူမှာ မြို့တော်ဝန်ကိုပင် အခွင့်သာလျှင် ရိုသေမှု မရှိတတ်သူဖြစ်ရာ သူကဲ့သို့ စီမံခန့်ခွဲသူကိုတော့ ပြောနေရန် မလိုတော့ပါပေ။

​မေတ္တာရိပ်မြုံအတွက် အလုပ်လုပ်ပေးနေသူဖြစ်သဖြင့်လည်း ကျောက်ဝမ်ထန်အနေဖြင့် တတ်နိုင်သမျှ မပတ်သက်ဘဲ ရှောင်နေခဲ့ခြင်း ဖြစ်သည်။

​ဤအချက်နှင့် နှိုင်းယှဉ်လျှင် ကျောက်ဝမ်ထန်မှာ လင်းကျင်း၏ အစွမ်းကို ပို၍ပင် အထင်ကြီးသွားခဲ့ရ၏။ အသက်ရှိထင်ရှားရှိနေသော လူသုံးယောက်မှာ သူတို့၏ နှာခေါင်းအောက်တွင် ရှိနေပါလျက်နှင့် ကျန်းယွမ်နှင့် အဖွဲ့မှာ ဘာမှ မသိဘဲ ဖြစ်နေကြသည် မဟုတ်ပါလား။

​အံ့မခန်းပင်။

​ဒါဟာ တကယ့်ကို အံ့မခန်းလှပေသည်။

​ကျောက်ဝမ်ထန်သည် ယနေ့တွင် သူ၏ အကြီးမားဆုံးသော ရလဒ်မှာ လင်းကျင်းကဲ့သို့ ထူးခြားသော ပုဂ္ဂိုလ်နှင့် မိတ်ဆွေဖြစ်ခွင့်ရခြင်းဖြစ်ကြောင်း နားလည်လိုက်တော့သည်။

​လင်းကျင်း၏ အဆင့်အတန်းကို သိရှိသွားပြီးနောက် ကျန်ရှိသော လူသုံးဦးမှာ စိတ်ဝင်စားမှု မရှိတော့ဘဲ ကျောက်ဝမ်ထန်ထံမှ အသေးစိတ်အချက်အလက်များကိုသာ ဆက်လက် မေးမြန်းကြတော့သည်။

​ကျန်းယွမ်မှာ စုံစမ်းစစ်ဆေးရေးတွင် အတော်အတန် ကျွမ်းကျင်သူ ဖြစ်၏။ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီးနောက်၊ သူသည် ရရှိနိုင်သော သဲလွန်စများမှတစ်ဆင့် ချွီဝမ်ကျီနှင့် တီလီတို့ကို မြက်ခင်းပြင်တိုက်ကြီးမှ လူများက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။ ထိုပြန်ပေးဆွဲသူများမှာလည်း အလွန် အစွမ်းထက်သူများ ဖြစ်ရပေမည်။

​“သူတို့ အဝေးကြီး မရောက်နိုင်သေးဘူး... ရောက်သွားခဲ့ရင်တောင် လင်းယုန်တွေထက်တော့ မြန်မှာ မဟုတ်ဘူး... ငါတို့ လိုက်ကြရအောင်”

ကျန်းယွမ်က သူ၏ အဖော်များကို ပြောလိုက်သည်။ ထို့နောက် ကျောက်ဝမ်ထန်နှင့် လင်းကျင်းကို ဟန်ဆောင်ပန်ဆောင် အရိုအသေ ပေးလိုက်၏။

“ကျုပ်တို့လည်း ခင်ဗျားတို့နဲ့ ဆက်ပြီး စကားပြောချင်ပါတယ်... ဒါပေမဲ့ သိတဲ့အတိုင်းပဲ... လုပ်စရာ အလုပ်တွေ ရှိနေသေးတော့ ခွင့်ပြုပါဦး... နောက်မှပဲ တစ်ခေါက် ပြန်လာခဲ့ပါ့မယ်”

​ကျောက်ဝမ်ထန်ကလည်း ဘာမှ ထပ်မပြောဘဲ အရိုအသေ ပြန်ပေးလိုက်၏။

​ရုတ်တရက် ကျန်းယွမ်သည် ကြက်သေ သေသွားခဲ့သည်။

​အားလုံးမှာ ရင်တထိတ်ထိတ် ဖြစ်သွားကြရ၏။ အဘယ်ကြောင့်ဆိုသော် ကျန်းယွမ်သည် အသစ်ပေါ်ပေါက်လာသော ထိုကျောက်တောင်ကြီးကို စိုက်ကြည့်နေသောကြောင့်ပင်။

​“ထူးဆန်းလိုက်တာ... တကယ့်ကို ထူးဆန်းတယ်”

ကျန်းယွမ်က မှတ်ချက်ပေးလိုက်၏။

“ဒီနေရာမှာ တောင်ကုန်းရှိခဲ့တာ ငါ ဘာလို့ မမှတ်မိတာပါလိမ့်”

​သူသည် ခေါင်းကို တစ်ချက်၊ နှစ်ချက် ခါယမ်းလိုက်ပြီးနောက် တိုးတိုးလေးရေရွတ်လိုက်တော့တယ်။

“ငါ့မှတ်ဉာဏ်ပဲ မှားနေတာ ဖြစ်ရမယ်”

​ထိုသို့ ပြောပြီးနောက် သူသည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းတော့ပါပေ။ သူသည် လင်းယုန်ကို ပုတ်လိုက်ပြီးနောက် ကောင်းကင်ယံသို့ ပျံတက်ကာ ပြန်ပေးဆွဲသူများရှိရာ အနောက်ဘက်သို့ အရှိန်အဟုန်ဖြင့် လိုက်လံ ရှာဖွေကြတော့သည်။

​မှန်ပါသည်... သူတို့၏ ရှာဖွေမှုမှာ အောင်မြင်လိမ့်မည် မဟုတ်သလို သူတို့၏ ကြိုးစားမှုများမှာလည်း အချည်းနှီးသာ ဖြစ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ရှာနေသည့်သူများမှာ သူတို့၏ မျက်စိရှေ့တွင်ပင် ရှိနေခဲ့သောကြောင့်ပင်။

​ထိုသုံးဦးနှင့် လင်းယုန်များ ပျောက်ကွယ်သွားသောအခါ ကျောက်ဝမ်ထန်သည် လင်းကျင်းကို ဦးညွှတ်လိုက်၏။ ကျောက်ဝမ်ထန် တစ်ဦးတည်း မဟုတ်ဘဲ ချွီဝမ်ကျီကိုယ်တိုင်လည်း ရှေ့သို့ တိုးလာကာ ဒူးထောက်၍ အရိုအသေ ပေးလိုက်သည်။

​လင်းကျင်းက သူမကို အမြန် ထူပေးလိုက်၏။

​“ကျုပ် ဒါကို လက်မခံနိုင်ပါဘူး”

​“လက်ခံလိုက်ပါ ဆရာကြီး”

​စကားပြောလိုက်သူမှာ ကျောက်ဝမ်ထန် ဖြစ်ပြီး သူကိုယ်တိုင်လည်း ဒူးထောက်ချလိုက်တော့သည်။

​ထိုအခါမှ လင်းကျင်းသည် သူတို့နှစ်ဦးစလုံးကို ပျာပျာသလဲ ထူပေးလိုက်ရ၏။

​“ညီအစ်ကိုလင်း... ကျုပ် ကျောက်ဝမ်ထန်ဟာ ဒီနေ့ ညီအစ်ကို ပြသခဲ့တဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး... အခုကစပြီး ညီအစ်ကို အကူအညီ လိုအပ်တာရှိရင် တစ်ခွန်းသာ ပြောလိုက်... ကျုပ် တတ်နိုင်သည်ဖြစ်စေ၊ မတတ်နိုင်သည်ဖြစ်စေ ကျုပ်ရဲ့ အသက်ကို ရင်းပြီးတော့တောင် အစွမ်းကုန် ကူညီပေးမယ်”

ကျောက်ဝမ်ထန်က ပြတ်သားစွာ ပြောလိုက်သည်။

​သူ လင်းကျင်းအပေါ် တင်ရှိနေသော ကျေးဇူးမှာ အလွန်ပင် ကြီးမားလှပေသည်။

​အကယ်၍ လင်းကျင်းသာ မရှိပါက ချွီဝမ်ကျီသည် ဒုက္ခတွင်းထဲမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပါပေ။ ကျောက်ဝမ်ထန် မည်မျှပင် တတ်နိုင်စေကာမူ သူ၏ ချစ်သူကို မေတ္တာရိပ်မြုံ၏ လက်ထဲမှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပါပေ။

​ယခုတော့ သူ အောင်မြင်ခဲ့ပြီ ဖြစ်သည်။ စနစ်တကျ စီစဉ်လိုက်ရုံဖြင့် ချွီဝမ်ကျီကို မကြာမီ အဆင့်အတန်းအသစ်တစ်ခု ပေးနိုင်တော့မည် ဖြစ်၏။ ကျောက်ဝမ်ထန်ကိုယ်တိုင်လည်း ဤအခြေအနေမှ ဘေးကင်းစွာ လွတ်မြောက်နိုင်တော့မည် ဖြစ်သည်။

​မှန်ပါသည်... သူ အခုချက်ချင်းကြီးတော့ ထွက်သွား၍ မရသေးပါပေ။ ထိုသို့လုပ်ခြင်းမှာ ကျန်းယွမ်ကဲ့သို့ ထက်မြက်သူမျိုးကို သံသယ ဝင်စေနိုင်သောကြောင့်ပင်။

​ထိုသူ့အကြောင်းကို တွေးမိသောအခါ ကျောက်ဝမ်ထန်က အမြန် ပြောလိုက်၏။

“ညီအစ်ကိုလင်း... စောစောက လူကတော့ ရင်ဆိုင်ရတာ လွယ်မှာ မဟုတ်ဘူး... သူက အရမ်း အစွမ်းထက်သလို အစိုးရရဲ့ စုံစမ်းစစ်ဆေးရေးမှူးအဖြစ် အလုပ်လုပ်ခဲ့ဖူးသူပဲ... သူ မဖော်ထုတ်နိုင်တဲ့ အမှု မရှိဘူးလို့တောင် ပြောကြတယ်... သူ နောက်တစ်ခါ လာတွေ့မယ်လို့ ပြောတာဟာ နောက်ပြောင်နေတာ မဟုတ်နိုင်ဘူး”

​လင်းကျင်းက ပြုံးလိုက်၏။

“ကိစ္စမရှိပါဘူး... ညီအစ်ကို့ရဲ့ စီစဉ်မှုတွေသာ စနစ်ကျမယ်ဆိုရင် သူ ညီအစ်ကို့ကို သံယောဇဉ်ရှိရင် ရှိမယ်၊ ဒါပေမဲ့ သက်သေမရှိဘဲ သူ ဘာလုပ်နိုင်မှာလဲ... ထပ်ပြီးတော့ ညီအစ်ကို့နောက်မှာ မြို့တော်ဝန်ပိုင် ရှိနေသေးတာပဲ၊ အဆင်ပြေသွားမှာပါ”

​ကျောက်ဝမ်ထန်က ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပါပေ။ ယခုအခါ သူသည် ကျန်းယွမ် ပြန်လှည့်လာမည်ကိုသာ စိုးရိမ်နေသဖြင့် ချွီဝမ်ကျီအတွက် စီစဉ်မှုများကို အမြန်ဆုံး လုပ်ဆောင်ရပေမည်။

​“ဝမ်ထန်... ညီမလေးတီလီမှာ အခု နေစရာ မရှိသေးဘူးဆိုတော့၊ သူမအတွက်လည်း ယာယီ နေထိုင်စရာ နေရာတစ်ခုလောက် စီစဉ်ပေးလို့ ရမလား”

ချွီဝမ်ကျီက တိုးတိုးလေး မေးလိုက်၏။

​သူမ၏ ဘေးတွင် သနားစဖွယ် အမူအရာဖြင့် တီလီ ရပ်နေခဲ့သည်။

​ကျောက်ဝမ်ထန်က ခေါင်းညိတ်လိုက်၏။

“ဝမ်ကျီ... မင်းပြောတဲ့အတိုင်းပဲ တို့တွေ လုပ်ကြတာပေါ့... စိတ်မပူပါနဲ့၊ မိန်းကလေးတီလီက တို့တွေကို အများကြီး ကူညီပေးခဲ့တာပဲ၊ တို့ဘက်က ပြန်ကူညီပေးရမှာ ပေါ့”

​“သူ့ကိုကော ဘယ်လိုလုပ်မလဲ”

တီလီသည် သနားစဖွယ် ဖြစ်နေသော မိစ္ဆာကျားသစ် လင်းပေါင်ကို ကြည့်လိုက်သည်။

​လင်းပေါင်အတွက်တော့ လင်းကျင်းတွင် ကိုယ်ပိုင် အစီအစဉ်များ ရှိနေခဲ့၏။

​ဤမိစ္ဆာကြောင့် လင်းကျင်းသည် ကျွမ်းကျင်သူတစ်ဦးကို ရန်စမိသွားပုံရသဖြင့် သူ သိလိုသော အဖြေများ ရှိနေခဲ့သည်။

​သို့သော် ယခုအချိန်မှာတော့ စစ်ဆေးမေးမြန်းရန် အချိန် မဟုတ်သေးပါပေ။

​လင်းကျင်းသည် လင်းပေါင်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

“အနောက်နိုင်ငံကို အခုချက်ချင်း ပြန်လိုက်... မှတ်ထားပါ... မင်းရဲ့ ခြေရာလက်ရာတွေကို ဖျောက်မထားနဲ့... ခြေရာခံလို့ ရနိုင်ရင် ပိုကောင်းတယ်... ပြန်ရောက်သွားတာနဲ့ ချက်ချင်း ပုန်းနေလိုက်ပြီး အခြေအနေတွေ ငြိမ်သက်သွားတဲ့အထိ စောင့်နေ... ဒီကိစ္စက အလွယ်တကူနဲ့ ပြီးသွားလိမ့်မယ်လို့ ငါ မထင်ဘူး... မေတ္တာရိပ်မြုံက ဒီကိစ္စကို လက်လျှော့လိုက်ရင်တောင်၊ သူတို့ရဲ့ ယန်ဘုရင် သေသွားတဲ့အတွက် အနောက်နိုင်ငံကတော့ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး... အခွင့်အရေး ရတဲ့အချိန်ကျရင် ငါ့ဆီကို ပြန်လာခဲ့”

​ဒါဟာ ညှိနှိုင်းနေခြင်း မဟုတ်ကြောင်း အားလုံး သိကြ၏။ ဒါဟာ အမိန့်ပေးလိုက်ခြင်းပင်။

​လင်းပေါင်သည် အခြေအနေ၏ အရေးကြီးပုံကို နားလည်သဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

“စိတ်မပူပါနဲ့ ဆရာကြီး... လင်းပေါင် မှတ်ထားပါ့မယ်... အခုကစပြီး ဆရာကြီးရဲ့ ညွှန်ကြားချက်တွေကိုပဲ နာခံပါ့မယ်”

​“ကောင်းပြီ... လမ်းခရီးမှာ ဂရုစိုက်ဦး”

လင်းကျင်းက လက်ယမ်း ပြလိုက်၏။

​ထိုအခါ လင်းပေါင်သည် ဦးညွှတ်လိုက်ပြီးနောက် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

​သူ မြေပြင်ပေါ်တွင် ပြေးလွှားနေသော အရှိန်မှာ ကောင်းကင်ယံ၌ ပျံသန်းနေသော ငှက်တစ်ကောင်ကဲ့သို့ပင် လျင်မြန်လှပေသည်။

​“ဆရာကြီးက မိန်းကလေးချွီတို့အတွက် အချိန်ရအောင် လင်းပေါင်ကို သုံးပြီး ဟိုသုံးယောက်ကို လမ်းလွှဲလိုက်တာလား”

တီလီက မေးလိုက်၏။

​ထက်မြက်လှသော တီလီ၏ ခန့်မှန်းချက်မှာ မှန်ကန်လှပေသည်။

​သို့သော် လင်းကျင်းကတော့ သူမကို ချီးကျူးစကား မဆိုပါပေ။

​“ညီအစ်ကိုကျောက်... ကျုပ် စောစောက အသိအမြင် တချို့ ရခဲ့လို့ ပြန်ပြီး လေ့လာချင်နေပြီ... ညီအစ်ကို တတ်နိုင်သလောက် ကိုယ့်ဘာသာကိုယ်ပဲ စီစဉ်လိုက်ပါတော့... အကူအညီ လိုအပ်ရင်တော့ ကျုပ်ကို ဘယ်မှာ ရှာရမလဲဆိုတာ ညီအစ်ကို သိပါတယ်”

လင်းကျင်းက ပြောလိုက်သည်။

​ဤအချိန်မှစ၍ ကျောက်ဝမ်ထန်အနေဖြင့် လင်းကျင်း၏ အကူအညီ များစွာ မလိုအပ်တော့ပါပေ။ လင်းကျင်းသည် သူ့ကို အလွန်အမင်း ကူညီပေးခဲ့ပြီးဖြစ်ရာ ကျောက်ဝမ်ထန်အနေဖြင့် ဤကျေးဇူးကို တစ်သက်လုံး ဆပ်၍ ကုန်နိုင်တော့မည် မဟုတ်ဟု ခံစားနေရ၏။

​“ညီအစ်ကိုလင်း အမြန် ပြန်လိုက်ပါဦး... စိတ်မပူနဲ့.. ဒီကိစ္စတွေကို ကျုပ်သေချာ ကိုင်တွယ်လိုက်မယ်”

အခန်း (၃၁၄) - နက်နဲမှုနှင့် အန္တရာယ်

​ကျောက်ဝမ်ထန်သည် ချွီဝမ်ကျီနှင့် တီလီတို့ နေထိုင်ရန်အတွက် ဆက်လက်စီစဉ်ပေးခဲ့၏။ အတွေ့အကြုံရင့်ကျက်သူပီပီ မေပယ်မြို့သို့ ပြန်ရန်မှာ အလွန်အန္တရာယ်များလှသလို မသင့်တော်ကြောင်း သူ သိရှိထားသည်။ သို့သော် မြို့နှင့် အလွန်ဝေးကွာသော နေရာသို့လည်း သွား၍ မဖြစ်ပါပေ။

​ကံကောင်းသည်မှာ ကျောက်ဝမ်ထန်သည် လွန်ခဲ့သော နှစ်များစွာကတည်းက မြို့စွန်ရှိ ကျေးရွာအချို့တွင် အိမ်ခြံမြေများကို တိတ်တဆိတ် ဝယ်ယူထားခဲ့ခြင်းပင်။ ဤလုပ်ငန်းစဉ်ကို သူတစ်ဦးတည်းသာ သိရှိအောင် အလွန်လျှို့ဝှက်စွာ လုပ်ဆောင်ထားခဲ့ခြင်း ဖြစ်သည်။

​အချိန်မှာ အလွန်အရေးကြီးနေသဖြင့် ကျောက်ဝမ်ထန်သည် အချိန်ဆွဲနေပါက သံသယဝင်စရာ ဖြစ်လာနိုင်သောကြောင့် အမြန်ဆုံး လုပ်ဆောင်ခဲ့ရတော့သည်။

​တစ်ဖက်တွင်မူ လင်းကျင်းသည် ကျောက်ဝမ်ထန်ကဲ့သို့ စိတ်ပူပန်နေခြင်း မရှိပါပေ။

​သို့သော် သူသည် မေပယ်မြို့သို့ ချက်ချင်း ပြန်မသွားသေးဘဲ နေခဲ့၏။

​အစောပိုင်းက ရရှိခဲ့သော အသိအမြင်သစ်များနှင့် အတွေးစများမှာ သဘာဝစမ်းရေတွင်းတစ်ခုကဲ့သို့ တားဆီး၍မရအောင် စီးဆင်းနေခဲ့သောကြောင့်ပင်။

​ထို့ကြောင့် သူသည် သူကိုယ်တိုင် ဖန်တီးခဲ့သော တောင်ကုန်းပေါ်သို့ တက်လိုက်ပြီး တောင်ထိပ်ရှိ နေရာတစ်ခုတွင် ထိုင်ကာ တရားမှတ်နေလိုက်တော့သည်။ သူ၏ လက်မောင်းပေါ်မှ ရှောင်ဟော့လေးမှာလည်း ခုန်ဆင်းလာပြီး ပတ်ဝန်းကျင်တွင် ဟိုဟိုဒီဒီ ခုန်ပေါက်နေခဲ့၏။

​ရှောင်ဟော့သည် သေဘေးမှ လွတ်မြောက်ခဲ့ရသဖြင့် အလွန်ဝမ်းသာနေကြောင်း လင်းကျင်း သိသော်လည်း၊ သူ ဆက်လက်လုပ်ဆောင်မည့် အရာမှာ ရှောင်ဟော့၏ ပျော်ရွှင်မှုကို ပျောက်ကွယ်သွားစေနိုင်ကြောင်း သူ နားလည်ထားသည်။

​“ရှောင်ဟော့... ငါ ငါ့ရဲ့ စိတ်အာရုံကို သုံးပြီးတော့ အဲဒီ ‘ကိုးထပ်ကောင်းကင်ဘုံ’ကို နောက်တစ်ခါ ထပ်ပြီး စူးစမ်းကြည့်ချင်တယ်”

လင်းကျင်းက ပြောလိုက်၏။ သူ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ခြင်း ရှိမရှိကို သူကိုယ်တိုင်ပင် မသေချာပါပေ။

​လင်းကျင်းသည်လည်း ဝေခွဲမရ ဖြစ်နေခဲ့ခြင်းပင်။

​သို့သော် စောစောက ဖြစ်ရပ်ကို သူ အပြည့်အဝ နားမလည်သေးသလို၊ မေးခွန်းများစွာလည်း ရှိနေဆဲဖြစ်ရာ ထိုနေရာသို့ နောက်တစ်ကြိမ် ပြန်သွားချင်နေမိသည်။ ထိုသို့ သွားမှသာ အဖြေမှန်အချို့ကို ရရှိနိုင်ပေလိမ့်မည်။

​ထိုဆုံးဖြတ်ချက်ကို ကြားလိုက်ရသောအခါ ရှောင်ဟော့မှာ သိသိသာသာပင် စိုးရိမ်သွားခဲ့ရ၏။ ၎င်းမှာ ရှောင်ဟော့၏ ကိုယ်ပေါ်မှ ဆီးနှင်းများနှင့် မီးလျှံများ တဖျတ်ဖျတ် ထွက်ပေါ်လာခြင်းကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။

​ရှောင်ဟော့သည် သူ၏ ဘေးကင်းရေးအတွက် စိုးရိမ်နေခြင်းဖြစ်ကြောင်း လင်းကျင်း သိပါသည်။

​ဘာပဲဖြစ်ဖြစ် စိတ်အာရုံဖြင့် ထိုနေရာသို့ သွားရောက်စူးစမ်းခြင်းမှာ အလွန်အန္တရာယ်များလှပေသည်။ ထိုနေရာမှာ မည်မျှအထိ ကြောက်စရာကောင်းကြောင်းကို ရှောင်ဟော့ထက် ပိုသိသူ မရှိပါပေ။

​သို့သော် လင်းကျင်းသည် တစ်ခုခုကို လုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် မပြီးမချင်း လုပ်တတ်သူ ဖြစ်၏။ သို့မဟုတ်ပါက သူ၏ လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသကဲ့သို့ ခံစားနေရမည် ဖြစ်ပြီး၊ ထိုမရေရာမှုက အလုပ်မပြီးမချင်း သူ့ကို အမြဲတမ်း နှောင့်ယှက်နေပေလိမ့်မည်။

​လင်းကျင်းသည် ဤတောင်ပေါ်တွင် ထိုင်နေရခြင်းမှာ အစောပိုင်းက ကိုးထပ်ကောင်းကင်ဘုံနှင့် ဆက်သွယ်မှုကို ဖြစ်ပေါ်စေခဲ့သည့် အမိန့်တော်အင်းကြောင့်ပင် ဖြစ်၏။

​လက်တစ်ချက်ဝှေ့ရုံဖြင့် တောင်တစ်ခုကို ဖန်တီးနိုင်သည့် မန္တန်မျိုးမှာ အလွန်ကြီးမားခြင်း မရှိလျှင်ပင် ဧကန်မုချ နတ်ဘုရားဆန်လှပေသည်။ လင်းကျင်းကိုယ်တိုင်ပင်လျှင် ဤစွမ်းအားကို သုံးစွဲခြင်းမှာ အလွန် ‘လောဘကြီး’ ရာ ရောက်နေသလားဟု ခံစားမိသည်။

​ထို့ကြောင့်ပင် သဘာဝတရား၏ တုံ့ပြန်မှုကို ခံစားခဲ့ရပြီး ကိုးထပ်ကောင်းကင်ဘုံနှင့် ဆက်သွယ်မိသွားခြင်း ဖြစ်ပေလိမ့်မည်။ အမှန်တကယ်ပင် ဤကဲ့သို့သော စွမ်းအားမျိုးမှာ ရှေးဟောင်းနတ်ဘုရားများသာ ပိုင်ဆိုင်သင့်သည့် အရာမျိုး ဖြစ်၏။

​ဤအကြောင်းကြောင့်ပင် လင်းကျင်းအနေဖြင့် ထပ်မံစူးစမ်းရန် လိုအပ်နေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူသည် ဤအမိန့်တော်အင်းများကို နောက်နောင်တွင် အသုံးပြုရန် သတ္တိရှိတော့မည် မဟုတ်ပါပေ။

​ရှောင်ဟော့သည် လင်းကျင်း၏ စိတ်ကို ပြောင်းလဲအောင် မဖျောင်းဖျနိုင်တော့ပါပေ။ ခဏအကြာတွင် လင်းကျင်းသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ စိတ်အာရုံကို စူးစိုက်လိုက်တော့သည်။

​လင်းကျင်းသည် ကိုးထပ်ကောင်းကင်ဘုံသို့ ဝင်ရောက်ရန်အတွက် အစီအစဉ်တစ်ခု ဆွဲထားခဲ့ပြီးသား ဖြစ်၏။ အစောပိုင်းက ထိုနေရာမှ မထွက်ခွာမီ လင်းကျင်းသည် ‘တိမ်တိုက်သယ်ဆောင်ခြင်းအတတ်’ကို အသုံးပြုကာ ကိုးထပ်ကောင်းကင်ဘုံမှ တိမ်တိုက်အနည်းငယ်ကို သားရဲပြတိုက်ထဲသို့ ယူဆောင်ထားခဲ့သည်။

​ဤကဲ့သို့သော အရာမျိုးကို မည်သည့်နေရာတွင်မဆို သိမ်းဆည်း၍ မရပါပေ။ ဆာလ်ဖြူရစ်အက်ဆစ်ကဲ့သို့ပင် ၎င်းကို ထည့်သွင်းရန်အတွက် အထူးပြုလုပ်ထားသော ပုံးများ လိုအပ်လှပေသည်။

​ကိုးထပ်ကောင်းကင်ဘုံ၏ အရှိန်အဝါမှာလည်း ထို့အတူပင်။ အကယ်၍ ၎င်းသာ လူသားတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပါက လင်းကျင်းသာမက သူ့ထက် အဆပေါင်းများစွာ အစွမ်းထက်သော သားရဲ သို့မဟုတ် မိစ္ဆာပင် ဖြစ်လင့်ကစား သေဆုံးသွားပေလိမ့်မည်။

​ကံကောင်းသည်မှာ သားရဲပြတိုက်သည် ထိုအရှိန်အဝါကို ထိန်းသိမ်းထားနိုင်ခြင်းပင်။ ထိုအရှိန်အဝါသည် စိတ်ဝိညာဉ်တံတားတစ်ခုအဖြစ် အသုံးဝင်စေမည်ဖြစ်ရာ၊ လင်းကျင်းအား ထိုနက်နဲလှသော ကိုးထပ်ကောင်းကင်ဘုံသို့ နောက်တစ်ကြိမ် ထပ်မံကြည့်ရှုနိုင်ရန် အထောက်အကူ ပြုပေလိမ့်မည်။

​‘ကိုးထပ်ကောင်းကင်ဘုံ’ ဆိုသည့် အမည်မှာ လင်းကျင်း ကိုယ်တိုင်ပေးထားသော အမည်ပင် ဖြစ်၏။

​အစောပိုင်းက အထက်သို့ ထပ်ဆင့်နေသော တိမ်တိုက်ကိုးလွှာကို မြင်တွေ့လိုက်ရသည့် အချိန်တွင် ရရှိလာသော စိတ်ကူးဖြင့် ဤအမည်ကို ပေးဖြစ်ခဲ့ခြင်း ဖြစ်သည်။

​ယခုအခါ လင်းကျင်းသည် ကိုးထပ်ကောင်းကင်ဘုံမှ သူ ‘ခိုးယူ’ ထားခဲ့သော အရှိန်အဝါကို အသုံးပြုကာ ထိုနေရာကို နားလည်နိုင်ရန် ကြိုးစားနေခြင်းပင်။ ရေနောက်ထဲတွင် ငါးဖမ်းနေသကဲ့သို့ပင် အားလုံးမှာ ကံတရားအပေါ် မူတည်နေသော်လည်း၊ ရုတ်တရက် လင်းကျင်း တစ်စုံတစ်ခုကို ဖမ်းဆွဲမိသွားကာ မျက်လုံးများကို ဖွင့်လိုက်တော့သည်။

​လင်းကျင်း ဖွင့်လိုက်သည်မှာ သူ၏ ‘စိတ်ဝိညာဉ်မျက်လုံး’ပင်ဖြစ်၏။

​ယခု သူ မြင်တွေ့နေရသည့် အရာမှာ သူ၏ စိတ်ဝိညာဉ်မျက်လုံးဖြင့် မြင်တွေ့ရသော မြင်ကွင်းပင် ဖြစ်သည်။

​သူသည် ထိုနက်နဲလှသော ဘုံသို့ အမှန်တကယ်ပင် ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

​လင်းကျင်းသည် ထပ်ဆင့်နေသော ကောင်းကင်ကိုးလွှာကို မော့ကြည့်လိုက်ပြီး အတိုင်းအဆမရှိသော ဖိအားကို ချက်ချင်းပင် ခံစားလိုက်ရပြန်သည်။ သို့သော် အရင်ကနှင့် မတူသည်မှာ၊ ယခုတစ်ကြိမ်တွင် လင်းကျင်းသည် မည်သူ့ကိုမျှ သတိမမူမိစေဘဲ တိတ်တဆိတ် ‘ခိုးဝင်’ လာခြင်း ဖြစ်သည်။ ထို့ကြောင့် အခြေအနေမှာ အရင်ကထက် အများကြီး ပိုကောင်းသည်။

​သို့သော်လည်း လင်းကျင်းအနေဖြင့် ပို၍ပင် ဂရုစိုက်ရပေဦးမည်။ သူ၏ အာရုံစိုက်မှု အနည်းငယ်မျှ လွတ်သွားပါက ‘မတော်တဆမှု’ တစ်ခုခု ဖြစ်သွားနိုင်ပေသည်။ ထိုမတော်တဆမှု၏ နောက်ဆက်တွဲ ရလဒ်မှာ သူ ဘယ်တော့မှ မခံစားချင်သော အရာမျိုး ဖြစ်ပေလိမ့်မည်။

​မှန်ပါသည်... လင်းကျင်းသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေမည် မဟုတ်ပါပေ။ သူသည် ဤနေရာမှ အရှိန်အဝါကို အသုံးပြုကာ သူ၏ စိတ်စွမ်းအားကို မြှင့်တင်ရန်သာ ရည်ရွယ်ခြင်း ဖြစ်သည်။

​အရင်တစ်ခါ ရောက်ခဲ့စဉ်က ဤနေရာသည် လူတစ်ယောက်၏ စိတ်စွမ်းအားကို မြှင့်တင်ရာတွင် အလွန်ပင် ထိရောက်ကြောင်း လင်းကျင်း သိရှိခဲ့ရ၏။ လူသား၏ စိတ်စွမ်းအားမှာ ပုံသဏ္ဌာန်မရှိပါပေ။ ရှေးယခင်ကတည်းက စိတ်စွမ်းအားကို မြှင့်တင်သည့် ကျင့်စဉ်များ ရှိခဲ့သော်လည်း၊ ထိုနည်းလမ်းများမှာ ယခုအခါ အစွမ်းမထက်ကြတော့ပါပေ။ နည်းလမ်းအများစုမှာလည်း အချိန်နှင့်အမျှ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်ရာ ဒဏ္ဍာရီများသာ ကျန်ရစ်ခဲ့တော့သည်။

​ဤနေရာမှာ လူတစ်ယောက်၏ စိတ်စွမ်းအားကို ထုဆစ်ပေးသည့် ပန်းပဲဖိုတစ်ခုကဲ့သို့ပင်။ ဤနေရာတွင် ရှိနေရုံမျှဖြင့် စိတ်စွမ်းအားမှာ ထုနှက်ခံရပြီး ပိုမိုခိုင်မာလာသကဲ့သို့ တိုးတက်လာပေလိမ့်မည်။

​ခိုင်မာသော စိတ်စွမ်းအားသည် အကျိုးကျေးဇူးများစွာ ရှိပေသည်။ ရန်သူ၏ မန္တန်တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်း မြင့်မားလာသလို၊ မိမိ၏ မန္တန်များမှာလည်း ပိုမို အစွမ်းထက်လာပေလိမ့်မည်။

​ယခုအခါ လင်းကျင်းသည် ကိုးထပ်ကောင်းကင်ဘုံ၌ တစ်ဦးတည်း ရှိနေခဲ့၏။ အချိန်အတော်များများကို သူသည် တိတ်ဆိတ်စွာ ထိုင်ရင်း ကုန်လွန်စေခဲ့သော်လည်း၊ တစ်ခါတစ်ရံတွင်မူ ထူးဆန်းသော စိတ်ဆန္ဒများကြောင့် အထက်ရှိ ကောင်းကင်ကိုးလွှာကို ခိုးကြည့်မိတတ်သည်။

​‘ကောင်းကင်ယံမှာ နန်းတော်ကြီး တစ်ခု ရှိနေတယ်... အဲဒီထဲမှာ လူတွေ ရှိနေမလား’

လင်းကျင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့၏။ သူ့ကို ပိုမို စိတ်ဝင်စားစေသည့် အရာမှာ အထက်မှ ကြားလိုက်ရသော သားရဲဟိန်းသံပင် ဖြစ်သည်။ ၎င်းမှာ မည်ကဲ့သို့သော သတ္တဝါဖြစ်ပြီး ဘာကြောင့် ဤမျှအထိ ထိတ်လန့်စရာကောင်းသော အသံမျိုးကို ထုတ်နေရသနည်း။ လင်းကျင်းကိုယ်တိုင်ပင်လျှင် ထိုစဉ်က အလွန် ကြောက်ရွံ့သွားခဲ့ရသည် မဟုတ်ပါလား။

​ကောင်းကင်ကိုးလွှာမှာ သားရဲတစ်ကောင် ရှိနေတာလား။

​လင်းကျင်း အများကြီး တွေးနေမိသည်။ ရုတ်တရက် ပြင်းထန်သော အရှိန်အဝါတစ်ခု သူ၏ ခေါင်းပေါ်မှ ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသဖြင့် လင်းကျင်း အမြန် ပုန်းလိုက်ရ၏။

​ထိုအချိန်တွင် တောက်လောင်နေသော မီးလျှံငှက်ကြီးတစ်ကောင်မှာ တောက်ပလှသော နေမင်းကြီးကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းသွားခဲ့သည်။

​သူ၏ စိတ်ဝိညာဉ်မျက်လုံးဖြင့် ကြည့်လျှင်ပင် ဤမြင်ကွင်းမှာ အလွန် စူးရှလှပေသည်။ သူ မြင်တွေ့လိုက်ရသည်မှာ မီးလျှံတောက်နေသော အတောင်ပံများနှင့် အမြီးသုံးခုရှိသည့် ငှက်ကြီးတစ်ကောင်ပင် ဖြစ်၏။ ၎င်းမှာ ခန့်ညားထည်ဝါရုံသာမက အလွန်လည်း လှပလှပေသည်။

​ရုတ်တရက် လင်းကျင်း တစ်စုံတစ်ခုကို သတိရလိုက်၏။

​ဒီမီးလျှံငှက်က ‘ရွှေကျီးကန်း’နဲ့ မတူဘူးလား။

​လင်းကျင်းသည် ရမ်းသန်းခန့်မှန်းနေခြင်း မဟုတ်ပါပေ။ သူ ‘ရွှေဝါလေး’ကို အကဲဖြတ်စဉ်ကပင် ရွှေဝါလေး၏ ကိုယ်ထဲတွင် ရွှေကျီးကန်း၏ သွေးမျိုးဆက် အနည်းငယ် ပါဝင်နေကြောင်း သူ သိရှိခဲ့သည်။ ထို့ကြောင့်ပင် လင်းကျင်းသည် ဒဏ္ဍာရီလာ ရွှေကျီးကန်း၏ ပုံစံကို ပြတိုက်အတွင်းရှိ ပုံဖော်ချက်များတွင် မြင်ဖူးထားခဲ့ခြင်း ဖြစ်၏။

​မှန်ပါသည်... လင်းကျင်းအနေဖြင့် ၎င်းမှာ ဒဏ္ဍာရီမျှသာဟု ထင်မှတ်ထားခဲ့သော်လည်း၊ ယခုအခါ ကောင်းကင်ကိုးလွှာတွင် ပျံသန်းနေသော ထိုမီးလျှံငှက်ကြီးကို ကြည့်ရင်း အလားသဏ္ဌာန် တူညီနေသည်ကို မမြင်ဘဲ မနေနိုင်တော့ပါပေ။

​ဒါဟာ ရွှေကျီးကန်းပဲ။

​အသက်ရှင်နေတဲ့ ရွှေကျီးကန်းအစစ်ပဲ။

​လင်းကျင်း၏ နှလုံးခုန်သံမှာ မြန်လာပြီး စိတ်အာရုံမှာလည်း တုန်လှုပ်သွားခဲ့ရ၏။

​ရုတ်တရက် ရွှေကျီးကန်းသည် ကောင်းကင်ယံရှိ တိမ်တိုက်များအတွင်းသို့ ငုပ်လျှိုးသွားသော်လည်း၊ လင်းကျင်း၏ ထက်မြက်သော အမြင်အာရုံကြောင့် ကောင်းကင်မှ တစ်စုံတစ်ခု ကျလာသည်ကို မြင်လိုက်ရသည်။

​မီးပွင့်လေးလား။

​၎င်းမှာ မီးပွင့်လေး မဟုတ်ဘဲ ငှက်မွေးတစ်ချောင်း ဖြစ်နေခဲ့၏။

​ရွှေကျီးကန်း၏ အမွေးတစ်ချောင်းပင် ဖြစ်သည်။

​ရွှေကျီးကန်း ပျံသန်းသွားစဉ် တစ်စုံတစ်ခုသော အကြောင်းကြောင့် အတောင်တစ်ချောင်း ကျန်ရစ်ခဲ့ခြင်း ဖြစ်ရပေမည်။ ဤသည်ကို မြင်လိုက်ရသောအခါ လင်းကျင်း၏ စိတ်ထဲတွင် ပြင်းပြသော အတွေးတစ်ခု ဖြစ်ပေါ်လာတော့သည်။

​သူ ထိုငှက်မွေးကို ရအောင် ယူရမည်။

​ဒါဟာ ဧကန်မုချ ရတနာတစ်ခုပင် ဖြစ်၏။ ဤနေရာတွင် နေထိုင်သူများအတွက်တော့ မဟုတ်နိုင်သော်လည်း လင်းကျင်းအတွက်မူ အမှန်ပင် ရတနာ ဖြစ်ပေလိမ့်မည်။

​သို့သော် သူ မည်သို့ ရယူပါမည်နည်း။ ထိုအတောင်ပံမှာ လေထဲတွင် ဝဲပျံနေသဖြင့် မည်သည့်နေရာသို့ ကျမည်ကို မည်သူ သိနိုင်ပါမည်နည်း။ ထိုအချိန်တွင် လင်းကျင်း မအောင့်နိုင်တော့ပါပေ။ ဒါဟာ အခွင့်အရေးတစ်ခုဖြစ်ကြောင်း သူ သိလိုက်ရသည်။

​ထိုအတောင်ပံမှာ ရွှေကျီးကန်းအစစ်ထံမှ ရရှိလာခြင်း ဖြစ်ရာ၊ သူသာ ရရှိခဲ့ပါက ရွှေဝါလေးအတွက် အတိုင်းအဆမရှိ အကျိုးကျေးဇူး များပေလိမ့်မည်။

​ရှောင်ဟော့အပြင် ရွှေဝါလေးမှာလည်း လင်းကျင်းအတွက် ဒုတိယမြောက် အိမ်မွေးသားရဲကဲ့သို့ပင် ဖြစ်၏။ ထိုကြက်ဖကြီးမှာ အမြဲတမ်း အားကိုးမရသကဲ့သို့ ထင်ရသော်လည်း၊ အရေးကြီးသော အချိန်များတွင်တော့ အမြဲတမ်း တိုက်ပွဲ၏ အလှည့်အပြောင်းကို ဖန်တီးပေးတတ်သူ ဖြစ်သည်။

​ထို့ပြင် ရွှေဝါလေး၏ သွေးမျိုးဆက်မှာ လင်းကျင်း၏ သားရဲများထဲတွင် အင်အားအကြီးဆုံး တစ်ခုလည်း ဖြစ်၏။ ယခုအခါ ရွှေကျီးကန်းအစစ်၏ အတောင်ပံကို ရရှိနိုင်မည့် အခွင့်အရေး ပေါ်ပေါက်လာပြီဖြစ်ရာ လင်းကျင်းအနေဖြင့် လက်လွတ်မခံနိုင်ပါပေ။

​လင်းကျင်းသည် စိတ်ကို စူးစိုက်လိုက်ပြီး သူ၏ စိတ်အာရုံဖြင့် တိမ်တိုက်သယ်ဆောင်ခြင်းအတတ်ကို အသုံးပြုလိုက်တော့သည်။

​ဤနေရာတွင် မန္တန်များကို အသုံးပြုခြင်းမှာ အလွန်စွန့်စားရာ ရောက်လှပေသည်။ အဘယ်ကြောင့်ဆိုသော် လင်းကျင်းသာ ဂရုမစိုက်မိပါက ‘အမိခံ’ ရနိုင်သောကြောင့်ပင်။ ထိုသို့ ဖြစ်သွားပါက သူသည် သဘာဝတရား၏ ကြောက်မက်ဖွယ်ကောင်းသော တုံ့ပြန်မှုကို နောက်တစ်ကြိမ် ထပ်မံ ရင်ဆိုင်ရပေဦးမည်။

​သို့သော် လင်းကျင်းတွင် ယခုအခါ ဖဲချပ်တစ်ချပ် ရှိနေခဲ့ပြီ ဖြစ်၏။

​အရင်တစ်ခါက ပြတိုက်၏ အကူအညီဖြင့် ကျော်လွှားနိုင်ခဲ့သည်။ အကယ်၍ ထပ်မံ သိရှိသွားပါက နောက်တစ်ကြိမ် ထပ်မံ လုပ်ဆောင်ရုံသာ ရှိတော့သည်။ ဤသည်မှာ ထိုအတောင်ပံတစ်ချောင်းသည် လင်းကျင်းအတွက် မည်မျှအထိ အရေးကြီးကြောင်း သက်သေပင် ဖြစ်၏။

​လင်းကျင်းသည် အခြားသော နည်းလမ်းများကိုလည်း စဉ်းစားမိပါသေးသည်။ ဥပမာ ရွှေကျီးကန်းကို အရှင်ဖမ်းရန်၊ သို့မဟုတ် ၎င်း၏ အတောင်ပံများကို ပိုမို နှုတ်ယူရန် သို့မဟုတ် သွေးနမူနာ ယူရန် စသည်ဖြင့်ပေါ့။

​သို့သော် ထိုအတွေးများမှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်၏။

​စောစောက ပျံသန်းသွားသော ရွှေကျီးကန်း၏ စွမ်းအားမှာ လင်းကျင်း ယခုအထိ တွေ့ဖူးသမျှ သားရဲနှင့် မိစ္ဆာအားလုံးထက် များစွာ သာလွန်လှပေသည်။

​လင်းကျင်းပင်လျှင် ၎င်း မည်မျှအထိ အစွမ်းထက်ကြောင်း မခန့်မှန်းနိုင်ပါပေ။ သို့သော် သေချာသည့် အချက်တစ်ခုမှာ ယခုလက်ရှိ သူ၏ စွမ်းအားဖြင့်တော့ ထိုသတ္တဝါကို မယှဉ်နိုင်သေးခြင်းပင် ဖြစ်၏။

​အခြေအနေက ဤသို့ဖြစ်နေသဖြင့် သူ ပေါ့ပေါ့ဆဆ လုပ်၍ မရပါပေ။

​လင်းကျင်းသည် တိမ်တိုက်သယ်ဆောင်ခြင်းအတတ်ကို အသုံးပြုကာ သူ၏ စိတ်စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။ ကောင်းကင်ရှိ တိမ်တိုက်အချို့မှာ တိမ်တိုက်ငှက်လေးတစ်ကောင်အဖြစ် စုစည်းသွားပြီး၊ အတောင်ပံကို ကိုက်ယူရန်အတွက် ပျံသန်းသွားတော့သည်။

​မြေပြင်မှ ကြည့်လျှင် ကောင်းကင်မှာ ငြိမ်သက်နေသကဲ့သို့ ထင်ရသော်လည်း၊ အထက်ရှိ ကိုးလွှာသော ကောင်းကင်ယံတွင်မူ ပြင်းထန်သော လေပြင်းများ တိုက်ခတ်နေခဲ့၏။ အောက်ဆုံးအလွှာမှာပင် ထိုသို့ ဖြစ်နေခြင်း ဖြစ်သည်။ လင်းကျင်းသည် ထိုတိမ်တိုက်ငှက်လေး လေထဲတွင် လွင့်စင်မသွားစေရန် အစွမ်းကုန် ကြိုးစား ထိန်းသိမ်းနေရ၏။

​ထိုငှက်လေးတွင် လင်းကျင်းကိုယ်တိုင် ဖန်တီးထားသော စိတ်ဝိညာဉ်မျက်လုံးတစ်စုံ ပါရှိပေသည်။ ထို့ကြောင့် သူသည် ထိုငှက်လေး၏ မျက်လုံးများမှတစ်ဆင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနိုင်ခြင်း ဖြစ်၏။

​ဤနည်းလမ်းဖြင့် လင်းကျင်းသည် ကိုးထပ်ကောင်းကင်ဘုံသို့ သွယ်ဝိုက်သော နည်းလမ်းဖြင့် ဝင်ရောက်နိုင်ခဲ့သည်။ သူသည် အောက်ဆုံးအလွှာတွင်သာ ရှိနေသေးသော်လည်း၊ ဤအကွာအဝေးမှနေ၍ ကိုးထပ်ကောင်းကင်ဘုံမှာ အမှန်တကယ်ပင် နာမည်နှင့်လိုက်အောင် ခမ်းနားလှကြောင်း သိလိုက်ရ၏။ ဤနေရာရှိ တိမ်တိုက်များမှာ ကြီးမားလွန်းလှပြီး အလွှာတစ်ခုချင်းစီမှာလည်း လွင်ပြင်ကျယ်ကြီးများကဲ့သို့ ရှိနေခဲ့သည်။ လင်းကျင်းသည် အောက်ဆုံး တိမ်တိုက်အလွှာအတွင်း၌ ခန့်ညားထည်ဝါစွာ မတ်တပ်ရပ်နေသော တောင်ထိပ်များကိုပင် မြင်တွေ့နေရ၏။ ရှားပါးသားရဲများ၏ ခြေရာလက်ရာ အချို့ကိုပင် သူ သတိထားမိလိုက်သည်။

​“အူးးးးး”

​ထူးဆန်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ စိတ်ဝိညာဉ်မျက်လုံးမှတစ်ဆင့် လင်းကျင်းသည် ခြေလေးချောင်းပါရှိသော ကြီးမားလှသည့် မြရောင်နဂါးကြီးတစ်ကောင် ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရ၏။ ၎င်းမှာ ဧကန်မုချ ရှားပါးသတ္တဝါဖြစ်ပြီး၊ ဤနဂါးကြီး၏ အရှိန်အဝါမှာ လင်းကျင်း တွေ့ဖူးခဲ့သော နဂါးအိုကြီးထက် များစွာ သာလွန်လှပေသည်။

​အကြောက်စရာအကောင်းဆုံး အချက်မှာ ဤနဂါးကြီးသည် အခြားသော ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးတစ်ကောင်၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရခြင်းပင် ဖြစ်၏။ ထိုသားရဲကြီးမှာ အရွယ်အစားအားဖြင့် ပိုမို ကြီးမားပြီး ငါးခူကြီးတစ်ကောင်နှင့် အလားသဏ္ဌာန် တူလှပေသည်။ ၎င်း၏ ဦးခေါင်းပေါ်တွင် ပေတစ်ရာခန့် ရှည်လျားသော ဦးချိုတစ်ခု ပါရှိပြီး၊ ခန္ဓာကိုယ်မှာ ပေသုံးရာကျော်ခန့် ရှည်လျားပုံရ၏။ နောက်တစ်စက္ကန့်တွင် ထိုထူးဆန်းသော ငါးခူကြီးသည် ပါးစပ်ကို ဟလိုက်ပြီး ထွက်ပြေးနေသော နဂါးကြီး၏ ခြေထောက်တစ်ဖက်ကို ကိုက်ခဲကာ တစ်လုပ်တည်းနှင့် မျိုချလိုက်တော့သည်။ ထိုရက်စက်လှသော မြင်ကွင်းကြောင့် သွေးများမှာ နေရာအနှံ့သို့ လွင့်စင်သွားခဲ့လေတော့သည်။

All Chapters