အခန်း (၃၁၉-၃၂၀)
Vol. 16 Ch. 319-320
အခန်း (၃၁၉) - နဂါးမီးလျှံ
ဘယ်ကမှန်းမသိသော လေပြင်းတစ်ချက် ဝေ့တိုက်လာပြီး ဖုန်မှုန့်နှင့် သဲများကို လွင့်စင်သွားစေ၏။
အထူးဆန်းဆုံးအချက်မှာ ထိုသဲမုန်တိုင်းသည် တစ်နေရာတည်းတွင်သာ ဝဲလည်နေပြီး အစောင့်အကြပ်များကိုသော်လည်းကောင်း၊ လင်းကျင်းကိုသော်လည်းကောင်း တစ်စုံတစ်ရာ ထိခိုက်မှု မရှိစေခြင်းပင် ဖြစ်သည်။
ထိုအတောအတွင်း မုန်တိုင်းဗဟိုချက်တွင် ရပ်နေသော တောင်ခြင်္သေ့မှာမူ တစ်ဆိုဒ်မျှသာ ကြီးထွားလာခြင်း မဟုတ်ဘဲ မူလအရွယ်အစားထက် အဆပေါင်းများစွာ ပိုမိုကြီးမားလာခဲ့သည်။ အဆင့်မတက်မီက ထိုခြင်္သေ့မှာ အတော်လေး သေးငယ်ပြီး ဝံပုလွေတစ်ကောင်ထက်ပင် ငယ်သည်ဟု ဆိုနိုင်ပေသည်။ နွားကြီးတစ်ကောင်နှင့် နှိုင်းယှဉ်လျှင်တော့ ပြောနေစရာပင် မလိုပါပေ။
သို့သော် ယခုအခါတွင်မူ ထိုတောင်ခြင်္သေ့သည် နွားကြီးတစ်ကောင်ထက်ပင် ပို၍ ထွားကျိုင်းနေခဲ့ပြီ ဖြစ်၏။
ဤမျှ ကြီးမားသော သားရဲတစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းမှာ မည်မျှအထိ ဖိအားရှိမည်ကို မှန်းဆကြည့်ရုံနှင့် သိနိုင်ပေသည်။ ပတ်ဝန်းကျင်ရှိ အခြားသော သားရဲများမှာ ကြောက်လန့်တကြား နောက်ဆုတ်သွားကြပြီး၊ အစောင့်အကြပ်များမှာလည်း စကားလုံးဖြင့် ဖော်ပြမရနိုင်လောက်အောင် မှင်တက်သွားကြရသည်။
နောက်ဆုံးတွင်တော့ တစ်ဦးက သတိပြန်ဝင်လာခဲ့၏။
“အဆင့် ၃... ဒါ တကယ့်ကို အဆင့် ၃ သားရဲပဲ... အဆင့် ၃ ရောက်မှသာ ခန္ဓာကိုယ် အရွယ်အစားကို စိတ်ကြိုက် ပြောင်းလဲနိုင်တာ... ငါတို့မြို့က ထင်ရှားတဲ့ မိသားစုတစ်ခုရဲ့ အကြီးအကဲက သူ့ရဲ့ အဆင့် ၃ သားရဲကို အပြင်ထုတ်လာတုန်းက ဒီလိုပဲ မြင်ခဲ့ဖူးတာ... သူက အဲဒီသားရဲပေါ်မှာ မြင်းစီးသလို စီးသွားတာ တကယ့်ကို မိုက်တာပဲ”
ထိုအစောင့်အကြပ်မှာ မိမိကိုယ်ပိုင် သားရဲ အဆင့်တက်သွားသကဲ့သို့ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
ဘေးလူများပင် ဤမျှ ခံစားနေရလျှင် ပိုင်ရှင်ဖြစ်သူ အစောင့်အကြပ်ကျန်း၏ ခံစားချက်မှာ ပြောနေစရာပင် မလိုတော့ပါပေ။
သူ့တစ်သက်တာတွင် အိမ်ထောင်ပြုခြင်းနှင့် သားသမီး ရရှိခြင်းမှအပ၊ အစောင့်အကြပ်ကျန်းကို ယခုထက် ပို၍ စိတ်လှုပ်ရှားစေသည့်အရာ မရှိခဲ့ဖူးပါပေ။
မဟုတ်သေး... သူ၏ သားဦးလေး မွေးဖွားစဉ်ကပင် သူ ဤမျှအထိ ဝမ်းမသာခဲ့ဖူးပါပေ။
အဆင့် ၃ သားရဲတစ်ကောင်...။
သူ၏ တောင်ခြင်္သေ့မှာ အမှန်တကယ်ပင် အဆင့်တက်သွားခဲ့ပြီ ဖြစ်သည်။
ဒါဟာ အိပ်မက်တစ်ခုများလား။
အစောင့်အကြပ်ကျန်းသည် သူ၏ မျက်လုံးများကို ပွတ်ကြည့်ပြီး လက်မောင်းကို ဆိတ်ကြည့်လိုက်၏။ အရာအားလုံးက ဒါဟာ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။
အတိုင်းထက်အလွန် ဝမ်းသာသွားပြီးနောက် အစောင့်အကြပ်ကျန်းသည် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားလိုက်ပြီးမှ အရေးကြီးသော အချက်တစ်ခုကို သတိပြုမိသွား၏။
ဆရာလင်းသည် သူ၏ ကတိအတိုင်း သူတို့၏ သားရဲအားလုံးကို နောက်တစ်ဆင့်သို့ အမှန်တကယ် မြှင့်တင်ပေးခဲ့ခြင်းပင်။ ဒါဟာ ဘယ်လို အစွမ်းမျိုးပါလိမ့်။
သူတို့လာခဲ့သည့် ချန်းခရိုင်ရှိ သားရဲအကဲဖြတ်မှူး တစ်ယောက်မှ ဤကဲ့သို့ နတ်ဘုရား အစွမ်းမျိုး ရှိလိမ့်မည်မဟုတ်ကြောင်း သူ အသေအချာ ယုံကြည်နေခဲ့သည်။
တစ်နိုင်ငံလုံးအနှံ့ ခရီးလှည့်လည်ဖူးသူဖြစ်ရာ အစောင့်အကြပ်ကျန်းသည် အတွေ့အကြုံများစွာ ရှိသူဖြစ်ပြီး၊ ယနေ့တွင်တော့ သူတို့သည် စစ်မှန်သော ပညာရှင်ကြီးတစ်ဦးနှင့် ဆုံတွေ့ခဲ့ရပြီဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့်လည်း စောစောက လင်းကျင်း ဆေးပင်ကို ယူသွားခဲ့သည့်အပေါ် သူ ဘာမှ မခံစားရတော့ခြင်း ဖြစ်ပေလိမ့်မည်။
ဒါကို ဘယ်လိုလုပ် စိတ်ဆိုးနေနိုင်မှာလဲ။
အခြားအရာများကို ထားလိုက်ဦး၊ အနည်းဆုံးတော့ အစောင့်အကြပ်ကျန်းနှင့် သူ၏အဖွဲ့အတွက် ဤပြန်ပေးသည့် လက်ဆောင်မှာ ဆေးပင်ထက် များစွာ ပိုမို အရေးကြီးလှပေသည်။
ဒါဟာ တကယ့်ကို အဖိုးဖြတ်မရနိုင်တဲ့ အရာပင်။
အစောင့်အကြပ်ကျန်းသည် ချက်ချင်း ရှေ့သို့ တိုးလိုက်ပြီး လင်းကျင်းကို ရိုသေစွာဖြင့် ဦးညွှတ်လိုက်၏။
“ကျုပ်တို့တို့ ကျူရိပ်မြို့ရဲ့ ‘ကျိအန်း’ လုံခြုံရေးအစောင့်အကြပ်အဖွဲ့က ဆရာ့လင်းရဲ့ ကြီးမားလှတဲ့ ကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ”
“ကျေးဇူးတင်ပါတယ် ဆရာလင်း"
အခြားသော အစောင့်အကြပ်များလည်း သတိဝင်လာကြပြီး လင်းကျင်းကို ဝိုင်း၍ ဦးညွှတ်လိုက်ကြတော့သည်။
သူတို့အတွက်တော့ မိမိတို့၏ သားရဲများ အဆင့်တက်သွားခြင်းမှာ အလွန်ကြီးမားသော ကျေးဇူးတစ်ခုပင် ဖြစ်၏။ ဤအချိန်မှစ၍ သူတို့၏ ကံကြမ္မာမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူတို့၏ မိသားစု၊ မိဘနှင့် သားသမီးများ၏ ဘဝမှာလည်း သေချာပေါက် ပိုမို ကောင်းမွန်လာတော့မည် မဟုတ်ပါလား။
လင်းကျင်းသည် အပ်များကို ပြန်လည် သိမ်းဆည်းလိုက်ပြီး လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်၏။
“ကျုပ် ရှင်းရှင်းပဲ ပြောပြီးသားပါ... ခင်ဗျားတို့ ပို့ဆောင်ပေးနေတဲ့ လင်ဇီးမိုကို ကျုပ်ယူလိုက်လို့၊ အဲဒါအတွက် အစားပြန်ပေးတဲ့ အနေနဲ့ ခင်ဗျားတို့ သားရဲတွေကို အဆင့်မြှင့်ပေးတာ... ဒါကြောင့် ကျုပ်ကို ကျေးဇူးတင်နေဖို့ မလိုဘူး”
အပေးအယူ မျှတစေရမည်။ လင်းကျင်းသည် သူတစ်ပါးအပေါ် အကြွေးတင်နေခြင်းကို မနှစ်သက်ပါပေ။ သူ ပြောသည့်အတိုင်းပင် ဤအစောင့်အကြပ်များကို ကူညီရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သေချာပေါက် လင်းကျင်းအတွက်တော့ ဤအစောင့်အကြပ်များအပေါ် တင်ရှိနေသော အကြွေးမှာ ပြေလည်သွားခဲ့ပြီ ဖြစ်၏။
သို့သော် ဤအစောင့်အကြပ်များမှာ ကုန်စည်ပို့ဆောင်သူများသာ ဖြစ်ကြသည်။ အမှန်တကယ် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သူမှာ သူတို့၏ အလုပ်ရှင်သာ ဖြစ်ရာ၊ နောင်တစ်ချိန်တွင် ထိုသူများက ပြဿနာ လာရှာနိုင်သဖြင့် လင်းကျင်းအနေဖြင့် အလုပ်ရှင်မှာ မည်သူဖြစ်ကြောင်း သိထားရန် လိုအပ်ပေသည်။
ထို့ကြောင့် လင်းကျင်းက သူတို့ကို အသေးစိတ် မေးမြန်းလိုက်၏။
ဤတစ်ကြိမ်တွင်တော့ အစောင့်အကြပ်ကျန်းနှင့် အခြားသူများက ရိုသေစွာဖြင့် ဖြေကြားလိုက်ကြသည်။
“အလုပ်ရှင်က ကျူရိပ်မြို့က အချမ်းသာဆုံး မိသားစုဖြစ်တဲ့ ‘ချောင်’ မိသားစုပါခင်ဗျာ”
လင်းကျင်းက ထိုအမည်ကို စိတ်ထဲတွင် မှတ်သားထားလိုက်၏။ ကျူရိပ်မြို့အကြောင်း သူ ကြားဖူးသော်လည်း ၎င်းမှာ မေပယ်မြို့နှင့် အတော်လေး ဝေးကွာလှပေသည်။ သူ့တွင် လင်းယုန်ငှက် မရှိသေးသဖြင့် ထိုနေရာသို့ ချက်ချင်း သွားရန်တော့ မဖြစ်နိုင်သေးပါပေ။
လင်းကျင်း၏ အတွေးကို ရိပ်မိပုံရသောကြောင့် အကျိုးကျေးဇူး အကြီးအကျယ် ရရှိထားသည့် အစောင့်အကြပ်ကျန်းက ကမ်းလှမ်းလိုက်၏။
“ဆရာလင်း... ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကျိအန်း လုံခြုံရေးအဖွဲ့ကလည်း တာဝန်တစ်စိတ်တစ်ပိုင်း ရှိပါတယ်... ဆရာ့ဆီကနေ အများကြီး ရရှိထားတဲ့အတွက် ကျွန်တော်တို့ကိုယ်တိုင် ချောင်မိသားစုကို သွားပြီး အခြေအနေကို ရှင်းပြပေးပါ့မယ်... သူတို့လည်း ဆရာ့ကို ဆက်ပြီး ပြဿနာရှာမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်”
လင်းကျင်းက ခေါင်းညိတ်လိုက်၏။
ဒါဟာ အကောင်းဆုံး နည်းလမ်းပင်။ သို့သော် အစောင့်အကြပ်ကျန်း၏ ရှင်းပြချက်တစ်ခုတည်းနှင့် ပြဿနာ ပြေလည်သွားမည် မဟုတ်ကြောင်း သူ သိထားသည်။ အလွန်ဆုံးရှိလျှင်တော့ နောက်ရက်အနည်းငယ်အတွင်း ကျူရိပ်မြို့သို့ သူ သွားရောက်ရရုံသာ ရှိတော့သည်။
ဘာအတွက်ကြောင့်လဲ။
သူတို့၏ သားရဲများကို အဆင့်တက်အောင် ကူညီပေးပြီးနောက်တွင်တော့ ထိုသူများက ပြဿနာ ဆက်ရှာရန် ခဲယဉ်းလှပေသည်။
“ဒါလည်း ကောင်းတာပဲ... ဒါဆို အစောင့်အကြပ်ကျန်းကိုပဲ အားကိုးရတော့မယ်... နောက်ရက်အနည်းငယ်အတွင်း ကျုပ်ကိုယ်တိုင် သူတို့ဆီကို လာခဲ့မယ်လို့လည်း ပြောပေးပါဦး”
လင်းကျင်းက ပြုံးရင်း ပြောလိုက်ပြီးနောက် ထွက်ခွာရန် ပြင်လိုက်တော့သည်။ ယနေ့ညမှာ အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရပြီး တန်ဖိုးရှိသော အရာများစွာကိုလည်း ရရှိခဲ့၏။ သူသည် အိမ်ပြန်ပြီး ထိုအရာများကို ကျင့်ကြံအားထုတ်မှုမှတစ်ဆင့် ပြန်လည် အသုံးချရပေဦးမည်။
ထိုသို့ပြောပြီးနောက် လင်းကျင်းသည် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီး ပျံသန်းထွက်ခွာသွားလေတော့သည်။
လင်းကျင်းသည် တိမ်တိုက်သယ်ဆောင်ခြင်းအတတ်ကို အသုံးပြုနိုင်သေးသော်လည်း အကွာအဝေး အနည်းငယ်သာ သွားနိုင်ပေသည်။ သို့သော် အစောင့်အကြပ်များ၏ အမြင်တွင်တော့ သူသည် ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေခဲ့၏။
လင်းကျင်း ထွက်သွားပြီးနောက်တွင်ပင် အစောင့်အကြပ်များသည် သူတို့၏ သားရဲများ အဆင့်တက်သွားသည့် အချက်ကို လက်ခံနိုင်ရန် ကြိုးစားနေကြရဆဲ ဖြစ်သည်။
အစောင့်အကြပ်ကျန်းမှာလည်း ပါးစပ်မစိနိုင်အောင် ပြုံးပျော်နေခဲ့၏။
“ဒီနေ့တော့ ငါတို့တွေ ဒုက္ခထဲကနေ လာဘ်ကြီး တစ်ခုကို ရလိုက်တာပဲ... ကုန်ပစ္စည်း တစ်ခုပဲ ဆုံးရှုံးသွားတာဆိုတော့ ငါတို့ ခရီးကို ဆက်ကြတာပေါ့... အဖိုးကြီးရှု... အဖွဲ့ကို မြို့တော်အထိ ဦးဆောင်သွားလိုက်ပါ... အခုဆိုရင် အားလုံးရဲ့ သားရဲတွေက အဆင့်တက်သွားပြီဆိုတော့ ခရီးက ပိုမြန်မှာ သေချာတယ်... လမ်းမှာ ပြဿနာ တစ်ခုခု ကြုံလာရင်တောင် မင်းတို့အားလုံး ဖြေရှင်းနိုင်မှာပါ”
ခဏရပ်ပြီးနောက် အစောင့်အကြပ်ကျန်းက ဆက်ပြောလိုက်၏။
“ငါကတော့ ကျူရိပ်မြို့ကို ချက်ချင်းပြန်ပြီး ချောင်မိသားစုကို ဒီကိစ္စ သွားရှင်းပြလိုက်မယ်... ဆရာလင်းက တကယ့်ကို အံ့သြစရာကောင်းတဲ့ လူတစ်ယောက်ပဲ... ချောင်မိသားစုသာ ဒီအကြောင်းကို သိသွားရင် ငါတို့အပေါ် သိပ်ပြီး ပြဿနာရှာမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်... ဒီအခက်အခဲကို ငါတို့တွေ ကျော်ဖြတ်နိုင်မှာပါ”
အစောင့်အကြပ်ကျန်းသည် အရာအားလုံးကို သေချာစွာ စဉ်းစားထားခြင်း ဖြစ်၏။
အခြားသော အစောင့်အကြပ်များကလည်း သူ၏ အကြံပြုချက်ကို ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
ထို့ကြောင့် သူတို့သည် လမ်းခွဲကာ ညတွင်းချင်းပင် ခရီးဆက်လိုက်ကြတော့သည်။ တစ်ဖွဲ့က မြို့တော်သို့ ဦးတည်သွားပြီး၊ အစောင့်အကြပ်ကျန်း တစ်ဦးတည်းကမူ ကျူရိပ်မြို့သို့ ပြန်လှည့်လာခဲ့သည်။
လင်းကျင်းဘက်သို့ ပြန်ကြည့်လျှင်၊ သူသည် မေပယ်မြို့ရှိ သူ၏ အိမ်လေးသို့ ပြန်ရောက်သောအခါ အခန်းထဲသို့ ဝင်ကာ တင်ပလ္လင်ခွေ ထိုင်လိုက်၏။
ယနေ့ည သူ ရရှိခဲ့သော အကျိုးကျေးဇူးများမှာ မတွေးဝံ့စရာပင်။
ရွှေဝါလေးအတွက် သန့်စင်ပေးနိုင်မည့် ရွှေကျီးကန်းအတောင်ပံကို ထားလိုက်ဦး၊ ငါးခူကြီး ဝါးမြိုသွားခဲ့သော နဂါးထံမှ ရရှိခဲ့သည့် သွေးမှာလည်း အလွန်ပင် အံ့သြစရာ ကောင်းလှပေသည်။
သူ ရရှိထားသော နမူနာကို အသုံးပြုကာ လင်းကျင်းသည် နဂါး၏ အသေးစိတ် အချက်အလက်များကို စတင် သုတေသနပြုလိုက်၏။
အဆင့် ၅ မဟာမီးနဂါး...။ မီးဓာတ်ရှိပြီး ပြင်းထန်သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ သားရဲပြတိုက်အတွင်း၌ ထိုမီးနဂါးနှင့် ပတ်သက်သော အချက်အလက်များစွာ ရှိနေပြီး၊ ၎င်းကို အဆင့်တက်စေမည့် နည်းလမ်းများစွာလည်း ပါဝင်ပေသည်။
ထိုသတ္တဝါမှာ အခြားသော ကြောက်မက်ဖွယ်ကောင်းသည့် သားရဲ၏ နေ့လည်စာ ဖြစ်သွားခဲ့ရခြင်းမှာ နှမြောစရာပင်။ လင်းကျင်းအနေဖြင့် ထိုငါးခူကြီးမှာ ဘာဖြစ်ကြောင်း အသေအချာ မပြောနိုင်ပါပေ။ သို့သော် အဆင့် ၅ သားရဲတစ်ကောင်ကို တစ်လုပ်တည်းနှင့် ဝါးမြိုနိုင်သည်ဆိုလျှင် ၎င်းမှာ အနည်းဆုံး အဆင့် ၆ ခန့် ရှိပေလိမ့်မည် မဟုတ်ပါလား။
ဤနဂါးသွေးမှာ လင်းကျင်းအတွက် အလွန် အသုံးဝင်လှပေသည်။ သူသည် ၎င်း၏ အစိတ်အပိုင်း အများစုကို ရှောင်ဟော့အား တိုက်ကျွေးပြီး ၎င်း၏ မီးလျှံဓမ္မခန္ဓာကို အားဖြည့်ပေးနိုင်ပေသည်။ ထို့ပြင် အချို့ကို မိမိအတွက် ချန်ထားပြီး ပိုမို ပြင်းထန်သော ဂါထာမန္တန်များကို ကျင့်ကြံနိုင်သေး၏။
ဝူချန်းထံမှ ရရှိခဲ့သော အဆောင်လက်ဖွဲ့ သင်ကြားမှုများအရ လင်းကျင်းသည် အရာများစွာကို သင်ယူခဲ့ရသည်။ ထို ‘နတ်ဘုရားတောင်တန်းအဆောင်’ မှာ ငါးပါးသော ဒြပ်စင်ဆိုင်ရာ မြေသားအဆောင်တစ်ခု ဖြစ်၏။
ယခုအခါတွင်မူ လင်းကျင်းသည် ငါးပါးသော ဒြပ်စင်ဆိုင်ရာ မီးအဆောင်တစ်ခုကို ဖန်တီးရန် စီစဉ်လိုက်သည်။
ဤငါးပါးသော ဒြပ်စင်ဆိုင်ရာ မီးအဆောင်ကို ဖန်တီးသည့် ဖြစ်စဉ်တွင် စက္ကူ မလိုအပ်ပါပေ။ လင်းကျင်းသည် ၎င်းကို သူ၏ စိတ်အာရုံထဲတွင်သာ ရေးဆွဲရမည်ဖြစ်ပြီး၊ လိုအပ်သည့်အခါတိုင်း သူ၏ စွမ်းအားဖြင့် ဆင့်ခေါ်နိုင်မည် ဖြစ်သည်။ လင်းကျင်းသည် ‘နတ်ဘုရားဓားကျမ်း’ နှင့် ‘တိမ်တိုက်သယ်ဆောင်ခြင်းအတတ်’ တို့ကို နှိုင်းယှဉ်လေ့လာခြင်းဖြင့် အသေးစိတ် အချက်အလက်များကို သင်ယူနိုင်ခဲ့ခြင်းပင်။ လင်းကျင်း ဖန်တီးလိုက်သော မီးအဆောင်မှာ နတ်ဘုရားဆန်လှသည်တော့ မဟုတ်သော်လည်း အလွန် ကောင်းမွန်သော မန္တန်တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လင်းကျင်းသည် မိုးလင်းသည်အထိ ဆက်တိုက် လုပ်ဆောင်နေခဲ့ပြီး နောက်ဆုံးတွင်တော့ ရလဒ်များ စတင် ထွက်ပေါ်လာခဲ့၏။ သူ၏ စိတ်အာရုံကို လှုပ်ရှားလိုက်သည်နှင့် သူ၏ လက်ချောင်းပေါ်တွင် သေးငယ်သော မီးပွားလေးတစ်ခု ပေါ်လာတော့သည်။
ဤမီးပွားလေးမှာ အရောင်အမျိုးမျိုး ရောနှောနေသော သာမန် မီးလျှံလေးသာ ဖြစ်၏။ ၎င်းမှာ လုံးဝ သန့်စင်ခြင်း မရှိသေးပါပေ။
ထို့နောက် လင်းကျင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။
“နဂါးမီးလျှံ”
ဤတစ်ကြိမ်တွင်တော့ သူသည် ထိုနဂါးသွေးတစ်စက်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
မီးလျှံထဲရှိ မသန့်စင်သော အရာအားလုံးမှာ ပျောက်ကွယ်သွားပြီး ၎င်းမှာ စိမ်းဖန့်ဖန့် အရောင်သို့ ပြောင်းလဲသွားလေတော့သည်။
အခန်း (၃၂၀) - တစ်ခုပြီးတစ်ခု ရောက်လာသော လာဘ်လာဘများ
လင်းကျင်းသည် ဤ ‘နဂါးမီးလျှံ’ မန္တန် မည်သို့အလုပ်လုပ်သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်၏။
ဤမီးလျှံများကို တိုက်ခိုက်ရေးတွင်သာမက၊ ဆေးလုံးဖော်စပ်သည့်နေရာတွင်လည်း အံ့ဖွယ်အာနိသင်များ ပေးစွမ်းနိုင်ပေသည်။
သူ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးထဲတွင် ဒါဟာ လင်းကျင်းရရှိခဲ့သည့် တစ်ခုတည်းသော အကျိုးကျေးဇူး မဟုတ်ပါပေ။ ကိုးထပ်ကောင်းကင်ဘုံ၏ ဖိအားကို နှစ်ကြိမ်တိုင်တိုင် အံတုခဲ့ရခြင်းကြောင့် လင်းကျင်း၏ ဝိညာဉ်စွမ်းအင် ပမာဏမှာ တစ်ဆခန့် တိုးပွားလာခဲ့သည်။
သူ၏ ဝိညာဉ်စွမ်းအင် သိုလှောင်မှုမှာ ယခုအခါ ကျောက်တုံး တစ်ရာကျော်အထိ ရှိနေခဲ့ပြီ ဖြစ်၏။
သူ အသေအချာ စစ်ဆေးခြင်း မပြုရသေးသော်လည်း၊ လင်းကျင်း၏ ခန့်မှန်းချက်အရ ကျောက်တုံးပေါင်း တစ်ရာ့နှစ်ဆယ် သို့မဟုတ် တစ်ရာ့သုံးဆယ်ခန့် ရှိပေလိမ့်မည်။
ဤမျှအထိ ဝိညာဉ်စွမ်းအင် ပမာဏ ပိုင်ဆိုင်ထားခြင်းမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ အခြားနေရာများကို လင်းကျင်း မသိသော်လည်း၊ မေပယ်မြို့ ကျင့်ကြံသူများအသင်းရှိ တပည့်များ၊ ဆရာများသာမက ရဲ့ယွီကျိုးပင်လျှင် သူ့လောက် ဝိညာဉ်စွမ်းအင် မများပါပေ။
ဤမျှများပြားသော ဝိညာဉ်စွမ်းအင် ရှိမှသာ လင်းကျင်းသည် ရှေးဟောင်း နတ်ဘုရားများကဲ့သို့ မီးအဆောင်ကို သူ၏ စိတ်အာရုံထဲတွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။
လင်းကျင်းသည် ရွှေကျီးကန်းအတောင်ပံကို ဆက်လက် ထုတ်ယူလိုက်၏။
“ဒဏ္ဍာရီလာငှက်... ရွှေကျီးကန်း။ အဆင့် ၇... သန့်စင်တဲ့ မီးဓာတ်...”
ရွှေကျီးကန်း၏ အသေးစိတ် အချက်အလက်များကို ယခုအခါ ပြတိုက်တွင် မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ၎င်း၏ သွေးမျိုးဆက် အနည်းငယ်သာ ပါဝင်သော ရွှေဝါလေးနှင့် မတူဘဲ၊ ဤရွှေကျီးကန်းမှာ စစ်မှန်သော ဒဏ္ဍာရီလာငှက် ဖြစ်၏။
တစ်ချိန်တည်းမှာပင် ပြတိုက်အတွင်းမှ ခေါင်းလောင်းတီးသံကို လင်းကျင်း ကြားလိုက်ရသည်။
“ရှားပါးသားရဲပေါင်း သုံးရာကို မှတ်တမ်းတင်ပြီးပါပြီ။ ‘သားရဲစွမ်းအင်ဖွဲ့စည်းခြင်း’ အပိုင်း (၄) ကို ဆုလာဘ်အဖြစ် ရရှိပါတယ်”
ဒါကို မြင်လိုက်ရသောအခါ လင်းကျင်း ပြုံးလိုက်မိ၏။
နောက်ဆုံးတော့ ရခဲ့ပြီ။
‘သားရဲစွမ်းအင်ဖွဲ့စည်းခြင်း’ ကျမ်းကို ရရှိသည့် ဖြစ်စဉ်မှာ အစပိုင်းတွင် လွယ်ကူသော်လည်း၊ သူ အဆင့်တက်လာသည်နှင့်အမျှ ပိုမို ခက်ခဲလာခဲ့သည်။ လင်းကျင်းသည် အပိုင်း (၄) ကို မျှော်လင့်နေခဲ့သည်မှာ ကြာပြီဖြစ်ရာ၊ ယနေ့တွင် ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပါပေ။
ဒါဟာ တစ်ခုပြီးတစ်ခု ရောက်လာတဲ့ ကံကောင်းမှုတွေပါပဲ။
လင်းကျင်းသည် ရှန်းအာကို ချက်ချင်းခေါ်လိုက်ပြီး ရွှေဝါလေးကို သွားဖမ်းခိုင်းလိုက်တော့သည်။
ဤခြံဝန်းအတွင်း၌ လင်းကျင်းမှအပ ရှန်းအာတစ်ဦးတည်းသာ ရွှေဝါလေးကို အချိန်မရွေး ဖမ်းဆီးနိုင်စွမ်း ရှိပေသည်။
ဘယ်တုန်းကတည်းက ရွှေဝါလေးကို ရှန်းအာက ယဉ်ပါးအောင် လုပ်ထားသလဲဆိုသည်ကို လင်းကျင်း မသိပါပေ။ လင်းကျင်း မြို့တော်သို့ သွားနေစဉ်အတောအတွင်း ဖြစ်ပေလိမ့်မည်။ အိမ်စောင့်တစ်ယောက်အနေဖြင့် ရှန်းအာသည် သူမ၏ ကိုယ်ပိုင်နည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့ပုံရ၏။
“ဆရာလင်း... ရွှေဝါလေးကို ခေါ်လာပါပြီ”
ရှန်းအာသည် ရွှေဝါလေးကို ပွေ့ချီလျက် လင်းကျင်းကို ဦးညွှတ်လိုက်သည်။
လင်းကျင်းက ခေါင်းညိတ်ပြလိုက်၏။
“ထိုင်ပါဦး”
ရှောင်အာသည် ရွှေဝါလေးကို ချပေးလိုက်ပြီးနောက် လင်းကျင်း၏ ဘေးတွင် ငြိမ်သက်စွာ ထိုင်လိုက်သည်။
“ရှန်းအာ... ငါ မင်းကို ‘သားရဲစွမ်းအင်ဖွဲ့စည်းခြင်း’ ရဲ့ စတုတ္ထပိုင်းကို ဖတ်ပြမယ်... အလွတ်မှတ်ပြီး ကျင့်ကြံ... မင်း နားမလည်တာရှိရင် မေးနိုင်တယ်”
လင်းကျင်းတွင် ထိုကျမ်းစာကို ကူးရေးရန် အချိန်မရှိပါပေ။ သို့သော် ရှန်းအာသည် ထူးခြားသော မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားသဖြင့် တစ်ကြိမ်ကြားရုံနှင့် စာလုံးတိုင်းကို အလွယ်တကူ မှတ်မိနိုင်ပေသည်။
လင်းကျင်း၏ စကားကြောင့် ရှန်းအာ၏ မျက်လုံးများမှာ တောက်ပသွားခဲ့၏။
သူမသည် ‘သားရဲစွမ်းအင်ဖွဲ့စည်းခြင်း’ ၏ ပထမသုံးပိုင်းကို အလွတ်ရနေပြီး ကျင့်ကြံပြီးသားလည်း ဖြစ်သည်။ ထို့ကြောင့်လည်း ဤကျင့်စဉ်မှာ မည်မျှအထိ ကောင်းမွန်ကြောင်း သူမ သိထား၏။
ရှန်းအာသည် သူမ၏ လက်ရှိအဆင့်တွင် ရပ်တန့်နေခဲ့သည်မှာ ကြာပြီဖြစ်၏။ မန္တန်ပိုင်းဆိုင်ရာတွင် တိုးတက်မှုများ အမြဲရှိနေသော်လည်း၊ ကျင့်ကြံမှုအဆင့်မှာမူ လင်းကျင်းနှင့် တွေ့ကတည်းက ပြောင်းလဲခြင်း မရှိသေးပါပေ။
ထို့ကြောင့်လည်း ရှန်းအာမှာ အနည်းငယ် စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အပိုင်း (၄) ကို ရရှိပြီဖြစ်ရာ သူမ အသေအချာ တန်ဖိုးထားပေလိမ့်မည်။ သူမ၏ ကျင့်ကြံမှု နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ဤကျမ်းစာမှာ သူမ၏ နောက်ထပ် အဆင့်တက်ခြင်းအတွက် နောက်ဆုံး တွန်းအားတစ်ခု ဖြစ်လာပေလိမ့်မည်။
“ဆရာလင်း... ကျွန်မ ကျင့်ကြံဖို့အတွက် သီးသန့် သွားလိုက်ပါဦးမယ်”
ရှန်းအာမှာ စိတ်မရှည်သကဲ့သို့ ဖြစ်နေခဲ့၏။
လင်းကျင်းသည် သူမ၏ စိတ်လှုပ်ရှားမှုကို နားလည်သဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့ပြင် နောက်ရက်အနည်းငယ်အတွင်း အသင်းချုပ်သို့ သွားရောက် ကူညီရန် မလိုကြောင်းနှင့် အိမ်တွင်သာ အာရုံစိုက် ကျင့်ကြံရန်လည်း သူမကို ပြောလိုက်၏။
ရှန်းအာ ထွက်သွားပြီးနောက် လင်းကျင်းနှင့် ရွှေဝါလေးတို့ ကြက်တစ်ကောင်နှင့် လူတစ်ယောက် စိုက်ကြည့်နေကြသည်။
ရွှေဝါလေးမှာတော့ ထိုင်ခုံပေါ်တွင် သက်သောင့်သက်သာ နားနေရင်း လင်းကျင်း၏ သင်ကြားမှုကို စောင့်ဆိုင်းနေခဲ့၏။
လင်းကျင်းသည် ပြတင်းပေါက်အပြင်ဘက်မှ ပထမဆုံး ထွက်ပေါ်လာသော နေရောင်ခြည်ကို ကြည့်ရင်း ပြောလိုက်သည်။
“အချိန်က အတော်ပဲ... နေထွက်လာပြီဆိုတော့ အမှောင်ထုက ပျောက်ကွယ်သွားပြီ... ဒီအတောင်ပံကို မင်းကို ပေးဖို့ အကောင်းဆုံးအချိန်ပဲ”
ရွှေဝါလေးကတော့ လင်းကျင်းပြောသမျှကို နားလည်ပုံမရပါပေ။ သို့သော် လင်းကျင်း နားလည်နေလျှင် လုံလောက်လှပေသည်။
ရွှေကျီးကန်း၏ အတောင်ပံမှာ ရွှေဝါလေးအတွက် အလွန်ပင် စွမ်းအားကြီးမားလှသည်။ လင်းကျင်းသည် ၎င်းကို ညဘက်တွင်လည်း ပေး၍မရသလို၊ နေ့ခင်းဘက်တွင်လည်း ပေး၍မရပါပေ။ မွန်းတည့်ချိန်တွင် နေ၏ စွမ်းအင်မှာ အပြင်းထန်ဆုံး ဖြစ်နေသဖြင့် ရွှေဝါလေးအနေဖြင့် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပါပေ။ နေထွက်ချိန်မှသာ ရွှေဝါလေးသည် ၎င်း၏ စွမ်းအားကို ခံနိုင်ရည် ရှိပေလိမ့်မည်။
ဒါဟာ အတောင်ပံလေး တစ်ခုမျှသာ ဖြစ်သော်လည်း၊ အရာအားလုံး အဆင်ပြေသွားပါက ရွှေဝါလေးသည် စစ်မှန်သော ရွှေကျီးကန်းတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
ဒါဟာ လင်းကျင်းအတွက် အလွန်ပင် အရေးကြီးလှ၏။
ကြီးထွားမှုနှုန်းအရဆိုလျှင် ရှောင်ဟော့ပင်လျှင် ရွှေဝါလေးကို ယှဉ်နိုင်မည် မဟုတ်ပါပေ။ နောင်တစ်ချိန်တွင် ရွှေကျီးကန်းတစ်ကောင်ကို စေခိုင်းနိုင်မည့် အတွေးကပင် လင်းကျင်းကို စိတ်လှုပ်ရှားစေသည်။
မည်မျှပင် အင်အားကြီးသော ရန်သူနှင့် တွေ့ပါစေ၊ ရွှေဝါလေးက ထိုသူများကို မီးလောင်တိုက်သွင်းပစ်နိုင်ပေလိမ့်မည်။
လင်းကျင်း ဆက်လက် လုပ်ဆောင်ရမည့်အရာမှာ အလွန် အရေးကြီးသော်လည်း ရိုးရှင်းလှပေသည်။
ထိုအတောင်ပံကို ရွှေဝါလေး၏ ကိုယ်ပေါ်တွင် စိုက်ပျိုးပေးရရုံသာ ရှိတော့သည်။
ယခင်က ရရှိထားသော အာဟာရများနှင့် ပေါင်းစပ်လိုက်ပါက၊ ရွှေဝါလေးသည် နောက်တစ်ကြိမ် အဆင့်တက်ချိန်တွင် ဤအတောင်ပံ၏ စွမ်းအားများနှင့် လုံးဝ ပေါင်းစည်းသွားပေလိမ့်မည်။ ထိုအဆင့်တွင် ပြောင်းလဲမှုမှာလည်း ဖြစ်ပေါ်လာပေလိမ့်မည်။
သေချာပေါက် ကျရှုံးနိုင်ခြေတော့ ရှိပါသေး၏။ သို့သော် ကျရှုံးသွားလျှင်ပင် လင်းကျင်းအတွက် ဘာမှ ဆုံးရှုံးစရာ မရှိပါပေ။ ရွှေဝါလေးက ရွှေဝါလေးအဖြစ်သာ ရှိနေဦးမည် ဖြစ်သော်လည်း၊ အောင်မြင်သွားပါက လင်းကျင်းသည် ဒဏ္ဍာရီလာ ရွှေကျီးကန်းတစ်ကောင်ကို ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။
အတောင်ပံကို စိုက်ပျိုးပေးခြင်းမှာ လွယ်ကူလှ၏။ အထူးသဖြင့် လင်းကျင်း၏ ထူးချွန်သော သွေးကြောရှာအတတ်ဖြင့်ဆိုလျှင် ခဏချင်းအတွင်း ပြီးစီးသွားခဲ့သည်။ ရွှေဝါလေးမှာ အနည်းငယ် သက်သောင့်သက်သာ မရှိသလို ခံစားလိုက်ရရုံသာ ရှိ၏။ အတောင်ပံမှာ သူ၏ ကျောပေါ်တွင် ရှိနေသဖြင့် သူ မမြင်ရပါပေ။ လှည့်ကြည့်လိုက်သော်လည်း ဘာမှ မတွေ့ရသဖြင့် ရွှေဝါလေးက ဂရုမစိုက်တော့ဘဲ နေလိုက်တော့သည်။
တစ်ညလုံး မအိပ်ရသော်လည်း လင်းကျင်းမှာ လုံးဝ ပင်ပန်းသည်ဟု မခံစားရပါပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် အတော်လေး တက်ကြွလန်းဆန်းနေခဲ့၏။
သူသည် သားရဲခြံသို့ သွား၍ ဖုတ်ကောင်သားရဲကို ကုသပေးပြီးနောက်၊ ရှောင်ဝူ ပြင်ဆင်ထားသည့် မနက်စာကို စားလိုက်သည်။ ထို့နောက် သားရဲအကဲဖြတ်မှူးအသင်းချုပ်သို့ အချိန်မှန် ရောက်ရှိသွားခဲ့၏။
မွန်းလွဲပိုင်းတွင် ကျောက်ဝမ်ထန် ရောက်ရှိလာခဲ့သည်။
သူ၏ မျက်နှာကို ကြည့်ရသည်မှာ ချွီဝမ်ကျီနှင့် တီလီတို့ ကောင်းမွန်စွာ အခြေကျသွားပုံရ၏။
“အကဲဖြတ်မှူးလင်း... ကျုပ် နေ့လည်စာ ဝယ်ကျွေးပါရစေ”
ကျောက်ဝမ်ထန်က ဝမ်းသာအားရ ပြောလိုက်သည်။ လူစိမ်းများ ရှိနေသဖြင့် သူက လင်းကျင်းကို ‘အကဲဖြတ်မှူးချုပ် လင်း’ ဟု ခေါ်ဆိုပြီး၊ လင်းကျင်းကလည်း သူ့ကို စီမံခန့်ခွဲသူကျောက် ဟု ပြန်လည် ခေါ်ဆိုလိုက်၏။
ဒါဟာကျောက်ဝမ်ထန်၏ အကြံပင် ဖြစ်သည်။ လင်းကျင်းနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်ကို သူတစ်ပါး သိသွားမည်ကို သူ မလိုလားပါပေ။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ မလိုအပ်တဲ့ သံသယတွေ မဖြစ်အောင် ရှောင်ရှားရမည် မဟုတ်ပါလား။
ကျောက် ယဝမ်ထန် ပြောစရာရှိမည်ကို လင်းကျင်း သိသဖြင့် ထိုဖိတ်ခေါ်မှုကို လက်ခံလိုက်၏။ ဤတစ်ကြိမ်တွင် ကျောက်ဝမ်ထန်သည် သူ့ကို မေတ္တာရိပ်မြုံကဲ့သို့ နေရာမျိုးသို့ မခေါ်သွားဘဲ၊ မေပယ်မြို့ရှိ စားသောက်ဆိုင်ဟောင်း တစ်ခုသို့သာ ခေါ်သွားခဲ့သည်။ သူတို့သည် သီးသန့်ခန်းတစ်ခုကို ယူလိုက်ပြီး ဟင်းပွဲအချို့နှင့် အရက်ကောင်းတစ်အိုးကို မှာလိုက်ကြ၏။
“ညီအစ်ကို လင်း... မနေ့ညက ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ... ကျုပ်သူတို့ကို တစ်ညလုံး အခြေချပေးပြီးမှ ဒီကို အချိန်မီ ပြန်လာခဲ့ရတာ... မြို့တော်ဝန်ပိုင်ကလည်း ကျုပ်ကို ဒီအကြောင်း မေးခဲ့သေးတယ်၊ ကျုပ်လည်း သူ့ကို အမှန်အတိုင်းပဲ ဖြေလိုက်တယ်...တကယ်လို့ မြို့တော်ဝန်ပိုင်က ညီအစ်ကိုလင်းကို ဒီအကြောင်း မေးလာရင် ဘာမှ မပြောမိအောင် သတိထားပေးပါဦး”
ကျောက်ဝမ်ထန်က စိုးရိမ်တကြီး ပြောလိုက်သည်။ လိမ်ညာထားရသည့်အတွက် သူ အတော်လေး စိတ်ပူနေပုံရ၏။
လင်းကျင်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဪ... ကျုပ် ဘာမှမပြောဘူး... စိတ်မပူပါနဲ့ ညီအစ်ကို ကျောက်... ကျုပ်ပါးစပ်ကလုံတယ်"
“ကျုပ် ယုံပါတယ်”
ကျောက်ဝမ်ထန်က လင်းကျင်းအတွက် အရက်တစ်ခွက် ငှဲ့ပေးလိုက်၏။
“ဒါပေမဲ့ မေတ္တာရိပ်မြုံက ဒီကိစ္စကို အလွယ်တကူ လက်လွှတ်ခံမှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်... ပြီးတော့ အနောက်ဘက်နိုင်ငံက လူတစ်ယောက်... သေသွားပြီဆိုတော့၊ တစ်ခုခု အကြီးအကျယ် ဖြစ်လာတော့မယ်လို့ ကျုပ် ခန့်မှန်းထားတယ်”
လင်းကျင်းမှာတော့ အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ဆိုလိုက်လေသည်။
“သေသွားတဲ့လူက စကားမပြောနိုင်တော့ဘူး"