← Chapters

နတ်လျှပ်စီး

Vol. 22 Ch. 301

နတ်လျှပ်စီး

Vol. 22 Ch. 301

မြင့်မားသည့် အဆောက်အဦတစ်ခု၏  ထိပ်တွင်။

“မဟာလျှပ်စီး နည်းစနစ်”

စုရှောင်လန် အော်လိုက်သည်။

တိမ်တိုက်မည်းများ အကြားမှ တောက်ပသည့် လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။

ထျန်းလင်းလင်း၏ မျက်နှာတွင် ကြောက်ရွံ့မှုကြောင့် သွေးများ ဖြူဆုတ်လာသည်။ “ဟေး ဟေး နင်တို့ နည်းနည်းများနေတာ မဟုတ်ဘူးလား။”

“ငါတို့မှာ ရွေးချယ်စရာ မရှိဘူး။ လူတွေ အရမ်းများနေပြီး အချိန်က နည်းနည်းလေးပဲ ရတာ။ စုချန်းရန်က ဒီပုံမှန်မဟုတ်တဲ့ နတ်လျှပ်စီးကို သတိပြုမိဖို့ပဲ မျှော်လင့်တယ်။ အဲဒါဆိုရင် ငါတို့ကို သူမဘာသာ ရှာနိုင်လိမ့်မယ်။” အန်လင်း သက်ပြင်းမော ချလိုက်သည်။

“ကျွန်တော်လည်း ကူမယ်။ ဝုတ်” တပိုင်သည် သူ၏လက်သည်းများဖြင့် လေထုအား စိတ်လှုပ်ရှားစွာ ကုတ်ခြစ်လိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလို လေပြင်းများတိုက်ခတ်လာလေသည်။

အောက်ဘက်ရှိ ခရီးသည်များမှာလည်း ရုတ်တရက် တိုက်ခတ်လာသည့် လေပြင်းများကြောင့် ထိတ်လန့်ကုန်ကြလေသည်။

“ပြေးဟေ့ လေရော လျှပ်စီးရော ပြင်းတယ်ဟ”

“ရာသီဥတုက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ။”

“အဲဒီအကြောင်း မေ့ထားလိုက်စမ်းပါကွာ။ လောလောဆယ် ပုန်းဖို့နေရာသာ အရင်ရှာ။”

အဆောက်အဦ အောက်ခြေရှိ လူများအားလုံးမှာ ကြောက်ရွံ့ဖွယ်ရာ မြင်ကွင်းကြောင့် ထွက်ပြေးနေကြလေသည်။ မိုက်ရူးရဲဆန်သည့် လူတချို့သာလျှင် အလွန်ကြမ်းတမ်းသည့် ဖောက်လွှဲဖောက်ပြန် ရာသီဥတုအား ဖုန်းများဖြင့် ရိုက်ယူနေကြသေည်။

ဂျိန်း

ကောင်းကင်တွင် လျှပ်စီးကြောင်းများ တလက်လက် တောက်ပနေသည်မှာ တိမ်တိုက်မည်းများအား ထိုးစိုက်နေသည့် ဓားများသဖွယ် ဖြစ်သည်ကြောင့် ကြည့်နေကြသူများအား ကြောက်ရွံ့လာစေသည်။

“ဝိုး.. ခမ်းနားလိုက်တာကွာ၊ ငါတို့ရဲ့ နီးနီးနားနားမှာ ကျင့်ကြံသူ တစ်ယောက်ယောက် အဆင့်တက်နေတာများလား။”

အလွန်အမင်း စွမ်းအားကြီးလှသည့် ပုဂ္ဂိုလ်တစ်ဦးဦး ဖြစ်ပေလိမ့်မည်။

လူအချို့မှာ ဓာတ်ပုံများ ရိုက်ယူကြပြီး အချို့မှာ ဗီဒီယိုများ ရိုက်ကူးကြနေသော်လည်း သူတို့မြင်တွေ့နေရသည့် မြင်ကွင်းကြောင့် အလွန်အံ့အားသင့်နေမိကြသည်။

“ဟွတ် ဟွတ် ငါမလုပ်နိုင်တော့ဘူး။ ဒီလိုဆက်လုပ်ဖို့ ခွန်အားမကျန်တော့ဘူး။” လျှပ်စီးကြောင်းများစွာ ထုတ်ဖော်ပြီးသည့်နောက်တွင် စုချန်းရန်၏ နဖူးတွင် ချွေးသီးများ ထွက်ပေါ်လာပြီး မောပန်းကြီးစွာ အသက်ရှူနေရသည်။

“မရပ်လိုက်နဲ့ဦး။ ငါတို့ရဲ့ စွမ်းအားတွေ ပေါင်းစပ်ပြီး ပိုကြီးတဲ့တစ်ခု လုပ်ကြမယ်။”

အန်လင်း၏ လက်ချောင်းများထိပ်တွင် လျှပ်စီးကြောင်းများ စီးဆင်းလာပြီး ကောင်းကင်တွင် လျှပ်စီးလှိုင်းများ ဖြစ်ပေါ်လာသည်။

စုရှောင်လန်သည်လည်း ဆုံးဖြတ်ပြီးဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်မှ အစစ်အမှန် နဂါးစွမ်းအား ပေါ်ထွက်လာသည်။

နတ်နဂါးလျှပ်စီး။

လျှပ်စီးချဲ့ထွင်နည်းစနစ်။

အလွန်ကြီးမားသည့် လျှပ်စီးကြောင်းကြီးသည် တိမ်တိုက်မည်းများအား ထွင်းဖောက်ကာဖြင့် ကောင်းကင်နှင့် မြေပြင်တစ်ဝန်း လင်းလက်စေသည်။

ကောင်းကင်သို့ မော့ကြည့်နေသည့် လူများမှာလည်း လွန်စွာတောက်ပသည့် လျှပ်စီးတန်းကြောင့် မျက်စိများ ပြာဝေသွားကြသည်။

မရှေးမနှောင်းမှာပင် နားကွဲလုနီးနီး ကျယ်လောင်လှသည့် အစစ်အမှန်နဂါးဟိန်းသံ ထွက်ပေါ်လာသည်။

ပြင်းထန်သည့် အသံလှိုင်းကြောင့် အနီးအနားတွင်ရှိသည့် ဖန်ချပ်များ စတင်အက်ကွဲလာသည်။

မျက်စိပြာဝေသွားကြသည့် ရပ်ကြည့်သူ အပေါင်းမှာလည်း နားများ အူလာကြသည်။

“အား” အချို့သူများ စတင်အော်ဟစ်ကြသည်။

ဗီဒီယိုရိုက်ယူနေကြသည့် လူအနည်းငယ်မှာ ထိုလျှပ်စီးများကြောင့် ထိတ်လန့်ကာ ဖုန်းများပင် မြေပြင်ပေါ်သို့ ပြုတ်ကျအက်ကွဲသွားကြလေသည်။

“ငလူးတဲ့မှ ဒါ ဘယ်လိုလျှပ်စီးတွေတုံး”

“မေမေရေ သားကြောက်တယ်လို့ အူးဝါးးး”

“ငါ့သက်တမ်းတစ်လျှောက် ဒီလိုလျှပ်စီးမျိုး တစ်ခါလေးမှတောင် မမြင်ဖူးခဲ့ဘူး။”

“သဘာဝလွန် ဖြစ်ရပ်ပဲဟေ့ လုံးဝကို သဘာဝလွန်ပဲ။”

…

လျှပ်စီးတန်းအား ကြောက်ရွံ့ထိတ်လန့်နေသော မြေပြင်ပေါ်ရှိ လူများစွာနှင့် ကျန်ရှိနေသေးသည့် မိုက်ရူးရဲဆန်သူ အနည်းငယ်တို့မှာ မိုးကြိုးပစ်ခတ်ခံရမည်ကို ကြောက်လန့်သည့်အတွက် လမ်းပေါ်ရှိ ဆိုင်များအတွင်းသို့ ပြေးဝင်ကြလေသည်။

သို့သော်လည်း ထူးဆန်းသည့်အရာမှာ ထိုမျှလောက် ကြောက်မက်ဖွယ်ရာ လျှပ်စီးကြောင်းများအား မြင်တွေ့ပြီးသည့်နောက်တွင် လျှပ်စီးကြောင်းများ ထပ်မံဖြစ်ပေါ်လာမည့် အရိပ်အယောင်မျှပင် မရှိတော့ခြင်းပင် ဖြစ်သည်။

ထျန်းလင်းလင်းသည် တွေဝေစွာဖြင့် အဆောက်အဦ အောက်ခြေရှိ ကြောက်ရွံ့ထိတ်လန့်နေသည့် လူအုပ်ကြီးအား ငုံ့ကြည့်လိုက်သည်။ “ပြီးသွားပြီ။ ငါတို့တော့ သေပြီပဲ။ နင်ဘယ်လိုဖြစ်ပြီးတော့များ ဒီလို လုပ်နိုင်ရတာလဲ။ အခုတော့ ပြဿနာအကြီးကြီးတက်ပြီ။”

စုရှောင်လန်နှင့် အန်လင်းတို့သည် ကျောချင်းကပ် ထိုင်ကာဖြင့် မောပန်းကြီးစွာ အသက်ပြင်းပြင်း ရှူနေကြလေသည်။

တပိုင်သည်လည်း ဤတစ်ကြိမ်တွင် သူ၏ လက်သည်းများဖြင့် လေပြင်းတိုက်ခတ်မှု တစ်ခုကို ထုတ်ဖော်ထားသည်။

“အောင်မြင်တာ မအောင်မြင်တာ အသာထား ငါတို့ အကောင်းဆုံး ကြိုးစားပြီးပြီ။” အန်လင်း နဖူးမှ ချွေးများအား သုတ်ဖယ်လိုက်သည်။

“စုချန်းရန် ဒါကို မြင်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ။ တကယ်လို့ သူသာ ငါတို့ကို မရှာနိုင်ဘူးဆိုရင် ဆက်လုပ်သင့်ရင် လုပ်ရမှာပဲ။” စုရှောင်လန်၏ မျက်နှာတွင် ဆုံးဖြတ်ချက် ပြတ်သားမှုများဖြင့် ပြည့်နေလေသည်။

စုချန်းရန်၏ စကားများကို ကြားပြီးသည့်နောက်တွင် ထျန်းလင်းလင်းမှာ သတိမေ့သွားမတတ်ပင် ဖြစ်လေသည်။ အခြေအနေများ ဤကဲ့သို့ ဖြစ်ပျက်နေသည့်တိုင် သူတို့ ဆက်လုပ်ရန် ဆန္ဒရှိနေကြသေးသည်တဲ့လား။

ထိုအခိုက်အတန့်မှာပင် အဝေးမှနေ နူးညံ့သည့်အသံတစ်ခု ထွက်ပေါ်လာသည်။

“အတန်းဖော် အန်လင်းနဲ့ စုရှောင်လန်ရေ... နောက်ဆုံးတော့ ငါနင်တို့ကို ရှာတွေ့ခဲ့ပြီလေ။”

စုချန်းရန်သည် သူ၏ လရောင်ဝိုင်းဖြင့် ပျံသန်းလာနေပြီး မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် ရှက်ရွံ့မှုတို့ ရောယှက်နေလေသည်။

စုချန်းရန်သည် သူ၏ပတ်လည်တွင် ကိုယ်ပျောက်အစီအရင်တစ်ခု စီရင်ထားပြီး သေမျိုးများ၏ အမြင်အာရုံနှင့် ထောက်လှမ်းရေး နည်းပညာများမှ ကာကွယ်ထားသည်။ သို့သော်လည်း သူတို့၏ ကျင့်ကြံခြင်း အခြေခံအရ အန်လင်းနှင့် စုရှောင်လန်တို့သည် ထိုအစီအရင်အား ထွင်းဖောက်မြင်နိုင်လေသည်။

စုရှောင်လန် ချက်ချင်းဆိုသလို မြေပြင်မှ ခုန်လိုက်ပြီး စုချန်းရန်အား တင်းတင်းပွေ့ဖက်လိုက်သည်။

“ငါတောင်းပန်ပါတယ် ရှောင်လန်။ အရင်နေရာကနေ ထွက်သွားခဲ့တာ ငါ့အမှားပါ။ နင့်ကို စိုးရိမ်ရအောင် လုပ်ခဲ့မိလို့ တောင်းပန်ပါတယ်။”

“နင့်အမှား မဟုတ်ပါဘူး။ ငါ သတိမမူမိတာကိုပဲ အပြစ်တင်သင့်တာ။”

စုရှောင်လန်နှင့် စုချန်းရန်တို့သည် တစ်ဦးနှင့်တစ်ဦး နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ကြသော ညီအစ်မများသဖွယ် တင်းတင်းပွေ့ဖက်ထားကြလေသည်။

အန်လင်းမှာလည်း ထိုပွေ့ဖက်မှုတွင် ပါဝင်ချင်သော်ငြား မသေချင်သေးသဖြင့် ဘေးမှနေ ရပ်ကြည့်ရုံသာ တတ်နိုင်လေသည်။

စုချန်းရန် ပြန်ရောက်လာသည့်အခါ တပိုင်သည် သူ၏ မန္တန်အစီအရင်အား ချက်ချင်းဆိုသလို ပြန်ရုပ်သိမ်းလိုက်သည်။

ထျန်းလင်းလင်းသည်လည်း စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်လေသည်။ “နင်တို့ ရှာနေတဲ့လူကို တွေ့ပြီဆိုရင်လည်း တိမ်မည်းတွေကို လွင့်သွားအောင် လုပ်ပေးလို့ ရမလား။”

“တိမ်တွေကို လွင့်သွားအောင် လုပ်ရမယ်ဟုတ်လား။ နင့်မှာ ဦးနှောက်မရှိဘူးလား။” အန်လင်းသည် ထျန်းလင်းလင်းအား အထင်သေးစွာဖြင့် ကြည့်လိုက်သည်။

ထျန်းလင်းလင်း၏ နှုတ်ခမ်းပါးပါး အနည်းငယ် ပွင့်ဟသွားလေသည်။ “ဟင်”

“သိပ္ပံသဘောတရားတွေကို လိုက်နာရမယ်လေ။ လျှပ်စီးတွေလက်တယ်၊ မိုးကြိုးတွေပစ်တယ်၊ လေတွေတိုက်တယ် ဒါတွေအားလုံးက မုန်တိုင်းအရိပ်အခြည်တွေပဲ။ အခု ဒီတိမ်တွေကို လွင့်သွားအောင် လုပ်စေချင်နေတာလား။ မြေပေါ်မှာရှိတဲ့လူတွေ ဘယ်လိုတွေးမယ် ထင်တုန်း။” အန်လင်း ဆင်ခြင်တုံတရား ပြည့်ဝသည့်အသံဖြင့် ပြောလေသည်။

“အဲတော့ နင်ဆိုလိုတာက...” ထျန်းလင်းလင်းသည် တစ်စုံတစ်ခုအား တွေးမိလိုက်ဟန်ဖြင့် မျက်လုံးများ တောက်ပလာသည်။

“သေချာပေါက် မိုးရွာရတော့မှာပေါ့။” အန်လင်း လေးနက်စွာ ပြောသည်။

စုရှောင်လန်နှင့် စုချန်းရန်တို့သည်လည်း အန်လင်း၏ အပြောအား သဘောတူသည်မှာ ရှင်းလင်းလှသည်။ သူတို့နှစ်ဦးသည် အန်လင်းအား ထောက်ခံသည့်အကြည့်ဖြင့် ကြည့်လာသည်။

ဤသို့ဖြင့် ထိုသုံးဦးသည် မဟာမုန်တိုင်းနည်းစနစ်အား ထုတ်ဖော်လိုက်ကြသည်။

ပတောက် ပတောက်

မိုးသည်းထန်စွာ ရွာနေလေပြီ။

ထျန်းလင်းလင်း၏ ရင်ဘတ်ထဲ၌ တင်းကြပ်လာသည်။ သိပ္ပံသဘောတရားကို လိုက်နာရမယ် ဟုတ်လား။

ယင်းမှာ ကျိုးကြောင်းဆီလျော်ဟန်ရှိသော်လည်း ထိုသဘောတရားတွင် တစ်နေရာရာ၌ မှားယွင်းနေပုံပင်။

ဘန်း

ပေါ့ပေါ့ပါးပါး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဆံပင်ရှည်ရှည် ပိန်သွယ်သွယ် အမျိုးသမီးတစ်ဦးသည် ခေါင်မိုးထပ်တံခါးအား ကန်ဖွင့်လိုက်ပြီးနောက် ကျင့်ကြံသူအနည်းငယ်နှင့်အတူ အန်လင်းတို့ထံ ပြေးလာလေသည်။

“အမျိုးသားအထူးစစ်ဆင်ရေးဌာနက ဒုတိယအဖွဲ့ခေါင်းဆောင် ဟွမ်ရှန့်ရှန့် ဖြစ်ပါတယ်။ ဘာလို့များ အခုလို... ဟမ်” ဆံပင်ရှည်နှင့် အမျိုးသမီးသည် စကားတစ်ဝက်မှာပင် သူ့အရှေ့ရှိ လူများအား မယုံကြည်နိုင်စွာဖြင့် ကြည့်နေလေသည်။

အန်လင်းတို့မှာလည်း ထိုရင်းနှီးနေသည့် အမျိုးသမီးကြောင့် ထိတ်လန့်သွားကြသည်။

“ဟမ်.. တိုက်ဆိုင်လိုက်တာ။” အန်လင်း ကိုးရိုးကားရားနိုင်စွာဖြင့် နှုတ်ဆက်လိုက်သည်။

“ထပ်ပြီး နင်တို့ပဲလား။” ဟွမ်ရှန့်ရှန့်မှာ ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်လာပြီး တစ်စုံတစ်ဦးအား ရိုက်နှက်တော့မတတ် ကြည့်နေလေသည်။

ထျန်းလင်းလင်း နားမလည်နိုင်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။ “ရှန့်ရှန့်ကျဲကျဲ ဘာလို့ ‘ထပ်ပြီး’ လို့ ပြောရတာလဲ။”

“အရင်တစ်ခေါက် ရုံမြို့မှာလည်း သူတို့ပဲလေ။” ဟွမ်ရှန့်ရှန့် ဒေါသတကြီး ဆိုလေသည်။

“အိုး ၈ သူတို့က အတွေ့အကြုံ ရှိပြီးသားတွေမို့လို့ ကျွမ်းကျင်နေကြတာပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း အပြစ်ရှိတယ်လို့ ခံစားရပုံ မပေါ်ဘူး။ တကယ်ကို ထပ်ကာထပ်ကာ ပြစ်မှုကျူးလွန်နေကြတာပဲ။” ထျန်းလင်းလင်း ထိတ်လန့်စွာဖြင့် ပြောလေသည်။

စုရှောင်လန် : “…”

အန်လင်း အားတုံ့အားနာဟန်ဖြင့် ခေါင်းကုတ်လိုက်သည်။ “နင်သိတဲ့အတိုင်းပဲ ထူးခြားတဲ့ အခြေအနေ မျိုးတွေမှာ ထူးခြားတဲ့ အပြုအမူတွေ ပြုလုပ်ဖို့ လိုအပ်တယ်လေ။ ငါရှင်းပြပါရစေဦး။”

…

မိုးတဖြည်းဖြည်း စဲလာပြီး တိမ်မည်းများလည်း ပျောက်ကွယ်ကာ မြေပြင်ပေါ်သို့ နေရောင်ခြည် ပြန်လည်ကျရောက်လာနေပြီ ဖြစ်သည်။

ဆိုင်များအတွင်း ပြေးဝင်ကာ ခိုလှုံနေကြသူများမှာလည်း တဖြည်းဖြည်းချင်း ပြန်ထွက်လာကြသည်။

သူတို့အားလုံးတို့သည် ကြောက်မက်ဖွယ်ရာ မုန်တိုင်းအကြောင်း ဆွေးနွေးပြောဆိုနေကြဆဲဖြစ်ကာ အချို့သူများသည် သူတို့ ခင်မင်သူများထံ မက်ဆေ့ချ်များ ပေးပို့နေကြပြီး အချို့မှာ ဝေ့ပေါ်တွင် ပိုစ့်တင်နေကြသည်။

သူတို့အတွက်မူ ဤအရာသည် သတိပြုဖွယ်တစ်ခု မဟုတ်ချေ။ ခင်မင်သူများထံ သတင်းပေးပို့နေကြသူများနှင့် ဝေ့ပေါ်တွင် ပိုစ့်တင်နေကြသူများမှာ သူတို့ကြုံတွေ့လိုက်ရသည့် အရာအား ကြွားဝါလိုကြခြင်း သပ်သပ်သာလျှင် ဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့် အလွန်အမင်း ကြောက်လန့်သွားကြသူများမှာမူ ထိုအဖြစ်အပျက်အကြောင်း ညည်းညူပြောဆိုရင်းနှင့် များမကြာခင်မှာပင် ဤအဖြစ်အပျက်တစ်ခုလုံးအား မေ့လျော့သွားပေလိမ့်မည်။

ကမ္ဘာကြီးတွင် ရင်သပ်ရှုမောလောက်ဖွယ် အရာများစွာ ရှိသည့်အတွက် ဤအဖြစ်အပျက်မှာ ပြောပလောက်သည့်အရာ မဟုတ်ချေ။

ဖြေရှင်းချက် လိုချင်သည် ဆိုလျှင်ပင် ဤသည်မှာ ဂိမ်းအတွက် ပရိုမိုးရှင်းဆင်းနည်း တစ်မျိုးဟု ဆိုနိုင်သည်။

စုရှောင်လန်၊ စုချန်းရန်၊ အန်လင်းနှင့် တပိုင် တို့သည် လေးလေးနက်နက် တောင်းပန်မှုကို ဖော်ပြကြပြီး သူတို့ကျူးလွန်ခဲ့သည့် ပြစ်ဒဏ်အတွက် စိတ်ဝိညာဉ်ကျောက်တုံးများ ပေးချေရန် ကမ်းလှမ်းလိုကြသည်။

အန်လင်း၏ရှင်းပြချက်အား နားထောင်ပြီးသည့်နောက်တွင် ဟွမ်ရှန့်ရှန့် ကြိတ်မှိတ်ကာဖြင့် သက်ပြင်းချလိုက်ပြီး သူတို့၏ ဒဏ်ကြေးကိုလည်း လွတ်ကင်းခွင့်ပေးလိုက်သည်။ ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာခဲ့ခြင်း မဟုတ်ကြောင်း သိလိုက်သည့်အတွက် သူတို့အဖွဲ့အား စကားဖြင့် သတိပေးခြင်းကိုသာ ပြုလိုက်သည်။

အန်လင်းသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အစိမ်းရောင် စိတ်ဝိညာဉ်ဆေးလုံး တစ်လုံးအား ထုတ်ယူလိုက်ပြီးနောက် ဟွမ်ရှန့်ရှန့်ထံ ကမ်းပေးလိုက်သည်။

“ဘာသဘောလဲ။ လာဘ်ပေးလာဘ်ယူ တို့ရန်သူပါနော်။” ဟွမ်ရှန့်ရှန့်သည် မျက်လုံးများ ထောင့်ကပ်ကာဖြင့် အန်လင်းအား ကြည့်လိုက်သည်။

“အဲလိုမျိုး မဟုတ်ပါဘူးဟ။ ငါတို့က သူငယ်ချင်းတွေမို့လို့ လက်ဆောင်ပေးတာပါ။ လာဘ်ထိုးတာ မဟုတ်ပါဘူးနော်။ ဒါက ငယ်ရွယ်နုပျိုဆေးလုံးလေ။ နင့်ရဲ့အသားအရေကို ကြည်လင်စေပြီး ကြွက်သားတွေကို သန်မာလာစေနိုင်တယ်။” အန်လင်းသည် ဟွမ်ရှန့်ရှန့်ထံ ဆေးလုံးတွန်းပေးလိုက်သည်။

ဟွမ်ရှန့်ရှန့်သည် လက်ကာကာဖြင့် ငြင်းဆိုနေသော်လည်း သူ၏ နှလုံးသားမှာမူ ထိုသို့မဟုတ်ချေ။ အကြိမ်ရေအနည်းငယ်ခန့် ငြင်းဆိုပြီးသည့်နောက်တွင် သူ လက်လျှော့လိုက်လေသည်။

“ဟွန့် နင်က သေမျိုးကမ္ဘာကို ဆင်းလာတာတောင် ငါ့ကို မပြောဘူးနော်။ အခုတော့ ရုတ်ရုတ်သဲသဲလုပ်ပြီး နင့်အရှုပ်တွေကို ငါရှင်းပေးမယ်လို့ ထင်နေတယ်ပေါ့။ ဒါလား သူငယ်ချင်းဆိုတာ။” ဟွမ်ရှန့်ရှန့် အတွန့်တက်လေသည်။ သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားသော်ငြား သူ၏ အမူအရာမှာ သိသိသာသာကို နူးညံ့နေလေသည်။

“ကောင်းပြီလေ အခုတော့ ငါသွားတော့မယ်။ အကူအညီလိုရင်သာ လှမ်းခေါ်လိုက်ပေါ့။”

ဟွမ်ရှန့်ရှန့် လက်ဝှေ့ယမ်းပြပြီးနောက် ထွက်ခွာသွားလေသည်။

“တာ့တာနော် ရှန့်ရှန့်” အန်လင်းသည်လည်း သူ့အား လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။

ဟွမ်ရှန့်ရှန့်၏ အကျင့်စရိုက်မှာ သူ၏ သွင်ပြင်ထက် ပို၍ ပေါက်ကွဲလွယ်သူ ဖြစ်သည်။

သို့သော်ငြား တပိုင်မှာ လွန်စွာ စိတ်လှုပ်ရှားနေလေသည်။

“အန်ကောရေ အန်ကော.. သူက အန်ကောရဲ့ သူငယ်ချင်းလားဟင်။ ကျွန်တော့်ကို မိတ်ဆက်ပေးပါလားလို့။ ဝုတ်”

“အေးပါကွာ အခုတော့ အရင်ဆုံး ဖုန်းဝယ်ပေးရမယ်။ သူ့မှာက အသံလွှင့်ကျောက်တုံး မရှိဘူးကွ။”

ထို့နောက် အန်လင်းသည် လေးနက်စွာဖြင့် စုချန်းရန်အား လက်ညှိုးထိုးလိုက်သည်။

“နင်ကောပဲ”

စုချန်းရန် အပြစ်ရှိဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် အရည်လဲ့နေသည့် မျက်လုံးကြီးများတွင် မျက်ရည်စများ ခိုတွဲလာလေသည်။

စုချန်းရန်၏ ထိလွယ်ခိုက်လွယ်သည့် အမူအရာကြောင့် အန်လင်းမှာ အသက်ရှူ ရပ်သွားမတတ်ပင် ဖြစ်ရလေသည်။

“ပြီးတော့ နင့်ရဲ့ အသံလွှင့်ကျောက်တုံးထဲ ငါ့ကို မှတ်ထားပေးဦး။”

***

All Chapters