← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁) မြို့ငယ်လေးမှ လူငယ်

​လင်မြို့တော်...

​နံနက်စောစောအချိန်။ ကောင်းကင်ယံ၌ အလင်းရောင်စပြုလာချိန်တွင် လူငယ်လေး ချင်လဲ့သည် အိပ်ရာမှ ထုံထိုင်းထိုင်းဖြင့် ထလာခဲ့သည်။ ရိုးရှင်းစွာပင် မျက်နှာသစ် သန့်စင်ပြီးနောက် သူသည် လင်မိသားစု၏ စားသောက်ဆောင်ဆီသို့ ဦးတည် လျှောက်လှမ်းသွားတော့သည်။

​ကြမ်းတမ်းသော ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားသော ချင်လဲ့သည် သွယ်လျသော ကိုယ်လုံးရှိပြီး ကြည့်ကောင်းသော လူငယ်တစ်ဦးဟု ဆိုနိုင်သည်။ သို့သော် သူ၏ မျက်ဝန်းများမှာမူ မည်သည့်အသက်ဝင်မှုမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသဖြင့် ကြည့်ရသူများအဖို့ သူသည် ဝိညာဉ်မရှိသူ တစ်ဦးအလား ခံစားရစေသည်။

​လမ်းတစ်လျှောက်တွင် လင်မြို့တော်မှ စောစောထလေ့ရှိသော လူငယ်ကျင့်ကြံသူ အများအပြားရှိသည်။ လူငယ်လေး ချင်လဲ့ကို မြင်သောအခါ သူတို့ထဲမှ အများစုက ဖော်ဖော်ရွေရွေ ပြုံးပြကြသည်။

​"မင်္ဂလာနံနက်ခင်းပါ ချင်လဲ့"

​ချင်လဲ့ ဝင်လာသည်ကို မြင်သောအခါ လင်ဖုန်းက ပြုံးရွှင်စွာဖြင့် လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။

​သို့သော် ကံမကောင်းစွာဖြင့် ချင်လဲ့သည် တခြားသူများ၏ အသံကို ကြားနိုင်ပုံမရပေ။ သူ၏ မျက်နှာမှာ ယခင်အတိုင်းပင် မည်သည့် အမူအရာမျှမရှိဘဲ တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် လင်ဖုန်း၏ ဘေးမှ ခြေလှမ်းမရပ်ဘဲ ကျော်ဖြတ်သွားကာ ရှေ့သို့သာ ဆက်လျှောက်သွားခဲ့သည်။

​"အစ်ကိုဖုန်း... ဒီငတုံးကို ဘာလို့ စကားသွားပြောနေတာလဲ။ သူ ပြန်မဖြေနိုင်ဘူးဆိုတာ သိသိကြီးနဲ့ အစ်ကိုက မနက်တိုင်း သူ့ကို နှုတ်ဆက်နေတာပဲ" အဝါရောင်ဝတ်စုံဝတ်ထားသော အသက် ၁၆ နှစ်အရွယ် လင်ရင်းက ချင်လဲ့ကို မထီမဲ့မြင်ကြည့်ရင်း ပြောလိုက်သည်။ သူမသည် အချိုးအစားကျနပြီး လှပသော်လည်း သူမ၏ မျက်နှာတွင် အထင်အမြင်သေးမှုများ ပြည့်နေ၏။

​လင်ရင်း၏ စကားကို ကြားသောအခါ ဘေးပတ်ပတ်လည်ရှိ လင်မိသားစုဝင် လူငယ်များ၏ မျက်နှာများမှာ အေးစက်သွားကြပြီး သူမအား မကျေမနပ် ဖြစ်သွားကြသည်။

​လင်ရင်းက နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ လှပသောမျက်နှာတွင် မောက်မာမှုများ ပြည့်နေပြီး ဘေးလူများ၏ အကြည့်ကို ဂရုမစိုက်ဘဲ သူမ၏ ရင်ဘတ်အား ကော့ထားလိုက်သည်။

​ထိုနေရာရှိ လူငယ်အများစုမှာ ဝိညာဉ်သန့်စင်ခြင်း အဆင့် ၄ သို့မဟုတ် ၅ တွင်သာ ရှိကြသဖြင့် အဆင့် ၆ သို့ ရောက်ရှိထားသော သူမအဖို့ သူတို့မှာ အရေးမပါသူများသာ ဖြစ်သည်။ သူမ၏ မျက်လုံးထဲတွင် အဆင့် ၇ သို့ ရောက်နေသော လင်ဖုန်း တစ်ယောက်သာ ရှိသည်။

​လင်ဖုန်းက မျက်မှောင် အနည်းငယ်ကြုတ်သွားသည်။ "ညီမလေးရင်း... နင် လင်မြို့တော်ကို ရောက်တာ မကြာသေးတော့ ချင်လဲ့ရဲ့ အဖိုးဆီက ကျေးဇူးတွေကို တစ်ခါမှ မရဖူးဘူးပေါ့။ ဒါကြောင့် ချင်လဲ့အပေါ် ဒီလိုအမြင်ရှိတာကို ငါ အပြစ်မတင်ပါဘူး။ ဒါပေမဲ့ ငါတို့ လင်မိသားစုက ကလေးတွေအားလုံးဟာ အဖိုးချင်ရှန်း ကျန်းမာတုန်းက သူ့ရဲ့ အကူအညီတွေကို အများကြီး ရခဲ့ကြတာ။ အဖိုးချင်ရှန်း ဆုံးသွားတာ နှစ်နှစ်ရှိပြီဆိုပေမဲ့ သူပေးခဲ့တဲ့ ဂရုစိုက်မှုတွေကို ငါတို့ ရင်ထဲမှာ အမြဲမှတ်ထားကြတယ်။ ငါတို့အားလုံးကိုယ်စား ပြောချင်တာကတော့... ချင်လဲ့အပေါ်မှာ သင့်တော်တဲ့ လေးစားမှုလေးတော့ ပြပေးစေချင်တယ်"

​လင်ရင်းမှာ ခေတ္တမျှ ကြောင်သွားသည်။ "သူ့အဖိုးက တကယ်ပဲ အဲဒီလောက် တော်တာလား"

​"အဖိုးချင်ရှန်းက ပန်းပဲပညာရှင် တစ်ယောက်လေ" လင်ဖုန်းက လေသံတိုးတိုးဖြင့် ဟောက်လိုက်သည်။

​လင်ရင်းက လေးစားဟန်ဖြင့် ပြောသည်။ "သာမန်၊ နက်နဲ၊ မြေကမ္ဘာ၊ ကောင်းကင်နဲ့ နတ်ဘုရင်... အဆင့်တိုင်းမှာလည်း အဆင့်ခွဲ ၇ ဆင့်စီ ရှိတာပဲ။ သူက ဘယ်အဆင့်ရှိတဲ့ ပညာရှင်လဲ။ လင်မိသားစုအတွက် ဝိညာဉ်လက်နက်တွေ ဖန်တီးပေးခဲ့လို့လား"

​"မဟုတ်ဘူး" လင်ဖုန်းက ခေါင်းခါလိုက်သည် ။ "အဖိုးချင်ရှန်းက အခြေခံအဆင့် ၅ အောက်က ဝိညာဉ်လက်နက်တွေကိုပဲ ပြုပြင်ပေးနိုင်တာ"

​"အလို... ကြောက်လိုက်တာ။ ကျွန်မကတော့ ဘယ်လောက်တောင် စွမ်းသလဲလို့၊ ဒီအဆင့်လေးပဲလား" လင်ရင်းက သူမ၏ ရင်ဘတ်ကို ပုတ်ကာ ဟန်ဆောင်ပန်ဆောင် ပြုံးလိုက်သည်။

​"ငါတို့အတွက်တော့ ဒါဟာ တကယ့်ကို အစွမ်းထက်လှပါပြီ" လင်ဖုန်း၏ မျက်နှာမှာ မပြောင်းလဲဘဲ လေသံအေးအေးဖြင့် ဆက်ပြောလိုက်သည်။ "လွန်ခဲ့တဲ့ ငါးနှစ်က အဖိုးချင်ရှန်း ချင်လဲ့ကိုခေါ်ပြီး လင်မြို့တော်ကို ရောက်လာတုန်းက ငါတို့မိသားစု ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး ငါတို့ရဲ့ အခြေခံအဆင့် ဝိညာဉ်လက်နက်တွေကို ပြုပြင်ပေးဖို့ ကုန်ကျစရိတ်တွေအကြောင်း ဆွေးနွေးခဲ့တယ်။ သူက အပြန်အလှန်အနေနဲ့ ဆေးတောင်ရဲ့ မိုင်းတွင်းတွေထဲက သတ္တုရိုင်းတွေကို တူးဖော်ခွင့်နဲ့ သူတို့ မြေးအဖိုး နှစ်ယောက်ကို လင်မြို့တော်မှာ နေခွင့်ပေးဖို့ပဲ တောင်းဆိုခဲ့တယ်"

​"အဲဒီနောက် သုံးနှစ်လုံးလုံး အဖိုးချင်ရှန်းဟာ ချင်လဲ့ကိုခေါ်ပြီး လင်မြို့တော်နဲ့ မိုင်းတွင်းတွေကြား အမြဲတမ်း သွားလာနေခဲ့တယ်။ အဲဒီအချိန်အတွင်းမှာ အဖိုးချင်ရှန်းဟာ အခြေခံအဆင့် ၅ အောက်က ဝိညာဉ်လက်နက် မှန်သမျှကို တာဝန်ယူ ပြုပြင်ပေးခဲ့တာ။ ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား ပျက်စီးနေပါစေ၊ အဆင့် ၅ ထက် မကျော်ရင် သူဟာ မူလအတိုင်း အစွမ်းမလျော့ဘဲ ပြန်ကောင်းအောင် ပြုပြင်ပေးနိုင်တယ်"

​ဖလူး...

​လင်ဖုန်း၏ လက်ကောက်ဝတ်ပေါ်တွင် မီးတောက်တစ်စ ထွက်ပေါ်လာပြီး သူဝတ်ထားသော အနီရောင်လက်ပတ်မှာ အရောင်အမျိုးမျိုးဖြင့် တောက်ပလာသည်။

​မကြာမီမှာပင် ထိုလက်ပတ်မှာ တောက်ပနေသော တူကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုတူမှာ သူ၏ လက်မောင်းတစ်ဝက်စာမျှသာ ရှည်လျားပြီး တစ်ကိုယ်လုံး အနီရင့်ရောင် ရှိသည်။ တူ၏ ထိပ်ပိုင်းတွင် မီးတိမ်တိုက်ပုံစံ တက်တူးများကဲ့သို့ ရှိနေပြီး ပူပြင်းလှသော အပူလှိုင်းများကို ထုတ်လွှတ်နေသည်။

​"ငါ့ရဲ့ မီးတိမ်တူဟာ အခြေခံအဆင့် ၂ ဝိညာဉ်လက်နက် ဖြစ်ပြီး ငါ့ရဲ့ အသက်သွေးကြောပဲ။ လွန်ခဲ့တဲ့ ငါးနှစ်က ရေခဲတောင်တန်းမှာ ရေခဲဝိညာဉ်မြွေဟောက်ရဲ့ အေးစက်တဲ့ ထွက်သက်ဒဏ်ကို ခံခဲ့ရတုန်းက ငါ့ရဲ့ မီးတိမ်တူက ငါ့အစား ခံပေးခဲ့လို့ ငါ အသက်ချမ်းသာရာ ရခဲ့တာ။ ဒါပေမဲ့ တူကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တယ်။ အဖိုးချင်ရှန်းသာ ပြုပြင်မပေးခဲ့ရင် ဒီတူဟာ အမှိုက်ပုံထဲ ရောက်သွားတာ ကြာလှပြီ"

​"ငါတို့ လင်မိသားစုထဲမှာ အဖိုးချင်ရှန်း ကျေးဇူးကြောင့် ပျက်စီးနေတဲ့ ဝိညာဉ်လက်နက်တွေကို ပြန်ရခဲ့တဲ့သူတွေ အများကြီး ရှိတယ်။ မဟုတ်ရင် ငါတို့မိသားစုဟာ အစားမထိုးနိုင်တဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံရမှာ" လင်ဖုန်းက အဝေးသို့ လျှောက်သွားနေသော ချင်လဲ့ကို ကြည့်ရင်း ပြောလိုက်သည်။

​"ဒါပေမဲ့ သူက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက နာမကျန်းဖြစ်ပြီး ဆုံးသွားပြီပဲ" လင်ရင်းက အံ့ဩတကြီး ပြောလိုက်သည်။

​"ငါတို့ လင်မိသားစုက ကျေးဇူးသိတတ်တယ်။ ချင်လဲ့က တကယ် သနားစရာ ကောင်းပါတယ်။ သူ ငါးနှစ်အောက်တုန်းက သူ့အဖိုးနဲ့ လာကတည်းက ဒီလိုပဲ ဖြစ်နေတာ။ အဖိုးချင်ရှန်း ရှိတုန်းကတော့ သူ့ကို ဂရုစိုက်ပေးမယ့်သူတွေ ရှိသေးတယ်၊ အဖိုးဆုံးသွားတဲ့ ဒီနှစ်နှစ်အတွင်းမှာတော့... ဟူး..." လင်ဖုန်းက စကားစဖြတ်ကာ သက်ပြင်းချလိုက်မိသည်။

​"ဒါဆို ဒုတိယသခင်မလေးက ပိုသနားစရာ မကောင်းဘူးလား။ ကျွန်မ ကြားတာကတော့... မိသားစုခေါင်းဆောင်က အဖိုးချင်ရှန်းကို ကတိပေးခဲ့တယ်တဲ့။ ဒုတိယသခင်မလေးရဲ့ ရှေ့လမှာကျရောက်မယ့် ၁၅ နှစ်ပြည့် မွေးနေ့မှာ ချင်လဲ့နဲ့ စေ့စပ်ပေးမယ် ဆိုတာလေ။ အစ်ကိုက ဒီမြို့ကလူဆိုတော့ ဒါ တကယ်ပဲလားဆိုတာ သိမှာပေါ့" လင်ရင်းက အသံကိုနှိမ့်ကာ လင်ဖုန်း၏ အနားသို့ တိုးကပ်ပြီး မေးလိုက်သည်။ "ခေါင်းဆောင်က ဘာလို့ ဒီလိုစေ့စပ်မှုကို သဘောတူရတာလဲ။ ဒါက ဒုတိယသခင်မလေးကို မီးတွင်းထဲ တွန်းပို့လိုက်တာနဲ့ အတူတူပဲ မဟုတ်လား"

​"ငါလည်း သေချာမသိဘူး" လင်ဖုန်းကလည်း ဝေခွဲမရဖြစ်နေသည်။ သူ့အမြင်တွင်လည်း ခေါင်းဆောင်သည် ထိုသို့ ကတိပေးခဲ့သည်ဆိုဦးတော့... အဖိုးချင်ရှန်း ဆုံးသွားပြီးကတည်းက ထိုကတိမှာ အတည်မဖြစ်သင့်တော့ဟု ထင်မြင်မိသည်။

​လင်မိသားစု စားသောက်ဆောင်...

​သစ်သားစားပွဲ သုံးလေးလုံးကို ဆက်ထားသော ရှည်လျားသည့် စားပွဲကြီးပေါ်တွင် ပေါက်စီများ၊ ဆန်ပြုတ်နှင့် ဟင်းမျိုးစုံကို ပြင်ဆင်ထားသည်။ ထိပ်ဆုံးနေရာတွင် လင်မိသားစု ခေါင်းဆောင် လင်ချန်ယဲ့က ထိုင်နေသည်။ သူ၏ ဘေးတစ်ဖက်စီတွင် သူ၏ ခယ်မဖြစ်သူ တုကျောက်လန် နှင့် တတိယမြောက်ညီ လင်ချန်ကျိတို့ ရှိနေကြသည်။ တုကျောက်လန်၏ ဘေးတွင် သူမ၏ သားနှစ်ဦးဖြစ်သော တုဟန်နှင့် တုဖေးတို့ ရှိကြပြီး လင်ချန်ကျိ၏ ဘေးတွင်မူ အစ်ကိုကြီး ဖြစ်သူ၏ သမီးများဖြစ်သော လင်ယွီရှီးနှင့် လင်ရွှမ်းရွှမ်းတို့ ရှိနေကြသည်။

​လင်မိသားစုတွင် ညီအစ်ကို သုံးဦးရှိသည်။ အကြီးဆုံးမှာ လင်ချန်ယဲ့၊ ဒုတိယမှာ လင်ချန်ဟွေ့ နှင့် တတိယမှာ လင်ချန်ကျိတို့ ဖြစ်ကြသည်။ လွန်ခဲ့သော ဆယ်နှစ်က ဒုတိယအစ်ကို လင်ချန်ဟွေ့သည် ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်သို့ တက်လှမ်းရန် ကြိုးစားစဉ် စွမ်းအင်ဖောက်ပြန်ကာ ခန္ဓာကိုယ်ပေါက်ကွဲပြီး သေဆုံးခဲ့သည်။ သူ၏ဇနီး တုကျောက်လန်သည် သူမ၏ သားနှစ်ဦးဖြစ်သော တုဟန်၊ တုဖေးတို့နှင့်အတူ လင်မိသားစုတွင် ဆက်လက်နေထိုင်ကာ ကျင့်ကြံခြင်းကို ဆက်လုပ်ခဲ့သည်။

​ဤ ဝိညာဉ်နယ်မြေဟု ခေါ်သော ကမ္ဘာကြီးတွင် အဆုံးမဲ့ကျယ်ပြောသော သမုဒ္ဒရာများနှင့် ကုန်းမြေကြီးများစွာ ရှိသည်။ ထိုကုန်းမြေများပေါ်တွင် လူသားမျိုးနွယ်စုပေါင်းစုံမှာ နေရာအနှံ့ရှိသော ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ကျင့်ကြံနေကြပြီး ကမ္ဘာဦး၏ နက်နဲသော လျှို့ဝှက်ချက်များအား ထာဝစဉ် ရှာဖွေနေကြသည်။

​ဤနေရာတွင် အစွမ်းထက်သော ကျင့်ကြံသူများသည် မြင့်မားသော တောင်တန်းကြီးများအလား တည်ရှိနေကြပြီး ကမ္ဘာပျက်စေနိုင်လောက်သော ဝိညာဉ်လက်နက်များကို ပိုင်ဆိုင်ထားကြသည်။ တချို့သော အစွမ်းထက်သည့် အဖွဲ့အစည်းများမှာလည်း ပင့်ကူအိမ်သဖွယ် ကမ္ဘာအနှံ့ ပျံ့နှံ့တည်ရှိနေကြ၏။

​ဤကမ္ဘာတွင် ကျင့်ကြံသူများနှင့် ဝိညာဉ်လက်နက်များ၌ အဆင့်ခွဲခြားမှုများ ရှိသကဲ့သို့ မျိုးနွယ်စုများ၊ ဂိုဏ်းဂဏများနှင့် ကုန်သည်အဖွဲ့အစည်းများတွင်လည်း တင်းကျပ်သော အဆင့်အတန်းခွဲခြားမှုများ ရှိသည်။

​ဝိညာဉ်နယ်မြေ၏ ကျင့်ကြံခြင်း အဆင့်အတန်း ၁၀ ဆင့်မှာ ဝိညာဉ်သန့်စင်ခြင်း၊ ဝိညာဉ်ပေါက်ဖွားခြင်း၊ ဝိညာဉ်ထင်ရှားခြင်း၊ ဝိညာဉ်လမ်းကြောင်း၊ ဝိညာဉ် ပြည့်စုံခြင်း၊ ဝိညာဉ် အက်ကွဲခြင်း၊ နိဗ္ဗာန၊ ထာဝရ၊ ဟင်းလင်းပြင်နှင့် ကမ္ဘာဦး အဆင့်တို့ ဖြစ်ကြသည်။

အခြေခံဖြစ်သော ဝိညာဉ်သန့်စင်ခြင်း အဆင့်တွင် အဆင့်ခွဲ ၉ ဆင့်ရှိပြီး ကျန်ရှိသော အဆင့်များတွင်မူ အစောပိုင်း၊ အလယ်ပိုင်းနှင့် နောက်ဆုံးအဆင့်ဟူ၍ အဆင့်ခွဲ ၃ ဆင့်စီ ရှိကြသည်။

​ထို့အတူ ဝိညာဉ်လက်နက်များနှင့် ပညာရှင်များတွင်လည်း သာမန်၊ နက်နဲ၊ မြေကမ္ဘာ၊ ကောင်းကင်နှင့် နတ်ဘုရင်ဟူ၍ အဆင့် ၅ ဆင့်ရှိပြီး အဆင့်တိုင်းတွင် အဆင့်ခွဲ ၇ ဆင့်စီ ရှိသည်။

​ထူးခြားသည်မှာ မျိုးနွယ်စုများနှင့် အဖွဲ့အစည်းများကိုလည်း အဆင့် ၅ ဆင့် ခွဲခြားထားခြင်း ဖြစ်သည်။ ၎င်းတို့မှာ ထုံးကျောက်၊ သံမည်း၊ ကြေးနီ၊ ငွေနှင့် ရွှေ အဆင့်များ ဖြစ်ကြပြီး ပိရမစ်တစ်ခုကဲ့သို့ အဆင့်ဆင့် ကန့်သတ်ထားသည်။

​အနိမ့်ဆုံးဖြစ်သော ထုံးကျောက်အဆင့် အဖွဲ့အစည်းများသည် ဝိညာဉ်ကမ္ဘာ၏ အခြေခံအကျဆုံး အင်အားစုများဖြစ်ပြီး သဲပွင့်များကဲ့သို့ များပြားလှသည်။ သူတို့မှာ ပိုမိုကြီးမားသော အဖွဲ့အစည်းများထံ ခိုလှုံကာ ရှင်သန်ရပြီး သူတို့၏ ဂုဏ်သိက္ခာကို အနင်းခံကာ နေထိုင်ကြရသည်။

​ပိရမစ်၏ ထိပ်ဆုံးရှိ ရွှေအဆင့် အဖွဲ့အစည်းများမှာမူ အမြင့်မြတ်ဆုံးသော တည်ရှိမှုများ ဖြစ်ကြသည်။ သူတို့တွင် ကမ္ဘာ့အစွမ်းထက်ဆုံး ကျင့်ကြံသူများ၊ လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်လက်နက်များ၊ အကျယ်ပြန့်ဆုံးသော သတ္တုတွင်းနယ်မြေများနှင့် တားမြစ်နယ်မြေများ ရှိကြပြီး ငွေ၊ ကြေးနီ၊ သံမည်းနှင့် ထုံးကျောက်အဆင့် အဖွဲ့အစည်းများကို အမိန့်ပေး အုပ်ချုပ်ကြသူများ ဖြစ်သည်။ သူတို့၏ အမိန့်တစ်ခုမှာ ကမ္ဘာကြီးကို အရောင်ပြောင်းသွားစေနိုင်ပြီး တောင်တန်းနှင့် မြစ်ချောင်းများကို သွေးချင်းနီစေကာ သက်ရှိသန်းပေါင်းများစွာကို မျိုးတုံးသွားစေနိုင်သော စွမ်းအားရှိသည်။

​လင်မိသားစုမှာမူ ထုံးကျောက်အဆင့်ပင် မရှိသေးသော သာမန်မျိုးနွယ်စုငယ်လေးမျှသာ ဖြစ်သည်။ လင်မိသားစုနှင့် ပတ်ဝန်းကျင်ရှိ မိသားစုငယ်လေးများအားလုံးမှာ ရေခဲကျောက်မြို့တော်ရှိ ထုံးကျောက်အဆင့် အဖွဲ့အစည်းဖြစ်သော မြူတိမ်ဆောင်ထံတွင် ခိုလှုံနေကြရသည်။ သူတို့သည် မြူတိမ်ဆောင်၏ အကာအကွယ်ကို ရရှိရန်အတွက် နှစ်စဉ် ပစ္စည်းများစွာ ပေးသွင်းကြရသည်။

​ခြပ်... ခြပ်...

​အဝေးမှ ခြေသံများ နီးကပ်လာသည်။ မကြာမီမှာပင် ချင်လဲ့၏ ပုံရိပ်မှာ အချိန်မှန်စွာ ပေါ်လာခဲ့သည်။ သူသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ မည်သည့် အမူအရာမျှမရှိဘဲ လင်ချန်ယဲ့၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး သူ၏ ထမင်းပန်းကန်ကို မ,ကာ စားသောက်တော့သည်။

​လွန်ခဲ့သော ငါးနှစ်လုံးလုံး ချင်လဲ့သည် နံနက်စာစားချိန်တိုင်း အမြဲတမ်း အချိန်မှန် ရောက်လာတတ်သည်။ လင်မြို့တော်ရှိ လူတိုင်း၏ မျက်စိထဲတွင် ချင်လဲ့မှာ လူအ,တစ်ယောက် ဖြစ်နေသော်လည်း သူ၏ အချိန်မှန် စားသောက်တတ်သည့် အလေ့အထမှာ တစ်ခါမှ မပြောင်းလဲခဲ့ပေ။ ပထမ သုံးနှစ်တွင် အဖိုးချင်ရှန်းက သူ့ကို ခေါ်လာလေ့ရှိသော်လည်း အဖိုးဆုံးသွားပြီးနောက်တွင်မူ ချင်လဲ့သည် တစ်ယောက်တည်း လာရောက်ကာ ဤအလေ့အထကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

​နံနက်စာ စားပြီးတိုင်း ချင်လဲ့သည် လင်မြို့တော်၏ နောက်ကျောဘက်ရှိ ဆေးတောင်သို့ သွားကာ မိုင်းတွင်းများထဲသို့ ဝင်သွားလေ့ရှိသည်။ မှောင်လာမှသာ ညစာစားရန် မြို့သို့ ပြန်လာတတ်သည်။ လင်မိသားစုနှင့်အတူ ညစာစားပြီးနောက် သူ၏ နေအိမ်သို့ ပြန်ကာ အနားယူလေ့ရှိသည်။

​တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်... သူ၏ နေထိုင်မှုပုံစံမှာ မည်သည့်အပြောင်းအလဲမှမရှိဘဲ ဤအတိုင်းပင် ဖြစ်သည်။

​ငါးနှစ်တိုင်တိုင် ကြာခဲ့သော်လည်း သူနှင့် သူ၏အဖိုးတို့ ဆေးတောင် မိုင်းတွင်းထဲတွင် အချိန်များ ထိုမျှ ကြာမြင့်စွာ မည်သည်များ လုပ်နေကြမှန်း မည်သူမျှ မသိကြပေ။ မိသားစုခေါင်းဆောင် လင်ချန်ယဲ့ပင်လျှင် ဤအချက်ကို အမြဲတမ်း ဇဝေဇဝါ ဖြစ်နေရသည်။

​"ဟေ့" တုဖေးက ရုတ်တရက် မထီမဲ့မြင် ပြုံးရင်း ချင်လဲ့ကို ကြည့်ကာ လှောင်ပြောင်လိုက်သည် ။ "ငါ့ရဲ့ အနာဂတ် ယောက်ဖလောင်းက စားပွဲတင် စည်းကမ်းတော့ ရှိသားပဲ။ ရှေ့လမှာ ရွှမ်းရွှမ်းနဲ့ စေ့စပ်လိုက်ရင်လည်း အဆင်ပြေပါတယ်။ ချစ်စရာကောင်းပြီး လိမ္မာတဲ့ ခွေးလေးတစ်ကောင်ကို မွေးထားတယ်လို့ပဲ သဘောထားလိုက်ပေါ့"

​ပြောပြီးသည်နှင့် တုဖေးက လင်ရွှမ်းရွှမ်းဘက်ကို ကြည့်ကာ တစ်ကိုယ်တည်း ရယ်မောနေတော့သည်။

​လင်ရွှမ်းရွှမ်းသည် အနီရောင်သားရေဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ကိုယ်လုံးမှာ ဆွဲဆောင်မှုရှိစပြုနေပြီ ဖြစ်သည်။ သူမတွင် သေးငယ်လှပသော မျက်နှာလေးနှင့် ထက်မြက်သော မျက်ဝန်းများ ရှိသည်။ သူမ၏ အသက်မှာ ၁၅ နှစ်သာ ရှိသေးသော်လည်း သူမ၏ ကျော်ကြားမှုမှာ နယ်ပယ်အနှံ့ ပျံ့နှံ့နေပြီဖြစ်သည်။

​ဒုန်း...

​လင်ရွှမ်းရွှမ်း၏ ဖြူစင်လှပသော လက်ကလေးမှာ စားပွဲပေါ်သို့ အားဖြင့် ရိုက်ချလိုက်သည်။ သူမ၏ ရှေ့မှ ဆန်ပြုတ်ပန်းကန်မှာ လွင့်တက်သွားပြီး ကျန်ရှိနေသော ဆန်ပြုတ်များမှာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော တုကျောက်လန် မိသားစု သုံးဦးထံသို့ စင်ထွက်သွားသည်။ သူတို့၏ တုံ့ပြန်မှုမှာ မြန်ဆန်လှသော်လည်း ဆန်ပြုတ်ဖတ်များကြောင့် အတော်လေး စုတ်ပြတ်သတ်သွားကြ၏။

​"ငါ သေရင်သေပါစေ၊ သူ့ကိုတော့ စေ့စပ်မှာ မဟုတ်ဘူး"

​တုကျောက်လန် ဒေါသထွက်ချိန်ကို မစောင့်တော့ဘဲ လင်ရွှမ်းရွှမ်းသည် နေရာမှ အမြန်ထလိုက်သည်။ သူမ၏ အဖေ လင်ချန်ယဲ့၏ မျက်နှာကိုပင် ဂရုမစိုက်တော့ဘဲ မီးလုံးတစ်လုံးအလား အခန်းထဲမှ ပြေးထွက်သွားတော့သည်။

​တံခါးဝသို့ ရောက်သောအခါ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ လိမ္မော်ရောင် မီးတောက်တစ်စ ထွက်ပေါ်လာပြီး သစ်သားတံခါးကြီးကို အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားစေသည်။ သစ်သားစများ မြေပြင်ပေါ်သို့ မကျမီမှာပင် လင်ရွှမ်းရွှမ်း၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

​လင်ချန်ယဲ့သည် ဒေါသတကြီး ဆူပူရန် ပြင်လိုက်သော်လည်း သူသည် နေရာတွင်ပင် ကြောင်အ,သွားရသည်။ သူသည် ကွဲအက်နေသော သစ်သားစများကို ကြည့်ကာ သူ၏ မျက်ဝန်းများ တောက်ပလာပြီး တစ်ခုခုအား စဉ်းစားနေပုံ ရသည်။

​"အစ်ကိုကြီး၊ ရွှမ်းရွှမ်းက ဘယ်တုန်းက အဆင့် ၇ ကို ရောက်သွားတာလဲ။ ဝိညာဉ်စွမ်းအင်ကို ဒီလိုမျိုး အပြင်ကို ထုတ်လွှတ်နိုင်တာဟာ အဆင့် ၇ ရဲ့ လက္ခဏာပဲ" လင်ချန်ကျိက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ၏ မျက်နှာတွင် အံ့ဩဝမ်းသာမှုများ ပြည့်နေ၏။ "အသက် ၁၅ နှစ်နဲ့ အဆင့် ၇ ကို ရောက်တယ်ဆိုတာ ရွှမ်းရွှမ်းရဲ့ ပါရမီက ယွီရှီးထက်တောင် ပိုပြီး ကြောက်စရာကောင်းနေပြီ။ ဒီအတိုင်းသာဆိုရင် သူဟာ အသက် ၂၀ မတိုင်ခင် ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ကို သေချာပေါက် ရောက်မှာပဲ... အနာဂတ်မှာ သူဟာ မြူတိမ်ဆောင်ရဲ့ အသိအမှတ်ပြုမှုကို သေချာပေါက် ရဦးမှာပဲ"

​လင်ချန်ယဲ့သည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ချောင်းတစ်ချက်ဟန့်ပြီး လင်ယွီရှီးကို မေးလိုက်သည်။ "ရွှမ်းရွှမ်းက ဘယ်တုန်းက အဆင့်တက်သွားတာလဲ"

​အစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များအား ပုခုံးပေါ် ချထားသော လင်ယွီရှီး၏ မျက်နှာမှာ သစ်ခွပန်းတစ်ပွင့်အလား ကျော့ရှင်းလှပသည်။ သူမ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ဖြူစင်ပြီး ထိုင်နေသည့်တိုင် သွယ်လျသော ကိုယ်လုံးကြောင့် ဘေးတွင်ထိုင်နေသည့် တုဟိန်မှာ သူမထံမှ မျက်လုံးမခွာနိုင်အောင် ဖြစ်နေရသည်။

​"ညီမလေးက လွန်ခဲ့တဲ့ ၇ ရက်ကမှ အဆင့်တက်ခဲ့တာပါ။ အစကတော့ အဖေ့ကို ချက်ချင်း လာပြောချင်ပေမဲ့..." လင်ယွီရှီးက စကားစဖြတ်ကာ သက်ပြင်းချလိုက်သည်။ "ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်က အဖေဟာ အဖိုးချင်ရှန်းကို ကတိပေးခဲ့တယ်ဆိုတာကို သူ ကြားလိုက်ရတယ်လေ။ သူ့ရဲ့ မွေးနေ့မှာ ချင်လဲ့နဲ့ စေ့စပ်ပေးမယ်ဆိုတဲ့ သတင်းကို ကြားတော့..."

​လင်ယွီရှီး ဆက်မပြောတော့သော်လည်း လင်ချန်ယဲ့မှာမူ သက်ပြင်းချရင်း အခြေအနေကို နားလည်သွားသည်။

​ဝှူး...

​ထိုအချိန်တွင် ဘေးလူများကို ဂရုမစိုက်ဘဲ ထမင်းစားနေသော ချင်လဲ့သည် ရုတ်တရက် ထရပ်လိုက်သည်။ သူသည် မည်သူက စကား ပြောနေသနည်း၊ မည်သည်များ ဖြစ်ပျက်နေသည် ဆိုသည်ကို မကြားသကဲ့သို့ပင်။ ယခင်အတိုင်းပင် သူသည် ဗိုက်ဝသွားသောအခါ ထွက်ခွာသွားတော့သည်။

​သူသည် လင်မြို့တော်၏ နောက်ဘက်ရှိ ဆေးတောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။

​"အစ်ကိုကြီး... ငါ မင်းနဲ့ သီးသန့် စကားပြောချင်တာလေး ရှိတယ်" လင်ချန်ကျိက ရုတ်တရက် ထရပ်ကာ သူ၏ အစ်ကိုကြီးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ ချင်လဲ့ ထွက်သွားပြီးနောက် သူသည်လည်း စားသောက်ဆောင်ထဲမှ ထွက်လာခဲ့သည်။

​လင်ချန်ယဲ့သည် တစ်ခုခုကို စဉ်းစားရင်း သူ၏ညီနောက်သို့ လိုက်သွားတော့သည်။

​ကြမ်းတမ်းသော တောင်လမ်းပေါ်တွင် လင်ချန်ယဲ့နှင့် လင်ချန်ကျိတို့သည် ချင်လဲ့၏ နောက်မှ အကွာအဝေးတစ်ခု ခြားကာ လိုက်လာကြသည်။ သူတို့နှစ်ဦး၏ အကြည့်မှာ ချင်လဲ့ထံတွင် ရှိနေပြီး အသံတိုးတိုးဖြင့် စကားပြောနေကြ၏။

​"ငါးနှစ်ရှိပြီ။ အဖိုးချင်ရှန်းက ချင်လဲ့ကို ခေါ်လာကတည်းက သူတို့ မြေးအဖိုး နှစ်ယောက်ဟာ နေ့ခင်းဘက်ဆိုရင် မိုင်းတွင်းထဲမှာပဲ အမြဲရှိနေကြတာ။ အစ်ကိုကြီး... သူတို့ မိုင်းတွင်းထဲမှာ ဘာတွေလုပ်နေသလဲဆိုတာ မသိချင်ဘူးလား။ သူတို့ ဘာတွေ ရှာတွေ့ထားသလဲဆိုတာကော"

​"သိချင်တာပေါ့။ ဒါပေမဲ့ ငါက အဖိုးချင်ရှန်းနဲ့ ကတိရှိထားတယ်လေ၊ အကြောင်းမရှိဘဲ မိုင်းတွင်းထဲကို မဝင်ပါဘူးလို့။ နောက်ပြီး ငါတို့ လင်မိသားစုက ဆေးတောင် မိုင်းတွင်းတွေကို ရှင်းထားတာ ကြာလှပြီ၊ ဘာတန်ဖိုးရှိတဲ့ ဝိညာဉ်ကျောက်တုံးမှလည်း မတွေ့ခဲ့ဘူး။ မဟုတ်ရင် ဒီမိုင်းတွင်းတွေကို သူတို့ မြေးအဖိုး နှစ်ယောက်ကို ငါ ဘာလို့ ပေးထားမလဲ"

​"ဒါဆို ရွှမ်းရွှမ်းနဲ့ ချင်လဲ့ရဲ့ စေ့စပ်ပွဲကရော ဘယ်လိုဖြစ်တာလဲ။ အစ်ကိုကြီးက ရွှမ်းရွှမ်းရဲ့ တစ်သက်တာ ပျော်ရွှင်မှုကို ဘယ်တော့မှ အနစ်နာခံမှာ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ ဘာလို့လဲ"

​"အဖိုးချင်ရှန်း မဆုံးခင်က သူဟာ ဒီကိစ္စကို အတင်းအကျပ် သဘောတူခိုင်းခဲ့တာ။ သူ ဒီနှစ်တွေမှာ ငါတို့ကို အများကြီး ကူညီခဲ့တာကြောင့် ငါက အံကြိတ်ပြီး ကတိပေးခဲ့ရတာပါ။ ဒါပေမဲ့ မင်းထင်သလိုမျိုး မဟုတ်ပါဘူး။ သူက သူဆုံးသွားပြီးရင် ချင်လဲ့ကို ငါတို့ လင်မိသားစုက ဆက်ပြီး ဂရုစိုက်ပေးစေချင်လို့ ဒီလိုတောင်းဆိုခဲ့တာ ဖြစ်မှာပါ"

​"ဘာကို ဆိုလိုတာလဲ"

​"ဒါဟာ စေ့စပ်ပွဲ အမည်ခံသက်သက်ပါ။ ချင်လဲ့နဲ့ ရွှမ်းရွှမ်းက အခု အသက် ၁၅ နှစ်စီပဲ ရှိသေးတယ်။ အဖိုးချင်ရှန်းက ချင်လဲ့ ၁၇ နှစ်ပြည့်တဲ့အထိပဲ ဂရုစိုက်ပေးဖို့ တောင်းဆိုခဲ့တာ။ ချင်လဲ့ ၁၇ နှစ်ပြည့်တာနဲ့ ငါတို့ဘက်က ဒီစေ့စပ်မှုကို ဖျက်သိမ်းလို့ ရပါတယ်။ ဒီစေ့စပ်ပွဲ ရှိနေရခြင်းက ချင်လဲ့ကို သားမက်အဆင့်အတန်း ပေးထားခြင်းအားဖြင့် ငါတို့ မိသားစုဝင်တွေ သူ့ကို လာပြီး မနှောင့်ယှက်အောင် ကာကွယ်ပေးထားတဲ့ သဘောပါပဲ"

​"စိတ်မပူပါနဲ့။ ရွှမ်းရွှမ်းက အခု အဆင့် ၇ ကို ရောက်နေပြီ။ သူမဟာ အနာဂတ်မှာ မြူတိမ်ဆောင်ကို သေချာပေါက် ရောက်မှာပါ။ ငါကတော့ ချင်လဲ့ကို သူ့ရဲ့ အနာဂတ်အပေါ်မှာ အနှောင့်အယှက် ဖြစ်အောင် ခွင့်ပြုမှာ မဟုတ်ပါဘူး။ အချိန်တန်ရင် ငါ ဒီစေ့စပ်မှုကို ချက်ချင်း ဖျက်သိမ်းမှာပါ"

​"ဪ... ဒါဆိုလည်း ဟုတ်ပါပြီ" လင်ချန်ကျိက ခေါင်းညိတ်သည်။ "အစ်ကိုကြီး... ငါ့မှာ ပြောဖို့သင့်မသင့် ဝေခွဲမရဖြစ်နေတဲ့ ကိစ္စတစ်ခု ရှိသေးတယ်၊ ဟူး..."

​"ရှိရင်လည်း ပြောစမ်းပါ" မိသားစုခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ ဟောက်လိုက်သည်။

​"အစ်ကိုကြီး ပြောတဲ့အတိုင်းဆိုရင် ဒီစေ့စပ်ပွဲက အမည်ခံသက်သက်ပဲ မဟုတ်လား။ ဒါဆိုရင် ရွှမ်းရွှမ်းအစား ယွီရှီးနဲ့ စေ့စပ်ပေးလိုက်ရင်ရော မဖြစ်ဘူးလား။ ယွီရှီးက ချင်လဲ့ထက် နှစ်နှစ်ကြီးတယ်ဆိုပေမဲ့ ဒါက ဘာမှ မဖြစ်လောက်ဘူး မဟုတ်လား" လင်ချန်ကျိက စမ်းသပ်မေးမြန်းလိုက်သည်။

​မိသားစုခေါင်းဆောင်၏ မျက်နှာမှာ ရုတ်တရက် တည်သွား၏။

​"အစ်ကိုကြီး... ခယ်မ ဆုံးသွားတာ စောလွန်းတော့ အစ်ကိုကြီးက ယွီရှီးနဲ့ ရွှမ်းရွှမ်းကို အတူတူ ချစ်တာ ငါ သိပါတယ်။ ငါလည်း အတူတူပါပဲ" လင်ချန်ကျိက စကားလုံးကို သေချာရွေးကာ ပြောလိုက်သည်။ "ဒါပေမဲ့ စေ့စပ်ပွဲဆိုတာ မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအပေါ်မှာ သက်ရောက်မှု ရှိတယ်။ ရွှမ်းရွှမ်းက အသက် ၁၅ နှစ်ပဲ ရှိသေးပေမဲ့ အဆင့် ၇ ကို ရောက်နေပြီ။ သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီနဲ့ ဝိညာဉ်ပညာရပ်တွေအပေါ် နားလည်မှုဟာ ယွီရှီးထက် အများကြီး သာလွန်တယ်ဆိုတာ မင်းနဲ့ ငါ မြင်နေရတာပဲ။ ရွှမ်းရွှမ်းရဲ့ အနာဂတ်ဟာ... ဘယ်လိုမှ ကန့်သတ်ထားလို့ မရဘူး။ သူဟာ ငါတို့ လင်မိသားစုရဲ့ တကယ့် မျှော်လင့်ချက်ပဲ"

​စကားပြောရင်း လင်ချန်ကျိ၏ မျက်နှာမှာ လေးနက်လာသည်။ "အနာဂတ်မှာ ရွှမ်းရွှမ်းဟာ ငါတို့ မျှော်မှန်းလို့မရတဲ့ အဆင့်မြင့် ကျင့်ကြံသူတွေရဲ့ ကမ္ဘာထဲကို ရောက်သွားလိမ့်မယ်။ အဲဒီလို အခြေအနေမျိုးမှာ သူဟာ ငါတို့ စိတ်တောင်မကူးနိုင်တဲ့ အစွမ်းထက် အဖွဲ့အစည်းတွေနဲ့ လက်ထပ်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ ဒါပေမဲ့ သူ့မှာ စေ့စပ်ထားဖူးတဲ့ အတိတ်တစ်ခု ရှိနေမယ်ဆိုရင် ဒါဟာ သူ့အတွက် အမည်းစက် ဖြစ်သွားလိမ့်မယ်။ ဒါက သူ့ရဲ့ အနာဂတ်ကို ထိခိုက်စေနိုင်တယ်..."

​"ညီလေး... မင်းကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး လက်တွေ့ကျလာတာပဲ" မိသားစုခေါင်းဆောင်က ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ "ငါ စဉ်းစားဖို့ အချိန်ပေးပါဦး။ ဟူး... ယွီရှီးရဲ့ နူးညံ့တဲ့ စိတ်ထားနဲ့ဆိုရင် ငါသာ ပြောလိုက်ရင် သူဟာ ဒီဝန်ထုပ်ဝန်ပိုးကို သေချာပေါက် လက်ခံပါလိမ့်မယ်။ ဒါပေမဲ့ ငါ သူ့အပေါ်မှာ ဒီလိုတော့ မလုပ်ချင်ဘူး..."

​"မိသားစုရဲ့ အနာဂတ်အတွက်ရော၊ ရွှမ်းရွှမ်းရဲ့ အနာဂတ်အတွက်ရော အစ်ကိုကြီး အလေးအနက် စဉ်းစားပေးပါ" လင်ချန်ကျိက တိုက်တွန်းလိုက်သည်။

​လင်ချန်ယဲ့သည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ခဏအကြာတွင်မှ သူက စကားလမ်းကြောင်း လွှဲလိုက်သည်။ "ဒါတွေကို ခဏထားလိုက်ပါဦး။ မင်းက ဆေးတောင်ကို တာဝန်ယူထားတာဆိုတော့ ငါ မင်းကို သိပ်မမေးဖြစ်ဘူး။ ဒီနေ့ ဘာလို့ ငါ့ကို ဆေးတောင်အထိ အတင်းခေါ်လာရတာလဲ"

​"အဲဒီ ရောက်ရင် မင်း သိပါလိမ့်မယ်။ ငါ့မှာ ခံစားချက်တစ်ခု ရှိနေတယ်... ဒီကိစ္စဟာ ချင်လဲ့နဲ့ တစ်ခုခု ပတ်သက်နေနိုင်တယ် ဆိုတာပဲ"

အခန်း (၂) ဆေးတောင်

​လင်မိသားစု၏ ဆေးတောင်သည် အာတိတ်တောင်တန်းကြီး၏ ဖြာထွက်လာသော တောင်စဉ်တစ်တန်းဖြစ်ပြီး အာတိတ်တောင်တန်း၏ အပြင်ဘက်ဆုံး အစွန်းပိုင်းတွင် တည်ရှိသည်။

​အလွန်အမင်း မြင့်မားလှသော ထိုရေခဲတောင်ကြီးများနှင့် နှိုင်းယှဉ်ပါက ဆေးတောင်မှာမူ သာမန်မျှသာဖြစ်ပြီး ဝိညာဉ်စွမ်းအင်မှာလည်း ကြွယ်ဝလှသည်ဟု မဆိုနိုင်ပေ။

​လင်မြို့တော်မှာ အာတိတ်တောင်တန်း၏ အစွန်း၊ ဆေးတောင်၏ အခြေတွင် တည်ရှိသည်။ ဆေးတောင်၏ ဝိညာဉ်စွမ်းအင်မှာ ထူးခြားမှုမရှိသော်လည်း အာတိတ်တောင်တန်း၏ ဗဟိုချက်နှင့် ဝေးကွာသဖြင့် အလွန်အမင်း အေးစက်ခြင်းမရှိဘဲ ဝိညာဉ်ဆေးပင်များ စိုက်ပျိုးရန် သင့်တော်သော နေရာတစ်နေရာ ဖြစ်နေသည်။

​ဆေးတောင်မှ ထွက်ရှိသော ဝိညာဉ်ဆေးပင်များသည် လင်မိသားစု၏ အဓိက ဝင်ငွေအရင်းအမြစ် ဖြစ်သည်။ လင်မိသားစုမှ မြူတိမ်ဆောင်သို့ နှစ်စဉ် ပေးသွင်းရသော ပစ္စည်းများမှာလည်း ဆေးတောင်မှ ရရှိသည့် ဝိညာဉ်ဆေးပင်များပင် ဖြစ်သည်။ ဤနှစ်အနည်းငယ်အတွင်း လင်ချန်ကျိမှာ ဆေးပင်များ စိုက်ပျိုးခြင်းနှင့် ဆွတ်ခူးခြင်းလုပ်ငန်းကို တာဝန်ယူခဲ့ရသည်။ တုကျောက်လန်သည် ဆေးတောင်၏ အကျိုးအမြတ်ကို ရရှိရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း သူမ၏ အစီအစဉ်တိုင်းမှာ လင်ညီအစ်ကိုများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

​ဆေးတောင်ပေါ်တွင် တို့ဖူးခဲများသဖွယ် စီတန်းနေသော ဆေးဘက်ဝင် ဥယျာဉ်ကွက်များစွာ ရှိသည်။ ဥယျာဉ်များအတွင်း စိုက်ပျိုးထားသော အပင်များမှာ အခြေခံအဆင့် ၃ အောက်ရှိ ဝိညာဉ်ဆေးပင်များနှင့် ဆေးဖက်ဝင်အပင်များသာ ဖြစ်သည်။ တန်ဖိုးကြီးလှသည်မဟုတ်သော်လည်း ပမာဏအားဖြင့် အလွန်များပြားသည်။

​ထိုအပင်များထဲတွင် ကျောက်စိမ်းလက်ဝါးပန်း၊ အအေးခံမြက်နှင့် မြွေဦးရစ်ပန်းတို့မှာ အခြေခံအဆင့် ၃ ဝိညာဉ်ဆေးပင်များဖြစ်ပြီး ဥယျာဉ်အတွင်း အရေးအကြီးဆုံး စိုက်ပျိုးထားသည့် အပင်များလည်း ဖြစ်သည်။ ဤဆေးပင်သုံးမျိုးမှာ မြူတိမ်ဆောင်မှ နှစ်စဉ် အမြောက်အမြား လိုအပ်နေသော ဝိညာဉ် ပြန်လည် အားဖြည့် ဆေးပြားများ ဖော်စပ်ရာတွင် အဓိကပါဝင်သည့် အခြေခံကုန်ကြမ်းများ ဖြစ်ကြသည်။

​ယခုအချိန်တွင် လင်ချန်ယဲ့နှင့် လင်ချန်ကျိတို့သည် ကျောက်စိမ်းလက်ဝါးပန်း စိုက်ခင်းရှေ့တွင် ရပ်နေကြသည်။

​ထိုပန်းမှာ ပွင့်လာသောအခါ မိန်းကလေးငယ်တစ်ဦး လက်ဝါးဖြန့်ထားသည်နှင့် တူသည်။ သွယ်လျသော အရွက်ငါးရွက်မှာ လက်ချောင်းငါးချောင်းနှင့် ဆင်တူသဖြင့် ကျောက်စိမ်းလက်ဝါးပန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။ ၎င်းကို စိုက်ပျိုးချိန်မှ ဆွတ်ခူးချိန်အထိ ခြောက်လခန့်သာ ကြာမြင့်ပြီး ရာသီဥတုဒဏ်ကိုလည်း အလွန်အမင်း မခံရသဖြင့် ပျိုးထောင်ရန် အလွယ်ကူဆုံး ဆေးပင်တစ်မျိုး ဖြစ်သည်။

​သို့သော် ယခုစိုက်ခင်းအတွင်းရှိ ကျောက်စိမ်းလက်ဝါးပန်းများမှာ ပွင့်ဖူးခြင်းမရှိသည့်အပြင် တစ်ပင်ချင်းစီမှာ ညှိုးနွမ်းခြောက်သွေ့နေသဖြင့် လင်ချန်ယဲ့၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားတော့သည်။

​"ကျောက်စိမ်းလက်ဝါးပန်းတွေပဲ ဒီလိုဖြစ်နေတာလား" လင်ချန်ယဲ့က မျှော်လင့်ချက်အနည်းငယ်ဖြင့် မေးလိုက်သည်။

​လင်ချန်ကျိက ခါးသီးစွာ ပြုံးလိုက်သည်။ "ကျောက်စိမ်းလက်ဝါးပန်းတွေက တော်သေးတယ်လို့ ပြောရမယ်။ အအေးခံမြက်နဲ့ မြွေဦးရစ်ပန်း စိုက်ခင်းတွေဆိုရင် ကြည့်ရတာ ပိုပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။ ပိုပြီးတော့တောင် ခြောက်သွေ့နေတာ။ ဒီနှစ် မြူတိမ်ဆောင်ကို ပေးသွင်းရမယ့် ဆေးပင်တွေကို အပြည့်အဝရဖို့ ခက်လိမ့်မှာကို ငါ စိုးရိမ်မိတယ်..."

​လင်ချန်ယဲ့၏ မျက်နှာမှာ အရောင်ပြောင်းသွားပြီး အသံခပ်အုပ်အုပ်ဖြင့် အော်ဟစ်လိုက်သည် "ဒါတွေ ဘယ်လိုဖြစ်ရတာလဲ။ ဘာလို့ ငါ့ကို စောစောစီးစီး မပြောခဲ့တာလဲ"

​"ဒါ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ငါလည်း မသိဘူး" လင်ချန်ကျိ၏ မျက်နှာတွင် နာကျင်မှုများ လွှမ်းမိုးသွားပြီး သူကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေရသည်။ "လွန်ခဲ့တဲ့ နှစ်နှစ်က အဖိုးချင်ရှန်း ဆုံးသွားကတည်းက ဥယျာဉ်ထဲက ဆေးပင်တွေရဲ့ အထွက်နှုန်းဟာ ရာသီတိုင်းမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့တာ။ အထွက်နှုန်း နည်းလာတယ်ဆိုပေမဲ့ မြူတိမ်ဆောင်ကို ပေးသွင်းဖို့တော့ လုံလောက်နေသေးတာပဲ။ ဒါဟာ ငါ့ရဲ့ အမှားလည်း ပါပါတယ်။ အဆင့်တက်ဖို့အတွက်ပဲ အားစိုက်နေမိလို့ ဒီကိစ္စကို အလေးအနက် ဂရုမစိုက်မိခဲ့ဘူး"

​"အခြေအနေ ဆိုးရွားနေတာကို ငါ သတိထားမိတဲ့အခါမှာတော့ ဒါကို ထိန်းချုပ်လို့ ရနိုင်ဦးမယ်လို့ ငါ ယုံကြည်ခဲ့တယ်။ ငါ့ရဲ့ အချိန်အတော်များများကို ဆေးပင်တွေကို ပြုစုပျိုးထောင်ရင်းနဲ့ ကုန်ဆုံးစေခဲ့တယ်။ ဒါကို ပြန်ပြီး ကောင်းမွန်လာအောင် ငါ မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ ငါ မျှော်လင့်မထားတာက လွန်ခဲ့တဲ့ သုံးလကစပြီး ဒီဆေးပင်တွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး ညှိုးနွမ်းလာခဲ့တာပဲ။ ငါ ဘာမှလုပ်ချိန်မရခင်မှာပဲ ဥယျာဉ်ထဲက ဆေးပင်အများအပြားဟာ ခြောက်သွေ့သွားခဲ့ပြီ..."

​လင်ချန်ကျိသည် စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းငိုက်စိုက်ကျနေပြီး တစ်ခုခုကို ထိုးကြိတ်ကာ ငိုကြွေးချင်စိတ် ပေါက်နေသော်လည်း သူ၏ တာဝန်ဝတ္တရားများကို ရှောင်လွှဲရန် မဝံ့ရဲပေ။

​လင်ချန်ယဲ့၏ မျက်နှာမှာ ပျက်ယွင်းနေသည်။ သူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ရုတ်တရက် ပြောလိုက်သည်။ "ဆေးပင်တွေ ခြောက်သွေ့ကုန်တာက ချင်လဲ့နဲ့ ဘာဆိုင်လို့လဲ။ သူက များသောအားဖြင့် ဆေးတောင်ရဲ့ မိုင်းတွင်းတွေထဲမှာပဲ နေတာလေ။ ဥယျာဉ်တွေဆီကို သူ တစ်ခါမှ လာခဲ့တာ မဟုတ်ဘူး။ သူက ဒီဆေးပင်တွေကို ထိခိုက်အောင် လုပ်နိုင်လို့လား။ ညီလေး... မင်းက ဘာလို့ ချင်လဲ့ကို သံသယဝင်ရတာလဲ"

​သူ့အမြင်တွင် ချင်လဲ့မှာ လူအ,တစ်ယောက်သာ ဖြစ်သည်။ ဝိညာဉ်မရှိသော သူတစ်ဦးအနေဖြင့် ဆေးတောင်၏ အထွက်နှုန်းအပေါ် သက်ရောက်မှုရှိရန်မှာ လုံးဝ မဖြစ်နိုင်ဟု သူ ထင်မြင်သည်။

​"လွန်ခဲ့တဲ့ ငါးနှစ်က သူတို့ မြေးအဖိုး နှစ်ယောက် ဆေးတောင် မိုင်းတွင်းထဲကို ဝင်သွားကတည်းက ငါ သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာ။ ဒီငါးနှစ်အတွင်းမှာ ဆေးတောင်ပေါ်မှာ ထူးခြားတဲ့ အပြောင်းအလဲတွေ မရှိခဲ့ပေမဲ့ အလွန် ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုတော့ ရှိတယ်..." လင်ချန်ကျိက စဉ်းစားရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

​"ဘယ်လို ထူးဆန်းတဲ့ ဖြစ်စဉ်လဲ" လင်ချန်ယဲ့ ကြောင်သွားသည်။

​"မိုးသက်မုန်တိုင်း ကျရောက်တဲ့ အချိန်တိုင်းမှာ ဆေးတောင်ရဲ့ ကောင်းကင်ယံက လျှပ်စီးတွေဟာ အလွန်အမင်း စုပြုံနေတတ်တယ်။ လျှပ်စီးတိုင်းဟာ ဆေးတောင်ရဲ့ ထိပ်ဖျားကိုပဲ ထိမှန်တတ်ပြီး အဲဒီလျှပ်စီးတွေက တစ်ခါတလေ ဒီနေရာအထိတောင် ရောက်လာတတ်တာ။ ငါကိုယ်တိုင်တောင် ကြောက်လန့်တကြား ကြည့်ခဲ့ရဖူးတယ်။ ဒါပေမဲ့ သူတို့ မြေးအဖိုး နှစ်ယောက် မလာခင်တုန်းကတော့ ရာသီဥတု ဘယ်လောက်ဆိုးဆိုး ဆေးတောင်ရဲ့ ကောင်းကင်ယံမှာ ဒီလောက်အထိ လျှပ်စီးတွေ စုပြုံနေတာမျိုး၊ လျှပ်စီးတွေ ဒီကို တိုက်ရိုက် ပစ်ချတာမျိုး တစ်ခါမှ မရှိခဲ့ဘူး" လင်ချန်ကျိက အသေအချာ ပြောလိုက်သည်။

​"ဒီလျှပ်စီးတွေက... သူတို့ မြေးအဖိုး နှစ်ယောက်နဲ့ ပတ်သက်နေတယ်လို့ ဆိုလိုတာလား" လင်ချန်ယဲ့က ခေါင်းခါလိုက်သည်။ သူ၏ ညီဖြစ်သူ၏ တွေးဆချက်မှာ ခိုင်လုံသော အခြေခံမရှိဟု သူ ခံစားရသည်။

​"အစ်ကိုကြီး... ငါ ပြောတာကို အဆုံးထိ နားထောင်ပါဦး" လင်ချန်ကျိ၏ မျက်နှာမှာ တဖြည်းဖြည်း လေးနက်လာသည် "အဖိုးချင်ရှန်း ဆုံးသွားပြီးနောက်မှာ ဒီဖြစ်စဉ်က ပိုပြီးတော့တောင် သိသာလာတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မိုးသက်မုန်တိုင်း ကျတိုင်း ဆေးတောင်ပေါ်မှာ လျှပ်စီးတွေ ပိုပြီး စုပြုံလာသလို၊ ပစ်ချတဲ့ အကြိမ်ရေကလည်း ပိုပြီး စိတ်လာတယ်။ တစ်ခါတလေမှာ အဲဒီ အစွမ်းထက်တဲ့ လျှပ်စီးတွေဟာ တောင်ရဲ့ အတွင်းပိုင်းထဲကို စိမ့်ဝင်သွားတာကို ငါ ခပ်ရေးရေး ခံစားရတယ်..."

​ဤစကားကို ကြားသောအခါ လင်ချန်ယဲ့သည် နောက်ဆုံးတွင် အလေးအနက် ထားလာပြီး ပြောလိုက်သည် "ဆက်ပြောဦး"

​"ငါ ဒီနှစ်တွေမှာ ဆေးတောင်ကို အမြဲစောင့်ကြည့်နေခဲ့တာ။ လျှပ်စီးပစ်တဲ့ အချိန်တိုင်း မိုင်းတွင်းဝတွေကို ငါ အမြဲ ဂရုစိုက်ကြည့်တယ်။ ချင်လဲ့ဟာ အဲဒီ မိုင်းတွင်းတွေထဲကနေ သူ့ရဲ့ ဆံပင်တွေနဲ့ အသားအရေတွေ မီးလောင်ကျွမ်းထားသလို မည်းတူးပြီး ထွက်လာတာကို ငါ အကြိမ်ပေါင်းများစွာ မြင်ခဲ့ရတယ်။ ဒါဟာ သေချာပေါက် လျှပ်စီးထိမှန်လို့ ဖြစ်ရတာဆိုတာ ငါ အသေအချာ ပြောနိုင်တယ်" လင်ချန်ကျိက လေသံတိုးတိုးဖြင့် အော်ဟစ်လိုက်သည်။ "ဒီနှစ်တွေအတွင်း ဆေးတောင်ပေါ်က ထူးခြားဖြစ်စဉ်တွေကြောင့် ဒါဟာ ချင်လဲ့နဲ့ ပတ်သက်နေတယ်လို့ ငါ သံသယဝင်တာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။ အစ်ကိုကြီး... ဆေးပင်တွေဟာ အကြောင်းရင်းမရှိဘဲ ညှိုးနွမ်းသွားမှာ မဟုတ်ဘူး။ ဆေးတောင်ရဲ့ အတွင်းပိုင်းမှာ တစ်ခုခု ပြောင်းလဲသွားတာကြောင့် ဒီလို ညှိုးနွမ်းကုန်တာလို့ ငါ ယုံကြည်တယ်"

​လင်ချန်ယဲ့က မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သူက ရုတ်တရက် ပြောလိုက်သည်။ "ငါ အဖိုးချင်ရှန်းကို ကတိပေးခဲ့တယ်လေ၊ အကြောင်းမရှိဘဲ မိုင်းတွင်းထဲကို မဝင်ပါဘူးလို့"

​"အစ်ကိုကြီး... တကယ်လို့ ဒီကိစ္စက တကယ်ပဲ ချင်လဲ့နဲ့ ပတ်သက်နေမယ်ဆိုရင် အစ်ကိုကြီးသာ ဒါကို မစုံစမ်းဘူးဆိုရင် ဒီဆေးပင်တွေကို ကယ်တင်ဖို့ ခက်လိမ့်မယ်။ ဆေးတောင်ဟာ ငါတို့ လင်မိသားစုရဲ့ ရှင်သန်ကြီးထွားမှုနဲ့ သက်ဆိုင်တယ်။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ငါတို့ မိသားစုဟာ လုံလောက်တဲ့ ဆေးပင်တွေကို ပေးသွင်းနိုင်မှာ မဟုတ်ဘူး။ အဲဒီအခါကျရင် မြူတိမ်ဆောင်က..." လင်ချန်ကျိက အလွန်အမင်း စိုးရိမ်စွာ ပြောလိုက်သည်။

​လင်ချန်ယဲ့ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ အချိန်အတော်ကြာမှ သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာမျက်နှာဖုံးတစ်ခုကို ထုတ်ယူကာ တိတ်ဆိတ်စွာ တပ်ဆင်လိုက်ပြီး အဖြူရောင် ဝတ်စုံရှည်အား ပြောင်းလဲဝတ်ဆင်ကာ အသံနှိမ့်၍ ပြောလိုက်သည် "ငါ မိုင်းတွင်းတွေကို တိတ်တဆိတ် သွားပြီး စုံစမ်းမယ်။ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောဖို့ မင်းကို ငါ တားမြစ်တယ်"

​"စိတ်ချပါ အစ်ကိုကြီး... ငါ ဘာလုပ်ရမလဲဆိုတာ သိပါတယ်"

​ဖြူဆွတ်သော ဝိညာဉ်တစ်ခုအလား လင်ချန်ယဲ့သည် ဆေးတောင်၏ ဝေးလံသော ထောင့်စွန်းရှိ မိုင်းတွင်းတစ်တွင်းဆီသို့ သတိကြီးစွာဖြင့် သွားရောက်ခဲ့သည်။ သူသည် တွဲလောင်းကျနေသော နွယ်ပင်တစ်ပင်ကို ကိုင်ဆွဲကာ ကျောက်တုံးကြီးပေါ်မှ ခုန်ချလိုက်ရာ သူ၏ ပုံရိပ်မှာ မိုးမခရွက်ကလေး တစ်ရွက်အလား တိတ်ဆိတ်စွာ လွင့်မျောကျဆင်းသွားပြီး မိုင်းတွင်း လိုဏ်ခေါင်းဝ တစ်ခုသို့ လျင်မြန်စွာ ရောက်ရှိသွားတော့သည်။

​သူ ဆုံးဖြတ်ချက် ချပြီးပြီဖြစ်သဖြင့် လင်ချန်ယဲ့သည် နောက်ထပ် မဝေခွဲတော့ပေ။ သူသည် မိုင်းတွင်းဝထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပြီး အတွင်းပိုင်းသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်။

​ဆေးတောင်၏ နောက်ကျောဘက်တွင် မတူညီသော အရွယ်အစားရှိသည့် မိုင်းတွင်းများစွာ ရှိပြီး ၎င်းတို့မှာ လင်မိသားစုဝင်များက ရှုထောင့်အမျိုးမျိုးမှ တူးဖော်ခဲ့ကြခြင်း ဖြစ်သည်။ မိုင်းတွင်းလမ်းကြောင်း တစ်လမ်းချင်းစီမှာလည်း အချင်းချင်း ချိတ်ဆက်ထားသဖြင့် မိုင်းတွင်းတစ်တွင်းထဲသို့ ဝင်လိုက်ရုံဖြင့် တောင်၏ ဗဟိုချက်ဆီသို့ ဦးတည်သော လမ်းကြောင်းအား အလွယ်တကူ ရှာတွေ့နိုင်သည်။

​သို့သော် လင်ချန်ယဲ့သည် လိုဏ်ဂူအတွင်းသို့ ဝင်ရောက်ပြီး မကြာမီမှာပင် အကြီးအကျယ် တုန်လှုပ်သွားရပြီး နေရာတွင်ပင် တောင့်တင်းသွားတော့သည်။

​သူ၏ မှတ်ဉာဏ်ထဲတွင် ဆေးတောင်အတွင်း၌ လိုဏ်ခေါင်းလမ်းကြောင်းပေါင်း နှစ်ဆယ်ထက် မပိုပေ။ သူ ဤနေရာသို့ မရောက်ဖြစ်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း မိုင်းတွင်းများနှင့် ပတ်သက်သော သူ၏ မှတ်ဉာဏ်များမှာ အလွန်ပင် ရှင်းလင်းနေဆဲ ဖြစ်သည်။

​အကြောင်းမှာ သူ ငယ်စဉ်က သူကိုယ်တိုင် တူးဖော်သူများထဲတွင် ပါဝင်ခဲ့သဖြင့် ဤနေရာကို အလွန် ကျွမ်းကျင်သောကြောင့် ဖြစ်သည်။

​သို့သော် ယခုအခါတွင်မူ သူသည် နေရာမှားလာသည်ဟု ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် တောင်၏ အတွင်းပိုင်းရှိ လိုဏ်ခေါင်းလမ်းကြောင်းများမှာ ယခင်ကထက် ဆယ်ဆမက ပိုများနေသောကြောင့် ဖြစ်၏။

​သူ့ရှေ့ရှိ လမ်းကြောင်းများမှာ ပင့်ကူအိမ်သဖွယ် ရှုပ်ထွေးလှပြီး အချင်းချင်း ယှက်နွယ်ချိတ်ဆက်နေသည်။ လင်ချန်ယဲ့သည် ဤထူးခြားမှုကို ကြည့်ကာ တုန်လှုပ်သွားရပြီး ဤနေရာသည် သူ သိကျွမ်းခဲ့သော နေရာနှင့် လုံးဝ မတူတော့ပေ။

​"ဘုရားရေ၊ ဒါတွေကို သူတို့ ဘယ်လိုများ လုပ်ခဲ့ကြတာလဲ" လင်ချန်ယဲ့ အေးစက်သော အသက်ရှူသံတစ်ချက် ထွက်လာသည်။

​သူ မှတ်မိသလောက်ဆိုလျှင် လင်မိသားစုဝင် အယောက်ပေါင်းများစွာ စုပေါင်းပြီး သုံးနှစ်တိုင်တိုင် တူးဖော်ခဲ့ကြသော်လည်း လိုဏ်ခေါင်းလမ်းကြောင်း တစ်ဆယ်ကျော်ခန့်သာ တူးနိုင်ခဲ့သည်။

​သို့သော် ဤမြေးအဖိုး နှစ်ယောက်မှာမူ ငါးနှစ်အတွင်းမှာပင် လိုဏ်ခေါင်းလမ်းကြောင်းပေါင်း ရာနှင့်ချီ၍ တူးဖော်နိုင်ခဲ့သည်။ ဤအချက်က လင်ချန်ယဲ့အား သူ၏ မျက်လုံးများကိုပင် မယုံကြည်နိုင်အောင် ဖြစ်စေခဲ့သည်။

​ရာနှင့်ချီသော လိုဏ်ခေါင်းလမ်းကြောင်းများသည် မူလလမ်းကြောင်းများနှင့် ရှုပ်ထွေးလှသော ဝင်္ကပါသဖွယ် ယှက်နွယ်နေပြီး လူ့ခန္ဓာကိုယ်ရှိ ကြွက်သားမျှင်များကဲ့သို့ ထူးဆန်းစွာ တည်ရှိနေကြသည်။

​လင်ချန်ယဲ့သည် သူ၏ စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူသည် ရာနှင့်ချီသော လမ်းကြောင်းများကြားတွင် ချင်လဲ့၏ ပုံရိပ်ကို ရှာဖွေရင်း တောင်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိရန် ကြိုးစားကာ ရှေ့နောက် သွားလာနေခဲ့သည်။

​တစ်နာရီခန့် ကြာပြီးနောက်တွင်မူ လင်မိသားစု ခေါင်းဆောင်၏ အသိစိတ်မှာ မျှော်လင့်မထားဘဲ ဝေဝါးလာခဲ့ပြီး ထိုဝေဝါးနေသော အခြေအနေထဲမှာပင် သူသည် မိုင်းတွင်းဝသို့ တိုက်ရိုက် ပြန်လည်ရောက်ရှိသွားတော့သည်။

​သူ အသိပြန်ဝင်လာသောအခါ သူ၏ မျက်နှာမှာ အလွန်ပင် ထူးဆန်းသွားတော့သည်။ ဖြစ်ပျက်ခဲ့သည်ကို မယုံကြည်နိုင်ဘဲ သူသည် မိုင်းတွင်းထဲသို့ ထပ်မံဝင်ရောက်ကာ နောက်တစ်ကြိမ် ရှာဖွေပြန်သည်...

​ခုနစ်ကြိမ်တိုင်တိုင် ဆက်တိုက် ကြိုးစားခဲ့သော်လည်း သူသည် ပထမဆုံး ဝင်လာခဲ့သည့် လမ်းကြောင်းဝသို့သာ အမြဲတမ်း ပြန်လည်ရောက်ရှိနေခဲ့သည်။ လင်ချန်ယဲ့သည် တဖြည်းဖြည်း မောပန်းလာပြီး သူ၏ မျက်နှာမှာလည်း အနည်းငယ် ဖြူဖျော့သွားတော့သည်။ ကောင်းကင်၏ အရောင်ကို ကြည့်ပြီးနောက် သူသည် စိတ်ပျက်အားလျော့စွာဖြင့် မူလလမ်းအတိုင်း ဆေးတောင်ပေါ်သို့ ပြန်တက်လာခဲ့သည်။

​"အစ်ကိုကြီး... အစ်ကိုကြီးရဲ့ မျက်နှာက ပျက်နေပါလား၊ ဘာဖြစ်ခဲ့တာလဲ။ အထဲမှာ တစ်ခုခု ဖြစ်ခဲ့လို့လား" သူ မျက်နှာဖုံးကို ချလိုက်သောအခါ လင်ချန်ကျိက စိုးရိမ်တကြီး မေးလိုက်သည်။

​လင်မိသားစု ခေါင်းဆောင်က လက်တစ်ချက် ဝှေ့ယမ်းကာ လောလောဆယ် ဘာမှမမေးရန် အချက်ပြလိုက်သည်။ သူသည် စကားတစ်လုံးမှ မပြောဘဲ ခပ်မတ်မတ် ထိုင်လိုက်ပြီးနောက် ကြွက်သားများ နာကျင်မှုကို သက်သာစေရန် ဝိညာဉ်ပြန်လည်အားဖြည့်ဆေးပြား တစ်လုံးကို သောက်သုံးကာ အသက်ရှူနှုန်းအား ထိန်းညှိလိုက်သည်။

​လင်ချန်ကျိမှာ တစ်ခုခု ပြောချင်နေသော်လည်း စကားစဖြတ်လိုက်ကာ ဇဝေဇဝါဖြစ်လျက်နှင့်ပင် သူ့ကို ကြောင်ကြည့်နေတော့သည်။

​ကောင်းကင်မှာ တဖြည်းဖြည်း မှောင်လာခဲ့ပြီ ဖြစ်သည်။ အချိန်အနည်းငယ်ကြာ အနားယူပြီးနောက် မိသားစုခေါင်းဆောင်၏ စွမ်းအင်များ ပြန်လည် ပြည့်ဝလာခဲ့သည်။ သူသည် မျက်လုံးကို ဖွင့်လိုက်ပြီး လင်ချန်ကျိ၏ မေးခွန်းကို အသံတိုးတိုးဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ "ဘာမှ မမေးနဲ့ဦး၊ အခုအချိန်ဟာ ချင်လဲ့ မိုင်းတွင်းထဲကထွက်ပြီး လင်မြို့တော်ကို ပြန်မယ့် အချိန်ပဲ။ ငါ သူ့ကို အပြန်လမ်းမှာ စောင့်ပြီး သူ ဘာတွေဖြစ်နေသလဲဆိုတာကို ကိုယ်တိုင် စမ်းသပ်ကြည့်မယ်"

​ပြောပြီးသည်နှင့် လင်မိသားစု ခေါင်းဆောင်သည် လင်ချန်ကျိ၏ စကားကို မစောင့်တော့ဘဲ ကြောက်မက်ဖွယ် မိစ္ဆာမျက်နှာဖုံးအား ပြန်လည် ဝတ်ဆင်လိုက်သည်။ ထို့နောက် လေးနက်သော မျက်နှာထားဖြင့် ဆေးတောင်နှင့် လင်မြို့တော်ကြားရှိ တောင်လမ်းပေါ်တွင် ချုံခိုတိုက်ခိုက်ရန် ထွက်ခွာသွားတော့သည်။

All Chapters