အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အခန်း (၁၃) မမျှော်လင့်ဘဲရသော ဆုလာဘ်
ချင်လဲ့သည် တစ်ကိုယ်လုံး ထုံကျဉ်နေပြီး ကြွက်သားများနှင့် သွေးကြောများထဲတွင် လျှပ်စီးများ စီးဆင်းနေဆဲဖြစ်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။
သူ၏ တကယ့်အဆင့်မှာ ဝိညာဉ်သန့်စင်ခြင်း ဆဌမ အဆင့်သာ ရှိသေးသည်။ အကယ်၍ ကောင်းကင်ကိုးထပ်မှ မိုးကြိုးစွမ်းအင်သာ မပါဝင်ပါက ဤမျှ ထိတ်လန့်စရာကောင်းသော ရလဒ်မျိုးကို သူ ရရှိနိုင်မည်မဟုတ်ပေ။
ယန်ကျီချန်းဘက်မှ ပါလာသော ကျင့်ကြံသူများထဲမှ တစ်ဦးဦးသာ သူ့ကို တကယ်သတ်ရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မည်ဆိုပါက သူ အနိုင်ရရန် ခက်ခဲပေလိမ့်မည်။
ပြင်းထန်သော တိုက်ပွဲအပြီးတွင် မိုးခြိမ်းသံများ တိတ်ဆိတ်သွားသည်။ သူသည် မိုးကြိုးစွမ်းအင်ကို အလွန်အကျွံ အသုံးပြုခဲ့သဖြင့် သူ၏ စိတ်စွမ်းအားမှာလည်း ချက်ချင်း အားနည်းသွားရသည်။
တုကျဲတို့ ခုနစ်ဦးလုံး သူ့အနားသို့ ချဉ်းကပ်လာပြီး အံ့သြတုန်လှုပ်စွာဖြင့် တဖွဖွ ပြောနေကြသည်။ သူတို့ ကြည့်နေသော အကြည့်များကြောင့် ချင်လဲ့မှာ စိတ်ထဲတွင် တစ်မျိုး ဖြစ်သွားရသည်။
"ညီလေးလဲ့... ခုနက ဘာဖြစ်သွားတာလဲ" ခန်းကျိ၏ ဝဝကောက်ကောက် မျက်နှာမှာ ပြုံးလိုက်သဖြင့် ဖောင်းတက်သွားပြီး မြှောက်ပြောသည့် လေသံဖြင့် မေးလိုက်သည်။ "မင်းက ကောင်းကင်က မိုးကြိုးတွေကို ခေါ်လိုက်တာလား။ ဘယ်လိုလုပ်လိုက်တာလဲ။ မင်းက ပုံမှန်ဆိုရင် မိန်းကလေးတစ်ယောက်လို နုနုနယ်နယ်နဲ့၊ တိုက်ပွဲထဲရောက်တော့ တစ်ခြားစီ ဖြစ်သွားတာပဲ။ မင်းရဲ့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါက ကြောက်စရာကြီးကွာ၊ ငါတို့တောင် ဘေးကကြည့်ပြီး လန့်သွားတယ်။ မင်းမှာ တကယ့်ကို ကိုယ်ပိုင် အစွမ်းတွေ ရှိတာပဲ"
"ဝိညာဉ်ပစ္စည်းရဲ့ အစွမ်းကြောင့်ပါ" ချင်လဲ့၏ မျက်နှာမှာ အားနည်းနေပုံရပြီး သူတို့၏ စပ်စုမှုကို သိပ်ဂရုမစိုက်ပေ။ သူသည် လျှပ်စီးလင်းယုန်နက်၏ ဝိညာဉ်အမြုတေ အပိုင်းအစတစ်ခုကို ထုတ်ယူလိုက်ကာ မျက်လုံးများကို မှိတ်ပြီး အသက်ရှူနှုန်းအား ပြန်လည် ထိန်းညှိလိုက်သည်။
တုကျဲနှင့် အခြားသူများမှာလည်း သူ အနားယူနေသည်ကို မြင်သဖြင့် ဆက်မမေးတော့ဘဲ သူ့ဘေးတွင် ထိုင်ကာ ဒဏ်ရာပျောက်ကင်းစေသော ဆေးလုံးများအား သောက်သုံးလိုက်ကြသည်။
အတော်ကြာပြီးနောက်...
ချင်လဲ့သည် အားအင်များ ပြန်လည် ပြည့်ဝလာသလို ခံစားလိုက်ရသည်။ တုကျဲတို့အဖွဲ့ စကားတပြောပြောနှင့် ရှိနေသံကို ကြားသဖြင့် သူ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။
"မင်း နိုးလာတာနဲ့ အတော်ပဲ" တုကျဲက ပြုံးလိုက်ပြီး ကျောက်စိမ်းပြား တစ်ပြားကို လှမ်းပေးကာ ပြောလိုက်သည်။ "အင်း... ဒီကျောက်စိမ်းပြားက မင်းအတွက်ပဲ။ ဒါရှိရင် မင်း မြူတိမ်ဆောင်ကို ဘယ်အချိန်မဆို လာလို့ရတယ်၊ ပြီးတော့ မြူတိမ်ဆောင်ရဲ့ အမာခံအဖွဲ့ဝင်တစ်ယောက် ဖြစ်လာလိမ့်မယ်"
ချင်လဲ့သည် ထိုကျောက်စိမ်းပြားကို ကောက်ယူလိုက်သည်။ ၎င်းပေါ်တွင် မြူတိမ်တိုက်ပုံစံ ထွင်းထုထားသည်ကို မြင်သဖြင့် သူ အံ့သြသွားရသည်။ "ဒါက..."
ထုံးကျောက်အဆင့် အင်အားစုဖြစ်သော မြူတိမ်ဆောင်၏ အမာခံအဖွဲ့ဝင်တစ်ဦး ဖြစ်လာရန်မှာ အလွန်ခက်ခဲကြောင်း သူ သိထားသည်။ လင်မိသားစုနှင့် အခြားအင်အားစုများမှ လူငယ်များသည် အသက် ၂၀ မတိုင်မီ ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်သို့ ရောက်ရှိရန်နှင့် မြူတိမ်ဆောင်၏ အသိအမှတ်ပြုခံရရန် အသည်းအသန် ကြိုးစားနေကြရခြင်း ဖြစ်သည်။
လင်ချန်ကျိနှင့် လင်ချန်ယဲ့ ညီအစ်ကိုနှစ်ဦးမှာ ထိုအဆင့်သို့ ရောက်ရှိခဲ့သော်လည်း အသက်အရွယ် ကန့်သတ်ချက်ကြောင့် မြူတိမ်ဆောင်ထဲသို့ တိုက်ရိုက် မဝင်နိုင်ဘဲ လက်အောက်ခံ ကျင့်ကြံသူများအဖြစ်သာ နေထိုင်နေရသည်။ လင်မိသားစုတစ်ခုလုံးတွင် လင်ရွှမ်းရွှမ်း တစ်ဦးတည်းသာလျှင် အသက် ၂၀ မတိုင်မီ ထိုအဆင့်သို့ ရောက်ရန်နှင့် မြူတိမ်ဆောင်တွင် ကျင့်ကြံခွင့်ရရန် အခွင့်အရေး ရှိနေသည်။
တုကျဲက ဤတံဆိပ်ပြားကို ပေးလိုက်ခြင်းမှာ ချင်လဲ့အတွက် အချိန်မရွေး အမာခံအဖွဲ့ဝင် ဖြစ်ခွင့်ရသွားခြင်း ဖြစ်သဖြင့် သူ အလွန် အံ့သြသွားရခြင်း ဖြစ်သည်။
"ဒီတံဆိပ်ပြားက အစိတ်အပိုင်း တစ်ခုပဲ ရှိသေးတယ်" ကျောက်ချန်းက ချိုသာစွာ ပြုံးလိုက်ပြီး ဝိုင်အိုးတစ်လုံးကို လှမ်းပေးကာ ဆက်ပြောသည်။ "ငါ နင့်ကို ပြောခဲ့သားပဲ... ကြယ်စင်သံရိုင်း ရှာပေးနိုင်ရင် ဝိုင်တိုက်မယ်ဆိုတာလေ..."
ချင်လဲ့ မည်သည်မျှ မပြောရသေးမီမှာပင် သူမက ဆက်ပြောပြန်သည်။ "ငါတို့ ခုနကပဲ တွက်ချက်ပြီးပြီ။ နင်က ရေခဲပြင်နန်းတော်က လေးသမား ခုနစ်ယောက်ကို သတ်ခဲ့တယ်။ သူတို့က ဝိညာဉ်သန့်စင်ခြင်း ပဉ္စမ အဆင့်တွေ ဖြစ်လို့ တစ်ယောက်ကို အကျိုးပြုမှတ် ၅၀ စီ ရမယ်။ နောက်ထပ် သတ်ခဲ့တဲ့ နှစ်ယောက်က သတ္တမ အဆင့်နဲ့ အဌမ အဆင့်တွေဆိုတော့ တစ်ယောက်ကို ၈၀ နဲ့ ၁၀၀ စီ ရမယ်။ အဲဒီအပြင် နင် ပြန်လုပေးခဲ့တဲ့ ရေခဲဝိညာဉ်မြွေဟောက် ပစ္စည်းတွေအတွက်ပါ ပေါင်းလိုက်ရင် အားလုံး အကျိုးပြုမှတ် ၈၈၀ တောင် ရမှာ..."
ကျောက်ချန်း၏ လေသံမှာ ရပ်တန့်သွားပြီး သူမ၏ အပြုံးမှာ ပိုမို တောက်ပလာသည်။ "နင် မြူတိမ်ဆောင်ထဲတောင် မဝင်ရသေးဘူး၊ အမှတ် ၈၈၀ တောင် ရနေပြီ။ ဟဲဟဲ... ဒီလောက် အမှတ်များရင် နင် ရောက်တာနဲ့ ပစ္စည်းတွေ အများကြီး လဲလို့ရပြီ"
တုကျဲနှင့် အခြားသူများမှာလည်း ပြုံးနေကြသည်။
ချင်လဲ့မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်သည်။ "အကျိုးပြုမှတ် ဟုတ်လား။ လူသတ်ရင် အမှတ်ရတာလား"
"အကျိုးပြုမှတ်ဆိုတာ မြူတိမ်ဆောင်ရဲ့ အမာခံအဖွဲ့ဝင်တွေ အသုံးများတဲ့ အရာပါ။ ဝိညာဉ်ကျင့်စဉ်တွေ၊ ဝိညာဉ်လက်နက်တွေ၊ ဆေးလုံးတွေနဲ့ တခြားပစ္စည်းတွေကို အဆောင်ထဲကနေ လဲလှယ်ယူလို့ရတယ်။ အမှတ်ရနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ မြူတိမ်ဆောင်အတွက် အကျိုးပြုသမျှ အမှတ်ရတာပါပဲ။ ဝိညာဉ်သားရဲတွေကို ဖမ်းတာ၊ သတ်တာ၊ ပစ္စည်းတွေ ရှာပေးတာတွေကနေ ရသလို၊ မြူတိမ်ဆောင်ရဲ့ ရန်သူတွေကို သတ်ရင်လည်း ရတာပါပဲ..."
တုကျဲက အားရပါးရ ပြုံးရင်း အသေးစိတ် ရှင်းပြသည်။ "ရေခဲပြင်နန်းတော်နဲ့ ငါတို့ မြူတိမ်ဆောင်က အမြဲတမ်း ရန်သူတွေပဲလေ။ အသူရာဆောင်ရဲ့ ကန့်သတ်ချက်ကြောင့် လူသိရှင်ကြား သတ်ရင် အမှတ်မပေးပေမယ့်၊ တိတ်တဆိတ်တော့ အမှတ်တွေ အများကြီး ပေးပါတယ်။ ဒီနေ့ မင်း လူ ၉ ယောက် သတ်ခဲ့တယ်။ ငါတို့ မင်းအတွက် တွက်ချက်ပြီး မြူတိမ်ဆောင်ကို အစီရင်ခံပေးပါ့မယ်။ မင်း မြူတိမ်ဆောင်ကို ခြေတောင် မချရသေးဘူး၊ ဆုလာဘ်ကြီး တစ်ခုကို ရလိုက်တာပဲ"
"ရေခဲဝိညာဉ်မြွေဟောက်ကို သတ်တာ အစ်ကိုတို့လေ။ အဲဒီတော့ အမှတ်က အစ်ကိုတို့ ရသင့်တာ မဟုတ်ဘူးလား" ချင်လဲ့က အံ့သြစွာ မေးလိုက်သည်။
"ငါတို့က အဲဒီပစ္စည်းတွေကို မကာကွယ်နိုင်ခဲ့ဘူး၊ နောက်ဆုံး မင်းကပဲ ပြန်လုပေးခဲ့တာဆိုတော့ မင်းပစ္စည်းပဲပေါ့။ ငါတို့ ခုနစ်ယောက်လုံး ကန့်ကွက်စရာ မရှိပါဘူး။ ဆက်မပြောနဲ့တော့... ငါတို့ ပေးတယ်ဆိုရင် ယူလိုက်တော့" တုကျဲက လက်ဝေ့ယမ်းကာ ပြောလိုက်သည်။
ချင်လဲ့က ခေါင်းညိတ်လိုက်ပြီး အားနာမနေတော့ပေ။ "ဒါဆိုရင် ကျေးဇူးတင်ပါတယ်"
"ဟားဟား... ငါ့ညီလေးပဲ" တုကျဲက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"နောက်ထပ် ရှိသေးတယ်" ဝတုတ်လေး ခန်းကျိက ပြုံးရင်း ချင်လဲ့ဆီသို့ သားရေအိတ်တစ်အိတ် လှမ်းပေးလိုက်သည်။ အိတ်မှာ ဖောင်းနေပြီး ပစ္စည်းများစွာ ပါဝင်ပုံရသည်။
"ငါတို့ ခုနကပဲ အလောင်းတွေကို ရှာဖွေခဲ့ကြတာ။ မင်းသတ်ခဲ့တဲ့ ရေခဲပြင်နန်းတော်က လူ ၉ ယောက်ဆီကနေ မင်းအတွက် အသုံးဝင်မယ့် ကျင့်ကြံခြင်း ပစ္စည်းအချို့ ရခဲ့တယ်။ ဆေးလုံးတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေပေါ့။ သူတို့ဆီက လက်နက်တွေကတော့ အဆင့်သိပ်မမြင့်သလို သယ်ရတာလည်း လေးလို့ ငါတို့ မယူလာတော့ဘူး။ အဆောင်ကို ပြန်ရောက်ရင်တော့ အဲဒီလက်နက်တွေကိုပါ အကျိုးပြုမှတ်တွေနဲ့ လဲပေးပါ့မယ်" ခန်းကျိက ရှင်းပြသည်။
ချင်လဲ့သည် သားရေအိတ်ကို လက်ဖြင့် ဆန်းစစ်ကြည့်ပြီး ဝမ်းသာသွားကာ သူတို့ကို ထပ်မံ ကျေးဇူးတင်လိုက်သည်။
နောက်ထပ် သုံးရက်အတွင်း သူတို့အားလုံး ရေကန်အနီးတွင် ဒဏ်ရာများကို ကုသကြသည်။ ချင်လဲ့ အားအင် ပြန်ပြည့်လာချိန်တွင် ဝိညာဉ်သန့်စင်ခြင်း သတ္တမ အဆင့်ရှိသော ချူးဖုန်းနှင့် လေ့ကျင့်ရေး တိုက်ပွဲငယ်လေးများ လုပ်ကြသည်။ ဤအကြိမ်တွင်မူ သူသည် မိုးကြိုးစွမ်းအင်ကို အသုံးမပြုဘဲ သူ၏ ကိုယ်ပိုင် အစွမ်းဖြင့်သာ တိုက်ခိုက်ခြင်း ဖြစ်သည်။
ဝိညာဉ်သန့်စင်ခြင်း ဆဌမ အဆင့်သာ ရှိသော်လည်း သူသည် ချူးဖုန်းနှင့် ယှဉ်လျှင် အသာစီးမရသော်လည်း အားနည်းခြင်း မရှိပေ။ သူ၏ ခန္ဓာကိုယ်မှာ အလွန် သန်မာလှသဖြင့် ချူးဖုန်းအတွက် ရင်ဆိုင်ရန် ခက်ခဲနေစေသည်။
"မင်းရဲ့ ကျင့်စဉ်က တကယ့်ကို ထူးဆန်းတာပဲ။ တကယ်လို့ မင်းနဲ့ ကိုက်ညီမယ့် ဝိညာဉ်လက်နက်တစ်လက်သာ ရှိရင် မင်းရဲ့ အစွမ်းက ကြောက်စရာကြီး ဖြစ်လာမှာ" သူတို့ တိုက်ခိုက်နေသည်ကို ကြည့်ရင်း တုကျဲက မေးစေ့ကို ပွတ်ကာ ပြောလိုက်သည် "ငါတို့ ပြန်ရောက်ရင် မင်းအတွက် သင့်တော်မယ့် လက်နက်တစ်လက် ရှာပေးမယ်။ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်မယ့်ဟာမျိုးပေါ့"
ချင်လဲ့က ပြုံးလိုက်သည်။ ချူးဖုန်းမှာ ဒဏ်ရာရထားသဖြင့် အစွမ်းကုန် မတိုက်ခိုက်သည်ကို သူ သိထားသလို သူကိုယ်တိုင်လည်း သူ၏ အစွမ်းအစစ်အမှန်ကို ဖုံးကွယ်ထားဆဲ ဖြစ်သည်။ သူသာ အစွမ်းကုန် တိုက်မည်ဆိုပါက အဌမ အဆင့်ရှိသော ခန်းကျိနှင့်ပင် ယှဉ်နိုင်မည်ဟု သူ ခံစားနေရသည်။
"ယန်ကျီချန်းက အာတိတ်တောင်တန်းကို လူအများကြီး ခေါ်လာမှာ မဟုတ်ဘူး။ ဒီတစ်ခါ သူ အရှုံးကြီး ရှုံးသွားတော့ သူ့ရဲ့ သတိကြီးတဲ့ စိတ်ဓာတ်အရ နောက်တစ်ခါ လွယ်လွယ်နဲ့ ထပ်လာမှာ မဟုတ်တော့ဘူး။ အင်း... ငါတို့ နောက်ထပ် ရက်နည်းနည်းလောက် ကြယ်စင်သံရိုင်း ထပ်ရှာကြရအောင်။ ညီလေးလဲ့... မင်း ငါတို့နဲ့အတူ မြူတိမ်ဆောင်ကို လိုက်ခဲ့မလား"
"ဟင့်အင်း... ကျွန်တော် လင်မိသားစုဆီကို အရင်ပြန်ရဦးမယ်" ချင်လဲ့က ငြင်းလိုက်သည်။ ယခုအချိန်သည် မိုးကြိုးပစ်သည့် ရာသီဖြစ်သဖြင့် ဆေးတောင်၏ ထူးခြားသော ပတ်ဝန်းကျင်ကို အသုံးချပြီး ကျင့်စဉ် ဆက်ရဦးမည် ဖြစ်သည်။
တုကျဲနှင့် ကျောက်ချန်းတို့က မည်မျှပင် ခေါ်သော်လည်း ချင်လဲ့က အတင်း ပြန်ချင်နေသဖြင့် သူတို့မှာ နှမြောတသစွာဖြင့်သာ လွှတ်လိုက်ကြရတော့သည်။
လင်မြို့တော်၊ ညနေခင်းအချိန်။
"ချင်လဲ့ ထွက်သွားတာ နှစ်ပတ်လောက် ရှိတော့မယ်၊ သူ အခုထိ ပြန်မလာသေးဘူး။ သူ တကယ်ပဲ တစ်ခုခု ဖြစ်သွားပြီ ထင်တယ်" လင်ချန်ကျိက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ သူသည် လေ့ကျင့်ရေးကွင်းရှိ ပရိသတ်ထိုင်ခုံတွင် ထိုင်ကာ လင်မိသားစု လူငယ်များကို ကြည့်နေခြင်း ဖြစ်သည်။
သူ၏ ဘေးတွင် လင်မိသားစု၏ အကြီးအကဲ လင်ချန်ယဲ့နှင့် လင်ယွီရှီးတို့ ရှိနေကြသည်။
ကွင်းထဲတွင်မူ လင်ရွှမ်းရွှမ်းသည် စကတ်တိုလေးကို ဝတ်ဆင်ကာ လူငယ်ကျင့်ကြံသူများအား စစ်ဗိုလ်တစ်ဦးကဲ့သို့ အော်ဟစ် သင်ကြားပေးနေသည်။ သူမ၏ လှပသော အသားအရေမှာ လူငယ်များ၏ အာရုံကို ဖမ်းစားထားသဖြင့် မည်သူမျှ လေ့ကျင့်ရေးကို အာရုံမစိုက်နိုင်ကြပေ။
သူမ၏ ဖခင်ဖြစ်သူ လင်ချန်ယဲ့ကလည်း သူမကို ကျင့်ကြံခြင်းတွင် အာရုံစိုက်နိုင်ရန် ချင်လဲ့နှင့် စေ့စပ်ထားမှုအား ဖျက်သိမ်းပေးမည်ဟု ကတိပေးထားပြီး ဖြစ်သည်။ ထို့ကြောင့် ရွှမ်းရွှမ်းမှာ စိတ်အေးသွားကာ ချင်လဲ့ဟူသော လူတစ်ယောက် ရှိခဲ့သည်ကိုပင် မေ့လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
"အစ်ကိုကြီး... လွန်ခဲ့တဲ့ ငါးနှစ်လုံး ချင်လဲ့က ထူးထူးခြားခြား ဘာမှ မလုပ်ခဲ့ဖူးဘူး။ အခု သူ ရက်ပိုင်းလောက် ပျောက်နေတာဆိုတော့... သတ္တုတွင်းထဲမှာပဲ သေသွားတာ ဖြစ်နိုင်တယ်" လင်ချန်ကျိက လေသံကို လျှော့ကာ ပြောလိုက်သည်။ "ဒီရက်ပိုင်းအတွင်း ဆေးဘက်ဝင်တောင်မှာ မိုးကြိုးမပစ်တော့ဘူး။ ညှိုးနွမ်းနေတဲ့ ဆေးပင်တွေလည်း အတော်လေး ပြန်ကောင်းလာပြီ။ ဒီတစ်ခါ မြူတိမ်ဆောင်ကို ဆေးပင်တွေ အပြည့်အဝ မပေးနိုင်ရင်တောင် နောက်ပိုင်းမှာတော့ ပြဿနာမရှိနိုင်တော့ပါဘူး"
"ဟူး... ငါ ချင်ရှန်းကို သူ့မြေးကို စောင့်ရှောက်ပါ့မယ်လို့ ကတိပေးခဲ့တာ။ ဒါပေမဲ့ ငါကိုယ်တိုင်တောင် သတ္တုတွင်းထဲကို ဝင်လို့မရခဲ့ဘူး..." လင်မိသားစု အကြီးအကဲက သက်ပြင်းချလိုက်သည်။ သူသည် ဘေးရှိ လင်ယွီရှီးကို ကြည့်ကာ စိတ်သက်သာရာရစွာ ဆက်ပြောသည်။ "တကယ်လို့ သူ တစ်ခုခု ဖြစ်သွားခဲ့ရင် ယွီရှီးအတွက် ကံကောင်းတာပေါ့၊ သူနဲ့ ထပ်ပြီး စေ့စပ်ထားစရာ မလိုတော့ဘူးပေါ့"
"တကယ်လို့ သူ ပြန်ပေါ်လာခဲ့ရင်ကော" လင်ယွီရှီးက မျက်မှောင်ကြုတ်ကာ တိုးတိုးလေး မေးလိုက်သည်။
သူမ အဘယ်ကြောင့်မှန်း မသိသော်လည်း ချင်လဲ့မှာ ထိုမျှ လွယ်လွယ်နှင့် သေမည့်သူ မဟုတ်ဟု ခံစားနေရသည်။ ချင်လဲ့သည် လူတိုင်း ထင်သလောက် ရိုးရှင်းသူ မဟုတ်ကြောင်း သူမ မကြာခဏ ခံစားမိနေသည်။
"တကယ်လို့ သူ ပြန်ပေါ်လာခဲ့ရင်တော့... အဲဒါ သမီးရဲ့ ကံကြမ္မာပဲပေါ့ သမီးရယ်။ အဖေကတော့ ချင်ရှန်းနဲ့ ထားခဲ့တဲ့ ကတိအတိုင်း သမီးတို့နှစ်ယောက်ကို စောစောစီးစီး စေ့စပ်ပေးလိုက်ရမှာပဲ" လင်ချန်ယဲ့က သက်ပြင်းချရင်း ပြောသည်။ "အဖေက သူ တစ်ခုခု ဖြစ်စေချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူ ပြန်ပေါ်လာရင် အဖေတို့ မိသားစုအတွက် ပြဿနာတွေ အများကြီး ရှိလာနိုင်လို့ပါ။ စေ့စပ်တဲ့ ကိစ္စကော၊ ဆေးတောင်က ဆေးပင်တွေ ကိစ္စကောပေါ့..."
"အင်း... မြူတိမ်ဆောင်က ကိစ္စကိုလည်း ဘယ်လို ဖြေရှင်းရမလဲ မသိသေးဘူး။ အဲဒီ မိန်းမကလည်း ငါတို့ကို မကြာခဏ ဖိအားပေးနေတာ၊ ငါတောင် စိတ်မရှည်တော့ဘူး" လင်ချန်ကျိ၏ မျက်နှာမှာ မည်းမှောင်နေသည်။ "အစ်ကိုကြီး... ငါတို့..."
"တော်တော့၊ အချိန်မတန်သေးဘူး" လင်ချန်ယဲ့က ပတ်ဝန်းကျင်ကို သတိကြီးစွာ ကြည့်ရင်း ဟန့်တားလိုက်သည်။ တုမိသားစုက သူတို့ကို စောင့်ကြည့်မနေကြောင်း သေချာမှ လေသံနှိမ့်ပြောသည်။ "ငါ မကြာခင်မှာ အာတိတ်တောင်တန်းကို လူအချို့ ခေါ်ပြီး သွားမယ်။ ဆေးတောင်က ဆုံးရှုံးမှုကို ကာမိအောင် ဆေးပင်အသစ်တွေ ရှာပြီး မြူတိမ်ဆောင်ကို ရှင်းပြရမယ်"
"အာတိတ်တောင်တန်းကို ထပ်သွားဦးမလို့လား" လင်ယွီရှီး၏ မျက်နှာမှာ စိုးရိမ်မှုများ ဝင်လာသည်။ "ပြီးခဲ့တဲ့ တစ်ခါက မိသားစုဝင်တွေ အများကြီး ဆုံးရှုံးခဲ့ရတာလေ။ အဖေ... သေသေချာချာ စဉ်းစားပါဦး"
"အဖေတို့မှာ တခြားရွေးချယ်စရာ မရှိဘူး" လင်ချန်ယဲ့က အော်လိုက်သည်။
"ဟို အရူးကြီး ပြန်လာပြီဟေ့"
"အရူးကြီး မြို့ထဲကို ပြန်ရောက်လာပြီ"
"အိုး... သူ မသေသေးဘူးလား"
မြို့အဝင်ဝမှ လူများ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုအသံကို ကြားသည်နှင့် လင်ချန်ယဲ့နှင့် အခြားသူများ၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားကာ စိတ်ဓာတ်ကျသွားကြတော့သည်။
သူတို့ ညီအစ်ကိုနှစ်ဦးအတွက်မူ ချင်လဲ့ ပြန်လာခြင်းမှာ မိုးယိုသည့် အိမ်ကို မုန်တိုင်းထန် ဆိုသကဲ့သို့ လင်မိသားစုအတွက် ပြဿနာအသစ်များသာ သယ်ဆောင်လာခြင်း ဖြစ်သည်။
လင်ယွီရှီး၏ တည်ငြိမ်လှသော မျက်နှာလေးမှာလည်း အားကိုးရာမဲ့သော အမူအရာ ပေါ်လာပြီး စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ "ဒါဟာ ကံကြမ္မာပဲလား..."
အခန်း (၁၄) ဂရုစိုက်ခံရခြင်းနှင့် ရှင်သန်ခြင်း
ချင်လဲ့သည် သစ်သားရုပ်ကဲ့သို့ အမူအရာကင်းမဲ့စွာဖြင့် မြို့အဝင် ကျောက်လမ်းအတိုင်း လျှောက်လာခဲ့သည်။
လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်ကအတိုင်း သူသည် ဝမ်းနည်းပူဆွေးနေသူတစ်ဦးအလား မျက်လုံးများတွင် အသက်မပါဘဲ အဝတ်အစားများမှာလည်း ရွှံ့များ ပေကျံနေ၏။ ကြည့်ရသည်မှာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေပုံရသည်။
သူ့နောက်တွင်မူ ကိုယ်လုံးကိုယ်ပေါက် လှပမှုကို ပေါ်လွင်စေသော အရောင်အသွေးစုံသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် လင်ရင်းက ခပ်မှန်မှန် ခြေလှမ်းများဖြင့် လိုက်လာသည်။ သူမ၏ တောက်ပသော မျက်လုံးများတွင် သံသယများ ပြည့်နှက်နေ၏။
လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်က ချင်လဲ့ ဆေးတောင်မှ ထွက်သွားပြီးနောက် လင်မိသားစု အကြီးအကဲမှာ သူ့ကို အသည်းအသန် တွေ့ချင်နေခဲ့သည်။ ချင်လဲ့သည် သတ္တုတွင်း လိုဏ်ဂူထဲတွင်သာ ရှိနေသေးသည်ဟု ယုံကြည်ကာ သတ္တုတွင်း အဝင်ဝတွင် နေ့ညမပြတ် စောင့်ကြည့်ရန် လူလွှတ်ထားခဲ့ခြင်း ဖြစ်သည်။
ညဘက်တွင် လင်ဖုန်းက စောင့်ပြီး နေ့ဘက်တွင် လင်ရင်းက စောင့်သည်။ သူတို့နှစ်ဦး အလှည့်ကျ စောင့်ကြည့်ကာ ချင်လဲ့ ပေါ်လာသည်နှင့် အကြီးအကဲထံ ချက်ချင်း အစီရင်ခံရန် တာဝန်ပေးထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဆေးတောင်အတွင်း မည်သည်များ ရှိနေသနည်းဆိုသည်ကို အလွန်စပ်စုချင်နေသော တုဟန်မှာလည်း အတွင်းထဲသို့ ဝင်ရောက်စူးစမ်းရန် အခွင့်အရေး လုံးဝ မရခဲ့ပေ။
လင်ဖုန်းနှင့် လင်ရင်းတို့မှာလည်း အဝင်ဝတွင် စောင့်ရန်သာ အမိန့်ရထားပြီး အတွင်းသို့ ဝင်ရန် တင်းကြပ်စွာ တားမြစ်ခံထားရသဖြင့် ယခုအချိန်အထိ ထိုနေရာတွင် မည်သည့် လျှို့ဝှက်ချက် ရှိနေသည်ကို မသိကြသေးပေ။
ယနေ့ ညနေခင်းတွင် လင်ရင်းသည် ထုံးစံအတိုင်း အဝင်ဝတွင် စောင့်နေရင်း ပျင်းရိလွန်း၍ အိပ်ပျော်လုနီးပါး ဖြစ်နေချိန်တွင် ရုတ်တရက် အာတိတ်တောင်တန်းဘက်မှ ထွက်လာသော ချင်လဲ့ကို မြင်လိုက်ရခြင်း ဖြစ်သည်။
ထိုအချိန်က လင်ရင်းမှာ ထိတ်လန့်လွန်း၍ အော်ပင် အော်မိတော့မတတ် ဖြစ်သွားခဲ့ရသည်။
သူမသည် ချင်လဲ့နောက်မှ လိုက်လာရင်း ယိုင်နဲ့နဲ့ ဖြစ်နေသော ချင်လဲ့၏ ကိုယ်လုံးကို သံသယစိတ်ဖြင့် စိုက်ကြည့်နေသော်လည်း မည်သည်မျှ ထူးခြားမှု ရှာမတွေ့ပေ။ ၎င်းက သူမ၏ စိတ်ထဲတွင် ပို၍ပင် သံသယပွားစေသည်။
"ဒီအရူးက သတ္တုတွင်းထဲမှာ ရှိနေတာ မဟုတ်ဘဲ အာတိတ်တောင်တန်းထဲမှာ ရက်ပိုင်းလောက် ရောက်နေတာလား။ ဘာသွားလုပ်တာလဲ။ ပြီးတော့ သူတစ်ယောက်တည်း ဝင်သွားတာကို ဘယ်လိုများ အသက်ရှင်ခဲ့တာပါလိမ့်"
လင်ရင်း တွေးလေလေ နားမလည်နိုင်လေ ဖြစ်ကာ သူမ၏ လှပသော မျက်နှာတွင် အံ့သြမှုများ ပြန့်နှက်လာသည်။ ပထမဆုံးအကြိမ်အဖြစ် ချင်လဲ့အပေါ် သူမ စပ်စုလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။
ချင်လဲ့သည် သူ့နောက်မှ လင်ရင်း စိုက်ကြည့်နေသည်ကို သတိပြုမိသော်လည်း စိတ်ထဲတွင် စိုးရိမ်မှု မရှိပေ။ သူသည် ဆေးတောင်သို့ မရောက်မီကပင် အိတ်နှစ်အိတ်ကို သေချာစွာ ဝှက်ထားခဲ့ပြီး ဖြစ်သည်။ အကယ်၍ ပစ္စည်းများ များစွာ သယ်လာပါက ပြဿနာတက်နိုင်သည်ကို သူ သိထားသည်။ ယခုအခါ သူ၏ ကိုယ်ပေါ်တွင် မည်သည်မျှ မရှိတော့သဖြင့် လင်မိသားစုက သူ့ကို မေးမြန်းစစ်ဆေးမည်အား မကြောက်တော့ပေ။
လင်မိသားစုအပေါ်တွင် သူသည် သံယောဇဉ် အထူးတလည် မရှိသလို အမုန်းတရားလည်း မရှိပေ။ သူ၏ အမြင်တွင် သူ၏ အဘိုးနှင့် လင်မိသားစုကြား ဆက်ဆံရေးမှာ စီးပွားဖက် သဘောမျိုးသာ ဖြစ်သည်။
သူ၏ အဘိုးက လင်မိသားစုအတွက် ဝိညာဉ်လက်နက်များကို ပြုပြင်ပေးခဲ့ပြီး အပြန်အလှန်အနေဖြင့် သူတို့က ဆေးတောင်အတွင်းပိုင်းအား အသုံးပြုခွင့် ပေးခဲ့သည်။ ထိုနေရာကို အသုံးပြုပြီး သူက ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်း ကျင့်စဉ်ကို ကျင့်ကြံခဲ့သည်။ ဖြစ်စဉ်မှာ ထိုမျှသာ ဖြစ်သည်။
သူသည် ပုံမှန်အတိုင်းပင် မြို့ထဲသို့ ဝင်လာခဲ့ပြီး ပတ်ဝန်းကျင်မှ လူများ၏ အကြည့်နှင့် ကဲ့ရဲ့သံများကို ဂရုမစိုက်ဘဲ သူ၏ ကျောက်အိမ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
"ဟိုအရူး ပြန်လာပြီ" လူများက တစ်ဦးပြီးတစ်ဦး ပြောဆိုနေကြသော်လည်း ချင်လဲ့သည် အသားကျနေပြီ ဖြစ်သဖြင့် သူ့အပေါ် မည်သည့် သက်ရောက်မှု မရှိပေ။
မကြာမီ သူသည် အခန်းသုံးခန်းပါသော သူ၏ ကျောက်အိမ်သို့ ပြန်ရောက်လာသည်။ အိမ်ထဲတွင် သန့်ရှင်းရေး လုပ်ထားသဖြင့် အရာအားလုံး သန့်ရှင်းနေသည်ကို တွေ့ရသော်လည်း ချင်လဲ့က ဂရုမစိုက်ပေ။ တံခါးပိတ်လိုက်ပြီး အနားယူနေလိုက်သည်။
သူ မြို့ထဲ ပြန်ရောက်လာခြင်းက လင်ချန်ယဲ့၊ သူ၏ ညီဖြစ်သူနှင့် တုမိသားစုတို့ကဲ့သို့ သူ့ကို အာရုံစိုက်နေသူများအတွက် နားမလည်နိုင်စရာ ဝေခွဲမရ ဖြစ်သွားစေသည်။
အချို့ကမူ ဂရုမစိုက်ကြပေ။ ဥပမာ လင်ရွှမ်းရွှမ်းဂဖြစ်သည်။ သူမသည် လေ့ကျင့်ရေးကွင်းတွင် လူငယ်များကို အော်ဟစ် သင်ကြားပေးနေဆဲဖြစ်ပြီး ချင်လဲ့ဘက်သို့ မျက်လုံးတစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။
"အကြီးအကဲ" လင်ရင်းသည် ချင်လဲ့နောက် လိုက်နေသည်ကို ရပ်လိုက်ပြီး လင်ချန်ယဲ့ အနားသို့ အပြေးရောက်လာသည်။ သူမ၏ လှပသော မျက်နှာလေးတွင် တွေဝေမှုများဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "သူ... သူက သတ္တုတွင်းထဲက ထွက်လာတာ မဟုတ်ဘူး၊ အာတိတ်တောင်တန်းဘက်က ထွက်လာတာ။ သူ ဒီရက်တွေမှာ သတ္တုတွင်းထဲမှာ ရှိမနေခဲ့ဘူး"
ထိုစကားကို ကြားသည်နှင့် ကျန်ရှိနေသော လင်မိသားစုဝင် သုံးဦးစလုံး ထိတ်လန့်သွားကြသည်။ ချင်လဲ့ ဤရက်များတွင် မည်သည့် နေရာရောက်နေမှန်း သူတို့ အလွန် သိချင်သွားကြသည်။
"သိပြီ၊ ဒါကို တခြားသူတွေကို လုံးဝ မပြောနဲ့"
လင်မိသားစု အကြီးအကဲက ခဏမျှ စဉ်းစားပြီး လင်ရင်းကို နှုတ်ပိတ်ခိုင်းကာ ထွက်သွားရန် အချက်ပြလိုက်သည်။ ထို့နောက် သူသည် လင်ချန်ကျိကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ရာ ညီအစ်ကို နှစ်ဦးနှင့် လင်ယွီရှီးတို့ သုံးဦးသား ချင်လဲ့၏ ကျောက်အိမ်ဆီသို့ လျှောက်သွားကြတော့သည်။
မကြာမီ သူတို့ သုံးဦး ချင်လဲ့၏ တံခါးရှေ့သို့ ရောက်လာကြသည်။ လင်ချန်ယဲ့က တံခါးကို ခေါက်လိုက်သည် "ချင်လဲ့... ဒါ ဦးလေးလင်ပါ၊ တံခါး ခဏလောက် ဖွင့်ပေးပါဦး"
အိမ်ထဲတွင် ချင်လဲ့က မျက်မှောင်ကြုတ်ရင်း မျက်လုံးဖွင့်လိုက်သည်။ ထို့နောက် သူ၏ အမူအရာကို ပုံမှန်အတိုင်း ပြန်ပြင်လိုက်ပြီး တံခါးဖွင့်ကာ သူတို့ သုံးဦးကို အထဲသို့ ဝင်ခွင့်ပေးလိုက်သည်။
လွန်ခဲ့သော ငါးနှစ်အတွင်း လင်ချန်ယဲ့သည် ချင်ရှန်း ရှိစဉ်က ဝိညာဉ်လက်နက်များ ပြုပြင်ရန် ရံဖန်ရံခါ လာလေ့ရှိသည်။ သို့သော် သူ၏ အဘိုး ထွက်သွားပြီးနောက် လွန်ခဲ့သော နှစ်နှစ်အတွင်း လင်ချန်ယဲ့ တစ်ကြိမ်မျှ မလာခဲ့ဖူးပေ။ ထို့ကြောင့် ယခုလာခြင်းကို ချင်လဲ့က သံသယဝင်နေခြင်း ဖြစ်သည်။ သူတို့ မည်သည့် ရည်ရွယ်ချက်နှင့် လာခဲ့မှန်း သူ မသိပေ။
သူတို့ သုံးဦး အထဲရောက်သောအခါ ချင်လဲ့သည် ကျောက်စားပွဲပေါ်ရှိ ခွက်တစ်ခွက်ကို စိုက်ကြည့်ရင်း ကျောက်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်အား တွေ့ရသည်။ ကြည့်ရသည်မှာ ထိုခွက်က သူတို့ သုံးဦးထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေပုံရသည်။
လင်ချန်ယဲ့က ချင်လဲ့ကို သေချာ စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူက ရုတ်တရက် ပြောလိုက်သည်။ "ချင်လဲ့... မင်း ငါပြောတာကို ကြားနိုင်လား မသိဘူး၊ မင်း တကယ်ပဲ ဒီလို ဖြစ်နေတာလားဆိုတာလည်း ငါ မသိဘူး။ ဒါပေမဲ့ ငါ ပြောချင်တာက... ငါတို့ လင်မိသားစုအတွက် ဆေးတောင်ပေါ်က ဆေးပင်တွေက အရမ်း အရေးကြီးတယ်။ အခု နောက်ဆုံး နှစ်နှစ်အတွင်းမှာ ဆေးပင်တွေ အများကြီး ညှိုးနွမ်းကုန်တာက ငါတို့ မိသားစုရဲ့ အခြေခံကို ထိခိုက်လာနေပြီ"
လင်ချန်ယဲ့က ငုံ့ကြည့်ကာ ချင်လဲ့၏ မျက်လုံးများကို စိုက်ကြည့်သော်လည်း မည်သည့် ထူးခြားမှုမျှ ရှာမတွေ့ပေ။ အားကိုးရာမဲ့စွာဖြင့် သူက ဆက်ပြောသည်။ "တကယ်လို့ မင်း ကြားနိုင်ရင်၊ မင်းမှာ တစ်ခုခု လုပ်နိုင်တဲ့ နည်းလမ်းရှိရင် ဆေးပင်တွေ ညှိုးနွမ်းတာကို ရပ်တန့်ပေးပါလို့ ငါ မျှော်လင့်ပါတယ်။ လင်မိသားစုက ဒီလောက် အရှုံးကြီးကို မခံနိုင်တော့ဘူး၊ ဒါကြောင့် မင်းကို အလေးအနက် တောင်းဆိုချင်ပါတယ်"
ချင်လဲ့ကတော့ တိတ်ဆိတ်စွာဖြင့် ခွက်ကိုသာ စိုက်ကြည့်နေဆဲ ဖြစ်သည်။
"နောက်ထပ် တစ်ခု ရှိသေးတယ်" လင်ချန်ယဲ့က ခေတ္တ ဝေခွဲမရ ဖြစ်နေပြီးမှ အားကိုးရာမဲ့စွာ ပြောလိုက်သည်။ "ငါ မင်းရဲ့ အဘိုးကို မင်း အသက် ၁၇ နှစ်အထိ စောင့်ရှောက်ပါ့မယ်လို့ ကတိပေးခဲ့တယ်။ အဲဒီ နည်းလမ်းတွေထဲက တစ်ခုက မင်းကို ငါ့သမီးတစ်ယောက်နဲ့ စေ့စပ်ပေးဖို့ပဲ။ အဘိုးနဲ့ ငါ သဘောတူထားတဲ့အတိုင်း စေ့စပ်ပွဲကို မကြာခင် လုပ်ရတော့မယ်။ ဒါ မင်းကို ကြိုတင် အသိပေးတာပါ။ ဒါက မင်းနဲ့ ယွီရှီးတို့ ဖြစ်လိမ့်မယ်။ ငါက အမြန်ဆုံး စီစဉ်ပေးပါ့မယ်"
ချင်လဲ့ကတော့ သစ်သားတုံးကြီးကဲ့သို့ မည်သည့်အမူအရာမှ မပြပေ။ လင်ယွီရှီး၏ မျက်နှာလေးမှာမူ ရှက်သွေးဖြာကာ နီမြန်းနေ၏။
"ဒါပေမဲ့ ငါ အခုပဲ ပြောထားမယ်၊ ဒီစေ့စပ်ပွဲက မင်းကို ကာကွယ်ပေးဖို့ သက်သက်ပဲ၊ နှစ်နှစ်ပဲ ကြာမယ်။ နှစ်နှစ်ပြည့်ရင်တော့ ဘာပဲဖြစ်ဖြစ် ဒီစေ့စပ်မှုကို ငါ ဖျက်သိမ်းမှာပါ။ မင်း စိတ်ကူးထားဖို့ မျှော်လင့်ပါတယ်။ မင်းရဲ့ အဘိုးက ငါတို့ မိသားစုအပေါ် ကျေးဇူးရှိခဲ့တယ်။ ငါတို့ အတူတူ အဆင်ပြေပြေ နေခဲ့ကြသလို ရှေ့လျှောက်လည်း ဒီလိုပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ အင်း... မင်းရဲ့ တကယ့် အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် ငါ မစူးစမ်းတော့ပါဘူး။ အားလုံး ပျော်ပျော်ရွှင်ရွှင် နေနိုင်ရင် တန်ပါပြီ"
စကားပြောပြီးနောက် လင်ချန်ယဲ့က ထရပ်ကာ သူ၏ ညီနှင့် သမီးကို ခေါ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
"ဖေဖေ... သမီး သူ့ကို စကားခဏလောက် ပြောချင်လို့ပါ။ ဖေဖေတို့ အရင်သွားနှင့်ကြပါ" လင်ယွီရှီးက ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။
သူမအပေါ် အားနာစိတ်ရှိနေသော လင်ချန်ယဲ့က သက်ပြင်းချရင်း ခေါင်းညိတ်ကာ သူ၏ ညီနှင့်အတူ အပြင်သို့ ထွက်သွားတော့သည်။
အခန်းထဲတွင် အရာအားလုံး တိတ်ဆိတ်သွားသည်။ ချင်လဲ့က မည်သည့်အမူအရာမှ မပြဘဲ နေနေသဖြင့် အခြေအနေမှာ အနည်းငယ် အနေရခက်စရာ ဖြစ်လာသည်။ သူ့ဘေးတွင် လှပသော မိန်းကလေးတစ်ဦး ရှိနေသည်ကို သူ မသိသကဲ့သို့ပင်။
လင်ယွီရှီးက သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ပါးပြင်လေးများ နီမြန်းနေသည်။ ထို့နောက် ရုတ်တရက် ထရပ်ကာ ပြောလိုက်သည်။ "နင် ရေမချိုးရတာ ကြာပြီ ထင်တယ်၊ ငါ ရေခပ်ပေးမယ်"
စကားပြောပြီးနောက် သူမသည် အင်္ကျီလက်ကို လိပ်တင်ကာ ဖြူဖွင်းသော လက်ကောက်ဝတ်လေးများကို ထုတ်ဖော်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ရေချိုးခန်းထဲသို့ ရေသွားခပ်ပေးသည်။
ရေပုံးထဲတွင် ရေများ ပြည့်သွားပြီး တဘတ်နှင့် အခြားပစ္စည်းများကို အဆင်သင့် ပြင်ပေးပြီးမှ သူမ ပြန်ထွက်လာသည်။
ဤကဲ့သို့ လှုပ်ရှားမှုများ လုပ်ဆောင်ပြီးနောက် သူမသည် စိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ကာ တည်ငြိမ်သွားပုံရသည်။
သူမ၏ လှပသော မျက်နှာလေးတွင် အားကိုးရာမဲ့မှုနှင့် ကိုယ့်ကိုယ်ကိုယ် သနားစိတ် အနည်းငယ် ပေါ်လာပြီး ပြောလိုက်သည်။ "ငါတို့ မိသားစုက အဘိုးချင်ရှန်းအပေါ် ကျေးဇူးရှိခဲ့တယ်။ ဒီနှစ်နှစ်အတွင်းမှာ ငါ အဲဒီကျေးဇူးကို ဆပ်ပါ့မယ်။ ငါတို့ တကယ် စေ့စပ်ပြီးသွားရင် ငါ နင့်ကို မကြာမကြာ လာကြည့်ပြီး ဂရုစိုက်ပေးမယ်။ အင်း... ငါကတော့ သန့်ရှင်းရေး လုပ်ပေးတာနဲ့ ရေခပ်ပေးတာမျိုးလောက်ပဲ လုပ်ပေးနိုင်မှာပါ၊ ဒါကို နင် နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
စကားပြောနေရင်း လင်ယွီရှီးသည် ရေစိုဝတ်တစ်စကို ယူကာ ချင်လဲ့၏ တုံ့ပြန်မှုအား ဂရုမစိုက်ဘဲ အခန်းကို ကျွမ်းကျင်စွာ သန့်ရှင်းရေး လုပ်ပေးနေသည်။
ချင်လဲ့၏ မျက်လုံးများက ဟာလာဟင်းလင်း ဖြစ်နေသော်လည်း သူ၏ စိတ်ကတော့ အားလုံးကို သိနေသည်။ လင်ယွီရှီး၏ အိမ်အပေါ် ရင်းနှီးကျွမ်းဝင်မှုကို ကြည့်ခြင်းအားဖြင့် လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်လုံး သူ၏ အိမ်အား သန့်ရှင်းရေး လုပ်ပေးနေသူမှာ ဤလှပသော မိန်းကလေးပင် ဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်ရသည်။
"ဟူး... နင်လည်း သနားစရာကောင်းပါတယ်။ အဘိုးချင်ရှန်း ဆုံးသွားတော့ နင်တစ်ယောက်တည်း ကျန်ခဲ့တယ်၊ ပြီးတော့ နင့်ရဲ့ စိတ်ကလည်း သိပ်မကောင်းရှာဘူး..."
"တကယ်တော့ အဖေက နင်နဲ့ အသက်တူတဲ့ ငါ့ညီမလေးနဲ့ စေ့စပ်ပေးဖို့ ပြင်ထားတာ။ ဒါပေမဲ့ သူက မိသားစုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဆိုတော့ သူ့ရဲ့ ကျင့်ကြံခြင်းကို ထိခိုက်မှာ စိုးလို့ ဖေဖေက မလုပ်ရက်ဘူး။ အဲဒါကြောင့်... ငါကပဲ သူ့နေရာမှာ အစားထိုးလိုက်ရတာပေါ့"
"ဟား... ငါက အစ်မကြီး ဆိုပေမဲ့ ကျင့်ကြံခြင်းမှာတော့ ပါရမီ သိပ်မပါဘူး။ အခု ငါ အသက် ၁၇ ရှိပြီ၊ အသက် ၂၀ မတိုင်ခင် ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်ကို ရောက်ဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်။ မြူတိမ်ဆောင်က အမာခံတပည့် ရွေးတာ အရမ်း တင်းကြပ်တာလေ။ အသက် ၂၀ မတိုင်ခင် အဲဒီအဆင့်ကို မရောက်ရင် ဘယ်တော့မှ အသိအမှတ်ပြုခံရမှာ မဟုတ်ဘူး"
"အဖေနဲ့ ဦးလေးသုံးတို့က မြူတိမ်ဆောင်ထဲ ဝင်ချင်ခဲ့တာ ကြာပြီ၊ ဒါပေမဲ့ ကံမပါခဲ့ဘူး။ အဲဒီတော့ သူတို့ရဲ့ မပြည့်ဝခဲ့တဲ့ အိပ်မက်တွေကို ငါ့ညီမလေးအပေါ်မှာပဲ ပုံအောထားကြတာ"
"ဟူး... ဆေးပင်တွေ ညှိုးနွမ်းကုန်လို့ တုမိသားစုက ငါတို့ကို ပြန်ပြီး အာရုံစိုက်လာကြပြီ။ သူတို့ လုပ်နေတာတွေကြောင့် ငါတို့ စိတ်ညစ်နေရတယ်။ အဲဒီမိန်းမက ဆေးတောင်ကို အပိုင်စီးချင်နေတာ။ ဒီတစ်ခါ သူတို့က တကယ့်ကို အင်နဲ့အားနဲ့ လာနေကြတာ၊ ငါတို့ တားနိုင်မလား မသိဘူး"
သူမသည် ချင်လဲ့နှင့် မကြာခင် စေ့စပ်ရတော့မည် ဖြစ်သောကြောင့်လော သို့မဟုတ် ချင်လဲ့က သူမပြောသည်များအား နားမလည်ဟု ထင်နေသောကြောင့်လော မသိပေ။ သူမသည် စိတ်ထဲရှိသမျှကို အကုန် ဖွင့်ပြောနေခြင်း ဖြစ်သည်။ ထို့ကြောင့် ချင်လဲ့သည် လင်မိသားစု၏ အခြေအနေကို ပိုမို နက်နက်ရှိုင်းရှိုင်း သိခွင့်ရသွားသည်။
ထို့ပြင် လင်ယွီရှီးအပေါ် ထားရှိသော သူ၏ အမြင်မှာလည်း အတိုင်းအတာတစ်ခုအထိ ပြောင်းလဲသွားခဲ့သည်။
သန့်ရှင်းရေး လုပ်ပြီးနောက် လင်ယွီရှီးသည် အကြာကြီး မနေတော့ပေ။ ချင်လဲ့ကို ရေချိုးရန် သတိပေးပြီးနောက် အိမ်ထဲမှ တိတ်တဆိတ် ထွက်သွားတော့သည်။
ချင်လဲ့သည် သူမ ထွက်သွားသည်ကို သေချာအောင် ခဏစောင့်ပြီးမှ ရေချိုးခန်းထဲသို့ ဝင်သွားသည်။
ရေချိုးခန်းထဲတွင် ရေပုံးဘေး၌ ရေများ ဖိတ်စင်နေပြီး တဘတ်များကိုလည်း သေသေသပ်သပ် မဟုတ်ဘဲ ခေါက်ထားသည်အား မြင်လိုက်ရသောအခါ သူ ခေါင်းခါရင်း မရယ်ဘဲ မနေနိုင်တော့ပေ။
လင်ယွီရှီးသည် ဤကဲ့သို့ အလုပ်မျိုးကို လုပ်လေ့လုပ်ထ မရှိကြောင်းနှင့် စိတ်လှုပ်ရှားနေသောကြောင့် ဤသို့ ဖြစ်သွားခြင်း ဖြစ်ကြောင်း သူ သိလိုက်သည်။
ချင်လဲ့သည် အဝတ်အစားများကို ချွတ်ကာ ရေပုံးထဲသို့ ဝင်လိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်း တုန်တက်သွားပြီး အော်ပင် အော်မိတော့မတတ် ဖြစ်သွားရသည်။
ယင်းက ရေအေးကြီးပင် ဖြစ်သည်။
……
ဒုတိယမြောက်နေ့ မနက်ခင်းတွင် ချင်လဲ့သည် နှာစေးနေသော ပုံစံဖြင့် လင်မိသားစု စားသောက်ခန်းထဲသို့ ဝင်လာသည်။
လင်ယွီရှီးသည် နှာစေးနေသော ချင်လဲ့ကို မြင်သောအခါ အားနာစိတ်ဖြင့် ရယ်ချင်စိတ်ကို အောင့်ထားပြီး ခေါင်းငုံ့နေလိုက်သည်။ သူမ သူ့ကို မျက်လုံးချင်း တည့်တည့် မကြည့်ရဲပေ။
ဆေးပင်များ ကိစ္စကြောင့် လင်ညီအစ်ကိုများနှင့် တုကျောက်လန်တို့ကြားတွင် အခြေအနေမှာ တင်းမာနေသည်။ စားပွဲပေါ်တွင် မည်သည့်အချိန်တွင်မဆို စစ်ပွဲဖြစ်သွားနိုင်သည့်အလား ဖိအားများ ပြည့်နှက်နေ၏။
စားသောက်ပြီးနောက် ချင်လဲ့သည် သတ္တုတွင်းထဲသို့ ကျင့်ကြံရန် ထွက်လာခဲ့သည်။ သူသည် စိတ်အာရုံလွတ်လပ်ခြင်း အခြေအနေတွင် မဟုတ်သဖြင့် မိုးကြိုးစွမ်းအင်ကို သေသေချာချာ ထိန်းချုပ်ရမည် ဖြစ်သည်။ မဟုတ်ပါက လျှပ်စီးများ ဖိတ်စင်ပြီး ဆေးပင်များကို ထပ်မံ သေစေနိုင်သောကြောင့် ဖြစ်သည်။
လင်ချန်ယဲ့၏ စကားများက အကျိုးသက်ရောက်မှု ရှိသွားပုံရသည်။ ချင်လဲ့သည် လင်မိသားစု၏ အခြေခံကို မဖျက်ဆီးလိုသလို ပြဿနာများလည်း မဖြစ်ချင်ပေ။
ချင်လဲ့ ပြန်ရောက်လာပြီ ဖြစ်သဖြင့် လင်ဖုန်းနှင့် လင်ရင်းတို့သည် အဝင်ဝတွင် မစောင့်ကြတော့ပေ။ ထို့ကြောင့် တစ်ညတွင် တုဟန်သည် နောက်ဆုံး၌ သတ္တုတွင်းထဲသို့ ဝင်ရောက်ရန် အခွင့်အရေး ရသွားတော့သည်။
အတွင်းပိုင်းသို့ စူးစမ်းလေ့လာပြီးနောက် တုဟန်မှာလည်း လင်ချန်ကျိကဲ့သို့ပင် အံ့သြမှင်သက်သွားရသည်။ သတ္တုတွင်း၏ ပြောင်းလဲမှုများကို သူ မယုံနိုင်အောင် ဖြစ်သွားရသည်။
တုဟန်က သူ၏ မိခင်ထံ အစီရင်ခံရန် ပြင်နေချိန်တွင် လင်ချန်ယဲ့ကလည်း အစီအစဉ်များ လုပ်ဆောင်နေသည်။ သူသည် လင်ရွှမ်းရွှမ်းနှင့် လင်ချန်ကျိတို့ကို ရေခဲကျောက်မြို့တော်သို့ ခေတ္တ သွားခိုင်းလိုက်သည်။
အကြောင်းမှာ လင်ရွှမ်းရွှမ်းသာ သူမ၏ အစ်မက သူမနေရာတွင် အစားထိုးပြီး ချင်လဲ့နှင့် စေ့စပ်ရမည်ကို သိသွားလျှင် သောင်းကျန်းပြီး စေ့စပ်ပွဲအား ဖျက်ဆီးမည်ကို သူ သိနေသောကြောင့် ဖြစ်သည်။
သို့သော် ၎င်းက အဓိက အကြောင်းရင်း မဟုတ်ပေ။ ပိုအရေးကြီးသည်မှာ မြူတိမ်ဆောင်ကို သွားရောက် အသိပေးရန် ဖြစ်သည်။ လင်ရွှမ်းရွှမ်းသည် ထူးခြားသော ပါရမီရှင် ဖြစ်သဖြင့် မြူတိမ်ဆောင်က သူမကို သတိပြုမိထားပြီး ဖြစ်သည်။ ထို့ကြောင့် လင်မိသားစုအတွက် ဆေးပင်များ ပေးဆောင်ရန် အချိန်ထပ်တိုးပေးရန် တောင်းဆိုခိုင်းလိုက်ခြင်း ဖြစ်သည်။
……
နောက်ပိုင်း ရက်အနည်းငယ်အတွင်း လင်ယွီရှီးသည် သူမ၏ ကတိအတိုင်း ချင်လဲ့၏ အိမ်သို့ မကြာခဏ လာရောက်သည်။
နေ့ဘက်တွင် ချင်လဲ့ မရှိခိုက် အဝတ်အစားများကို လျှော်ဖွတ်ပေးပြီး၊ ညနေပိုင်းတွင် အဝတ်များကို လာပို့ကာ ရေချိုးရန် ရေခပ်ပေးခြင်း၊ အိမ်သန့်ရှင်းရေး လုပ်ပေးခြင်းများကို လုပ်ဆောင်ပေးသည်။
ပထမဆုံးအကြိမ်ကဲ့သို့ ရေအေး ခပ်ပေးမိသည့် အမှားမျိုး နောက်ထပ် မဖြစ်တော့ပေ။ သူမသည် ပုံမှန်အတိုင်းပင် စိတ်ထဲရှိသမျှကို တစ်ယောက်တည်း ရေရွတ် ပြောဆိုနေဆဲ ဖြစ်သည်။
ချင်လဲ့မှာလည်း ပထမပိုင်းတွင် အနေရခက်သော်လည်း နောက်ပိုင်းတွင် တစ်စုံတစ်ဦး၏ ဂရုစိုက်မှုကို ခံယူရခြင်းကို အသားကျလာခဲ့သည်။ လင်ယွီရှီး ရေခပ်ပေးပြီးသည်နှင့် သူမ ထွက်သွားသည်ကို မစောင့်တော့ဘဲ ရေချိုးခန်းထဲသို့ တန်းဝင်ကာ ရေချိုးတော့သည်။
သူ ရေချိုးနေချိန်တိုင်း တံခါးအပြင်ဘက်မှ လင်ယွီရှီး၏ တိုးတိုးလေး ညည်းညူသံများကို နားထောင်လေ့ရှိသည်။ တစ်ခါတစ်ရံ သူ မျက်ခုံးပင့်မိသလို တစ်ခါတစ်ရံတွင်လည်း သူ၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာတတ်သည်။
"ငါ အရင်သွားပြီနော်၊ ဖြည်းဖြည်းချင်းပဲ ချိုးတော့" လင်ယွီရှီး၏ ချိုသာသော အသံ ထွက်ပေါ်လာသည်။ ချင်လဲ့က သူမ ထွက်သွားပြီဟု ထင်နေချိန်တွင် တံခါးရှေ့၌ ရှိနေသော လင်ယွီရှီး၏ အသက်ရှူသံမှာ ရုတ်တရက် မမှန်မကန် ဖြစ်လာသည်။ သူမသည် ခြင်သံလောက်သာရှိသော အသံတိုးတိုးလေးဖြင့် ပြောလိုက်သည် "မနက်ဖြန်... မနက်ဖြန်က အဖေ စီစဉ်ထားတဲ့ နေ့ပဲ..."
သူမ ထွက်သွားပြီး အတော်ကြာမှ ချင်လဲ့ သတိပြန်ဝင်လာသည်။ သူသည် ရေပုံးထဲတွင် ထိုင်ရင်း အိမ်ခေါင်မိုးတန်းများကို ဟာလာဟင်းလင်း စိုက်ကြည့်နေမိတော့သည်။