← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇) ပြေလည်သွားခြင်း

​လင်မိသားစု၏ ခန်းမဆောင်ကြီးအတွင်း၌...

​လင်ဖူသည် အဝတ်အိတ်ငယ်အတွင်းသို့ လက်နှိုက်၍ ဝိညာဉ်ဆေးလုံးများ၊ ဝိညာဉ်ကျောက်တုံးများနှင့် အခြားသော ပစ္စည်းများကို သစ်သားသေတ္တာပေါ်သို့ တင်လိုက်သည့်အခါ ဝိညာဉ်ဆေးလုံးများထံမှသာ ရရှိနိုင်သည့် ထူးခြားသော ဆေးနံ့များက လေထုအတွင်း သင်းပျံ့သွားတော့သည်။

​ထိုအခိုက်အတန့်တွင် လင်မိသားစုဝင် အားလုံး၏ သွေးများသည် စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်လာခဲ့သည်။ လူအများစုမှာ အံ့သြတုန်လှုပ်မှုကြောင့် မျက်နှာများ နီမြန်းနေကြသလို သူတို့၏ အကြည့်များထဲတွင်လည်း ပြင်းထန်သော အံ့သြမှုများနှင့်အတူ လောဘနှင့် တပ်မက်မှုများကပါ ရောယှက်နေတော့သည်။ သူတို့အားလုံးသည် သေတ္တာပေါ်ရှိ ကျင့်ကြံခြင်းဆိုင်ရာ ရတနာပစ္စည်းများကို ကြည့်ရင်း တံတွေးမြိုနေကြရသည်။

​"ဒါ... ဒါတွေက ငါတို့ လင်မိသားစုဆီက ပစ္စည်းတွေ လုံးဝမဟုတ်ဘူး" အကြီးအကဲ လင်ခန်းအန်းက တုန်ရင်နေသော အသံဖြင့် အော်ဟစ်လိုက်သည်။

​ခန်းမအတွင်းရှိသူများ၏ စိတ်ထဲတွင် လင်မိသားစုအနေဖြင့် ဤမျှအဆင့်မြင့်သော ကျင့်ကြံခြင်း ပစ္စည်းများကို မည်သို့မျှ မထုတ်လုပ်နိုင်ကြောင်း တစ်ထစ်ချ ယုံကြည်ထားကြသည်။

​အဆင့် ၆ ဝိညာဉ်ကျောက်တုံး အမြောက်အမြား၊ ဝိညာဉ်အားဖြည့်ဆေးလုံး ဆယ်လုံးကျော်၊ အဆင့် ၅ သွေးကြောတစ်ရာဆေးလုံး တစ်လုံးနှင့် အဆင့် ၆ ပင်လယ်ဖွင့်ဆေးလုံး တစ်လုံး... သာမန်ကာလျှံကာ အဝတ်အိတ်ငယ်လေးထဲမှ ထွက်ပေါ်လာသော ဤပစ္စည်းများက လင်မိသားစုဝင်များကို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားစေခဲ့သည်။

​အမှန်စင်စစ် ချင်လဲ့ သတ်ဖြတ်ခဲ့သော ကျင့်ကြံသူများသည် ရေခဲပြင်နန်းတော် သခင်လေး ယန်ကျိချန်း၏ ရင်းနှီးသော လက်ရုံးများဖြစ်ကြပြီး အချို့မှာ အခွင့်ထူးခံ လူကုံထံများပင် ဖြစ်ကြသည်။ အထူးသဖြင့် နောက်ဆုံးသေဆုံးသွားသော ဝိညာဉ်သန့်စင်ခြင်း အဆင့် ၇ နှင့် ၈ ရှိသူနှစ်ဦးမှာ ရေခဲပြင်နန်းတော်၏ အထက်တန်းလွှာများနှင့် ပတ်သက်သူများ ဖြစ်ကြသည်။

​ဤလူများ ကိုယ်ပေါ်တွင် အမြတ်တနိုး သိမ်းဆည်းထားသော ပစ္စည်းများသည် ရေခဲပြင်နန်းတော်၏ အဖိုးတန် ရတနာများ ဖြစ်သည်။ နောက်ဆုံး ကျင့်ကြံသူနှစ်ဦး၏ သွေးကြောတစ်ရာဆေးလုံးနှင့် ပင်လယ်ဖွင့်ဆေးလုံးတို့မှာ သူတို့၏ မိဘများက ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်သို့ တက်လှမ်းနိုင်ရန် ခက်ခက်ခဲခဲ ရှာဖွေပေးထားသည့် ဆေးများ ဖြစ်သည်။

​ရေခဲပြင်နန်းတော်ကဲ့သို့ အင်အားစုကြီးအတွက်ပင် ရှားပါးလှသော ဆေးလုံးများမှာ လင်မိသားစုကဲ့သို့ အင်အားစု အငယ်စားလေး တစ်ခုတွင် ပေါ်လာသည့်အခါတွင်တော့ အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်မှာ မဆန်းပေ။

​"ဒီဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေ ပေါင်းစပ်လိုက်ရင် ဝိညာဉ်ပေါက်ဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သေချာပေါက် မွေးထုတ်ပေးနိုင်တယ်" လင်ခန်းအန်းက လူအုပ်ကြီး၏ စူးစိုက်ကြည့်မှုအောက်တွင် အသက်ကို ပြင်းပြင်းရှူရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ချန်ယဲ့... သမီးကြီး ယွီရှီးက ပါရမီသိပ်မထူးချွန်တော့ အသက် ၂၀ မတိုင်ခင် ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်ကို ရောက်ဖို့ ခက်ခဲလိမ့်မယ်လို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ အခု ဒီဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေသာ ရှိမယ်ဆိုရင်တော့ အခြေအနေတွေက လုံးဝ ပြောင်းသွားပြီ။ ဘာအနှောင့်အယှက်မှ မရှိဘူးဆိုရင် ဒီပစ္စည်းတွေကို သုံးပြီး ယွီရှီးဟာ အသက် ၂၀ မတိုင်ခင် အဲဒီအဆင့်ကို သေချာပေါက် ရောက်နိုင်ပြီကွ"

​လင်မိသားစုဝင် အများစုမှာ တီးတိုးပြောဆိုနေကြပြီး ယွီရှီးကို ကြည့်သည့် အကြည့်များမှာလည်း မနာလိုမှု၊ အားကျမှုနှင့် ချီးကျူးမှုများ တစ်လှည့်စီ ဖြစ်နေတော့သည်။

​လင်ချန်ယဲ့မှာမူ ငရဲတွင်းမှ ကောင်းကင်ဘုံသို့ ရုတ်တရက် ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး စိတ်လှုပ်ရှားလွန်း၍ မျက်နှာတစ်ခုလုံး နီမြန်းနေရသည်။ သူသည် ခေါင်းကိုသာ တရစပ် ညိတ်နေမိပြီး အတန်ကြာအောင် စကားပင် မဟနိုင်ဘဲ ရှိနေတော့သည်။

​တုကျောက်လန်နှင့် သူမ၏ မိသားစုဝင်များမှာမူ မျက်လုံးပြူးကာ ဆွံ့အလျက် ရှိသည်။ သူတို့သည် မျက်စိရှေ့မှ အရှိတရားကို မယုံကြည်နိုင်ဘဲ ရှိနေကြဆဲ ဖြစ်သည်။

​"ငါတို့ လင်မိသားစုက ဝိညာဉ်ပေါက်ဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဖန်တီးပေးနိုင်တဲ့ လက်ဆောင်မျိုးကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ။ အခုရော... တစ်စုံတစ်ယောက်က ချန်ယဲ့ရဲ့ လုပ်ရပ်က မှားယွင်းတယ်လို့ ပြောချင်သေးလား" လင်ခန်းအန်းက ခန်းမတစ်ခုလုံးကို ဝေ့ကြည့်ကာ အော်မေးလိုက်သည်။ လင်မိသားစုဝင်များမှာ မည်သည်မျှ မပြောနိုင်တော့ဘဲ စေ့စပ်ပွဲကို သဘောတူသည့်အလား ခေါင်းညိတ်လိုက်ကြသည်။

​"အရူးဆိုလည်း ဖြစ်ပါတယ်။ ဒီလောက် ကျင့်ကြံခြင်း ပစ္စည်းအမြောက်အမြားရမယ့် စေ့စပ်ပွဲမျိုးက တကယ်ကို တန်လွန်းပါတယ်"

​"ကျွန်မသာဆိုရင်လည်း သဘောတူမှာပဲ။ ယွီရှီးညီမလေးသာ သဘောမတူရင် ကျွန်မကိုသာ ပေးစားလိုက်ပါတော့။ အသက် ၂၀ မတိုင်ခင် အဆင့်တက်နိုင်မယ့် လက်ဆောင်မျိုးသာရမယ်ဆိုရင် လက်ထပ်ဖို့တောင် အသင့်ပဲ၊ စေ့စပ်တာလောက်ကတော့ အေးဆေးပဲ" မိန်းကလေးငယ်တစ်ဦးက ပြောလိုက်သည်။

​"ချင်လဲ့က အခုမှ ၁၅ နှစ်ပဲ ရှိသေးတာ၊ မမကတော့ ၁၉ နှစ်တောင် ရှိနေပြီ။ တခြားလူတွေ ကဲ့ရဲ့မှာကို မကြောက်ဘူးလား။ မမယွီရှီး... ညီမလေးက အခုမှ ၁၆ နှစ်ပဲ ရှိသေးတာ။ မမကသာ ဒီလူနဲ့ မစေ့စပ်ချင်ဘူးဆိုရင် ညီမလေးကိုပဲ အစားထိုးလိုက်ပါလား" အခြားမိန်းကလေးတစ်ဦးကလည်း နုနုနယ်နယ် အသံလေးဖြင့် ဝင်နောက်လိုက်သည်။

​ထိုလူငယ်မိန်းကလေးများ၏ အော်ဟစ်နောက်ပြောင်သံများကို ကြားရသည့်အခါ လင်ယွီရှီး၏ လှပသော မျက်လုံးလေးများမှာ အရောင်တောက်သွားသည်။ သူမသည် ဘေးနားရှိ ချင်လဲ့ကို သေချာစွာ စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်မှ မှောင်ရိပ်များ ပျောက်ကွယ်သွားပြီး ဝမ်းသာကြည်နူးမှုများက အစားထိုးဝင်ရောက်လာသည်။ ချင်လဲ့၏ လက်ဆောင်များက တုမိသားစုအား အရှက်ခွဲလိုက်ရုံသာမက သူမဖခင်၏ အခက်အခဲကြီး နှစ်ခုလုံးကိုလည်း တစ်ခါတည်း ဖြေရှင်းပေးလိုက်ကြောင်း သူမ နားလည်လိုက်သည်။

​ပထမအချက်မှာ ဤအဖိုးတန် လက်ဆောင်များက ဖခင်ဖြစ်သူအပေါ် သံသယဝင်နေသော မိသားစုဝင်များကို နှုတ်ပိတ်လိုက်နိုင်ခြင်း ဖြစ်ပြီး ဒုတိယအချက်မှာ ဤဝိညာဉ်ကျောက်တုံးများကို မြူတိမ်ဆောင်သို့ အခွန်အဖြစ် ဆက်သကာ တုကျောင်လန်၏ တိုက်ခိုက်မှုများအား ဟန့်တားနိုင်ခြင်းပင် ဖြစ်သည်။

​"တောက်... တောက်..."

​သွေးစက်အချို့ ကြမ်းပြင်ပေါ်သို့ ကျသွားသည့်အသံကြောင့် ယွီရှီး သတိဝင်လာသည်။ ကြည့်လိုက်သည့်အခါ သူမ တင်းတင်းဆုပ်ကိုင်ထားသော ချင်လဲ့၏ လက်ဖဝါးအတွင်းမှ သွေးများ ယိုစီးကျနေသည်ကို တွေ့လိုက်ရသည်။

​သူမကိုယ်တိုင်က ဝိညာဉ်သန့်စင်ခြင်း အဆင့် ၇ ရှိသူဖြစ်ပြီး လက်သည်းကျင့်စဉ်အား လေ့ကျင့်နေသူဖြစ်သဖြင့် အားငယ်စိတ်ပျက်နေစဉ်က သတိမထားမိဘဲ ချင်လဲ့၏ လက်ကို အားကုန်ဆုပ်ကိုင်ထားမိခြင်း ဖြစ်သည်။

​နောက်ထပ် သွေးတစ်စက် ကျလာပြန်သည်။ သူမသည် ချင်လဲ့ကို မော့ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ပကတိအတိုင်း တည်ငြိမ်နေဆဲပင်။ နာကျင်သည့် အရိပ်အယောင် စိုးစဉ်းမျှ မပြသလို လက်ကို ရုန်းဖယ်ခြင်းလည်း မရှိခဲ့ပေ။ ဤအခိုက်အတန့်တွင် အမြဲလိုလို အရောင်ကင်းမဲ့နေသော ချင်လဲ့၏ မျက်လုံးများထဲ၌ မမြင်နိုင်သော စွမ်းအားကြီးမားမှုများ ကိန်းအောင်းနေသကဲ့သို့ သူမ ခံစားလိုက်ရသည်။ ထိုခံစားချက်က သူမ၏ နှလုံးသားတံခါးကို ခေါက်လိုက်သလိုဖြစ်ကာ သူမ၏ စိတ်ထဲတွင် ချင်လဲ့၏ ပုံရိပ်က စွဲထင်သွားတော့သည်။

​"ဒီလက်ဆောင်တွေကို အဖိုးချင်ရှန်းနဲ့ ကျွန်တော် စေ့စပ်ပွဲအတွက် သဘောတူထားတုန်း ကတည်းက သူ ကြိုတင်ပြင်ဆင်ပေးခဲ့တာလို့ ကျွန်တော် ယုံကြည်ပါတယ်။ သူ ဆေးတောင်ထဲမှာနေတာက ချင်လဲ့ရဲ့ ဝေဒနာကို ကုသဖို့အတွက်လို့လည်း ကျွန်တော့်ကို ပြောဖူးတယ်" လင်ချန်ယဲ့သည် မိသားစုခေါင်းဆောင်ပီပီ စိတ်ကို အမြန်ထိန်းကာ ပြောလိုက်သည်။ သူက ချင်ရှန်းသည် ချင်လဲ့၏ ဦးနှောက်ဝေဒနာကို ကုသပေးနေခြင်းဖြစ်ကြောင်း အရိပ်အမြွက် ပြောလိုက်ခြင်း ဖြစ်သည်။

​"အဖိုးချင်ရှန်း မကွယ်လွန်ခင်မှာ သူက ချင်လဲ့ရဲ့ စိတ်ဝေဒနာဟာ တဖြည်းဖြည်း သက်သာလာမှာဖြစ်ပြီး အမြန်ဆုံး နေကောင်းလာလိမ့်မယ်လို့လည်း ပြောခဲ့တယ်။ အခု ဆေးတောင်ထဲက ဂူလမ်းကြောင်းတွေဟာလည်း သူ့ရဲ့ လက်ရာတွေပဲ ဖြစ်ရမယ်။ သူ့ရဲ့ ကျင့်စဉ်အဆင့်ဟာ တကယ်ကို မှန်းဆလို့မရနိုင်အောင် မြင့်မားမှာ သေချာတယ်" လင်ချန်ယဲ့၏ လိမ်ညာမှုများမှာ ပိုမို ချောမွေ့လာတော့သည်။

​"အခုတော့ ကျွန်တော် ဘာမှ ဖုံးကွယ်မထားတော့ပါဘူး။ ဆေးတောင်ထဲကို ပထမဆုံးအကြိမ် ရောက်သွားတုန်းက ဂူလမ်းကြောင်းတွေ အများကြီးတွေ့ရတော့ ကျွန်တော်ကိုယ်တိုင်လည်း အံ့သြသွားခဲ့တာပါ။ အထဲကို ဆက်ဝင်ဖို့ ကြိုးစားခဲ့ပေမဲ့ ထူးဆန်းတဲ့ ဝင်္ကပါတွေကြောင့် ကျွန်တော် လက်လျှော့ပြီး ပြန်လာခဲ့ရတာပါ"

​လင်ချန်ယဲ့သည် အမှန်အလိမ် ရောနှောကာ ဆက်ပြောလိုက်သည်။ "ဆေးတောင်ထဲမှာ ဝိညာဉ်ကျောက်တုံးတွေ တကယ်ရှိ မရှိဆိုတာတော့... မရှိဘူးလို့ပဲ ကျွန်တော် ယူဆပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်က ရှိတယ်လို့ ထင်ရင်လည်း သွားကြည့်နိုင်ပါတယ်။ အဲဒီမှာရှိတဲ့ ဝင်္ကပါတွေက လူကို အန္တရာယ်မပေးပါဘူး၊ ရှေ့ဆက်မတိုးနိုင်အောင်ပဲ တားဆီးထားတာပါ။ တကယ်လို့ တန်ဖိုးရှိတာ တစ်ခုခုတွေ့ရင်လည်း ဒါဟာ ကျွန်တော်တို့ မိသားစုတစ်ခုလုံးအတွက် ကောင်းချီးတစ်ခုပါပဲ"

​သူသည် မိသားစုဝင်များ၏ သံသယကို ဆေးတောင်နှင့် ပျောက်ကွယ်နေသော ချင်ရှန်းထံသို့ လွှဲပြောင်းပေးလိုက်ပြီးနောက် တည်ကြည်စွာ ပြောလိုက်သည်။ "ဒီကိစ္စကို မြူတိမ်ဆောင်ကို အသိပေးဖို့အတွက် လင်ဖုန်းနဲ့ ရွှမ်းရွှမ်းတို့ကို ကျွန်တော် လွှတ်ထားပြီးပါပြီ။ ဒါကြောင့် သူတို့ ဒီအခမ်းအနားကို မတက်နိုင်တာပါ။ အားလုံး စိုးရိမ်စရာမလိုပါဘူး၊ ကျွန်တော် အားလုံးကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းသွားမှာပါ"

​သူ၏ ရှင်းပြချက်ကြောင့် လူများ၏ သံသယများမှာ ပျောက်ကွယ်သွားတော့သည်။ လူတိုင်းက တုကျောက်လန်ကို ကဲ့ရဲ့ရှုံ့ချကြသလို၊ ကိုယ်ကျိုးအတွက် လင်ချန်ယဲ့၏ ကျေးဇူးကို မေ့ခဲ့ကြသည့် အကြီးအကဲ နှစ်ဦးကိုလည်း အိုမင်းပြီး ဦးနှောက်မကောင်းတော့သူများအဖြစ် လှောင်ပြောင်ကြတော့သည်။

​တုကျောင်လန်နှင့် သူမ၏ သားများမှာ မျက်နှာပျက်လျက် သူမတို့၏ အစီအစဉ်များ ပျက်စီးသွားသည်ကို သိလိုက်ရသည်။ "ဒီမှာ ငါတို့ကို မကြိုဆိုဘူးဆိုရင်လည်း ငါတို့ မနေတော့ဘူး" တုကျောက်လန်က ချင်လဲ့အား အေးစက်စွာ တစ်ချက်ကြည့်ပြီးနောက် သူမ၏ လူများကိုခေါ်ကာ ဒေါသတကြီး ထွက်ခွာသွားတော့သည်။

​"ခေါင်းဆောင်ရာထူးကို လုမယ့်အစီအစဉ်က ဒီအရူးတစ်ယောက်ကြောင့်နဲ့ ပျက်စီးသွားရတာလား... တောက်" သူမသည် ရင်ထဲတွင် ကြိတ်၍ ကြိမ်းဝါးနေတော့သည်။

​အကြီးအကဲ နှစ်ဦးမှာလည်း သူတို့၏ အမှားကို သိသဖြင့် ထိုနေရာတွင် ဆက်မနေရဲတော့ဘဲ တုမိသားစုဝင်များက သူတို့၏ ဝှီးချဲများကို တွန်းကာ ထွက်ခွာသွားကြတော့သည်။

​"အခမ်းအနားကို ဆက်လုပ်ကြမယ်" လင်ချန်ယဲ့က ချင်လဲ့ကို အကဲခတ်သည့် အကြည့်များဖြင့် ကြည့်ရင်း ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

​ရပ်တန့်နေသော အခမ်းအနားသည် ပြန်လည်စတင်ခဲ့ပြီး မီးရှူးမီးပန်းသံများနှင့်အတူ ချင်လဲ့နှင့် လင်ယွီရှီးတို့၏ စေ့စပ်ပွဲသည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

​ဧည့်သည်များ တဖြည်းဖြည်း နည်းပါးသွားချိန်တွင် ချင်လဲ့သည် လင်ယွီရှီး၏ လက်ကို လွှတ်လိုက်ပြီး သူ၏ လက်ဖဝါးမှ ဒဏ်ရာကိုပင် ဂရုမစိုက်ဘဲ ထုံးစံအတိုင်း ဆေးတောင်ဘက်သို့ ပြန်ထွက်သွားသည်။

​"ချင်လဲ့၊ မင်း ဘယ်လိုပဲဖြစ်နေဖြစ်နေ... အခုတစ်ခေါက်အတွက်တော့ မင်းကို ငါ တကယ် ကျေးဇူးတင်တယ်" လင်ချန်ယဲ့က ထွက်ခွာသွားသော ချင်လဲ့၏ နောက်ကျောကို ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

​ချင်လဲ့ကတော့ မည်သည်မျှ ပြန်မပြောဘဲ ဆေးတောင်ဘက်သို့သာ ဆက်လက် လျှောက်လှမ်းသွားတော့သည်။

​"ချန်ယဲ့... မင်းထင်တာကော ဟုတ်ရဲ့လား။ ချင်လဲ့က အရူးဟန်ဆောင်နေတာလို့လား" အကြီးအကဲ လင်ခန်းအန်းက အံ့သြစွာ မေးလိုက်သည်။

​"အဖေ... ချင်လဲ့က အရူးမဟုတ်ဘူးလို့ ပြောချင်တာလား" လင်ယွီရှီးကလည်း စိတ်လှုပ်ရှားစွာ မေးမိသည်။

​"အဖေလည်း မသိတော့ဘူး။ သူက ပိုပိုပြီး နက်နဲလာသလိုပဲ" လင်ချန်ယဲ့က သက်ပြင်းချကာ ဆက်ပြောသည်။ "ဒါပေမဲ့ ဒီဝိညာဉ်ကျောက်တုံးတွေသာ မရှိရင် အဖေတို့ တုကျောင်လန်ရဲ့ အာဏာသိမ်းတာကို ခံလိုက်ရမှာ သေချာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချင်လဲ့က အဖေတို့မိသားစုကို အများကြီး ကူညီလိုက်တာပဲ။ သူ့ကို အဖေတို့ နှစ်နှစ်လောက်တော့ ကောင်းကောင်း စောင့်ရှောက်ပေးရမယ်"

​"သမီး နားလည်ပါပြီ အဖေ။ သမီး သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးပါ့မယ်" ယွီရှီးသည် သူမ၏ လက်ပေါ်မှ သွေးစများကို ကြည့်ရင်း ချင်လဲ့၏ တည်ငြိမ်မှုအား ပြန်လည် မြင်ယောင်ကာ သူမ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တို့ လှိုင်းထလျက် ရှိနေတော့သည်။

အခန်း (၁၈) လင်လဲ့၏ မျက်နှာ

​"ခွမ်း..."

​တုကျောက်လန်၏ လက်ထဲမှ လက်ဖက်ရည်ကရားအဖုံးသည် ကြမ်းပြင်ပေါ်သို့ ကျသွားပြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့သည်။ သူမ၏ မျက်နှာသည် ရေပြင်ကဲ့သို့ တည်ငြိမ်အေးစက်နေသော်လည်း မျက်လုံးများထဲတွင်မူ ရက်စက်ကြမ်းကြုတ်သော အလင်းတန်းများ ဝင်းလက်နေသည်။

​"ငါ အသေအချာ အကွက်ချစီစဉ်ထားတဲ့ အစီအစဉ်ကြီးက ဒီအရူးတစ်ယောက်ကြောင့်နဲ့ ပျက်စီးသွားရတယ်ပေါ့။ သူ့ကို ငါ ဒီလောကထဲကနေ ထာဝရ ပျောက်ကွယ်သွားအောင် လုပ်ပစ်ရမယ်"

​ခန်းမအတွင်း ရှိနေကြသော တုချီရှန်း၊ တုဟန်၊ တုဖေးနှင့် အခြားတုမိသားစုဝင်များ၏ မျက်နှာများမှာလည်း အလားတူပင် အေးစက်မှောင်မှိုင်းနေကြသည်။

​"သခင်မ... အဲဒီအရူးက ဒီလောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားရတာလဲ" တုချီရှန်းက ဝေခွဲမရသော မျက်နှာဖြင့် မေးလိုက်သည်။

​သူသည်လည်း တုကျောင်လန်ကဲ့သို့ပင် ဝိညာဉ်ပေါက်ဖွားခြင်း အစောပိုင်းအဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။ သူသည် တုဟိုင်ထန်း၏ စေခိုင်းချက်အရ တုကျောင်လန်က လင်မိသားစုကို ထိန်းချုပ်မည့်အစီအစဉ်တွင် ကူညီပေးရန် ရောက်ရှိနေခြင်း ဖြစ်သည်။ "ဆေးတောင်ထဲက ထူးဆန်းတဲ့ ဝင်္ကပါတွေက တကယ်ကို နက်နဲလွန်းတယ်။ ကျွန်တော့်ရဲ့ အဆင့်နဲ့တောင် အဲဒီက လျှို့ဝှက်ချက်တွေကို မမြင်နိုင်ဘူး။ တကယ်လို့ ဒါတွေက ချင်ရှန်းရဲ့ လက်ရာဆိုရင်တော့... ချင်ရှန်းဆိုတဲ့ လူက တကယ်ကို မရိုးရှင်းဘူးပဲ"

​"ဒါကို မေးနေဖို့ လိုသေးလို့လား။ အဲဒီ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေက ချင်ရှန်း ထားခဲ့တာ ဖြစ်မှာပေါ့။ သူက ပန်းပဲပညာရှင် တစ်ယောက်ပဲ၊ ဒီလို ပစ္စည်းတွေ ရှိနေတာ မဆန်းပါဘူး" တုကျောက်လန်က အေးစက်စွာ နှာခေါင်းရှုံ့ရင်း ဆက်ပြောသည်။ "ချင်ရှန်းက ဘယ်လောက်ပဲ မရိုးရှင်းပါစေ၊ သူက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက သေသွားပြီလေ။ သေပြီးသားလူက ငါတို့ကို ဒုက္ခပေးနိုင်မှာ မဟုတ်ပါဘူး"

​"ကျွန်တော် သခင်မရဲ့ နောက်ထပ် အမိန့်ကို စောင့်နေပါ့မယ်" တုချီရှန်းက ရိုသေစွာ ပြောလိုက်သည်။

​"ဟိုင်ထန်းကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ။ ဆေးတောင်ထဲက အခြေအနေတွေကို ပြောပြလိုက်။ မြူတိမ်ဆောင်ထဲမှာ သူ့ရဲ့ အရှိန်အဝါကို သုံးပြီး လင်ချန်ကျိနဲ့ လင်ရွှမ်းရွှမ်းတို့ကို အကြီးအကဲတွေနဲ့ တွေ့ခွင့်မရအောင် တားခိုင်းလိုက်ပါ။ သူတို့တွေ အကြီးအကဲတွေနဲ့ မတွေ့နိုင်သရွေ့ လင်မိသားစုရဲ့ ဆေးပင်အခွန်ကိစ္စကို ငါတို့ ထိန်းချုပ်ထားလို့ ရသေးတယ်။ လင်ချန်ယဲ့ကို ခြိမ်းခြောက်ဖို့ ဒီအချက်ကို ဆက်သုံးရမယ်။ မြူတိမ်ဆောင်က ဆေးတောင်ပေါ်က ကျောက်စိမ်းလက်ဝါးပန်းတွေကို အရေးတကြီး လိုချင်နေပါတယ်ဆိုပြီး သူတို့အပေါ် အပြစ်ရှာလို့ ရသေးတယ်"

​တုကျောင်လန်က ထိုအမိန့်ကို ပေးပြီးနောက် သူမ၏သား တုဟန်ဘက်သို့ လှည့်ကာ ပြောသည်။ "ဆေးတောင်နဲ့ ပတ်ဝန်းကျင်ကို အရင်ကထက် ပိုပြီး သေချာစောင့်ကြည့်ထားပါ။ လင်ချန်ယဲ့က ဆေးတောင်ကို အများပြည်သူအတွက် ဖွင့်ပေးလိုက်ပြီဆိုရင် လင်မိသားစုဝင်တွေ အထဲကိုဝင်ပြီး စူးစမ်းကြလိမ့်မယ်။ အဲဒီအခါ တစ်ခုခုကို သူတို့ တွေ့ကောင်း တွေ့သွားနိုင်တယ်။ အဲဒီတောင်ထဲမှာ ထူးဆန်းတဲ့ အရာတစ်ခုခု ရှိနေတာတော့ အမှန်ပဲ။ မဟုတ်ရင် ဆေးပင်တွေက ဒီအတိုင်း ညှိုးနွမ်းသွားမှာ မဟုတ်သလို၊ ချင်ရှန်းတို့ မြေးအဘိုးကလည်း ဒီတောင်ကို အသက်နဲ့လဲပြီး ဖက်တွယ်ထားမှာ မဟုတ်ဘူး"

​"မစိုးရိမ်ပါနဲ့ အမေ။ ကျွန်တော် အဲဒီဘက်ကို အသေအချာ စောင့်ကြည့်နေပါ့မယ်" တုဟန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

​အငယ်ဆုံးသား တုဖေးကို ကြည့်ရင်း တုကျောင်လန်က မျက်မှောင်ကြုတ်ကာ အမိန့်ပေးသည်။ "အဲဒီအရူးကို သတိထားကြည့်ပါ။ သူ တစ်ယောက်တည်း ရှိနေတဲ့အချိန်မျိုးဆိုရင် ငါ့ကို ချက်ချင်း အသိပေး"

​တုဖေးကလည်း ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။

​……

​ရေခဲကျောက်မြို့တော်...

​မြူတိမ်ဆောင်သည် မြို့တော်၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး ခံ့ညားထည်ဝါသော အဆောက်အဦးများစွာ တစ်လုံးနှင့်တစ်လုံး ဆက်တိုက် တည်ရှိနေသည်။ ထိုအဆောက်အဦးများကြားတွင် ကျောက်မျှော်စင်များစွာ ရှိပြီး မျှော်စင်တိုင်းတွင် မြူတိမ်ဆောင်၏ ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူများက ပတ်ဝန်းကျင်အား အထက်မှနေ၍ စောင့်ကြည့်နေကြသည်။

​"အကြီးအကဲဟန်ကို လင်မိသားစုက လင်ချန်ကျိ လာရောက်တွေ့ဆုံပါတယ်လို့ ကျေးဇူးပြုပြီး အကြောင်းကြားပေးပါ" လင်ချန်ကျိက မြူတိမ်ဆောင်၏ တောင်ဘက်တံခါးစောင့်များကို ပြုံးလျက် ပြောလိုက်သည်။

​လင်ရွှမ်းရွှမ်းသည် မျက်စိကျစရာ လိမ္မော်ရောင် စကတ်တိုလေးကို ဝတ်ဆင်ထားပြီး သူမ၏ ဖြူဖွေးသော လက်ကောက်ဝတ်များတွင် ငွေရောင် လက်ကောက်အချို့ကို ဆင်မြန်းထားသည်။ သူမ၏ ချစ်စရာကောင်းပြီး အပြစ်ကင်းသော မျက်နှာလေးပေါ်တွင်လည်း နုနယ်သော အပြုံးလေးတစ်ခု ရှိနေသည်။

​လင်မိသားစုအတွင်း၌ လင်ရွှမ်းရွှမ်းသည် ဒုတိယသမီးပျိုအဖြစ် အဆင့်အတန်း မြင့်မားသဖြင့် တစ်ခါတစ်ရံတွင် စိတ်ကူးပေါက်သလို ပြုမူတတ်သော်လည်း ဤနေရာတွင်မူ ထိုသို့ မလုပ်ရဲပေ။ လာသည့်လမ်းတွင် လင်ချန်ကျိက ရေခဲကျောက်မြို့တော်အတွင်း ရောက်သည့်အခါ မလိုအပ်သော ပြဿနာများ မတက်စေရန် စိတ်တိုတတ်သော သူမ၏ အကျင့်အား ထိန်းသိမ်းရန် အထပ်ထပ် သတိပေးထားခဲ့သည်။

​"အကြီးအကဲဟန် ဒီမှာမရှိဘူးလို့ ပြောပြီးပြီပဲ။ နောက်မှ ပြန်လာခဲ့" တုဟိုင်ထန်း၏ လူများက ထိုတံခါးစောင့်များကို ကြိုတင် မှာကြားထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့သည် မည်သည့် ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့် အေးစက်စွာ ပြောလိုက်သည်။ "နောက်ပြီး မင်းတို့နှစ်ယောက်စလုံးက လင်မိသားစုရဲ့ ခေါင်းဆောင်လည်း မဟုတ်ဘူး။ အကြီးအကဲဟန် ဒီမှာရှိနေရင်တောင် မင်းတို့ကို တွေ့ချင်မှ တွေ့လိမ့်မယ်"

​"ရှင်တို့က ဘယ်လိုဖြစ်တာလဲ။ ကျွန်မတို့က လင်မိသားစုကနေ ခက်ခက်ခဲခဲ လာခဲ့ရတာလေ။ ရှင်တို့က အထဲဝင်ပြီး မမေးတောင် မမေးဘဲ အကြီးအကဲဟန် ရှိမရှိကို ဘယ်လိုလုပ် သိတာလဲ" လင်ရွှမ်းရွှမ်းက အံကြိတ်ကာ အော်လိုက်သည်။

​မြူတိမ်ဆောင်၏ သာမန်တံခါးစောင့် နှစ်ယောက်ကပင် သူတို့အပေါ် ဤမျှ မောက်မာနေကြသည်။ ၎င်းက သူတို့မျက်လုံးထဲတွင် လင်မိသားစုသည် မည်သို့မျှ အရာမဝင်ကြောင်း ဖော်ပြနေခြင်းပင်။ လင်ရွှမ်းရွှမ်းသည် လက်အောက်ခံ မိသားစုတစ်ခုအနေဖြင့် မည်သည့် အခွင့်အရေးမှ မရရှိသည့်အဖြစ်ကို နားလည်သွားပြီး အလွန်အရှက်ရသွားခဲ့သည်။

​"သူမရှိတာကို ငါတို့ သိနေတာနဲ့တင် လုံလောက်ပြီ" တံခါးစောင့်တစ်ဦးက သူမကို စိုက်ကြည့်ကာ ရယ်မောလိုက်သည်။ "ညီမလေး... ဒီအစ်ကိုက မင်းကို မကူညီချင်လို့ မဟုတ်ပါဘူး၊ ကူညီဖို့ နည်းလမ်းမရှိလို့ပါ။ မြို့ထဲမှာပဲ အကြီးအကဲဟန် ပြန်လာတာကို ခဏစောင့်နေပါလား။ သူပြန်လာရင် ငါ အကြောင်းကြားပေးပါ့မယ်။ ဟဲဟဲ... ဒါပေမဲ့ ငါ့ရဲ့ တာဝန်ကျချိန်က နေ့ဘက်ပဲလေ၊ ညဘက်ဆိုရင်တော့ ငါအားပါတယ်။ ညီမလေးကကော ညဘက် အားရဲ့လား"

​နုပျိုလှပသော လင်ရွှမ်းရွှမ်းကို မြင်လိုက်ရသဖြင့် တံခါးစောင့်နှစ်ဦးမှာ ပျော်ရွှင်နေကြသည်။ သူတို့သည် တစ်ယောက်တစ်လှည့် စနောက်ပြောင်ရင်း ပိုးပန်းနေကြသော်လည်း အကြီးအကဲဟန်နှင့် တွေ့ဆုံမည့်ကိစ္စကိုမူ ပြတ်ပြတ်သားသား ငြင်းဆိုထားကြသည်။

​လင်ချန်ကျိနှင့် လင်ရွှမ်းရွှမ်းတို့သည် တံခါးဝတွင် ရပ်ကာ တံခါးစောင့်များနှင့် ကြာမြင့်စွာ အချေအတင် ပြောဆိုနေခဲ့သဖြင့် သူတို့၏ လည်ချောင်းများပင် ခြောက်ကပ်လာသော်လည်း မည်သည့် ရလဒ်မှ မထွက်လာခဲ့ပေ။ ထိုလမ်းတစ်လျှောက်တွင် မြူတိမ်ဆောင်၏ ကျင့်ကြံသူများစွာသည် တံခါးမှ ဝင်ထွက်သွားလာနေကြသည်။ ထိုလူများသည် လင်မိသားစုမှ ဖြစ်ကြောင်း သိရသည့်အခါ ဂရုမစိုက်သလို နေကြသော်လည်း လင်ရွှမ်းရွှမ်း၏ အလှအပကိုတော့ တစ်ချက် ဝေ့ကြည့်သွားကြသည်။ အချို့မှာ တံခါးစောင့်များနှင့်အတူ သူတို့ကို ဝိုင်းဝန်း လှောင်ပြောင်ပြီးမှ ရယ်မောလျက် ထွက်ခွာသွားကြသည်။

​မည်သူတစ်ဦးတစ်ယောက်ကမျှ လင်မိသားစုကို မျက်စိထဲ ထည့်မထားကြပေ။

​"မင်းတို့နှစ်ယောက် ညမိုးချုပ်တဲ့အထိ စောင့်နေရင်တောင် အကြီးအကဲဟန်နဲ့ တွေ့ရမှာ မဟုတ်ဘူး။ မိသားစုဆီ မြန်မြန် ပြန်ပြီး မင်းတို့ရဲ့ ခေါင်းဆောင်ကိုပဲ ကိုယ်တိုင် လာခိုင်းလိုက်တာ ပိုကောင်းမယ်" ခဏကြာသည့်အခါ တံခါးစောင့်နှစ်ဦးမှာ ငြီးငွေ့လာသဖြင့် သူတို့၏ အသံမှာ ရိုင်းစိုင်းလာတော့သည်။ "တံခါးဝမှာ ပိတ်မနေနဲ့တော့။ မဟုတ်ရင် ငါတို့ ရိုင်းရိုင်းစိုင်းစိုင်း လုပ်မိတော့မယ်"

​"ဟော... သခင်လေးကျိ၊ သောက်ဖို့ ထွက်လာတာလား။ ဒီနေ့ ကြည့်ရတာ လူက တကယ် လန်းဆန်းနေတာပဲ။ ဟားဟား... ဒီညတော့ သခင်လေး တစ်ယောက်တည်း ပျော်ပြီပေါ့"

​တံခါးစောင့်တစ်ဦးသည် အထဲမှ ထွက်လာသော ဝဝတုတ်တုတ် ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ဖားယားသော အပြုံးဖြင့် ပြောလိုက်သည်။ သူသည် သူ၏ ခန္ဓာကိုယ်ကို ဘေးသို့ ဖယ်လိုက်ပြီး ယင်ကောင်များကို မောင်းထုတ်သကဲ့သို့ လင်ချန်ကျိနှင့် လင်ရွှမ်းရွှမ်းတို့ကို လက်ယမ်းကာ ထိုကောင်လေး လမ်းလျှောက်ရန် ဖယ်ခိုင်းလိုက်သည်။

​"ကဲ... အမြန်ဖယ်ပေးလိုက်ကြ။ သခင်လေးကျိက ယမကာ မွှေးရနံ့ဥယျာဉ်မှာ သူငယ်ချင်းတွေနဲ့ ချိန်းထားတာ ရှိတယ်။ သူ့အချိန်တွေကို မဖြုန်းကြနဲ့"

​ခမ်းကျိသည် ဝါရွှေရောင် ပိုးထည်များကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ယပ်တောင်တစ်ချောင်းကို ကိုင်ကာ တစ်ခါတစ်ရံ ယပ်ခတ်ရင်း ဟန်အပြည့်ဖြင့် ရှိနေသည်။ သူသည် သူ၏ မျက်လုံးသေးသေးလေးများကို မှေးစင်းကာ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။ မြူတိမ်ဆောင်၏ ကျင့်ကြံသူများသည်ပင် သူ့ကို မြင်လိုက်ရသည်နှင့် လမ်းဖယ်ပေးကြရသည်။

​"လင်မိသားစုက လူတွေ... ဝေးဝေးသွားစမ်း၊ သခင်လေးကျိရဲ့ လမ်းကို ပိတ်မနေနဲ့" တံခါးစောင့်တစ်ဦးက အော်လိုက်သည်။

​လင်ချန်ကျိနှင့် လင်ရွှမ်းရွှမ်းတို့၏ မျက်နှာများမှာ ပို၍ ဆိုးရွားလာသည်။ တံခါးစောင့်၏ အော်ဟစ်သံကို ကြားရသည့်အခါ သူတို့ ပြန်မပြောရဲဘဲ ဘေးသို့သာ တိုးပေးလိုက်ကြရသည်။ သူတို့ ထိုနေရာတွင် ရှိနေသမျှ ကာလပတ်လုံး တံခါးစောင့်များက မည်သူ့အပေါ်တွင်မှ ဤကဲ့သို့ ဖားယားသော အမူအရာမျိုး မပြခဲ့သဖြင့် ဝါရွှေရောင် ဝတ်စုံဝတ်ထားသော ထိုကောင်လေးသည် အဆင့်အတန်း တစ်ခုခု ရှိရမည်ဟု သူတို့ ချက်ချင်း သိလိုက်သည်။

​"လင်မိသားစုလား" တောင်ဘက်တံခါးမှ ဟန်အပြည့်ဖြင့် ထွက်လာသော ခမ်းကျိသည် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် သူသည် လှည့်ကြည့်ကာ လင်ချန်ကျိနှင့် လင်ရွှမ်းရွှမ်းတို့ကို ဝေခွဲမရသော မျက်နှာဖြင့် ကြည့်ရင်း မေးလိုက်သည်။ "မင်းတို့က အာတိတ်တောင်တန်းရဲ့ တောင်ဘက်ပိုင်းက လင်မိသားစုလား။ ဆေးတောင် ရှိတဲ့ မိသားစု... ဟုတ်လား"

​လင်ချန်ကျိသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ရင်း ရင်ထဲတွင် ထူးဆန်းနေမိသည်။ သူက အားနာဟန် အပြုံးဖြင့် ပြန်ဖြေသည်။ "ဟုတ်ပါတယ်၊ ကျွန်တော်တို့ အဲဒီ လင်မိသားစုကပါ"

​"ဖြောင်း..."

​ကန်ကျိသည် ချက်ချင်း လမ်းလျှောက်လာပြီး လင်ချန်ကျိတို့အား အော်ခဲ့သော တံခါးစောင့်၏ ပါးကို ရုတ်တရက် ရိုက်လိုက်ရာ သွေးများပင် ထွက်သွားတော့သည်။ ထို့နောက် သူသည် အခြားတံခါးစောင့်ကိုလည်း အားကုန် ကန်လိုက်ရာ ထိုတံခါးစောင့်မှာ ဗိုက်ကိုဖိလျက် ကြမ်းပြင်ပေါ်တွင် လဲကျသွားပြီး နာကျင်လွန်းသဖြင့် ချွေးစေးများပင် ထွက်လာတော့သည်။

​လမ်းသွားလမ်းလာ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြတုန်လှုပ်သွားကြသည်။ လင်ချန်ကျိနှင့် လင်ရွှမ်းရွှမ်းတို့လည်း ထိုနည်းတူပင်။ ထိုကောင်လေး အဘယ်ကြောင့် ရုတ်တရက် ဒေါသထွက်လာမှန်း သူတို့ မသိသော်လည်း သူတို့ကို အနိုင်ကျင့်ခဲ့သော တံခါးစောင့်များ အနှိပ်စက်ခံရသည်အား မြင်ရသည့်အခါ တူဝရီး နှစ်ယောက်စလုံး ရင်ထဲတွင် အတိုင်းမသိ ဝမ်းသာသွားကြသည်။

​"မင်းတို့ရဲ့ ပါးစပ်တွေ နောက်တစ်ခါ ထပ်ပြီး ညစ်ပတ်ဦးမလား ကြည့်ရသေးတာပေါ့" ထိုလူနှစ်ဦးကို ဆုံးမပြီးနောက် ခမ်းကျိ၏ ဝဝတုတ်တုတ် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်ပေါ်လာသည်။ သူသည် လူတစ်ခြားစီ ဖြစ်သွားသကဲ့သို့ နူးညံ့စွာ မေးလိုက်သည်။ "မင်းတို့ မြူတိမ်ဆောင်ကို ဘာကိစ္စနဲ့ လာတာလဲ"

​"ကျွန်တော်တို့ အကြီးအကဲဟန်ကို ဆေးပင်အခွန်ကိစ္စ လာရှင်းပြတာပါ။ ဒါပေမဲ့ ဒီလူနှစ်ယောက်က အကြီးအကဲဟန် မရှိဘူးလို့ ပြောပြီး..." လင်ချန်ကျိက ရှင်းပြလိုက်သည်။

​ထိုစကားကို ကြားရသည့်အခါ ခမ်းကျိ၏ မျက်နှာမှာ ပြန်လည် တင်းမာသွားပြီး တံခါးစောင့်နှစ်ဦးကို ထပ်မံ ရိုက်နှက်ပြန်သည်။ "မင်းတို့ သေချင်နေတာလား။ ဦးလေးဟန်က အထဲမှာ ရှိနေတာကို မင်းတို့ ခွေးမျက်လုံးတွေ ကန်းနေလို့လား"

​တံခါးစောင့်နှစ်ဦးမှာ မရှောင်ရဲဘဲ ခမ်းကျိ၏ ရိုက်နှက်မှုကိုသာ ခံနေကြရသည်။ သူတို့ ရင်ထဲတွင်မူ သူတို့အား လိမ်ခိုင်းခဲ့သော တုဟိုင်ထန်း၏ လူများကိုသာ အမြတ်တနိုး ဆဲဆိုနေမိကြသည်။

​"ဟန်ယု" ခမ်းကျိက အဆောက်အဦးအတွင်းရှိ တစ်စုံတစ်ဦးကို လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။ "သူတို့ကို မင်းရဲ့ ဦးလေးဆီ ခေါ်သွားပေးလိုက်"

​"ဟုတ်ကဲ့ပါ၊ သခင်လေးကျိ" ပြုံးနေသော လူငယ်တစ်ဦးက ရှေ့သို့ တိုးလာသည်။

​"ငါ့မှာ သွားစရာ ရှိသေးလို့ မင်းတို့နဲ့ အတူ မလိုက်နိုင်တော့ဘူး" ခမ်းကျိက ပြုံးလျက် ပြောသည်။ ထို့နောက် သူက ရုတ်တရက် မေးလိုက်သည်။ "လင်လဲ့ဆိုတဲ့ ကောင်လေးကော နေကောင်းရဲ့လား"

​"လင်လဲ့ ဟုတ်လား" လင်ချန်ကျိမှာ ခေတ္တ ဆွံ့အသွားပြီးမှ စက်ရုပ်တစ်ရုပ်ကဲ့သို့ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "နေကောင်းပါတယ်၊ နေကောင်းပါတယ်"

​"ဟားဟား... နောက်ခါ သူ့ကိုတွေ့ရင် မြူတိမ်ဆောင်ကို အမြန်လာခဲ့ဦးလို့ ပြောလိုက်ပါ။ ညီအစ်ကိုတွေ အားလုံးက သူ့ကို လွမ်းနေကြတယ်လို့" ထိုဝဝတုတ်တုတ် ကောင်လေးက ထိုစကားကို ပြောပြီးနောက် လက်ယမ်းကာ ထွက်ခွာသွားတော့သည်။

​ဟန်ယုသည် ဇဝေဇဝါဖြစ်နေသော လင်ချန်ကျိနှင့် လင်ရွှမ်းရွှမ်းတို့ကို မြူတိမ်ဆောင်၏ အတွင်းပိုင်းသို့ ခေါ်ဆောင်သွားသည်။ သူတို့ကို စောစောက အနိုင်ကျင့်ခဲ့သော တံခါးစောင့်နှစ်ဦးမှာမူ ထောင့်တစ်နေရာတွင် ခေါင်းငုံ့ကာ ကြောက်လန့်တုန်ရင်နေကြရသည်။

​"ဒီမှာ ခင်ဗျာ့... အဲဒီ သခင်လေးကျိဆိုတာ ဘယ်လိုလူမျိုးလဲဟင်" လင်ချန်ကျိက ရုတ်တရက် မေးလိုက်သည်။

​"သူက ကျုပ်တို့ ဒုဂိုဏ်းချုပ်ကြီးရဲ့ သားလေ" ဟန်ယုက ပြုံးလျက် ဖြေသည်။ "ခင်ဗျားတို့အနေနဲ့ သခင်လေးကျိရဲ့ ကူညီမှုကို ရတာ တကယ် မလွယ်ဘူးနော်။ အဲဒီလူရဲ့ စိတ်က တကယ် ထူးဆန်းတာ။ အင်း... ခဏနေရင် ကျုပ်ဦးလေးနဲ့ တွေ့တဲ့အခါ ဒါကို အရင်ပြောပြလိုက်ပါ။ သိပ်ပြီး ခက်ခဲတဲ့ကိစ္စ မဟုတ်ရင် ကျုပ်ဦးလေးက ခင်ဗျားတို့ကို သေချာပေါက် ကူညီပေးလိမ့်မယ်"

​လင်ချန်ကျိနှင့် လင်ရွှမ်းရွှမ်းတို့၏ မျက်နှာများမှာ အံ့သြမှုကြောင့် ဆွံ့အသွားကြသည်။ မြူတိမ်ဆောင်တွင် ဂိုဏ်းချုပ်တစ်ဦး၊ ဒုဂိုဏ်းချုပ် နှစ်ဦးနှင့် အခြားအဆင့်မြင့် ရာထူးများ ရှိသည်။ ဒုဂိုဏ်းချုပ်ဆိုသည်မှာ မည်မျှ အာဏာကြီးမားကြောင်း သူတို့ ကောင်းကောင်းသိသည်။ ခမ်းကျိသည် ဒုဂိုဏ်းချုပ် ခမ်းဟွီ၏ သားဖြစ်သဖြင့် ထိုသို့ မောက်မာနိုင်ခြင်း ဖြစ်သည်။

​သူတို့ကို နှိပ်စက်နေသော တုဟိုင်ထန်းသည် မြူတိမ်ဆောင်၏ အကြီးအကဲ တစ်ဦးမျှသာ ဖြစ်သည်။ အကြီးအကဲ ငါးဦးထဲတွင် သူသည် အောက်ခြေနားတွင် ရှိပြီး ဒုဂိုဏ်းချုပ်နှင့်ဆိုလျှင် ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။

​မကြာခင်မှာပင် ဟန်ယုသည် သူတို့ကို စာအုပ်စင်များ ပြည့်နှက်နေသော ခန်းမဆောင်တစ်ခန်းသို့ ခေါ်ဆောင်သွားသည်။ လက်အောက်ခံ အင်အားစုများ၏ အခွန်ကိစ္စကို တာဝန်ယူရသော အကြီးအကဲ ဟန်ချင်းယွီသည် ထွက်ခွာရန် ပြင်နေစဉ် သူတို့အား မြင်လိုက်ရသည်။ အစတွင် သူ၏ မျက်နှာမှာ စိတ်ပျက်နေဟန် ရှိသော်လည်း လင်မိသားစုမှ ဖြစ်ကြောင်း ကြားရသည့်အခါတွင်မူ သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

​"ဘာကိစ္စရှိလို့လဲ" ဟန်ချင်းယွီက ပြုံးလျက် မေးရင်း သူတို့အတွက် လက်ဖက်ရည်ကို ကိုယ်တိုင် ငှဲ့ပေးလိုက်သည်။

​လင်ချန်ကျိသည် အံ့သြတုန်လှုပ်မှုများနှင့်အတူ အခြေအနေကို ရှင်းပြလိုက်သည်။ "အခုလောလောဆယ် ဆေးတောင်ပေါ်က ဆေးပင်တွေက မညှိုးနွမ်းတော့ပါဘူး။ နောက်ထပ် ရက်နည်းနည်းလောက်သာ စောင့်ပေးမယ်ဆိုရင် ကျွန်တော်တို့ လင်မိသားစုအနေနဲ့ အခွန်ကို အပြည့်အဝ ဆက်နိုင်မှာပါ"

​"ဒါကိုများ အကြီးအကျယ် ထင်လို့" ဟန်ချင်းယွီက လက်ယမ်းပြကာ ထိုင်ရန် အချက်ပြလိုက်သည်။ ထို့နောက် သူက ရယ်မောလျက် ပြောသည်။ "မင်းတို့ကို အခုပဲ အသိပေးလိုက်မယ်။ အခုအချိန်ကစပြီး နောက်ထပ် နှစ်နှစ်ထိ လင်မိသားစုဟာ ဘာဆေးပင်အခွန်မှ ဆက်စရာ မလိုတော့ဘူး"

​ထိုစကားကို ကြားရသည့်အခါ သူတို့နှစ်ဦးမှာ ထိုင်ခုံပေါ်မှ မှောက်ကျမတတ် အံ့သြသွားကြသည်။ လင်ချန်ကျိက အလန့်တကြား ပြောသည်။ "အကြီးအကဲဟန်... ကျေးဇူးပြုပြီး အဲဒီလို မလုပ်ပါနဲ့။ ကျွန်တော်တို့ ဆေးပင်အခွန်ကို အပြည့်အဝ ဆက်သပါ့မယ်"

​ဟန်ချင်းယွီသည် ခဏမျှ အံ့သြသွားပြီးမှ သူတို့ နားလည်မှု လွဲနေသည်ကို သိလိုက်ကာ ပြုံးလျက် ရှင်းပြသည်။ "မင်းတို့ လင်မိသားစုက လင်လဲ့ဟာ ကြီးမားတဲ့ အကျိုးဆောင်မှုကို ပြုလုပ်ခဲ့တယ်။ သူက မိသားစုအတွက်သာမက သူ့ကိုယ်တိုင်အတွက်ပါ ပံ့ပိုးမှုအမှတ်တွေ အများကြီး ရရှိခဲ့တယ်။ ဒါကြောင့် မင်းတို့ဟာ နောက်နှစ်နှစ်အတွက် အခွန်ကင်းလွတ်ခွင့် ရတာပါ။ ဒါက မြူတိမ်ဆောင်ရဲ့ စည်းမျဉ်းတစ်ခုပဲ။ လက်အောက်ခံ အင်အားစုက ကျင့်ကြံသူတစ်ယောက်ဟာ ကြီးမားတဲ့ စွမ်းဆောင်ရည် ပြနိုင်ရင် အဲဒီမိသားစုကို ဆုလာဘ်အနေနဲ့ နှစ်နှစ် အခွန်ကင်းလွတ်ခွင့် ပေးတာပဲ"

​"အကြီးအကဲဟန်၊ အကြီးအကဲဟန်" အပြင်မှ အော်ဟစ်သံများ ကြားလိုက်ရသည်။

​ဟန်ချင်းယွီက မတ်တပ်ရပ်လိုက်သည်။ "ငါ့မှာ တခြားကိစ္စ ရှိသေးလို့ အများကြီး မပြောနိုင်တော့ဘူး။ လင်လဲ့ရဲ့ အမည်ကို အမာခံအဖွဲ့ဝင် အဖြစ် စာရင်းသွင်းထားပြီး အကျိုးပြုအမှတ် ၁,၂၀၀ လည်း ထည့်ပေးထားပြီးပြီ။ မင်းတို့ ပြန်ရောက်ရင် သူ့ကို အချိန်မရွေး မြူတိမ်ဆောင်ကို လာနိုင်တယ်လို့ ပြောလိုက်ပါ"

​လင်ချန်ကျိနှင့် လင်ရွှမ်းရွှမ်းတို့မှာ သစ်သားရုပ်များကဲ့သို့ ငေးငိုင်နေစဉ် ဟန်ချင်းယွီက ဆက်ပြောသည်။ "နောက်ပြီး ငါ့ကိုယ်စား သူ့ကို ကျေးဇူးတင်စကား ပြောပေးပါဦး။ မကြာသေးခင်က ငါ့သားက သူ့အကြောင်း ခဏခဏ ပြောနေတာ။ သူသာ မကူညီခဲ့ရင် ငါ့သားဟာ ရေခဲပြင်နန်းတော်က လူတွေလက်ထဲမှာ သေသွားလောက်ပြီတဲ့"

​ဟန်ချင်းယွီသည် လင်ချန်ကျိ၏ ပခုံးကို ပုတ်ကာ နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။

​"...လင်လဲ့။ ငါတို့ မိသားစုထဲမှာ လင်လဲ့ဆိုတဲ့ နာမည်နဲ့လူက သေခါနီး အဘိုးကြီး တစ်ယောက်ပဲ ရှိတာ မဟုတ်လား" လင်ချန်ကျိက အိမ်မက်မက်နေသကဲ့သို့ မေးလိုက်သည်။

​"အမာခံအဖွဲ့ဝင်၊ အကျိုးပြုအမှတ် ၁,၂၀၀။ သူတို့ လူမှားနေတာလား" လင်ရွှမ်းရွှမ်း၏ စိတ်ထဲတွင် ဝေခွဲမရဖြစ်နေပြီး ခေါင်းများပင် မူးနောက်လာတော့သည်။

​"ငါ ထင်တာတော့... သူတို့ တကယ်ပဲ လူမှားနေတာ ထင်တယ်" လင်ချန်ကျိက အားကိုးရာမဲ့စွာ ပြောလိုက်တော့သည်။

All Chapters