← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉) ဂူအောင်းကျင့်ကြံခြင်း

​လင်ချန်ယဲ့သည် လင်မိသားစုဝင်များအား ဆေးတောင်အတွင်းရှိ ဂူများသို့ ဝင်ရောက်ခြင်းကို မတားမြစ်တော့သဖြင့် ထိုနေရာသည် ရုတ်တရက် အလွန်စည်ကားလာ၏။

​နေ့စဉ်နှင့်အမျှ လင်မိသားစုဝင် အတော်များများမှာ ယုံကြည်ချက်နှင့် မျှော်လင့်ချက်တို့ဖြင့် လာရောက်စူးစမ်းကြသော်လည်း ရလဒ်မှာမူ အတူတူပင်ဖြစ်၏။ ထိုသည်မှာ အရာမထင်သော ကြိုးပမ်းမှုသာ ဖြစ်ချေ၏။

​ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်သို့ ရောက်ရှိနေသည့် လင်ချန်ယဲ့နှင့် တုချီရှန်းတို့ကဲ့သို့သော သူများပင်လျှင် ထိုထူးဆန်းသည့် ဝင်္ကပါများကြား၌ လမ်းပျောက်ခဲ့ရသဖြင့် ကျန်ရှိသော လူများအတွက် ကျောက်ဂူအတွင်းပိုင်းအထိ အောင်မြင်စွာ ရောက်ရှိရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

​ကျရှုံးမှုများ တစ်ခုပြီးတစ်ခု ကြုံလာရပြီးနောက်တွင် လူအများစုမှာ သူတို့၏ နည်းဗျူဟာကို တဖြည်းဖြည်း ပြောင်းလဲလိုက်ကြပြီး ချင်လဲ့ကို အထဲသို့ ဝင်ရောက်နိုင်မည့် သော့ချက်အဖြစ် သတ်မှတ်လိုက်ကြ၏။

​ထိုအချိန်မှစ၍ လင်မိသားစုဝင် အတော်များများမှာ ချင်လဲ့နှင့်အတူ ဆေးတောင်အတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ရန် မျှော်လင့်ချက်ဖြင့် ချင်လဲ့၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါရန် မနက်စောစောကတည်းက စောင့်ဆိုင်းနေကြ၏။

​သို့သော် ကံမကောင်းစွာဖြင့်ပင် ကျောက်ဂူအတွင်းသို့ ဝင်ရောက်သည့် အကြိမ်တိုင်း၌ သူတို့သည် ရုတ်တရက် လမ်းပျောက်သွားကြပြီး ချင်လဲ့၏ နောက်သို့ မလိုက်နိုင်ဘဲ ဖြစ်ရ၏။ ကျောက်ဂူအတွင်း၌ ပုံရိပ်ယောင်များနှင့် မြူများဖြင့် ဖန်တီးထားသော ဝင်္ကပါများ အထင်အရှား ရှိနေသဖြင့် အတူဝင်လာသူများမှာ မိမိတို့ဘေးရှိ လူကိုပင် မြင်တွေ့နိုင်ခြင်း မရှိကြပေ။

​အကြိမ်အနည်းငယ် ကြိုးစားပြီးနောက်တွင် လူတို့သည် တဖြည်းဖြည်း လက်လျှော့သွားကြ၏။ သူတို့၏ စိတ်ထဲတွင် ချင်လဲ့အပေါ် စူးစမ်းလိုစိတ်များ ရှိနေဆဲ ဖြစ်သော်လည်း သူနှင့်အတူ လိုက်ပါရန် မအောင်မြင်သည့်နောက်တွင် ထိုကြိုးပမ်းမှုကို ရပ်တန့်လိုက်ကြတော့၏။

​လင်ချန်ယဲ့သည် တုကျောင်လန်၏ ကောက်ကျစ်ပြီး စိတ်ပုပ်သော စိတ်နေသဘောထားကို ကောင်းစွာသိရှိသဖြင့် သူမသည် ချင်လဲ့အား လုပ်ကြံရန် ကြိုးစားမည်ကို စိုးရိမ်၏။ ထို့ကြောင့် သူသည် လင်ဖုန်းနှင့် လင်ရင်းတို့ကို ချင်လဲ့ ဆေးတောင်သို့ အဝင်အထွက် ပြုလုပ်သည့်အခါတိုင်း လမ်းခုလတ်၌ လုပ်ကြံမခံရစေရန် စောင့်ကြပ်ဖို့ တာဝန်ပေးထား၏။

​လင်ချန်ယဲ့၏ ဤအစီအစဉ်ကြောင့် တုကျောင်လန်သည် အခွင့်အရေး မရရှိဘဲ ဖြစ်နေ၏။ လင်မိသားစုဝင်များအပေါ် သူမ၏ ဒေါသမှာ ပိုမိုကြီးထွားလာသလို ချင်လဲ့ကိုလည်း မျက်စိထဲမှ ဆူးတစ်ချောင်းကဲ့သို့ မြင်လာတော့၏။

​စေ့စပ်ပွဲ ပြီးဆုံးသွားပြီးနောက်တွင် လင်ယွီရှီးသည် ချင်လဲ့ထံသို့ ပိုမိုမကြာခဏ လာရောက်တတ်၏။ တစ်ခါတစ်ရံတွင် သူမသည် မနက်စောစောကတည်းက အစားအစာများ ယူဆောင်လာပေးသဖြင့် ချင်လဲ့မှာ စားသောက်ဆောင်သို့ သွားရန် မလိုတော့ပေ။

​ညနေပိုင်း ချင်လဲ့ ပြန်လာချိန်တွင်လည်း သူမသည် ကြိုတင်ရောက်ရှိနေတတ်၏။

​လင်ယွီရှီးသည် ရေနွေးပြင်ပေးခြင်း၊ အိပ်ရာခင်းများ သိမ်းဆည်းပေးခြင်း၊ သန့်ရှင်းရေး လုပ်ပေးခြင်း စသည့် အိမ်မှုကိစ္စများကို ပိုမိုကျွမ်းကျင်လာ၏။ သူမ၏ စကားများတတ်သည့် အကျင့်ကြောင့်လည်း ချင်လဲ့သည် လင်မြို့နယ်အတွင်းရှိ အကြောင်းအရာ အသေးအဖွဲလေးများကိုပင် လက်ဝါးပေါ်၌ တင်ထားသကဲ့သို့ အကုန်အစင် သိရှိနေရ၏။

​တစ်ခါတစ်ရံတွင် လင်ယွီရှီးသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး သူမ၏ လက်ကလေးများဖြင့် သူမ၏ မေးစေ့ကို ထောက်ကာ ချင်လဲ့ကို စိုက်ကြည့်နေတတ်၏။ သူမ၏ လှပသော မျက်လုံးလေးများသည် ချင်လဲ့၏ ရင်ထဲမှ လျှို့ဝှက်ချက်များကို ဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားနေသည့်အလား ရှိ၏။

​ထိုသို့သော အချိန်မျိုးတွင် ချင်လဲ့မှာ ရုတ်တရက် စိတ်လှုပ်ရှားသွားတတ်သော်လည်း သူ၏ မျက်နှာထားကိုမူ တည်ငြိမ်အောင် အတင်းထိန်းထားရ၏။

​လင်ယွီရှီးမှာ တစ်ခါတစ်ရံတွင် စိတ်ပျက်မှုကြောင့် သက်ပြင်းချတတ်သလို၊ တစ်ခါတစ်ရံတွင်လည်း ခေါင်းကို ခါယမ်းကာ ထိန်းမနိုင်သိမ်းမရ ရယ်မောတတ်သဖြင့် ချင်လဲ့မှာ သူမ၏ စိတ်အတွင်းကို မှန်းဆ၍ မရဘဲ ရှိနေ၏။

​ဆေးတောင်သည် မည်မျှပင် စည်ကားနေပါစေ ချင်လဲ့၏ နေ့စဉ်ကျင့်ကြံခြင်းမှာမူ ပြောင်းလဲခြင်း မရှိပေ။ သူသည် မနားမနေ ကျင့်ကြံအားထုတ်၏။

​နောက်ထပ် တစ်ရက် ကုန်ဆုံးသွား၏။

​ဆေးတောင်၏ ကျယ်ပြောလှသော ဂူစနစ်အတွင်း၌ ချင်လဲ့သည် ကျောက်တိုင်တစ်တိုင်ကို မှီ၍ ထိုင်နေ၏။ သူသည် အသက်ကို အောင့်ထားပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ ဝိညာဉ်အမြုတေများ၏ အကူအညီဖြင့် ကျင့်ကြံနေသည်။

​သူ၏ ဘေးပတ်လည်ရှိ ကြမ်းပြင်တွင် ဝိညာဉ်စွမ်းအင်များ စုပ်ယူပြီးနောက် ကြွင်းကျန်ရစ်သည့် အမြုတေ ပြာမှုန့်များမှာ ပုံနေတော့သည်။

​သူရရှိထားသည့် အမြုတေ ၄၀ ကျော်မှာလည်း အနည်းငယ်သာ ကျန်တော့၏။ ထို့အပြင် သူစုဆောင်းထားသည့် ရေခဲရိုးတံမြက် များမှာလည်း ကုန်ဆုံးသွားပြီ ဖြစ်၏။

​အချိန်အတန်ကြာပြီးနောက် အမြုတေတစ်တုံးမှာ ပြာအဖြစ်သို့ ကြေမွသွားပြန်၏။ သူသည် တည်ငြိမ်သော မျက်နှာထားဖြင့် ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်နေသည်။

​ဝိညာဉ်စွမ်းအင် အနည်းငယ်မှာ သူ၏ ဝိညာဉ်ပင်လယ်မှ ထွက်ပေါ်လာပြီး ကြွက်သားများနှင့် သွေးကြောများအတွင်း စီးဆင်းကာ လက်ဝဲဘက် လက်ညှိုးထံသို့ စုစည်းသွားသည်။ ထိုစွမ်းအင်များသည် မုန်တိုင်းကဲ့သို့ အဟုန်ပြင်းစွာဖြင့် လက်ညှိုးဆီသို့ တိုးဝင်သွားတော့သည်။

​"ဖျစ်... ဖျစ်... ဖျစ်"

​သူ၏ လက်ညှိုးထိပ်မှ ထူးဆန်းသော လျှပ်စစ်စီးသံများ ထွက်ပေါ်လာသည်။ သူ၏ လက်ညှိုးမှာ ဝိညာဉ်စွမ်းအင်များ စုပြုံလာသဖြင့် အလွန်နာကျင်နေပြီး မီးလောင်ထားသကဲ့သို့ နီမြန်းနေတော့သည်။

​"ဖုန်း..."

​ထိုဝိညာဉ်စွမ်းအင်များသည် မမြင်နိုင်သော အတားအဆီးတစ်ခုကို တိုက်မိသွားသကဲ့သို့ ဖြစ်ကာ လက်ညှိုးထိပ်မှ ထွက်မသွားဘဲ လက်ဖဝါးအတွင်းသို့ ပြန်လည် ဆုတ်ခွာသွားသဖြင့် သူ၏ လက်မှာ ထုံကျင်သွားပြီး မည်သည့် ခံစားချက်မှ မရှိတော့ပေ။

​"မရသေးဘူးပဲ..."

​ချင်လဲ့သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး သူ၏ လက်ဝဲဘက်လက်ကို လှုပ်ယမ်းလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်မှုနှင့် အားကိုးရာမဲ့မှု အရိပ်အယောင်များ ရှိနေသည်။

​မကြာသေးမီက ဝိညာဉ်အမြုတေများ၏ အကူအညီကြောင့် သူ၏ ဝိညာဉ်စွမ်းအင်များ ပိုမိုပြည့်ဝလာသဖြင့် ဝိညာဉ်သန့်စင်ခြင်း အဆင့် ၇ သို့ တက်လှမ်းရန် သူ ပြင်ဆင်နေခြင်း ဖြစ်၏။ သို့သော် အကြိမ်ကြိမ် ကြိုးစားသော်လည်း ကျရှုံးခဲ့ရသည်။

​ဝိညာဉ်သန့်စင်ခြင်းအဆင့်ကို အဆင့် ၉ ဆင့် ခွဲခြားထားသည်။ ပထမ အဆင့် ၆ ဆင့်မှာ ဝိညာဉ်စွမ်းအင် စုဆောင်းခြင်းနှင့် ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လုပ်ခြင်းသာ ဖြစ်သဖြင့် တက်လှမ်းရသည်မှာ လွယ်ကူသည်။

​ထိုကာလအတွင်း ကျင့်ကြံသူများသည် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကိုသာ အားကိုးရပြီး ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်၍ တိုက်ခိုက်နိုင်ခြင်း မရှိသေးပေ။

​အဆင့် ၇ သို့ ရောက်ရှိမှသာ ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်နိုင်ပြီး ဝိညာဉ်လက်နက်များအတွင်းသို့ စွမ်းအင်များ ထည့်သွင်းကာ တိုက်ခိုက်နိုင်မည် ဖြစ်၏။

​ထို့ကြောင့် အဆင့် ၆ နှင့် အဆင့် ၇ ကြားတွင် ကြီးမားသော ခြားနားချက် ရှိနေသည်။

​ယခင်က သူ တိုက်ခိုက်စဉ်က လျှပ်စီးများ ထွက်ပေါ်လာခြင်းမှာ သူ၏ ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ခြင်း မဟုတ်ဘဲ သဘာဝ၏ လျှပ်စီးများအား ဆွဲယူခြင်းသာ ဖြစ်၏။ သဘာဝ၏ အကူအညီ မပါဘဲ သူသည် ထိုသို့ မလုပ်နိုင်သေးပေ။

​"ငါ ဒီအတားအဆီးကို အမြန်ဆုံး ကျော်ဖြတ်ရမယ်" ချင်လဲ့သည် ခဏမျှ အနားယူပြီးနောက် ကျန်ရှိနေသော အမြုတေများကို ကြည့်ကာ ပြန်လည် ကြိုးစားပြန်သည်။

​သူသည် ဝိညာဉ်နှိမ်နှင်းခြင်း ပုတီးစေ့ကို အသုံးပြု၍ အတွေးကင်းစင်သော အခြေအနေသို့ ဝင်ရောက်လိုက်၏။ ထိုအခြေအနေတွင် သူ၏ ဝိညာဉ်မှာ ခန္ဓာကိုယ်အတွင်းမှ ထွက်သွားသကဲ့သို့ ခံစားရပြီး သူ၏ ခန္ဓာကိုယ် ကျင့်ကြံနေသည်ကို ပြင်ပမှနေ၍ ရှင်းလင်းစွာ မြင်တွေ့နေရသည်၊

​ထိုထူးဆန်းသည့် အခြေအနေတွင် သူ၏ ခန္ဓာကိုယ်သည် ဝိညာဉ်စွမ်းအင်များကို အရှိန်အဟုန်ဖြင့် စုပ်ယူနိုင်သည်။

​"ဝုန်း..."

​ရုတ်တရက် သူ၏ လက်ညှိုးထိပ်မှ အပြာရောင် လျှပ်စီးတန်းတစ်တန်း ထွက်ပေါ်လာပြီး ကျောက်နံရံကို ထိမှန်သွားသည်။ ၎င်းသည် သူ အဆင့် ၇ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပြီ ဖြစ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်၏။

​ချင်လဲ့သည် ဝမ်းသာအားရ ဖြစ်သွားပြီး သူ၏ စိတ်စွမ်းအားဖြင့်ပင် ထိုအခြေအနေမှ နိုးထလာနိုင်ခဲ့သည်။ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သူသည် သူ၏ စိတ်ဆန္ဒဖြင့်သာ ထိုအခြေအနေမှ ရုန်းထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

​"ဟဲဟဲဟဲ" ချင်လဲ့မှာ ထိုင်ရင်းနှင့် အရူးတစ်ယောက်ကဲ့သို့ ပြုံးနေမိတော့သည်။

​သူသည် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ရုံသာမက ထိုအခြေအနေမှ နိုးထနိုင်သည့် စွမ်းရည်ကိုပါ ရရှိခဲ့သဖြင့် သူ၏ ယုံကြည်မှုမှာ ပိုမိုခိုင်မာလာတော့သည်။

​"ဂွီ... ဂွီ..."

​သူ၏ ဝမ်းဗိုက်အတွင်းမှ အသံများ ထွက်ပေါ်လာချိန်မှသာ သူသည် အလွန်ဗိုက်ဆာနေကြောင်း သိလိုက်ရသည်။ သူသည် အားအင်ကုန်ခမ်းစွာဖြင့် ဂူအပြင်သို့ ထွက်လာ၏။

​ဂူဝတွင်မူ သူ့ကို စိုးရိမ်တကြီး စောင့်မျှော်နေသော လင်ယွီရှီးကို သူ မြင်တွေ့လိုက်ရသည်။

အခန်း (၂၀) ထိုအံ့ဖွယ်ပုဂ္ဂိုလ်မှာ မည်သူနည်း

​နေဝင်ရိုးရီ အချိန်ဖြစ်၏။ မြစိမ်းရောင် စကတ်ရှည်ကို ဝတ်ဆင်ထားသည့် လင်ယွီရှီးသည် ဂူဝသို့ မျက်နှာမူလျက် ရပ်နေသည်။ သူမ၏ ပုံရိပ်မှာ သွယ်လျနွဲ့နှောင်းလျက် ကြည့်ကောင်းလွန်းလှသော်လည်း မျက်ဝန်းများမှာမူ အာရုံမရှိသကဲ့သို့ ဖြစ်နေပြီး မျက်နှာထက်၌လည်း တောက်ပမှုများ ကင်းမဲ့နေသည်၊

​ချင်လဲ့သည် လမ်းလျှောက်နေရင်း ရုတ်တရက် ရပ်တန့်လိုက်ပြီး သူမ၏ လှပသော နောက်ကျောပုံရိပ်ကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူသည် တမင်တကာ ခြေသံကို မြှင့်၍ လျှောက်လိုက်၏။

​လင်ယွီရှီးသည် အိပ်မက်မှ နိုးလာသကဲ့သို့ ရုတ်တရက် လန့်နိုးလာပြီး ခေါင်းကို လှည့်ကြည့်လိုက်သည်။ သူမ၏ မှေးမှိန်နေသော မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပလာတော့သည်။

​"ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ။ အခုဆို လေးရက်တောင် ရှိတော့မယ်၊ အစာမစား ရေမသောက်ဘဲ ဘယ်လိုများ တောင့်ခံထားတာလဲ" သူမက စိုးရိမ်တကြီးဖြင့် ချင်လဲ့ထံသို့ ပြေးလာရင်း တိုးတိုးလေး အော်ဟစ်လိုက်သည်။ "ကဲ... အရင်ဆုံး ရေသောက်လိုက်ဦး။ အသားကင်တွေလည်း ငါယူလာခဲ့တယ်၊ ဒါဆိုရင် ဗိုက်တော့ နည်းနည်းပြည့်သွားမှာပါ"

​လင်ယွီရှီးသည် သူမ ယူဆောင်လာသော ရေဘူးကို အလျင်အမြန် ကမ်းပေးလိုက်သည်။

​ဤအချိန်၌ ချင်လဲ့မှာ အလွန်ဆာလောင်မွတ်သိပ်နေသဖြင့် ရေဘူးကို ချက်ချင်းလက်ခံကာ အားရပါးရ သောက်လိုက်၏။ ထို့နောက် သူသည် အမဲသားကင်များကို ဆွဲယူကာ တောရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ အငမ်းမရ စားသောက်တော့သည်။

​အတန်ကြာမှ ချင်လဲ့သည် ဗိုက်ပြည့်သွားပြီး စိတ်လက်ပေါ့ပါးသွားကာ လှည့်ကြည့်လိုက်ရာ လင်ယွီရှီးမှာ စိုးရိမ်တကြီးဖြင့် မျက်မှောင်ကြုတ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

​"တကယ်ပါပဲ... ဒီလို လေးရက်ဆက်တိုက် ဂူအောင်းတော့မယ်ဆိုရင် အစာနဲ့ ရေ ပြင်ဆင်ထားလို့ရအောင် ငါ့ကို ကြိုပြောသင့်တာပေါ့။ နင် ငါ့ကို တကယ် ကြောက်အောင် လုပ်လိုက်တာပဲ သိရဲ့လား။ နင် ထမင်းငတ်ပြီး သေတော့မယ်လို့တောင် ငါ ထင်နေတာ..." လင်ယွီရှီးသည် ချင်လဲ့၏ အင်္ကျီပေါ်မှ အသားစများကို အသာအယာ သုတ်ပေးရင်း တိုးတိုးလေး ပြောနေသည်။ "ကဲ... အိမ်ကို အမြန်ပြန်ပြီး ရေချိုးကြရအောင်။ နင့်ဆီက အနံ့တွေ ထွက်နေပြီ၊ ဂူထဲမှာ ဘာတွေ လုပ်နေမှန်းလည်း မသိဘူး"

​ချင်လဲ့၏ မျက်နှာမှာမူ အမူအရာ ကင်းမဲ့မြဲ ဖြစ်သည်။ သူမက အင်္ကျီများကို ပြင်ပေးခြင်း၊ မျက်နှာပေါ်မှ ဖုန်များကို သုတ်ပေးခြင်းတို့ကို ပြုလုပ်ပေးသည့်အခါ သူ၏ ရင်ထဲ၌ နွေးထွေးသော ခံစားချက်တစ်ခု စီးဆင်းသွားသည်။ သူတို့ ဂူထဲမှ ထွက်လာသည့်အခါတွင်မူ ညနေမိုးချုပ်လုနီးပြီ ဖြစ်ပြီး ဂူဝ၌ လင်မိသားစုဝင် တစ်ဦးတစ်ယောက်မျှ မရှိတော့သည်ကို ချင်လဲ့ သတိပြုမိလိုက်သည်။ ၎င်းမှာ သူတို့သည် ရှာဖွေခြင်းကို လက်လျှော့သွားကြပြီ ဖြစ်ကြောင်း ပြသနေခြင်းပင် ဖြစ်၏။

​"အစ်မ၊ ကျွန်မတို့ ဒီမှာ"

​တောင်အောက်ခြေရှိ ကျောက်တုံးတစ်တုံးအနားမှ လင်ရင်းသည် လင်ယွီရှီးကို လက်ယမ်းပြနေသည်။ သူမ၏ ဘေးတွင် လင်ဖုန်း ရှိနေသည်။ သူတို့နှစ်ဦးမှာ တုမိသားစု၏ လုပ်ကြံမှုဘေးမှ ချင်လဲ့ကို ကာကွယ်ရန် စောင့်ကြပ်ပေးနေခြင်း ဖြစ်၏။

​ညနေခင်း ကောင်းကင်ယံသည် ပတ္တမြားရောင် အလင်းတန်းများနှင့် မီးတောက်များကဲ့သို့ တောက်ပနေသဖြင့် တောင်တန်းကြီးတစ်တန်းလုံးပင် အနီရောင် ဆိုးထားသကဲ့သို့ ရှိနေ၏။

​သူတို့ လေးဦးသည် ထိုအနီရောင် အလင်းတန်းများအောက်တွင် တောင်ပေါ်လမ်းအတိုင်း ဆင်းလာခဲ့ကြသည်။

​ချင်လဲ့မှာ ထုံးစံအတိုင်း ငေးငိုင်နေဆဲ ဖြစ်သည်။ လင်ရင်းမှာမူ ပျော်ရွှင်တက်ကြွနေပြီး လင်ယွီရှီးနှင့် ပြုံးရွှင်စွာ စကားပြောနေရင်း ချင်လဲ့ကိုလည်း ခိုးခိုးကြည့်နေတတ်သည်။ လင်ဖုန်းမှာမူ တည်ငြိမ်သော အပြုံးဖြင့် နားထောင်နေသော်လည်း စကားဝိုင်းထဲသို့ ဝင်ရောက်ပြောဆိုခြင်း မရှိပေ။

​"အစ်မ... သွေးကြောရာကျော်ဆေးလုံးနဲ့ ပင်လယ်ဖွင့်ဆေးလုံးတွေကို သောက်ပြီးပြီလား။ အာနိသင်က သူတို့ပြောသလို တကယ်ပဲ အံ့သြဖို့ကောင်းလားဟင်" လင်ရင်းက စိတ်ဝင်တစား မေးမြန်းလိုက်၏။ သူမသည် ချင်လဲ့ထံသို့ ခိုးကြည့်လိုက်ပြီး ထိုကဲ့သို့ တန်ဖိုးကြီးသည့် ဆေးလုံးများကို ချင်လဲ့ မည်သို့ ရရှိလာသနည်းဟု တွေးတောနေပုံရ၏။

​လင်ဖုန်းသည်လည်း စိတ်ဝင်တစားရှိလာပြီး လင်ယွီရှီး၏ စကားကို အသေအချာ နားထောင်ရန် သူမဘက်သို့ လှည့်ကြည့်လိုက်သည်။

​လင်ယွီရှီးသည် ချင်လဲ့ကို ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ "မကြာသေးခင်ကမှ သွေးကြောရာကျော်ဆေးလုံးကို သောက်ဖို့ ပြင်ဆင်နေတာပါ။ ပင်လယ်ဖွင့် ဆေးလုံးကတော့ သောက်ဖို့ နည်းနည်း စောသေးတယ်လို့ ထင်တယ်၊ ဒါကြောင့် အဆင့် ၉ ရောက်မှ သောက်ဖို့ စီစဉ်ထားပါတယ်။ ငါ့ရဲ့ ပါရမီက နင်တို့လောက် မကောင်းဘူးလေ၊ ဆေးလုံးတွေရဲ့ အကူအညီ မပါရင် ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်ကို တက်ဖို့ ခက်လိမ့်မယ်" သူမက ခပ်အေးအေးပင် ဖြေကြားလိုက်ပြီးနောက် မိမိကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးလေးဖြင့် ပြုံးလိုက်၏။

​"အစ်မကလည်း နှိမ့်ချလွန်းပါတယ်" လင်ဖုန်းက ကိုယ်ကို မတ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျွန်တော့်အမြင်အရဆိုရင် အစ်မရဲ့ ပါရမီက မမလေးထက် မနိမ့်ပါဘူး။ အစ်မက မိသားစုကိစ္စတွေကို ငယ်ငယ်ကတည်းက တာဝန်ယူခဲ့ရလို့ ကျင့်ကြံခြင်းမှာ အာရုံမစိုက်နိုင်ခဲ့တာပါ။ နောက်ပြီး ဂိုဏ်းချုပ်က မမလေးကို ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပိုပေးခဲ့လို့သာ အစ်မတို့နှစ်ယောက် အဆင့်တူနေတာ ဖြစ်နိုင်ပါတယ်"

​"ငါ့ကို နှစ်သိမ့်ပေးဖို့ မလိုပါဘူး၊ ငါ့ရဲ့ ပါရမီက ညီမလေးလောက် မကောင်းတာ ငါသိပါတယ်" လင်ယွီရှီးက ပြုံးလျက် ဆက်ပြောသည်။ "နင်တို့နှစ်ယောက်လုံးရဲ့ ပါရမီက လင်မိသားစုထဲမှာ ထူးချွန်တယ်ဆိုတာ ငါမြင်ပါတယ်။ နင်တို့သာ အားစိုက်ပြီး ကျင့်ကြံမယ်ဆိုရင် နောင်တစ်ချိန်မှာ မြူတိမ်ဆောင်ကို ဝင်နိုင်ဖို့က မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး"

​မြူတိမ်ဆောင် အမည်ကို ကြားလိုက်ရသည့်အခါ လင်ရင်းနှင့် လင်ဖုန်းတို့နှစ်ဦးစလုံး၏ မျက်ဝန်းများတွင် တောင့်တမှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။

​သူတို့၏ ရင်ထဲ၌ မြူတိမ်ဆောင်သည် အမြင့်မြတ်ဆုံးသော ကျင့်ကြံရာ နေရာတစ်နေရာဖြစ်ပြီး မြူတိမ်ဆောင်တွင် ကျင့်ကြံခွင့်ရခြင်းမှာ သူတို့၏ အကြီးမားဆုံး အိပ်မက်ပင် ဖြစ်၏။

​လင်ယွီရှီးနှင့် ကျန်ရှိသူများသည် လမ်းတစ်လျှောက် စကားပြောဆိုရင်း ပြန်လာကြ၏။

​သူတို့ လေးဦးသည် မိုးချုပ်လုနီးအချိန်တွင် လင်မြို့သို့ ပြန်လည်ရောက်ရှိလာကြ၏။ မြို့အဝင်သို့ ရောက်သည်နှင့် လင်ချန်ကျိနှင့် လင်ရွှမ်းရွှမ်းတို့ ခရီးမှ ပြန်ရောက်နေပြီဖြစ်ကြောင်း သတင်းရရှိလိုက်၏။

​"ဦးလေးသုံး ပြန်ရောက်တာနဲ့ ဂိုဏ်းချုပ်နဲ့အတူ မြို့အရှေ့ဘက်က လင်လဲ့ရဲ့ အိမ်ကို ချက်ချင်း သွားကြတယ်။ လင်လဲ့က အသက် ခုနစ်ဆယ်ကျော်ပြီ၊ အိပ်ရာထဲ လဲနေတာလည်း ကြာပြီလေ။ ဂိုဏ်းချုပ်က သူ့အိမ်ကို ဘာကိစ္စနဲ့ သွားတာလဲတော့ ကျွန်တော် မသိဘူး"

​လင်ယွီရှီး၊ လင်ဖုန်းနှင့် လင်ရင်းတို့မှာ ဇဝေဇဝါ ဖြစ်နေကြသော်လည်း ချင်လဲ့မှာမူ အနည်းငယ် အံ့သြသွားပြီးမှ လင်ချန်ကျိတို့ မြူတိမ်ဆောင်သို့ သွားခဲ့သည့် အကြောင်းအရင်းကို ဆက်စပ်တွေးတောမိလိုက်၏။ သူသည် တုကျဲတို့နှင့် ဆုံခဲ့သည်ကို သတိရသွားပြီး တွေးမိသည်။ "သူတို့တွေ တုကျဲတို့နဲ့ ဆုံခဲ့ကြတာများလား"

​"ငါ သွားကြည့်လိုက်ဦးမယ်။ လင်ဖုန်း၊ လင်ရင်း... ချင်လဲ့ကို သူ့အိမ်အထိ လိုက်ပို့ပေးလိုက်ကြပါ" သူမက မှာကြားပြီးနောက် မြို့အရှေ့ဘက်သို့ အလျင်အမြန် ထွက်ခွာသွားတော့၏။

​သူမသည် လင်လဲ့၏ အိမ်သို့ ရောက်ရှိသည့်အခါ လင်ချန်ယဲ့၊ လင်ချန်ကျိနှင့် လင်ရွှမ်းရွှမ်းတို့ အိမ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။ လင်ချန်ယဲ့နှင့် သူ၏ ညီဖြစ်သူမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို တခါခါ ယမ်းနေကြ၏။

​လင်ရွှမ်းရွှမ်းသည် သူမကို မြင်လိုက်ရသည့်အခါ ရုတ်တရက် စိတ်လှုပ်ရှားလာပြီး ငိုတော့မည့် မျက်နှာထား ဖြစ်သွား၏။

​"အဖေ... ဘာတွေ ဖြစ်နေတာလဲဟင်" လင်ယွီရှီးက ချိုသာစွာ မေးမြန်းလိုက်၏။

​"အိမ်ရောက်မှ ပြောကြတာပေါ့" လင်ချန်ယဲ့က လက်ယမ်းပြလိုက်၏။

​အတန်ကြာပြီးနောက် မိသားစုအားလုံး ဧည့်ခန်းထဲ၌ စုဝေးမိကြသောအခါ လင်ရွှမ်းရွှမ်းသည် မျက်ရည်များ ဝဲလျက် အော်ဟစ်လိုက်သည်။ "အစ်မ၊ ဘယ်သူက ခိုင်းလို့ အဲဒီအရူးနဲ့ စေ့စပ်ဖို့ သဘောတူလိုက်တာလဲ"

​"ဒါက ငါ့ရဲ့ ဆန္ဒပါ" လင်ယွီရှီးက ခပ်အေးအေးပင် ပြုံးလျက် ပြောလိုက်၏။

​"ဘယ်သူကများ သူ့လိုလူနဲ့ စေ့စပ်ချင်မှာလဲ" လင်ရွှမ်းရွှမ်းသည် အောင့်အီးထားသမျှ ပေါက်ကွဲထွက်သွားပြီး ငိုချလိုက်တော့၏။ "သူက အရူးတစ်ယောက်ပဲလေ၊ ဘာလို့ အစ်မကိုယ်တိုင် ဒီလို အနစ်နာခံရတာလဲ။ အဖေက ခိုင်းတာလား"

​"တိတ်စမ်း" လင်ချန်ယဲ့က ဒေါသတကြီး အော်လိုက်၏။ "နင် မြူတိမ်ဆောင်ကို ရောက်ခဲ့ပြီးပြီ၊ သူတို့ ငါတို့ကို ဘယ်လို ဆက်ဆံတယ်ဆိုတာလည်း နင် ကိုယ်တိုင် မြင်ခဲ့တာပဲ။ ငါတို့ လင်မိသားစုက သူတို့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူးလို့ နင် ထင်နေတာလား။ အနည်းဆုံးတော့ နင့်အစ်မက မိသားစုအတွက် ဘယ်လို အနစ်နာခံရမလဲဆိုတာ သိတယ်။ နင်ကကော တာဝန်ယူမှုဆိုတာ ဘာလဲဆိုတာ သိရဲ့လား။ မိသားစုအတွက် ပြဿနာ ထပ်မရှာရင်ပဲ တော်လှပြီ"

​လင်ရွှမ်းရွှမ်းသည် သူ၏ အဖေ ဤမျှ ဒေါသထွက်နေသည်ကို တစ်ခါတစ်ရံမှသာ မြင်ဖူးသဖြင့် ချက်ချင်းပင် ငြိမ်ကျသွား၏။ သူမသည် မြူတိမ်ဆောင်တွင် ကြုံတွေ့ခဲ့ရသည်များကို သတိရပြီး ခေါင်းငုံ့ကာ တရှုံ့ရှုံ့ ငိုနေတော့၏။

​"မြူတိမ်ဆောင်က မှားတာပဲ ဖြစ်ရမယ်၊ ဒါမှမဟုတ်ရင် ဒီလင်လဲ့ဆိုတာ တခြားတစ်ယောက်ယောက် ဖြစ်ရမယ်" လင်ချန်ကျိက ရုတ်တရက် ပြောလိုက်၏။

​"ဘာတွေ ဖြစ်ခဲ့လို့လဲဟင်" လင်ယွီရှီးက မေးမြန်းလိုက်၏။

​"ဪ... နင့်ဦးလေးသုံး မြူတိမ်ဆောင်မှာ ထူးဆန်းတဲ့ ကိစ္စတစ်ခု ကြုံခဲ့ရတာလေ" လင်မိသားစု ဂိုဏ်းချုပ်သည် အကြောင်းအရာ အလုံးစုံကို အစမှ အဆုံးတိုင် ရှင်းပြလိုက်ပြီးနောက် ဆက်ပြောသည်။ "မြူတိမ်ဆောင်က အကြီးအကဲ ဟန်ချင်းယွီက ငါတို့ကို အသိပေးတာကတော့... ငါတို့ မိသားစုဟာ နောက်နှစ်နှစ်အတွက် ဆေးပင်အခွန် ဆက်စရာ မလိုတော့ဘူးတဲ့။ နောက်ပြီး လင်လဲ့ဟာ သူတို့ကို ကြီးမားတဲ့ အကူအညီ ပေးခဲ့လို့ မြူတိမ်ဆောင်ရဲ့ အမာခံအဖွဲ့ဝင်အဖြစ် စာရင်းသွင်းခံရပြီး အကျိုးပြုအမှတ် တစ်ထောင့်နှစ်ရာတောင် ရခဲ့တယ်တဲ့။ တကယ်လို့ ဒီလင်လဲ့ဆိုတဲ့ လူသာ မရှိရင် နင့်ဦးလေးနဲ့ နင့်ညီမဟာ မြူတိမ်ဆောင်ရဲ့ တံခါးဝကိုတောင် ကျော်နိုင်မှာ မဟုတ်ဘူး။ ဒီထက်တောင် ပိုပြီး အရှက်ခွဲခံရနိုင်တယ်..."

​လင်ယွီရှီး၏ လှပသော မျက်နှာထက်တွင် အံ့သြမှုများ ပြည့်နှက်သွားပြီး ပြောလိုက်သည်။ "ဟာ... အမာခံအဖွဲ့ဝင်အဖြစ် ချက်ချင်း သတ်မှတ်ခံရရုံတင်မကဘဲ ဒီလောက်များတဲ့ အကျိုးပြုအမှတ်တွေတောင် ရခဲ့တာလား။ သမီးတို့ မိသားစုထဲမှာ ဘယ်တုန်းက ဒီလောက် အံ့သြဖို့ကောင်းတဲ့ လူ ထွက်ပေါ်လာတာလဲ"

​"လင်မြို့ထဲမှာ လင်လဲ့ဆိုတဲ့ နာမည်နဲ့လူက တစ်ယောက်ပဲ ရှိတာလေ၊ အခုပဲ ငါတို့ သွားကြည့်ခဲ့တာ။ သူက အိပ်ရာထဲ လဲနေတာ နှစ်နှစ်နီးပါး ရှိပြီ၊ အခုထိ အသက်ရှင်နေတာကိုတင် အံ့သြစရာပဲ။ သူက လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက မြို့ပြင်ကို မထွက်ဖူးဘူးလို့ ပြောတယ်။ ဒါကြောင့် သူ ဖြစ်ဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့လည်း လင်မိသားစုထဲမှာ လင်လဲ့ဆိုတဲ့ နာမည်နဲ့လူက တခြား တစ်ယောက်မှ မရှိသလို လဲ့ဆိုတဲ့ စာလုံးပါတဲ့ နာမည်တောင် မရှိဘူး..." လင်မိသားစု ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်ကာ ခေါင်းခါလျက် ပြောဆိုနေ၏။

​"အစ်ကိုကြီး... ချင်လဲ့က အဲဒီလူ ဖြစ်နိုင်မလား။ သူ့နာမည်မှာလည်း လဲ့ဆိုတဲ့ စာလုံး ပါတယ် မဟုတ်လား" လင်ချန်ကျိက ရုတ်တရက် ပြောလိုက်၏။

​"အဲဒီအရူးက ထူးဆန်းတာတော့ အမှန်ပဲ၊ ဒါပေမဲ့ အဲဒီထူးဆန်းတာက အခုလို အံ့သြဖို့ကောင်းတဲ့ ကိစ္စမျိုးနဲ့ ဘာမှမဆိုင်ဘူး။ သူက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လင်ရွှမ်းရွှမ်းသည် ငိုနေရာမှ ရပ်တန့်လိုက်ပြီး နှာခေါင်းရှုံ့လျက် ပြောဆိုလိုက်၏။ "တကယ်လို့ သူ့လိုလူမျိုးက မြူတိမ်ဆောင်ရဲ့ အမာခံအဖွဲ့ဝင် ဖြစ်နိုင်ပြီး ဒီလောက် အကျိုးပြုအမှတ်တွေ ရနိုင်တယ်ဆိုရင် လင်မိသားစုထဲက ဘယ်သူမဆို မြူတိမ်ဆောင်ကို အချိန်မရွေး ဝင်နိုင်မှာပေါ့! တကယ်လို့ သူကသာ အဲဒီလောက် စွမ်းဆောင်နိုင်တယ်ဆိုရင် ဒီစေ့စပ်ပွဲကို ကျွန်မ အစကတည်းက သဘောတူမှာပေါ့"

​လင်ယွီရှီးနှင့် ချင်လဲ့တို့ စေ့စပ်လိုက်ကြောင်း ကြားလိုက်ရသည့် အချိန်မှစ၍ သူမသည် ချင်လဲ့၏ အမည်ကို ကြားရုံနှင့်ပင် အလွန်မုန်းတီး ရွံရှာနေခဲ့ခြင်း ဖြစ်၏။

​"လင်လဲ့... ချင်လဲ့..."

​ဂိုဏ်းချုပ်သည် ခေတ္တမျှ တွေးတောနေပြီးနောက် လင်ရွှမ်းရွှမ်းကို အပြင်သို့ ထွက်သွားရန် အချက်ပြလိုက်၏။ သူမ ထွက်သွားပြီးနောက်တွင်မှ သူက အသံကို နှိမ့်၍ ပြောသည်။ "ဒါက တကယ်လည်း ဖြစ်နိုင်ပါတယ်။ စေ့စပ်ပွဲတုန်းက နင် မှတ်မိမှာပေါ့၊ သူ့ရဲ့ လက်ဆောင်တွေက တုမိသားစုကို အကြီးအကျယ် အရှက်ခွဲလိုက်တာလေ။ ငါ ပိုစဉ်းစားကြည့်လေ ချင်လဲ့ဟာ ထင်သလောက် မရိုးရှင်းဘူးလို့ ခံစားရလေပဲ။ တကယ်လို့ ငါတို့ ခန့်မှန်းရမယ်ဆိုရင်တော့ သူဟာ သံသယ ဝင်စရာ အကောင်းဆုံး လူတစ်ယောက်ပဲ"

​"ငါလည်း ချင်လဲ့ဟာ သာမန်လူတစ်ယောက် မဟုတ်ဘူးလို့ ထင်ပါတယ်" လင်ချန်ကျိကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်၏။ "အရူးတစ်ယောက်က ဒီလောက်အထိ တိုက်ဆိုင်မှုတွေ လုပ်နိုင်ပါ့မလား။ သူ တစ်ခုခုကို ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ သူ့ဦးနှောက်က တကယ်ပဲ အလုပ်မလုပ်တာလည်း ဖြစ်နိုင်ပေမဲ့ သူဟာ အမြဲတမ်း အရူးတစ်ယောက် ဖြစ်နေတယ်ဆိုတာကိုတော့ ငါ မယုံနိုင်တော့ဘူး"

​လင်ယွီရှီးသည် သူတို့နှစ်ဦး၏ စကားကို နားထောင်နေရင်း သူမ၏ လှပသော မျက်ဝန်းများမှာ တောက်ပလာပြီး နှုတ်ခမ်းထက်တွင်လည်း အပြုံးလေးတစ်ခု ပေါ်လာ၏။ ရုတ်တရက် သူမ၏ စိတ်ထဲ၌ ပိုမို နေသာထိုင်သာ ရှိသွားတော့၏။

​"ယွီရှီး... သူ့ကို သေသေချာချာ စောင့်ကြည့်ထားနော်။ တစ်ခုခု တွေ့ရင် ငါတို့ကို ချက်ချင်း ပြောပြ" လင်ချန်ကျိက မှာကြားလိုက်၏။

​"ရှင်... ဟုတ်ကဲ့၊ ဟုတ်ကဲ့" လင်ယွီရှီးသည် သူမ၏ အတွေးကမ္ဘာထဲမှ ရုတ်တရက် လန့်နိုးလာပြီး ခေါင်းညိတ်ကာ တိုးတိုးလေး ပြန်ဖြေလိုက်၏။

​"ဒီကလေးမကတော့ ဘာတွေ တွေးနေတာလဲ မသိဘူး" လင်ချန်ကျိက မျက်မှောင်ကြုတ်လိုက်၏။

​"ဘာမှ မဟုတ်ပါဘူး။ တခြား ဘာမှ မရှိတော့ရင် သမီး သွားတော့မယ်နော်" လင်ယွီရှီးသည် ချစ်စရာကောင်းစွာ လျှာလေးထုတ်ပြပြီးနောက် စိတ်လှုပ်ရှားနေသော မျက်ဝန်းများဖြင့် အခန်းထဲမှ ထွက်ခွာသွားတော့၏။ သူမသည် စားသောက်ဆောင်မှ အစားအစာအချို့ကို ယူဆောင်ကာ ချင်လဲ့၏ ကျောက်အိမ်ဆီသို့ အလျင်အမြန် လျှောက်လှမ်းသွားတော့၏။

​ကျောက်အိမ်အတွင်း၌ ချင်လဲ့သည် အိပ်ရာပေါ်တွင် မျက်လုံးမှိတ်ထားပြီး အတွေးကင်းစင်သော အခြေအနေသို့ ဝင်ရောက်ရန် ကြိုးစားနေ၏။

​သူသည် ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိသွားခြင်းကြောင့်သော်လည်းကောင်း၊ သူ၏ စိတ်စွမ်းအားမှာ ယခင်ကထက် ပိုမိုကြီးမားလာခြင်းကြောင့်သော်လည်းကောင်း ယခုအခါ အတွေးကင်းစင်သော အခြေအနေသို့ ဝင်ရောက်ရန် ပိုမိုမြန်ဆန်လာ၏။ ထိုအခြေအနေမှ ပြန်လည် ရုန်းထွက်ရန်မှာလည်း ခက်ခဲသော အလုပ် မဟုတ်တော့ပေ။

​ထိုထူးခြားဆန်းပြားသည့် အခြေအနေသို့ ဝင်ထွက်နိုင်ခြင်းမှာ သူ၏ ကျင့်ကြံခြင်း စွမ်းရည်ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သလို ကျင့်ကြံခြင်းလမ်းစဉ်၌ ရှေ့သို့ ဆက်လှမ်းရာတွင်လည်း ကြီးမားသော အကျိုးကျေးဇူးများအား ရရှိစေ၏။ ထို့ကြောင့် သူသည် ဤစွမ်းရည်ကို အလွန်တန်ဖိုးထားသည်။

​ထို့အပြင် ထိုအခြေအနေသို့ ထပ်ခါတလဲလဲ ဝင်ထွက်ခြင်းက သူ၏ ဝိညာဉ်နှင့် စိတ်စွမ်းအားကို ပိုမို သန့်စင်စေကြောင်း သူ ခံစားရသည်၊

​ဤတွေ့ရှိချက်က သူ့ကို များစွာ အားတက်စေသည်။

​အမှန်စင်စစ် သူ၏ စိတ်စွမ်းအားသည် ဝိညာဉ်နှိမ်နှင်းခြင်း ပုတီးစေ့၏ တံဆိပ်ကို ဖွင့်နိုင်မည့် အဓိက သော့ချက်ပင် ဖြစ်၏။ သူ၏ လွန်ခဲ့သော ဆယ်နှစ်က မှတ်ဉာဏ်များကို ပြန်လည်ရရှိရန်မှာ သူ၏ စိတ်စွမ်းအားအပေါ်တွင် လုံးဝ တည်မှီနေသဖြင့် သူသည် ငြီးငွေ့ခြင်း မရှိပေ။ သူသည် အတွေးကင်းစင်သော အခြေအနေသို့ အကြိမ်ကြိမ် ဝင်ထွက်နေရင်း ပျော်ရွှင်နေမိသည်။

​လင်ယွီရှီး မရောက်လာမီလေးတွင် သူသည် ထိုအခြေအနေမှ အောင်မြင်စွာ နိုးထလာခဲ့သည်။ သူမ၏ ပေါ့ပါးသော ခြေသံကို နားထောင်နေရင်း လင်ယွီရှီး အဘယ်ကြောင့် ဤမျှ ပျော်ရွှင်နေသနည်းဟု ချင်လဲ့ အံ့သြနေမိ၏။

​လင်ယွီရှီးသည် အခန်းထဲသို့ ဝင်လာသည်နှင့် ချင်လဲ့ကို စူးစိုက်ကြည့်လိုက်ရာ သူမ၏ လှပသော မျက်ဝန်းများတွင် ထူးဆန်းသော အရောင်အဝါများ တောက်ပနေသည်။

​ချင်လဲ့မှာ သူမ၏ တုံ့ပြန်မှုကြောင့် ရုတ်တရက် ရင်ထိတ်သွားရသည်။

​"ငါတို့က စေ့စပ်ထားပြီးသားတွေပဲ ဆိုတော့ တချို့ကိစ္စတွေကို ရှောင်နေစရာ မလိုတော့ဘူး မဟုတ်လား။ အင်း... ဒီနေ့တော့ နင့်ရဲ့ ကျောကို ငါ ရေပတ်တိုက်ပေးမယ်"

​လင်ယွီရှီးသည် တောက်ပသော မျက်ဝန်းများ၊ ကောက်ကျစ်သော အပြုံးလေးများနှင့်အတူ ချင်လဲ့ကို စူးစိုက်ကြည့်နေသည်။ သူမ၏ အမူအရာမှာ တစ်ခုခုကို ကြံစည်နေသော မြေခွေးလေးနှင့်ပင် တူနေတော့သည်။

​ချင်လဲ့မှာမူ ချက်ချင်းပင် ဆွံ့အသွားရတော့၏။

All Chapters