အနောက်ပိုင်း နဂါးဘုရင်
Vol. 85 Ch. 844
အနောက်ပိုင်းဟုန်၊ နဂါးဘုရင်နန်းတော်
ချီမိသားစုသည် ဟုန်ကျယ်မသေမျိုးရောက်ရှိမလာမှီကပင် ဤဒေသကို နှစ်ပေါင်းသိန်းနှင့်ချီ၍ အုပ်စိုးခဲ့လေ၏။
၎င်းတို့သည် ပြင်းထန်ကြမ်းတမ်းလှသောပဋိပက္ခများကြားမှ ဆက်လက်ကြီးထွားလာခဲ့ပြီး၊ ကျင့်ကြံသူမြောက်မြားစွာနှင့် မိုးမြေရတနာများကို ဝါးမျိုကာ၊ယနေ့ခေတ်ကာလတိုင်အောင် ဂုဏ်ကျက်သရေနှင့် မလှုပ်ခါနိုင်သော အဆင့်အတန်းတစ်ခုကို တည်ဆောက်နိုင်ခဲ့လေသည်။
ဤကဲ့သို့ခိုင်မာသော ရပ်တည်ချက်ရှိသော်ငြားလည်း၊ နဂါးသားတော်များတို့သည် အကြောင်းရင်းမသိရဘဲ သေဆုံးသွားခဲ့ရကာ၊ ၎င်းတို့အနက် နှစ်ပါးမှာရုပ်အလောင်း သို့မဟုတ် ရန်သူ၏ အရိပ်အယောင်မျှပင် မကျန်ရစ်ခဲ့ချေ။
ထိုအချိန်၌၊ ရွှေရောင်ဝတ်ရုံကို ဆင်မြန်းထားသော သွယ်လျသည့်လူရိပ်တစ်ခုမှာပလ္လင်ကို မှီလျက် ရှိနေလေသည်။ တောင်ပိုင်းနဂါးဘုရင်ကဲ့သို့ ထည်ဝါခမ်းနားသော အသွင်အပြင်မျိုးမရှိသော်လည်း၊ ငွေရောင်အကြေးခွံများဖုံးလွှမ်းနေသော မျက်နှာနှင့် ကျဉ်းမြောင်းသောမျက်လုံးများထံမှ လျှို့ဝှက်ဆန်းကြယ်၍ ကြက်သီးမွေးညင်းထဖွယ် ကောင်းသောအရှိန်အဝါများ ထွက်ပေါ်နေလေ၏။
"ဒါဆို မင်းတို့က နတ်ဆိုးတစ်သောင်းခန်းမဆိုတဲ့ နာမည်လေးတစ်ခုတည်းနဲ့ ဒီဘုရင်ကို လှည့်စားဖို့ ရည်ရွယ်ထားကြတာပေါ့လေ"
သူ၏ ဩရှရှအသံသည် ခန်းမတစ်ခုလုံး၌ ပဲ့တင်ထပ်သွားခဲ့၏။ သူ၏ အေးစက်သော မျက်လုံးအစုံသည် ရောက်ရှိနေသောနဂါးသားတော်လေးပါးအပေါ်သို့ ဝေ့ဝဲကြည့်ရှုလိုက်ရာ၊ ကောင်းကင်ဘုံနယ်ပယ် နတ်ဆိုးအုပ်စုတစ်ခုလုံးမှာ သူ၏ အကြည့်ကို မရင်ဆိုင်ရဲကြဘဲတိတ်ဆိတ်စွာ ခေါင်းငုံ့ထားကြရလေသည်။
အပြစ်တင်လိုသော အရိပ်အယောင်များ ကိန်းအောင်းနေသည့် အနောက်ပိုင်းနဂါးဘုရင်၏ အကြည့်သည် နဂါးသားတော်များ၏ အနောက်ဘက်ရှိ နူးညံ့၍ခမ်းနားထည်ဝါသော အသွင်ရှိသည့် ပြည့်ဖြိုးသောလူရိပ်တစ်ခုအပေါ်၌ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့၏။
...
ကျစ်ရှန်း သည် ကြီးမားလှသောဖိအားကို ခံစားလိုက်ရသော်လည်း၊သူမ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။ သူမ၏ ရှည်လျားသောဝတ်ရုံလက်စထဲတွင်ဖုံးကွယ်ထားသော လက်ချောင်းများကသာ တဖြည်းဖြည်းပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားမိလေသည်။
နတ်ဆိုးစစ်သည်များကို သူမ မည်မျှပင် မျက်နှာသာပေးမည်ဟု ကတိပြုခဲ့စေကာမူ၊ အရှေ့ပိုင်းနဂါးနန်းတော်သည် မည်မျှပင်ဩဇာကြီးမားစေကာမူ၊အနောက်ပိုင်း နဂါးဘုရင်နိုးထလာသည်နှင့် တစ်ပြိုင်နက်၊ သူမ၏ ကြိုးပမ်းအားထုတ်မှုအားလုံးမှာ အချည်းနှီးဖြစ်သွားရလေသည်။
ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသော ဤနဂါးနတ်ဆိုးအိုကြီးသည် အနောက်ပိုင်းဟုန်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားလေသည်။
အနောက်ပိုင်းဟုန် ရေနေမျိုးနွယ်စုကို အမှန်တကယ်မည်သူက ကွပ်ကဲနေသည်ကို တစ်ဖက်လူကကြာမြင့်စွာကတည်းက သိရှိထားပြီး ဖြစ်လေ၏။ သူ ရန်မစသေးသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ အရှေ့ပိုင်းနဂါးနန်းတော်နှင့် တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်ရခြင်းမှ ရှောင်ရှားလို၍သာ ဖြစ်ပေသည်။
သို့သော်လည်း၊ အနောက်ပိုင်း နဂါးဘုရင်၏ ရှေ့မှောက်၌ ရေနေမျိုးနွယ်စုကိုဆက်လက် ထိန်းချုပ်ရန်ကြိုးပမ်းခြင်းမှာ ဖြစ်နိုင်ချေမရှိသော အိပ်မက်တစ်ခုသာဖြစ်ကြောင်း ဝန်ခံရပေမည်။
သေသင့်တဲ့ နတ်ဆိုးတစ်သောင်းခန်းမ
သူမ၏ ကြိုးပမ်းအားထုတ်မှုများရုတ်တရက် ရပ်တန့်သွားရပုံကို တွေးတောမိသောအခါ၊ ကျစ်ရှန်းသည် သူမ၏ ရင်ဘတ်အတွင်းမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရလေ၏။
ဟုန်လေးမျက်နှာစလုံး၌၊ အာဏာကို ချုပ်ကိုင်ထားသူမှာ အိမ်ရှေ့မင်းသားများသာဖြစ်ပြီး၊ နဂါးဘုရင်များမှာမူ နဂါးသိုက်အတွင်း၌သာ ကျင့်ကြံနေလေ့ ရှိကြလေသည်။
မူလ အစီအစဉ်အရဆိုလျှင်၊ ချီကျောက်ယီအား ရုပ်သေးရုပ်တစ်ရုပ်အဖြစ်ပြောင်းကာ သူ့ကို အိမ်ရှေ့မင်းသားအဖြစ် တင်မြှောက်ခြင်းအားဖြင့်၊ ကျစ်ရှန်းသည် အနောက်ပိုင်းနန်းတော်၏ တံဆိပ်တုံးကြီးကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး၊ ၎င်းမှာ သူမ၏ ဖခင်အစီအစဉ်တွင် အရေးအကြီးဆုံး ခြေလှမ်းတစ်ရပ် ဖြစ်လေသည်။
ထို့နောက် သူမသည် တောင်ပိုင်းနဂါးနန်းတော်ကို တဖြည်းဖြည်းအကြံအစည်ဖြင့် တိုက်ခိုက်ကာ၊တာဝန်၏ ထက်ဝက်ကို ပြီးမြောက်စေမည်။
ယခုမူ သူမ၏ စိတ်ပျက်အားငယ်သွားစေမည့် အနောက်ပိုင်း နဂါးဘုရင်နိုးထလာခဲ့လေပြီဖြစ်၏။
အကယ်၍ နတ်ဆိုးတစ်သောင်းခန်းမကို မဖြေရှင်းရသေးသရွေ့၊သူသည် ဤကိစ္စကို လုံးဝ လက်လွှတ်မည် မဟုတ်ချေ။
သို့သော် ၎င်းမှာ ပြဿနာကြီးတစ်ခုတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် နောက်ဆုံးတွင် နဂါးသိုက်သို့ပြန်သွားရမည်သာ ဖြစ်သောကြောင့်ပင်။
အချိန်ပို၍ဖြုန်းတီးရုံသာ ရှိပေလိမ့်မည်။
နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ပြီးနောက်၊ သူမအနေဖြင့် အနည်းငယ် ထပ်မံစောင့်ဆိုင်းရန်အတွက် စိတ်မရှိချေ။
သူမ စိုးရိမ်ထိတ်လန့်နေသည်မှာ ဤဖြစ်ရပ်ကြောင့် နဂါးအိုကြီးသည် ချီကျောက်ယီ၏ အရည်အချင်းမဲ့မှုကို သိမြင်သွားမည်ကိုပင်ဖြစ်လေ၏။
ထိုမျှမက တစ်စုံတစ်ခုမှားယွင်းနေကြောင်းကိုပင် ရိပ်မိသွားနိုင်ရာ၊ အရှေ့ပိုင်း နဂါးနန်းတော်၏ ထောက်ပံ့မှုရှိနေစေကာမူ၊ အိမ်ရှေ့မင်းသား ရာထူးမှာ ခြောက်ကမ်းပါး၏အစွန်းအဖျားရောက်နေသကဲ့သို့ အန္တရာယ်ရှိနေဆဲပင်။
"ခမည်းတော်ကို လျှောက်တင်ပါရစေ"
ခဏကြာတိတ်ဆိတ်နေပြီးနောက်၊ ကျစ်ရှန်းသည် နောက်ဆုံးတွင် လူအုပ်ထဲမှရှေ့သို့ ထွက်လာကာ တိုးညှင်းစွာ ဆိုလိုက်၏။
"နတ်ဆိုးတစ်သောင်းခန်းမဆိုတာ တာဝန်ကနေ ရှောင်လွှဲဖို့အတွက် သမီးတော်တို့လုပ်ကြံဖန်တီးထားတာ မဟုတ်ပါဘူး။ အနောက်ပိုင်းဟုန် တစ်ခွင်က သောင်းနဲ့ချီတဲ့ကျင့်ကြံသူတွေကိုယ်တိုင် သူတို့ရဲ့ လုပ်ရပ်တွေကိုမျက်မြင်တွေ့ရှိခဲ့ကြတာပါ။ သူတို့ကို ခြေရာမခံနိုင်တာကတော့ သမီးတို့ရဲ့ အရည်အချင်းညံ့ဖျင်းမှုကြောင့်ပါပဲ..."
"ချွေးမလေး၊ငါက မင်းကိုအပြစ်တင်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။မင်းရဲ့ ခင်ပွန်းက တောင်ပိုင်းဟုန်မှာ ရှိနေတဲ့အချိန်၊သူ့ကိုယ်စား ဒီရေပြင်ကို စီမံခန့်ခွဲပေးနေတာကိုက ချီးကျူးစရာ ကောင်းနေပါပြီ။ကဲ... အခု ကောင်းကောင်း အနားယူပြီး စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားလိုက်ပါတော့"
စစ်ဆေးမေးမြန်းမှုများကို စတင်ခဲ့သူမှာ အနောက်ပိုင်းနဂါးဘုရင် ဖြစ်သော်ငြားလည်း၊ ကျစ်ရှန်း ပြန်လည်ဖြေကြားလိုက်သောအခါ သူ၏ လေသံမှာ နူးညံ့သွားခဲ့၏။
သို့သော် သူ၏ စကားလုံးများအတွင်း ပါဝင်နေသည့်သတိပေးဆုံးမမှုများမှာမူ လျစ်လျူရှုရန် မဖြစ်နိုင်လောက်အောင် ရှင်းလင်းလှပေသည်။
နဂါးသားတော်လေးပါးအနက်၊ ကျစ်ရှန်းနှင့် မဟာမိတ်ဖွဲ့ထားသော သားတော် နှစ်ပါးသည် ဤစကားကို ကြားပြီးနောက် စဉ်းစားခန်းဝင်သွားဟန်ဖြင့် ခေါင်းမော့လာကြ၏။
"ခမည်းတော်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်"
ကျစ်ရှန်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။ သူမ မည်မျှပင်အလျင်လိုနေပါစေ၊ အနောက်ပိုင်း နဂါးဘုရင်အား အရှေ့ပိုင်း နန်းတော်၏ အစစ်အမှန်ရည်ရွယ်ချက်များကို ရိပ်မိခွင့် မပေးဘဲသတိထား၍ နေထိုင်ရမည်။
တံဆိပ်တုံးကြီးကို သူမ ရယူနိုင်သရွေ့၊ ထပ်မံ၍ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရမည် ဆိုလျှင်ပင် ထိုက်တန်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်... ထိုအရာသာလျှင် ဟုန်ကျယ်မှသက်ရှိများအတွက် မသေမျိုးတစ်ပါးအားခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သောကြောင့်ဖြစ်နေ၍ပင်။
"မင်းရဲ့ ခင်ပွန်းက အခု တောင်ပိုင်းဟုန်က ကိစ္စတွေကို ဖြေရှင်းနေတယ်။မင်းက ဂိုဏ်းခုနစ်ဂိုဏ်းနဲ့ အဆင်ပြေပြေရှိတယ်ဆိုတာ ငါ သိပါတယ်။ဒါပေမဲ့ မင်းက ငါတို့ရဲ့အနောက်ပိုင်း နန်းတော်ကို အိမ်ထောင်ကျလာပြီးပြီဆိုတော့၊မိသားစု အရေးကို ပထမဦးစားပေးရမယ်လေ။ ငါ မင်းကို အခက်တွေ့အောင် မလုပ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စတွေမှာ သိပ်ပြီး ဝင်မပါဖို့ကြိုးစားပါ"
အနောက်ပိုင်း နဂါးဘုရင်သည် သူ၏ လက်ကို တဖြည်းဖြည်း ချလိုက်၏။
ဤစကားကို ကြားသောအခါ ကျစ်ရှန်း၏ မျက်နှာအမူအရာမှာ သိသိသာသာပြောင်းလဲသွားလေသည်။
သူမသည် မကြာမီတောင်ပိုင်းဟုန်သို့ တိတ်တဆိတ် သွားရောက်ရန် အမှန်တကယ်ပင် စီစဉ်ထားခဲ့ခြင်း ဖြစ်လေသည်။
ယခုရက်ပိုင်းအတွင်း၊ အနောက်ပိုင်း နဂါးနန်းတော်သည် မဟာနတ်ဆိုးကြီးများမြောက်မြားစွာကို တောင်ဘက်သို့ မောင်းနှင်ပို့ဆောင်နေသည်ကို သူမ မျက်မြင်တွေ့ရှိခဲ့ရပြီး၊ ကျိကျင့်ရှီး နှင့် အခြားသူများ မည်မျှခေါင်းကိုက်နေရမည်ကို သူမ မှန်းဆနိုင်လေ၏။
ဤကဲ့သို့သော အချိန်မျိုးတွင်၊ ဂိုဏ်းခုနစ်ဂိုဏ်းသည် သူမ၏ အကူအညီကို အလိုအပ်ဆုံးဖြစ်လိမ့်မည်။
တောင်ပိုင်းဟုန်အနေဖြင့် ကြီးမားသောပြဿနာများနှင့် ရင်ဆိုင်ရမည်မဟုတ်ကြောင်း သူမသည် ကျိကျင့်ရှီးကို ပြတ်သားစွာ ကတိပေးခဲ့ဖူးလေသည်။
ဤအကြောင်းကို တွေးတောမိသောအခါ၊ ကျစ်ရှန်းသည် နတ်ဆိုးတစ်သောင်းခန်းမအား ထပ်မံ၍ ကျိန်ဆဲခြင်း မပြုဘဲမနေနိုင်အောင် ဖြစ်ရ၏။
ဤအုပ်စုသည် ရည်ရွယ်ချက်မရှိသောပြဿနာရှာသူများကဲ့သို့ ထူးဆန်းစွာပြုမူနေကြသော်လည်း၊ မည်သူမျှလျစ်လျူမရှုနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် အင်အားကိုပိုင်ဆိုင်ထားကြရာ၊ ညှိနှိုင်းခြင်း၊ခြိမ်းခြောက်ခြင်း သို့မဟုတ် လျှို့ဝှက်မဟာမိတ်ဖွဲ့ခြင်းစသည့် မည်သည့် နည်းလမ်းဖြင့်မဆို ၎င်းတို့အပေါ်လွှမ်းမိုးရန် မဖြစ်နိုင်သလောက်ပင်ဖြစ်နေသည်။
သူမတွင် ၎င်းတို့ရှိနေသည့် နေရာကို ရှာဖွေနိုင်စွမ်းပင် မရှိခဲ့ချေ။
သူမက သက်ပြင်းချလျက် "ကျစ်ရှန်း နားလည်ပါပြီ။သမီး အတော်လေးပင်ပန်းနေပြီမို့၊ အနားယူဖို့အတွက် ယွီတောင်ကို ပြန်ခွင့်ပြုပါဦး" ဟု ဆိုလေ၏။
"သွားလေ"
အနောက်ပိုင်း နဂါးဘုရင်သည် သူ၏ ဝတ်ရုံလက်ကို ညင်သာစွာခါယမ်းလိုက်ပြီး၊ သူ၏ နှုတ်ခမ်းများကမူ နက်နဲသောအပြုံးတစ်ခုဖြင့် ကွေးညွတ်သွားခဲ့၏။ ထိုအမျိုးသမီးသည် နဂါးဘုရင်နန်းတော်ထဲမှ လုံးဝထွက်ခွာသွားပြီးနောက်မှသာလျှင်၊အပြုံးသည် ပျောက်ကွယ်သွားပြီး အေးစက်ခက်ထန်သော အသွင်အပြင်ဖြင့် အစားထိုး နေရာယူလာလေသည်။
"ငါ့ဘေးနားမှာ သူလျှိုတစ်ယောက် လာထားတယ်၊ အရှေ့ပိုင်းက တကယ်ကိုဘာတွေလုပ်ဖို့ကြံစည်နေတာလဲ"
အရှေ့ပိုင်း နဂါးနန်းတော်၏ အင်အားမှာ ကြောက်မက်ဖွယ်ကောင်းသည်ကို ငြင်းဆို၍ မရသော်လည်း၊ မသေမျိုးတစ်ပါးနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းနှင့် နှိုင်းယှဉ်လိုက်ပါက၊ထိုအရာမှာ လုံးဝပင် အထင်ကြီးစရာမကောင်းတော့ချေ။