← Chapters

ခင်ဗျား ရေလို့ပြီးသွားပြီလား

Vol. 85 Ch. 850

ခင်ဗျား ရေလို့ပြီးသွားပြီလား

Vol. 85 Ch. 850

"ဟင်။"

အလင်းစီးဆင်းရတနာဓားနှင့် ရင်ဆိုင်လိုက်ရချိန်တွင် တောင်ပိုင်းနဂါးဘုရင်၏ မျက်နှာပေါ်၌ ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်မှုအရိပ်အယောင်တစ်ခု ပေါ်လွင်သွားခဲ့လေသည်။

၎င်းသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ လက်ကိုရုပ်သိမ်းလိုက်ပြီး ၎င်း၏ပုံရိပ်သည် လျင်မြန်စွာလှုပ်ရှားသွားကာ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားလေ၏။

သူ၏အကြည့်သည် ထိုသုံးဦးအပေါ်သို့ ဖြတ်ပြေးသွားပြီး အသက်ရှူနှုန်းကိုအနည်းငယ်မြန်သွားသော်လည်း ထိတ်လန့်နေပုံမရပါချေ။

ထို့အစား ၎င်းက ပို၍ပင်တည်ငြိမ်လာခဲ့၏။

"ငါ့ရဲ့ ကြွက်သားတွေကို အကြောမလျှော့ရတာ တော်တော်တောင်ကြာနေပြီပဲ။ မင်းတို့သုံးယောက်ကို တကယ်ကျေးဇူးတင်ရမယ်။"

တိုက်ကွက် လွဲချော်သွားသောကြောင့် ယဲ့ကျိုးသည် အလင်းစီးဆင်းဓားကို ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း အနည်းငယ်မျှပင် အံ့အားသင့်သွားခြင်းမရှိခဲ့ချေ။ ဤနဂါးအိုကြီးကို ဒဏ်ရာရစေရန် ဤမျှလွယ်ကူနေမည်ဆိုလျှင် ၎င်း၏ ရှည်လျားလှသော သက်တမ်းမှာ အလကားဖြစ်သွားပေလိမ့်မည်။

သူသည် ဓားကို ပန်းပွင့်ပုံသဏ္ဍာန်ဖြစ်အောင် ပေါ့ပေါ့ပါးပါးလှည့်လိုက်ပြီး တစ်ဖက်လူ၏ ယုံကြည်မှုမှာ မည်သည့်နေရာမှမြစ်ဖျားခံလာသနည်းဆိုသည်ကို ရှင်းလင်းစွာနားလည်နေခဲ့လေသည်။

ကောင်းကင်ယံရှိ ပုံရိပ်အချို့သည် တစ်စတစ်စ ပို၍နီးကပ်လာလျက်ရှိပေသည်။ အကယ်၍ တောင်ပိုင်းနဂါးဘုရင်သာ အစွမ်းကုန်တိုက်ခိုက်မည်ဆိုပါက ချီယန်ရှန်း၏ ပြောင်းပြန်တောင်တန်းသည် ဤနေရာရှိ အငွေ့အသက်အတက်အကျများကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန် နာရီဝက်ထက် ပို၍ကြာနိုင်မည် မဟုတ်ပါချေ။

"အတွေ့အကြုံမရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့ နှာခေါင်းဆွဲခေါ်ရာနောက်ကို လိုက်နေကြတဲ့ လူအိုကြီး နှစ်ယောက်... မင်းတို့တွေက လူရယ်စရာဖြစ်သွားမှာကိုတောင် မကြောက်ကြတော့ဘူးလား။"

တောင်ပိုင်းနဂါးဘုရင်သည် လျစ်လျူရှုဟန်ဖြင့် ပြုံးလိုက်ပြီး အထက်တွင်ရှိနေသော ရှန်းယီထံသို့သာအကြည့်ကို ဆက်လက်ပို့လွှတ်ထား၏။

ဤနေရာတွင် မည်သူက အမိန့်ပေးနေသနည်းဆိုသည်ကို သူအနေနှင့် ရှင်းလင်းစွာသိမြင်ထားပြီးဖြစ်ပုံရချေသည်။

"ဒီဘုရင်က မင်းတို့ကိုနောက်ဆုံးအခွင့်အရေး တစ်ကြိမ် ပေးမယ်။ အခုချက်ချင်း ထွက်သွားကြ၊ ဒါဆိုရင်ဘာမှမဖြစ်ခဲ့သလို သဘောထားပေးမယ်။"

"စဉ်းစားဖို့ မင်းတို့ကိုသုံးအထိပဲ ရေတွက်ပေးမယ်။"

ထိုသို့ပြောပြီးနောက် တောင်ပိုင်းနဂါးဘုရင်သည် ၎င်း၏ လက်သည်းသုံးခုကို ဖြည်းညှင်းစွာမြှောက်လိုက်ပြီးနောက် တဖြည်းဖြည်းပြန်လည်ရုပ်သိမ်းလိုက်လေသည်။

ချီယန်ရှန်းသည် သူ၏ အသက်ရှူနှုန်းကို လျင်မြန်စွာ ညှိယူလိုက်သည်။ တောင်ပိုင်းနဂါးဘုရင်၏ ရုတ်တရက်ပေါက်ကွဲထွက်လာမှုနှင့် သူတို့သုံးဦးစလုံးနှင့် နောက်ဆက်တွဲရင်ဆိုင်တိုက်ခိုက်မှုများအရ၊ ၎င်းသည် တစ်ယောက်တည်းဖြင့် သုံးယောက်ကိုရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိပြီး အချိန်တိုအတွင်းရှုံးနိမ့်သွားနိုင်ခြေ မရှိကြောင်း သက်သေပြလိုက်ခြင်းပင်။

အစောပိုင်းက ဂိုဏ်းချုပ်ရှန်းပြသခဲ့သော သူ၏ စိတ်ကူးထက်များစွာ သာလွန်နေသည့် ခွန်အားကပင် ဤရလဒ်ကိုပြောင်းလဲနိုင်စွမ်းမရှိခဲ့ပါချေ။

သတင်းအချက်အလက်များကို ရယူနိုင်စွမ်းဖြစ်စေ သို့မဟုတ် သူတို့၏ ကျွမ်းကျင်မှု တိုးတက်လာသည့် အမြန်နှုန်းပင်ဖြစ်စေ၊ ရှန်းယီ၏ စွမ်းရည်များကို သက်သေပြပြီးဖြစ်လေသည်။

ပြောရမည်ဆိုလျှင် သူတို့သုံးဦး အတူတကွ ပူးပေါင်းပါက တောင်ပိုင်းနဂါးဘုရင်ကို ပြင်းထန်စွာဒဏ်ရာရစေရန် အနည်းဆုံး ကိုးဆယ်ရာခိုင်နှုန်း ယုံကြည်ချက်ရှိသည်ဟု ချီယန်ရှန်း ခံစားနေရလေ၏။ သေချာလုပ်ဆောင်မှုသာရှိပါက ၎င်းကို သတ်ဖြတ်နိုင်ရန်သုံးဆယ်ရာခိုင်နှုန်းပင် အခွင့်အရေး ရှိနေချေသည်။

သို့သော် မတော်တဆမှုများဆိုသည်မှာ ထိုကဲ့သို့ပင်။ အကယ်၍ ထိုကဲ့သို့သာဖြစ်ပွားလာခဲ့လျှင် မိမိ၏ ကံဆိုးမှုကို လက်ခံရန်မှလွဲ၍ အခြားလုပ်စရာ မရှိတော့ပေ။

သူအထက်ကောင်းကင်ယံသို့ မော့ကြည့်လိုက်လေသည်။

ထိုနေရာတွင် ရှန်းယီသည် လက်နှစ်ဖက်ကို ဘေးတွင် ချလျက်ရပ်နေပြီး နဂါးနတ်ဆိုးကို တိတ်ဆိတ်စွာ ငုံ့ကြည့်နေကာ၊ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ လှုပ်ရှားရန်အလျင်လိုနေခြင်း မရှိချေ။

...

တောင်ပိုင်းနဂါးဘုရင် ရေတွက်နေစဉ် ၎င်း၏ မျက်လုံးများတွင်မသေချာမရေရာမှုများဖြင့် တလက်လက် တောက်ပနေခဲ့၏။

ဤလူငယ်လေးသည် တည်ငြိမ်လွန်းနေသည်၊ စိတ်ပျက်အားငယ်ဖွယ်ကောင်းလောက်အောင်ပင် တည်ငြိမ်လွန်းနေပေသည်။

သို့သော် ဤကဲ့သို့သောအခြေအနေမျိုးကို ရင်ဆိုင်ရချိန်တွင် တစ်ဖက်လူက မည်သို့တုံ့ပြန်မည်ကို တောင်ပိုင်းနဂါးဘုရင် အနေဖြင့် နားမလည်နိုင်အောင် ဖြစ်နေရ၏။

"ဂိုဏ်းချုပ်ရှန်း... နောက်ဆုံးတစ်ကြိမ် ရေတွက်ဖို့ပဲ ကျန်တော့တယ်။"

ထိုသို့တွေးမိသောအခါ ၎င်းသည် သတိပေးသည့်အနေဖြင့် အေးစက်စက်ရယ်မောသံတစ်ခုကို မထုတ်လွှတ်ဘဲ မနေနိုင်တော့ချေ။

"မင်းက နန်ယန်ရဲ့အမှားမျိုးကို ထပ်မကျူးလွန်ချင်ဘူး မဟုတ်လား။"

ရှန်းယီသည် ဘာကိုမှ မကြားလိုက်ရသကဲ့သို့ ထောင်ယွမ်စံအိမ်ဆီသို့ ဘေးတိုက်တစ်ချက်သာ လှမ်းကြည့်လိုက်လေသည်။

ထိုအချိန်မှာပင် ထိုအထဲမှမှေးမှိန်သော ရွှေရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံဆီသို့ တိုက်ရိုက် ပျံတက်သွားခဲ့၏။

ဤမြင်ကွင်းသည် တောင်ပိုင်းနဂါးဘုရင်၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသောအခါ ၎င်း၏ မျက်နှာအမူအရာသည် သိသိသာသာပြောင်းလဲသွားခဲ့လေသည်။

ထိုနယ်မြေ၏ အငွေ့အသက်ကို ပြောင်းပြန်တောင်တန်းဖြင့် ဖုံးအုပ်ထားကြောင်း သူ ကောင်းကောင်းသိထားလေသည်။

အစောပိုင်းက သူ၏ မျက်စိရှေ့တွင် အလွယ်တကူပင်ထိတ်လန့်သွားခဲ့သော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် သူချန်ထားခဲ့သောအငွေ့အသက်ကိုလျစ်လျူရှုကာ ၎င်း၏ သဘာဝနှင့် ဆန့်ကျင်ပြီး ဤကဲ့သို့တိုက်ဆိုင်လွန်းသည့်အချိန်မျိုးကို မည်သို့ရွေးချယ်ရဲသနည်း။

ထိုအချိန်တွင် ကောင်းကင်ယံ၌ ကြီးမားလှသော အနက်ရောင်နဂါးကြီးသည် လှည့်ပတ်ပျံသန်းနေပြီး၊ မဲ့အနန္တတာအိုအင်ပါယာနန်းတော်မှ လူသုံးဦးသည် လက်နောက်ပစ်လျက်ရပ်နေဆဲပင် ဖြစ်လေသည်။

"ဒါက လီရွှမ်ချင်းကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ တောင်ပိုင်းဟုန်ဆိုတာလား။"

ရွှယ်ယန်သည် ဆင်းရဲမွဲတေနေသော မြေပြင်ကို ဖြတ်ကြည့်လိုက်ပြီး လျစ်လျူရှုဟန်ဖြင့် ပြောလိုက်၏။

"သိပ်တော့လည်း အထင်ကြီးစရာမကောင်းလှပါဘူး။"

"မြေဆီလွှာက သူ့ရဲ့လူတွေကို ပြုစုပျိုးထောင်ပေးတယ်ဆိုပေမဲ့ တစ်ခါတလေကျရင်ထူးချွန်တဲ့ မျိုးစေ့တစ်ခုထွက်ပေါ်လာတယ်ဆိုတာက သဘာဝပါပဲလေ။"

အနန္တတာအိုအင်ပါယာနန်းတော်၏ အခြား လက်အောက်ခံဂိုဏ်းချုပ်တစ်ဦးက ရယ်မောကာ ပြန်လည်ဖြေကြားလိုက်လေသည်။

၎င်းကို ကြားသောအခါ ရွှယ်ယန်၏ နှုတ်ခမ်းများသည် အနည်းငယ်ကွေးတက်သွားပြီး ခေါင်းခါယမ်းလိုက်၏။

"ကျုပ်ဆိုလိုတာက ဒီနေရာရော အဲဒီလူရော အထင်ကြီးစရာမကောင်းဘူး၊ ငြီးငွေ့စရာကောင်းပြီးစိတ်ပျက်ဖို့ကောင်းတယ်လို့ ပြောတာပါ။"

သူသည် အောက်သို့ ငုံ့ကြည့်ကာ ဆက်ပြောလိုက်လေသည်။

"ဒါပေမဲ့ ဒီ ကမ္မကုသိုလ်မသေမျိုးကတော့ နည်းနည်း စိတ်ဝင်စားစရာကောင်းတယ်။ငါတို့ဆီကို အရင်ပြေးပြီးလာတာကိုကြည့်ရင်၊သူ့ကို လာကြိုတယ်လို့ တကယ်ယုံကြည်နေတာလား။"

"ရှူး၊ ထပ်မပြောနဲ့တော့။"

အကြီးအကဲဖြစ်သူက သူ့ကို လေးနက်စွာသတိပေးလိုက်ပြီးနောက်၊အောက်ဘက်ရှိ ပုံရိပ်ကို ယဉ်ကျေးစွာဦးညွှတ်ကာ ဦးဆောင်ပြောဆိုလိုက်၏။

"ကျုပ်တို့က ဟုန်ကျယ်မသေမျိုးရဲ့ အမိန့်အရ ရိုသေလေးစားရတဲ့ မသေမျိုးကို ကြိုဆိုဖို့နဲ့ မြောက်ပိုင်းဟုန်ကို ပို့ဆောင်ပေးဖို့ ရောက်ရှိလာတာပါ။"

သူ၏ အတွေးများအရ ဟုန်ကျယ် မသေမျိုးသည် ဤ ကမ္မကုသိုလ်မသေမျိုးအတွက် အခြားသောအသုံးပြုစရာများ ရှိနေသဖြင့်၊ သူ့ကို စကားဖြင့် စော်ကားရန် မလိုအပ်ချေ။

"နားလည်ပါပြီ၊ သွားကြစို့။"

ပေတစ်ရာခန့်အမြင့်ရှိသော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် တိမ်တိုက်များပေါ်သို့ ဆင်းသက်လာပြီး ခေါင်းကိုအနည်းငယ်ညိတ်ပြလိုက်ပါသည်။

ဤကဲ့သို့ မောက်မာကာသေးငယ်သောတုံ့ပြန်မှုနှင့် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ပေါ်မှ ထွက်ပေါ်နေသောအရေးမပါသည့်အငွေ့အသက်တို့ကို ရင်ဆိုင်လိုက်ရချိန်တွင် ရွှယ်ယန်သည် သိသိသာသာသက်တောင့်သက်သာဖြစ်မနေခဲ့သော်လည်း သူ၏ တည်ငြိမ်မှုကိုထိန်းသိမ်းထားကာ ဦးညွှတ်ခြင်းကို အတုခိုးလုပ်ဆောင်လိုက်၏။

အထက်တွင်ရှိသော အနက်ရောင်နဂါးကြီးသာလျှင် ၎င်း၏ ခေါင်းကိုထုတ်ကာ လေးနက်စွာမေးမြန်းလိုက်လေသည်။

"ရိုသေလေးစားရတဲ့ မသေမျိုးကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတဲ့ ဒေသခံနဂါးဘုရင်က ဘယ်မှာလဲ။သူ ဘာလို့ ကိုယ်ထင်မပြတာလဲ။"

ထိုအခါ ချင်းဟွာသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး၊ သူမ၏ သခင်ဖြစ်သူ၏ အမိန့်အရ အနက်ရောင်နဂါးကြီးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။

"သူ့ကို ရှာချင်တယ်ဆိုရင် မင်းဘာသာမင်းသွားရှာချေ။ ငါ့အချိန်တွေကို လာမဖြုန်းစမ်းနဲ့။"

အနက်ရောင်နဂါးကြီးသည် ဤကဲ့သို့သောအဆင့်ရှိ ကျင့်ကြံသူတစ်ဦးက ၎င်းကို ဤမျှအထင်အမြင်သေးစွာပြန်လည်အပြစ်တင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

တစ်ခဏအတွင်း အံ့အားသင့်သွားရင်း ၎င်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားပေသည်။

"..."

ခဏအကြာမှသာ ၎င်းသည် ခေါင်းကိုမြူခိုးများအတွင်းသို့ပြန်လည်ရုပ်သိမ်းသွားပြီး ကြမ်းတမ်းသောအသံတစ်သံကိုသာ ချန်ရစ်ထားခဲ့လေ၏။

"ရိုသေလေးစားရတဲ့မသေမျိုးရဲ့ သင်ခန်းစာကို မှတ်သားထားပါမယ်။"

အနန္တတာအိုအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် အချင်းချင်းဖလှယ်ကြည့်လိုက်ကြပြီးနောက် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ၊ ရိုသေလေးစားရတဲ့ မသေမျိုး။"

စကားအနည်းငယ် ပြောဆိုပြီးသည်နှင့် ဤပုံရိပ်များသည် မြောက်ဘက်ဆီသို့လျင်မြန်စွာ ထွက်ခွာသွားကြပြီး မကြာမီမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြ၏။

ထိုအချိန် ရေပြင်များအကြားတွင်

"မင်းတို့... သောက်ကျိုးနည်းကောင်တွေ"

တောင်ပိုင်းနဂါးဘုရင်သည် ကောင်းကင်ယံကို ဒေါသတကြီးစိုက်ကြည့်နေပြီး၊ ဤလူများသည် သူ့ကိုမတွေ့လိုက်ဘဲ ယခုလိုလွယ်ကူစွာထွက်ခွာသွားကြသည်ကို မယုံနိုင်အောင်ဖြစ်နေရလေသည်။

ကျယ်ပြန့်လှသော တောင်ပိုင်းဟုန်သည် သူတို့၏ စိတ်ဝင်စားမှုအနည်းငယ်မျှကိုပင် မဆွဲဆောင်နိုင်ခဲ့သကဲ့သို့ရှိလေ၏။

"ပြန်လာခဲ့စမ်း"

"ငါ့ဆီ ပြန်လာခဲ့"

တောင်ပိုင်းနဂါးဘုရင်သည် ရူးသွပ်စွာဟိန်းဟောက်လိုက်ပြီး ၎င်း၏ မြှောက်ထားဆဲဖြစ်သော လက်သည်းမှာ အပြင်းအထန်တုန်ရီနေခဲ့လေသည်။

သို့သော် နောက်တစ်ခဏတွင် ၎င်း၏ ဒေါသတကြီးအကြည့်များကို လေပြေကြောင့်ညင်သာစွာ လွင့်ခါနေသော မင်ရည်ကဲ့သို့နက်မှောင်သည့် ဝတ်ရုံတစ်ခုက ဖုံးကွယ်သွားစေခဲ့၏။

မကြာခင်တွင် သူ့ရှေ့တွင်ဖြူဖျော့နေသော မျက်နှာတစ်ခုကိုသာ ၎င်းမြင်တွေ့နိုင်တော့သည်။

ထိုမျက်နှာပေါ်ရှိ တည်ငြိမ်နေသောမီးခိုးရောင် မျက်လုံးတစ်စုံသည် သတ်ဖြတ်လိုစိတ်ကင်းမဲ့စွာဖြင့်စောင့်ကြည့်နေသော်လည်း အရိုးထိတိုင်အောင် အေးစက်သွားစေလေသည်။

လူငယ်လေး၏ ကြည်လင်သော အသံသည် သူတို့၏ ပတ်ဝန်းကျင်အတွင်းပဲ့တင်ထပ်သွားပြီး တောင်ပိုင်းနဂါးဘုရင်၏ မျက်နှာသွင်ပြင်ကို ဒေါသကြောင့်ရှုံ့မဲ့သွားစေခဲ့၏။

"ခင်ဗျားရေတွက်လို့... ပြီးသွားပြီလား။"

All Chapters