အိုင်ဒဲလ်၏အိမ်သို့ သွားရောက်ခြင်း
Vol. 22 Ch. 303
အန်လင်းအနေဖြင့် မည်မျှပင် အတွန့်တက်နေပါစေ သူသည် ကောင်းကင်ဘုံပိုင်နက်မှ ခန့်အပ်လိုက်သော အဖွဲ့ခေါင်းဆောင်ဖြစ်နေဆဲပင်။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ တန်ရှီမန်အား အာမခံဖြင့် ထုတ်ပေးရပေမည်။
“ဟူး အားလုံးက ကံအတိုင်းပါပဲလား။”
အန်လင်း ခေါင်းယမ်းကာ ညည်းတွားလိုက်ပြီးနောက် တပိုင်၏ကျောပေါ် တက်ကာဖြင့် ရှားစီရင်စုသို့ ထွက်ခွာသွားလေသည်။
ရှားစီရင်စုရှိ အထူးအကျဉ်းစခန်းအတွင်း၌ အန်လင်းသည် တရားခံနှစ်ဦးအား တွေ့လိုက်ရသည်။
တန်ရှီမန်၏ အင်္ကျီလက်မှာ စုတ်ပြဲနေပြီး သူ၏ လက်မောင်းမှ ရင်ဘတ်သို့တိုင်သည့် ဒဏ်ရာတစ်ခု ရှိနေသည်။
ဟွားတောင်တန်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်မှာ ဝူဖုန်း ဖြစ်သည်။ သူ၏လက်မောင်းတွင်လည်း ဒဏ်ရာများ ရှိနေပြီး အဝတ်အစားများမှာ ကြိုးမျှင်များကဲ့သို့ စုတ်ပြဲကာ သမ္ဘာရင့် သူဖုန်းစားတစ်ဦးနှင့် တူနေလေသည်။
သက်ဆိုင်ရာဌာန၏ ပြောကြားချက်အရ သူတို့ ဖျက်ဆီးခဲ့သည့် အရာများ၏ ပြင်ဆင်စရိတ်မှာ စိတ်ဝိညာဉ်ကျောက်တုံး ၅ သောင်းကျသင့်မည်။ နှစ်ဦးစလုံးမှားယွင်းကြခြင်း ဖြစ်သည့်အတွက် တစ်ဦးလျှင် စိတ်ဝိညာဉ်ကျောက်တုံး ၂၅၀၀၀ စီ ပေးဆောင်ရမည် ဖြစ်သည်။
တန်ရှီမန်ထံတွင် စိတ်ဝိညာဉ်ကျောက်တုံး ၂ သောင်းသာလျှင် ရှိသည်ကြောင့် အန်လင်းမှ စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀ စိုက်ထုတ်ပေးလိုက်သည်။ ထို့အပြင် ရှည်လျားလွန်းသည့် အသိပညာပေး စကားများကို နားထောင်ဖို့ရန် ကျန်နေခဲ့ရမည် ဖြစ်သည်။
ပညာပေးစကား ပြောကြားမည့်သူမှာ အမျိုးသား အထူးစစ်ဆင်ရေးဌာနမှ ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။
ထိုပညာပေးစကားများကို နားထောင်ရသူမှာ တန်ရှီမန်နှင့် ဝူဖုန်းတို့သာလျှင်မကဘဲ အမှားကျူးလွန်ထားခြင်း မရှိသည့် အန်လင်းပင်လျှင် ပါဝင်လေသည်။
အချိန်အတော် ကြာပြီးသည့် နောက်မှသာ တန်ရှီမန်အား အာမခံဖြင့် ထုတ်နိုင်ခဲ့သည်။
ဝူဖုန်းမှာမူ ထိုမျှလောက်များပြားသည့် ငွေကြေးမရှိသည့်အတွက် အာမခံ မရမချင်း ထိုနေရာ၌သာ အကျဉ်းကျနေမည် ဖြစ်သည်။
ဟွားတောင်တန်းဂိုဏ်းမှ အကြီးအကဲများအားလုံးတို့သည် ဂိုဏ်းခေါင်းဆောင်ဖြစ်သူ၏ အပြုအမူကြောင့် အလွန်အမင်း စိတ်ဆိုးဒေါသထွက်လျက် ရှိကြသည်။ ထို့ကြောင့် လဝက်ခန့် ကြာပြီးသည့် နောက်မှသာ ဝူဖုန်းအား အာမခံပေးမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
အချိန်ကုန်လွန်လာပြီးနောက်တွင် နေဝင်ချိန်သို့ ရောက်ရှိလာလေသည်။
အကျဉ်းစခန်းမှ ပြန်လည်လွတ်မြောက်လာပြီး နေရောင်ခြည်အား ပြန်လည်မြင်တွေ့လိုက်ရသည့်အခါ အန်လင်း၏ မျက်နှာတွင် မျက်ရည်များ စီးကျလာပြီး ပြန်လည်မွေးဖွား လာသည်ဟုပင် ခံစားနေမိသည်။ လက်နှစ်ဖက်အား လေတွင်မြှောက်ကာဖြင့် အားကုန်အော်ဟစ်လိုက်သည်။
“အဖွဲ့ခေါင်းဆောင်နေရာကို ကောင်းကင်ထောက်တိုင်ပဲဟေ့”
တန်ရှီမန် : “…”
အန်လင်းအတွက် လွန်စွာထူးခြားလွန်းသည့်နေ့တစ်ရက် ဖြစ်ခဲ့သည်။ ဟွမ်ရှန့်ရှန့်ထံမှ သုံးကြိမ်တိတိ ဆူပူခံခဲ့ရပြီး အကျဉ်းစခန်းနှစ်ခုသို့ သွားခဲ့ရသည်။ ဟွားနိုင်ငံ၏ တစ်ဝက်ခန့်အား သွားလာခဲ့ရခြင်း ဖြစ်သည်။
ဤမျှလောက် ထူးခြားလွန်းသည့် အမှတ်ရဖွယ် နေ့တစ်ရက် ဖြစ်သည်ကြောင့် စိတ်လှုပ်ရှားလွန်းသဖြင့် ငိုယိုမိတော့သည်။
“ဒီနေ့ ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ် ခေါင်းဆောင် အန်လင်း” တန်ရှီမန် တောင်းပန်သည့်အနေဖြင့် ခေါင်းညွှတ်လိုက်သည်။
တန်ရှီမန်မှာ အဝတ်အစားများ စုတ်ပြဲနေသော်ငြား ရှေးခေတ်မှလာသည့် ခမ်းနားကြီးကျယ်လှသော မင်းသားများသွင်ပြင်ဖြင့် ကျက်သရေရှိနေဆဲ ဖြစ်သည်။
အန်လင်း လက်ဝှေ့ယမ်းလိုက်သည်။ “ဒါတွေက အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ငါ့ရဲ့ တာဝန်ပါပဲ။ ဒါပေမဲ့ကွာ ငါသိချင်တာ တစ်ခုက မိတ်ဆွေဟောင်းတွေ ပြန်တွေ့ကြရင် အခုလိုပဲ တိုက်ခိုက်တတ်ကြတာလား။”
တန်ရှီမန် ကိုးရိုးကားရားနိုင်စွာ ရယ်မောလိုက်သည်။ “ဝူဖုန်းနဲ့ ကျင့်ကြံခြင်းမှာ လေ့လာထားသမိသမျှကို ဆွေးနွေးချင်ခဲ့တာပါ။ ပြီးတော့ လက်ရည်စမ်းမယ်ပေါ့။ ဒါပေမဲ့ ကျွန်တာ်တို့ရဲ့ လက်ရည်စမ်းပွဲက နည်းနည်း ကြမ်းသွားတယ်။”
အန်လင်းမှာ ကြောင်အစွာဖြင့် ကြည့်နေမိသည်။ ထို့နောက်တွင် ပြောစရာစကားများ ပျောက်ဆုံးသွားပြီး သူ၏မျက်ခုံးနှစ်ဖက်ကိုသာ နှိပ်နေမိသည်။
တန်ရှီမန်သည် ကျက်သရေရှိ တင့်တယ်လှသော မင်းသားတစ်ပါးနှင့်တူပြီး သူ့အနေဖြင့် လက်ရည်စမ်းပွဲတစ်ပွဲအား ထိန်းချုပ်မရနိုင်ဟူသည်မှာ မဖြစ်သင့်ပေ။ တန်ရှီမန်မှာ အတော်လေး ယုံကြည်စိတ်ချရသူ ဖြစ်သည်ဟူ၍ အန်လင်းထင်ခဲ့မိသော်လည်း ယခုတွင်မူ စာအုပ်တစ်အုပ်အား ယင်း၏အဖုံးကိုကြည့်၍ မဆုံးဖြတ်ရန် နှစ်ခါမျှ စဉ်းစားရပေလိမ့်မည်ဟု တွေးထင်မိလိုက်သည်။
အန်လင်းနှင့် ခေတ္တမျှ စကားပြောဆိုပြီးသည့်နောက်တွင် တန်ရှီမန်သည် အခြားမိတ်ဆွေဟောင်းများထံ သွားရောက်လည်ပတ်ရန် ထွက်ခွာသွားလေသည်။
အန်လင်း ချက်ချင်းဆိုသလို တန်ရှီမန်၏လက်အား ဆုပ်ကိုင်လိုက်ပြီးနောက် တစ်စုံတစ်ခုအား ပြုလုပ်တော့မည်ဆိုလျှင် သူ၏ သွင်ပြင်ကို ပြန်ကြည့်ရန်နှင့် ဂါထာမန္တန်များ အသုံးပြုရန် တောင်းဆိုမှာကြားလိုက်သည်။
အန်လင်း စိတ်မသက်မသာ ဖြစ်စွာဖြင့် တန်ရှီမန် ထွက်ခွာသွားသည်ကို ကြည့်နေမိသည်။ သူပြောလိုက်သည့် စကားများအား နှလုံးသားထဲတွင် မှတ်ယူသွားမည်ဟု မသေချာပေ။
ထျန်းလင်းလင်းသည် တပိုင်၏ကျောပေါ်တွင် ထိုင်ကာဖြင့် နေရောင်အောက်တွင် သူ၏ ခြေထောက်များ လွှဲယမ်းကာ ဆော့ကစားနေလေသည်မှာ လွန်စွာ လွတ်လပ်ပေါ့ပါးဟန် ရှိလှသည်။
“တောက်ဆရာအတုရေ.. တုန်ဖန်ကျဲကျဲက နင်ပြန်ရောက်လာတယ်ဆိုလို့ သူ့ဆီကို လာလည်ပြီး ညစာလာစားချင်လားလို့ မေးခိုင်းလိုက်တယ်။” ထျန်းလင်းလင်း ဖုန်းဆော့နေရင်းဖြင့် ရုတ်တရက်ဆန်စွာ ပြောလေသည်။
စိတ်လှုပ်ရှားမှုကြောင့် အန်လင်းခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လာသည်။ အရူးအမူး စူပါဖန်တစ်ဦး၏ ပျော်ရွှင်မှုမျိုး သူ၏နှလုံးသားထဲ၌ ဖြစ်တည်လာလေသည်။
ထိုနေ့တွင် ဖျော်ဖြေခဲ့သော တုန်ဖန်ရွှယ်၏ လှပသည့် အသံလေးအား သူ၏စိတ်ထဲ၌ ကြားယောင်နေမိသည်။
ထို့ကြောင့် တစ်ဖက်တည်းသို့သာ ဦးတည်သွားမည်ဆိုလျှင် ကျောက်တုံးအောက်ခြေမှ အပေါ်သို့တိုင် တက်နိုင်လိမ့်မည်ဟု ဆိုကြခြင်း ဖြစ်ပေလိမ့်မည်။ (အဓိပ္ပာယ် သိပ်တော့နားမလည်ဘူး_) သူ၏ အိုင်ဒဲလ်မှ ညစာစားရန် ဖိတ်ခေါ်နေလေပြီ။ ဟိဟိ
“နင့်ရဲ့အမူအရာကို ကြည့်ပြီး သူ့ရဲ့ ဖိတ်ခေါ်မှုကို လက်ခံတယ်လို့ ယူဆလိုက်ပြီနော်။”
ထျန်းလင်းလင်း မျက်လုံးများ စွေကြည့်လိုက်ပြီးနောက် အန်လင်း၏မျက်နှာပေါ်ရှိ ရူးနှမ်းနှမ်းအပြုံးအား မြင်တွေ့လိုက်ရသည်။
“သေချာတာပေါ့။ ဘယ်လိုလုပ်ပြီး ကောင်းကင်နတ်မိမယ်တည်ငြိမ်ရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းပယ်နိုင်ပါ့မလဲဟ။” အန်လင်း လေးနက်သည့်ဟန်ဖြင့် တုံ့ပြန်လေသည်။
ထျန်းလင်းလင်း နှုတ်ခမ်းတင်းတင်းစေ့ကာဖြင့် တိတ်ဆိတ်သွားလေသည်။ များမကြာမီတွင် သူတို့နှစ်ဦးသည် တပိုင်၏ကျောပေါ်တက်ကာဖြင့် တုန်ဖန်ရွှယ်၏အိမ်သို့ ပျံသန်းသွားကြလေသည်။
အန်လင်းသည် လွန်ခဲ့သည်နှစ်နှစ်အတွင်း ထွက်ခဲ့သမျှသော တုန်ဖန်ရွှယ်၏ သီချင်းအားလုံးကို ဒေါင်းလုတ် လုပ်လိုက်ပြီး သူမအိမ်သို့ သွားနေစဉ် နားထောင်နေလေသည်။ သူမ၏ သီချင်းများမှာ အလွန်သာယာနာပျော်ဖွယ်ဖြစ်ပြီး များမကြာမီမှာပင် ဂီတသံစဉ်အတွင်းသို့ မျောပါသွားလေသည်။
တုန်ဖန်ရွှယ်၏အိမ်မှာ မြစ်ကမ်းဘေးရှိ စံအိမ်ကြီး ဖြစ်လေသည်။ ရှုခင်းမှာ အလွန်လှပပြီး ပြတင်းမှတစ်ဆင့် မြစ်တစ်ဖက်ကမ်းရှိ မိုးမျှော်တိုက်ကြီးများကို မြင်တွေ့နိုင်လေသည်။
မြို့၏ အဆင့်မြင့်မှုနှင့် မြစ်၏ တည်ငြိမ်မှုတို့မှာ တစ်ခုနှင့်တစ်ခု ကွဲလွဲစွာ ဆန့်ကျင်နေကြခြင်း မရှိချေ။ ထို့အစား ထိုခြားနားမှု နှစ်ခုမှာ လိုက်ဖက်ညီစွာ ပေါင်းစပ်နေလေသည်။
အန်လင်းနှင့် ထျန်းလင်းလင်းတို့သည် တပိုင်၏ကျောပေါ်မှ ဆင်းလိုက်ပြီးနောက် တုန်ဖန်ရွှယ်အား ရှာဖွေလိုက်သည်။ တုန်ဖန်ရွှယ်မှာ အညိုဖျော့ရောင် ဝတ်စုံအား ဝတ်ဆင်ထားပြီး အရှေ့တံခါးမတွင် သူတို့အား စောင့်မျှော်နေလေသည်။
တုန်ဖန်ရွှယ်၏ သွင်ပြင်မှာ သေးသွယ်ပြီး တင့်တယ်လှပသည်။ အသားအရေမှာ နှင်းကဲ့သို့ ဖြူဖွေးနေသည်။ မျက်လုံးများမှာလည်း ရေပွက်လေးများသဖွယ် ကြည်လင်နေပြီး လေထဲရှိ ထိုအမျိုးသားအား မော့ကြည့်ကာဖြင့် ပြုံးပြနေလေသည်။
“အန်လင်းရေ မတွေ့တာတောင် ကြာပြီ။” တုန်ဖန်ရွှယ် ပြုံးလျက်နှင့် လက်ဝှေ့ယမ်းပြလိုက်သည်။
“ကောင်းကင်နတ်မိမယ်တည်ငြိမ်ရဲ့ ဟင်းချက်လက်ရာကို မြည်းစမ်းကြည့်ရတော့မှာမို့ ဂုဏ်ယူပဗျာ။ ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး နေ့တိုင်းနေ့တိုင်း ဒီလက်ရာကို တမ်းတနေရတာ။” အန်လင်း တပိုင်ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် လက်ဝှေ့ယမ်းပြလေသည်။
တုန်ဖန်ရွှယ် ပါးစပ်ကို လက်ဖြင့်ကာလိုက်ပြီးနောက် အသာရယ်မောလေသည်။ “ထမင်းတစ်နပ်က နှစ်နှစ်လုံးလုံး သတိရနေဖို့အတွက် လုံလောက်တယ်ပေါ့။ ဘာမှ တိုးတက်မလာရင်တောင် စကားပြောစွမ်းရည်ကတော့ အတော်လေး တိုးတက်လာတာပဲ အန်လင်းရဲ့။”
“သူဘယ်လောက်တောင် အရေထူသလဲ သိပြီလား တုန်ဖန်ကျဲကျဲ” ထျန်းလင်းလင်းသည် တုန်ဖန်ရွှယ်၏ လက်မောင်းအား ခိုတွဲလိုက်သည်။
“အမှန်အတိုင်း ပြောနေတာဗျ။ ကိုးပြည်ထောင်နိုင်ငံတော်မှာရှိတဲ့ နာမည်ကြီး စားသောက်ဆိုင် တော်တော်များများကို သွားစားခဲ့ပြီးပြီ။ ဒါပေမဲ့ ကောင်းကင်နတ်မိမယ်တည်ငြိမ်ရဲ့ ဟင်းချက်လက်ရာကို မီတဲ့သူ မရှိပါဘူးဗျာ။” အန်လင်းသည် ထျန်းလင်းလင်း၏ လှောင်ပြောင်မှုတို့ကို လျစ်လျူရှုကာဖြင့် ရိုးသားစွာ ဆက်ပြောသည်။
ကိုးပြည်ထောင်နိုင်ငံတော်တွင် အင်မော်တယ်စားဖိုမှူးရာထူးမှာ လွန်စွာရှားပါးလှသည်။ သူတို့အားလုံးတို့သည် ကျွမ်းကျင်မှုအပေါ် မှီတည်ကာဖြင့် ကျင့်ကြံခြင်းလောက၏ တိုင်ကွန်းများထံမှ များပြားလှသည့် ငွေကြေးများ ရရှိကြသည်။ အန်လင်းအတွက်မူကား တုန်ဖန်ရွှယ်၏ ဟင်းချက်စွမ်းရည်မှာ ထိပ်တန်းအဆင့် ဖြစ်လေသည်။
ကမ္ဘာမြေတွင် အဆင့်မြင့် ပါဝင်ပစ္စည်းများ ရှိမနေ ဟူသည့် အချက်သည်သာလျှင် တုန်ဖန်ရွှယ်အတွက် ကန့်သတ်ချက် ဖြစ်နေခြင်း ဖြစ်သည်။ အကယ်၍ သူသာလျှင် ကိုးပြည်ထောင်နိုင်ငံတော်သို့ သွားရောက်ကာ စားဖိုမှူးအဖြစ် အသက်မွေးမည် ဆိုပါက အချိန်မဆိုင်းဘဲ ချမ်းသာလာပေလိမ့်မည် ဖြစ်သည်။
တုန်ဖန်ရွှယ်၏ သီချင်းသီဆိုခြင်းသည် သူ့အား စားဖိုမှူးတစ်ဦး ဖြစ်လာရန် တားဆီးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
တုန်ဖန်ရွှယ်မှာ အန်လင်း၏ ရိုးသားသည့် အမူအရာကြောင့် ရယ်မောရုံသာ တတ်နိုင်လေသည်။
သူ့အနေဖြင့် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ထိုကဲ့သို့ ချီးကျူးမှုအား လက်ခံရရှိသည့်အခါ သူမအနေဖြင့် အတော်လေး ပျော်ရွှင်မိသည်။ ထို့နောက်တွင် ထျန်းလင်းလင်းနှင့် အန်လင်းတို့အား အိမ်အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။ ကြီးမားလှသည့် ခွေးကြီးသည်လည်း သူတို့နောက်မှ လိုက်ပါလာလေသည်။
အိမ်ထဲ၌ အရသာရှိ မွှေးပျံ့သည့် ရနံ့များ ပျံ့လွင့်နေသည့်အတွက် အန်လင်း၏ ဝမ်းဗိုက်မှ အော်မြည်လာလေသည်။ တပိုင်၏ ပါးစပ်မှလည်း သွားရည်များ စီးကျလာသည်မှာ ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်နှင့်ပင် တူလေသည်။
သူတို့၏အရှေ့တွင် စားကောင်းသောက်ဖွယ်များ ပြည့်နေသည့် စားပွဲတစ်လုံး ရှိနေသည်။ ထိုဟင်းလျာများ၏ အပြင်အဆင် တစ်ခုတည်းနှင့်ပင် ကြည့်နေသူများအား စားချင်စိတ်တို့ တိုးလာစေနိုင်သည်။ ဟင်းပွဲများတွင် စွမ်းအင်လှိုင်းများ ရှိနေသည့်အတွက် အလွန်အဖိုးတန်သည့် ပါဝင်ပစ္စည်းများအား အသုံးပြုထားခြင်း ဖြစ်ပေလိမ့်မည်။
တုန်ဖန်ရွှယ်သည် ဟင်းပွဲများအား အလွန်ဂရုတစိုက် ပြင်ဆင်ထားခြင်း ဖြစ်လိမ့်မည်။ ထိုအကြောင်းအား တွေးမိသည့်အခါ အန်လင်းသည် အစိမ်းရောင်ဆေးလုံး တစ်လုံးအား ထုတ်ယူကာဖြင့် တုန်ဖန်ရွှယ်အား ကမ်းပေးလိုက်သည်။
“ဘာတွေလဲ အန်လင်း” သူ၏ အပြုအမူကြောင့် တုန်ဖန်ရွှယ် အနည်းငယ်မျှ အံ့ဩသွားလေသည်။
“ငါတို့က သူငယ်ချင်းဟောင်းတွေလေ။ အဲဒါကြောင့် ပြန်လည်ဆုံစည်းခြင်း အထိမ်းအမှတ် လက်ဆောင်ပေးတာ။ ဒါက ငယ်ရွယ်နုပျိုဆေးလုံးလေ။ နင့်ရဲ့အသားအရေကို ကြည်လင်စေပြီး ကြွက်သားတွေကို သန်မာစေတယ်။ လက်ခံမယ်မလား။”
“အယ် မလိုပါဘူးဟယ်”
“မရဘူး လက်ခံရမယ်။ ငါတို့က သူငယ်ချင်းတွေ ဖြစ်တာကြောင့် ငြင်းလို့မရဘူး။”
ဤသို့ဖြင့် တုန်ဖန်ရွှယ်သည် ပြုံးလျက်ဖြင့် ထိုဆေးလုံးအား အင်တင်တင်ဖြင့် လက်ခံလိုက်သည်။ အလွန်ကျေနပ်နေသည်မှာ သိသာလှပေသည်။
ထိုအခြင်းအရာအား ဘေးမှကြည့်ကာဖြင့် ထျန်းလင်းလင်း၏ နှုတ်ခမ်းများ မဲ့သွားလေသည်။ ရုတ်တရက်ဆိုသလို ဟွမ်ရှန့်ရှန့်နှင့် ရင်ဆိုင်စဉ်က အဖြစ်အပျက်အား ပြန်လည်သတိရမိလိုက်သည်။
ဟွန့် ပေးတဲ့ဆေးကော ပြောတဲ့စကားကော တစ်ပုံစံတည်းပဲ။
သောက်ခွေးနဲ့မှ အန်လင်းက ဒီထက်ပိုပြီး အရှက်မဲ့နိုင်သေးလား။
ဤသို့ဖြင့် ထိုလူသုံးဦးနှင့် ခွေးတစ်ကောင်တို့ ပျော်ရွှင်စွာ စားသောက်ကြလေသည်။
***