← Chapters

ဝင်ရောက်မည့်သူများအား ဆုံးဖြတ်ခြင်း

Vol. 22 Ch. 304

ဝင်ရောက်မည့်သူများအား ဆုံးဖြတ်ခြင်း

Vol. 22 Ch. 304

သူတို့လေးဦးသား ကျေနပ်နှစ်ခြိုက်စွာ စားသောက်ပြီးသည့်နောက်တွင် တီဗွီကြည့်ရန် ထိုင်လိုက်ကြသည်။

အန်လင်းမှာ ထိုအစီအစဉ်အားလုံးကို စိတ်ဝင်စားခြင်း မရှိချေ။ အစီအစဉ် အားလုံးတွင် အရည်အချင်းမရှိဘဲ ရုပ်ရည်ကိုသာ ဦးစားပေးကြသော သရုပ်ဆောင်များသာလျှင် ကြီးစိုးနေခြင်းကြောင့် ဖြစ်သည်။

ထိုရုပ်ရည်များအား ကြည့်ရုံသပ်သပ်ဖြင့် တီဗွီကြည့်ရမည်လား။

သူသည် ဖန်သားပြင်တွင် မြင်တွေ့နေရသည့် သရုပ်ဆောင်များထက် အဆပေါင်းများစွာ ချောမောပေည်။ သူ့အနေဖြင့် ရုပ်ရည်ချောမောခန့်ညားသည့် အမျိုးသားတစ်ဦးအား ကြည့်လိုလျှင် မှန်ကြည့်လိုက်ရုံပင်။

မိန်းမလှတစ်ဦးအား မြင်တွေ့လိုလျှင်မူ သူ၏ နံဘေးတွင် ထိုင်နေသော မူးမေ့သွားလောက်သည့် အလှအပနှင့် အလှပဂေးတစ်ဦး ရှိလေသည်။ ထိုအလှလေးမှာ အံ့ဩဖို့ကောင်းလှသည့် အဆိုတော်တစ်ဦးလည်း ဖြစ်နေသေးသည်။

ထိုအကြောင်းများအား တွေးမိပြီးသည့်နောက်တွင် အန်လင်းမှာ တီဗွီကြည့်ခြင်း၌ စိတ်ပါဝင်စားခြင်း မရှိတော့ချေ။

ထို့ကြောင့် သူ၏ဖုန်းကို ထုတ်ယူလိုက်ပြီးနောက် Arena of Valor အား ဖွင့်လိုက်သည်။

“လိုလီရေ.. AoV ဆော့ကြရအောင်” အန်လင်း ဖုန်းကိုင်ကာဖြင့် မေးလိုက်သည်။

ထျန်းလင်းလင်းသည် အန်လင်းအား မျက်စိထောင့်ကပ်ကာဖြင့် ကြည့်လိုက်သည်။ “ဘာလို့ ရုတ်တရက်ကြီး ဆော့ချင်ရတာလဲ။”

“ဘာလို့ဆို နင့်ကို သတ်ပစ်မလို့လေ။ လာစမ်းပါ ဝမ်း-ဝမ်း ချကြမယ်”

“ဟဟ ငါ့ကို နိုင်မယ်လို့ နင့်ကိုယ်နင် ထင်နေတာလား။” ထျန်းလင်းလင်း ညစ်ကျယ်ကျယ် ရယ်လိုက်သည်။

“ဘာလဲ စိန်ခေါ်တာ လက်မခံရဲဘူးလား”

“ကောင်းပြီလေ။ နင်က ငါ့ကို တကယ်ကြီး ဒေါသထွက်အောင် လုပ်လိုက်ပြီ ဆိုတော့လည်း သေဖို့သာပြင်ထား စောင်နုကောင်”

ထျန်းလင်းလင်းသည် အန်လင်းအား စိုက်ကြည့်လိုက်ပြီးနောက် စိန်ခေါ်မှုကို လက်ခံလိုက်သည်။

ပြင်းထန်သည့်တိုက်ပွဲ စတင်လေပြီ။

များမကြာမီတွင် ထျန်းလင်းလင်း ချေမှုန်းခံရသည်၊ ဖျက်ဆီးခံရသည်၊ အနိုင်ယူခံရသည်။

လုံးဝ ကြောင်အနေလေသည်။

“ဝသဖ နင်ဘယ်တုန်းက အဲလောက်တောင် ကျွမ်းသွားတာလဲ။”

“မဖြစ်နိုင်ဘူး.. ဒါမဖြစ်နိုင်ဘူး”

ထျန်းလင်းလင်းမှာ ဤဂိမ်းတွင် ဆရာတစ်ဆူဖြစ်ပြီး ဂိမ်းနှင့်ပတ်သက်သည့် အာရုံခံမှုနှင့် ထိန်းချုပ်မှုတို့တွင် ထိပ်တန်းအဆင့်ဖြစ်သည်။ သို့သော်လည်း အန်လင်း၏ ထပ်ကာ ထပ်ကာ ချေမှုန်းဖျက်ဆီးခြင်း ခံနေရကာ အနိုင်ရဖို့ လမ်းမမြင်တော့ချေ။

သနားစဖွယ် ရလဒ်များအား ကြည့်ကာဖြင့် ထျန်းလင်းလင်းမှာ ပြိုလဲကျလုမတတ်ပင် ဖြစ်လေသည်။

“ဟီးဟီး အသာလေးပဲ” အန်လင်း အောင်ပွဲခံသည့် အနေဖြင့် ပြုံးလိုက်သည်။

ထျန်းလင်းလင်းအနေဖြင့် လွန်ခဲ့သည့် ၂ နှစ်အတွင်း အန်လင်းကြုံတွေ့ခဲ့ရသည့် ကြောက်မက်ဖွယ်ရာ တိုက်ပွဲများအကြောင်းကို သိနိုင်မည် မဟုတ်ချေ။

ဆင်းရဲဒုက္ခများနှင့် အခက်အခဲများသည် တိုးတက်မှုတို့အတွက် အခြေခံအုတ်မြစ် ဖြစ်သည်။

ထိုကဝေမနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက်တွင် သူ၏ တစ်ဦးချင်း တိုက်ပွဲစွမ်းရည်များမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

အန်လင်းမှာ သမိုင်းဝင် လျှိုချင်ဟွမ်၏ ပြိုင်ဘက်တစ်ဦး မဟုတ်သေးသော်ငြား အခြားသူများကိုမူ လွယ်လင့်တကူ အနိုင်ယူနိုင်စွမ်း ရှိလေသည်။

“တောက်ဆရာအတုရေ ဂရုချက်ထဲမှာ လူတိုင်းက ချန်ပိုင်တောင်တန်းက အဖြစ်အပျက်ကို ဆွေးနွေးနေကြတယ်။ အဲဒါက နင်တို့တာဝန်နဲ့ ဆက်စပ်နေတာလား။” ထျန်းလင်းလင်းမှာ ဂိမ်းဆော့ခြင်းကို လုံးဝအရှုံးပေးလိုက်ပြီဖြစ်ကာ သူ၏ ခြေထောက်များကို ဆိုဖာပေါ်တင်ပြီး စိတ်ပျက်စွာဖြင့် ဂရုချက်အား ကြည့်နေလေသည်။

အန်လင်းမှာ သူမ၏ စကားများကြောင့် အနည်းငယ် အံ့အားသင့်သွားသည်ကြောင့် ချက်ချင်းဆိုသလို WeChat အတွင်းသို့ ဝင်လိုက်သည်။

ဂရုချက်မှာ နောက်တစ်ဖန် ရုတ်ရုတ်သဲသဲ ဖြစ်နေပြန်သည်။

အလင်းသခင်ပေဟန် _ “ချန်ပိုင်တောင်မှာ ဇွန်ဘီတွေ အများကြီး ပေါ်လာလို့တဲ့။ အဲဒီတစ်ဝိုက်မှာ အတော်လေးရှားပါးတဲ့ ရတနာတစ်ခုခု ထွက်ပေါ်လာပုံပဲ။ ဒါမှမဟုတ်ရင် အပျက်အစီးပုံတစ်ခုခု ပွင့်တော့မယ် ထင်တယ်။”

ကယ်တင်ရှင် : “ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူးဟေ့။ ချန်ပိုင်တောင်ကို သွားရှာဖို့ ဘယ်သူလိုက်ချင်လဲ။”

ဓားအင်မော်တယ်မြစ်စိမ်း : “ငါလိုက်မှာနော်။ ငါ့ရဲ့ဓားက သွေးဆာနေပြီ။”

သာယာသည့်အသံပိုင်ရှင်နတ်သမီးလေး : “+၁”

ဉာဏ်အလင်းပွင့်နေသည့် ငပျင်းလေး : “+၁”

ရွှေကျောက်စိမ်း : “+၁”

မြွေဖြူဝိညာဉ် : “ကျွန်တော်လည်း သွားချင်လို့။ ရမလားဟင်။”

…

အန်လင်းသည် ဖုန်းမျက်နှာပြင်တွင် မြင်နေရသည့် မက်ဆေ့ချ်များအား ကြည့်ကာဖြင့် စကားများ ပျောက်ဆုံးနေမိသည်။

ထိုပုံမှန်မဟုတ်သည့် ဇွန်ဘီများ ပေါ်ထွက်လာမှုသည် ရှောင်ယန် သင်္ချိုင်းပွင့်တော့မည့် အရိပ်အယောင်များ ဖြစ်သည်။ သို့သော်ငြား လူ ၁၀ ဦး သာလျှင် ဝင်ရောက်ခွင့်ရှိမည် ဖြစ်သည်။

ကောင်းကင်ဘုံပိုင်နက်မှ ၈ ဦးနှင့် သေမျိုးကမ္ဘာမှ ၂ ဦး ရွေးချယ်ရမည် ဖြစ်သည်။ ထို့ကြောင့် ထိုရွေးချယ်ခံ ၁၀ ဦးမှအပ အခြားသူများ ဝင်ရောက်ခွင့် ရှိမည်မဟုတ်ချေ။ သို့သော်ငြား အန်လင်းအနေဖြင့် ထိုအချက်အလက်များအား ထုတ်ဖော်ပြောနိုင်မည် မဟုတ်ပါ။ ရှောင်ယန်သင်္ချိုင်းနှင့် ပတ်သက်သည့် အချက်အလက်များကို သေမျိုးကမ္ဘာမှ ကျင့်ကြံသူများအား ထုတ်ဖော်ပြောကြားခြင်း မပြုပါဟူ၍ ခံဝန်ကတိပြုခဲ့ရသည်။

ထျန်းလင်းလင်းသည်ပင်လျှင် ချန်ပိုင်တောင်၌ တာဝန်ထမ်းဆောင်ရန် ရှိသည်ဆိုသည်ကိုသာလျှင် သတိပြုမိပြီး အသေးစိတ်အချက်များကိုမူ သိရှိခြင်း မရှိချေ။

အန်လင်းသည် သူ၏မေးအား ပွတ်ကာဖြင့် အတွေးထဲ နစ်မျောနေလေသည်။ သေမျိုးကမ္ဘာမှ စေလွှတ်မည့် ကျင့်ကြံသူနှစ်ဦးနှင့် ပတ်သက်၍ အနည်းငယ်မျှ သိချင်နေမိသည်။

ထိုရွေးချယ်ခံ ကျင့်ကြံသူနှစ်ဦးသည် သေမျိုးကမ္ဘာတွင်ရှိသော ကောင်းကင်ဘုံပိုင်နက်၏ ဌာနခွဲမှ ရွေးချယ်ခြင်း ဖြစ်ပေလိမ့်မည်။ ဆုံးဖြတ်ချက် ချမှတ်ပြီးသည်နှင့် ထိုကျင့်ကြံသူ နှစ်ဦးသည် အဖွဲ့ခေါင်းဆောင်ဖြစ်သည့် အန်လင်းထံသို့ အကြောင်းကြားရမည်ဖြစ်သည်။

သူ့ထံသို့ ဆက်သွယ်လာသူ မရှိသေးသည်ကြောင့် အတူလိုက်ပါမည့် ကျင့်ကြံသူ နှစ်ဦးအား ဆုံးဖြတ်ရသေးဟန် မရှိချေ။

သင်္ချိုင်းအတွင်းသို့ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်အောက်ရှိ ကျင့်ကြံသူများသာလျှင် ဝင်ရောက်နိုင်မည် ဖြစ်သည်။

ကျန်ရှိသည့် အဖွဲ့ဝင်နှစ်ဦးအား ရွေးချယ်ရာတွင် ပင်ကိုစွမ်းရည်အပေါ် မူတည်၍ ရွေးချယ်မည် ဖြစ်ပြီး မြင့်မားသည့် ကျင့်ကြံခြင်းအခြေခံရှိရန် မလိုအပ်ချေ။ ထို့ကြောင့် သေမျိုးကမ္ဘာမှ ပါရမီရှင် ကျင့်ကြံသူအားလုံးထံ၌ အခွင့်အရေး ရှိလေသည်။

ပြောရမည်ဆိုလျှင် သေမျိုးကမ္ဘာမှ ပါရမီရှင် ကျင့်ကြံသူအားလုံးတို့သည် “ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများအားလုံး စုပေါင်းကာ ကမ္ဘာကြီးအား ကာကွယ်ကြမယ်” ဂရုချက်အတွင်း၌ ရှိနေပြီး ဖြစ်သည်။

အန်လင်းသည် ဂရုအတွင်းရှိ အဖွဲ့ဝင်စာရင်းအား ဖွင့်လိုက်ပြီးနောက် စိတ်ပါဝင်စားစွာဖြင့် ကြည့်နေမိသည်။

ဓားအင်မော်တယ်မြစ်စိမ်းသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်မှ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်သို့ နှစ်နှစ်မျှနှင့် တက်လှမ်းနိုင်ခဲ့သည့်အတွက် အတော်လေး ပါရမီရှိသူဟု ဆိုရပေမည်။ သူ၏ ကျင့်ကြံနှုန်းမှဦ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်ရှိ အဓိကကျောင်းတော်သားများထက်ပင် မြန်နေသေးသည်ဟု ဆိုရမည်။

ကောင်းကင်နတ်မိမယ်မြေခွေးနီမှာ မွေးဖွားစဉ်ကပင် ဝိညာဉ်ခန္ဓာပိုင်ဆိုင်ထားသူ ဖြစ်သည့်အတွက် ကျင့်ကြံခြင်း မပြုခင်မှာပင် လူသားအသွင်သို့ ပြောင်းလဲနိုင်စွမ်းရှိသည်။ ထို့အပြင် မြေခွေးမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်ကာ ရွေးချယ်ခံရရန် အခွင့်အရေး များပေသည်။

နည်းပညာရူးသွပ်သူ၊ ကယ်တင်ရှင်၊ ရေဒါကျွမ်းကျင် ကျန်းဝမ်၊ အစီအရင်ဆရာ ချန်ကျင်းထျန်တို့လည်း ရှိသေးသည်။

အန်လင်းသည် ဂရုအတွင်းရှိ အမည်များကို စေ့စေ့စပ်စပ် ကြည့်နေရင်းဖြင့် သေမျိုးကမ္ဘာရှိ များပြားလှသည့် ပါရမီရှင်များကြောင့် အံ့အားသင့်နေမိသည်။

ထိုအချိန်မှာပင် ထျန်းလင်းလင်းထံသို့ ဖုန်းနံပါတ်စိမ်းတစ်ခု ဝင်လာသည်။

စိတ်ရှုပ်ထွေးစွာဖြင့် ဖုန်းကိုင်လိုက်လေသည်။

“ဟယ်လို”

“ဘာဖြစ်တယ်”

ထျန်းလင်းလင်းသည် တုန်ဖန်ရွှယ်၏ ပခုံးပေါ် မှီထားသည့် ဦးခေါင်းအား မလိုက်ပြီး သေတ္တာထဲမှ အရုပ်သဖွယ် ခုန်ထလိုက်သည်။

အန်လင်းသည် ထျန်းလင်းလင်း၏ ပြောင်းလဲသွားသော အမူအရာများအား ကြည့်နေမိသည်။

“ဟုတ်”

“မကြောက်ပါဘူး။ သွားမယ်”

“အဆင်ပြေတယ်။ အခု သူနဲ့အတူ ရှိနေတာ”

“ကောင်းပြီ။ လိပ်စာပို့ပေးလိုက်မယ်”

ထျန်းလင်းလင်း ဖုန်းချလိုက်ပြီးနောက် အန်လင်းအား မနှစ်မြို့ဟန်ဖြင့် ကြည့်လေသည်။

“ဘာလို့ အဲလိုကြီး လာကြည့်နေတာတုံး” အန်လင်း သိလိုစိတ်ဖြင့် မျက်တောင်ခတ်လိုက်သည်။

ထျန်းလင်းလင်း နှုတ်ခမ်းတင်းတင်းစေ့ပြီးနောက်တွင် စကားနှစ်လုံးအား ခက်ခက်ခဲခဲ ပြောလာလေသည်။ “ခေါင်းဆောင်”

“ဟမ်” အန်လင်းမျက်လုံးများ ပြူးကျယ်သွားသည်။

သူ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။ “ဖာ့ခ် နင်လား”

ထျန်းလင်းလင်း ခေါင်းညိတ်လိုက်သည်။ “အင်း”

တုန်ဖန်ရွှယ် နားမလည်နိုင်စွာဖြင့် ကြည့်နေလေသည်။ “နင်တို့ ဘာတွေပြောနေကြတာလဲ။”

“လျှို့ဝှက်ချက်” နှစ်ဦးစလုံး သံပြိုင်အော်လိုက်ကြသည်။

သူတို့နှစ်ဦးမှာ တူညီသည့် တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားမိကြသည်။

အန်လင်းမှာ ကိုးရိုးကားရားနိုင်စွာဖြင့် ခေါင်းကုတ်လိုက်သည်။ ထျန်းလင်းလင်းမှာမူ နှုတ်ခမ်းတင်းတင်းစေ့ကာဖြင့် အကြည့်လွှဲနေလေသည်။

တုန်ဖန်ရွှယ် : “…”

ထိုအချိန်မှာပင် အန်လင်းဖုန်းမြည်လာသည်။

“ဟယ်လို”

အခြားတစ်ဖက်မှ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာသည်။ “အား အဆိပ်သခင်က ငါ့ဖုန်းကို ကိုင်တယ်ဟ။ ပျော်လိုက်တာ။”

အန်လင်း ရှုံ့မဲ့သွားပြီးနောက် ဖုန်းကို နားမှခွာလိုက်သည်။ ဘာကောင်တုံး။ အရူးအမူး စူပါဖန်တွေ နောက်ပြီး ခေါ်နေတာလား။

“အဟမ်း ဘယ်သူလဲ။ ဘာကိစ္စရှိလို့လဲ။”

ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ထိုဖုန်းအား မချပစ်ရန် ဆုံးဖြတ်လိုက်သည်။ ခေါ်ဆိုသူထံတွင် အမှန်တကယ် အသုံးဝင်သည့် တစ်ခုခု ပြောဆိုရန် ရှိနေမည်ကို စိုးရိမ်မိသည်ကြောင့်ပင်။

“ဟားဟား ကျွန်မက ဂရုချက်ထဲက မြွေဖြူဝိညာဉ်လေ။ မှတ်မိလားဗျ။”

“ဝါး ကျွန်မ ဖရန့်တောင် အတ်ထားသေးတယ်။ ဒါပေမဲ့လည်း လက်မခံရသေးပါဘူး။ ကျွန်တော့် ရီကွက်စ်ကို မမြင်လို့လားဟင်။”

အန်လင်း မျက်လုံးဝေ့ကြည့်လိုက်သည်။ အဲဒီတော့ WeChat ကနေ ဆက်သွယ်လို့မရလို့ အနှောင့်အယှက်ပေးတဲ့ဖုန်း ခေါ်လိုက်တာပေါ့လေ။ အရမ်းကောင်းတယ်။

ဟူး ကျော်ကြားမှုဆိုတာ အသွားနှစ်ဖက်ပါတဲ့ ဓားလိုပါပဲလား။

“ကောင်းပါပြီ။ လက်ခံလိုက်မယ်နော်။ အခုတော့ ဖုန်းချလိုက်တော့မယ်။” အချိန်မဖြုန်းလိုသည့် အတွက် ဖုန်းချရန်သာ ဆုံးဖြတ်လိုက်သည်။

“မဟုတ်ဘူး ခဏလေးပါ အဆိပ်သခင်ရေ... ကျွန်မကလည်း ရှောင်ယန်သင်္ချိုင်းကို ဝင်ဖို့အတွက် ရွေးချယ်ခံထားရတဲ့သူပါ။ အစီအစဉ်လေး အကျဉ်းချုပ် ပြောပြပေးလို့ ရမလား။” တစ်ဖက်မှ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။

အန်လင်း၏လက်များ အနည်းငယ် တုန်ယင်လာပြီးနောက် ထိတ်ထိတ်ပျာပျာ ဖြစ်လာလေသည်။ “ဖာ့ခ် နင်က နောက်ဆုံးတစ်ယောက်လား။”

***

All Chapters