ဇွန်ဘီနတ်ဘုရားမ ထွက်ပေါ်လာမှု
Vol. 22 Ch. 306
အန်မင်ချွန်၏ စကားများကြောင့် သူ၏အဖွဲ့သားအားလုံး အလွန်အမင်း တုန်လှုပ်သွားလေသည်။
ထိုသို့သော စကားများကို မည်သည်ကြောင့် ရှက်ရွံ့ခြင်းမရှိ ပြောနိုင်ရသနည်း။
ထို့နောက်တွင် ပိုရယ်စရာကောင်းသည့်အဖြစ်တစ်ခု ဖြစ်ပွားလေသည်။
ချန်ယင် ခေတ္တမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ “ကောင်းပြီလေ။ အန်လင်း လာမယ်ဆိုရင် တပ်ကူ မခေါ်တော့ဘူး။”
အဖွဲ့သားအားလုံးတို့မှာ သူတို့၏ အဖွဲ့ခေါင်းဆောင်အား ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။
ဗိုလ်ကြီး ချန်ယင်သည် အန်လင်း၏ ယုံတမ်းစကားများကို ယုံကြည်လိုက်သည်လား။
ချန်ယင်မှာ အခြားသူများနှင့် မတူဘဲ အန်လင်းနှင့်ပတ်သက်သည့် အချက်အလက်များစွာအား သိရှိထားလေသည်။
ထို့ကြောင့် ကြုံတွေ့ရမည့် ရန်သူများအား အန်လင်း ရှင်းလင်းပစ်နိုင်သည်ဟု ဆိုခြင်းအား ယုံကြည်ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ အခြားတပ်ကူများထက် အန်လင်းမှာ ပိုမိုအစွမ်းထက်လေသည်။
လုရွှယ်မှာ သိလိုစိတ်ဖြင့် အန်မင်ချွန်ထံသို့ ရွှေ့သွားလိုက်သည်။ “အန်ကောကောရဲ့သားက ဘယ်သူလဲ။”
အန်မင်ချွန် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။ “သူဘယ်သူလဲ ဆိုတာကိုတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ဒီရေခဲပြာဓားကို ငါ့သားက ပေးထားတာဆိုတာတော့ ပြောပြနိုင်တယ်။”
“ဘာဖြစ်တယ်။ ဒါပေမဲ့ ဒါက စိတ်ဝိညာဉ်လက်နက်လေ။”
လုရွှယ်မှာ မယုံကြည်နိုင်မှုများဖြင့် မျက်လုံးများပြူးကျယ်ကာ ပါးစပ်အဟောင်းသား ဖြစ်လာလေသည်။
ဟွားနိုင်ငံ ကျင့်ကြံခြင်းလောကအတွက် စိတ်ဝိညာဉ်လက်နက်များမှာ နတ်ဘုရားလက်နက်နှင့် ညီမျှလေသည်။ တာအိုခန္ဓာအဆင့် ကျင့်ကြံသူများကို ထည့်သွင်းစဉ်းစားခြင်း မပြုလျှင်ပင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် ရရှိဖို့ရန် မလွယ်ကူချေ။ ထိုကဲ့သို့သော အဖိုးတန်အရာအား အန်လင်းသည် ဖခင်ဖြစ်သူအား အမှုမထားဘဲ ပေးအပ်လိုက်လေသည်။ အန်လင်းမှာ မည်မျှအထိ ချမ်းသာနေသနည်း။
“အန်ကောကောရဲ့သားက မိုက်လိုက်တာ။” လုရွှယ်သည် သူမ၏ ကိုယ်ဟန်ကို ပြန်ထိန်းလိုက်ပြီးနောက် ချီးကျူးလိုက်သည်။
“ဒီလိုပါပဲ။ သာမန်ထက် နည်းနည်းလေး ပိုသန်မာနေရုံပါပဲ။” အန်မင်ချွန် ပေါ့ပါးစွာ ဖြေလိုက်သည်။
လုရွှယ် : “…”
ထိုအချိန်မှာပင် ချန်ယင် စကားဆိုလာသည်။ “ချန်ပိုင်တောင်မှာ ပုံမှန်မဟုတ်တဲ့ ချီစွမ်းအင်တွေကို တွေ့နေရပြီး ကောင်းကင်နဲ့မြေပြင်က စိတ်ဝိညာဉ်စွမ်းအင်တွေက တောင်တန်းတွေဆီကို စီးဆင်းနေတယ်ဆိုတဲ့ အချက်ကိုပါ ထည့်ပေါင်းမယ်ဆိုရင် သိပ်မကြာခင်မှာ မိစ္ဆာတွေ ထွက်ပေါ်လာတော့မယ်လို့ ဆိုလိုတာပဲ။”
“ဒီကူးစက်ခံရတဲ့ရွာက ဇွန်ဘီဘုရင်က ဇွန်ဘီအစေခံတွေ ပြုလုပ်တဲ့နေရာပဲ ဖြစ်ရမယ်။ ဇွန်ဘီအစေခံတွေက သန်မာအားကောင်းလာခွင့်တောင် မရလိုက်ပဲ ငါတို့သတ်တာ ခံလိုက်ရတယ်။ အဲဒါကြောင့် ဇွန်ဘီဘုရင်က ဒေါသတကြီးနဲ့ ဒီနေရာကို ပြန်လာနိုင်တယ်။ အန်လင်း မလာခင်တော့ ငါတို့အတွက် နေရာတစ်ခုရှာပြီး ပုန်းနေတာ အကောင်းဆုံးပဲ။”
လူတိုင်းသဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် အန်လင်းအပေါ်၌ များစွာ မျှော်လင့်ထားခြင်း မရှိကြချေ။ ဇွန်ဘီဘုရင် ထွက်ပေါ်လာမည်ကို ဘဲကလေးများသဖွယ် ထိုင်စောင့်ပြီးလည်း မနေနိုင်ကြချေ။
သို့သော်လည်း ချန်ယင်၏ စကားအဆုံးမှာပင် သူတို့အား မြူခိုးနက်တစ်ခုမှ ရစ်ပတ်လွှမ်းခြုံ သွားလေသည်။
သူတို့၏ နံဘေးမှ ညှို့ငင်အားကောင်းသည့် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ “ဟီဟီဟီ ငါ့ရဲ့ အကောင်လေးတွေကို အရင်ဖျက်ဆီးတယ်။ အခုကျ တူတူပုန်းတမ်း ကစားချင်နေပြန်တယ်။ နင်တို့က ဘယ်လိုမျိုး ခက်ခက်ခဲခဲ ကစားရမယ်ဆိုတာကို သိနေတာပဲ။”
ဘုန်း
အဝေးမှ အလွန်အားကောင်းသည့် အော်ရာတစ်ခု ဆင်းသက်လာပြီး မွန်းကျပ်မှုတို့ကို ပေးစွမ်းလေသည်။
“အားလုံးပဲ ဂရုစိုက်ကြမယ်ဟေ့။ စက်ဝိုင်းပုံစံ ပူးကပ်နေပြီး မြူခိုးနက်တွေနဲ့ မထိမိအောင် နေကြရမယ်။ ဒီမြူခိုးတွေက ဇွန်ဘီအဆိပ်တွေပဲ။” ချန်ယင် အော်ဟစ်လိုက်ပြီးနောက် နီရဲနေသည့် ဓားမော့အား ဆွဲထုတ်ကာ ခက်ထန်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
“ဟီးဟီး ခုခံမနေနဲ့။ လိမ်လိမ်မာမာနဲ့ ငါ့ရဲ့အကောင်လေးတွေ ဖြစ်ကြစမ်းပါ။ အခု အညံ့ခံမယ်ဆိုရင် နာကျင်မှုမရှိဘဲ မြန်မြန်ဆန်ဆန် သေခွင့်ပေးမယ်။”
ထိုအမျိုးသမီးသည် မြူခိုးနက်များအား ဖြတ်သန်းကာ လျှောက်လှမ်းလာပြီး တခစ်ခစ် ရယ်မောနေလေသည်။
ခါးအထိရှည်လျားသော အနက်ရောင်ဆံပင်များနှင့် ထိုအမျိုးသမီး၏ သွင်ပြင်မှာ လွန်စွာညှို့ငင်ဖမ်းစားနိုင်လေသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးမှာ ဗလာကျင်းလျက်ရှိပြီး ဖွံ့ဖွံ့ထွားထွား ရင်အစုံအား လှစ်ဟပြနေလေသည်။ မြက်ဖြင့် ရက်လုပ်ထားသော မီနီစကတ်ကို ဝတ်ဆင်ထားပြီး ရှည်သွယ်သွယ် ခြေထောက်များအား အတိုင်းသား မြင်နေရသည်။
မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသော ပျော့နွဲ့နွဲ့အမျိုးသမီးအားကြည့်ကာဖြင့် ကျောရိုးတစ်လျှောက် အေးစက်လာလေသည်။ ထိုအမျိုးသမီး၏ အသားအရေမှာ ဖြူဖွေးနေပြီး ခန္ဓာကိုယ်မှ သေခြင်းတရား အော်ရာများ ထွက်ပေါ်နေသဖြင့် အသက်ရှူရန်ပင် ခက်ခဲလေသည်။
သူ၏နောက်တွင် ရွှေရောင်အသားအရေနှင့် လူနှစ်ဦးမှာ အသက်မဲ့သည့် မျက်လုံးများဖြင့် ရှိနေသည်မှာ စက်ရုပ်နှစ်ရုပ်နှင့်ပင် တူလေသည်။
ချန်ယင်သည် ထိုအမျိုးသမီးထံမှ အဆုံးမဲ့သည့် အော်ရာကို အာရုံခံမိပြီး သူ၏ ပြိုင်ဘက်မဟုတ်ကြောင်း သိလိုက်ရသည်။ သို့သော်လည်း သူ၏ အဖွဲ့ဝင်များရှေ့တွင် ရဲရင့်သည်အမူအရာဖြင့် မတ်မတ်ရပ်နေဆဲ ဖြစ်သည်။
ဓားမော့အား ကိုင်ဆောင်ထားပြီး ပြင်းထန်သည့် အမူအရာဖြင့် ပြောသည်။ “မင်းတို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြ။ ဇွန်ဘီဘုရင်ကို ငါတိုက်ခိုက်လိုက်မယ်။”
“ဟီဟီဟီ ချစ်ဖို့ကောင်းလိုက်တဲ့ လူသားလေးပါလား။ အတော်လေးကောင်းတဲ့ အပြုအမူပဲ။” ဆံပင်ရှည်နှင့် အမျိုးသမီးသည် ဗိုက်နှိပ်ကာ ရယ်မောလေသည်။ “ဒါပေမဲ့ ငါက ဇွန်ဘီဘုရင်ပါလို့ နင့်ကို ဘယ်သူက ပြောတုံး။”
ရုတ်တရက်ဆိုသလို ထိုအမျိုးသမီး၏ မျက်လုံးများ ပိန်းပိတ်အောက် နက်မှောင်သွားလေသည်။
မရှေးမနှောင်းမှာပင် လူတိုင်းအပေါ်သို့ တောင်တစ်လုံးတမျှ ကြီးမားလှသည့် ဖိအားတစ်ခု ကျရောက်လာလေသည်။
သူမ၏ ခန္ဓာကိုယ် ပေ ၅၀ ပတ်လည်တွင် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသော အော်ဟစ်နေသည့် သရဲများ၊ ရူးသွပ်နေသည့် ဇွန်ဘီများနှင့် ဇွန်ဘီနဂါးနက်များ ထွက်ပေါ်လာသည်။
“ဒါ... ဒါက နယ်ပယ်လား။” ချန်ယင်၏ ခန္ဓာကိုယ် တုန်ယင်လာပြီး တည်ငြိမ်မှုတို့ ပြိုပျက်သွားပြီဖြစ်သည်။
“နယ်ပယ် ဟုတ်လား။ ဒါက ဒဏ္ဍာရီထဲက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဇွန်ဘီများလား။”
“ပြီးသွားပြီ။ ဒါက ဇွန်ဘီနတ်ဘုရားမပဲ။”
“ဘယ်လိုတောင် ကြောက်ဖို့ကောင်းတဲ့ ကံတရားလဲကွာ။ ဒီလို တာဝန်မျိုးမှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ရန်သူနဲ့ တွေ့ရတယ်တဲ့လား။”
“အခုတော့ လွတ်လမ်းမရှိတော့ဘူးလေ။”
ထိုအမျိုးသမီး ထုတ်ဖော်ထားသည့် နယ်ပယ်နှင့် ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အလွန်လွှမ်းမိုးနိုင်စွမ်းရှိသည့် အော်ရာတို့ကြောင့် အဖွဲ့သားတို့၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုတို့ ထင်ဟပ်လာလေသည်။
လုရွှယ်၏မျက်နှာတွင် သွေးမရှိတော့ပေ။ သူ၏ဘဝတွင် ဤမျှလောက် သန်မာအားကောင်းလှသော ရန်သူနှင့် ကြုံတွေ့ခဲ့ဖူးခြင်း မရှိချေ။ ထို့ကြောင့် နေရာတွင်သာ ကြောင်လျက်သား ရပ်နေမိပြီး မည်သို့လုပ်ရမည်ကို မသိနိုင်ပဲ ရှိနေလေသည်။
“ဪ.. ဒါက ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ပေါ့။”
အန်မင်ချွန် သူ၏ ရေခဲပြာဓားအား တင်းတင်းဆုပ်ကိုင် လိုက်ပြီးနောက် သူ၏အရှေ့တွင်ရှိနေသည့် အမျိုးသမီးအား ဒေါသတကြီး ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်မရနိုင်လောက်အောင် တုန်ယင်လာပြီး ယင်းမှာ ထိုကြောက်မက်ဖွယ်ရာ စွမ်းအားနှင့် ရင်ဆိုင်ရသည့်အတွက် အလိုအလျောက် တုံ့ပြန်ခြင်းပင် ဖြစ်သည်။
“ဟီဟီ မစိုးရိမ်ပါနဲ့ ငါ့ရဲ့ ကစားစရာလေးတွေရေ.. ငါက အရမ်းကို ညင်သာပေးမှာပါ။” ထိုအမျိုးသမီး၏ မျက်နှာတွင် ဆိုးယုတ်သည့် အပြုံးတစ်ခု ပေါ်လာပြီး အဖွဲ့သားများအား တစ်ဦးချင်းစီ လိုက်ကြည့်နေလေသည်။
အဆုံးတွင် ထိုအမျိုးသမီး၏ အကြည့်သည် အန်မင်ချွန်၏ ဓားရှည်ပေါ် ကျရောက်သွားပြီး မျက်နှာတွင် ထူးခြားသည့် အမူအရာများ ပေါ်လာလေသည်။
“အိုးကောင်းလိုက်တာ။ ဒီခရီးမှာတော့ အကျိုးအမြတ် နည်းနည်းပါးပါး ရမယ်နဲ့တူတယ်။”
“သွား အဲဒီ ဓားရှည်ကို ငါ့အတွက် ယူလာခဲ့ပေး”
ရုတ်တရက်ဆိုသလို ရွှေရောင်ဇွန်ဘီနှစ်ကောင် ခုန်ထွက်လာပြီး ဇွန်ဘီနတ်ဘုရားမ၏ စေခိုင်းချက်အတိုင်း အန်မင်ချွန်ထံ ခုန်အုပ်လိုက်လေသည်။
“မင်ချွန်ကိုထိရဲတယ်ပေါ့”
ချန်ယင်သည် သူ၏ နီရဲနေသည့် ဓားမော့အား လွှဲယမ်းကာဖြင့် အန်မင်ချွန်၏အရှေ့တွင် ရပ်လိုက်ပြီး ရွှေရောင်ဇွန်ဘီနှစ်ကောင်အား ခုတ်ပိုင်းလိုက်သည်။
ရွှေရောင်ဇွန်ဘီနှစ်ကောင်မှာ ရှောင်တိမ်းခြင်းပင် မပြုကြချေ။ ထို့အစား ဓားမော့ထံ လက်သီးတစ်ချက်စီ ပစ်လွှတ်လိုက်သည်။
ဓားမော့သည် ဇွန်ဘီနှစ်ကောင်၏ လက်သီးချက်နှင့် တိုက်မိပြီးနောက် ကြောက်မက်ဖွယ်ရာ စွမ်းအင်ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး ပေ ၃၀ ပတ်လည်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုဝင်တိုက်မှုကြောင့် ချန်ယင် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ရပြီး ပါးစပ်နှင့်အပြည့် သွေးတစ်လုတ် အန်လိုက်သည်။
ရွှေရောင်ဇွန်ဘီနှစ်ကောင်မှာမူ မူလနေရာတွင်ပင် ကျန်နေဆဲဖြစ်ကာ သူတို့၏ လက်သီးများတွင် အဖြူရောင်အခြစ်ရာတစ်ခု ထင်ကျန်နေသည်မှအပ မည်သည့်ဒဏ်ရာမျှ ရရှိထားပုံ မရှိချေ။
ဤသို့ဖြင့် စွမ်းအင်ကွာခြားမှုမှာ သိသိသာသာပင် ဖြစ်ကြောင်း မြင်တွေ့လိုက်ကြရသည်။
“မဖြစ်နိုင်ဘူး” ဇွန်ဘီနတ်ဘုရားမ ပြုလုပ်ထားသည့် ရုပ်သေးဇွန်ဘီများသည်ပင်လျှင် သူ့ထက်ပိုမို သန်မာနေလိမ့်မည်ဟု ချန်ယင်ထင်မထားမိချေ။
သူ့အနေဖြင့် မည်သို့ဆက်လက် တိုက်ခိုက်ရမည်နည်း။
“နင်တို့ ဘာလို့ အရမ်းနှေးကွေးရတာလဲ။ ငါကိုယ်တိုင် လုပ်ရတော့မှာလား။ ဟုတ်လား”
ဇွန်ဘီနတ်ဘုရားမသည် သူ၏ ပန်းရောင်သန်းနေသော လျှာဖျားလေးဖြင့် နှုတ်ခမ်းများအား သပ်လိုက်သည်။ သူ၏ပတ်လည်တွင်ရှိသည့် မြူခိုးနက်များသည် ဇွန်ဘီနဂါးနက်များအဖြစ်သို့ ပြောင်းလဲသွားပြီး ရပ်တန့်မရနိုင်သည့် စွမ်းအားဖြင့် အန်မင်ချွန်ထံ ပြေးဝင်သွားလေသည်။
နဂါးနက်များသည် အဆုံးမဲ့သည့် သေစေနိုင်လောက်သော အဖျက်စွမ်းအားများကို ထုတ်ဖော်ထားလေသည်။ သူတို့လမ်းကြောင်းတစ်လျှောက် အောက်ခြေရှိ မြေပြင်မှာ အနက်ရောင်ရွှံ့များအဖြစ်သို့ ပြောင်းလဲကာ ပျက်စီးသွားရလေသည်။ သူတို့ပတ်လည်ရှိ လေထုမှာလည်း သိပ်သည်းကာ မည်းမှောင်လာပြီး လူတိုင်း၏ နှလုံးသားထဲ၌ စိတ်အားငယ်မှုတို့ ဖြစ်ပေါ်လာစေသည်။
ဇွန်ဘီနတ်ဘုရားမ ပြုံးလိုက်သည်။ ဤနည်းစနစ်မှာ အလွန်အစွမ်းထက်လှပင် ချန်ယင်အနေဖြင့် ထိပ်တိုက် တိုက်ခိုက်လာမည် ဆိုပါက တစ်ချက်တည်းနှင့် သေဆုံးသွားပေလိမ့်မည်။
နဂါးနက်များ ပြေးဝင်လာသည်ကို မြင်သည့်အခါ အဖွဲ့သားအချို့မှာ ကြောက်ရွံ့မှုကြောင့် မြေပြင်တွင် လဲကျလျက်ရှိလေသည်။
သို့သော်လည်း အန်မင်ချွန်မှာမူ အစွမ်းထက်သည့် ရန်သူနှင့် ရင်ဆိုင်နေရသော်လည်း မတုန်မလှုပ် မတ်မတ်ရပ်နေဆဲဖြစ်သည်။ စိုးရိမ်ပူပန်နေသော်ငြား ယခုထက်တိုင် ရှုံးနိမ့်ခြင်း မရှိသေးသဖြင့် စိတ်ပျက်အားငယ်လိမ့်မည် မဟုတ်ချေ။
“ငါ့အဖေကို တိုက်ခိုက်ရဲတယ်ပေါ့။ နင့်ကိုသတ်မယ်။”
ဒေါသတကြီး အော်ဟစ်သံသည် မြူခိုးနက်များကို ဖြတ်ကာဖြင့် လူတိုင်း၏နားအတွင်းသို့ ရောက်ရှိလာသည်။
ကောင်းကင်မှ ရွှေရောင်လျှပ်စီးများ ပါဝင်သည့် လက်သီးချက်တစ်ခု ကျဆင်းလာပြီး ရပ်တန့်မရနိုင်ဟု ထင်ရသည့် နဂါးနက်များအား အပိုင်းပိုင်းအစစအဖြစ် ချေမှုန်းပစ်လိုက်လေသည်။
“ဧကရာဇ်လေပြင်း။ ဝုတ်”
ကြောက်မက်ဖွယ်ရာ လေပြင်းတိုက်ခတ်လာပြီး အလွန်အံ့အားသင့်လျက်ရှိသည့် ဇွန်ဘီနတ်ဘုရားမထံ ဝင်ရောက်သွားလေသည်။ မရှေးမနှောင်းမှာပင် ကြီးမားလှသည့် အဖြူရောင်ပုံရိပ်ကြီးတစ်ခုသည် ဇွန်ဘီးနတ်ဘုရားမထံ ပြေးဝင်ကာ သူ၏နယ်ပယ်အား ထိုးခွင်းသွားပြီးနောက် မြေပြင်ပေါ်တွင် ဖိကပ်ထားလိုက်သည်။
အဖြူရောင် လက်ဖဝါးကြီး နှစ်ခုသည် သူ၏ခါးတွင် နေရာယူလျက်ရှိပြီး တင်ပါးဖြူဖြူကြီး တစ်ခုမှာမူ ထိုအမျိုးသမီး၏ ဝမ်းဗိုက်ပေါ်တွင် ထိုင်ချထားလေသည်။
ချန်ယင်အပါအဝင် သူ၏ အဖွဲ့သားအားလုံးတို့သည် မယုံကြည်နိုင်မှုများကြောင့် ပါးစပ်အဟောင်းသားဖြင့် ရှိနေလေသည်။
ဖျက်ဆီးချေမှုန်း၍ မရနိုင်ဟု ထင်ရသော ဇွန်ဘီနတ်ဘုရားမသည် အဖြူရောင်ခွေးကြီး၏အောက်တွင် မဖွယ်မရာ အနေအထားဖြင့် ရှိနေလေသည်။
အန်မင်ချွန်သည် ထိုခွေးဖြူကြီးပေါ်တွင် ရှိနေသည့် ပုံရိပ်အား မမှိတ်မသုန် စိုက်ကြည့်လျက်ရှိပြီး လုံခြုံမှုကို ခံစားလိုက်ရသည်။
သူ၏သား အရွယ်ရောက်လာလေပြီ။
သူတို့အားလုံး စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းမချနိုင်ခင်မှာပင် ရုတ်တရက်ဆိုသလို ပြန်လည်တိုက်ခိုက်ခံလိုက်ရသည်။
အဖြူရောင်ခွေးကြီးသည် မျက်နှာတွင် သွေးများပန်းထွက်ကာဖြင့် လေထဲသို့ ပျံတက်သွားပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားပုံပင်။
အဖွဲ့ဝင်အားလုံးတို့မှာ ချက်ချင်းဆိုသလို သတိအနေအထားဖြင့် ရှိလိုက်ကြသည်။ ဇွန်ဘီနတ်ဘုရားမ ပြန်လည်တိုက်ခိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထို့နောက်တွင် ထိတ်လန့်တကြား အော်သံတစ်ခုအား ကြားလိုက်ရသည်။
“သောက်ကျိုးနည်းမှ အန်ကောရေ.. အဲဒီစကီက ဘာမှမဝတ်ထားဘူးဗျ။”
“ဆက်ဆီကျလိုက်တာ။ ဝုတ်”
အားလုံး : “…”
***