← Chapters

အခန်း (၄၅၁-၄၅၂)

Vol. 36 Ch. 451-452

အခန်း (၄၅၁-၄၅၂)

Vol. 36 Ch. 451-452

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၄၅၁)

ယွမ်ကျိုးသည် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်အားဘဲ ပန်းကန်များကို စိတ်နှစ်ကာဆေးကြောနေ‌လေသည်။ သူသည် စကားတစ်ခွန်းမှ မပြောသော်လည်း စားသောက်ဆိုင်အတွင်းရှိ လေထုမှာတော့ အေးချမ်းသာယာပြီး ပျော်ရွှင်စရာကောင်းနေဆဲပင်။

နေ့လည်စာစားချိန်ပြီးမှသာ ယွမ်ကျိုး တစ်ယောက် သေချာစဉ်းစားရန် အချိန်ရတော့သည်။ ဝူဟိုင်းပေးခဲ့သော အကြံအစည်မှာ အစပိုင်းတွင် ရယ်စရာကောင်းသည်ဟု ထင်ရသော်လည်း၊ ပြန်လည်သုံးသပ်ကြည့်သောအခါတွင် အတော်လေး အဓိပ္ပာယ်ရှိနေသည်။

"ဒါပေမဲ့... မန်မန်ကို မင်းရည်းစားဟင်းချက်ကောင်းလား လို့ အရင်မေးကြည့်သင့်တယ်" ယွမ်ကျိုးက မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ရေရွတ်လိုက်မိသည်။

ထိုစဉ်မှာပင် စနစ်၏ အသိပေးချက်က ပေါ်လာပြီး ယွမ်ကျိုး၏ အတွေးစကို ဖြတ်တောက်လိုက်သည်။

"ဂုဏ်ယူပါတယ် ဆိုင်ရှင်... သင်ဟာ 'စားဖိုမှူး၏နှလုံးသား' ကိုဆုလာဘ်အဖြစ် ရရှိပါပြီ"

"ဒါက ဘာကြီးလဲ... စနစ်၊ မင်းရူးသွားတာလား" ယွမ်ကျိုးက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဆုလာဘ်ကို အခုပဲ ရယူနိုင်ပါပြီ"

"တယောက်ယောက်က တခြားသူအပေါ် တအား အာရုံစိုက်နေတယ်ဆိုရင် မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတတ်တယ်တဲ့။ စနစ်... မင်း ဘာမဟုတ်တာ ကြံစည်နေတာလဲ" ယွမ်ကျိုးက သတိကြီးကြီးဖြင့် မေးခွန်းထုတ်လိုက်သည်။

ယွမ်ကျိုး၏ အတွေ့အကြုံအရ စနစ်ထံမှရသော ဆုလာဘ်တိုင်း၏ နောက်ကွယ်တွင် သေချာပေါက် ထောင်ချောက်တစ်ခု ရှိနေတတ်သည်။ 'ကောင်းကင်ကနေ မုန့်ကျလာတယ်' ဆိုသည့်စကားပုံကို ယွမ်ကျိုး ကောင်းကောင်းနားလည်သည်။ သို့သော် သူအဖို့ မုန့်ကျလာလျှင်ပင် သူ့ခေါင်း‌ပေါ်သို့ တည့်တည့်ကျလာမည်မှာ သေချာသည်။

"ဒီဆုလာဘ်က ငန်းကင်မစ်ရှင်ကို သတ်မှတ်ထားတဲ့အချိန်ထက် စောပြီး ပြီးလို့ ရရှိတာပါ"

"တကယ်လား... ပြီးခဲ့တဲ့တစ်‌ခေါက်ကလည်း မစ်ရှင်ပြီးလို့ဆိုပြီး ငန်းကင်နည်းကို ဆုပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း‌ပေးတဲ့ မစ်ရှင်‌တွေက အများကြီးပိုခက်သွားတယ်လေ" ယွမ်ကျိုးက မျက်လုံးကို အပေါ်လှန်ကာ မယုံကြည်နိုင်စွာ ပြောလိုက်သည်။

စနစ်၏အကျင့်မှာ ထိုအတိုင်းပင်။ ယွမ်ကျိုး ဟင်းချိုထုပ် ဆုရသောအခါက ဆိုင်ဖွင့်ချိန်ကို လျှော့ချပစ်ခဲ့သည်။ စာအိတ်နီဆု ရတုန်းကလည်း အခွန်အမြောက်အမြား ပေးဆောင်ခဲ့ရသည်။ အဆင့်တက်၍ ဘွဲ့တစ်ခုရသည့်အခါတွင်လည်း အဘိဓာန်စာအုပ်ခန့်ထူသည့် စာရင်းစာအုပ်ကြီးကို ဖတ်ခိုင်းပြန်သည်။ ဤကဲ့သို့သော သာဓကများမှာ မရေမတွက်နိုင်အောင်ပင်။

သို့သော် ယခုတစ်ကြိမ်တွင် ယွမ်ကျိုးသည် စနစ်ကို မှားယွင်းစွာ စွပ်စွဲခဲ့ခြင်း ဖြစ်သည်။ ဤဆုလာဘ်သည် စားဖိုမှူးကြီးဇန်နှင့် တိုက်ရိုက်ပတ်သက်နေသည်။ စနစ်သည် ငန်းကင်မစ်ရှင်အတွက် အချိန်ကန့်သတ်ချက် မထားသော်လည်း 'အမြန်ဆုံးပြီးမြောက်ရန်' ဟူသော မမြင်ရသည့် လိုအပ်ချက်တစ်ခု ရှိ‌နေခဲ့သည်။ စားဖိုမှူးကြီးဇန်နှင့် အခြေအတင်ဖြစ်ခဲ့မှုကြောင့် ယွမ်ကျိုးသည် လုံ့လအပြည့်ဖြင့် ဤဟင်းလျာကို အချိန်တိုအတွင်း ကျွမ်းကျင်အောင် ကြိုးစားခဲ့ခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်မူ... Goose Jin Xuan စားသောက်ဆိုင်၏ မီးဖိုချောင်အတွင်း၌

"စားဖိုမှူးကြီးဇန်... ခင်ဗျားရဲ့ ငန်းကင်လက်ရာက ပိုပိုပြီး အရသာရှိလာတာပဲ။ တကယ်ကို အံ့မခန်း လက်ရာမြောက်လှပါတယ်"

အထွေထွေမန်နေဂျာချင်က မျက်လုံးများကို မှိတ်လျက် ငန်းကင်၏ အရသာကို ခံစားရင်း ချီးကျူးလိုက်သည်။

"အင်း... 'အကောင်းဆုံး' ဖြစ်ဖို့ဆိုရင်တော့ နည်းနည်း လိုသေးတယ်" စားဖိုမှူးကြီးဇန်က မည်သည့်မျက်နှာအမူအရာမျှမပြဘဲ ခပ်အေးအေးပင် ပြန်ဖြေသည်။

"ဆရာကြီးဇန်က ကိုယ့်ကိုယ်ကိုယ် အရမ်း‌ဖိအားပေးတာပဲ။ ခင်ဗျားရဲ့လက်ရာက အစကတည်းက ကောင်းပြီးသားပါ။ အခုဆို ပိုတောင် တိုးတက်လာသေးတယ်။ ငန်းကင်တဲ့‌နေရာမှာ ခင်ဗျားက တကယ့် ပါရမီရှင်ပဲ" မန်နေဂျာချင်က ပြုံးရွှင်စွာ ဆက်ပြောသည်။

"ကျွန်တော် ဒီလိုချီးကျူးစကားနဲ့ မထိုက်တန်ပါဘူး" စားဖိုမှူးကြီးဇန်က အေးစက်စက် လေသံဖြင့် တုံ့ပြန်လိုက်သည်။ သူ့မျက်နှာတွင် ပျော်ရွှင်ရိပ်မရှိဘဲ တစ်စုံတစ်ခုကို လေးနက်စွာ စဉ်းစားနေပုံရသည်။

"ဆရာကြီးကလည်း နှိမ့်ချလွန်းနေပါပြီ။ အရင်က ငန်းကင်ဆိုရင် အဆီနည်းနည်းများသလို ခံစားရပေမယ့် အခုတော့ တစ်မျိုးလေး ထူးခြားသွားပြီ။ ဆက်တိုက်စားရင်တောင် အီမသွားတော့ဘူး။ ကြည့်ပါဦး... ကျွန်တော်တောင် အများကြီးစားလိုက်မိတယ်" အထွေထွေမန်နေဂျာချင်က စားဖိုမှူးကြီးဇန် မည်သည့်အတွက်ကြောင့် မျက်နှာပျက်နေမှန်း မသိသော်လည်း၊ သူ၏ လက်ရာသစ်ကိုတော့ တကယ်ပဲ နှစ်ခြိုက်စွာ ချီးကျူးနေမိသည်။

"ဟွန့်... ခဏစောင့်ပါ။ ကျွန်တော် မီးဖိုချောင်ဘက် သွားလိုက်ဦးမယ်" စားဖိုမှူးကြီးဇန်က အပြုံးတစ်စက်မျှမရှိသော မျက်နှာဖြင့် ခပ်ပြတ်ပြတ်ပြောကာ ထွက်သွားတော့သည်။

"ကောင်းပါပြီ... ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ပါ။ ဪ... မနက်ဖြန်မှာ 'ဘဲငန်းကင်ပွဲ' ရှိတာ မမေ့နဲ့ဦးနော်" မန်နေဂျာချင်ကတော့ ဆရာကြီး၏ စိတ်ဆတ်မှုကို အထူးတလည် စိတ်ထဲထည့်မနေတော့ဘဲ ငန်းသားကို အရသာခံရင်း ပြောလိုက်သည်။

"ရပြီ... မမေ့ပါဘူး" စားဖိုမှူးကြီးဇန်က လှည့်မကြည့်ဘဲ လေသံမာမာဖြင့် ပြန်ဖြေလိုက်သည်။

သူ တံခါးပြင်ရောက်သွားမှ မန်နေဂျာချင်က ပြုံးလျက် တိုးတိုးလေး ရေရွတ်လိုက်သည်။

"စားဖိုမှူးကြီးတစ်ယောက်က အခုလို ကိုယ့်လက်ရာအပေါ် တင်းကျပ်တာ ကောင်းတာပေါ့။ သူက တန်ဖိုးထားမှလည်း ဖောက်သည်တွေဆီက ဈေးပိုတောင်းလို့ရမှာလေ"

မီးဖိုချောင်ထဲ ပြန်ရောက်သောအခါ စားဖိုမှူးကြီးဇန်သည် သူ၏ တပည့်သုံးယောက်ကို ထုံးစံအတိုင်း ပွက်ပွက်ညံအောင် ဆူငေါက်လိုက်ပြီးနောက်၊ ငန်းကင်လုပ်နည်းအသစ်ကို လေ့လာရန် သူ၏ သီးသန့်မီးဖိုချောင်ငယ်လေးထဲသို့ ဝင်သွားတော့သည်။

"ဟူး... နောက်ဆုံးတော့ ဘီလူးကြီး ထွက်သွားပြီ" ကိုယ်လုံးကိုယ်ပေါက် ဝဝနှင့် တပည့်ဖြစ်သူက ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်သည်။

"မင်းကတော့ စိတ်သက်သာရာရတာပေါ့... ငါ့မှာတော့ သူ့ကို ဖုန်းဆက်တိုင်း အဆူခံနေရတာ။ ငါ ဘာမှပြန်မပြောရဲတာ မင်းတို့လည်း မြင်သားပဲ" အရပ်အ‌မောင်း မပုမရှည်နှင့် စားဖိုမှူးကျန်းခေါ် တပည့်က မျက်လုံးလှန်ကာ ညည်းတွားလိုက်သည်။

"ဒါနဲ့... ဆရာကြီးဇန် ဘာတွေဖြစ်နေတယ်လို့ ထင်လဲ။ ခုနတုန်းကဆို ဒေါသတွေထွက်ပြီး သူအမြဲတမ်း တန်ဖိုးထားတဲ့ 'ငန်းကင်မီးဖိုဟောင်း' ကြီးကိုတောင် ရိုက်ခွဲပစ်တော့မလို့။ အဲဒီမီးဖိုကို သူဘယ်လောက် မြတ်နိုးလဲဆိုတာ ငါတို့အသိဆုံးလေ။ သူကိုယ်တိုင် နေ့တိုင်း သန့်ရှင်း‌ရေးလုပ်ပေးနေတာကို" အပိန်ဆုံးတပည့်က တွေးရင်း ပြောလိုက်သည်။

"ဟုတ်တယ်... အခုဆို သူက အဲဒီမီးဖိုချောင်လေးထဲမှာပဲ အောင်းနေပြီး ငန်းတွေ တစ်ကောင်ပြီးတစ်ကောင် ကင်နေတာ။ 'ငါတစ်သက်လုံး ငန်းကင်လာတာ... ဘယ်တော့မှ အရှုံးမပေးဘူး' လို့လည်း အမြဲ ရေရွတ်နေသေးတယ်" ဝဝနှင့် လူက ကျန်နှစ်ယောက်ကို စပ်စုသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

"ငါ့ကို လာမကြည့်နဲ့... ငါလည်း မသေချာဘူး။ ဒါပေမဲ့ ငါ့အထင်တော့ ဟိုတစ်နေ့က တောင်စီလမ်းက 'ဘော့စ်ယွမ်' ဆိုတဲ့လူက ဆရာကြီးကို အကြီးအကျယ် ထိုးနှက်လိုက်တာနဲ့ တူတယ်" အရပ်မပုမရှည်နှင့်လူက တိုးတိုးလေး ခန့်မှန်းလိုက်သည်။

"ဖြစ်နိုင်ခြေ များတယ်။ ဒါပေမဲ့ တစ်ခုတော့ သေချာတယ်... ဆရာကြီးဇန်ရဲ့ ငန်းကင်လက်ရာ ပိုကောင်းလာတာပဲ" ဝဝနှင့်လူက အားကျသလို သက်ပြင်းချပြန်သည်။

"ဆရာကြီး ဒီလောက်အထိ ရူးသွပ်နေတာက ကောင်းသလား မကောင်းဘူးလားတော့ မသိဘူး။ သူ့ရဲ့ ဒေါသကတော့ ပိုဆိုးလာပြီ" အပိန်ဆုံးလူက ပုခုံးတွန့်ကာ အကူအညီမဲ့စွာ ဆိုလိုက်သည်။

ထိုအချိန်တွင် ယွမ်ကျိုးမှာတော့ ဤကိစ္စများကို ဘာမှမသိဘဲ၊ စနစ်က ပေးအပ်ထားသည့် ဆုလာဘ်နှင့် ပတ်သက်၍ အငြင်းပွားနေဆဲ ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် ယွမ်ကျိုးသည် ထိုဆုလာဘ်ကို ဖွင့်ကြည့်ရန်ပင် ဝန်လေးနေမိသည်။

"ဆုလာဘ်ကို အလောတကြီး ယူလိုက်လို့ ထပ်ပြီး အလိမ်ခံရရင် ဘာလုပ်မလဲ"

ဤသည်မှာ ယွမ်ကျိုး၏ ရင်ထဲက အဓိက စိုးရိမ်ပူပန်မှုပင်။

ဆုလာဘ်မှာ စနစ်၏မျက်နှာပြင်ထက်တွင် တလက်လက်တောက်ပနေဆဲပင်။ ယွမ်ကျိုးအနေနဲ့ မဖွင့်ကြည့်ရန် ကြိုးစားသော်လည်း စူးစမ်းလိုစိတ်က တားမရဆီးမရ ဖြစ်လာတော့သည်။

"မေ့လိုက်တော့။ ဖွင့်ကြည့်တာပဲ ကောင်းတယ်။ မဟုတ်ရင် တစ်နေကုန် စိတ်ထဲ တနုံ့နုံ့ဖြစ်နေတော့မှာ"

ယွမ်ကျိုးက ဆုံးဖြတ်ချက်ချလိုက်ပြီး ဆိုင်ငယ်လေးထဲတွင် ဟိုဟိုဒီဒီ လျှောက်သွားနေစဉ် ဆာဂက်စတက်စ် ရေမှော်နံရံကပ် ပန်းချီကားထဲမှ သက်ဝင်လှုပ်ရှားနေသော ပုစွန်ရုပ်လေးကို တွေ့လိုက်ရသည်။ သူက ပွင့်ချပ်ပုံသဏ္ဌာန် ငါးလေးများကြားတွင် ထင်ရှားနေသော ထိုပုစွန်ရုပ်ကို ကြည့်ကာ ခပ်နောက်နောက်ပင် ဆိုလိုက်သည်။

"မင်း အသက်ရှင်နေသေးတာပဲ... ဒါဆိုရင်တော့ ငါ့အတွက် ကံကောင်းစေမယ့် နိမိတ်ပဲ။ ဆုလာဘ်ကို စစ်ဆေးတော့မယ်နော်"

ယွမ်ကျိုးက စနစ်ထဲသို့ဝင်ကာ ဆုလာဘ်ကို အသေးစိတ် စစ်ဆေးလိုက်သည်။

"စားဖိုမှူး၏ နှလုံးသား - အဆင့် (၁)"

"ရရှိသည့်အရာ - 'ပူပူစပ်စပ်ဟော့ပေါ့ဟင်းခတ်အမွှေးအကြိုင်' ပြင်ဆင်နည်း"

"စနစ်၏ အကြံပြုချက် - အခုလို အေးစက်စက် ရာသီဥတုမှာ ဗိုက်ပြည့်စေမယ့် ဟော့ပေါ့လေးမှ မစားရရင်၊ မင်းဘဝက ငါးခြောက်လို ဘဝနဲ့ ဘာကွာတော့မှာလဲ။ လူငယ်လေး... မင်း တကယ်ကံကောင်းတာပဲ"

"ဒီလို ပြောင်ချော်ချော် အကြံပေးချက်တွေကို မြင်ရတာ တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်... စနစ်ရေ၊ ဒါ မင်းရဲ့နဂိုပုံစံ မဟုတ်တာ သေချာတယ်" ယွမ်ကျိုးက နဖူးကိုလက်ဖြင့်ထောက်ကာ အကူအညီမဲ့စွာ ရေရွတ်လိုက်မိသည်။

သို့သော် ရိုးသားစွာ ဝန်ခံရလျှင် 'ပူပူစပ်စပ်ဟော့ပေါ့' ဆိုသည်မှာ အလွန်ဆွဲဆောင်မှုရှိသော ဆုလာဘ်တစ်ခုပင်။ ယွမ်ကျိုး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ရာ ကောင်းကင်မှ မိုးစက်လေးများ တဖွဲဖွဲကျလာသည်။ မိုးက သည်းသည်းထန်ထန် ရွာခြင်းမဟုတ်သော်လည်း လေအေးများနှင့်အတူ ပါလာသဖြင့် တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့် ဖြစ်သွားစေသည်။

ဖောက်သည်များ မိုးစိုမည်ကိုတော့ သူမစိုးရိမ်ပေ။ တောင်စီလမ်းရှိ ဆိုင်များအားလုံးတွင် လသာဆောင်အမိုးများ ရှိသလို၊ သူ၏ဆိုင်ရှေ့တွင်လည်း ဖောက်သည်များ မိုးခိုရန် နေရာအလုံအလောက် ရှိနေသည်။

တံခါးအပြင်ဘက်မှ မိုးအေးအေးကို ကြည့်ရင်း ယွမ်ကျိုး စိတ်ထဲတွင် သံသယတစ်ခု ဝင်လာသည်။

"စနစ်... ဆုရတဲ့ 'ပူပူစပ်စပ်ဟော့ပေါ့' ကအနှစ်လုပ်နည်း တစ်ခုတည်းပဲလား"

"ဟုတ်ပါတယ်" စနစ်က တိုတိုတုတ်တုတ်ပင် အဖြေပေးသည်။

"ဒါဆို... ဟော့ပေါ့ထဲ ထည့်စားရမယ့် ပါဝင်ပစ္စည်းတွေကကော" ယွမ်ကျိုးက စပ်စုလိုက်သည်။ သူ့ဆိုင်တွင်ပါဝင်ပစ္စည်းတချို့ ရှိသော်လည်း ဟော့ပေါ့အတွက်တော့ လုံလောက်မည် မဟုတ်ပေ။

"လောလောဆယ်တော့ ပါဝင်ပစ္စည်းတွေ မရှိသေးပါဘူး" စနစ်က ပြန်ဖြေလိုက်၏။

"ဒါဆို ငါတို့ဆိုင်ထဲမှာရှိတဲ့ တခြားပါဝင်ပစ္စည်းတွေကိုပဲ ယူသုံးရမှာပေါ့" ယွမ်ကျိုးက ပုခုံးတွန့်ကာ ဆိုသည်။

သို့သော် စနစ်၏ အဖြေက သူ့ကို ဆွံ့အသွားစေသည်။ "ဆိုင်ထဲက ပါဝင်ပစ္စည်းတွေက ဟော့ပေါ့အတွက် မသင့်တော်ပါဘူး"

"မင်း ဘာကိုဆိုလိုတာလဲ" ယွမ်ကျိုးက သတိထားပြီး မေးလိုက်သည်။

"ဆိုင်ရှင်ရေ... ဟော့ပေါ့အတွက် ပါဝင်ပစ္စည်းတွေ ပေးမယ်လို့ ဘယ်သူက ပြောလို့လဲ"

"မင်းပြောတာ မှန်လွန်းလို့ ငါ ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး" ယွမ်ကျိုး ခဏမျှ ဆွံ့အသွားရသည်။

သို့သော် အသားဖတ်၊ အသီးအရွက်စသည့် ပါဝင်ပစ္စည်းများ မပါလျှင် ၎င်းကို ဟော့ပေါ့ဟု ခေါ်၍ရမည်မဟုတ်ပေ။

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၄၅၁)

ပြီးပါပြီ။

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၄၅၂)

"မင်းပေးတဲ့ ဆုလာဘ်တိုင်းဟာ ငါ့ရဲ့ တွေးထားတာ တွေထက်ကို အရှေ့ကြိုရောက်နေတာပဲ" ယွမ်ကျိုးက ထိုသို့ပြောနေစဉ်တွင် သူ၏သွားများကို ကြိတ်ထားမိသည်မှာ အထင်အရှားပင်။

သို့သော် စနစ်ကတော့ ထုံးစံအတိုင်း ပြန်လည်တုံ့ပြန်ခြင်း မရှိဘဲ တိတ်ဆိတ်နေဆဲဖြစ်သည်။

"ကောင်းပြီလေ... ဆုလာဘ်ကို လက်ခံလိုက်ပါမယ်"

ယွမ်ကျိုး သက်ပြင်းတစ်ချက်ချလိုက်ကာ ပြောရင်းအတည်ပြုလိုက်သည်။ ဘာမှမရှိတာထက်စာလျှင် တစ်ခုခုရှိနေခြင်းက ပိုကောင်းသည်ဟု သူက တွေးလိုက်ခြင်းဖြစ်သည်။

စားသောက်ဆိုင်အပြင်ဘက်တွင် မိုးက သည်းသည်းမဲမဲ ရွာသွန်းနေဆဲပင်။

"ဟူး... ရလိုက်တဲ့ ဟင်းခတ်အမွှေးအကြိုင်က အနံ့တော်တော် ကောင်းတာပဲ။ ဒီညကျမှ ငါ့ဘာသာငါ ဒီဟော့ပေါ့လေး ချက်စားကြည့်ရမယ်" ယွမ်ကျိုးက 'ပူပူစပ်စပ်ဟော့ပေါ့' ပြင်ဆင်နည်းကို ရရှိပြီးနောက် စိတ်ဝင်တစားဖြင့် မေးစေ့ကို ပွတ်သပ်ကာ ရေရွတ်လိုက်သည်။

"တောက်... တောက်... တောက်..." ယွမ်ကျိုးသည် ဆိုင်ထဲမှ အပြင်သို့ ခဏထွက်လာခဲ့သည်။

"အရမ်းအေးတာပဲ..."

လေပြင်းတစ်ချက်က သူ့ဆီသို့ ဝှေ့ယမ်းတိုက်ခတ်လာရာ သူ ညည်းတွားမိသွားသည်။ သူသည် ယခု 'ဟန်' ဝတ်စုံအောက်တွင် ပုံမှန်အဝတ်အစားအချို့သာ ဝတ်ထားပြီး၊ လှုပ်ရှားရလွယ်ကူစေရန် အပိုအနွေးထည်များကို မဝတ်ဆင်ထားခဲ့ပေ။ ဆိုင်အတွင်း၌သာဆိုလျှင် နွေဦးရာသီကဲ့သို့ အမြဲနွေးထွေးနေပြီး ပန်းအိုးထဲက ပန်းဖူးလေးများပင် ပွင့်လုနီးပါး ဖြစ်နေတတ်သည်။

"ယွမ်လေး... ဒီနေ့တော့ ပန်းပုထုဖို့ အပြင်မထွက်နဲ့တော့။ အပြင်မှာ အရမ်းအေးတယ်" ယွမ်ကျိုး အပြင်ဘက်ကို ကြည့်နေသည်ကို မြင်သောအခါ အိမ်နီးနားချင်းဖြစ်သူ သူဌေးတောင် က သူမ၏ဆိုင်ထဲမှ လှမ်းကြည့်ကာ သတိပေးလိုက်သည်။

"ဟုတ်ကဲ့... စိတ်မပူပါနဲ့။ အန်တီလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးနော်" ယွမ်ကျိုးက ခေါင်းညိတ်ပြရင်း ပြန်လည်နှုတ်ဆက်လိုက်သည်။

"ငါတို့က ခင်ဗျားတို့လို လူငယ်တွေမှ မဟုတ်တာ... အခုပဲ ဆိုင်ပိတ်ပြီး နားတော့မလို့" သူဌေးတောင်က ပြုံးပြကာ ဆိုသည်။

"ကောင်းပါပြီ... စောစောအနားယူပါ" ယွမ်ကျိုးက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

မူလက ဤလမ်းတစ်လျှောက်ရှိ ဆိုင်အများစုမှာ ပိတ်ထားခြင်း သို့မဟုတ် ငှားရန်ချိတ်ထားခြင်းများသာ ရှိခဲ့သည်။ သို့သော် ယွမ်ကျိုး၏ စားသောက်ဆိုင်ကြောင့် ဤလမ်းလေးမှာ ပြန်လည်စည်ကားလာခဲ့ရသည်။ ယခုကဲ့သို့ မိုးသည်းနေချိန်တွင် လူသူရှင်းနေသော်လည်း ဆိုင်တိုင်းမှာ ဖောက်သည်များကို စောင့်ကြိုရန် ဖွင့်ထားကြဆဲဖြစ်သည်။ အချို့ဆိုင်ရှင်များမှာ ယွမ်ကျိုး၏ဆိုင်မှ တန်းစီစက်ကြောင့် ထွက်လာကြသော ဖောက်သည်များကို ဆွဲဆောင်ရန် သူတို့၏ ဖွင့်ချိန်ပိတ်ချိန်များကိုပင် ပြောင်းလဲထားကြသည်။

"ဟေ့... သူဌေးလေးယွမ်၊ ဘာလို့ ဒီမှာ အေးစက်နေအောင် ရပ်နေရတာလဲ"

ထိုစဉ် သူဌေးဝမ်က ထီးမည်းကြီးတစ်ချောင်းကို ဆောင်းကာ ယွမ်ကျိုးဆိုင်ရှေ့မှ ဖြတ်သွားရင်း လှမ်းမေးလိုက်သည်။ သူဌေးဝမ်သည် ခြေထောက်နာနေသော်လည်း လမ်းလျှောက်နေဆဲပင်။

"ရာသီဥတုကို ခဏလောက် ကြည့်နေတာပါ" ယွမ်ကျိုးက တည်ငြိမ်စွာ ဖြေလိုက်သည်။

"ရာသီဥတုကတော့ နည်းနည်းဆိုးပေမဲ့ ခင်ဗျားဆိုင်ကတော့ လူပြတ်မှာ မဟုတ်ပါဘူး... စိတ်မပူပါနဲ့" သူဌေးဝမ်က ရယ်မောရင်း အားပေးစကား ဆိုသည်။

"အန်ကယ်ရော ဘယ်သွားမလို့လဲ"

"အသားလွတ်ပေါက်စီ သွားဝယ်မလို့လေ။ ဒီနေ့တော့ ဝက်သားကြော်လေးနဲ့ တွဲစားမလို့လေ" သူဌေးဝမ်က ချန်ဒူးဒေသစကားဖြင့် ပီပီသသ ပြောလိုက်သည်။ သူဌေးဝမ်မှာ အသားလွတ်ပေါက်စီကို အလွန်ကြိုက်နှစ်သက်သူဖြစ်ကြောင်း ယွမ်ကျိုးက သိထားပြီးသားဖြစ်သည်။

"ဟုတ်ကဲ့... ဒါဆိုလည်း ဂရုစိုက်သွားပါဦး" ယွမ်ကျိုးက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး သူဌေးဝမ် မိုးထဲတွင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိပါတော့သည်။

*ပါဒါ... ပါဒါ...*

သူဌေးဝမ်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ ရုတ်တရက် ရပ်လိုက်သည်။ ထို့နောက် သူက လှည့်ကြည့်ကာ ဝဖြိုးသော မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးဖြင့် လှမ်းမေးလိုက်သည်။

"သူဌေးယွမ်... ခင်ဗျားဆိုင်က ရေပိုက်တွေရော အဆင်ပြေရဲ့လား။ ပြဿနာရှိရင် ကျွန်တော့်ဆီ အချိန်မရွေး လာခဲ့ပါဦး"

"ဦးလေးဝမ်... ဦးလေးရဲ့ လက်ရာကို ကျွန်တော် ယုံပြီးသားပါ။ အခုထိတော့ အားလုံး အဆင်ပြေပြေ အလုပ်လုပ်နေတုန်းပဲ" ယွမ်ကျိုးက ချက်ချင်းပင် အားကိုးတကြီး ပြန်လည်ဖြေကြားလိုက်သည်။

"အဲလိုဆိုတော့လည်း ကောင်းတာပေါ့ဗျာ" သူဌေးယွမ်၏ ချီးကျူးမှုကို ခံယူပြီးနောက် သူဌေးဝမ်သည် ထီးကို အသာမြှောက်ပြကာ ပျော်ရွှင်စွာဖြင့် ထွက်သွားခဲ့တော့သည်။

သူဌေးဝမ် ဝေးဝေးသို့ ရောက်သွားပြီးနောက် လမ်းကလေးမှာ ပြန်လည်တိတ်ဆိတ်သွားပြီး ရေစက်ကျသံများကိုသာ ကြားရတော့သည်။ ထိုတိတ်ဆိတ်မှုထဲတွင် ယွမ်ကျိုး၏ စိတ်အာရုံမှာ တစ်မျိုးလေး လန်းဆန်းလာပြီး သူ့ဘာသာ ရေရွတ်လိုက်မိသည်။

"ဒီလို မိုးအေးအေးလေးမှာ ကဗျာလေး ဘာလေး ရွတ်ရရင် ကောင်းမယ် မဟုတ်လား"

"မိုးဖွဲလေးများက ကောင်းကင်လမ်းကို စိုစွတ်စေခဲ့တယ်..."

ယွမ်ကျိုး ခေါင်းထဲမှ စာကြောင်းတစ်ကြောင်း ပေါ်လာသော်လည်း ရုတ်တရက် လမ်းတစ်ဖက်ခြမ်းရှိ အဆောက်အဦး၏ ဒုတိယထပ်တွင် နေထိုင်သော ဝူဟိုင်းကို သတိရသွားသည်။

"နေဦး... ဝူဟိုင်းက အပေါ်မှာ ရှိနေတာပဲ။ မေ့လိုက်ပါတော့လေ"

ယွမ်ကျိုးသည်ခေါင်းကိုခါရင်း ကဗျာရွတ်ဆိုခြင်းကို ရပ်တန့်လိုက်သည်။ ဆွဲဆောင်မှုရှိသော မင်းသားတစ်ပါး၏ ပုံရိပ်ကို ထိန်းသိမ်းလိုသဖြင့် ဝူဟိုင်း ကြားသွားမည်ကို သူ စိုးရိမ်မိခြင်း ဖြစ်သည်။

သူသည် စားသောက်ဆိုင်ထဲသို့ ပြန်ဝင်သွားပြီး ညနေခင်းတွင် ကျွေးမွေးမည့် ဟင်းလျာအသစ်အတွက် 'ပူပူစပ်စပ်ဟော့ပေါ့' အနှစ်များကို စတင်ပြင်ဆင်တော့သည်။

ညနေခင်းသို့ ရောက်သောအခါ ထုံးစံအတိုင်း ဝန်ထမ်းမလေး ကျိုကျာသည် ဆိုင်ထဲသို့ အရင်ဆုံး ဝင်လာသည်။

"ဟူး... ချမ်းလိုက်တာ..." ကျိုကျာက လက်နှစ်ဖက်ကို အသာပွတ်ရင်း တိုးတိုးလေး ညည်းတွားလိုက်သည်။

"တံခါးဘေးမှာ ရေနွေးမျက်နှာသုတ်ပုဝါတွေ ပြင်ထားတယ်။ တစ်ခုယူသုံးပြီး ကျန်တာတွေကို ဖောက်သည်တွေအတွက် ထားလိုက်"

ယွမ်ကျိုးက အလုပ်လုပ်နေရင်း ခေါင်းမမော့ဘဲ လှမ်းပြောလိုက်သည်။

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် သူဌေး" ကျိုကျာမှာ ရုတ်တရက် ဝမ်းသာသွားပြီး ပြုံးရွှင်စွာ ပြန်ထူးလိုက်သည်။

ကျိုကျာသည် ရှေ့သို့ နှစ်လှမ်းခန့် လှမ်းလိုက်ရာ ပုံမှန်အားဖြင့် ဟင်းလျာများ ထားရှိတတ်သည့် နေရာတွင် ယခုအခါ အငွေ့တလူလူ ထွက်နေသော အဖြူရောင် မျက်နှာသုတ်ပုဝါများဖြင့် ပြည့်နေသော ကြိမ်ခြင်းတောင်းကြီးတစ်ခုကို တွေ့လိုက်ရသည်။ ခြင်းတောင်းအောက်တွင် အဖြူရောင် အပူပေးရေနွေးအိတ်တစ်ခု ထည့်ထားသဖြင့် ပုဝါများမှာ အလွန်ပင် နွေးထွေးနေပုံရသည်။

"ကျွန်မတို့ သူဌေးက တော်တော် သဘောကောင်းတာပဲ..." ကျိုကျာက အပူရှိန် အနေတော်ခန့်ရှိသော ပုဝါတစ်ထည်ကို ကောက်ယူပြီး သူမ၏ လက်များကို ဂရုတစိုက် သုတ်လိုက်သည်။ သူမ ရင်ထဲတွင် အတိုင်းမသိ ပျော်ရွှင်နေမိသည်။

ဤပုဝါများကို ယွမ်ကျိုးက မိုးရွာသောနေ့များတွင် ဖောက်သည်များ ရေစိုလျှင် သုတ်နိုင်ရန် ကြိုတင်ဝယ်ယူ ပြင်ဆင်ထားခြင်း ဖြစ်သည်။ ကျိုကျာသည် လက်များကို သုတ်ရင်း မီနူးကို အမြန်ကြည့်လိုက်သည်။ ပြီးခဲ့သည့်တစ်ခါက ဟင်းပွဲအသစ် ထွက်လာသည်ကို မသိလိုက်ဘဲ ရှက်ရွံ့ခဲ့ရသဖြင့် ယခုအခါ ကျိုကျာရော ရှန်မင်းပါ မီနူးကို အရင်စစ်ဆေးသည့် အလေ့အကျင့် ရနေကြပြီ ဖြစ်သည်။

"သူဌေး... ဟော့ပေါ့ပါ ရပြီလား" ကျိုကျာက မီနူးကိုကြည့်ရင်း အံ့အားသင့်တကြီး မေးလိုက်သည်။

"အင်း..." ယွမ်ကျိုးက တိုတိုတုတ်တုတ်ပင် ခေါင်းညိတ်ပြလိုက်သည်။

"အရမ်းကောင်းတာပဲ ဒါပေမဲ့... အပေါ်က စာသားက ဘာကိုဆိုလိုတာလဲ" ကျိုကျာက အစပိုင်းတွင် ဝမ်းသာသွားသော်လည်း၊ မီနူးပေါ်က စာကြောင်းအသေးလေးတွေကို မြင်သောအခါ ဇဝေဇဝါ ဖြစ်သွားရသည်။

"အဲ့တာ‌တွေက အားလို့ရေးထားတာမဟုတ်ဘူး တကယ့်အနှစ်‌တွေပဲ" ယွမ်ကျိုးက အတည်ပေါက်ဖြင့် ပြောလိုက်သည်။

"ဪ... ဟုတ်ကဲ့ပါ" ကျိုကျာက အပြည့်အဝ နားမလည်သော်လည်း ဆက်မမေးတော့ပေ။ ယွမ်ကျိုးကိုယ်တိုင်ကလည်း ရှင်းပြချင်ပုံမရသလို၊ တကယ်တော့ သူကိုယ်တိုင်လည်း စနစ်၏ထူးဆန်းသော သတ်မှတ်ချက်များကို စိတ်တိုင်းမကျ ဖြစ်နေမိသည်။

ကျိုကျာသည် ဈေးနှုန်းများကို သေချာမှတ်သားပြီးနောက်၊ ဆိုင်ဖွင့်ချိန်ရောက်သည်နှင့် အပြင်ဘက်တွင် စောင့်နေသော ဖောက်သည်များကို ပြုံးရွှင်စွာ ကြိုဆိုလိုက်သည်။ သူမသည် ကြိမ်ခြင်းတောင်းလေးကို ကိုင်ကာ ဝင်လာသမျှ ဖောက်သည်တိုင်းကို နွေးထွေးသော ပုဝါများ လိုက်ဝေတော့သည်။

"ဒါက သူဌေးယွမ် ပေးတဲ့ ရေနွေးသုတ်ပုဝါလေးတွေပါရှင်။ လက်သုတ်မလား၊ မျက်နှာသုတ်မလား... အဆင်ပြေသလို သုံးနိုင်ပါတယ်"

"အာဟား... ဒီသံလိုက်အိမ်မြှောင်လေးက တကယ်ကို ကြင်နာတတ်တာပဲ။ ကြည့်ရတာလည်း အတော်လေး ကောင်းတယ်" ဝူဟိုင်းက ပုဝါကို လှမ်းယူကာ လက်များကို သုတ်ရင်း စနောက်လိုက်သည်။

"သံလိုက်အိမ်မြှောင်ဆိုတာ ဘာလဲ" ယွမ်ကျိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဪ... အဲ့ဒါ မင်းရဲ့ နာမည်ပြောင်အသစ်လေ" ဝူဟိုင်းက ခပ်တည်တည်ပင် ဆိုသည်။

"မင်းပေးထားတဲ့ နာမည်ပြောလား" ယွမ်ကျိုးက လေသံအေးအေးဖြင့် မေးလိုက်ပြန်သည်။

"မဟုတ်ဘူး... ဒါပေမဲ့ဘယ်ကဘယ်လိုစလာမှန်း မသိဘူး" ဝူဟိုင်းက ဗီဇအရ အန္တရာယ်ကို ရိပ်မိသဖြင့် ချက်ချင်းပင် ငြင်းဆိုလိုက်သည်။ တကယ်လို့သာ သူပေးတာမှန်း ဝန်ခံလိုက်ရင် ဒီနေ့ ထမင်းဝဝလင်လင် စားရရန် မသေချာတော့မှန်း သူ သိနေသည် မဟုတ်ပါလား။

"အင်း... ကောင်းပြီလေ" ယွမ်ကျိုးက လက်ထဲမှမီးဖိုချောင်ဓားကို တိတ်တဆိတ် ပြန်ချလိုက်သည်။

ကျိုကျာက ပုဝါဝေပြီးနောက် ဝူဟိုင်းကို လှမ်းပြောလိုက်သည်။

"ဒီနေ့ ဟော့ပေါ့ဟင်းပွဲအသစ် ရနေပြီနော် မစ္စတာဝူ"

"ဟေ တကယ်လား... စပ်လား။ စပ်ရင် တစ်ပွဲ ချက်ချင်းယူလာခဲ့ သူဌေးယွမ်ရဲ့ ဟော့ပေါ့ကို စားရဖို့ ငါ မျှော်နေတာ ကြာပြီ" ဝူဟိုင်းက အစပ်ဆိုလျှင် အလွန်ကြိုက်သူဖြစ်ရာ ယွမ်ကျိုးကို နောက်ပြောင်ရန်ပင် စိတ်မဝင်စားတော့ဘဲ ချက်ချင်းမှာလိုက်သည်။

"မစ္စတာဝူ... မီနူးကို အရင် ကြည့်လိုက်ပါဦး" ကျိုကျာက အတင်းအကျပ် တိုက်တွန်းနေသည်။

"ကိစ္စမရှိပါဘူး... ဘော့စ်ယွမ်ရဲ့ ဈေးနှုန်းတွေကို ငါ ကျင့်သားရနေပါပြီ" ဝူဟိုင်းက ဂရုမစိုက်သလို လက်ခါပြသည်။

"မဟုတ်ဘူးရှင့်... မီနူးကိုကြည့်ရင် တစ်ခုခု ထူးခြားတာကို တွေ့လိမ့်မယ်"

"ဘာတွေ ထူးဆန်းနေလို့လဲ" ဝူဟိုင်က ဇဝေဇဝါဖြင့် မီနူးကို လှမ်းကြည့်လိုက်သည်။

ထိုအခါ... ဝူဟိုင်းတစ်ယောက် မျက်လုံးပြူးကာ အံ့အားသင့်သွားရပါတော့သည်။

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း(၄၅၂)

ပြီးပါပြီ။

All Chapters