← Chapters

အခန်း (၄၆၇-၄၆၈)

Vol. 37 Ch. 467-468

အခန်း (၄၆၇-၄၆၈)

Vol. 37 Ch. 467-468

ယွမ်ကျိုး အပိုင်း (၄၆၇)

မကြာခဏ သုံးလေ့ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်ပုံက အကြမ်းဖျဉ်းဆိုရင် ဒီလောက်ပဲ၊

မင်း အခု ပြန်သွားလို့ရပြီ”

ယွမ်ကျိုးက အေးအေးဆေးဆေး ပြောလိုက်သည်။

သူ ပြောသည့်ပုံစံက ယခုလေးတင် စကားရှည်ရှည်ဝေးဝေးပြောခဲ့သူက သူမဟုတ်သကဲ့သို့ပင်။

“အင်း ဟုတ်.. ဟုတ်ကဲ့ ကောင်းပါတယ်”

စုမူ၏ မျက်လုံးများက ကာတွန်းရုပ်ပြဇာတ်လမ်းထဲမှာဆိုပါက အဝိုင်းပုံစံလည်နေလိမ့်မည်မှာသေချာပေသည်။

သူ့မှာ နားထောင်ရလွန်း၍ မူးဝေနေပြီ။

“လမ်းမှာ ဂရုစိုက်သွားဦး”

အနည်းငယ် မူးဝေဝေ ဖြစ်နေသည့် စုမူကို ယွမ်ကျိုးက ကြည့်ပြီးပြောလိုက်သည်။

“တာ့တာ”

စုမူက မသိစိတ်ဖြင့် အလိုအလျောက် ပြန်ဖြေလိုက်သည်။

“တပ် တပ် တပ်”

စုမူရဲ့ ခြေလှမ်းသံတွေ ဝေးသွားမှသာ ယွမ်ကျိုးက ပြန်ထိုင်လိုက်သည်။

“ဟူး နောက်တစ်ခါ အပြင်မထွက်ရအောင် သေချာလေး ရှောင်နိုင်ခဲ့တယ်”

ယွမ်ကျိုးက ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ဂုဏ်ယူစွာ ချီးကျူးလိုက်သည်။

မည်သို့ဖြစ်စေ သူက အိမ်ထဲမှာပဲ နေတတ်

သည့်သူ ဖြစ်ပြီး အပြင်ထွက်ရတာကို သဘာဝအတိုင်း မကြိုက်သူဖြစ်သည်။

သို့သော် အရသာကောင်းသည့် အစားအစာတွေကို ရှာဖွေရန် အပြင်ထွက်ခြင်းတော့ မပါဝင်ပါ။

“စနစ်ရေ၊ မစ်ရှင် အခြေအနေကို ပြပါဦး”

ယွမ်ကျိုးက ရုတ်တရက် အခုတင် လာစားသွားသည့် မိန်းကလေးကို သတိရသွားသည်။

[အဆင့်မြင့် မစ်ရှင်] မင်းအတွက် ဒီကိုလာခဲ့ခြင်း

မစ်ရှင် လိုအပ်ချက်: ရက် ၃၀ အတွင်း စားသောက်ဆိုင်၏ အရသာရှိသောအစားအစာများကို စားရန် အထူးတလည် လာသော ဖောက်သည် အယောက်၁၀၀ပြည့်ရမည်။)

မစ်ရှင် ဆုလာဒ်]

နောက်ထပ်အဆင့်မြင့်ခွင့်တစ်ကြိမ်၊ ကံစမ်းမဲတစ်ကြိမ်၊အထူးဆုလက်ဆောင်တစ်ခု၊အလယ်အလတ်အဆင့် စားဖိုမှူးဆု

(ဆုလက်ဆောင် အကြံပြုချက်:

အခြားသော ဆုများသည် မာစတာစားဖိုမှူးစနစ် ၏ လက်ထဲတွင် ရှိသည်။

အဆင့်တက်ဖို့ အားကြိုးမာန်တက် ကြိုးစားပါ၊ လူငယ်လေး)

[မစ်ရှင် အခြေအနေ]: ၈၈ / ၁၀၀

“ခဏ… နေ့လယ်တုန်းကတည်းက ၈၈ ယောက် ရှိပြီးသား မဟုတ်လား”

ယွမ်ကျိုးက မစ်ရှင် အခြေအနေကိုလက်ညှိုးထိုးကာ ပြောလိုက်သည်။

စနစ်က ပြန်ပြသည်။

“ဟုတ်ပါတယ်”

“ဒါဆို အခုလည်း ဘာလို့ ၈၈ ပဲ ရှိနေသေးတာလဲ? စနစ် မင်းမှာ အမှားအယွင်း ရှိတာလား”

ယွမ်ကျိုးက စိတ်ရှုပ်စွာ မေးလိုက်သည်။

ကျိုးကျင်း က သူ၏ အနီရောင် ရေညှိမြက်ကြောင့် ဒီကို အထူးတလည် လာခဲ့သည်ဆိုတာအတိအကျ မှတ်မိသေးသည်။

စနစ်က ပြန်ပြသည်။

“အမှားအယွင်း မရှိပါဘူး"

“ဒါဆို ၈၉ ယောက် ဖြစ်သင့်တာ‌လေ”

ယွမ်ကျိုးက သေချာစွာ ပြောလိုက်သည်။

သို့သော်စနစ် က ပြန်မဖြေခဲ့ပေ။

“နေ့လည်တုန်းက လာတဲ့ တောင်ပိုင်းစကားပြောတဲ့မိန်းကလေးလေ၊

သူက ချန်ဒူးကို ရောက်ရောက်ချင်း ငါ့ဆီမှာ လာစားတာလေ၊

မင်း သူ့ကို မရေတွက်လိုက်တာလား”

ယွမ်ကျိုးက လေးနက်စွာ ပြောလိုက်သည်။

စနစ်က ပြန်ပြသည်။

“မစ်ရှင် လိုအပ်ချက် အရ ဖောက်သည်က ပိုင်ရှင်ရဲ့ ထူးချွန်သော လက်ရာကြောင့် အထူးတလည် လာစားရမှာပါ

”

“ဟုတ်တယ်လေ သူ ညစာ စားသွားတယ် မဟုတ်လား”

ယွမ်ကျိုးက သဘာဝကျစွာ ပြောလိုက်သည်။

စနစ်က စကားမပြောနိုင် ဖြစ်သွားသည်။ အမှန်မှာ ကျိုးကျင်း က ဓာတ်ပုံတွေ အချိန်ကြာကြာ ရိုက်ပြီးနောက် မကောင်းတတ်၍သာ ထိုင်ပြီး စားသွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယွမ်ကျိုးကတော့ ထိုအရာကို သူ့အောင်မြင်မှုကဲ့သို့ မရှက်မကြောက် ပြောလိုက်သည်။

အမှန်ပင်

“လူကောင်းနဲ့ ပေါင်းမှ မင်းကလူကောင်းဖြစ်နိုင်တယ်”

ဆိုတဲ့ စကားက မှန်သလိုပင် ဖြစ်နေသည်။

စနစ်က ထပ်ပြသည်။

“အဲဒီဖောက်သည်က အစက အနီရောင် ရေညှိမြက်ကို ဓာတ်ပုံရိုက်ဖို့ လာခဲ့တာပါ”

“အင်း ဒါပေမယ့် နောက်ဆုံးမှာ ငါ့လက်ရာကြောင့် ဆွဲဆောင်ခံရပြီး စားခဲ့တာပဲမလား”

ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ငါက ထုတ်လွှင့်မှု့ရိုက်ကူး‌ရေးမှာ ပါဝင်ခဲ့တယ်၊

အဲဒီမှာ ငါ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကြောင့် ရုပ်သံဌာန က နောက်တစ်ကြိမ် ထပ်လာခဲ့တာ၊

ငါ့ရဲ့ ထူးချွန်တဲ့ လက်ရာကြောင့်ပဲ အင်တာနက်မှာ လူတွေ သိလာတာ‌၊

အဲဒါကြောင့်ပဲ သူမလည်း ငါ့ကို တွေ့ခွင့် ရခဲ့တာ

ဒါကြောင့် ဘယ်လိုပဲ ပြောပြော သူက ငါ့ကြောင့် လာတာပဲ”

ယွမ်ကျိုးက လေးနက်စွာ ရှင်းပြလိုက်သည်။

စားသောက်ဆိုင်ထဲတွင် တိတ်ဆိတ်လွန်းသဖြင့် မြေကြီးပေါ် အပ်တစ်ချောင်း ကျသံတောင် ကြားနိုင်လောက်သည်။

အချိန်ခဏအတွင်း စနစ် သည် ယွမ်ကျိုး၏ မမှန်ကန်သည့် သဘောတရားကို ပြန်လည်ချေပရန် အကြောင်းပြချက် မရှာနိုင်ခဲ့ပေ။

ခဏကြာ တိတ်ဆိတ်နေပြီးနောက် မစ်ရှင် အခြေအနေကို ပြင်ဆင်လိုက်သည်။

“ဟုတ်ပြီ၊ ဒါမှ ငါ့ စနစ် ပီသတာပေါ့”

ယွမ်ကျိုးက ကျေနပ်အားရသော မျက်နှာထားဖြင့် ပြောလိုက်သည်။

သို့သော် စနစ် ကတော့ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ထပ်မံ မဖြေတော့ပေ။

“ဝင်ငွေ ၆၀% ခွဲဝေမှု ရဖို့ ပိုပြီးနီးလာပြီပဲ”

ယွမ်ကျိုးက စနစ် အသံတိတ်သွားတာကို ဂရုမစိုက်ဘဲ မစ်ရှင်အခြေအနေကို ကျေနပ်စွာ ကြည့်နေသည်။

အခုဆို ၈၉ ယောက် ရှိနေပြီဖြစ်ပြီး နောက်ထပ် ၁၁ ယောက်သာ ပြည့်လျှင် အဆင့်တက်မည့် မစ်ရှင် ပြီးဆုံးကာ စုစုပေါင်း ဝင်ငွေထဲမှ ၆၀% ကို ရရှိနိုင်မည် ဖြစ်သည်။

သို့သော် ကျန်ရှိသည့် အချိန်က မများပေ။ အခုဆို တစ်ပတ်သာ ကျန်တော့သည်။

စနစ် ကို လှည့်စားပြီးနောက် ယွမ်ကျိုးသည် အလွန်ကျေနပ်နေသည်။

အရက်ရောင်းချိန် အတွင်းမှာလည်း ယခင်ထက် ပို၍ ကြိုးစားကာ မိမိ၏ ချက်ပြုတ်ပညာကို တိုးတက်အောင် လေ့ကျင့်ခဲ့သည်။

ညအိပ်ချိန်တွင်လည်း ယွမ်ကျိုးသည် အလွန် ကျေနပ်စွာ အိပ်ပျော်ခဲ့သည်။

စနစ်၏ကပေးထားသော အသံကာကွယ်ပစ္စည်းသည် ယုံကြည်စိတ်ချရသည်။

နောက်နေ့ မနက်စောစောတွင် ယွမ်ကျိုးသည် အမြဲလိုပင် နိုးထကာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခဲ့သည်။ မနက်စာအချိန်တွင် မစ်ရှင် ပြည့်စုံနိုင်မည့် အခွင့်အရေးက နည်းပါးသော်လည်း ယွမ်ကျိုးသည် မနက်စာချက်ပြုတ်ရန် စတင်ပြီးသည်နှင့် ထိုအရာကို စဉ်းစားမနေတော့ပေ။

ထို့အပြင် မနေ့ညက ယွမ်ကျိုးကံကောင်းခဲ့သည်။ ကျောက်ပျား များထံမှ ပျားသုဓ္ဒါ ကို ထပ်မံ ရရှိခဲ့သည်။

ထို့အပြင် ဖုန်းကို နှစ်နာရီသာ လှုပ်ပြီး နံပါတ် ၁ ကို ရခဲ့သည်။

တကယ်ပင် ကံကောင်းမှု့များ ဆက်တိုက်လာနေသည်ပင်။

နေ့လယ်အချိန်တွင်

“ဒီနေ့ဟွမ်လီ လာမယ်ထင်တယ်၊ဒါပေမယ့် မုရှောင်ယွမ် ကိုတော့ ကြာပြီ မတွေ့ရတာ”

ယွမ်ကျိုးက အပြင်ဘက်တွင် တန်းစီနေသော ဖောက်သည်များကို ကြည့်ရင်း စိတ်ထဲတွင် တွေးလိုက်သည်။

ယွမ်ကျိုးပြောလိုက်သော ဟွမ်လီ ဆိုသည်မှာ မောင်နှမနှစ်ယောက်ထဲမှ မောင်ဖြစ်သည်။

ပုံမှန်အားဖြင့် ယွမ်ကျိုးက ပျားရည်နှင်းမှိုပွင့် ကို ဆိုင်မှာ တင်တိုင်း သူကို ယွမ်ကျိုးစားသောက်ဆိုင်တွင် တွေ့ရလေ့ရှိသည်။

တန်ရှီကို ထည့်မတွက်လျှင် ဟွမ်လီသည် ယွမ်ကျိုး၏ နံပါတ် ၁ ပရိသတ် ဖြစ်သည်။

အရေအတွက် အတိအကျလုပ်ထားသောကြောင့် အမြဲလာစားနေသော ဖောက်သည်များသည် ဟွမ်လီ ကို သိပြီးနောက် ထိုအချိုပွဲကို မမှာကြတော့ပေ။

သို့သော် သတိမထားမိသူများဖြစ်သည့် ပထမဆုံးလာသူများကိုတော့ ထည့်မတွက်နိုင်ပါ။

ဥပမာ၊အခုတစ်ယောက်လိုမျိုး

“သူဌေး ကျွန်တော်တို့ကို ပျားရည်နှင်းမှိုပွင့် ချပေးပါ"

စားသောက်ဆိုင်ထဲ ဝင်လာသော ပထမဆုံး ဖောက်သည်အယောက် ၂၀ ထဲမှ တစ်ယောက်က ပြောလိုက်သည်။

ထိုအချိန်တွင်ဟွမ်လီကတော့ သူတို့နောက်ဘက်တွင်သာ ရှိနေသေးသည်။

“ကောင်းပါပြီ၊ အခြားဘာလို‌သေးလဲရှင့်”

ကျိုကျာ က ပြုံးကာ မေးလိုက်သည်။

“မလိုတော့ဘူး ဒီလောက်ဈေးကြီးတာတွေ အရသာကောင်းလားမကောင်းလား ဘယ်သူသိမလဲ”

ဖောက်သည်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

သူ၏ မာန်မာနက လီယန်ရိထက်တောင် ပိုကြီးနေသည်။

ထိုလူသည် အညိုရောင် သိုးမွေးဆွယ်တာတစ်ထည်အပေါ်မှ အနက်ရောင် အပေါ်အင်္ကျီတစ်ထည်နှင့် အနက်ရောင် ပုံမှန် ဘောင်းဘီကို ဝတ်ထားသည်။

အရပ်အမြင့် အလယ်အလတ်ရှိပြီး မျက်နှာပေါ်တွင် မာန်မာနပြည့်နေသည်။

ယွမ်ကျိုးကို ကြည့်သည့်အခါ သူ၏ မျက်လုံးများထဲတွင် မထီမဲ့မြင် အရိပ်အယောင်များအပြည့်ပင်။

သူ၏ အဖော်ကလည်း အရပ်အမြင့် အလယ်အလတ်ပဲ ဖြစ်သော်လည်း စကားနည်းသည်။

စကားအများစုကို သူ့အဖော်ကပဲ ပြောနေသည်။ သို့သော် သူ စကားနည်းတာက နူးညံ့လို့ မဟုတ်ဘဲ ပို၍ မာန်မာနကြီးသောကြောင့် ဖြစ်သည်။

သူသည် ထိုင်ခုံပေါ်တွင် လက်ကိုင်ပဝါတစ်ခု ခင်းပြီးမှ ထိုင်လိုက်သည်။

မျက်နှာပေါ်တွင် မျက်ခုံးများကို ခပ်တင်းတင်းကြုပ်ကာ ထိုင်နေပြီး ဒီနေရာမှာ နေရတာကိုတောင် မသက်မသာ ဖြစ်နေသလို ဖြစ်နေသည်။

“စုစုပေါင်း ၄၂ ယွမ်ပါ ကျွန်မတို့မှာ ငွေပေးပြီးမှ ဟင်းပွဲ ရပါတယ်”

ကျိုကျာက ယခင်လို နွေးထွေးစွာ မဟုတ်တော့ဘဲ သာမန် ယဉ်ကျေးစွာ ပြောလိုက်သည်။

“ကျစ် ကျစ် စားသောက်ဆိုင်သေးသေးလေးတောင် စည်းကမ်းတွေ အများကြီးပါလား”

ပြောရင်း သူက ပိုက်ဆံထုတ်လိုက်သည်။

“ယူလိုက်”

သူက ငွေစက္ကူ အနည်းငယ် ထုတ်ကာ ကျိုကျာ ထံ ပေးလိုက်သည်။

“ခဏ စောင့်ပေးပါရှင်”

ကျိုကျာက ငွေကို သေချာ ကိုင်ပြီး ပြောလိုက်သည်။

“မြန်မြန်လုပ်၊ဒီမှာ အကူတောင် မရှိဘူးပဲ”

သူက မကျေနပ်သကဲ့သို့ ထပ်မံပြောလိုက်သည်။ အခြားတစ်‌ယောက်ကလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

“သူတို့ကို ကြည့်ရတာ နည်းနည်း ရင်းနှီးသလိုပဲ"

ထိုသူတွေကို ကြည့်မိသည့်ဆရာချန် က စိတ်ရှုပ်စွာ သူ့ကိုယ်သူ ပြောလိုက်သည်။

သို့သော် မကြာမီ ယွမ်ကျိုး၏ ထူးခြားလှသော ချက်ပြုတ်နည်းကို မြင်လိုက်ရသည့်အခါ သူ့အာရုံအလုံးစုံက ဆွဲဆောင်ခံလိုက်ရပြီး၊လူရွှင်တော်နှစ်ယောက်လို ဖြစ်နေသော ထိုလူနှစ်ယောက်ကို စောင့်ကြည့်ရန် အချိန် မကျန်တော့ပေ။

အနည်းဆုံးတော့ အခြားဖောက်သည်များအားလုံးက ဒီလိုပဲ ထင်ကြသည်။ အကြောင်းကတော့ သူတို့ကိုယ်တိုင် ယွမ်ကျိုး၏ ချက်ပြုတ်ပညာကို စမ်းသပ်ပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။

ဒါပေမယ့် မည်သည့်နေရာက လာမှန်းမသိသည့်ထိုလူနှစ်ယောက်မှာ စားသောက်ဆိုင်ထဲ ဝင်လာသည့်အချိန်ကစပြီး အခုထိ အဆက်မပြတ် အပြစ်ပြောနေကြသည်။

အကယ်၍ သူတို့က အသံနိမ့်နိမ့်နဲ့ ပြောနေခြင်း မဟုတ်လျှင်၊ ထို့အပြင် ဖောက်သည်များက စားနေသည့် အရသာ ပျက်သွားမှာစိုး၍သာ မဟုတ်ရင် သူတို့ကို တကယ်ပဲ အပြင်ထုတ်ချင်နေကြသည်။

“ဒီမှာ ပျားရည်နှင်းမှိုပွင့် နှစ်ပွဲပါ”

ကျိုကျာ က ယဉ်ကျေးစွာ ဟင်းပွဲနှစ်ပွဲကို ယူလာပြီး တင်ပေးလိုက်သည်။

ဒီတစ်ခါ နှင်းမှိုပွင့် ကို အစိမ်းရင့်ရောင် ပန်းကန်ပြားထဲ ထည့်ထားသည်။

ပန်းကန်နားပတ်လည်တွင် အကိုင်းအခက်ပုံစံ အလှဆင်ထားပြီး အဖြူရောင် တောက်ပြောင်နေသော နှင်းမှိုပွင့် နှင့် အစိမ်းရင့်ရောင်ပန်းကန်ကြား အလွန်ထူးခြားသော ဆန့်ကျင်ဘက် အလှအပ ဖြစ်ပေါ်နေသည်။

“ပုံပန်းသဏ္ဍာန်ကတော့ မဆိုးဘူးပဲ

မင်း ဘယ်လိုထင်လဲ”

စကားများသောသူက သူ့ဘေးမှာ ထိုင်နေသော အဖော်ကို လှည့်မေးလိုက်သည်။

“ဟုတ်တယ် မဆိုးဘူး”

အဖော်က သာမာန် ပြန်ဖြေလိုက်သည်။

“အရသာက ဘယ်လိုလဲ ကြည့်ရအောင်”

စကားများသောသူက နှင်းမှိုပွင့် တစ်စကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

နှင်းမှိုပွင့် ကို ကိုက်လိုက်သည့်အခါ

“ခပရပ် ” ဟူသော ခပ်ဆတ်ဆတ် အသံထွက်လာပြီး နူးညံ့ကာ နားထောင်ရတာ သာယာလှသည်။

သို့သော် စားလိုက်သော လူနှစ်ယောက်လုံးကတော့ မျက်ခုံးများကို ကြုပ်လိုက်ကြသည်။

“ဒီလောက်ပဲလား”

ဒီတစ်ကြိမ်မှာတော့ သူတို့နှစ်ယောက်စလုံး တစ်ပြိုင်တည်း ပြောလိုက်ကြသည်။

ယွမ်ကျိုး အပိုင်း (၄၆၇)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း (၄၆၈)

“အရသာကတော့ သာမာန်ပဲ ပျားရည်ထည့်လိုက်တော့ ချိုသွားတာကလွဲရင် ဘာမှထူးခြားတာမရှိဘူး ဒီလောက်ပဲ”

စကားနည်းနည်းသာပြောသည့်သူက မျက်ခုံးကြုပ်ပြီး ဝေဖန်လိုက်သည်။

“ဒီလိုဟင်းချက်လက်ရာနဲ့ မာစတာလို့တောင် ခေါ်ကြတယ်လား”

စကားများသည့်သူက နားမလည်သကဲ့သို့ မျက်နှာက သိသိသာသာ အံ့အားသင့်နေဟန်ဖြင့် ပြောလိုက်သည်။

“လေယာဉ်လက်မှတ်တွေ ဝယ်ပြီးလာတာ တကယ်ကို အလကားပဲ

ဗီဒီယိုထဲမှာတော့ သူလုပ်နေတာကို ကြည့်ရတာ တော်တော်မိုက်တယ်ထင်ခဲ့တာ”

နောက်တစ်ယောက်က မျက်ခုံးကို ပင့်ပြီး ပြောလိုက်သည်။

“ဟုတ်တယ် အင်တာနက်က သတင်းတွေ မယုံရဘူးကွ တကယ်နဲ့ လက်တွေ့ ကွာခြားချက်က အရမ်းကြီးတယ်”

စကားများသည့်သူက ယွမ်ကျိုးကို မကျေနပ်သလို ကြည့်လိုက်သည်။

“အိမ်ပြန်ဖို့ လေယာဉ်လက်မှတ်ပဲ ဝယ်ပေးလိုက်”

စကားနည်းသည့်သူက ဆုံးဖြတ်ပြီး ပြောလိုက်သည်။

“မရဘူး မင်းစားသောက်ထားတာကို အခု ငါပဲ ရှင်းခဲ့ရတာ‌"

စကားများသည့်သူက ချက်ချင်း ပြန်ဖြေလိုက်သည်။

ထိုသို့ဖြင့် သူတို့နှစ်ယောက်က ယွမ်ကျိုး၏ ပျားရည်နှင်းမှိုပွင့် အကြောင်းကို တစ်ယောက်တစ်လှည့် ဝေဖန်နေကြသည်။

သူတို့က ယွမ်ကျိုး စားသောက်ဆိုင်အတွင်းမှာပဲ ထိုင်နေကြသေးတာကိုတောင် မျက်နှာမပူဘဲ ပြောဆိုနေကြပြီး ယွမ်ကျိုး ကို လေးစားစိတ်အနည်းငယ်တောင်မရှိပေ။

“ဒီစိတ်ကြီး၀င်နေတဲ့လူနှစ်ယောက်က ဘာတွေဖြစ်နေတာလဲ”

ဝူဟိုင်းက သူ့ရဲ့ နှုတ်ခမ်းမွှေးကို လက်ဖြင့်သပ်ရင်း မျက်ခုံးပင့်ပြကာ မေးလိုက်သည်။

“မသိဘူးလေ အရူးတွေနေမှာပေါ့"

လင်းဟုန်က ကျိတ်ရယ်လိုက်သည်။

“မင်း”

စကားများသည့် ဖောက်သည်က ဝူဟိုင်းကို မကျေနပ်သလို စိုက်ကြည့်လိုက်သည်။

စကားနည်းသည့်တစ်ယောက်က ပြန်ပြောရန် ပါးစပ်ဖွင့်လိုက်ချိန်မှာပဲ တစ်ယောက်ယောက်က ကြားဖြတ်ပြောလိုက်သည်။

“ဒီအရွယ်ရောက်ပြီးတာတောင် အဆင့် ၄ မှာပဲ ရှိနေသေးတာ မအံ့သြတော့ပါဘူး၊

ကိုယ့်ကိုယ်ကို စားဖိုမှူးလို့ တခြားသူတွေကို မပြောပါနဲ့လား၊

မင်းတို့လို အရှက်မရှိသူတွေနဲ့ ဒီနယ်ပယ်ထဲမှာ အတူတူ အလုပ်လုပ်နေရတာတောင် ရှက်မိတယ်”

အလွန်မောက်မာကာ ၀င့်ကြွားနေသည့်အမျိုးသားအသံတစ်ခုက ပွင့်လင်းစွာပြောလိုက်သည်။

“ဘယ်သူလဲကွ”

စကားနည်းသည့်သူက ချက်ချင်းခေါင်းလှည့်ပြီး ဒေါသတကြီးဖြင့် ထိုလူကို ကြည့်လိုက်သည်။

ထိုလူက အဖြူရောင်အစင်းများနှင့်ရှပ်အင်္ကျီအနက်တွင်အင်္ကျီပါးတစ်ထည် ထပ်ဝတ်ထားပြီး ရိုးရိုး ဘောင်းဘီအပြာတစ်ထည်ကိုတွဲဝတ်ထားသည်။ မျက်နှာပေါ်တွင် မာနကြီးသည့်ဟန်ကပေါ်လွင်နေသည်။

“ချူးရှောင်း"

ယွမ်ကျိုး က ခေါင်းမော့ကာ သူ့နာမည်ကို ခေါ်လိုက်သည်။

“သူက မင်းနဲ့ တကယ်တူတာပဲနော်”

ဝူဟိုင်းက လင်းဟုန်ကို ကြည့်ပြီး ဟာသသဘောနဲ့ ပြောလိုက်သည်။

“မဟုတ်ဘူး ငါက သူထက် ပိုချောတယ်”

လင်းဟုန်က ပခုံးလှုပ်ပြပြီး ပွဲကြည့်ဖို့ ပြင်နေသည်။

ယွမ်ကျိုးက ထိုလူနာမည်ကို ပြောလိုက်တာနှင့် အခြားနှစ်ယောက်က အလွန်အံ့သြသွားကြသည်။

သူတို့က ယွမ်ကျိုး အကြောင်း သိပ်မသိသော်လည်း ချူးရှောင်း ဆိုတာ ဘယ်သူလဲဆိုတာတော့ သိကြသည်။

အကြောင်းက ချူးရှောင်းက ယွမ်ကျိုးထက် အများကြီးစောစီးစွာ နာမည်ကြီးလာပြီး အစားအစာလောကထဲမှာ ဒဏ္ဍာရီတစ်ခုလို ဖြစ်နေသူတစ်ယောက်ပင်။

“မျှော်လင့်ချက်မဲ့နေတဲ့ အရူးနှစ်ယောက်ပါလား၊

မီးဖိုချောင်မှာ ဓားကိုင်ပြီး အလုပ်လုပ်တဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကို မလေ့ကျင့်ဖူးဘူးလား၊

စကားပြောတဲ့အခါ သတိထားပြောကြပါ”

ချူးရှောင်းကစူးရှသည့် အကြည့်များနှင့်

ထိုနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။

“ဒီဟင်းက သာမန်ပဲဆိုတာတော့ အမှန်ပါပဲ ဒါက ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ပါ”

ချူးရှောင်း ကို မြင်လိုက်သည့်အခါ စကားများသည့်သူက ပြောရဲခြင်းမရှိတော့ဘဲ စကားနည်းသည့်သူကသာ ပြန်ဖြေလိုက်သည်။

"ဟားဟား

တကယ်ပြောရရင် မင်းတို့မှာ ဒီဟင်းကို ဝေဖန်ဖို့ အရည်အချင်း လုံးဝမရှိဘူး

မင်းတို့ကို ဝက်တွေနဲ့ နှိုင်းယှဉ်ရင် ဝက်တွေကိုတောင် အရှက်ရစေသလိုပဲဖြစ်မှာ၊

မင်းတို့ ဦးနှောက်က ဝက်ဦးနှောက်လောက်တောင် ကောင်းမနေဘူး”

ချူးရှောင်း က လူတွေကို ကြည့်သည့်အခါတိုင်း အမြဲ အပေါ်စီးကနေ ကြည့်တတ်သူ ဖြစ်သည်။

ယခုလိုပြောလိုက်တာကြောင့် သူ့စကားတွေက ပို၍ မာနကြီးပြီး ရိုင်းစိုင်းသည် ထင်ရသည်။

ထိုစကားများကြားလိုက်သည်နှင့် အဲဒီစားဖိုမှူးနှစ်ယောက် မျက်နှာနီသွားပြီး မကျေမနပ်ဖြစ်သွားကြသည်။

“အခုလောလောဆယ် ကျွန်တော်တို့ အဆင့်၄ ပဲ ဖြစ်နေသေးပေမယ့်အဆင့်၃ စာမေးပွဲကို ဝင်ဖြေထားပြီးသားပါ

မကြာခင် အဖြေထွက်လာတော့မှာပါ၊

ဒါကြောင့် အဆင့်တစ်ခုတောင် မရှိတဲ့ စားဖိုမှူးလုပ်ထားတဲ့ ဟင်းတစ်ပွဲကို ဝေဖန်ဖို့လောက်တော့ အရည်အချင်း ရှိတယ်လို့ ထင်ပါတယ်”

စကားနည်းသည့်ဖောက်သည်က တည်ကြည်တဲ့ အသံနဲ့ ပြောလိုက်သည်။

“အဖြေကို စောင့်နေစရာ မလိုတော့ဘူး

မင်းတို့ သေချာပေါက် မအောင်နိုင်ဘူး၊

မင်းတို့ လျှာကို ဘယ်လိုသုံးရမလဲဆိုတာတောင် မသိသေးတဲ့အချိန်မှာ စာမေးပွဲ အောင်မယ်လို့ မစဉ်းစားနဲ့”

ချူးရှောင်းက ထိုစကားတွေကို အလွန်ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

“လက်မှတ်ဆိုတာ အဓိပ္ပါယ်မရှိတဲ့ စက္ကူတစ်ရွက်ပဲ၊

မင်းတို့လိုလူတွေတောင် အဆင့်၄ လက်မှတ် ရနိုင်တာပဲ မဟုတ်လား”

ချူးရှောင်း၏ လှောင်ပြောင်သံက ပိုပြီး ပြင်း ထန်လာသည်။

“ခင်ဗျားက မီရှဲလင်း ကြယ်သုံးပွင့်ရစားဖိုမှူးဖြစ်နေရင်တောင် ဒီလိုစကားမျိုး ကျွန်တော်တို့ကို မပြောသင့်ပါဘူး၊ မာစတာချူ”

ချက်ချင်းပဲ စကားနည်းသည့် ဖောက်သည်က ဒေါသထွက်သွားပြီး ချူးရှောင်း ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

“ဟားဟား သိပ်ပြောနိုင်တာပေါ့

ပျားသုဒ္ဓါ ကိုတောင် မခွဲခြားနိုင်တဲ့ စားဖိုမှူးတွေဆိုရင် အလုပ်ပြောင်းတာ ပိုကောင်းမယ်ထင်တယ်”

ချူးရှောင်း က သူတို့နှစ်ယောက်ကို ကြည့်ပြီးးအလေးအနက် ပြောလိုက်သည်။

“မင်း”

ချက်ချင်းပဲ ထိုလူနှစ်ယောက်ရဲ့ မျက်နှာတွေနီရဲလာကြသည်။

ချူးရှောင်းရဲ့ စကားတွေကြောင့် အရမ်းဒေါသထွက်နေကြသည်။

အရေးကြီးတာက သူတို့မှာ ပြန်လည်တုန့်ပြန်ဖို့ စကားမရှိတာပဲ ဖြစ်သည်။

ချူးရှောင်း ပြောသမျှဟာ အစားအစာပညာနဲ့ ဆက်စပ်နေပြီး ဤအပိုင်းမှာ သူတို့က ချူးရှောင်း ကို ဆန့်ကျင်ပြီး မပြောရဲကြ။

“ဒီဟင်းရဲ့ အားသာချက်က ရိုးရှင်းပြီး သဘာဝဆန်တဲ့ လတ်ဆတ်မှုပါပဲ

သုံးထားတဲ့ ပစ္စည်းတွေက ရိုးရှင်းပေမယ့် အရသာကတော့ နူးညံ့ပြီး ချိုမြိန်တယ်”

ချူးရှောင်း က ဒေါသကြောင့် မူးမေ့လောက်အောင် ဖြစ်နေတဲ့ သူတို့နှစ်ယောက်ကို ဂရုမစိုက်ပဲ ပျားရည်နှင်းမှိုပွင့် ကိုကြည့်ကာ ယုံကြည်မှုအပြည့်နဲ့ ဆက်ပြောလိုက်သည်။

“ပျားသုဓ္ဒါမှာ အသုံးပြုထားတဲ့ ပျားရည်က ကျောက်ပျားတောင်ရွာ မှာရှိတဲ့ တောင်ပေါ်သဘာဝကျောက်ပျားတွေရဲ့ ပျားရည်ပဲ ဖြစ်ရမယ်၊

အရမ်းအရည်အသွေးကောင်းပြီး လတ်ဆတ်တယ်၊

နှင်းမှိုပွင့် ကလည်း အသက်ရှိသလို လတ်ဆတ်နေတဲ့ဟာပဲ၊

ပြုတ်ထားတဲ့ ပျားသုဒ္ဓါ ထဲမှာ စံပယ်ပန်းရနံ့ နည်းနည်းပါတော့ အရင်ကရှိခဲ့တဲ့ ခါးသက်သက်အရသာကလည်း အများကြီး လျော့သွားတယ်”

“ဟုတ်တယ် ခါးသက်သက် မဟုတ်တော့ဘူး ဒါပေမယ့် အချဉ်ဓါတ်နည်းနည်းရှိနေတယ်၊ အထူးနည်းလမ်းနဲ့ ထည့်ထားတာမလား”

မေးခွန်းမေးနေဟန်ဖြစ်သော်လည်း ချူးးရှောင်း က အဖြေကို သိပြီးသား အသံနှင့်

ယွမ်ကျိုး ကို ကြည့်ကာ မေးလိုက်သည်။

"ဟုတ်တယ်”

ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။

“နှင်းပွင့်မှိုဆိုတာက ရေလိုအရသာပဲရှိတယ်၊ ပျားသုဒ္ဓါ ရဲ့ အချဉ်အရသာနဲ့ အောက်ခြေကနည်းနည်းစပ်တဲ့ အရသာက စံပယ်ရနံ့နဲ့ အရမ်းလိုက်ဖက်တယ်”

ချူးရှောင်း က စကားအနည်းငယ်နဲ့ပဲ ဒီအချိုပွဲ၏ အားသာချက်တွေကို ရှင်းပြလိုက်သည်။

“လတ်ဆတ်တဲ့နှင်းပွင့်မှို နဲ့ အာဟာရပြည့်တဲ့ ပျားသုဒ္ဓါ ၊

သူဌေးယွမ် ခင်ဗျား တကယ်တော်ပါတယ်”

ချူးရှောင်း က စားပွဲပေါ်ကပျားရည်နှင်းမှိုပွင့် ကို တစ်ချက်ကြည့်ပြီး ချက်ချင်း လှည့်ထွက်သွားသည်။

သူ့အနေဖြင့် ထိုနှစ်ယောက်ကို ထပ်မပြောချင်တော့ပေ။

လူတွေကို အပေါ်စီးက ကြည့်ပြီး အရှက်ခွဲတဲ့အပိုင်းမှာတော့ ချူးရှောင်း ထက် လုပ်နိုင်စွမ်းရှိမည် မဟုတ်ကြပေ။

“တက်… တက်… တက်…”

ချူးရှောင်း၏ ခြေလှမ်းသံတွေ တဖြည်းဖြည်း ဝေးကွာသွားသည်။

ယွမ်ကျိုး က မည်သည့်အရာမှ မဖြစ်ခဲ့ဟန်ဖြင့် ဆက်ပြီး ဟင်းချက်နေသည်။ ဖောက်သည်တွေကို ဟင်းပွဲသွားပို့တဲ့အချိန်ကလွဲရင် သူ့အာရုံကို လုံးဝ မလွှဲခဲ့ပေ။

အတူတူ လာခဲ့သည့် ထိုနှစ်ယောက်ကတော့ ခဏကြာမှ နည်းနည်း စိတ်သက်သာရာရသွားကြသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“ဝင်စွက်ဖက်တတ်တဲ့ လူ”

သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် မပြောပဲ စိတ်ထဲမှာ အတူတူ ထင်လိုက်ကြသည်။

သို့သော် အနားမှာထိုင်နေသည့် ဖောက်သည်တွေက သူတို့ကို မထီမဲ့မြင် ကြည့်နေတဲ့ မျက်လုံးတွေ၊နှင့် စားပွဲပေါ်ကပျားရည်နှင်းမှိုပွင့် ကို တွေ့လိုက်တဲ့အခါမှာတော့ မကြာခင်က ချူးရှောင်းရဲ့ စကားတွေကြောင့် အရှက်ခွဲခံရသလို ဖြစ်ခဲ့တာကို ချက်ချင်း သတိရသွားကြသည်။

မည်သည့်စကားမှ မပြောပဲ ပြီးပြည့်စုံသည့်ဟင်းတစ်ပွဲသာ ချပေးလိုက်တဲ့ စားဖိုမှူး ယွမ်ကျိုးကိုလည်း သတိရသွားကြသည်။

“သွားကြစို့”

စကားနည်းသည့်သူက နောက်ကို မလှည့်ဘဲ ပြောလိုက်သည်။

“လူကြီးမင်းးတို့ စိတ်မရှိပါနဲ့ရှင်၊

စားပွဲပေါ်က ဟင်းပွဲကို ပြီးအောင်မစားဘဲ ထွက်သွားမယ်ဆိုရင် ဆိုင်ရဲ့ နာမည်ပျက်စာရင်း ထဲ ထည့်ရပါလိမ့်မယ်ရှင်”

ကျိုးကျား က သူတို့အနားကို လာပြီးယဉ်ကျေးစွာ ပြောလိုက်သည်။

“ဒီလို နေရာမျိုးကို ငါတို့ ထပ်မလာတော့ဘူး”

စကားများသည့် ဖောက်သည်က မူလတုန်းက ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောရန် စဉ်းစားလိုက် သော်လည်း မကြာခင်က မျက်နှာဖြတ်ရိုက်ခံရသကဲ့သို့ ခံစားခဲ့ရတာကို သတိရပြီး စကားပြောင်းလိုက်သည်။

သို့သော် အသံကတော့ မကောင်းသေးပဲ ကြမ်းတမ်းနေသည်။

“ကောင်းပါပြီ ဒါဆို ဂရုတစိုက်သွားကြပါ”

ကျိုးကျား က လမ်းဖယ်ပေးပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။

“ဟမ့်”

သူတို့နှစ်ယောက် ယွမ်ကျိုး ကို ဒေါသတကြီး တစ်ချက်စိုက်ကြည့်ပြီးမှ ထွက်သွားကြသည်။

“ဟား မထူးဆန်းတော့ဘူး၊

သူတို့နှစ်ယောက် ဒီလိုထူးဆန်းနေတာက သူဌေးယွမ် ရဲ့ ပြိုင်ဘက်တွေ ဖြစ်လို့ပဲ၊

ဒီကို သတင်းစုံစမ်းဖို့ လာကြတာပဲထင်တယ်”

ဖောက်သည်တစ်ယောက်က ပြောလိုက်သည်။

“ဟုတ်တယ်

သူဌေးယွမ် နာမည်ကြီးလာတာနဲ့ ဒီလိုအဖြစ်တွေ ဖြစ်လာမှာ အသေအချာပဲလေ"

အခြားဖောက်သည်တစ်ယောက်က ချက်ချင်း ထောက်ခံသည်။

“ဒါပေမယ့် အခုလေးတင် သူတို့ကို ဆူသွားတဲ့ လူကိုတော့ စိတ်ဝင်စားမိတယ်”

ပြောလိုက်သည့် မိန်းကလေးမှာ ရုပ်ရည်ချောမောသူများကို သဘောကျသူ့တစ်ယောက်ဖြစ်သည်။

“သူလည်း စားဖိုမှူးတစ်ယောက်ပဲ ထင်တယ် အနည်းဆုံးတော့ မျက်လုံးအတွေ့အကြုံက တော်တော်ရှိတဲ့ပုံပဲ”

အသက်နည်းနည်းကြီးတဲ့ ဖောက်သည်တစ်ယောက်က စိတ်ကျေနပ်သလို ပြောလိုက်သည်။

“ဟုတ်ပါတယ် သူက စားဖိုမှူးပဲ

ပြီးတော့ မီရှဲလင်း ကြယ် သုံးပွင့်ရတဲ့ လူငယ်စားဖိုမှူးတစ်ယောက်ပါ”

လင်းဟုန် က စတင်မိတ်ဆက်ပေးလိုက်သည်။

“မီရှဲလင်း ကြယ်သုံးပွင့်ရစားဖိုမှူးတောင် သူဌေးယွမ်ရဲ့ ဟင်းချက်လက်ရာကို ချီးကျူးနေတာဆိုတော့ သူဌေးယွမ် ဘယ်လောက်တောင် ချောမောခံ့ညားလိုက်သလဲ ဆိူတာ တွေးကြည့်လို့ရတယ်'

အမျိုးသားများ၏ ရုပ်ရည်သွင်ပြင်ကိုသာ ဂရုစိုက်သည့် မိန်းကလေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သို့သော် ထိုမိန်းကလေး ချီးကျူးနေတာက ယွမ်ကျိုး၏ ဟင်းချက်လက်ရာ မဟုတ်ပေဘူးလား၊

အဘယ့်ကြောင့် ရုပ်ရည်ချောမောမှုနဲ့ သက်ဆိုင်သွားရသနည်း။

ဝူဟိုင်းက စိတ်ရှုပ်ထွေးသလို တွေးလိုက်သည်။

“ယွမ်ကျိုးရဲ့ ဟင်းချက်လက်ရာက အကောင်းဆုံးပဲ ဒါပေမယ့် ချူးရှောင်းလည်း မဆိုးပါဘူး”

လင်းဟုန်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

“သူဌေးယွမ်ကပဲ အကောင်းဆုံး

'ကြက်ပြုတ်ရည်' ကိုတောင် သနားပြီး မွေးထားတာလေ,

အရမ်းစိတ်ကောင်းရှိတယ်”

မိန်းကလေးတွေကတော့ အရာရာကို အမျိုးမျိုးသော ရှု့ထောင့်ကနေ ကြည့်တတ်ကြသည်။

“ချူးရှောင်း လည်း မဆိုးပါဘူး”

ယွမ်ကျိုး က ဟင်းပန်းကန်ကို စားပွဲပေါ်တင်လိုက်ရင်း ပြောလိုက်သည်။

ယွမ်ကျိုး အပိုင်း (၄၆၈)

ပြီးပါပြီ။

All Chapters