← Chapters

ဘိုးဘေးနှင့်ဆုံတွေ့သည့် သားမြေးများကဲ့သို့

Vol. 32 Ch. 443

ဘိုးဘေးနှင့်ဆုံတွေ့သည့် သားမြေးများကဲ့သို့

Vol. 32 Ch. 443

အခန်း (၄၄၃) ဘိုးဘေးနှင့်ဆုံတွေ့သည့် သားမြေးများကဲ့သို့

ရန်ကျောက်ကဲ ထိပ်သီးသိုင်းဂိုဏ်း (၃) ဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်နေချိန် နဂါးစိမ်းတောင်မှလူများ အနီးပတ်ဝန်းကျင်သို့ ရောက်ရှိလာကြသည်။

သွေးနီတိမ်တိုက်များ ၊ ခရမ်းရောင်မိုးကြိုးတိမ်တိုက်များနှင့် မီးပင်လယ်တို့ ပေါင်းစည်းထားသော ကောင်းကင်ထက်မှ အဖျက်စွမ်းအားကြီးကို တွေ့မြင်ရသည့်အခါ နဂါးစိမ်းတေင်မှလူများ ရင်ထဲ‌လေးလံသွားကြသည်။ ထိုအဖျက်စွမ်းအားကြီးက ကမ္ဘာကိုဝါးမျိုတော့မည့်အလား ပြင်းထန်လွန်းလှ၏။

ဤစွမ်းအားက နဂါးစိမ်းတောင်ဂိုဏ်းကို ဖျက်ဆီးရန် လုံလောက်သော စွမ်းအားတစ်ခုဖြစ်၏။

ရန်သူများ၏စွမ်းအားကို အကဲခတ်ရုံဖြင့်ပင် ဤတိုက်ခိုက်မှုက နဂါးစိမ်းတောင် စတင်တည်ထောင်ပြီးကတည်းက အကြီးမားဆုံးရင်ဆိုင်ရသော တိုက်ပွဲတစ်ခုဖြစ်ကြောင်း လော့ကျင်းဟောင်နှင့် အခြားအကြီးအကဲများ ရိပ်မိလိုက်ကြသည်။

လော့ကျင်းဟောင်က နဂါးစိမ်းတောင်ဂိုဏ်း၏ အထွတ်ထိပ်ရတနာပစ္စည်းဖြစ်သော “နဂါးရိုးဆက်” ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ ဤ သေမင်းတမန်တိုက်ပွဲတွင် သူက အသက်စွန့်ရန် ဆုံးဖြတ်ထားပြီးသားပင်။

အကြီးအကဲ’ချီ’ ၊ အကြီးအကဲ’ထုန်’ နှင့် အခြားသူများမှာလည်း မြင်ကွင်းကိုကြည့်ရင်း မချိတင်ကဲ ဖြစ်သွားရသည်။

သူတို့အားလုံး ကြေကွဲဖွယ်ရာ ခံစားချက်များနှင့် ပြည့်နက်နေကြချိန် ရန်ကျောက်၏ဓားချက်က လေထုကိုထိုးခွင်းပြီး မီးတောက်ဂိုဏ်းချုပ်အား နောက်ဆုတ်သွားစေသောမြင်ကွင်းကို တွေ့မြင်လိုက်ရသည်။

နဂါးစိမ်းတောင်ဂိုဏ်းမှလူများ ကြေကွဲဝမ်းနည်းစိတ်များ လွင့်ပြယ်သွားပြီး ကောင်းကင်ထက်မှတိုက်ပွဲကို မရေရာသည့်ခံစားချက်များဖြင့် လှမ်းကြည့်လိုက်ကြ၏။

ရန်ကျောက်ကဲထံမှ စွမ်းအားကြီးမားလှသော နဂါးချီစွမ်းအားနှင့် သွေးစွမ်းအားများကို ခံစားလိုက်ရသည့်အခါ သူတို့အားလုံး အလွန်အမင်း အံ့အားသင့်သွားရသည်။

“နဂါးအစစ်လား... ဘုရားရေ... အဲဒါ တကယ့်နဂါးအစစ်ပဲ”

အကြီးအကဲ’ထုန်’ က ထိတ်လန့်စွာ အော်ဟစ်လိုက်၏။

အကြီးအကဲ’ထုန်’ ထိုသို့ တုန်လှုပ်သွားကြီးကို မည်သူမှ မကဲ့ရဲ့ခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော ဤနေရာတွင် ရှိနေသော နဂါးစိမ်းတောင်မှ သိုင်းသမားများအားလုံး မျက်လုံးများပြူးကျယ်လျှက် စကားမပြောနိုင်ဘဲ ဆွံ့နေကြသောကြောင့်ပင်။ သူတို့က ရန်ကျောက်ကဲပတ်ပတ်လည်တွင် လှည့်ပတ်နေသော ရေခဲနဂါးပုံရိပ်များကို မှင်တက်စွာဖြင့် ငေးကြည့်နေကြသည်။

သွေးနီတိမ်တိုက်ဂိုဏ်း ၊ မိုးကြိုးဂိုဏ်းနှင့် မီးတောက်ဂိုဏ်းတို့ထက် နဂါးစိမ်းတောင်ဂိုဏ်းက နဂါးအစစ်၏သွေးစွမ်းအားကို ပိုမိုနက်ရှိုင်းစွာ ခံစားကြရသည်။

အပြာရောင်ငှက် ၊ သွေးနှောမီးခြူးနှင့် မီးကျီးကန်းတို့ကို နဂါးအစစ်က အပြည့်အဝ အနိုင်ယူနိုင်သော်လည်း ထိုသတ္တဝါများက နဂါးအစစ်နှင့် မျိုးနွယ်တူညီခြင်း မရှိပေ။

နဂါးစိမ်းတောင်ဂိုဏ်းမှသိုင်းသမားများကျင့်ကြံသော ထိပ်တန်းအဆင့်သွေးစွမ်းအားမှာ ‘အစိမ်းရောင်အကြေးခွံနဂါး’ ဖြစ်သည်။ နဂါးအစစ်မဟုတ်သော်လည်း နဂါးမျိုးနွယ်ဖြစ်သည်သာပင်။

ထို့ကြောင့် ယခု နဂါးအစစ်အမှန်၏ သွေးစွမ်းအားဖြင့် ရင်ဆိုင်ရသည့်အခါ သူတို့အားလုံး အလိုလိုနေရင်း ဒူးထောက်ခစားချင်စိတ်များ ဖြစ်ပေါ်လာကြရသည်။

တစ်နည်းဆိုရသော် ဘိုးဘေးများနှင့် ဆုံတွေ့ရသော သားမြေးများပမာ ဖြစ်ပေ၏။

ဘိုးဘေးများက အားနည်းနေပြီး သားမြေးများက အလွန်အစွမ်းထက်နေပါက ပြဿနာမရှိပေ။

သို့သော် သူတို့ရှေ့မှ နဂါးသွေးအစစ်သည် ခပ်ပေါ့ပေါ့မဟုတ်ဘဲ အလွန်တရာစွမ်းအားပြင်းထန်လေရာ အစိမ်းရောင်အကြေးခွံနဂါးသွေးဖြင့် ကျင့်ကြံထားသော လော့ကျင်းဟောင်နှင့် အခြားသူများမှာ မည်သို့မှ မယှဉ်နိုင်အောင် ရှိရသည်။

နဂါးစိမ်းတောင်ဂိုဏ်းချုပ် လော့ကျင်းဟောင်မှာ စိတ်တည်ငြိမ်နိုင်ခြင်းမရှိတော့ဘဲ...

“နဂါးအစစ်သွေး... နဂါးအစစ်သွေး..”

ဟု ရေရွတ်နေလေ၏။

မီးတောက်ဂိုဏ်းက ‘မီးတောက်နတ်ဆိုးလူသတ်အစီအရင်ကြီး’ ကို ထုတ်ဖော်လိုက်တော့မှ နဂါးအစစ်သွေးစွမ်းအားကြောင့် အလွန်တရာ တုန်လှုပ်အံ့သြနေကြသော လော့ကျင်းဟောင်နှင့် အခြားအကြီးအကဲများ သတိပြန်ဝင်လာကြသည်။

သူတို့အားလုံး၏မျက်နှာများ တည်ကြည်လေးနက်သွားကြသည်။

“မီးတောက်နတ်ဆိုးလူသတ်အစီအရင်ကြီးက လက်ရှိ မျောလွင့်ဝိညာဉ်ကမ္ဘာမှ စွမ်းအားအမြင့်မားဆုံး တိုက်ပွဲအစီအရင်ပဲ ၊ အဲဒီအစီအရင်ကြီးက ငါတို့ဂိုဏ်းရဲ့ မဟာနဂါးအစီအရင်ကြီးအပြင် မိုးကြိုးဂိုဏ်းက မိုးကြိုးမီးခြူးအစီအရင်ကြီးနဲ့ သွေးနီတိမ်တိုက်ဂိုဏ်းက အပြာရောင်ငှက်ကောင်းကင်အစီအရင်ကြီးထက်လည်း သာလွန်တယ်”

“ငါတို့ဂိုဏ်းအနေနဲ့ အဲဒါကို ရင်ဆိုင်ဖို့ ‘နဂါးအရိုးဆက်’ ရဲ့ စွမ်းအားကို အသုံးပြုမှဖြစ်မယ်”

လော့ကျင်းဟောင်တွေးနေစဉ်မှာပင် ရန်ကျောက်ကဲက ‘အစိမ်းရောင်ချောက်နက်ဓား’ ကို ဝှေ့ယမ်းရင်း မီးကျီးကန်းများ နောက်ဆုတ်သွားအောင် ဖိအားပေးတိုက်ခိုက်လိုက်သည်ကို တွေ့ရသည်။ အစိမ်းရောင်ဓားအလင်းတန်း ထွက်ပေါ်လာသည်နှင့် အစီအရင်ပြန်လည်တည်ဆောက်မှုမှာ ခွေးများခုန်နေသလို ၊ ကြက်များပျံထွက်သွားသလို ပရမ်းပတာ ဖြစ်ကုန်သည်ပင်။

ဒါကိုမြင်တော့ နဂါးစိမ်းတောင်ဂိုဏ်းမှလူအများ ဆွံ့အသွားကြသည်။

ထိပ်သီးသိုင်းဂိုဏ်းကြီး (၃) ဂိုဏ်းသည်လည်း ရန်ကျောက်ကဲ မည်မျှစွမ်းအားကြီးမားသည်ကို သိရှိသွားကြပြီဖြစ်ရာ တစ်ဦးချင်းမလှုပ်ရှားတော့ဘဲ ပူးပေါင်းတိုက်ခိုက်ရန် စတင်ပြင်ဆင်ကြသည်။

လော့ကျင်းဟောင်နှင့် အခြားသူများ မှင်တက်သွားကြသည်။ လက်ရှိအခြေအနေက သူတို့အတွက် အစိုးရိမ်ရဆုံးအနေအထားဟု ဆိုနိုင်သည်။

ဂိုဏ်း (၃) ဂိုဏ်းစုပေါင်းစွမ်းအားဆိုသည်က ကပ်ဘေးကြီးပမာ ပြင်းထန်လွန်းပြီး ၊ မျောလွင့်ဝိညာဉ်ကမ္ဘာတွင် ထိုစွမ်းအားကိုခုခံနိုင်သူ တစ်ဦးတစ်ယောက်မှ မရှိပေ။ အရာအားလုံးကို ပျက်သုဉ်းသွားစေမည် ဖြစ်သည်။

ရန်ကျောက်ကဲ၏စွမ်းအားက မည်မျှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပါစေ ဂိုဏ်း (၃) ဂိုဏ်း စုပေါင်းစွမ်းအားကိုတော့ တစ်ယောက်တည်း ရင်ဆိုင်ရန်မှာ... ဖြစ်နိုင်ပါမည်လား။

သူတို့အားလုံး တစ်ဝက်တစ်ပျက် စိတ်ပျက်သွားကြစဉ် ရန်ကျောက်ကဲ ခန္ဓာကိုယ်ထက်မှ ထူးဆန်းသော ငွေဖြူရောင်လျှပ်စီးတစ်ချက် လင်းလက်သွားသည်။

လျှပ်စီးလက်သွားပြီးနောက် အမှောင်ရိပ်တစ်ခု ဖြစ်တည်လာပြီး မိုးကြိုးဂိုဏ်း၏ မိုးကြိုးမီးခြူးအစီအရင်ကြီးမှ မီးခြုးပုံရိပ်ကြီးကို ချက်ချင်းပင် ဝါးမြိုသွားသည်။

သွေးနီတိမ်တိုက်ဂိုဏ်း၏ အပြာရောင်ငှက်ကောင်းကင်အစီအရင်ကြီးမှာလည်း နဂါးတစ်ကောင်ပမာ အရှိန်အဟုန်ပြင်းထန်လွန်း‌သော ဓားဝိညာဉ်အောက်တွင် အပိုင်းပိုင်းအက်ကွဲသွားသည်။

နဂါးအသွင်ဓားဝိညာဉ်က အပြာရောင်ငှက်ပုံရိပ်ကို ထက်ပိုင်းခွဲလိုက်ပြီး သွေးနီတိမ်တိုက်ဂိုဏ်း၏ အထွတ်ထိပ်ရတနာပစ္စည်းဖြစ်သော အနီရောင်ဘူးသီးခြောက်မှ ထွက်ပေါ်လာသော ဝဲဂယက်ကြီးကိုပါ ဖျက်ဆီးပစ်လိုက်သည်။

ဓားအလင်းတန်း ထပ်မံတောက်ပလာချိန်မှာတော့ အနီရောင်ဘူးသီးခြောက်သည်လည်း နှစ်ပိုင်းကွဲသွားခဲ့ပေပြီ။

လော့ကျင်းဟန်နှင့် အခြားသူများမှာ လျှာကိုက်မိလုမတတ် ဖြစ်သွားရသည်။

အနီရောင်ဘူးသီးခြောက်ဆိုသည်က သွေးနီတိမ်တိုက်ဂိုဏ်း အလွန်တရာတန်ဖိုးထားသော အထွတ်ထိပ်ရတနာပစ္စည်းဖြစ်သည်။ သူတို့ နဂါးစိမ်းတောင်ဂိုဏ်းမှ နဂါးအရိုးဆက်ကဲ့သို့ပင် ဖြစ်၏။

မျောလွင့်ဝိညာဉ်ကမ္ဘာတွင် ပထမတန်းစားသွေးစွမ်းအား (၅)မျိုးပေးစွမ်းသော မိစ္ဆာသားရဲကြီးများတွင် -

အစိမ်းရောင်အကြေးခွံနဂါးက သေဆုံးသွားပြီးဖြစ်ပြီး နဂါးစိမ်းတောင်က ထိုနဂါးကြီးကျန်ရစ်ခဲ့သော သွေးစွမ်းအားအနှစ်သာရများဖြင့် ဆက်လက်ကျင့်ကြံနေခြင်း ဖြစ်သည်။

အခြားသော သားရဲများဖြစ်သည့် ရွှေမျောက်ဝံ ၊ အပြာရောင်ငှက် ၊ သွေးနှောမီးခြူးနှင့် မီးကျီးကန်းတို့ကတော့ ဤကမ္ဘာတွင် သက်ရှိထင်ရှား ရှိနေဆဲပင်။

ဤ မိစ္ဆာသားရဲ (၄)ကောင်မှာ မျောလွင့်ဝိညာဉ်ကမ္ဘာကို လွှမ်းမိုးထားသော သားရဲဘုရင်များအဖြစ် သတ်မှတ်နိုင်သည်။

ထိုသားရဲများတွင် သွေးနှောမီးခြူးကလည်း မိုးကြိုးဂိုဏ်းနှင့် ရန်ငြိုးရှိသလို မီးကျီးကန်းသည်လည်း မီးတောက်ဂိုဏ်းနှင့် အဆင်မပြေကြပေ။

သွေးနီတိမ်တိုက်ဂိုဏ်းတစ်ဂိုဏ်းသာလျှင် သူတို့ သွေးစွမ်းအားရယူထားသည့် အပြာရောင်ငှက်နှင့် အတော်လေးကောင်းမွန်သော ဆက်ဆံရေး ရှိလေသည်။

အပြာရောင်ငှက်က သွေးနီတိမ်တိုက်ဂိုဏ်းမှာပင် နှစ်ရှည်လများနေထိုင်ခဲ့ပြီး ဂိုဏ်းက သူ့ကို မွေးမြူထားသည်။ သွေးနီတိမ်တိုက်ဂိုဏ်းကိစ္စများတွင် ထိုသားရဲက ဝင်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း ဂိုဏ်းအနေဖြင့် ခြိမ်းခြောက်မှုတစ်စုံတစ်ရာ ရင်ဆိုင်ရပါက ကူညီပေးလေ့ရှိသည်။

ထို့ကြောင့် သွေးနီတိမ်တိုက်ဂိုဏ်းကို တိုက်ခိုက်ချင်သည်ဆိုလျှင် မျောလွင့်ဝိညာဉ်ကမ္ဘာ၏ အထွတ်ထိပ်သားရဲတစ်ကောင်ဖြစ်သော အပြာရောင်ငှက်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။

သွေးနီတိမ်တိုက်ဂိုဏ်းတွင် အပြာရောင်ငှက် နေထိုင်ရသည့်အကြောင်းရင်းမှာ အပြာရောင်ငှက်ကိုယ်တိုင်ကလည်း ယဉ်ပါးသောစိတ်နေစိတ်ထားရှိသည့်အပြင် သွေးနီတိမ်တိုက်ဂိုဏ်းကလည်း ထိုငှက်သားရဲကို အနီရောင်ဘူးသီးခြောက်မှ စွမ်းအားများကို ကျွေးမွေးလျှက် စောင့်ရှောက်ထားသောကြောင့် ဖြစ်သည်။

အပြာရောင်ဂိုဏ်း၏ သွေးစွမ်းအားကို ရယူထားပါလျှက် ဂိုဏ်းနာမည်က အပြာရောင်ငှက်အမည်ဖြင့်မဟုတ်ဘဲ အဘယ့်ကြောင့် ‘သွေးနီတိမ်တိုက်ဂိုဏ်း’ ဖြစ်နေရပါသနည်းဟု မေးစရာရှိသည်။

အကြောင်းရင်းကတော့ သွေးနီတိမ်တိုက်များကို ဖန်ဆင်းပေးနိုင်သော အနီရောင်ဘူးသီးခြောက်၏ အရေးပါမှုကိုပြသရန် ‘သွေးနီတိမ်တိုက်ဂိုဏ်း’ ဟု အမည်ပေးခဲ့ကြခြင်းပင်။

အနီရောင်ဘူးသီးခြောက် နှစ်ခြမ်းကွဲသွားသည်ကိုကြည့်ရင်း အကြီးအကဲ’ချီ’ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားသည်။

“အနီရောင်ဘူးသီးခြောက်က တခြားကျင့်ကြံသူတွေနဲ့ မိစ္ဆာသားရဲတွေရဲ့ သွေးစွမ်းအားအနှစ်သာရကို တွန်းလှန်နိုင်စွမ်းရှိတယ် ၊ တစ်ခါတစ်ရံ သူတို့ရဲ့သွေးတွေကိုတောင် သန့်စင်ပစ်နိုင်စွမ်းရှိတယ် ၊ ဒီလောက်အစွမ်းထက်တဲ့ ရတနာပစ္စည်းက.... အခုတော့... တကယ်ပဲ...”

နဂါးစိမ်းတောင်၏ ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်သော အကြီးအကဲ’ချီ’ အနေဖြင့် သွေးနီတိမ်တိုက်ဂိုဏ်း၏ အနီရောင်ဘူးသီးခြောက်ပျက်စီးသွားစေချင်သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

ထိုဘူးသီးခြောက်ပျက်ဆီးသွားပါက သွေးနီတိမ်တိုက်ဂိုဏ်း၏ အတောင်ပံတစ်ဖက် ကျိုးသွားသည်နှင့် အတူတူပင် ဖြစ်လေသည်။

ပြီးတော့ သွေးနီတိမ်တိုက်ဂိုဏ်းနှင့်ပူးပေါင်းပြီး အနောက်ဘက်ဒေသကို အတူတကွ လာရောက်တိုက်ခိုက်ကြသော မိုးကြိုးဂိုဏ်းနှင့် မီးတောက်ဂိုဏ်းသည်လည်း စိတ်ထဲမှကြိတ်ကာ ထိုအနီရောင်ဘူးသီးခြောက်ကိုကို ပျက်ဆီးစေချင်နေသူများ ဖြစ်၏။

ယခု သူတို့အားလုံး၏အိပ်မက်များ မျက်စိရှေ့တွင် အမှန်တကယ်ဖြစ်လာသည့်တိုင် လူတိုင်းယုံကြည်ရန် အလွန်ခက်ခဲနေကြသည်။

မျောလွင့်ဝိညာဉ်ကမ္ဘာ၏ အကြီးမြတ်ဆုံးရတနာပစ္စည်းများထဲမှ တစ်ခုဖြစ်သော အနီရောင်ဘူးသီးခြောက်ကို လူပေါင်းများစွာက အရိုးထဲထိအောင် မုန်းတီးသလို လိုချင်မက်မောစိတ်လည်း ရှိကြသည်။ ယခုတော့ ရန်ကျောက်ကဲလက်ချက်ဖြင့် ဤမျှလွယ်ကူစွာ ပျက်ဆီးသွားခဲ့လေပြီလား။

အကြီးအကဲ’ချီ’ များစွာ စိတ်ပျက် စိတ်ဓာတ်ကျသွားရသည်။

လော့ကျင်းဟောင်သည်လည်း ထို့အတူပင်။

နဂါးစိမ်းတောင်ဂိုဏ်းမှ လူများအားလုံး ထိုသို့နှယ်ပင် ခံစားနေကြရသည်။

ရန်ကျောက်ကဲက ‘မီးတောက်နတ်ဆိုးလူသတ်အစီအရင်ကြီး’ ကို မြားချက်တစ်ချက်ဖြင့် ဖြိုခွင်းပြီးနောက် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကိုအသုံးပြုလျှက် ထိုအစီအရင်ကြီးကို အပြီးသတ်ကြေမွစေလိုက်ရာ လော့ကျင်းဟောင်နှင့် အခြားသူများမှာ အံ့အားသင့်သလို စိတ်ဓာတ်လည်းကျရင်း ထုံပေပေပင် ဖြစ်သွားရသည်။

ကြည့်နေသူများပင် ဤသို့ခံစားရသည်ဆိုလျှင် ရန်ကျောက်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်နေရသော ထိပ်သီးသိုင်းဂိုဏ်း (၃) ဂိုဏ်း မည်သို့ခံစားနေရမည်လဲ ပြောနေစရာပင် မလိုပေ။

မိုးကြိုးဂိုဏ်းချုပ်သည် ပြင်းထန်သောရုန်းကန်မှုဖြင့် ကြိမ်ဖန်များစွာ စဉ်းစားနေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ကျောက်ပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်။

ထို့နောက်သူက ကျောက်ပြားထက်သို့ သွေးစွမ်းအားအနှစ်သာရတစ်ပွက်ကို အန်ချလိုက်၏။

ကျောက်ပြားက တုန်ခါလာပြီး အလယ်တည့်တည့်မှ ကွဲထွက်သွားသည်။ ထို့နောက် ကျောက်ပြားအတွင်းမှ အလွန်တရာပြင်းထန်သော မိုးကြိုးစွမ်းအားများ ထွက်ပေါ်လာပြီး အနီးပတ်ဝန်းကျင်တစ်ခုလုံး ကွင်းဆက်ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။

မိုးခြိမ်းသံနှင့် လျှပ်စီးရောင်များကြားတွင် ကြက်ဥအရွယ်ခန့်ရှိသော ခရမ်းရောင်အလုံးအဝန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအရာက ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

“မင်းက ငါ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးတာပဲ”

မိုးကြိုးဂိုဏ်းချုပ်က ကြုံးဝါးလိုက်ပြီး ထိုခရမ်းရောင်အလုံးအဝန်းထက်သို့ သွေးအနှစ်သာရတစ်ပွက်ကို ထပ်မံအန်ထုတ်လိုက်သည်။

ထိုခရမ်းရောင်အလုံးအဝန်းမှ အဆုံးမဲ့မိုးကြိုးစွမ်းအားများထွက်ပေါ်နေပြီး တစ်ခဏအတွင်း ကြောက်မက်ဖွယ်ရာ ပြင်းထန်လာကာ ပေါက်ကွဲထွက်တော့မည့်အလား ထင်မှတ်ရသည်။

ဒါကိုတွေ့တော့ မိုးကြိုးဂိုဏ်းချုပ်က ချက်ချင်းနောက်ဆုတ်သွားသည်။

ထိုရတနာပစ္စည်း၏စွမ်းအားကို သူ ထိန်းချုပ်နိုင်ခြင်း မရှိပေ။

ထို့ကြောင့် သူက ဤကျောက်ပြားကို ဘယ်သောအခါမှ အသုံးပြုရန် ဆန္ဒမရှိခဲ့သောလည်း ယခုတော့ ရန်ကျောက်ကဲကိုအနိုင်ယူရန် အတင်းအကျပ် ဖိအားပေး အသုံပြုခဲ့ရသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

“မမျှော်လင့်ဘဲ ငါတော့ အမြတ်ထွက်ပြီ... ဟားဟား... မင်းကို ကျေးဇူးတင်ရမယ်”

ထို့နောက် ရန်ကျောက်ကဲ၏ညာဘက်မျက်ဝန်းမှ ခရမ်းရောင်လျှပ်စီးတစ်ချက် လင်းလက်သွားပြီး ခရမ်းရောင်စက်ဝန်းတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် မိုးကြိုးဂိုဏ်းချုပ်နှင့် ရန်သူများအားလုံး၏ မျက်စိရှေ့မှာပင် မိုးကြိုးကျောက်ပြားအတွင်းမှ ထွက်ပေါ်လာသော ခရမ်းရောင်အလုံးအဝန်းသည် မိဘနှင့်ပြန်ဆုံသည့် ကလေးငယ်တစ်ယောက်ပမာ  သေဝပ်စွာဖြင့် ရန်ကျောက်ကဲထံသို့ ပျံသန်းထွက်ခွာသွားလေသည်။

ကျောက်ပြားအတွင်းမှ ကြက်ဥအရွယ် ခရမ်းရောင်အလုံးအဝန်းသည် ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးအတွင်းမှ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစနှင့် ပေါင်းစပ်သွားပြီး ပိုမိုကြီးမားသော စက်ဝန်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိုမြင်ကွင်းကြောင့် မိုးကြိုးဂိုဏ်းချုပ်မှာ မိုက်ကနဲဖြစ်သွားပြီး လေထဲမှမြေပြင်ပေါ်သို့ ပြုတ်ကျတော့မည့်ပမာ ဖြစ်သွားရတော့၏။

All Chapters