အခန်း (၄၇၅-၄၇၆)
Vol. 38 Ch. 475-476
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၄၇၅)
ချူးရှောင်နှင့် ယွမ်ကျိုးတို့၏ ငြင်းခုံမှုမှာ ယန်ဒါအပေါ်၌ သက်ရောက်မှု လုံးဝမရှိပေ။ သူသည် ယွမ်ကျိုး၏ လှုပ်ရှားမှုများကိုသာ အာရုံအပြည့်ဖြင့် ဆက်လက်စောင့်ကြည့်နေခဲ့သည်။ သူ့အတွက် အချိန်သိပ်မကျန်တော့သဖြင့် သူပြင်ဆင်ထားသော အံ့အားသင့်စရာ အစီအစဉ်အတွက် အဆင်သင့်ဖြစ်ရန် လိုအပ်နေသည်။
ယန်ဒါသည် ယနေ့ ဆိုင်သို့ အနည်းငယ် နောက်ကျမှ ရောက်လာခဲ့ခြင်း ဖြစ်သည်။ မကြာမီမှာပင် ယွမ်ကျိုးက ထုံးစံအတိုင်း နေ့စဉ်စီရင်ချက်ကို ထုတ်ပြန်လိုက်တော့သည်။
"နေ့လယ်စာစားချိန် ပြီးဆုံးပါပြီ။ ညနေကျမှ အားလုံးနဲ့ ပြန်တွေ့ကြပါမယ်"
ယွမ်ကျိုးသည် ကျောကို မတ်မတ်ထားကာ ရပ်နေသည်။ သူသည် ကြာပန်းပုံစံများပါသော ဟန်တရုတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လန်းဆန်းသန့်ရှင်းသော ဆံပင်ပုံစံနှင့် ဖြစ်သည်။ သူ၏မျက်နှာမှာ အမြဲတမ်း တည်ကြည်လေးနက်နေတတ်ပြီး သူ၏ရည်းစား ပြောခဲ့ဖူးသည့် "ဆွဲဆောင်မှုရှိသော မင်းသားလေး" ကဲ့သို့ပင် ဖြစ်နေသည်။
ယန်ဒါသည် ယွမ်ကျိုးကို ပထမဆုံး မြင်တွေ့ခဲ့စဉ်ကတည်းက ဤကဲ့သို့ပင် အထင်ကြီးခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ယန်ဒါသည် ယွမ်ကျိုး၏ အသွင်အပြင်နှင့် လုပ်ဆောင်ချက်များကိုပါ အတုယူရန်အတွက် အသေးစိတ် လေ့လာစောင့်ကြည့်နေခဲ့သည်။
"နှုတ်ဆက်ပါတယ်" အခြားသူများကဲ့သို့ပင် ယန်ဒါသည်လည်း ယွမ်ကျိုးကို နှုတ်ဆက်ကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။
ယန်ဒါသည် ဆိုင်ပြင်သို့ရောက်၍ လျှပ်စစ်စက်ဘီးပေါ် တက်လိုက်စဉ်မှာပင် ဖုန်းမြည်လာသည်။
"ဟယ်လို... မစ္စတာယန်ဒါလားခင်ဗျာ။ ခင်ဗျားဆီကို ပါဆယ်တစ်ခု ရောက်နေလို့ပါ၊ လက်မှတ်ထိုးပေးပါဦး" တစ်ဖက်မှ ပို့ဆောင်ရေးသမား၏ အသံ ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့... ကျွန်တော် ယန်ဒါပါ။ ခင်ဗျား ဘယ်နားမှာလဲ" ယန်ဒါက မေးလိုက်သည်။
"ကျွန်တော် အခု ဖန်လင်း ရပ်ကွက်ရဲ့ ဝင်ပေါက်မှာ ရောက်နေပါပြီ။ လာယူပေးပါဦး"
"ကောင်းပါပြီ... ငါးမိနစ်အတွင်း ရောက်အောင်လာခဲ့မယ်။ ခဏလောက် စောင့်ဦးနော်" ယန်ဒါက ယဉ်ကျေးစွာ ပြန်ဖြေပြီးနောက် ဖုန်းချလိုက်သည်။
သူသည် စက်ဘီးကို ပါဝါဖွင့်ကာ တည့်တည့်မောင်းထွက်သွားရင်း ကျေနပ်စွာ ရေရွတ်လိုက်သည်။
"နောက်ဆုံးတော့ ရောက်လာပြီပဲ။ ဒီနေ့တော့ ငါ့အစီအစဉ် အောင်မြင်တော့မယ် ထင်တယ်"
စက်ဘီးစီးရင်း လမ်းဆုံတစ်ခုတွင် မီးနီမိနေစဉ် ယန်ဒါသည် သူ၏လုပ်ဖော်ကိုင်ဖက်ထံသို့ ဖုန်းခေါ်ဆိုရန် သတိရသွားသည်။
"ဘီပ်... ဘီပ်..."
"ဘာကိစ္စလဲ အစ်ကိုယန်" တစ်ဖက်မှ ထက်မြက်ပြီး ရိုးသားသော အမျိုးသားအသံ ထွက်ပေါ်လာသည်။
"ဒီနေ့ နေ့လယ်နဲ့ ညနေပိုင်း အလုပ်မဆင်းနိုင်တော့ဘူး။ အဲဒါ ခွင့်ယူဖို့ ဖုန်းဆက်တာ"ယန်ဒါက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"အရေးပေါ်ကိစ္စ ရှိလို့လား။ မကြာသေးခင်ကမှ ကျွန်တော်တို့ဆီမှာ အလုပ်တွေ အရမ်းများနေတာလေ" တစ်ဖက်မှလူက တွန့်ဆုတ်စွာ ပြောသည်။
"တောင်းပန်ပါတယ်... ဒါက တကယ်ကို အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာကိစ္စမို့ပါ။ ကျန်တာတွေကို မင်းကိုပဲ ဒုက္ခပေးရတော့မယ်"
"ဒီနေ့ တစ်ရက်တည်း မဟုတ်လား။ ဒါပေမဲ့ ဒီလိုဆိုရင်တော့ ဒီလအတွက် ရက်ပြည့်ဘောနပ်စ်ရမှာ မဟုတ်တော့ဘူးနော်။ မင်းလည်း သိတဲ့အတိုင်း လူတိုင်းကို စည်းကမ်းအတိုင်းပဲ ပေးရမှာမို့လို့" တစ်ဖက်မှလူက ခဏတိတ်သွားပြီးမှ ပြောလာသည်။
"အိုကေ... ပြဿနာမရှိဘူး" ယန်ဒါသည် နှမြောသဖြင့် မျက်ခုံးများကို တင်းတင်းစေ့လိုက်မိသော်လည်း သူ၏ဆုံးဖြတ်ချက်ကိုတော့ မပြင်ခဲ့ပေ။
"ကောင်းပြီ... အလုပ်တွေ ရှုပ်နေဦးမယ် အစ်ကိုယန်" တစ်ဖက်မှလူက ပြောပြီးနောက်ဖုန်းချသွားသည်။
"နှုတ်ဆက်ပါတယ်..."စကားလုံးမှာ ယန်ဒါ၏ လည်ချောင်းထဲတွင်ပင် ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့သည်။
"ဒီကောင်ကတော့ အခုထိ ဒီအတိုင်းပဲ"ယန်ဒါက ရှက်ပြုံးလေးဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ထိုအချိန်တွင် မီးပွိုင့်မှာ အနီမှ အစိမ်းသို့ ပြောင်းလဲသွားရာ ယန်ဒါသည် သူတို့နေထိုင်ရာ ရပ်ကွက်သို့ စက်ဘီးကို ပြန်လည်မောင်းနှင်လာခဲ့သည်။
*ကျွီ...* ယန်ဒါ စက်ဘီးကို ရပ်လိုက်သည်။ အဝေးမှပင် ပို့ဆောင်ရေးဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ရပ်ကွက်ဝင်ပေါက်တွင် ရပ်နေသည်ကို သူ မြင်လိုက်ရသည်။
"မင်္ဂလာပါ... ယန်ဒါရဲ့ပစ္စည်းကို လက်ခံဖို့လာတာပါ" ယန်ဒါက လျှောက်သွားပြီး တိုက်ရိုက်ပြောလိုက်သည်။
"ဒီမှာပါ... ပျက်စီးမှု ရှိ၊ မရှိ စစ်ဆေးပေးပါဦး" ပို့ဆောင်ရေးသမားက ယန်ဒါကို သေချာကြည့်ကာ အတည်ပြုပြီးနောက် ကတ်ထူပုံးတစ်ပုံး ထုတ်ပေးလိုက်သည်။
ယန်ဒါသည် ပုံးကိုယူကာ စစ်ဆေးကြည့်ပြီးနောက် ဘာမှပျက်စီးနေခြင်း မရှိသည်ကို တွေ့မှ စိတ်အေးသွားတော့သည်။ ၎င်းမှာ Taobao မှ မှာယူထားသော ကြွေထည်ပစ္စည်းများ ဖြစ်သဖြင့် သူက ပို၍ ဂရုတစိုက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
သို့သော် ယန်ဒါသည် ပါဆယ်ကို ရရှိပြီးနောက် ချက်ချင်းပြန်မသွားဘဲ ဈေးသို့ဦးတည်ကာ ဟင်းသီးဟင်းရွက်များ ဝယ်ယူရန် ထွက်ခွာခဲ့ပြန်သည်။
"အခု အစောကြီး ရှိသေးတာပဲ... စောစောပြင်ဆင်ထားတာ အကောင်းဆုံးပဲ"သူက အချိန်ကိုကြည့်ကာ တွေးလိုက်သည်။ သူက ရှောင်လျို အလုပ်မှ ဆင်းလာချိန်တွင် အဆင်သင့် ဖြစ်နေစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
အိမ်သို့ ပြန်ရောက်သောအခါ ယန်ဒါသည် ကျဉ်းမြောင်းလှသော မီးဖိုချောင်လေးထဲတွင် ဟင်းသီးဟင်းရွက်များကို ဆေးကြောကာ စတင်ချက်ပြုတ်တော့သည်။
*ပင်း... ပင်း... ပန်... ပန်...* မီးဖိုချောင်လေးမှာ အလွန်သေးငယ်သဖြင့် တစ်ယောက်သာ ဝင်၍ရသည်။ အရပ် ၁.၇၅ မီတာ မြင့်သော ယန်ဒါအတွက် ထိုနေရာမှာ ကျဉ်းကျပ်နေသော်လည်း သူ၏ မျက်နှာပေါ်မှ အပြုံးကတော့ ပျောက်ကွယ်မသွားပေ။
ယန်ဒါသည် မိမိအိမ်တွင် အလုပ်များနေသဖြင့် ယနေ့ညတွင် ယွမ်ကျိုး၏ဆိုင်သို့ မရောက်ဖြစ်ခဲ့ပေ။
"ဒီလူက ဘာလို့ ဒီည မလာတာလဲ" မာစတာချန်က လည်ပင်းကို ဆန့်ပြီး အပြင်ဘက်မှ လူတန်းကြီးကို လှမ်းကြည့်လိုက်သည်။ ယန်ဒါကို မတွေ့ရသဖြင့် သူက တိုးတိုးလေး ရေရွတ်လိုက်မိခြင်း ဖြစ်သည်။
"သူ ဒီလထဲမှာ ဒီကိုလာတာ ၂၃ ရက် ရှိပြီလေ" ယွမ်ကျိုးက အလုပ်လုပ်နေရင်းနှင့်ပင် ဂရုမစိုက်သလို ပြောလိုက်သည်။
"သူဌေးယွမ်... ခင်ဗျား ဒါကိုတောင် မှတ်မိနေတာလား" မာစတာချန်၏ ဝဖြိုးသော မျက်နှာတွင် အံ့ဩမှုများ ပြည့်နှက်သွားသည်။
"စားဖိုမှူးကောင်း တစ်ယောက်ဆိုတာ ပါဝင်ပစ္စည်းတွေကို ကိုင်တွယ်နေရင်းနဲ့တင် သူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာ အားလုံးကိုပါ သတိထားနိုင်ရမယ်" ယွမ်ကျိုးက ခေါင်းမော့မကြည့်ဘဲ မီးဖိုချောင်သုံး ပစ္စည်းများကို စစ်ဆေးရင်း တည်ငြိမ်စွာ ဖြေကြားလိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ" မာစတာချန်က အလေးအနက် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်ပါတော့သည်။
"ဒါဆို မင်း ဘာမြင်လိုက်ရသလဲ" ယွမ်ကျိုးက ခေါင်းလှည့်ပြီး မာစတာချန်ကို လှမ်းမေးလိုက်သည်။
"သူ ဒီတစ်ခါတော့ တကယ့်ချက်ပြုတ်နည်းထက် ပန်းကန်ပြား အလှဆင်နည်းကိုပဲ အာရုံစိုက်ပြီး သင်ယူနေတာလို့ ကျွန်တော် ထင်တယ်" မာစတာချန်က ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"အင်း" ယွမ်ကျိုးက ခေါင်းညိတ်လိုက်သော်လည်း သူပြောသည်မှာ မှန်သည်၊ မှားသည်ကိုတော့ မှတ်ချက်မပေးခဲ့ပေ။ ထိုအခါမှ မာစတာချန်သည် ယွမ်ကျိုး၏ စကားကို လေးနက်စွာ ပြန်လည်စဉ်းစား ဆင်ခြင်နေတော့သည်။
ယွမ်ကျိုးကိုယ်တိုင်လည်း သူ၏ သင်ကြားပြသမှု စွမ်းရည်မှာ ပိုမိုတိုးတက်လာသည် ခံစားရပြီး
"ငါကတော့ ပိုပြီး ကျွမ်းကျင်တဲ့ ဆရာတစ်ယောက်လို ဟန်ဆောင်နိုင်လာပြီ။ တကယ်ဆိုရင် 'ယွမ်ကျိုးချက်ပြုတ်နည်း သင်တန်းကျောင်း' တောင် သီးခြားဖွင့်လို့ ရနေပြီပဲ" ယွမ်ကျိုး စိတ်ထဲမှ ကျေနပ်နေမိသည်။
တစ်ဖက်တွင် ယန်ဒါသည် ယနေ့အတွက် သူပြင်ဆင်ထားသော အံ့အားသင့်စရာကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ သူသည် ယနေ့မွန်းလွဲပိုင်းက သင်ယူလာခဲ့သော ပန်းကန်ပြား အပြင်အဆင်အတိုင်း သူကိုယ်တိုင် ချက်ပြုတ်ထားသော အစားအစာများကို ဂရုတစိုက် ပြင်ဆင်ပြီး သူတို့၏ သစ်သားစားပွဲငယ်လေးပေါ်သို့ သယ်ဆောင်လာခဲ့သည်။
ထိုစားပွဲငယ်မှာ သာမန်သစ်သားစားပွဲလေးသာ ဖြစ်သော်လည်း သူတို့နှစ်ဦး မျက်နှာချင်းဆိုင်ထိုင်ကာ ပျော်ရွှင်စွာ စားသောက်လေ့ရှိသည့် နေရာလေးဖြစ်သည်။ အစားအစာများ၏ ရနံ့က အခန်းငယ်လေးအတွင်း ပျံ့လွင့်နေစဉ်...
*ကျီ.....* တံခါးဖွင့်သံ ထွက်ပေါ်လာသည်။ ယန်ဒါသည် ပြင်ဆင်ထားသော ပန်းကန်များကို အမြန်ဆုံး ဖုံးအုပ်လိုက်ချိန်တွင် ရှောင်လျိုမှာ အခန်းထဲသို့ ဝင်လာခဲ့သည်။
"ဟမ် ယန်ဒါ... ဒီနေ့ ဘာလို့ အစောကြီးပြန်ရောက်နေတာလဲ" ရှောင်လျိုက အံ့အားသင့်စွာ မေးလိုက်သည်။
"လက်မြန်မြန်ဆေးပြီး စားကြရအောင်" ယန်ဒါက သူ့ရည်းစားလေးကို ပြုံးပြရင်း တိုက်တွန်းလိုက်သည်။
"ဝါး... အစားအစာတွေတောင် ပြင်ထားတာလား။ ကျေးဇူးတင်ပါတယ် ကိုကိုယန်" ရှောင်လျိုက စားပွဲကို ကြည့်ပြီး ပျော်ရွှင်သွားသည်။
"ဒါတင်မကသေးဘူး၊ အံ့အားသင့်စရာတစ်ခုလည်း ရှိသေးတယ်" ယန်ဒါက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်ရာ ရှေင်လျိုမှာ စိတ်လှုပ်ရှားစွာဖြင့် လက်ကို အမြန်ဆေးကာ နေရာတွင် ထိုင်ချလိုက်တော့သည်။
"ဘာလို့ အဖုံးတွေ ဖုံးထားတာလဲ... ဘာဟင်းတွေလဲဆိုတာ ကျမကို ပြတော့လေ" ရှောင်လျိုက စပ်စုစွာ မေးလိုက်သည်။
"မင်းကိုယ်တိုင်ပဲ ဖွင့်ကြည့်လိုက်ပါ"
ရှောင်လျိုသည် သူမ၏ လက်ဖြူဖြူလေးများဖြင့် အဖုံးကို ဖယ်ရှားလိုက်သောအခါ စားပွဲပေါ်တွင် ဟင်းလေးမျိုးကို တွေ့လိုက်ရသည်။ ဂျင်လင်းကြော် (Jinling Grass) ၊ ရေညှိဟင်းချို၊ အအေးခံထားသော ကျောက်ပွင့် (Tremella) နှင့် အသားလုံးအချို့ကို ပန်းကန်ပြားကြီးထဲတွင် အလှဆင်ကာ ထည့်ထားသည်။
"ဒါတွေက..." ရှောင်လျို ခဏမျှ မှင်သက်သွားပြီးမှ ယန်ဒါကို မော့ကြည့်လိုက်သည်။
"ဒါက အတိုးပဲ... နောက်တစ်ခါကျရင် အရင်းကို မင်းဆီ ပြန်ပေးမယ် (စားသောက်ဆိုင်မှာ သွားစားမယ်)" ယန်ဒါက ပြုံး၍ ပြောလိုက်သည်။
"တကယ်လား အင်း... ငါ စောင့်နေမယ်နော်" ရှောင်လျို၏ မျက်လုံးများတွင် ပျော်ရွှင်မှုများ ပြည့်လျှံသွားပြီး တူကိုကိုင်ကာ စတင်စားသုံးတော့သည်။
ဤဟင်းလျာများမှာ ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် ရောင်းသော ဟင်းလျာများဖြစ်ပြီး ရှောင်လျို အကြိမ်ကြိမ် တမ်းတခဲ့ဖူးသည်များ ဖြစ်သည်။ ယန်ဒါ၏ လက်ရာမှာ ဂျင်လင်းမြက်က အနည်းငယ် ဝါနေသည်ဖြစ်စေ၊ ဟင်းချိုထဲက ရေညှိက သာမန်ဖြစ်နေသည်ဖြစ်စေ၊ ကျောက်ပွင့်က အနည်းငယ် ချိုလွန်းနေသည်ဖြစ်စေ...
ရှောင်လျိုအတွက် ဤဟင်းလျာများမှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးပင် ဖြစ်သည်။ အစစ်အမှန် မဟုတ်သော်လည်း ယန်ဒါ၏ မေတ္တာများကြောင့် သူမအတွက် အရာအားလုံးက ပြည့်စုံလွန်းနေပါတော့သည်။
ကျွမ်းကျင်းစားဖိုမှူးစနစ်
အပိုင်း (၄၇၅)
ပြီးပါပြီ။
၄၇၆ မှ ၄၈၀
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၄၇၆)
ညစာစားချိန်အတွင်းမှာတော့ အချို့သောလူများက ယွမ်ကျိုး၏ အချက်အပြုတ်စွမ်းရည်ကို သံသယဝင်ကြပြန်သည်။
ထုံးစံအတိုင်းပင်၊ အမြဲတမ်း ရုတ်တရက်ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက် လုပ်တတ်သော ချူးရှောင်သည် ထိုလူများနှင့် ထိတ်တိုက်တိုးခဲ့သည်။ သူ၏ ခါးသီးလှသော လှောင်ပြောင်မှုများဖြင့် အငြင်းပွားမှုကို စတင်ခဲ့ရာ ယွမ်ကျိုးအနေဖြင့် ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ရန်ပင် မလိုအပ်တော့ပေ။
ထို့ကြောင့် ယွမ်ကျိုး၏ လက်ရာကို မြည်းစမ်းရန်နှင့် အမှားရှာရန် အဝေးမှလာကြသော စားဖိုမှူးသုံးဦးသည် ယွမ်ကျိုးထက် ချူးရှောင်ကို ပိုမိုမုန်းတီးသွားကြကြောင်း တွေ့ရှိရသည်။
"မင်းတို့က ပြီးခဲ့တဲ့အကြိမ်က ဒီကိုလာတဲ့ အရူးနှစ်ယောက်နဲ့ ဘာမှမထူးဘူး။ ငါနဲ့မပြိုင်ခင် မင်းတို့ရဲ့လျှာကို အရင်ဆုံး လေ့ကျင့်ထားလိုက်ဦး"ချူးရှောင်က ပြောပြီးနောက် မာနထောင်လွှားစွာဖြင့် လှည့်ထွက်သွားခဲ့သည်။
"သေစမ်း... ငါတကယ် ဒေါသထွက်နေပြီ။ သူက ယွမ်ကျိုးဖြစ်နေရင်တောင် ငါတို့ကို ဒီလိုပြောပိုင်ခွင့်မရှိဘူး" ထိုသုံးယောက်ထဲတွင် အရပ်အရှည်ဆုံးလူက ချူးရှောင်၏ကျောပြင်ကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်သည်။
"ရပ်လိုက်တော့... အရူးမလုပ်နဲ့။ သွားကြစို့" နောက်တစ်ယောက်က တားမြစ်လိုက်ပြီး အရင်ဆုံး ထွက်ခွာသွားသည်။
"ကံဆိုးလိုက်တာ... တကယ်ကို ကံဆိုးတာပဲ" နောက်တစ်ယောက်ကလည်း ညည်းတွားရင်း ထွက်သွားပြန်သည်။
အရပ်ရှည်ဆုံးလူမှာ ဒေါသထွက်လွန်းသဖြင့် စားပွဲကို ရိုက်ချင်စိတ်ပင် ပေါက်သွားသည်။ သို့သော် စားသောက်ဆိုင်အတွင်းရှိ ဖောက်သည်များအားလုံးက သူ့ကို စူးရှသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ သူ အနည်းငယ် ကြောက်သွားသည်။ ထို့ကြောင့် သူက အေးစက်စက် နှာခေါင်းရှုံ့ကာ ခြေလှမ်းကျဲကြီးများဖြင့် အမြန်ဆုံး ထွက်သွားခဲ့တော့သည်။
"ဒီလူတွေက ငါ့ရှေ့တင် ငါ့ဆိုင်ကို လာပိတ်ဖို့ ကြိုးစားနေကြတာလား"ထွက်သွားသော စားဖိုမှူးများကို ကြည့်ရင်း ယွမ်ကျိုးက တိုးတိုးလေး ရေရွတ်လိုက်သည်။
"အံ့သြစရာကောင်းလိုက်တာ... ငါ့မှာ ငါ့စွမ်းရည်တွေ ပြသဖို့ နေရာမရှိတော့ဘူး"လင်းဟုန်က ချူးရှောင်ကို မကျေမနပ် ကြည့်ကာ ပြောလိုက်သည်။
"ဒီလူက မကြာသေးခင်ရက်ပိုင်းအတွင်း ယွမ်ကျိုးရဲ့ဆိုင်မှာ ခဏခဏပေါ်လာလိုက်ပျောက်သွားလိုက်လုပ်နေတာ" ဝူဟိုင်းက သူ၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း စိတ်ဝင်တစား ပြောလိုက်သည်။
"မာစတာချူးက သူဌေးယွမ်ရဲ့ လက်မှုပညာကို အသိအမှတ်ပြုလို့ ဒီလိုလုပ်တာလို့ ကျွန်တော် ထင်တယ်"မာစတာချန်က ချူးရှောင်၏ အပြုအမူကို နားလည်မှုရှိရှိ ပြောကြားခဲ့သည်။
ထိုစကားကို ကြားသောအခါ ဖောက်သည်များမှာလည်း သဘောတူကြောင်း ပြသရန် ခေါင်းညိတ်ကြသည်။
ဤကိစ္စ၏ နောက်ထပ် ဇာတ်လိုက်ဖြစ်သော ယွမ်ကျိုးမှာ ယခုအချိန်တွင် ရင်ထဲမှနေ၍ အလွန်ပင် ပျော်ရွှင်နေသည်။ အကြောင်းမှာ ထိုစားဖိုမှူးသုံးဦးသည် မစ်ရှင်အတွက် နောက်ဆုံးလိုအပ်သော လူသုံးဦး ဖြစ်နေသောကြောင့်ပင်။ ဆိုလိုသည်မှာ ယွမ်ကျိုးသည် ယခုအခါ အဆင့်တက်မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်သွားပြီဖြစ်သည်။
"ဂုဏ်ယူပါတယ် ဆိုင်ရှင် အခု မစ်ရှင်ပြီးမြောက်သွားပြီဖြစ်လို့ 'အလယ်အလတ်အဆင့် စားဖိုမှူး' ဖြစ်လာပါပြီ။ ဆုလာဘ်ကို အခုပဲ ထုတ်ယူနိုင်ပါပြီ" စနစ်အသိပေးလာသည်။
စနစ်၏ စကားလုံးများက ယွမ်ကျိုးကို အားအင်သစ်များ ပြန်လည်ရရှိစေခဲ့သည်။ ထိုအချိန်တွင် ဖောက်သည်အချို့ ဆိုင်ထဲသို့ ဝင်လာသောအခါ ယွမ်ကျိုးက သူတို့ကို နွေးထွေးစွာ ကြိုဆိုလိုက်သည်။
"အားလုံးပဲ ဟင်းလျာတွေ မှာယူနိုင်ပါပြီ" ယွမ်ကျိုးက ပြောလိုက်ရာ သူ၏လေသံမှာ အရင်ကထက်ပင် ပိုမိုနူးညံ့နေသည်။
"သူဌေးယွမ်က ရုတ်တရက်ကြီး အရမ်းပျော်သွားပုံရတယ်" ကျိုကျာက ယွမ်ကျိုးကို ကြည့်ကာ စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ထို့နောက် သူမကလည်း အလျင်အမြန်ပင် ဖောက်သည်များကို ထိုင်ခုံများဆီသို့ ခေါ်ဆောင်သွားတော့သည်။
တစ်ဖက်တွင် ဆိုင်မှ ထွက်လာသော ချူးရှောင်က ခေါင်းလှည့်ကာ ယွမ်ကျိုး၏ဆိုင်ကို ကြည့်လိုက်သည်။
"ဘယ်ကမှန်းမသိ ရောက်လာတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စားဖိုမှူးပဲ" ချူးရှောင်က လေးနက်သော လေသံဖြင့် ဆိုလိုက်ပါတော့သည်။
*တာတာတာ...* ချူးရှောင်၏ ခြေသံများက တက်ကြွပြီး စည်းချက်ညီနေသည်။ ကားပေါ်သို့ ရောက်သည်နှင့် သူ၏ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုသို့ ခေါ်ဆိုလိုက်သည်။
"ဥက္ကဌကျိုး... ဘယ်လိုနေလဲ နေကောင်းရဲ့လားဗျ" ဖုန်းကိုင်လိုက်သည်နှင့် ချူးရှောင်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"ဟားဟား... မင်းကိုး။ ငါ အဆင်ပြေပါတယ်။ မင်း ပြန်ရောက်ပြီလား" ကျိုးရှီကျဲ ဖုန်းကိုင်လိုက်သည့်အချိန်တွင် သူ၏မျက်နှာ၌ အပြုံးကြီးတစ်ခု ပေါ်လာသည်။
"ဟုတ်ကဲ့... ပြန်ရောက်ပါပြီ" ချူးရှောင်က တိုတိုရှင်းရှင်း ဖြေသည်။
"အရှေ့ဖြစ်ဖြစ် အနောက်ဖြစ်ဖြစ် ကိုယ့်အိမ်ကိုယ့်ယာက အကောင်းဆုံးပါပဲ။ ဒီတစ်ခါ ဘယ်လောက်ကြာကြာ နေမှာလဲ" ကျိုးရှီကျဲက ပြုံးရွှင်စွာ မေးလိုက်သည်။
"တစ်ပတ်ပဲ" ချူးရှောင်က ပြန်ဖြေသည်။
ချူးရှောင်သည် ကျိုးရှီကျဲထံ ဖုန်းခေါ်ရာတွင် ရည်ရွယ်ချက်တစ်ခု ရှိသော်လည်း ကျိုးရှီကျဲဘက်မှ မပြောမချင်း သူကလည်း အရင်စတင်ပြောဆိုမည့်သူ မဟုတ်ပေ။
"ဘာလို့ ပိုကြာကြာမနေတာလဲ" ကျိုးရှီကျဲက မေးလိုက်၏။
"ပြင်သစ်မှာ အတော်လေး အလုပ်များနေလို့ပါ"
ချူးရှောင်က ဖြေလိုက်သည်။ ပြင်သစ်ရှိ သူ၏ဆိုင်တွင် အော်ဟစ်ဆဲဆိုခံနေရမည့် လက်ထောက်စားဖိုမှူးအကြောင်းကို တွေးမိရင်း ချူးရှောင်က သတိထားဟန်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
"မင်းပြန်ရောက်တာ ဘယ်နှစ်ရက်ရှိပြီလဲ။ ငါ မင်းကို ညစာကျွေးမယ်လို့ ကတိပေးထားတာ မှတ်မိသေးတယ်မလား" ကျိုးရှီကျဲက နောက်ဆုံးတွင် အဓိကအချက်ကို ပြောလိုက်တော့သည်။
"နှစ်ရက်ပဲ ရှိပါသေးတယ်။ ကျွန်တော် မှတ်မိပါတယ်။ ဥက္ကဌ သွားချင်တဲ့နေရာကိုသာ ပြောပါ၊ ကျွန်တော်ပဲ ရှင်းပါ့မယ်" ချူးရှောင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
အမှန်တော့ ချူးရှောင် ပြန်ရောက်နေသည်မှာ တစ်လနီးပါး ရှိနေပြီဖြစ်သော်လည်း လိမ်ညာရာတွင် ရှက်ရွံ့မှု အလျဉ်းမရှိပေ။ ပြင်သစ်မှ သူ၏လက်ထောက်စားဖိုမှူးသာ ဤစကားကို ကြားလျှင် ချူးရှောင်ကို လက်ညှိုးထိုးကာ "ခင်ဗျားမှာ အသိစိတ်ရော ရှိရဲ့လား" မေးမိမည်မှာ သေချာသည်။
"ဟားဟား... အိုကေလေ။ ဒီလူအိုကြီးရဲ့ ပင်စင်လစာက ထမင်းတစ်နပ်ဖိုးတောင် မလောက်ဘူး" ကျိုးရှီကျဲက ငြင်းဆန်ခြင်းမရှိဘဲ အလွယ်တကူ သဘောတူလိုက်သည်။
ကျိုးရှီကျဲ၏ ရည်ရွယ်ချက်မှာ ချူးရှောင်နှင့် ယွမ်ကျိုးတို့ကို ထိတွေ့ဆက်ဆံစေရန် ဖြစ်သည်။ ယွမ်ကျိုး၏ဆိုင်မှာ ဈေးကြီးသည် နာမည်ကြီးသဖြင့် ချူးရှောင်ကို ပိုက်ဆံရှင်းခိုင်းခြင်းက သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ပိုမိုမြှင့်တင်ပေးနိုင်လိမ့်မည် ကျိုးရှီကျဲက တွေးတောခဲ့ခြင်း ဖြစ်သည်။
"နေရာနဲ့ အချိန်ကိုသာ ပြောပါ၊ ကျွန်တော် လာကြိုပါ့မယ်" ချူးရှောင်က ကျိုးရှီကျဲကို ယဉ်ကျေးစွာ ပြောလိုက်သည်။
"တောင်စီလမ်း၊ အမှတ် (၁၄) မှာရှိတဲ့
'မာစတာစားဖိုမှူး စားသောက်ဆိုင်'ပဲ။ ဟိုကောင်လေး (ယွမ်ကျိုး) ဖွင့်ထားတာလေ။ အဲဒီမှာ သွားစားကြရအောင်" ကျိုးရှီကျဲက ယွမ်ကျိုး၏ဆိုင်လိပ်စာကို တိုက်ရိုက်ပြောလိုက်သည်။
"ပြဿနာမရှိပါဘူး... အချိန်ကရော" ချူးရှောင်မှာလည်း ယွမ်ကျိုး၏ဆိုင်သို့ သွားရန် ရည်ရွယ်ချက်ရှိပြီးသားဖြစ်၍ ကန့်ကွက်စရာ မရှိပေ။
"မင်း ပြန်မသွားခင် ဒုတိယနေ့ပေါ့။ ဆိုလိုတာက လေးရက်အကြာ ညနေခင်းမှာ။ အဲဒီအချိန်ဆို ဘယ်လိုလဲ" ကျိုးရှီကျဲက ခဏစဉ်းစားပြီး အချိန်သတ်မှတ်လိုက်ပါတော့သည်။
"ကောင်းပါပြီ... အဲဒီအချိန်ကျရင် ကျွန်တော် လာကြိုပါ့မယ်" ချူးရှောင်က ကျေနပ်စွာ ပြန်ဖြေလိုက်သည်။
"မင်း အဲဒီအချိန်ထက် နည်းနည်းစောစော လာသင့်တယ်။ ဟိုခွေးပေါက်စလေး (ယွမ်ကျိုး) က ခေါင်းမာတဲ့ မြည်းလိုပဲ... ငါတို့နှစ်ယောက် အတူတူသွားရင်တောင် တန်းစီရမှာ။ သူက ဘယ်သူ့မျက်နှာမှ ထောက်မှာ မဟုတ်ဘူး"ကျိုးရှီကျဲက ရယ်မောကာ ပြောပြသည်။
"ကျွန်တော် သိပါတယ်... သူက သူ့စည်းနဲ့သူ နေတတ်တဲ့ စားဖိုမှူးတစ်ယောက်ပဲလေ"ချူးရှောင်က ယွမ်ကျိုးကို အသိအမှတ်ပြုသည့် လေသံဖြင့် ဆိုသည်။
"ဟုတ်တယ်... ကျင့်ဝတ်အတိုင်း တိတိကျကျ နေထိုင်တာက ကောင်းသလို တစ်ခါတလေတော့လည်း ခက်တာပေါ့။ ဒါပေမဲ့ သူက မင်းလိုပဲ ပါရမီရှင်တစ်ယောက် ဖြစ်နေတာကတော့ ကံကောင်းတဲ့အချက်ပဲ" ကျိုးရှီကျဲက သက်ပြင်းချရင်း ဆိုသည်။
"ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်" ချူးရှောင်က ပြန်ဖြေသည်။ သူသည် ဥက္ကဋ္ဌကျိုးက သူ့ကို ပါရမီရှင်ဟု ခေါ်ဆိုလိုက်သည့် အချက်ကိုသာ အဓိကထား၍ ကြားလိုက်ပုံရသည်။
"ဟားဟား... ရပါတယ်။ ဒီနေ့ခေတ်က လူငယ်တွေရဲ့ ကမ္ဘာပဲလေ၊ မင်းတို့အားလုံး တိုးတက်နေတာ မြင်ရတာ ဝမ်းသာပါတယ်" ကျိုးရှီကျဲက ရက်ရောစွာ ပြောလိုက်ပြီးနောက် ချူးရှောင်ကို ခရီးပန်းလာသဖြင့် အနားယူရန် တိုက်တွန်းကာ ဖုန်းချလိုက်တော့သည်။
"လေးရက်ကြာရင် တွေ့ကြမယ်..." ချူးရှောင်သည် ကားထဲတွင် ထိုင်နေရင်း ယွမ်ကျိုး၏ စားသောက်ဆိုင်ရှိရာ လမ်းကြားလေးကို လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။
"လေးရက်ကြာရင် ဘယ်လို အံ့သြစရာတွေ ရှိမလဲဆိုတာ ငါ တကယ် စိတ်ဝင်စားနေပြီ"
တစ်ဖက်တွင် ကျိုးရှီကျဲသည် ယွမ်ကျိုးထံ ဖုန်းခေါ်ရန် ပြင်လိုက်သော်လည်း အချိန်ကို ကြည့်ကာ ဖုန်းကို ပြန်ချလိုက်သည်။
"ညစာစားချိန် မပြီးသေးဘူး ထင်တယ်... ၉ နာရီလောက်မှ ခေါ်တာ အကောင်းဆုံးပဲ"
သူက တိုးတိုးလေး ပြောလိုက်သည်။ သူသည် အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ဖူးသဖြင့် ယွမ်ကျိုး၏ အလုပ်ချိန်ကို အသေအချာ သိရှိနေပြီ ဖြစ်သည်။
ယွမ်ကျိုး၏ ဆိုင်တွင် ညစာစားချိန် ပြီးဆုံးတော့မည် ဖြစ်ရာ ယွမ်ကျိုးက ထုံးစံအတိုင်း ပြောလိုက်သည်။
"ညစာစားချိန် ပြီးဆုံးပါပြီ။ မနက်ဖြန်မနက်မှ ပြန်လည် ဖိတ်ခေါ်ပါတယ်"
ဖောက်သည်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီးနောက်
ကျိုကျာနှင့် ရှန်မင်တို့ကလည်း ဆိုင်ကို သန့်ရှင်းရေးလုပ်ကာ နှုတ်ဆက်၍ ပြန်သွားကြသည်။
"ဟူး..." ယွမ်ကျိုးသည် သက်ပြင်းတစ်ချက်ချကာ အနားယူရန် ထိုင်ချလိုက်သည်။ မိနစ်အနည်းငယ် ကြာသောအခါ သူသည် စနစ်ကို စတင်မေးမြန်းတော့သည်။
"ဒီနေ့ မစ်ရှင်ပြီးသွားပြီဆိုတော့ ငါ အဆင့် ၅ ကို ရောက်သွားပြီပေါ့။ ဒါဆိုရင် ဒီနေ့ကစပြီး ဝင်ငွေခွဲဝေမှုကို ငါ့အတွက် ၆၀% အထိ တိုးမြှင့်ပေးတော့မှာလား"
ယွမ်ကျိုး ပထမဆုံး စိတ်ပူသည်မှာ ဝင်ငွေကိစ္စပင် ဖြစ်သည်။ ၎င်းမှာ ငွေကြေးပမာဏကြောင့် မဟုတ်ဘဲ "တရားမျှတမှု" ရှိစေရန်အတွက်သာ ဖြစ်သည် သူက ကိုယ့်ကိုယ်ကိုယ် အတည်ပေါက်ဖြင့် ပြောနေမိတော့သည်။
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၄၇၆)
ပြီးပါပြီ။