အခန်း (၄၇၉-၄၈၀)
Vol. 38 Ch. 479-480
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၄၇၉)
ဆုလာဘ်များ ရရှိခြင်းသည် အနည်းငယ် လှည့်စားမှုများ ပါဝင်နေသော်လည်း အများအားဖြင့် ပျော်ရွှင်စရာ ဖြစ်ခဲ့သည်။ ထို့ကြောင့် ယွမ်ကျိုးသည် ငါးဟင်းလျာများ၏ ချက်ပြုတ်နည်း အမျိုးမျိုးကို စမ်းသပ်ရန် မစောင့်နိုင်တော့ပေ။
ရလဒ်အနေဖြင့် ယွမ်ကျိုးသည် ထိုည သန်းခေါင်ယံ အချိန်တွင် သရေစာအဖြစ် ငါးဟင်းလျာများကို ကိုယ်တိုင်ချက်စားခဲ့ပြီး ဘေးမှ စောင့်နေသော ဘော့က်ကိုလည်း ငါးအရိုးများကို ကျွေးခဲ့သည်။
"မင်းက မော်လ်တာခွေးအမျိုးအစား မဟုတ်ဘူးလား။ ဘာလို့ ငါးအရိုးတွေ စားနေတာလဲ" ပန်းကန်လုံးကိုင်ကာ ဘောက့်ကို ကြည့်ရင်း ယွမ်ကျိုး မေးလိုက်မိသည်။
သို့သော် ဘောက့်ကတော့ ဘာမှ ပြန်မပြောဘဲ ငါးအရိုးများကိုသာ မြိန်ရည်ယှက်ရည် ဆက်စားနေခဲ့သည်။ ငါးအရိုးများမှာ အတော်လေး ကြွပ်ရွနေသဖြင့် ဘောက့်မှာ ကြောင်တစ်ကောင်ကဲ့သို့ပင် ပျော်ရွှင်စွာ စားသောက်နေခြင်း ဖြစ်သည်။ ယွမ်ကျိုးက ထိုမြင်ကွင်းကို ကြည့်ကာ ခွေးတစ်ကောင်က ငါးအရိုးစားနေသည်မှာ ထူးဆန်းလှသည် လှောင်ပြောင်နေမိသော်လည်း ဘောက့်ကစကားနားမလည်သဖြင့် ဂရုမစိုက်ဘဲ ဆက်စားနေလေသည်။
ဘောက့် ဗိုက်ဝသွားသည်ကို မြင်သောအခါ ယွမ်ကျိုးသည် အပေါ်ထပ်သို့ တက်ကာ ရေချိုးပြီး အိပ်ရန် ပြင်ဆင်လိုက်သည်။ အိပ်ရာစောစောဝင်ကာ စောစောထခြင်းမှာ "ဆွဲဆောင်မှုရှိသော မင်းသားတစ်ပါး" ၏ စံနှုန်းများထဲမှ တစ်ခုပင် ဖြစ်သည်။
---
နောက်တစ်နေ့ နံနက်တွင်...
နှိုးစက်သံ မြည်လာသည်နှင့် ယွမ်ကျိုးသည် ထုံးစံအတိုင်း လေ့ကျင့်ခန်းလုပ်၊ ရေချိုးပြီးနောက် အလုပ်များလှသော မနက်စာစားချိန်ကို စတင်ခဲ့သည်။ ယခုအခါ ဘေးလမ်းကြားရှိ တခြားဆိုင်ပိုင်ရှင်များသည်လည်း ယွမ်ကျိုး၏ လုပ်ငန်းချိန်အတိုင်း ဆိုင်ဖွင့်လာကြသဖြင့် ထိုလမ်းကြားလေးမှာ အတော်လေး စည်ကားနေပြီ ဖြစ်သည်။
မနက်စာစားချိန် တစ်နာရီ ကုန်ဆုံးသွားပြီးနောက် ယွမ်ကျိုးသည် ခဏတာ အနားယူပြီး ငါးဟင်းလျာများကို ဆက်လက် လေ့ကျင့်ရန် ပြင်ဆင်လိုက်သည်။
"ဒီနေ့ နေ့လယ်စာအတွက် ငါးဟင်းတစ်ပွဲ ထပ်ချက်စားရင် ကောင်းမယ်"သူတွေးကာ မီးဖိုချောင်ဓားကို ကိုင်လိုက်စဉ် ဖော်ရွေလှသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဘော့စ်... မင်္ဂလာပါ ဘော့စ်ယွမ်"
ဆိုင်ထဲသို့ နက်ပြာရောင် စီးပွားရေးဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး အပြုံးအပြည့်ဖြင့် ဝင်လာခြင်းဖြစ်သည်။
"မင်္ဂလာပါ... မနက်စာစားချိန် ပြီးသွားပါပြီ။ နေ့လယ်စာစားချိန်က နာရီအနည်းငယ် လိုသေးတယ်" ယွမ်ကျိုးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ကျွန်တော် ဒီကို ထမင်းစားဖို့ လာတာ မဟုတ်ပါဘူး။ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ လာတာပါ" ထိုအမျိုးသားက ပြုံးရွှင်စွာ ပြောသည်။
"တောင်းပန်ပါတယ်... အခုက လုပ်ငန်းချိန် မဟုတ်တဲ့အတွက် ဘယ်သူ့ကိုမှ ဧည့်ခံမှာ မဟုတ်ဘူး" ယွမ်ကျိုးက တခြားကိစ္စများကို စိတ်မဝင်စားကြောင်း ပြသလိုက်သည်။
"ကျွန်တော် သိပါတယ်... ဒါကြောင့်လည်း ရုံးချိန်ပြင်ပမှာ လာပြောတာပေါ့။ မင်းအတွက် အဆင်ပြေအောင် ကျွန်တော် လုပ်ပေးနေတာပါ" ထိုလူက ပြောလိုက်ရာ ယွမ်ကျိုး မျက်မှောင်ကြုတ်သွားမိသည်။ ထိုလူ၏ လေသံမှာ "မင်းကို ငါက ကူညီနေတာ" ဟူသော အငွေ့အသက်များ ပါဝင်နေသည်။
"ကျွန်တော့်ဆိုင်က အဆင်ပြေနေပါပြီ။ တခြား ပူးပေါင်းဆောင်ရွက်မှု မလိုပါဘူး" ယွမ်ကျိုးက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"မင်းရဲ့ စီးပွားရေးက အရမ်းကောင်းလွန်းလို့ ကျွန်တော်က ပူးပေါင်းဖို့ လာတာလေ။ မင်းကို ပိုက်ဆံပိုရှာနိုင်အောင် ကျွန်တော် ကူညီပေးမလို့ပါ" ဝတ်စုံဝတ်ထားသောလူက ယွမ်ကျိုး၏ ငြင်းဆိုချက်ကို ဂရုမစိုက်ဘဲ ဇွတ်အတင်း ပြောနေပါတော့သည်။
"မလိုပါဘူး" ယွမ်ကျိုးက ယခင်ကထက် ပို၍ပြတ်သားသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး... ငါပြောတာကို အဆုံးထိ နားထောင်ပါဦး။ မင်းစိတ်ဝင်စားမှာ သေချာပါတယ်။ ငါက မင်းကို ပိုက်ဆံပိုရအောင် ကူညီပေးနေတာပါ" ဝတ်စုံဝတ်ထားသည့်လူက ပြုံးဖြဲဖြဲဖြင့် ဆက်ပြောနေဆဲပင်။
သို့သော် ယွမ်ကျိုး၏အမြင်တွင် ထိုလူ၏အပြုံးမှာ ပါးနပ်လွန်းပြီး လောဘရိပ်များ ပါနေသဖြင့် သူ့အား ပို၍ပင် မုန်းတီးသွားစေသည်။
"ကျွန်တော် ဒါကို လုံးဝမစဉ်းစားပါဘူး" ထိုသို့ပြောပြီးနောက် ယွမ်ကျိုးသည် ခေါင်းငုံ့ကာ လက်ကိုသေချာဆေးပြီး ငါးကိုကိုင်တွယ်ရန် ပြင်ဆင်လိုက်သည်။
"ဒါက နှစ်ဖက်စလုံးအတွက် အခွင့်အရေးပါ။ မင်းရဲ့စားသောက်ဆိုင်မှာ မင်းလိုအပ်နေတဲ့အရာလည်း ဖြစ်တယ်။ ငါ မင်းကို အဖျော်ယမကာတွေ အခမဲ့အရင်ပေးမယ်၊ မင်း ဘယ်လောက်နဲ့ ပြန်ရောင်းမလဲဆိုတာ မင်းဘာသာဆုံးဖြတ်။ ငါကတော့ ကုန်ကျစရိတ်ကိုပဲ ပြန်ယူမယ်"ဝတ်စုံဝတ်ထားသောလူက ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောသည်။
"တောင်းပန်ပါတယ်... ကျွန်တော် အလုပ်ရှုပ်နေပါတယ်။ ခင်ဗျားပြောတဲ့ နှစ်ဖက်အကျိုးရှိမယ့် စီးပွားရေးအခွင့်အလမ်းဆိုတာကို ကျွန်တော် ဂရုမစိုက်ဘူး၊ စိတ်လည်းမဝင်စားဘူး။ တံခါးအပြင်ကို ထွက်ပြီး လမ်းအတိုင်း ညာဘက်ကိုကွေ့ပြီး ထွက်သွားပေးပါ" ယွမ်ကျိုးက ကျယ်ကျယ်ပွင့်နေသော ဆိုင်တံခါးကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီလိုဗျ... ခင်ဗျားဆိုင်တံခါးဘေးမှာ အရောင်းစက် တစ်ခု ချထားချင်တာ။ ကြည့်ပါဦး ဒီမှာ နေ့တိုင်း လူတွေအများကြီး သွားလာနေတာဆိုတော့ ရောင်းအားက ရှယ်ဖြစ်မှာ။ နေရာငှားခအတွက်လည်း ပိုက်ဆံထပ်ပေးမယ်။ အားလုံးရောင်းကုန်ရင် ကျွန်တော့်ဘက်က ပြန်ဖြည့်ပေးမယ်။ မီတာခကိုလည်း သီးခြားပေးမယ်။ အဖျော်ယမကာတွေကိုတော့ အရင်းနဲ့ပဲ သွင်းပေးမယ်လေ" ထိုလူက ယွမ်ကျိုးအား "မင်းအတွက် အခွင့်အရေးပေးနေတာ" ဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ယွမ်ကျိုး သဘောတူလိမ့်မည်သူ အသေအချာယုံကြည်နေသည်။ သူ့အမြင်တွင် ဤစားသောက်ဆိုင်မှာ သေးငယ်လွန်းလှသဖြင့် ယွမ်ကျိုး၏ လုပ်ငန်းချိန်မှာလည်း တိုတောင်းလှသည်။ ထို့ကြောင့် အပိုဝင်ငွေရမည့်ကိစ္စကို မည်သူကမှ ငြင်းမည်မဟုတ်သူက ယူဆထားခြင်းဖြစ်သည်။
"ဟင်း... ဟင်း... အခုပဲ အားနာနာနဲ့ နှုတ်ဆက်ပါတယ်" ယွမ်ကျိုးက ထိုလူ၏စကားများကို နားထောင်ပြီးနောက် ရိုးရိုးသားသားပင် ပြန်ပြောလိုက်သည်။
"မင်း တကယ်ပဲ ပိုက်ဆံမရှာချင်ဘူးလား။ ငါ့အဖျော်ယမကာတွေက ကိုကာကိုလာတို့၊ နို့လက်ဖက်ရည်တို့လို အမှတ်တံဆိတ်တွေလေ ရောင်းကောင်းမှာ သေချာတယ်။ လူကြိုက်များပြီး ဈေးလည်း သက်သာတယ်လေ" ထိုလူက မျက်မှောင်ကြုတ်ကာ လေးနက်ဟန်ဖြင့် ထပ်ပြောသည်။
"ကျွန်တော် ဘာလုပ်ချင်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်။ နှုတ်ဆက်ပါတယ်" ယွမ်ကျိုးက ပြတ်ပြတ်သားသား မောင်းထုတ်လိုက်သည်။
"ဒီစက်ကို မင်းဆိုင်မှာထားရင် ကြော်ငြာလည်းဖြစ်တယ်လေ။ ဘာကုန်ကျစရိတ်မှ မရှိဘဲ ပိုက်ဆံရမယ့်အခွင့်အရေးကို မင်းတကယ်ပဲ လက်လွှတ်တော့မှာလား"ထိုလူက မလျှော့သောဇွဲဖြင့် ထပ်မံပြောဆိုနေပါတော့သည်။
သို့သော်လည်း ယွမ်ကျိုးက သူ့ကို လုံးဝအဖက်မလုပ်ဘဲ လျစ်လျူရှုထားလိုက်သည်။
"ဟေး... ဘော့စ်ယွမ်" ဝတ်စုံဝတ်ထားသည့်လူက အရှက်ရသွားပုံရပြီး မျက်နှာပျက်သွားသည်။
ယွမ်ကျိုးကတော့ ဘာမှ ပြန်မဖြေတော့ဘဲ သူ့အလုပ်သူ ဆက်လုပ်နေသဖြင့် ထိုလူသည် ဒေါသတကြီးနှင့် စားသောက်ဆိုင်ထဲမှ ထွက်သွားတော့သည်။
"တကယ့်ကို အရူးပဲ သူ့ရှေ့က ပိုက်ဆံကိုတောင် မကောက်တတ်ဘူး" ထိုလူက လမ်းလျှောက်သွားရင်း ဆိုင်ရှေ့သို့ တံတွေးထွေးကာ ကျိန်ဆဲသွားခဲ့သည်။
ယွမ်ကျိုးအနေဖြင့် ထိုကဲ့သို့ စိတ်အနှောင့်အယှက်ပေးသူကို မောင်းထုတ်လိုက်နိုင်ပြီ ထင်ခဲ့သော်လည်း ညနေပိုင်း အလုပ်ချိန်တွင် မမျှော်လင့်ထားသည်ကို ထပ်မံကြုံတွေ့ရပြန်သည်။ ထိုလူသည် ဆိုင်သို့ တစ်ခေါက် ထပ်ရောက်လာပြန်သည်။
"တောင်းပန်ပါတယ်... တန်းစီမနေရင် ဆိုင်ထဲဝင်လို့မရဘူးရှင်" ကျိုကျာက စည်းကမ်းအတိုင်း တားမြစ်လိုက်သည်။
"မင်းရဲ့ အထက်လူကြီးကို ငါသိတယ်။ သူနဲ့ စကားပြောစရာရှိလို့" ထိုလူက မျက်နှာပြောင်တိုက်ကာ ပြောလိုက်သည်။
အပြင်တွင် စကားပြောသံများ ကျယ်နေသဖြင့် ယွမ်ကျိုးက အားလုံးကို ကြားနေရသည်။ သူက ပန်းကန်များ လာချပေးရင်း ထိုလူကို လှမ်းကြည့်ကာ ပြတ်သားစွာပင် ပြောလိုက်သည်။
"တောင်းပန်ပါတယ်... ကျွန်တော့်လုပ်ငန်းကို တိုးချဲ့ဖို့ အစီအစဉ် မရှိပါဘူး"
ဝတ်စုံဝတ်လူကတော့ ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘဲ ရန်စသလို ပြောကာ လှည့်ထွက်သွားတော့သည်။
"ဟင်း... ဟင်း... မင်းက ဆိုင်ရှင်ပဲ၊ မင်းပဲ ဆုံးဖြတ်ပေါ့။ ဒါပေမဲ့ မင်း ဘယ်တော့မှ အရင်းအနှီးမလိုဘဲ ငွေရှာနိုင်မယ့် အခွင့်အရေးမျိုး ထပ်ကြုံရမှာ မဟုတ်ဘူး"
"ဒီအရူးက ဘယ်ကလာတာလဲ" ယွမ်ကျိုးက စိတ်ထဲက ရေရွတ်လိုက်သော်လည်း ပြန်ဖြေရန် ပျင်းရိနေသည်။ ဆိုင်ထဲရှိ ဝူဟိုင်းက သူ၏ မုတ်ဆိတ်မွှေးလေးများကို ပွတ်သပ်ရင်း ထိုလူကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေတော့သည်။
"တကယ့်ကို ထူးဆန်းတဲ့ လူတွေပဲ" ဝူဟိုင်းက ရယ်ချင်ချင် ပြောလိုက်သည်။ ပြီးခဲ့သည့်တစ်ခါကလည်း ယွမ်ကျိုးကို ဆရာအဖြစ် တပည့်ခံချင်ဇွတ်လုပ်သည့်လူ၊ ယခုတစ်ခါလည်း "ငါက မင်းကို အထင်ကြီးလို့ လာကူညီတာ" ဟူသော အမူအရာနှင့် လူ။
"သူဌေးယွမ်... မင်းကတော့ လူကြားမှာ အရမ်း ရေပန်းစားတာပဲနော်" ဝူဟိုင်းက လှောင်ပြောင်လိုက်သည်။
"ငါက မင်းလောက် မတော်ပါဘူး" ယွမ်ကျိုးက တည်တည်ငြိမ်ငြိမ်ပင် ပြန်တုံ့ပြန်လိုက်သည်။
ယနေ့တွင် ယွမ်ကျိုးက စနောက်နိုင်သည့် စိတ်အခြေအနေ ရှိနေသေးသော်လည်း၊ နောက်တစ်နေ့တွင် တစ်စုံတစ်ခုက ယွမ်ကျိုးကို တကယ်ပင် ဒေါသထွက်စေတော့မည်ဖြစ်သည်။
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၄၇၉)
ပြီးပါပြီ။
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၄၈၀)
နောက်တစ်နေ့ နံနက်စောစော မနက်စာရောင်းပြီးချိန်တွင် ယွမ်ကျိုးသည် ဒုတိယထပ်မှ ထိုင်ခုံတစ်လုံးကို ဆိုင်ရှေ့သို့သယ်လာပြီး ပုံမှန်အတိုင်း ပန်းပုပုံသွင်းရန် ပြင်ဆင်နေခဲ့သည်။
"ဒီကိုလာခဲ့... ဒီမှာထားလိုက်။ ဟုတ်တယ်၊ ဒီနေရာပဲ" ကျေနပ်အားရနေသော အမျိုးသားတစ်ဦး၏အသံမှာ ယွမ်ကျိုး၏နားထဲသို့ ရုတ်တရက် တိုးဝင်လာသည်။
"အိုကေ... အဲဒီမှာ ထားလိုက်။ ၁၅ မီတာရှည်တဲ့ မီးကြိုး ပြင်ထားတယ်၊ လောက်ရဲ့လား" အမျိုးသမီးတစ်ဦးက ပြန်ပြောသည်။ အသံအရဆိုလျှင် ဆိုင်ဘေးက ခေါက်ဆွဲဆိုင်ပိုင်ရှင် အမျိုးသမီးပင် ဖြစ်သည်။
"တီစ်... တီစ်... နောင်ကျရင် ဒီကနေ အဖျော်ယမကာဝယ်မယ့်သူတွေ အများကြီးရှိမှာ သေချာတယ်။ ဒီနေရာကို ရွေးချယ်ထားတာ တကယ်တော်တယ်။ သူဌေးယွမ်ကိုတောင် ကျေးဇူးတင်ရဦးမယ်" ထိုလူသည် ယွမ်ကျိုးကြားစေရန် ရည်ရွယ်ချက်ရှိရှိ အသံကိုမြှင့်၍ ပြောလိုက်သည်။
"ဟုတ်ပရှင်... သူ့ဆိုင်မှာက ဖောက်သည်တွေ အမြဲတမ်း ပြည့်လျှံနေတာကိုး" ခေါက်ဆွဲဆိုင်ပိုင်ရှင်က မနာလိုဝန်တိုမှုများ ပါဝင်နေသောလေသံဖြင့် ထောက်ခံသည်။
ယွမ်ကျိုး ခေါင်းမော့ကြည့်လိုက်ရာ မျက်ခုံးများ တင်းတင်းစေ့သွားတော့သည်။
သူမြင်လိုက်ရသည်မှာ သူ၏ တန်းစီစက် (Queuing Machine) ဘေးတွင် အဝါရောင်တောက်တောက် သိပ္ပံစိတ်ကူးယဉ်ပုံစံ အရောင်းစက်ကြီးတစ်လုံးကို လာရောက်တပ်ဆင်ထားခြင်းပင်။ ထိုစက်မှာ တန်းစီစက်နှစ်ခုစာခန့် ကြီးမားလှသည်။
ထိုအမျိုးသားမှာ အခြားသူမဟုတ်ဘဲ ယွမ်ကျိုးကို ရက်အတော်ကြာ အနှောင့်အယှက်ပေးနေသည့် ဝတ်စုံဝတ်လူပင် ဖြစ်သည်။ သူသည် ယွမ်ကျိုးထံမှ ငြင်းပယ်ခံရသဖြင့် ဒေါသထွက်ကာ ယွမ်ကျိုး၏ ဆိုင်ဘေးက ခေါက်ဆွဲဆိုင်နှင့် ပူးပေါင်းပြီး နေရာငှားကာ ဆိုင်ရှေ့တွင် ထိုစက်ကို လာချထားခြင်းဖြစ်သည်။ ဤသို့လုပ်ခြင်းဖြင့် ယွမ်ကျိုးကို တမင် စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေခြင်းပင်။
ယွမ်ကျိုးအတွက် ဤလုပ်ရပ်မှာ သူ့ကို အန္တရာယ်မပေးသော်လည်း ဖားတစ်ကောင်က ခြေထောက်ပေါ် ခုန်တက်လာသလိုမျိုး၊ မကိုက်သော်လည်း ရွံစရာကောင်းပြီး စိတ်အနှောင့်အယှက်ဖြစ်စေသော အခြေအနေမျိုး ဖြစ်နေသည်။
ယွမ်ကျိုး ချက်ချင်း ထရပ်လိုက်သည်။
"ဟေး... သူဌေးယွမ်၊ ဘာမှလာမပြောနဲ့နော်။ ကျွန်တော်က အုပ်ချုပ်ရေးရုံးကနေ ခွင့်ပြုချက်ရထားသလို နေရာငှားခလည်း ပေးထားတာ"ဝတ်စုံဝတ်လူက စက္ကူတစ်ရွက်ကို ထုတ်ပြကာ လှောင်ပြောင်ပြောဆိုသည်။
သို့သော် ယွမ်ကျိုးသည် ဘာမှပြန်မပြောဘဲ ထိုင်ခုံကို ဆိုင်ထဲသို့ ပြန်ရွှေ့လိုက်သည်။ ထိုလူ၏ စကားများကို လုံးဝ လျစ်လျူရှုထားခြင်းကြောင့် ထိုလူမှာ အနည်းငယ် ရှက်သွားသည်။
"ထားလိုက်ပါ... သူက တကယ့်လူထူးလူဆန်းပဲ" အမျိုးသမီးသူဌေးက နှာခေါင်းရှုံ့ကာ ပြောလိုက်ပြီး အခြေအနေကို ထိန်းလိုက်သည်။
"မြန်မြန် မီးသွယ်ကြစို့။ အပိုဝင်ငွေရမှာပဲကို... တချို့လူတွေက ပိုက်ဆံအနည်းငယ်လေးရမှာကိုတောင် နှာခေါင်းရှုံ့နေသေးတယ်"
ထိုစဉ် ဆိုင်တံခါးပိတ်ထားသော ဘေးက သူဌေးတောင် က အသံကျယ်ကျယ်ဖြင့် လှမ်းပြောလိုက်သည်။
"ဘယ်ကလာတဲ့ ယင်ကောင်တွေလဲ မသိဘူး... တကယ် ဆူညံပြီး စိတ်အနှောင့်အယှက် ဖြစ်တယ်။ ဒီလမ်းကြားထဲမှာ အိမ်သာ ဘယ်တုန်းက ပေါ်လာတာလဲ"
သူဌေးတောင်၏ ရိုးသားပြတ်သားသော ပြောဆိုချက်ကြောင့် ဝတ်စုံဝတ်လူမှာ မျက်နှာပျက်သွားသော်လည်း ယွမ်ကျိုးက ဘာမှမပြောဘဲ ဆိုင်ထဲသို့ ဝင်သွားပါတော့သည်။
"မင်း" အမျိုးသမီးသူဌေးက ဒေါသတကြီး ခေါင်းလှည့်ပြီး ကျိန်ဆဲရန် ပြင်လိုက်သော်လည်း ဝတ်စုံဝတ်လူက တားလိုက်သဖြင့် ဘာမှဆက်မပြောတော့ဘဲ အရောင်းစက်ကိုသာ အလုပ်လုပ်ရန် ပြင်ဆင်နေကြသည်။
"ဟွန်း... သူတို့က ဒီလို လှည့်ကွက်လေးတွေကလွဲရင် ဘာမှမတတ်နိုင်ကြပါဘူး" သူဌေးတောင်က ထိုလူနှစ်ယောက်ကို အေးစက်စက် နှာခေါင်းရှုံ့ကာ မှတ်ချက်ပေးသည်။
"ဒါပေမဲ့ သူတို့လုပ်ရပ်က တကယ့်ကို ရွံစရာကောင်းတယ်" ယွမ်ကျိုးက သူဌေးတောင်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"စိတ်အေးအေးထားပါ သူဌေးယွမ်... ဒါကအနှောင့်အယှက်သေးသေးလေးတစ်ခုထက် မပိုပါဘူး" သူဌေးတောင်က ထိုလူနှစ်ယောက်အပေါ် အထင်အမြင်သေးသော အမူအရာဖြင့်ပြောသည်။
"ဟုတ်ကဲ့... ကျွန်တော် အုပ်ချုပ်ရေးရုံးကို ခဏသွားလိုက်ဦးမယ်" ယွမ်ကျိုးက ညင်သာစွာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"သွားလေ... အုပ်ချုပ်ရေးရုံးက ဝန်ထမ်းတွေလည်း အဲဒီလူကို ဒီနေရာမှာ စက်လာထားခွင့်ပေးတာ ရူးနေလို့ပဲ" သူဌေးတောင်က ယွမ်ကျိုးဘက်မှ ဘက်လိုက်၍ ထောက်ခံစကား ပြောလိုက်သည်။
ယွမ်ကျိုးသည် သူဌေးတောင်ကို ကျေးဇူးတင်စကား ဆိုပြီးနောက် အုပ်ချုပ်ရေးရုံးသို့ ငါးမိနစ်ခန့် အမြန်လျှောက်သွားခဲ့သည်။ တောင်ရှီလမ်း၏ အုပ်ချုပ်ရေးရုံးမှာ သာမန် စီးပွားရေးခန်းမတစ်ခုကဲ့သို့ ရှိပြီး အတွင်းသို့ ဝင်လိုက်သည်နှင့် မှန်တံခါးအနီးတွင် ထိုင်နေသော မိန်းကလေးငယ်တစ်ဦးကို တွေ့လိုက်ရသည်။
"သူဌေးယွမ်... ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ" ထိုမိန်းကလေးက ယွမ်ကျိုးကို မြင်သည်နှင့် ချက်ချင်း ထရပ်ကာ မေးလိုက်သည်။
"ဒါရိုက်တာနဲ့ စကားပြောချင်လို့ပါ" ယွမ်ကျိုးက လေးနက်သော အမူအရာဖြင့် ပြန်ဖြေသည်။
"သူမ အခု ရုံးခန်းထဲမှာ ရှိပါတယ်... ကျွန်မ လိုက်ပို့ပေးမယ်လေ" ထိုမိန်းကလေးက တက်ကြွစွာ ပြောသည်။
"ကျေးဇူးတင်ပါတယ်"
အကယ်၍ အခြားသူသာဆိုလျှင် ဧည့်ကြိုမိန်းကလေးက ယခုကဲ့သို့ တိုက်ရိုက်ခေါ်သွားမည် မဟုတ်ပေ။ ဒါရိုက်တာဝူမှာ အစိုးရအရာရှိတစ်ဦး ဖြစ်သဖြင့် သူမနှင့် တွေ့ဆုံရန်မှာ စနစ်တကျ မှတ်ပုံတင်ပြီး အတည်ပြုချက် ရယူရမည် ဖြစ်သည်။ သို့သော် ယွမ်ကျိုးမှာတော့ အခြေအနေချင်း မတူပေ။
ပထမအချက်မှာ ဤမိန်းကလေးသည် ပြီးခဲ့သည့်အကြိမ် အစ်ကိုဂျွန်၏ကိစ္စကို ဖြေရှင်းစဉ်ကတည်းက ယွမ်ကျိုးကို သိကျွမ်းခဲ့ခြင်းဖြစ်သည်၊ ဒုတိယအရေးကြီးဆုံးအချက်မှာ ယွမ်ကျိုးသည် တစ်လမ်းလုံး၏ စီးပွားရေးနှင့် GDP ကို တစ်ယောက်တည်းမြှင့်တင်ပေးနိုင်သည့် "အဖိုးတန်ပုဂ္ဂိုလ်" ဖြစ်နေခြင်းကြောင့်ပင်။
ယွမ်ကျိုးသည် တောင်စီလမ်းမကြီးတစ်ခုလုံးကို ကြွယ်ဝချမ်းသာလာစေသူဖြစ်သဖြင့် အုပ်ချုပ်ရေးပိုင်းက သူ့ကို အထူးလေးစားမှုပေးခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
"ဒါရိုက်တာဝူ... သူဌေးယွမ် ရောက်လာပါတယ်" မိန်းကလေးငယ်က ရုံးခန်းတံခါးကို ခေါက်ကာ အသိပေးလိုက်သည်။
"ဝင်ခဲ့... ဝင်ခဲ့ ဘာလို့ တံခါးခေါက်နေတာလဲ၊ သူဌေးယွမ်ရယ်... အခမ်းအနားတွေ လုပ်မနေပါနဲ့" ဒါရိုက်တာဝူက ဝမ်းသာအားရ ကြိုဆိုလိုက်သည်။ သူမသည် ယွမ်ကျိုးကို ဆိုဖာပေါ်တွင် ထိုင်ရန် ဖိတ်ခေါ်ပြီး လက်ဖက်ရည် ပြင်ခိုင်းသော်လည်း ယွမ်ကျိုးက ငြင်းပယ်လိုက်သည်။
"လက်ဖက်ရည် မလိုပါဘူး... ဒါရိုက်တာဝူကို ကိစ္စတစ်ခုပြောပြီးရင် ကျွန်တော် ချက်ချင်း ပြန်မှာပါ" ယွမ်ကျိုးက မတ်တတ်ရပ်လျက်ပင် တည်ငြိမ်စွာ ပြောလိုက်သည်။
"အင်း... ဘာကိစ္စများ ရှိလို့လဲ သူဌေးယွမ်။ ပြောပြပါဦး" ဒါရိုက်တာဝူက ဇဝေဇဝါဖြင့် မေးသည်။
"လူတစ်ယောက်က ကျွန်တော့်စားသောက်ဆိုင်ရှေ့မှာ လာပြီး ပြဿနာရှာနေတယ်။ သူ့ကို အမြန်ဆုံး ဖယ်ရှားပေးစေချင်တယ်။ သူက ကျွန်တော့်လုပ်ငန်းကို အနှောင့်အယှက် ပေးနေပါတယ်" ယွမ်ကျိုးက ဝတ်စုံဝတ်လူကို "ပြဿနာရှာသူ" အဖြစ် တိုက်ရိုက် အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည်။
"ဘာ ဘယ်သူကများ သူဌေးယွမ်ရဲ့ ဆိုင်ရှေ့မှာ ပြဿနာရှာရဲတာလဲ" ဒါရိုက်တာဝူ ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူမ၏ ဒေါသမှာ ဟန်ဆောင်မှုမဟုတ်ဘဲ ၁၀၀% အစစ်အမှန်ဖြစ်သည်။ ယွမ်ကျိုးမှာ ဤနယ်မြေတစ်ခုလုံး၏ GDP ကို တစ်ယောက်တည်း ထမ်းတင်ပေးထားသူ မဟုတ်ပါလား။
"ဒါရိုက်တာဝူရဲ့ ခွင့်ပြုချက်နဲ့ပဲ လူတစ်ယောက်က သူ့ရဲ့ အရောင်းစက်ကို ကျွန်တော့်ဆိုင်တံခါးဝမှာ လာချထားပါတယ်"ယွမ်ကျိုးက အေးဆေးစွာ ဆက်ပြောသည်။
ထိုအခါမှ ဒါရိုက်တာဝူသည် ဝတ်စုံဝတ်လူ၏ တင်ပြချက်ကို သတိရသွားပြီး မျက်နှာပျက်သွားတော့သည်။
"အို... ဒါက ကျွန်မအမှားပါ။ အစကတော့ ဖောက်သည်တွေ သောက်စရာဝယ်ရတာ အဆင်ပြေအောင်လို့ ခွင့်ပြုပေးလိုက်တာပါ။ စိတ်မပူပါနဲ့ သူဌေးယွမ်... သူ့ကို အခုချက်ချင်း တခြားနေရာ ပြောင်းခိုင်းလိုက်ပါ့မယ်"
သို့သော် ယွမ်ကျိုးက ခေါင်းခါလျက် ပြတ်သားစွာပင် ပြောလိုက်သည်။
"တခြားနေရာ ပြောင်းခိုင်းဖို့ မလိုပါဘူး...သူ ဒီကို ဘယ်လို ရွှေ့လာသလဲ၊ အဲဒီအတိုင်းပဲ ပြန်ရွှေ့သွားစေချင်တာပါ"
ဒါရိုက်တာဝူက ယွမ်ကျိုး၏ စိတ်သဘောထားကို နားလည်သွားပြီး ပြုံး၍ ချက်ချင်းပင် အဖြေပေးလိုက်သည်။
"ကောင်းပြီလေ ယွမ်လေး... မင်းဖြစ်စေချင်တဲ့အတိုင်းပဲ လုပ်ပေးပါ့မယ်။ သူ့စက်က လမ်းသွားလမ်းလာတွေကို အနှောင့်အယှက် ဖြစ်စေတာဆိုတော့ ပြန်ဖယ်ခိုင်းလိုက်ဖို့ ကျွန်မ တာဝန်ယူပါတယ်"
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၄၈၀)
ပြီးပါပြီ။