သနားစဖွယ်ရေခဲလူသား
Vol. 22 Ch. 309
အန်လင်းသည် တလက်လက် တောက်ပလျက်ရှိသော နေရောင်အောက်မှာပင် ရေခဲတုံးဘဝသို့ ရောက်ရှိသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုအား ထူထဲသည့် ရေခဲလွှာတစ်ထပ် ရှိနေသေးသည်။
လူတိုင်းမှာလည်း တုန်လှုပ်မှု အတိုင်းသားဖြင့် အန်လင်းအား ကြည့်နေလေသည်။
“ဒီလိုမျိုး ရေခဲတုံးအဖြစ် ပြောင်းသွားအောင် အန်လင်းက ဘယ်လိုမျိုး ကျင့်ကြံခြင်းနည်းစနစ်ကို အသုံးပြုတာလဲ။”
ချန်ယင်သည် ထိတ်လန့်တုန်လှုပ်မှု အတိုင်းသားဖြင့် ကြည့်နေပြီး သူ၏ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လည်သွားသလိုပင်။
“သူ့ရဲ့မျက်လုံးကိုတောင် မပိတ်ရသေးဘူးလေ။ တကယ်ကော အဆင်ပြေပါ့မလား။” လုရွှယ်သည် မျက်လုံးများ ပြူးကျယ်ကာဖြင့် စိတ်ဝင်တစား ကြည့်နေလေသည်။
အန်မင်ချွန်မှာလည်း အန်လင်း၏ နာကျင်သည့်အမူအရာအားကြည့်ကာ အတော်လေး ပူပန်နေမိသော်ငြား သူလုပ်နိုင်သည့်အရာ ဘာမျှ မရှိချေ။
“လင်းလေးကို မြောက်ဘက်မြူတောင်ဆီ ပြန်ခေါ်သွားလိုက်မယ်။” ဇွန်ဘီနတ်ဘုရားမ လွတ်မြောက်နေသေးသည်ကြောင့် ချန်ပိုင်တောင်မှာ လုံခြုံသည့်နေရာတစ်ခု မဟုတ်ကြောင်း အန်မင်ချွန်သိသည်။
သူစဉ်းစားနိုင်သည့် အလုံခြုံဆုံးသော နေရာမျာ မြောက်ဘက်မြူတောင် ဖြစ်သည့်အတွက် အန်လင်းအား တတ်နိုင်သမျှ မြန်အောင် ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ကောင်းပြီလေ။ အကူအညီလိုရင် ငါတို့ကို အချိန်မရွေး အကြောင်းကြားနိုင်တယ်။” ချန်ယင်သည် စိုးရိမ်သည့် အမူအရာဖြင့် အန်မင်ချွန်အား နှုတ်ဆက်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးချန်။ ကျွန်တော်အခုပဲ သွားတာ့မယ်။”
အန်မင်ချွန် လက်နှစ်ဖက် ယှက်ကာဖြင့် အရိုအသေ ပေးလိုက်ပြီးနောက် အန်လင်းအား ကောက်ယူလိုက်သည်။
“အန်ကောကို ကျွန်တော့်ကျောပေါ်တင်လိုက် ဦးလေးအန် ကျွန်တော် သယ်သွားပေးမယ်။ ဝုတ်” တပိုင် အကြံပြုသည်။
အန်မင်ချွန် ခေါင်းညိတ်လိုက်ပြီးနောက် ရေခဲရုပ်တု အန်လင်းနှင့်အတူ တပိုင်၏ကျောပေါ်သို့ ခုန်တက်လိုက်သည်။ သူတို့နှစ်ဦးသား လေထဲသို့ မြင့်တက်သွားကြလေသည်။
မြောက်ဘက်မြူတောင်ထိပ်။
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အိမ်ငယ်တစ်ခုအတွင်း၌ ထိုင်လျက်ရှိပြီး စိတ်လက်ပေါ့ပါးစွာဖြင့် လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။
ထို့နောက်တွင် ရင်းနှီးနေသည့် အော်ရာအား အာရုံခံမိသည့်အတွက် အဝေးမှ ပျံသန်းလာနေသည့်သူအား ကြိုဆိုရန် ချက်ချင်းဆိုသလို အကာအကွယ် အစီအရင်ကို ဖွင့်လိုက်သည်။
“ဟားဟားဟား မျှော်လင့်ထားတဲ့အတိုင်းပဲ အန်လင်း ဝင်ပါလိုက်တာနဲ့ မြန်မြန်ဆန်ဆန် ပြီးသွားတာပဲ။ အခုတော့ အေးအေးဆေးဆေး လက်ဖက်ရည်သောက်ဖို့ အချိန်ရှိလာခဲ့ပြီပေါ့လေ။” စွေ့ကျဲ့ မတ်တတ်ရပ်ကာဖြင့် အပြုံးတစ်ခုနှင့်အတူ ကြိုဆိုလိုက်သည်။
ထို့နောက်တွင် သူ၏မျက်နှာပေါ်ရှိ အပြုံးမှာ အေးခဲသွားလေသည်။
တပိုင်ရဲ့ကျောပေါ်မှာ ဘာလို့ အန်မင်ချွန်က ထိုင်နေရတာလဲ။
သောက်ကျိုးနည်းဟေ့.. အန်လင်းက အန်မင်ချွန်ရဲ့ ပေါင်ပေါ်မှာလား။ ဒါဆိုလည်း ဘာလို့ ရေခဲတုံး ဖြစ်နေရတာလဲ။
အန်မင်ချွန်သည် အန်လင်းအား ညင်သာစွာဖြင့် မြေပြင်ပေါ်ချလိုက်သည်။
စွေ့ကျဲ့ စိုးရိမ်ပူပန်သည့် အမူအရာဖြင့် အလျင်စလို ပြေးလာလေသည်။ “မင်ချွန်ရေ.. အန်လင်းက ဘယ်.. ဘယ်လိုဖြစ်တာလဲ။”
“သုံးရက်တိတိ ရေခဲတုံးထဲ ရောက်နေမယ့် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုကို ကျင့်ကြံနေလို့တဲ့လေ။ သူ့ရဲ့ လုံခြုံရေးအတွက် ကျွန်တော် ဒီကို ပြန်သယ်လာတာ။” အန်မင်ချွန်သည် နေပူပူအား ကြည့်လိုက်ပြီးနောက် “ကျွန်တော် သူ့ကို ဒီနေရာမှာပဲ ထားလိုက်မယ်။ နေရောင်ခြည်က သူ့ကို နည်းနည်းလောက်ပဲဖြစ်ဖြစ် နွေးစေဖို့ မျှော်လင့်ရတာပဲ။”
စွေ့ကျဲ့ ရေခဲတုံးအား စိုက်ကြည့်ပြီးနောက် မည်သို့ပြုလုပ်ရမည်ကိုပင် မသိတော့ချေ။ သူ၏ သက်တမ်းတစ်လျှောက် ဤကဲ့သို့သော အခြင်းအရာမျိုးအား မြင်တွေ့ခဲ့ဖူးခြင်း မရှိခဲ့ပါ။
အန်လင်းမှာ အလွန်ဆန်းကြယ်သည့် အခြေအနေသို့ ရောက်ရှိနေပုံရသည်။
သူ၏အသိစိတ်များ ကင်းမဲ့နေခြင်း မဟုတ်သော်ငြား ခန္ဓာကိုယ်တစ်ခုလုံးမှာမူ အဆုံးမဲ့အေးစက်မှု၏ အညှာအတာမဲ့ ကျူးကျော်ခြင်းအား ခံစားနေရသည်။
သူ၏ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်သော အေးစက်မှုမျိုးဖြစ်သည့်အတွက် အလွန်အမင်း စိတ်ပျက်ဖွယ် ကောင်းလွန်းလှသည်။
ဖခင်ဖြစ်သူ၏ ပူပန်သောကရောက်နေသော အမူအရာနှင့်အတူ စွေ့ကျဲ့၏ သိလိုစိတ်နှင့်အတူ စိုးရိမ်မှုတို့ ရောယှက်နေသည့် အမူအရာတို့အား မြင်တွေ့နေရလေသည်။ တပိုင်မှာလည်း သူ၏အရှေ့တွင် မတ်တတ်ရပ်လျက်နှင့် ရှိနေပြီး အရည်လဲ့နေသော မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေသေည်။
ရုတ်တရက်ဆိုသလို တပိုင်၏မျက်နှာပေါ်တွင် ညစ်ထစ်ထစ် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
အန်လင်း၏ နားအတွင်းသို့ အသံပို့လွှတ်လိုက်သည်။ “အန်ကော အသက်ရှိနေသေးတယ် မဟုတ်လား။ စကားပြောနိုင်လား။”
အန်လင်း : “…”
အန်လင်းမှာ မည်သည့်အရာကိုမျှ ပြုလုပ်နိုင်စွမ်း မရှိချေ။ အသိစိတ် ရှိနေသေးသော်လည်း သူ၏ခန္ဓာကိုယ်ရှိ မည်သည့်အစိတ်အပိုင်းကိုမျှ လှုပ်ရှားနိုင်စွမ်း မရှိပေ။
ထို့နောက်တွင် တပိုင်သည် သူ၏ဖုန်းအား ထုတ်ယူလိုက်ပြီးနောက် နံပါတ်တစ်ခုအား ခေါ်ဆိုလိုက်သည်။
“ဟယ်လို စုရှောင်လန်လား။ အန်လင်းက ရေခဲတုံးဖြစ်သွားပြီလေ။ အဲဒါ ဒီကိုလာပြီးတော့ ကြည့်ဦးမလား။”
“အလျင်မလိုပါဘူး။ ဒါပေမဲ့ သုံးရက်ပဲ ရမယ်ဆိုတာကို မှတ်ထားနော်။ လုံးဝ လက်လွှတ်မခံသင့်တဲ့ ရှားပါးအခွင့်အရေးပဲ။”
“အာဟာ.. ဒါဆို လိုကေးရှင်း ပို့ပေးလိုက်မယ်နော်။ ဟီးဟီးဟီး ဝုတ်”
ဖုန်းချလိုက်ပြီးနောက်တွင် နောက်ထပ် နံပါတ်တစ်ခုအား ခေါ်ဆိုပြန်သည်။
“ဟယ်လို.. ရွှမ်ယွမ်ချန်လား။ အန်လင်းက ရေခဲတုံးဖြစ်သွားတယ်လေ။ အဲဒါ လာကြည့်ချင်လားလို့ မေးတာ။”
“အလျင်မလိုပါနဲ့။ တခြားသူတွေ လုပ်တာ မဟုတ်ပါဘူး။ သူ့ဘာသာသူ ဖြစ်တာလေ။ ဒါပေမဲ့ ဒီကိုလာဖို့ သုံးရက်ပဲ အချိန်ရမယ်နော်။”
“ဒီလို ရှားပါးအခွင့်အရေးကို လက်လွှတ်မခံချင်ဘူး မဟုတ်လား။ ဟီးဟီးဟီး အခုပဲ လိုကေးရှင်းလေး ပို့ပေးလိုက်မယ်နော်။ ဝုတ်”
အန်လင်း၏မျက်နှာပေါ်တွင် ကြေကွဲသည့် အမူအရာများ ထင်ဟပ်လာသည်။
“သနားဖို့ကောင်းလိုက်တာ။ လျှိုချင်ဟွမ်မှာ ဖုန်းနံပါတ် မရှိရှာဘူး။ ဝုတ်”
အန်လင်းမှာ ရေခဲထဲ အတောင့်လိုက် ရပ်နေရင်းဖြင့် အလွန်အမင်း ဆင်းရဲဒုက္ခရောက်နေရသည်။
သူ့အား ပြတိုက်တစ်ခုသဖွယ် လာရောက်ကြည့်ရှုရန် မည်သည့်အတွက်ကြောင့် အခြားလူများစွာအား ခေါ်ဆိုနေရမှန်း မသိချေ။
ဟီးဟီး တပိုင်လေးက တကယ်ကို အရွယ်ရောက်လာခဲ့ပြီပဲ။ ကြည့်ရတာတော့ နောက် သုံးရက်ကြာရင် ခွေးသားစားရတော့မယ်နဲ့ တူတယ်။
စုရှောင်လန်နှင့် စုချန်းရန်တို့ ဦးစွာရောက်ရှိလာကြသည်။ သူမတို့နှစ်ဦးသည် လေထဲမှ ဆင်းလာကြပြီးနောက် အန်လင်း၏အရှေ့တွင် ခြေချလိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့်ပင် သူမတို့နှစ်ဦးသည် ဤအခွင့်အရေးအား လက်လွှတ်မခံနိုင်ခြင်းကြောင့် ရောက်ရှိလာကြခြင်း မဟုတ်ကြပဲ စိုးရိမ်ပူပန်သည့် အမူအရာများဖြင့် ရောက်လာကြခြင်း ဖြစ်သည်။
“အန်လင်းရေ.. နင်အဆင်ပြေရဲ့လား။ ငါ့ကိုပြောပါဦး။ အခုလိုမျိုး မခြောက်ပါနဲ့။” စုရှောင်လန်၏ နူးညံ့သည့် သွင်ပြင်လေးမှာ ထိတ်လန့်တုန်လှုပ်လျက်ရှိပြီး အန်လင်းနိုးထလာစေရန် ရေခဲတုံးအား ညင်သာစွာ ပုတ်လိုက်သည်။
“ရှောင်လန်ရေ.. အလျင်စလို မလုပ်ပါနဲ့ဦး။ အန်လင်းကို အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်မိရင် ဘယ်လိုလုပ်မလဲ။” စုချန်းရန် အလျင်စလို တားဆီးလိုက်သည်။
“အဲဒါဆိုရင် ဒီရေခဲတုံး အရည်ပျော်သွားအောင် မီးမြှိုက်ပစ်မယ်။”
စုရှောင်လန်၏ လက်ချောင်းသွယ်သွယ်များတွင် ရွှေရောင်မီးများ ပေါ်ထွက်လာပြီး ရေခဲတုံးအား ထိုမီးလက်ချောင်းထိပ်များဖြင့် ထိုးနေလေသည်။
ထိုမီးတောက်များတွင် သန့်စင်ယန်စွမ်းအင် ပါဝင်နေသည့်အတွက် အမှန်တကယ်ကိုပင် အန်လင်းအား အနည်းငယ်မျှ နွေးထွေးလာစေသည်။
ဤခံစားချက်မှာ အလွန်တရာ အေးစက်နေသည့် ရေခဲမြစ်အတွင်း၌ ရေနွေးစီးကြောင်းတစ်ခုနှင့် တွေ့ကြုံရသကဲ့သို့ ဖြစ်သည်။
အန်လင်း စိတ်လှုပ်ရှားသွားမိသည်။ စုရှောင်လန်မှာ အမှန်တကယ်ကိုပင် အကောင်းဆုံးသူ ဖြစ်လေသည်။
“ရှောင်လန်ရေ.. အလျင်မလိုပါနဲ့ဦး။ ဒီလိုနဲ့ အန်လင်း မီးကျွမ်းသွားရင် ဘယ်လိုလုပ်မလဲ။” စုချန်းရန် အလျင်စလို တားဆီးလိုက်ပြန်သည်။
အန်လင်း : “…”
စုရှောင်လန် မျက်မှောင်ကြုတ်သွားလေသည်။ သူမ၏ ကြိုးပမ်းအားထုတ်မှုတို့မှာ အသုံးမဝင်ကြောင်း သိလိုက်ရသည့်အတွက် အဆုံးတွင် လက်လျှော့လိုက်လေသည်။ ယင်းသည် သာမာန်ရေခဲတုံးတစ်ခု မဟုတ်သည့်အတွက် သူမ၏ မီးတောက်များဖြင့် အရည်မဖျော်နိုင်ခြင်း ဖြစ်ကြောင်း သိသာလှသည်။
ဤသို့ဖြင့် အန်လင်းသည် သူ့ဘဝ၏ ရေနွေးစီးကြောင်းလေးအား ဆုံးရှုံးလိုက်ရလေသည်။
နောက်ထပ်တစ်ဖန် အဆုံးမဲ့ အေးခဲလှသည့် ဝေဒနာတောအတွင်းသို့ ကျဆင်းသွားရပြန်သည်။
မျက်ရည်များ စီးကျနိုင်မည်ဆိုလျှင် ထိန်းချုပ်မရနိုင်လောက်အောင် ငိုကြွေးနေမိမည် ဖြစ်သည်။
အန်လင်းအနေဖြင့် စုရှောင်လန် သူမ၏ မီးတောက်များအား ပြန်လည် အသုံးပြုပေးရန်သာ ဆုတောင်းမိတော့သည်။ စုချန်းရန်ရေ... နင်.. နင်.. ဘာလို့များဟာ။
ထိုအချိန်မှာပင် အန်မင်ချွန်သည် စုရှောင်လန်အား မြင်တွေ့ရန်အတွက် စိတ်လှုပ်ရှားစွာဖြင့် ရောက်ရှိလာလေသည်။
“သမီးက စုရှောင်လန်လား။ ဦးလေးက အန်လင်းရဲ့ အဖေ အန်မင်ချွန်ပါ။” အန်မင်ချွန်သည် စုရှောင်လန်အား ကြင်နာစွာဖြင့် ကြည့်လိုက်သည်။
စုရှောင်လန်၏ မျက်နှာတွင် ချစ်ခင်ဖွယ်ရာ အပြုံးတစ်ခု ပေါ်လာသည်။ “မင်္ဂလာပါ ဦးလေး အန်။ အန်လင်းဆီကနေ ဦးလေးရဲ့အကြောင်းတွေ ကြားထားပါတယ်။ အာ.. ဦးလေးအတွက် လက်ဆောင်နည်းနည်း ယူလာခဲ့တယ်။”
အန်မင်ချွန်သည် စုရှောင်လန် ယူဆောင်လာခဲ့သော ဆေးလုံးများ၊ ကာကွယ်ရေးပစ္စည်းများအား ကြည့်ကာဖြင့် အလွန်အမင်း စိတ်လှုပ်ရှားသွားလေသည်။ သူ၏ အနာဂတ် ချွေးမလောင်းအား အလွန် သဘောကျနေမိသည်။
အန်မင်ချွန်မှာ အန်လင်း၏ ဖခင်ဖြစ်ကြောင်း သိရှိပြီးသည့်နောက်တွင် စုချန်းရန်သည် ပုတီးတစ်ကုံး ထုတ်ယူကာ ပေးလိုက်လေသည်။
အန်မင်ချွန်သည် စုချန်းရန်၏ ပြိုင်ဘက်ကင်းအလှအား စေ့စေ့စပ်စပ် ကြည့်နေမိသည်။ သူ၏ အသက်အရွယ်မှာပင် နှလုံးခုန်နှုန်းများ မြန်ဆန်လာပြီး အသက်ရှူနှုန်းများ ကပြောင်းကပြန် ဖြစ်ရသည်။ စုချန်းရန်မှာ သူတွေ့ဖူးသမျှထဲတွင် အလှပဆုံးသော အမျိုးသမီး ဖြစ်လေသည်။
စုချန်းရန်သည်လည်း အန်လင်း၏ သူငယ်ချင်းဖြစ်ကြောင်း သိလိုက်ပြီးနောက်တွင် အန်မင်ချွန်သည် သူမတို့နှစ်ဦးအား လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောဆိုရန် ဖိတ်ခေါ်လိုက်သည်။ စုချန်းရန်မှာ တရုတ်စကား ပြောတတ်ခြင်း မရှိသော်ငြား စုရှောင်လန်မှ ဘာသာပြန်ပြုလုပ်ပေးသည်ကြောင့် စကားဝိုင်းအတွင်းသို့ အခက်အခဲမရှိ ဝင်ရောက်နိုင်ခဲ့သည်။
အန်မင်ချွန်သည် ကမ္ဘာပေါ်မှ စိတ်ဝင်စားဖွယ်ရာ အတွေ့အကြုံများနှင့် အန်လင်း၏ ရယ်ရွှင်ဖွယ်ရာ ငယ်ဘဝဇာတ်ကြောင်းအချို့အား ပြောပြလေသည်။ စုရှောင်လန်နှင့် စုချန်းရန်တို့မှာမူ ကိုးပြည်ထောင်နိုင်ငံတော်မှ အတွေ့အကြုံများအား ပြောပြကြသည်။ သူတို့သုံးဦးသား လွတ်လပ်ပေါ့ပါးစွာဖြင့် အပြန်အလှန် စကားပြောဆိုလျက် ရှိကြသည်။
တပိုင်သည်လည်း စုချန်းရန်နှင့် စုရှောင်လန်တို့၏ အလယ်တွင် ပျော်ရွှင်စွာ လဲလျောင်းလျက် ရှိလေသည်။
ထိုအချိန်တွင် ရေခဲရုပ်တုမှာမူ သနားစဖွယ်ကောင်းလှစွာ တစ်ကိုယ်တည်း မတ်တတ်ရပ်ကာဖြင့် ရှိနေပြီး အိမ်ဆောင်အတွင်းရှိ စကားတိုင်းကိုသာ တိတ်ဆိတ်စွာ နားထောင်နေမိသည်။ ရေခဲရုပ်တုမှာ အမေ့လျော့ခံဘဝသို့ ရောက်ရှိနေပြီး သူပိုင်ဆိုင်ရာ အေးခဲငရဲထဲ၌သာ မွေ့လျော်နေရလေသည်။
နေရောင်ခြည်တောက်ပစွာ ဖြာကျလျက်ရှိပြီး နွေးထွေးသည့် အလင်းရောင်သည် အန်လင်း၏ ရေခဲတုံးပေါ်သို့ ကျရောက်လျက်ရှိသော်လည်း သူ၏နှလုံးသားကိုမူ နွေးထွေးစေနိုင်ခြင်း မရှိချေ။
***