သခင်လေး အနားယူပုံယူနည်း
Vol. 32 Ch. 444
အခန်း (၄၄၄) သခင်လေး အနားယူပုံယူနည်း
မိုးကြိုးဂိုဏ်းချုပ်မှာ ခေါင်းမဖော်ဝံ့တော့ဘဲ ချက်ချင်းပင် မြေပြင်နှင့်ဦးခေါင်း ပြေးဆောင့်လျှက် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ချင်မိသည်။
သူအလွန်တရာတန်ဖိုးထားပါလေသော ရတနာပစ္စည်းကို ရန်ကျောက်ကဲက အလွယ်လေးယူဆောင်သွားပြီဖြစ်ရာ မိုးကြိုးဂိုဏ်းချုပ်မှာ သွေးအန်လုမတတ် ဖြစ်ရသည်။
မိုးကြိုးကျောက်ပြားဟုခေါ်ဆိုသော အဆိုပါကျောက်ပြားသည် မိုးကြိုးဂိုဏ်က အထွတ်အမြတ်ထားရာ ရတနာပစ္စည်းတစ်ခု ဖြစ်၏။ ထိုပစ္စည်းသည် နဂါးအရိုးဆက်နှင့် အနီရောင်ဘူးသီးခြောက်တို့နှင့်အတူ မျောလွင့်ဝိညာဉ်ကမ္ဘာ၏ အထွတ်ထိပ်ရတနာပစ္စည်း (၃)မျိုးတွင် တစ်မျိုးအပါအဝင် ဖြစ်သည်။
ထို မိုးကြိုးကျောက်ပြားအတွင်းတွင် ကြီးမားပြင်းထန်သော စွမ်းအားတစ်ခု ကိန်းအောင်းနေကြောင်း မိုးကြိုးဂိုဏ်းချုပ် ရှာဖွေတွေ့ရှိသည်မှာ မကြာသေးပေ။
သို့သော် အချိန်အလောက်မရှိသောကြောင့် အတွင်းထဲမှစွမ်းအားကို နားလည်အောင် မလေ့လာနိုင်ခဲ့ပေ။
ယခု ရန်ကျောက်ကဲကိုနောက်ဆုတ်သွားစေရန်အတွက် ထိုကျောက်ပြားထဲမှ အမည်မသိစွမ်းအားကို ထုတ်ယူအသုံးပြုလိုက်ရခြင်းပင်။
သို့ပေသိ သူတို့ဂိုဏ်းမှ အထွတ်ထိပ်ရတနာပစ္စည်းသည် ရန်သူလက်တွင် ဤသို့နှယ် လက်နက်ချဝပ်တွားသွားမည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့မိပေ။
မိုးကြိုးဂိုဏ်းချုပ်သည် ထိုရတနာပစ္စည်းကို သန့်စင်ရာတွင် အလွန်သတိထားခဲ့ပြီး ထိန်းချုပ်မှုဆုံးရှုံးသွားမည် စိုးရိမ်သည့်အတွက် တိုးတက်မှုပင် နှေးကွေးခဲ့ရသည်။
ရန်ကျောက်ကဲကတော့ ထမင်းစားရေသောက်ပမာ ချက်ချင်းပင် လွယ်ကူစွာ ထိန်းချုပ်နိုင်ခဲ့သည်။
ဤသည်ကိုကြည့်ရင်း မိုးကြိုးဂိုဏ်းချုပ်မှာ အဘယ်မှာ သွေးမအန်ဘဲ နေနိုင်ပါမည်နည်း။
ဆန့်ကျင်ဘက်အနေဖြင့် ရန်ကျောက်ကဲကတော့ အလွန်တရာ ပျော်ရွှင်လျှက် ရှိ၏။
“အစကတည်းက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစနဲ့ စွမ်းအားချင်းဆင်တူနေတယ်လို့ မရေမရာ ခံစားနေရတာ ၊ ဒီ ကျောက်ပြားသာကွဲမသွားရင် ငါလည်း သေသေချာချာ သိမှာမဟုတ်ဘူး”
“မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစတစ်ခုက ဒီကျောက်စာထဲရောက်နေမယ်လို့ ထင်မထားဘူး ၊ ပြီးတော့ ငါ့ဆီအလိုလို ရောက်လာမယ်လို့လည်း မျှော်လင့်မထားဘူး ၊ မထင်မှတ်ဘဲ အချီကြီးပွတာပဲ... ဟက်ဟက်”
ရန်ကျောက်ကဲ၏ ညာဘက်မျက်ဝန်းမှ မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လျှက် ရှိသည်။
အသစ်ရရှိလာသော မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက နဂိုက ရန်ကျောက်ကဲတွင်ရှိနေသော မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစဖြင့် အလိုအလျောက် ပေါင်းစပ်သွားခဲ့သော်လည်း ထပ်မံသန့်စင်ရန် လိုအပ်သေးသည်။
သို့သော် နဂိုရှိရင်းစွဲအပိုင်းအစနှင့် သူ၏ကျင့်ကြံခြင်းအဆင့်မြင့်မားလာမှုကြောင့် ဤကိစ္စက အလွန်လွယ်ကူနေမည်ဖြစ်ပြီး အချိန်များစွာလိုအပ်မည် မဟုတ်ပေ။ တိုက်ဆိုင်မှုအတွက် ရန်ကျောက်ကဲစိတ်ထဲ အလွန်တရာ အံ့အားသင့်နေမိသည်။
“မျောလွင့်ဝိညာဉ်ကမ္ဘာကိုရောက်လာတာ အလကားမဖြစ်တော့ဘူးပေါ့”
ရန်ကျောက်ကဲကိုကြည့်ရင်း သွေးနီတိမ်တိုက်ဂိုဏ်း ၊ မိုးကြိုးဂိုဏ်းနှင့် မီးတောက်ဂိုဏ်းတို့မှာ အဆုံးမရှိကြောက်ရွံ့မှုကို ခံစားလိုက်ကြရသည်။
ယခင်က...
အလွန်တရာဒေါသထွက်ခြင်း ၊ နောက်ပြန်မဆုတ်နိုင်ခြင်း ၊ အမျက်နှင့် နာကျည်းခြင်းများကို ခံစားခဲ့ကြရသည်။
ယခုတော့ ထိုခံစားမှုများအားလုံး ပျောက်ဆုံးလျှက် တစ်ခုတည်းသော ခံစားချက်သာလျှင် ကျန်ရှိတော့သည်။
“ကြောက်ရွံ့ခြင်း”။
အကြောက်တရားက ပြင်းထန်လွန်းသဖြင့် သူတို့၏စိတ်နှင့်ခန္ဓာသည်ပင် ထုံကြဉ်လျှက်ရှိသည်။
မိုးကြိုးဂိုဏ်းမှထုတ်သုံးလိုက်သော နောက်ဆုံးဝှက်ဖဲကို ရန်ကျောက်ကဲက ခပ်လွယ်လွယ်ပင် ချိုးနှိမ်လိုက်လေရာ လှုပ်ရှားနိုင်စွမ်းကျန်ရှိသော ရန်သူများအားလုံး တစ်ချိုးတည်းထွက်ပြေးကြတော့၏။
… ဒဏ်ရာအပြင်းအထန် ရရှိထားသူများပင် အတင်းအကျပ် လှုပ်ရှားရုန်းကန်ရင်း ရှိသမျှစွမ်းအားဖြင့် ထွက်ပြေးရန် ကြိုးစားကြသည်။
အနီရောင်ဘူးသီးခြောက်ကဲ့သို့ပင် မိုးကြိုးကျောက်ပြားသည်လည်း မည်မျှကြောက်မက်ဖွယ်ရာကောင်းကြောင်း အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းသမားတိုင်း သိကြသည်ပင်။
နဂါးစိမ်းတောင် ၊ သွေးနီတိမ်တိက်ဂိုဏ်းနှင့် မီးတောက်ဂိုဏ်းတို့က ထိုကျောက်ပြားကို ဖျက်ဆီးခွင့်ရလျှင် သို့မဟုတ် ခိုးယူခွင့်ရလျှင် မဆိုင်းမတွပင် လုပ်ဆောင်ကြမည် ဖြစ်၏။
မိုးကြိုးဂိုဏ်းချုပ်က မိုးကြိုးကျောက်ပြားကို ထက်ပိုင်းခွဲလိုက်ချိန်တွင် အတွင်းမှထွက်ပေါ်လာသော ခရမ်းရောင်အလုံးအဝန်းသည် ယခင်က မိုးကြိုးကျောက်ပြားထက် အဆပေါင်းများစွာ စွမ်းအားမြင့်မားကြောင်း သူတို့အားလုံး အာရုံခံမိကြသည်။
သို့သော် ရန်ကျောက်ကဲကတော့ စကားပြောရင်း ရယ်ရင်းမောရင်းပင် ထိုရတနာပစ္စည်းကို အလွယ်တကူ ယဉ်ပါးစေခဲ့သည်။ ‘မီးတောက်နတ်ဆိုးလူသတ်အစီအရင်ကြီး’ ကို ချိုးဖျက်ပြီး အနီရောင်ဘူးသီးခြောက်ကို ဓားဖြင့်ထိုးခွဲပစ်လိုက်သလို ဤ ခရမ်းရောင်အလုံးအဝန်းကိုလည်း အေးဆေးစွာပင် အနိုင်ယူသွားခဲ့သည်။
ဤသည်က လုမင်နှင့် အခြားသူများကို အကြောက်လွန်ကာ ထုံကြဉ်သွားစေသည်အထိပင်။ ယခင်က သူတို့ ထိုမျှ ပြတ်ပြတ်သားသား ရန်ကျောက်ကဲကို ကြောက်ရွံ့ခြင်း မရှိသေးပေ။
ဖုရန်တိုင်းပြည်တွင် ရန်ကျောက်ကဲတို့အုပ်စုက နဂါးဖြစ်ပါလျှက် ရေမြွေပမာ ဟန်ဆောင်ခဲ့ကြကြောင်းကို သူတို့ မရိပ်မိခဲ့ကြပေ။ ယခုတော့ ရန်ကျောက်ကဲ၏ အစစ်အမှန်စွမ်းအားက မည်မျှနက်ရှိုင်းမှန်း သူတို့ အားလုံး ခန့်မှန်းနိုင်စွမ်း မရှိကြတော့ပေ။
မျောလွင့်ဝိညာဉ်ကမ္ဘာသို့ မကြာခင်ကမှ ရောက်ရှိလာသော ထိုလူငယ်သည် သူတို့ ဂိုဏ်း (၃) ဂိုဏ်း ပူးပေါင်းစွမ်းအားကို အချိန်တိုအတွင်း အနိုင်ယူခဲ့သည်။ ယခု အရှုံးတရားကိုရင်ဝယ်ပိုက်ကာ ခွေးပြေးဝက်ပြေး ပြေးကြရသည့်တိုင် ထိုလူငယ်၏တန်ခိုးစွမ်းအားစက်ကွင်းမှ လွတ်မြောက်နိုင်ပါမည်လား မသေချာပေ။
သူတို့ကြားမှ စွမ်းအားကွာခြားမှု မြင့်မားလှသဖြင့် မိုးကြိုးဂိုဏ်းနှင့် မီးတောက်ဂိုဏ်းမှ သိုင်းသမားများသည် ရန်ကျောက်ကဲအပေါ်တွင် မုန်းတီးရန်ပင် မတတ်နိုင်ကြတော့ဘဲ ကူရာကယ်ရာမဲ့စွာ ထိတ်လန့်ခြောက်ခြားလျှက် ရှိကြတော့သည်။
သို့ပေသိ အကြောက်တရားနှင့် ဒေါသများကို ပုံချနိုင်ရန် ပစ်မှတ်တစ်ခုတော့ လိုအပ်ပေသည်။
သို့ဖြစ်ရာ မိုးကြိုးဂိုဏ်းနှင့် မီးတောက်ဂိုဏ်းမှ သိုင်းသမားများမှာ သွေးနီသက်တံ့ဂိုဏ်းကိုသာလျှင် အရင်ကနှင့်မတူစွာ မုန်းတီးအာဃာတ ထားမိကြတော့၏။
သွေးနီတိမ်တိုက်ဂိုဏ်းသာ ရန်ကျောက်ကဲ၏စွမ်းအားကို မှားယွင်းအကဲဖြတ်မိခြင်းမရှိပါက သူတို့အနေဖြင့် နံရံကိုခေါင်းဖြင့်ဆောင့်သလို ကိုယ့်သေတွင်းကိုယ်တူးသည့်အဖြစ်မျိုး ရင်ဆိုင်ရမည် မဟုတ်ပေ။
ထိုခဏမှာပင် မိုးကြိုးဂိုဏ်းနှင့် မီးတောက်ဂိုဏ်းမှ သိုင်းသမားများသည် နဂါးစိမ်းတောင်ဂိုဏ်းနှင့်ပူးပေါင်းပြီး သွေးနီတိမ်တိုက်ဂိုဏ်းကို ဝိုင်းဝန်းတိုက်ခိုက်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာကြသည်။
သို့သော် ဤသည်က စိတ်ကူးယဉ်မှုမျှသာဖြစ်ပြီး လောလောဆယ်မှတော့ အသက်ဘေးမှလွတ်ရန် သေပြေးရှင်ပြေးပြေးနေရသည်သာ။
ဂိုဏ်းချုပ် ‘လုမင်’ သည်လည်း သွေးနီတိမ်တိုက်ဂိုဏ်းမှ သိုင်းသမားများနှင့်အတူ အလျှင်အမြန် ထွက်ပြေးလာခဲ့သည်။ မိုးကြိုးဂိုဏ်းချုပ်မှာလည်း သူ၏ရတနာပစ္စည်းဆုံးရှုံးလိုက်ရသဖြင့် စိတ်ပျက်နေချိန်ပင်မရဘဲ သူ့လူများနှင့်အတူ ပြေးရတော့သည်။
မီးတောက်ဂိုဏ်းမှလူများကတော့ သနားစရာပင်။ သူတို့မှာ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ဖြင့် ဖိနှိပ်ခံထားရသဖြင့် ပြေးချင်တိုင်းမပြေးနိုင်ကြပေ။
သေပြေးရှင်ပြေး ပြေးကြသော လုမင်တို့အုပ်စုနောက်မှ ရန်ကျောက်ကဲ၏ဓားဝိညာဉ်က နဂါးတစ်ကောင် လီတစ်ထောင်အဝေးမှ ကြုံးဝါးသံဖြင့် လိုက်ပါသတ်ဖြတ်သည့်အတွက် သွေးနီတိမ်တိုက်ဂိုဏ်းမှ လူအတော်များများ သွေးချောင်းဆီး သေပွဲဝင်ခဲ့ကြရသေးသည်။
ရန်သူများထွက်ပြေးသွားကြသော်လည်း ရန်ကျောက်ကဲက အလျှင်စလို လိုက်ပါသွားခြင်းမရှိပေ။ သူက ကောင်းကင်ဘုံနန်းတော်ထောက်တိုင်အောက်သို့ လှမ်းကြည့်လိုက်၏။
ထိုနေရာတွင် မီးတောက်ဂိုဏ်းချုပ်ရှိနေသည်။ သူက ထူးဆန်းသော ကြုံးဝါးသံတစ်သံပြုလုပ်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ အလင်းသင်္ကေတများထွက်ပေါ်လာပြီး သူ၏မျက်ဝန်းများက မီးတောက်များပမာ နီရဲတောက်ပနေသည်။
‘မီးတောက်နတ်ဆိုးလူသတ်အစီအရင်ကြီး’ ကို ဖြိုခွင်းပြီးဖြစ်သည့်တိုင် သူ၏ဦးခေါင်းထက်တွင် ကြီးမားသော မီးကျီးကန်းပုံရိပ်ကြီး တဖြည်းဖြည်းဖြစ်တည်လာသည်ကို တွေ့မြင်ရ၏။
ရန်ကျောက်ကဲက သူ့ကို စိတ်ဝင်တစားကြည့်ရင်း အကဲဖြတ်လိုက်သည်။
“အင်း... ဒီကောင်က ခြေထောက်ချောက်ချောင်း လျှပ်စီးပျံကျားသစ် သွေးစွမ်းအားနဲ့ ကျင့်ကြံထားတဲ့ ‘လင်ကန်း’ ထက် အများကြီးသာတယ်”
“ဒါတောင် တော်တော် အသုံးမကျသေးဘူး”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲလက်ထဲမှ အစိမ်းရောင်ချောက်နက်ဓားက အလင်းရောင်တစ်ချက်လင်းလက်သွားပြီး မီးတောက်ဂိုဏ်းချုပ်မှာ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားတော့၏။
ရန်ကျောက်ကဲက သူတို့ဂိုဏ်းချုပ်ကို ဓားချက်တစ်ချက်ဖြင့် ခေါင်းဖြတ်သတ်လိုက်ကြောင်း တွေ့ရသည့်အခါ မီးတောက်ဂိုဏ်းသားများမှာ အချိန်အတော်ကြာ တုံ့ပြန်နိုင်စွမ်း ကင်းမဲ့သွားကြသည်။
ခပ်ဝေးဝေးမှကြည့်နေသည့် နဂါးစိမ်းတောင်ဂိုဏ်းချုပ် လော့ကျင်းဟောင်နှင့် အကြီးအကဲများမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ခန္ဓာကိုယ်များ တုန်တုန်ယင်ယင် ဖြစ်လာကြပြီး ခြေဖျားလက်ဖျားများအေးစက်လျှက် ကျောရိုးမှငယ်ထိပ်အထိ စိမ့်တက်သွားကြသည်။
မီးတောက်ဂိုဏ်းချုပ်ကို သတ်ဖြတ်ပြီးနောက် ရန်ကျောက်ကဲက တည်ငြိမ်စွာပင် နဂါးစိမ်းတောင်မှလူများကို လှမ်းကြည့်လိုက်သည်။
“မီးတောက်ဂိုဏ်းကကောင်တွေကို မင်းတို့ပဲ ဆက်ရှင်းလိုက်တော့”
လော့ကျင်းဟောင်နှင့် အခြားသူများ ခါးများမတ်သွားကြပြီး...
“ပြဿနာမရှိပါဘူး ပြဿနာမရှိပါဘူး”
ဟု ဆိုလိုက်ကြသည်။
ရန်ကျောက်ကဲက ခပ်တည်တည်ပင် ခေါင်းညိတ်ရင်း ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို သိမ်းဆည်းကာ နေရာမှ လှစ်ခနဲ ပျောက်ကွယ်သွားသည်။ သူက သွေးနီတိမ်တိုက်ဂိုဏ်းနှင့် မိုးကြိုးဂိုဏ်းမှ သိုင်းသမားများ ထွက်ပြေးရာနေရာသို့ အရှိန်အဟုန်ဖြင့် လိုက်ပါသွားခြင်းပင်။
ကြောက်မက်ဖွယ်ရာအရှိန်အဟုန်ကို တွေ့ရသည့်အခါ ရန်ကျောက်ကဲ ရန်သူများကို လိုက်မီနိုင်မည်မဟုတ်ဟု နဂါးစိမ်းတောင်မှသိုင်းသမားများ သံသယမဝင်ရဲကြတော့ပေ။
ရန်ကျောက်ကဲ မြင်ကွင်းမှပျောက်ကွယ်သွားတော့မှ နဂါးစိမ်းတောင်မှ သိုင်းသမားများမှာလည်း စိတ်သက်သာရာရကာ သက်ပြင်းချနိင်ကြသည်။
သူတို့အားလုံး အိပ်မက်မက်နေကြသူများပမာ ငြိမ်သက်နေမိကြပြီး တစ်ယောက်မျက်နှာတစ်ဘောက် ကြည့်လိုက်ကြသည်။
အစောပိုင်းက သွေးနီတိမ်တိုက်ဂိုဏ်း၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးပါရန် ရန်ကျောက်ကဲက သူတို့ကိုအားကိုးလိမ့်မည်ဟု နဂါးစိမ်းတောင်ဂိုဏ်းက ထင်မှတ်ခဲ့သည်။ ထို့ကြောင့် ရန်ကျောက်ကဲထံမှ ဖီရှိုးသွေးအနှစ်သာရတောင်းယူပြီး အလဲအလှယ်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ယခုတော့ ထိုသို့တွေးမိသည်ကို ရှက်လွန်းသဖြင့် ချွေးစေးများပျံလာပြီး တွင်းတူးကာပုန်းနေချင်စိတ်ပင် ဖြစ်လာရသည်။
သို့သော် ထိုစကားများကို ရန်ကျောက်ကဲရှေ့တွင် မပြောမိသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ကြရသည်။ အနည်းဆုံးတော့ သိက္ခာဆည်နိုင်သေးသည် မဟုတ်ပါလား။
နှင်းကြိုးကြာဂိုဏ်းချုပ် ‘စူးယွင်’ ကတော့ သူမ၏သခင်လေးက အခြေအနေကို ကိုင်တွယ်နိုင်မည်ဟု ယုံကြည်ခဲ့ဟန်ပင်။ ထို့ကြောင့် စိုးရိမ်ပူပန်ဟန် တစ်ချက်မှ မပြခဲ့ပေ။
ယခုတော့ လော့ကျင်းဟောင်နှင့် အခြားသူများမှာ စူးယွင်ကို မျက်နှာပူနေရတော့သည်။ သို့သော် နဂါးစိမ်းတောင်က ပြုလုပ်ခဲ့သောအမှားများကို ကုစားရန်အတွက် အရှက်ကင်းမဲ့စွာပင် စူးယွင်ကို ရှေ့မျက်နှာနောက်ထားကာ ရင်ဆိုင်ရတော့သည်။
အခြေအနေက ခပ်ကြောင်ကြောင်နိုင်လွန်းသော်လည်း နဂါးစိမ်းတောင်မှအကြီးအကဲအားလုံးကို အကြီးအကျယ် စိတ်သက်သာရာရစေသည့်အချက်မှာ အရင်တစ်ချိန်က ဂိုဏ်းချုပ်၏သားနှင့် စူးယွင်၏သမီးလက်ထပ်ခြင်းကို မည်သူမှ ကန့်ကွက်သူမရှိ သဘောတူခဲ့ကြခြင်းဖြစ်သည်။
ထိုစဉ်ကသာ လက်ထပ်ပွဲကို ဆန့်ကျင်ခဲ့မိပါက ယခုအခါတွင် “ခွန်အားပေးသနားပါနတ်မင်းများ” ဟုသာ ကောင်းကင်ဘုံကို ဝပ်တွားဆုတောင်းရပေတော့မည်။
နဂါးစိမ်းတောင်မှ အကြီးအကဲများ သူမကို မျက်နှာချိုသွေးလာသည်ကို စူးယွင်က တည်ငြိမ်စွာပင် ကြည့်လိုက်သည်။
သူမက သိမ်မွေ့သည့်လေသံဖြင့်...
“ဒါက ကျွန်မရဲ့ သခင်လေး အနားယူပုံယူနည်းပဲ ၊ သခင်လေးပြောတာတော့... ခရီးတွေထွက်ပြီး လူတွေအများကြီးနဲ့ တွေ့ဆုံရတာထက် တိုက်ခိုက်နေရတာက စိတ်အပန်းပြေတယ်တဲ့လေ”