သမီးကိုပေးခြင်း
Vol. 001 Ch. 82
ဟွာဂျီယူ ထွက်ခွာသွားပြီးနောက် ယိချိန်နှင့် တခြားလူများက ဝင်းထဲသို့ ပြန်ရောက်လာခဲ့ကြသည်။
"မနက်ဖြန် နန်ဒူကို သွားမှာလား...” ယိချန်က မေးလိုက်သည်။
"ခိုးနားထောင်နေကြတာလား...” ရီဖူရှင်းက ထိတ်လန့်တကြား မေးလိုက်သည်။
"မင်းတို့က အကျယ်ကြီး ပြောနေကြတာပဲ... ခိုးနားထောင်ဖို့ လိုသေးလို့လား...” ယိချန်က ထူးမခြားနားစွာ ပြောသည်... “မနက်ဖြန် မင်းကို ငါခေါ်သွားပေးမယ်...” ယိချန်က ပြောလိုက်သည်။
ရီဖူရှင်းက နောက်ဆုံးတွင် ပြုံးလိုက်သည်... “ဆရာကြီးက ကျွန်တော့်ကို တပည့်အရင်းလို ဆက်ဆံနေပြီပဲ...”
"အပိုတွေ မပြောနဲ့... မင်းရဲ့ဆရာက ငါ့ရဲ့ တပည့်တွေထဲက တစ်ယောက်ကို ခိုးယူသွားတာ အခုထိ လမ်းမှန်ကို မရောက်နိုင်သေးဘူး... ယူချင်းက မင်းစကားကို နားထောင်မှတော့ မင်းက ကောင်းကောင်းနေဖို့ လိုတယ်...” ယိချန်က ထိုသို့ ပြောကာ ထွက်သွားသည်။
ရီဖူရှင်း ဆွံ့အသွားသည်။ ယိချန်က သူ့အား အတော် မျှော်မှန်းထားသည်ကို သူသိသည်။ သို့သော် သူကား ဝန်မခံလိုပေ။ သူသည်လည်း အကျင့်ဆိုးများ ရှိနေသည်။ ကံကောင်းစွာပင် ရီဖူရှင်းက ယိချန်၏သမက် မဖြစ်ခဲ့ပေ။
"နင် တကယ်သွားမှာပေါ့...” ယိချိန်ချန်က သူ့အား ကြည့်လျက် မေးလိုက်သည်။ ထိုအရာက ပြဿနာ ဖြစ်လာမည်ဟု သူမ ခံစားမိနေသည်။
"ဆရာကတော်က လာခိုင်းတယ် ဆိုပေမဲ့ သူမက ငါ့ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး... ပြီးတော့ ငါ့မှာ ဝန်ကြီးချုပ် အမိန့်ပြား ရှိတယ်... အကယ်၍ နန်ဒူမိသားစုက ငါ့ကို သတ်ချင်တယ် ဆိုရင်တောင် သူတို့ရဲ့ နန်းတော်ထဲမှာတော့ လုပ်မှာ မဟုတ်ဘူး... မင်းရဲ့ အဖေကလည်း လမ်းမှာ ငါ့ကို ကာကွယ်မှာပဲ... ဒီတော့ ဘာမှ ပြဿနာရှိမှာ မဟုတ်ဘူး...”
ရီဖူရှင်း ရှင်းရှင်းလင်းလင်း နားလည်သည်။ ဝန်ကြီးချုပ်ကျိုက ပြောခဲ့သည်မှာ နန်ဒူနိုင်ငံ၏ဘုရင်က သူ့အား အလွန် အရေးပေးသည်။ ဝန်ကြီးချုပ်ဟွာက စစ်တပ်ကို ထိန်းချုပ်သော်လည်း သူက အဆင့်အတန်းအားဖြင့် တူတူပင်။ သူ ရီဖူရှင်းအပေါ် သဘောကောင်းသော်လည်း သူကဲ့သို့ သြဇာအာဏာ ကြီးသောသူမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူက ဒွန်ဟိုင်ကျောင်းတော်သို့ ရောက်ရှိလာသော အချိန်က ဒွန်ဟိုင်ကျောင်းတော်မှ ကျောင်းအုပ်များအားလုံးက သူ့အား ဦးညွှတ်ရသည်သာပင်။
"ဒါဆိုလည်း... ဂရုစိုက်...” ယိချိန်ချန်က ပြောလိုက်သည်။
"ကောင်းပြီ...” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
ယူချင်းက ပြောလိုက်သည်... “ငါလည်း မင်းနဲ့လိုက်မယ်...”
"ငါ့ရည်းစားကို သွားတွေ့မှာ ... မင်းက ဘာလို့သွားမှာလဲ... ဒီမှာနေပြီး မင်းရဲ့ရည်းစားကို ကြည့်နေ...” ရီဖူရှင်းက ရယ်မော၍ ပြောလိုက်သည်။
ယူချင်းက ယိချိန်ချန်အား တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းကုတ်လိုက်သည်... “ဟမ်...”
ရီဖူရှင်းက“မင်းရဲ့ ရည်းစား”ဟု ပြောလိုက်၍ ယူချင်းက သူမအား ကြည့်လာသည်ကို မြင်လျှင် ယိချိန်ချန် ရှက်ရွံ့သွားကာ ထိုနေရာမှ ပြေးသွားတော့သည်။
“ယူချင်း... ကြည့်ရတာ အားလုံး အဆင်ပြေနေတဲ့ပုံပဲ... ကောင်းတယ်...” ရီဖူရှင်းက ယူချင်းအား ကြည့်ကာ ရယ်မောလိုက်သည်။
"မဟုတ်ဘူး...” ယူချင်းက အနည်းငယ် ပြုံးလိုက်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။ သူ၏နောက်ကျောကို ကြည့်၍ ရီဖူရှင်း ပြုံးလိုက်သည်။ သည်ကောင်ပင်လျှင် မည်သို့ ရှက်ရမည်ကို နားလည်လာပေသည်။
***
နောက်တစ်ရက် သူ နန်ဒူမိသားစု နေရာကို ရောက်လာသောအခါ ထိုနေရာတွင် နှစ်ရာပေါင်းများစွာ သမိုင်းနောက်ခံရှိသော ခြံဝင်းကျယ်ကြီးအား တွေ့ရသည်။ ရာစုနှစ် အနည်းငယ်က နန်ဒူနိုင်ငံ၏ တည်ထောင်သူက သည်နေရာမှ မွေးဖွားခဲ့သည်။ သူကား တကယ့် ဘုရင်မင်းမြတ် အစစ်ဖြစ်ကာ နောက်ပိုင်းတွင် သူ၏မျိုးဆက်များက သူ၏ကြီးကျယ် ခမ်းနားမှုများအား လိုက်မီရန် ခက်ခဲခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့၏ ထီးနန်းပင် ပျောက်ဆုံးခဲ့ရ၏။
အပြင်ဘက်တွင် လူနှစ်ယောက် ပေါ်လာသည်။ ယိချန်က ရီဖူရှင်းအား ဂိတ်ပေါက်နားအထိ ခေါ်လာပြီး ပြောလိုက်သည်... “ငါမင်းကို အပြင်က စောင့်နေမယ်..."
သူကား လာဘ်လာဘ ကျောင်းဆောင်၏ ကျောင်းအုပ် ဖြစ်သည်။ သူက နန်ဒူမိသားစုနှင့် ပတ်သက်စရာ တစ်ခုမှ မရှိရာ အထဲကို ဝင်၍မရပေ။ သူက ရီဖူရှင်းနှင့် လိုက်လာသည်မှာ လမ်းတွင် အန္တရာယ်နှင့် တွေ့မှာ စိုးရိမ်၍ဖြစ်သည်။ ရီဖူရှင်းက နန်ဒူမိသားစု ခြံဝင်းထဲသို့ ဝင်သွားပြီးပါက သူစိုးရိမ်နေစရာ မလိုတော့ပေ။
ရီဖူရှင်းက ခေါင်းညိတ်၍ ရှေ့ကို လျှောက်သွားလိုက်သည်။ သူက ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်သည်။ ဒွန်ဟိုင် ကျောင်းတော်သို့ ရောက်ရှိလာသော ပထမဆုံးနေ့တွင် သူ၏ဆရာက သည်နေရာသို့ ခေါ်လာကာ သူက သည်နေရာကို အနာဂတ်တွင် ကြီးစိုးနိုင်ရမည် ဟုပြောခဲ့သည်။ သူ၏ဆရာက သူ့ဇနီးအား ယုံကြည်မှုရှိရှိဖြင့် သည်နေရာမှ ခေါ်ထုတ်သွားရန် ရီဖူရှင်း ကူညီလိုသည်။ သို့သော်လည်း သူက ဟွာဂျီယူကြောင့် သည်မိသားစုနှင့် သည်မျှ လျင်မြန်စွာ ပတ်သက်ရလိမ့်မည်ဟု လုံးဝမထင်မိခဲ့ပေ။
ပြုံးလျက်ပင် ရီဖူရှင်းက ခြံဝင်းထံသို့ လှမ်းသွားလိုက်သည်။ အစောင့်များက သူ့အား သိကြဟန်တူသည်။ စစ်ဆေးခြင်းမရှိဘဲ သူ့အား အထဲသို့ ဝင်ခွင့်ပေးကြ၏။
အဝင်လမ်းက အဓိက အဆောက်အဦဆီသို့ တိုက်ရိုက် ဦးတည်နေသည်။ ရီဖူရှင်းက ဆက်လျှောက် သွားလိုက်သည်။ လူရိပ်အတော်များများ လှုပ်လှုပ်ရှားရှား ဖြစ်နေသည်ကို သူမြင်သည်။ အတန်ကြာလျှင် ရီဖူရှင်းက သူ့ပတ်ဝန်းကျင်တွင် လူအများအပြား ရှိနေသည်ကို သူသတိထားမိသည်။ သူတို့အားလုံးမှာ ငယ်ရွယ်ကြပြီး သူ့အား သဘောမကျသည့် ပုံဟန်ဖြင့် ကြည့်နေကြသည်။ တချို့က သာမန် သိလိုဟန်သာ ရှိသည်။
သူတို့၏ရှေ့မှ လူငယ်မှာ ကု့ချင်းမိစ္ဆာ၏ တပည့်ဖြစ်သည်ကို သူတို့အားလုံး သိကြသည်။ သူ၏ဆရာက နန်ဒူဝန်ယမ်အား အရယူခဲ့သည်။ ယခုလည်း နန်ဒူမိသားစု၏ ပညာ အထူးချွန်ဆုံး မိန်းကလေး ဟွာဂျီယူမှာ သူ့တပည့်နှင့် ချစ်ကြိုက်နေပြန်သည်။
သည်အခြေအနေတွင် ရီဖူရှင်းက အလွန် ပါရမီပါသည်ကို သူတို့ သိလျှင်ပင် အတော်များများက မုန်းတီးကြဦးမည်သာ ဖြစ်သည်။
မှန်သည်။ တချို့ မိန်းကလေးများကမူ သူ အမှန်တကယ် ချောမောသည်ကို ဝန်ခံကြရသည်။ ဟွာဂျီယူက သူ့အား ပါရမီကောင်းမွန်ရုံကြောင့် ချစ်ကြိုက်ချင်း ဟုတ်ပုံမရပေ။
ခြံဝင်းထဲတွင် မိန်းကလေးတစ်ယောက် သူ့ထံ ပြေးလာသည်ကို ရီဖူရှင်း မြင်လိုက်သည်။ ရီဖူရှင်းအား မြင်လျှင် သူမ၏မျက်လုံးများက တောက်ပလာကာ သူ့ရှေ့တွင် ရပ်လျက် ညင်သာစွာ မေးလိုက်သည်... “နင် ရောက်လာတယ်...”
"အင်း...” ရီဖူရှင်း ပြုံးလိုက်သည်။ ဟွာဂျီယူကလည်း ရွှင်ပျစွာ ပြုံးလိုက်သည်။ သူမက လက်ဆန့်လိုက်ပြီး ရီဖူရှင်း၏လက်အား ဆုပ်ကိုင်လိုက်သည်။ သူမက နန်ဒူမိသားစုအား သူမ၏ဆုံးဖြတ်ချက်နှင့် စိတ်ဓာတ်ခိုင်မာမှုကို ပြောပြနေသည်။
ရီဖူရှင်း ခံစားသွားရသည်။ သည်အပြုအမူက သူမအတွက် မည်မျှ ခက်ခဲမည်ကို သိသည်။ သူက သူမ၏လက်ကလေးအား တင်းကျပ်စွာ ဆုပ်ကိုင်ကာ ရှေ့ကို အတူတူ လျှောက်သွားလိုက်ကြသည်။
ထိုမြင်ကွင်းက လူအများအပြားအား မပျော်မရွှင် ဖြစ်စေသည်။ သူကား သူတို့မိသားစု၏ ပါရမီအပါဆုံး။ အလှပဆုံးသော မင်းသမီးလေးအား ကိုင်ဆွဲထားသည်။
ထိုကဲ့သို့ဖြစ်သည်မှာ လူငယ်များသာ မဟုတ်။ သူတို့နှစ်ယောက် ရှေ့ကို လျှောက်သွားလျှင် လမ်းမှာတွေ့သော လူကြီး အများအပြားကလည်း သဘောကျဟန် မရှိကြပေ။ သို့သော်လည်း မည်သူ တစ်ဦးတစ်ယောက်ကမှ သူတို့အား မတားကြပေ။ သူတို့နှစ်ယောက်က ထင်ရှားစွာပင် ကြယ်စင်ဧကရာဇ် ကျောင်းတွင် ထိုသို့ လျှောက်သွားကြပြီး ဖြစ်ပေမည်။ ယခု သူတို့အား တားနေခြင်းက မည်သို့မှ အဓိပ္ပာယ်မရှိပေ။ သူတို့၏ မိသားစု ခေါင်းဆောင်ကြီးအား ဆုံးဖြတ်စေမည်။
ဟွာဂျီယူက ရီဖူရှင်းအား အဆောင်တစ်နေရာသို့ ခေါ်လာသည်။ နန်ဒူဝန်ယမ်နှင့် နန်ဒူဝန်ရှန်းတို့မှာလည်း ထိုနေရာတွင် ရှိနေသည်။ သူတို့က အစားအသောက်များ ပြင်ဆင်နေကြသည်။ ယနေ့ ရီဖူရှင်းအား ဖိတ်ခေါ်ခြင်းက နန်ဒူဝန်ယမ်၏ အစီအစဉ် ဖြစ်မည်မှာ ထင်ရှားလှသည်။
"ဆရာကတော်... ဦးရီး...” ရီဖူရှင်း သူတို့အား နှုတ်ဆက်လိုက်သည်။
"လာ... ထိုင်...” နန်ဒူဝန်ရှန်းက ပြုံးလျက် ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်လျက် သူနှင့်ဟွာဂျီယူတို့က စားပွဲရှေ့တွင် ထိုင်လိုက်ကြသည်။
"ငါကြားတာကတော့ သူတို့အားလုံး သိသွားကြပြီဆို...” နန်ဒူဝန်ယမ်က ဟွာဂျီယူအား မေးလိုက်သည်။
"အင်း... ဒီကိုလာတဲ့လမ်းမှာ လူတွေအများကြီးပဲ...” ဟွာဂျီယူက အသာအယာ ခေါင်းညိတ်လျက် ပြောလိုက်သည်။
"စားကြရအောင်...” နန်ဒူဝန်ယမ်က ပြောလိုက်သည်။ ရီဖူရှင်းအား ဖိတ်ခေါ်သည့် သူမ၏ရည်ရွယ်ချက်က သူ့အပေါ် သူမ၏သဘောထားအား ဖော်ပြရန်ဖြစ်သည်။ အတိတ်တွင် သူမကား ဟွာဖန်းလူနှင့် အတင်းအဓမ္မ ခွဲခွာခြင်း ခံခဲ့ရသည်။ ယခု သူမ၏သမီးမှာ သူမ၏ဖြစ်အင်နှင့် တစ်ပုံစံတည်းလို ဖြစ်နေရာ သူမ၏စိုးရိမ်မှုကို တွေးကြည့်နိုင်သည်။ သူမ၏သမီး အဆုံးသတ်လှပရန် နန်ဒူဝန်ယမ် မျှော်လင့်မိသည်။
ဟွာဂျီယူက ဟင်းအနည်းငယ်အား ရီဖူရှင်း၏ပန်းကန်ထဲသို့ ထည့်ပေးသည်။ ရီဖူရှင်းက ပြုံးလျက် အစားအသောက်များအား အရသာခံလိုက်သည်။ ထို့နောက် သူက နန်ဒူဝန်ယမ်အား ကြည့်ကာ ပြောလိုက်သည်... “ဆရာကတော်ရဲ့ အချက်အပြုတ်က အရမ်းကောင်းတာပဲ...”
နန်ဒူဝန်ယမ်က ရီဖူရှင်းအား တစ်ချက် ကြည့်လိုက်သည်... “ဂျီယူဆီက ငါကြားတာကတော့ သူမရဲ့အဖေက မင်းကို တကယ် သဘောကျတယ်ဆို... အခု မင်းကို ငါမြင်တော့ ဘာကြောင့်လဲဆိုတာ နားလည်သွားတယ်... မင်းတို့က တစ်ပုံစံတည်းပဲ... မင်းဆီမှာ သူ့ကိုယ်သူ မြင်နေမယ်ထင်တယ်...”
နန်ဒူဝန်ရှန်းကလည်း ပြုံးလိုက်သည်။ သူက ပြောလိုက်သည်... “တကယ်ပဲ... သူနဲ့ ဟွာဖန်းလူတို့ နှစ်ယောက်လုံးက မိန်းကလေးတိုင်း မငြင်းပယ်နိုင်တဲ့ ရုပ်ရည်မျိုး ပိုင်ဆိုင်ထားတယ်... ဂျီယူနဲ့ သူမအမေက မင်းတို့နှစ်ယောက်ဆီမှာ သွားချစ်မိကြတာလည်း မထူးဆန်းတော့ဘူး...”
"ဆရာက ကျွန်တော့်ထက် ပိုပြီး သာလွန်ပါတယ်...” သူ့အသိစိတ်အား ဆန့်ကျင်၍ သူ လိမ်လိုက်သည်။ သူ့ဇနီးရှေ့တွင် ဟွာဖန်းလူအား ပိုမိုအလေးပေး၍ ပြောရန်လိုသည်။
"မဟုတ်ဘူး... မင်းက ပိုပြီး ကြမ်းတမ်းတယ်...” နန်ဒူဝန်ယမ်က ပြောလိုက်သည်။ သည်ကောင်လေးကား အသက်ဆယ့်ခုနစ်နှစ်ပင် မပြည့်သေးပေ။ သို့သော် သူက ဟွာဂျီယူမှာ သူ့အပိုင်ဖြစ်ကြောင်း ဒွန်ဟိုင်ကျောင်းတော် တစ်ခုလုံးကို ကြေညာပြီးနေပြီ။ သည်အရာကား သာမန်လူတို့ လုပ်နိုင်သည့်ကိစ္စ မဟုတ်ပေ။ သူမ၏သမီးမှာ မည်မျှ အရည်အချင်း ရှိသည်ကို နန်ဒူဝန်ယမ် သိသည်။ သာမန်လူဆိုလျှင် သူမထံတွင် သိမ်ငယ်မည် ဖြစ်သော်လည်း ရီဖူရှင်းကား ခြားနားသည်။ ရီဖူရှင်းက သူမအား သူ့အပိုင်ဟုပင် သတ်မှတ်ထားသည်။ သူမအတွက် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ထိပ်သီးပါရမီရှင်အားပင်လျှင် လူအများရှေ့တွင် သတ်ဖြတ်ခဲ့သည်။
"သူ့ပါရမီဓာတ်ခံကလည်း ဟွာဖန်းလူထက် အများကြီး ကောင်းတယ်...” နန်ဒူဝန်ရှန်းက ပြောလိုက်သည်... “ရီဖူရှင်း... ကျေးဇူးပဲ...”
ရီဖူရှင်းက အထိတ်တလန့် ကြည့်လိုက်သည်။
"ဒီနှစ်တွေမှာ ဝန်ယမ်က ဘယ်လိုနေခဲ့ရတယ်ဆိုတာ မင်းမသိဘူး...” နန်ဒူဝန်ရှန်းက ပြုံးလျက် ပြောသည်... “သူမက နေ့တိုင်း အသေကောင်လိုပဲ... ဟွာဖန်းလူ ပြန်လာတယ်လည်း ကြားရော... ပြန်ပြီး အသက်ဝင်လာတာပဲ... မင်းကို လျိုနန်းတော်မှာ တွေ့တော့ မင်းက ဟွာဂျီယူနဲ့ ထူးထူးခြားခြား ပတ်သက်နေလိမ့်မယ်လို့ ငါခန့်မှန်းမိတယ်... ငါက ဝန်ယမ်ကို ပြောပြတော့ သူမက မင်းအကြောင်းတွေကို စိတ်ဝင်တစား လေ့လာ စောင့်ကြည့်နေခဲ့တယ်... မနေ့က သူမအပြင်ကို ထွက်တာ ဒီနှစ်တွေထဲမှာ ပထမဆုံးပဲ...”
ရီဖူရှင်းက နန်ဒူဝန်ယမ်အား ကြည့်လိုက်သည်။ သူမနှင့် ဟွာဖန်းလူတို့၏ ပတ်သက်မှု မည်မျှ နက်ရှိုင်းကြောင်း သူ ခန့်မှန်းမိနိုင်သည်။
"ဆရာကတော်... ကျွန်တော်က မြေခွေးမကို သေချာ ဂရုစိုက်ပါမယ်... ဆရာ့ကိုလည်း ဆရာကတော်ကို လာခေါ်စေရပါမယ်...” ရီဖူရှင်းက ပြောလိုက်သည်။
"အဲဒီ နာမည်ပြောင်... မြေခွေးမ... ဆိုတာ ဘယ်ကရတာလဲ...” နန်ဒူဝန်ယမ်က မေးလိုက်သည်။
ရီဖူရှင်း အင်တင်တင် ဖြစ်သွားသည်။ ဟွာဂျီယူကလည်း ရီဖူရှင်းကို ဒေါသတကြီးကြည့်ကာ ပြောလိုက်သည်... “ဒီရိုင်းစိုင်းတဲ့ကောင်က သမီးကို ချင်းကျူကျောင်းတော်မှာ ပထမဆုံးမြင်တော့ ပြောတယ်လေ... သမီးက အသက်ဆယ့်နှစ်နှစ်နဲ့ အရုပ်တစ်ရုပ်လို အရမ်းလှနေတော့ နောက်ဆို လှည့်စားတတ်တဲ့ မြေခွေးမ ဖြစ်လာလိမ့်မယ်တဲ့...”
နန်ဒူမောင်နှမ နှစ်ယောက်လုံး အံ့အားသင့် သွားကြသည်။ နန်ဒူဝန်ရှန်းက ပြုံးကာ ပြောလိုက်သည်... “မင်းက အသက်ဆယ့်နှစ်နှစ်နဲ့ ဒါမျိုးတွေးနေပြီ... တကယ့်ကို မင်းဆရာထက် သာတာပဲ...”
"ကျွန်တော် မမှားခဲ့ဘူး...” ရီဖူရှင်းက အောင့်သက်သက်ဖြင့် ရေရွတ်လိုက်သည်။ သူက ဟွာဂျီယူအား ကြည့်လျှင် သူမက မချိုမချဉ် ပြုံးနေသည်ကို မြင်ရသည်။
"ဝန်ယမ်... နင် အခု ပိုကောင်းလာတယ်လို့ ငါကြားတယ်...” အဆောင်ငယ်လေးထံသို့ အသံတစ်သံ အပြင်မှ ဝင်လာသည်။ ထို့နောက် များစွာသော ခြေလှမ်းများ ထိုနေရာသို့ လှမ်းလာနေသည်ကို ကြားကြရ၏။
နန်ဒူဝန်ယမ်က အသံလာရာဘက်ကို ကြည့်လိုက်လျှင် လူအများအပြား ဝင်လာသည်ကို မြင်လိုက်ရသည်။ ရှေ့ဆုံးမှဝင်လာသည်ကား နန်ဒူမိသားစုခေါင်းဆောင် နန်ဒူတိုင်ဖြစ်ပြီး သူ၏ဘေးတွင် နန်ဒူကူ ရပ်နေသည်။ သူ၏စူးရှသော မျက်လုံးများဖြင့် ရီဖူရှင်းအား ကြည့်နေသည်။
"ဦးရီးတော်...” နန်ဒူဝန်ရှန်းကလည်း ထရပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
နန်ဒူတိုင်က ခေါင်းညိတ်လိုက်သည်။ သူက ရီဖူရှင်းအား တစ်ချက် ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်... “မင်းက ဟွာဖန်းလူရဲ့တပည့် ရီဖူရှင်း ဖြစ်ရမယ်...”
"စီနီယာကို နှုတ်ဆက်ပါတယ်...” ရီဖူရှင်းက ထရပ်လိုက်ပြီး ပြောလိုက်သည်။ မည်သို့ပင်ဆိုစေ သူက မယဉ်မကျေး မပြုမူသင့်ပေ။
"သူရဲကောင်းဆိုတာ လူငယ်တွေထဲကပဲ လာတယ်... ငါကြားတာကတော့ မင်းက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ ပြိုင်ဘက်မရှိခဲ့ဘူးဆို... ပြီးတော့ ဝန်ကြီးချုပ်ကျိုကလည်း အရမ်း အရေးပေးတယ် ပြောတယ်... မင်းက မင်းဆရာကိုတောင် ကျော်လွန်သွားပြီ...” နန်ဒူတိုင်က ပြုံးလျက် ပြောလိုက်သည်... “အတိတ်က ရန်ငြိုးတွေကို စိတ်ထဲမထည့်နဲ့တော့... ဟွာဖန်းလူ အခုတလော အဆင်မပြေဘူး ကြားတယ်... အားရင် ဒီကိုလာလည်ဖို့ သူ့ကို ပြောလိုက်... မင်းနဲ့ဂျီယူကလည်း သူငယ်ချင်းကောင်းတွေဆိုတော့ နောက်ဆို မင်းလည်း လာလည်လို့ရတယ်... ဝန်ယမ် သဘောကျလိမ့်မယ်လို့ ငါမျှော်လင့်တယ်...”
ရီဖူရှင်း အနည်းငယ် ထိတ်လန့်သွားသည်။ နန်ဒူမိသားစုက သည်တစ်ကြိမ် အဘယ်ကြောင့် သည်မျှ လိုက်လျောနေရသနည်း။ ထို့အပြင် သူနှင့်ဟွာဂျီယူအား သူငယ်ချင်းကောင်းများဟု ပြောသည့် ရည်ရွယ်ချက်မှာ အဘယ်နည်း။
"ဦးရီးတော်...” နန်ဒူဝန်ယမ်က ထရပ်လိုက်ပြီး နန်ဒူတိုင်ကို ပြောလိုက်သည်... “ဂျီယူက အခု အသက်ဆယ့်ခုနစ်နှစ် ပြည့်တော့မယ်... ပြီးတော့ သူမ သဘောကျတဲ့လူလည်း ရှိနေပြီ... သူတို့နှစ်ယောက်လုံးက ချစ်သူတွေပဲ... ကျွန်မက ဂျီယူကို ရီဖူရှင်းနဲ့ လက်ထပ်ဖို့ စီစဉ်ချင်တယ်... ဦးရီးတော် ဘယ်လိုထင်လဲ...”
***