သေခြင်း
Vol. 32 Ch. 445
အခန်း (၄၄၅) သေခြင်း
နဂါးစိမ်းတောင်မှလူများမှာ မီးတောက်ဂိုဏ်းမှ ကျင့်ကြံသူများကိုတိုက်ခိုက်ရင်း ၊ စူးယွင်ကိုလည်းရှက်ကိုးရှက်ကန်းပြုံးပြကြရင်းဖြင့် ရင်နာရသလောက် ပျော်လည်းပျော်ရွှင်နေကြသည်။
သူတို့က အရည်အချင်းမရှိသောကြောင့် ဤသို့ဖြစ်ရခြင်းမဟုတ်ပေ။ ရန်ကျောက်ကဲက စွမ်းအားမြင့်မားနေခြင်းသာ ဖြစ်သည်။
ထိပ်သီးသိုင်းဂိုဏ်းကြီး (၃) ဂိုဏ်း၏ ပူးပေါင်းစွမ်းအားကိုပင် အနိုင်ယူတိုက်ခိုက်ခဲ့သော ရန်ကျောက်ကဲက သူတို့ပြိုင်ဘက်မဟုတ်သည်မှာသေချာသည်။ သူတို့အနေဖြင့် ရန်ကျောက်ကဲကို မည်သည့်နည်းနှင့်မှ မယှဉ်နိုင်ကြောင်း လေးလေးနက်နက် သဘောပေါက်ခဲ့ရသည်။
ဤသို့သောအခြေအနေမျိုးတွင် မယှဉ်နိုင်သည်ကို မယှဉ်နိုင်ကြောင်း ဝန်ခံခြင်းက ရှက်စရာမဟုတ်သလို ၊ ဤသည်က အရည်အချင်း ရှိခြင်း မရှိခြင်းနှင့်လည်း မသက်ဆိုင်ပေ။
သို့မဟုတ်...
အနည်းဆုံးတော့ ဤနည်းလမ်းဖြင့် နဂါးစိမ်းတောင်က သူတို့ကိုယ်သူတို့ နှစ်သိမ့်နိုင်မည်ပင်။
အခြားသူများ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ သူတို့ကတော့ ထိုအချက်ကို ရင်ဘတ်တစ်ခုလုံးဖြင့် ယုံကြည်လေသည်။ ယခုဆိုလျှင် မိုးကြိုးဂိုဏ်းနှင့် မီးတောက်ဂိုဏ်းကတော့ သူတို့လို ပျော်ရွှင်နိုင်မည်မဟုတ်ဘဲ နာကျင်နေလောက်ပေပြီ။
ဟုတ်ပေ၏။
မိုးကြိုးဂိုဏ်းနှင့် မီးတောက်ဂိုဏ်းတို့မှာ သွေးနီတိမ်တိုက်ဂိုဏ်းမှလူများကို သေလောက်အောင်ရိုက်နှက်ပစ်ချင်နေသော်လည်း လက်ရှိတွင် တစ်လှေတည်းစီခရီးသွားများဖြစ်နေပြန်လေရာ ဒေါသကို ထိန်းချုပ်ထားကြရသည်။
ရန်ကျောက်ကဲလိုက်လာမည်ဆိုလျှင် သွေးနီတိမ်တိုက်ဂိုဏ်းနောက်သို့သာ သေချာပေါက် လိုက်လာမည်ဖြစ်ကြောင်း ယုံကြည်ထားသဖြင့် မိုးကြိုးဂိုဏ်းက သွေးနီတိမ်တိုက်ဂိုဏ်းဖြင့်အတူမပြေးဘဲ လမ်းခွဲပြီးထွက်ပြေးလာသည်။
ရန်ကျောက်ကဲက နဂိုကပင် သွေးနီတိမ်တိုက်ဂိုဏ်းနှင့် ရန်ငြိုးရှိခဲ့သည့်အပြင် ယခု အနောက်ဒေသသို့ ကျူးကျော်သည့် အစီအစဉ်တစ်ခုလုံးကို ကြိုးကိုင်သူမှာလည်း သွေးနီတိမ်တိုက်ဂိုဏ်းပင်ဖြစ်လေရာ သူတို့သာလျှင် တာဝန်အရှိဆုံး ဖြစ်၏။
သွေးနီတိမ်တိုက်ဂိုဏ်းကလည်း ထိုသို့ပင်တွေးမိသဖြင့် မိုးကြိုးဂိုဏ်းက သူတို့နှင့်လမ်းခွဲသွားသည်ကို အပြစ်မဆိုသာပေ။ သူတို့အနေဖြင့် မိုးကြိုးဂိုဏ်းနောက်သို့ လိုက်ပါသွားရန်လည်း မဖြစ်နိုင်လေရာ ဂိုဏ်းဌာနချုပ်သို့အမြန်ပြန်ပြီး အပြာရောင်ငှက်ထံ အကူအညီတောင်းခံရန်သာ နောက်ဆုံးမျှော်လင့်ချက်ရှိတော့သည်။
ရန်ကျောက်ကဲ၏စွမ်းအားကို တွေ့မြင်ပြီးသည့်နောက် အပြာရောင်ငှက်သည်လည်း သူ့ကိုဟန့်တားနိုင်ပါမည်လား မသေချာပေ။ သို့သော် အန္တရယ်ကြုံချိန်တွင် ကောက်ရိုးတစ်မျှင်ကိုလည်း ဆွဲကိုင်ထားရမည်ဖြစ်ရာ အံကြိတ်လျှက်သာ ရှေ့ဆက်ပြေးနေရသည်။ မဟုတ်ပါက အချိန်မရွေး အသက်ပျောက်နိုင်သည် မဟုတ်ပါလား။
ထိုအချိန် သူတို့အနောက်ဘက် မိုးကုတ်စက်ဝိုင်းဆီမှ ဓားအလင်းတန်းတစ်ခု တောက်ပလာပြီး ချက်ချင်းဆိုသလို သူတို့အားလုံးနှင့် နီးကပ်လာသည်။
နဂါးဟိန်းသံကြီးထွက်ပေါ်လာပြီး မရဏမင်းက သူတို့ဝိညာဉ်များကိုဆင့်ခေါ်သည့်အလား သွေးနီတိမ်တိုက်ဂိုဏ်းနှင့် မိုးကြိုးဂိုဏ်းမှ သိုင်းသမားများမှာ ခြောက်ခြားစွာခံစားရပြီး ခန္ဓာကိုယ်များပင် တုန်ယင်သွားကြသည်။
မိုးကြိုးဂိုဏ်းချုပ် နောက်လှည့်ကြည့်လိုက်တော့ သွေးနီတိမ်တိုက်ဂိုဏ်းနောက်သို့ လိုက်ပါသွားသော ရန်ကျောက်ကဲ၏ဓားဝိညာဉ်ကို တွေ့မြင်လိုက်ရသည်။
သို့သော် မိုးကြိုးဂိုဏ်းသားများ အသက်ရှူမချောင်ခင်မှာပင် သူတို့ရှေ့သို့ ဓားအလင်းတန်း (၄)ခု ကျရောက်လာပြီး ရွှီဖေး ၊ အားဟူ ၊ ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူတို့ ပေါ်လာကြသည်။
ရွှီဖေးက ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူကို လှည့်ကြည့်ရင်း...
“ဒီတိုက်ပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ မင်းတို့နှစ်ယောက် အတွေ့အကြုံရဖို့ပဲ ၊ အစွမ်းကုန်တိုက်ခိုက်ကြပေတော့”
ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူတို့ ခေါင်းညိတ်လိုက်ကြသည်။
အားဟူက ရယ်မောရင်း...
“သူတို့တွေအကုန်လုံး သခင်လေးကြောင့် အထိနာပြီးနေပြီ ၊ ငါတို့ သိပ်တိုက်စရာတောင် မလိုတော့ပါဘူး”
သူတို့ (၄)ယောက်ကိုတွေ့တော့ မိုးကြိုးဂိုဏ်းချုပ်နှင့် မိုးကြိုးဂိုဏ်းမှ သိုင်းသမားများ ဒေါသချောင်းချောင်း ထွက်သွားကြသည်။
ရန်ကျောက်ကဲကြောင့် သူတို့၏ရတနာပစ္စည်းများဆုံးရှုံးခဲ့ရသဖြင့် နာကျင်ခံစားရခြင်းက လုံလောက်ပြီဖြစ်သည်။ ယခု ဘယ်ကရောက်လာမှန်းမသိသော ချီစွမ်းအားကျင့်ကြံသူများက မြောင်းထဲမှကြွက်များကို ရိုက်သတ်သလို သူတို့ကို ရိုက်နှက်ကြဦးမည်ဆိုခြင်းက မခံမရပ်နိုင်စရာပင်။
ဒီ ချီစွမ်းအားကျင့်ကြံသူတွေက မျောလွင့်ဝိညာဉ်ကမ္ဘာကို သူတို့စိတ်တိုင်းကျ ခြယ်လှယ်နိုင်မည်ဟု ထင်မှတ်နေပါသလား။
ချီစွမ်းအားကျင့်ကြံသူများ၏ တန်ခိုးစွမ်းအားကို မယုံကြည်သော မိုးကြိုးဂိုဏ်းသားများက ရွှီဖေးတို့အုပ်စုကို အရှိန်အဟုန်ဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။ သို့သော် ချီစွမ်းအားကျင့်ကြံသူများ၏အစွမ်းကို မယှဉ်နိုင်ကြောင်း ချက်ချင်းပင် သဘောပေါက်သွားကြသည်။
ဖန်းယွင်ရှန်းတို့အုပ်စုက ရန်ကျောက်ကဲလောက်အစွမ်းမထက်သလို ရန်ကျောက်ကဲကဲ့သို့ စွမ်းအားမြင့် ရတနာပစ္စည်းများစွာလည်း ပိုင်ဆိုင်ခြင်း မရှိပေ။
သို့သော် ထိုသူများနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ သူတို့အားလုံး ဖုရန်တိုင်းပြည်တွင် စွမ်းအားအပြည့်အဝ အသုံးမပြုခဲ့ကြကြောင်း ထပ်မံသဘောပေါက်သွားကြရပြန်သည်။
မိုးကြိုးဂိုဏ်းသားများမှာ နောက်တစ်ကြိမ် ခေါင်းနှင့်နံရံဆောင့်မိသလို ခံစားရပြီး သွေးနီတိမ်တိုက်ဂိုဏ်းကိုသာ မကျေမနပ်ဖြင့် အမုန်းပွားမိတော့သည်။
သို့သော် ရန်ကျောက်ကဲကိုယ်တိုင် နောက်မှလိုက်သွားခြင်းခံရသော သွေးနီတိမ်တိုက်ဂိုဏ်း၏ကံကြမ္မာကို စဉ်းစားမိသည့်အခါ အလွန်ကျေနပ်သွားရပြီး လက်ရှိရင်ဆိုင်နေရသော စိတ်ပျက်အားငယ်မှုများပင် သက်သာသွားသည်ဟု ထင်မှတ်လိုက်ကြသည်။
ရန်ကျောက်ကဲ နောက်မှလိုက်လာကြောင်းသိလိုက်သည်နှင့် သွေးနီတိမ်တိုက်ဂိုဏ်းသားများမှ မိဘများဆုံးပါးသဖြင့် နာကျင်ကြေကွဲသည့်အလား ခံစားလိုက်ကြရသည်။
ထိုစဉ်...
အရှေ့ဆီမှ ကြည်လင်သော ဇာမဏီငှက်အော်သံတစ်သံကို ထွက်ပေါ်လာလေ၏။
ဇာမဏီသွေးနှောဖြစ်သော အပြာရောင်ငှက်အော်သံက ရင်းနှီးပြီးသားဖြစ်သည့်တိုင် လုမင်တို့အုပ်စုမှာ မပျော်ရွှင်နိုင်ဘဲ မျက်စိပျက်မျက်နှာပျက် ဖြစ်သွားရသည်။
ထို့နောက် လေထဲတွင်ပျံသန်းလာသော အပြာရောင်ငှက်ကြီးတစ်ကောင်ကို တွေ့မြင်ရလေသည်။ ထိုဧရာမငှက်ကြီး၏စွမ်းအားက ပြင်းထန်လွန်းလေရာ စောစောက လုမင်နှင့် အကြီးအကဲများဖန်တီးခဲ့ကြသော ‘အပြာရောင်ငှက်ကောင်းကင်အစီအရင်ကြီး’ ထက်ပင် ပိုမိုအင်အားကြီးမားသေးသည်။
ထိုအပြာရောင်ငှက်ကြီး၏ အတောင်ပံများက လေထဲတွင်ဖြန့်ကားလျှက် တိမ်ဆိုင်များဆီသို့ပင် ထိုးဖောက်နေပြီး အတောင်တစ်ချက်ခတ်တိုင်း မိုးမြေတစ်ခုလုံး တုန်ခါသွားသည့်အလား ထင်မှတ်ရသည်။
သို့သော် ထိုအပြာရောင်ငှက်ကြီးမှ သွေးနီတိမ်တိုက်ဂိုဏ်းတွင် မွေးမြူထားသော “အပြာရောင်ငှက်” မဟုတ်ပါပေ။
အပြာရောင်ငှက်ပုံရိပ်ကြီး၏အောက်တွင် စာပေသမားတစ်ယောက်နှင့်ဆင်တူသော လူရွယ်တစ်ယောက် မတ်တတ်ရပ်နေသည်။ သူ့မျက်ဝန်းများက အပြာရောင်တောက်နေပြီး သူ့ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော အလင်းသင်္ကေတများ ထွက်ပေါ်လျှက်ရှိ၏။
ထိုသူမှာ တစ်ချိန်က သွေးနီတိမ်တိုက်ဂိုဏ်းမှ ကောင်းကင်ဘုံအချစ်ခံသားတော်တစ်ပါးဖြစ်ပြီး လက်ရှိမှာတော့ မျောလွင့်ဝိညာဉ်ကမ္ဘာရှိ အားအကောင်းဆုံး မိစ္ဆာ (၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ‘ဇာမဏီမိစ္ဆာ’ “ရှောက်ဖုန်းထင်’ ဖြစ်သည်။
ရှောက်ဖုန်းထင်က လုမင်ကို တည်ငြိမ်စွာကြည့်ရင်း...
“ဂိုဏ်းတူအစ်ကိုကြီး... မင်း ခွေးပြေးဝက်ပြေးပြေးနေတာ ပထမဆုံး မြင်ဖူးတာပဲ”
လုမင်၏မျက်နှာက တည်ကြည်လေးနက်သွားသည်။
ယခု သူက ဒဏ်ရာရရှိထားလေရာ မိစ္ဆာ (၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ဇာမဏီမိစ္ဆာကို မည်သို့မှ ခုခံနိုင်မည် မဟုတ်ပေ။
သူ၏မိစ္ဆာသွေးစွမ်းအားကို အကန့်အသတ်ကျော်လွန်သည်အထိ နိုးထစေပြီး မိစ္ဆာတစ်ပိုင်းကျင့်ကြံသူအဖြစ် ပြောင်းလဲသည့်တိုင် သူ့ရှေ့မှ ရှောက်ဖုန်းထင်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။
ရှောက်ဖုန်းထင်က တဟားဟား အော်ဟစ်ရယ်မောရင်း...
“မင်းရဲ့ဂိုဏ်းဌာနချုပ်မှာ အပြာရောင်ငှက်နဲ့သွားပြီး တိုက်ခိုက်ရအောင် ငါက မတုံးသေးပါဘူး ၊ မင်းတို့အနောက်ဒေသကပြန်လာမယ့်အချိန်ကို ငါ ဒီနေရာက စောင့်နေတာ ၊ ဒါက အကောင်းဆုံးရွေးချယ်မှုပဲလေ”
သူက ဆက်ပြောသည်။
“မင်းတို့ တိုက်ပွဲမှာအနိုင်ရလာရင် မာန်တက်ပြီး သတိလက်လွတ်ဖြစ်နေတော့ ငါ့အတွက် ခြုံခိုတိုက်ခိုက်ရ လွယ်တယ်လေ ၊ ဒါပေမဲ့ အခုလို တိုက်ပွဲရှုံးပြီး သေပြေးရှင်ပြေး ပြေးလာရတော့ ငါ့လက်ထဲ ကွိခနဲပဲပေါ့”
သူ့စကားဆုံးသွားသည်နှင့် အပြာရောင်ငှက်ကြီးထံမှ များပြားလှစွာသောစွမ်းအားများမြင့်တက်လာပြီး ပတ်ဝန်းကျင်တွင် ပုန်းအောင်နေကြသော မိစ္ဆာတစ်ပိုင်းကျင်ကြံသူများစွာ ထွက်ပေါ်လာကြသည်။
ထိုသူများက သူတို့၏ဘုရင်ဖြစ်သော ‘ဇာမဏီမိစ္ဆာ’ ရှောက်ဖုန်းထင်အနားသို့ စုဝေးရောက်ရှိလာကြသည်။
သူတို့အရှေ့ရှိ မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများထံမှထွက်ပေါ်နေသော ရက်စက်ကြမ်းတမ်းသည့်လေထုက လုမင်တို့အုပ်စုကို ခြိမ်းခြောက်လျှက် ရှိသည်။
ရှောက်ဖုန်းထင်က လုမင်ကို ခေါင်းတစ်ချက်စောင်းကာကြည့်ရင်း...
“ဒါနဲ့... မင်းတို့ သိုင်းဂိုဏ်း (၃)ဂိုဏ်း ပူးပေါင်းပြီး အနောက်ဘက်ကိုသွားတိုက်တာ နဂါးစိမ်းတောင်ကို ရှုံးပြီးပြန်ပြေးလာတာလား ၊ အတော်လေး အသုံးမကျတာပဲ ၊ အဟက်... မိစ္ဆာသွေးစွမ်းအားကို အကန့်အသတ်ကျော်လွန်တဲ့အထိ ငါတို့လိုမနှိုးဆွရဲတဲ့ မင်းတို့လိုကောင်တွေက အကုန်လုံးအမှိုက်ကောင်တွေချည်းပဲ ၊ အဲဒီ နဂါးစိမ်းတောင်လည်း အတူတူပဲ”
သူက ဆက်ပြောသည်။
“နေပါဦး... နဂါးစိမ်းတောင်ကကောင်တွေ သူတို့ရဲ့မိစ္ဆာသွေး အကန့်အသတ်ကျော်လွန်တဲ့အထိ နှိုးဆွပြီး တိုက်ခိုက်တယ်ဆိုရင်တောင်မှ မင်းတို့ ဂိုဏ်း (၃) ဂိုဏ်း ပူးပေါင်းစွမ်းအားကို မနိုင်လောက်ဘူးနော် ၊ ဘာလဲ... နဂါးစိမ်းတောင်မှာပုန်းနေတဲ့ အစိမ်းရောင်အကြေးခွံနဂါးတစ်ကောင် ရှိနေလို့ မင်းတို့ရှုံးလာတာလား”
သူကတစ်ချက်စဉ်းစားရင်း...
“မဟုတ်မှလွဲရော... နှင်းကြိုးကြာဂိုဏ်းချုပ်က မင်းတို့ထက်ပိုပြီး အစွမ်းထက်နေတာလား”
ရှောက်ဖုန်းထင်က မျက်လုံးများကို မှေးစင်းရင်း...
“အရမ်းဝေးနေပေမယ့် ငါ အာရုံခံကြည့်ရသလောက်... သေချာတော့ မပြောနိုင်ပေမယ့် တိုက်ပွဲကထွက်လာတဲ့ စွမ်းအားအတက်အကျတွေက မိစ္ဆာသွေးကျင့်ကြံသူတွေရဲ့ စွမ်းအားအတက်အကျမျိုးမဟုတ်ဘူး ၊ အဲဒါ ချီစွမ်းအားကျင့်ကြံသူတွေ ဖြစ်ရမယ်”
သူက ပြုံးရင်း...
“ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ မင်း ငါ့လက်ထဲရောက်လာတာပဲလေ”
ပြောပြီးသည်နှင့် အပြာရောင်ငှက်ပုံရိပ်ကြီးက အတောင်ပံတစ်ချက်ခတ်လိုက်ရာ ကြောက်မက်ဖွယ်ရာ မုန်တိုင်းတစ်ခုက လုမင်တို့အုပ်စုထံသို့ တဟုန်ထိုး ဝင်ရောက်လာသည်။
များပြားလှစွာသော အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ပိုက်ကွန်တစ်ခုဖြစ်တည်လာကာ လုမင်တို့အုပ်စုကို ချုပ်နှောင်ထားလိုက်၏။
လုမင် မျက်စိပျက်မျက်နှာပျက်ဖြစ်နေချိန် ရှောက်ဖုန်းထင်က ရယ်မောရင်း...
“ဂိုဏ်းတူအစ်ကိုကြီး စိတ်မပူပါနဲ့ ၊ ငါ မင်းကို မသတ်ပါဘူး ၊ မင်းတို့ဂိုဏ်းက အပြာရောင်ငှက်ကိုဖမ်းဖို့ မင်းကိုဆက်ပြီး အသုံးချရဦးမယ်”
ထိုစဉ်...
အဝေးတစ်နေရာမှ ဓားရောင်တစ်ချက် လင်းလက်လာသည်။
ရှောက်ဖုန်းထင်က ဓားရောင်ကိုအရေးမစိုက်ဘဲ မိစ္ဆာတစ်ဝက်ကျင့်ကြံသူများနှင့်အတူ လုမင်ကို ဆက်လက်ဖမ်းဆီးနေသည်။
ရှောက်ဖုန်းထင် မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ဧရာမအပြာရောင်ငှက်ကြီး၏ အတောင်ပံတစ်ဖက်က ဝင်ရောက်လာသော ဓားအလင်းတန်းကို ပိတ်ဆို့တားဆီးထားလိုက်၏။
“ငါ ရှောက်ဖုန်းထင်က ဒီ သွေးနီတိမ်တိုက်ဂိုဏ်းကလူတွေကို တစ်ယောက်မှအလွတ်မပေးဘဲ ဖမ်းခေါ်သွားပြီဆိုတဲ့အကြောင်း မင်း ပြန်သွားပြီး နှင်းကြိုးကြာဂိုဏ်းချုပ်ကို ပြောလိုက်ပါ”
ရှောက်ဖုန်းထင်က သိမ်မွေ့စွာဆိုသည်။
“ပြီးတော့ ငါက မီးတောက်ဂိုဏ်းနဲ့ မိုးကြိုးဂိုဏ်းကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး”
သူ့စကားမဆုံးခင် မိုးမြေတစ်ခွင်တွင် အလွန်တရာကျယ်လောင်သော မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် မိုးကုတ်စက်ဝိုင်းအလယ်ဗဟိုမှ ခရမ်းရောင်စက်ဝန်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုခရမ်းရောင်စက်ဝန်းကြီးမှ ပြင်းထန်သော မိုးကြိုးစွမ်းအား သက်ဆင်းလာပြီး လောကတစ်ခွင်ကို လွှမ်းခြုံသွားသည်။
မိုးကြိုးလျှပ်စီးများက ချက်ချင်းဆိုသလို ကျရောက်လာသည်။
မိုးမြေတစ်ခွင်ကို ထိန်းချုပ်နိုင်စွမ်းရှိသူပမာ တည်ငြိမ်နေသော ရှောက်ဖုန်းထင်မှာ မျက်နှာတစ်ချက်ပျက်သွားပြီး မျက်ဝန်းများတွင် အံ့အားသင့်ခြင်းများ အစားထိုးဝင်ရောက်လာသည်။ သူ၏ဦးခေါင်းထက်မှ ဧရာမအပြာရောင်ငှက်ကြီးထံသို့ မိုးကြိုးစွမ်းအားကျဆင်းလာချိန် ငှက်သတ္တဝါပုံရိပ်ကြီးက ကျယ်လောင်စူးရှဟွာ အော်ဟစ်လိုက်သည်။
ကြောက်မက်ဖွယ်ရာမိုးကြိုးပစ်သံက တစ်ချက်သာ ထွက်ပေါ်လာပြီး လျှင်မြန်စွာပင် ပျောက်ကွယ်သွားသည်။
သို့သော် မိုးမြေတစ်ခွင်တွင် ကျယ်လောင်သောမိုးခြမ်းသံများက အချိန်အတန်ကြာပေါ်ထွက်နေပြီး လျှပ်စီးမြွေများကလည်း ပျောက်ကွယ်မသွားဘဲ ပတ်ဝန်းကျင်တစ်ခုလုံးတွင် လင်းလက်နေခဲ့သည်။
ထိုနေရာတွင်ရှိနေသည့် လုမင်တို့အုပ်စုမှာလည်း ခန္ဓာကိုယ်များ မရွေ့လျားနိုင်ဘဲ လျှပ်စစ်ဓာတ်စီးဆင်းမှုကိုခံစားရကာ ခန္ဓာကိုယ်များ တောင့်တင်းထုံကြည်သွားရသည်။
သူတို့မှာ မျက်လုံးများပြူးကျယ်လျှက် စကားမဆိုနိုင်ဖြစ်နေစဉ်မှာပင် စောစောက ကြီးကျယ်ခမ်းနားစွာ စွမ်းအားအပြည့်ဖြင့် ပျံသန်းနေသော ဧရာမအပြာရောင်ငှက်ကြီးမှာ ဘယ်သောအခါမှ ဤနေရာတွင် မရှိခဲ့ဖူးသည့်အလား ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားလေသည်။
သို့သော် လေထဲတွင် ပျံ့ကျဲနေသည့် သွေးစွမ်းအားများနှင့် သေခြင်းတရားအငွေ့အသက်များကို ကြည့်ခြင်းအားဖြင့် သေချာသည့်အချက်တစ်ချက်ကို ဖော်ပြနေသည်။
မျောလွင့်ဝိညာဉ်ကမ္ဘာ၏ အထွတ်ထိပ်အဆင့်တွင် ရပ်တည်ခဲ့သော ၊ မိစ္ဆာ (၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ဇာမဏီမိစ္ဆာ ရှောက်ဖုန်းထင်သည် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။