အခန်း (၄၉၃-၄၉၄)
Vol. 40 Ch. 493-494
ယွမ်ကျိုး အပိုင်း (၄၉၃) ပထမဆုံးဟင်းလျာ - ဆောင်းဝတ်စုံ၀တ်ပြီး ပိုးကတ္တီပါရက်လုပ်ခြင်း
"ကဲ... စကားတွေ များမနေကြနဲ့တော့၊ ဒီတစ်နပ်အတွက် ငါ နေ့လယ်စာတောင် မစားပဲနေခဲ့ရတာ" ကျိုးရှီကျဲသည် ပြုံးလျက် ဆိုသည်။
"အမြည်းဟင်းလျာတွေက ဘယ်မှာလဲ" ချူရှောင်မှာ ဒဲ့ဒိုးပင် မေးလာသည်။
"ဆိုင်ပိုင်ရှင်က ဒကာခံမယ်ဆိုတော့လည်း ကျွန်တော်တို့က ဗဟုသုတတိုးအောင် လိုက်လာခဲ့တာပါ" လီမင်ဟွေ့မှာ ရိုကျိုးစွာ ပြောလေသည်။
သို့သော် လျူထုန်က ဤအရာများကို အရေးစိုက်ဟန် မပေါ်ချေ။ သူသည် ဆရာဖြစ်သူရှေ့တွင် ဤဟင်းလျာများ၏ အားနည်းချက်များကို ထောက်ပြဝေဖန်ရန်သာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သူ့အဖို့ ဤဟင်းလျာများ၏ အပြစ်အနာအဆာကို ရှာဖွေရန်မှာ လက်တစ်ဖက်လှည့်ရသည့်ပမာ လွယ်ကူသော ကိစ္စတစ်ခုဖြစ်သည်။
"ဟုတ်ကဲ့၊ ပထမဆုံးပွဲကတော့ ဆောင်းဝတ်စုံ၀တ်ပြီး ပိုးကတ္တီပါရက်လုပ်ခြင်း လို့ အမည်ရတဲ့ အအေးစာ ဟင်းလျာပါပဲ" ယွမ်ကျိုးသည် ခေါင်းတစ်ချက်ညိတ်ပြရုံမှလွဲ၍ ပိုပိုသာသာ စကားများ မဆိုတော့ဘဲ ဟင်းအမည်ကိုသာ တိုက်ရိုက် ကြေညာလိုက်သည်။
"လူတွေ နားမလည်နိုင်တဲ့ ဟင်းနာမည်တွေ ပေးတာက ငါတို့နိုင်ငံရဲ့ အစဉ်အလာတစ်ခုများ ဖြစ်နေပြီလား၊ ဒီဟင်းက ဘာလဲဆိုတာကို ငါတို့ လုံးဝ ခန့်မှန်းလို့ မရဘူး" ချူရှောင်က မကျေမနပ်ပြောသည်။
"ဟင်းလျာ တော်တော်များများက ဒီလို မဟုတ်ပါဘူး၊ ဒီဆရာကြီးကပဲ အနုပညာဆန်လွန်းတာ ဖြစ်လိမ့်မယ်" လျူထုန်က ခနဲ့သော လေသံဖြင့် ဝင်ပြောသည်။
"အင်း..." လီမင်ဟွေ့ကလည်း တည်ငြိမ်သော မျက်နှာဖြင့် ခေါင်းညိတ်ထောက်ခံလိုက်သည်။
၎င်းတို့၏ စကားဝိုင်းသည် ဟင်းလျာအပေါ် ဝေဖန်သရော်သည့် အခြေအနေသို့ ရောက်ရှိသွားသော်လည်း၊ ယွမ်ကျိုးမှာ မည်သို့သော အအေးစာဟင်းလျာမျိုးကို ယူဆောင်လာမည်နည်းဟူသည်ကို အားလုံးက စိတ်ဝင်တစား တွေးတောနေကြဆဲဖြစ်သည်။
"နာမည်တစ်ခုက ဒီလောက်တောင် အပြင်းအထန် ဆွေးနွေးနေရလောက်အောင် အရေးကြီးလို့လား" ကျိုးရှီကျဲမှာ ၎င်းတို့စကားဝိုင်းကို ဖြတ်ပြောလိုက်သည်။
"စားကြည့်လိုက်ရင် အကြောင်းရင်းကို သိသွားလိမ့်မယ်" ယွမ်ကျိုးလည်း မည်သည့် ရှင်းပြချက်မျှ ထပ်မပေးတော့ဘဲ မီးဖိုချောင်ဆီသို့ ကျောခိုင်းလှည့်ထွက်လာကာ နောက်ထပ် ဟင်းလျာများအတွက် ဆက်လက် ပြင်ဆင်တော့သည်။
သို့သော် ဘေးစားပွဲများရှိ အခြားဖောက်သည်များကမူ တီးတိုး စတင်ဆွေးနွေးနေကြသည်။
"ဟိုလူက အရင်တုန်းက ဒီကို ခဏခဏ လာတတ်တဲ့ စားဖိုမှူး မဟုတ်ဘူးလား၊ အဲ့ဒီလူစုက သူဌေးယွမ်ရဲ့ ဟင်းတွေကို စားဖို့ သီးသန့် လာကြတဲ့ပုံပဲ" ဖောက်သည်တစ်ယောက်က အကဲခတ်ကာ ပြောလာသည်။
"ဟုတ်တယ် မင်းပြောတာ မှန်လောက်တယ်၊ အဲဒီ အနက်ရောင်ဝတ်စုံနဲ့ လူကိုလည်း မြင်ဖူးသလိုပဲ" နောက်ဖောက်သည်တစ်ယောက်သည် လီမင်ဟွေ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ဦးဆောင်လာတာက အဲဒီ အသက်ကြီးကြီးလူပဲ ဖြစ်ရမယ်"
"ငါက အဲဒါကို ပြောနေတာ မဟုတ်ဘူး၊ ဪ... မှတ်မိပြီ၊ သူက ဘယ်သူလဲဆိုတာ ငါ သိပြီ၊ သူက တီဗီမှာ ခဏခဏ ပါလာတတ်တဲ့သူ မဟုတ်ဘူးလား၊ ဟုတ်တယ်... ကြယ်ငါးပွင့်ဟိုတယ်က စားဖိုမှူးချုပ်ဆိုတာလေ၊ အရင်တစ်ခေါက် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ အဲဒီမှာ သွားစားကြတုန်းက သူ့ကိုတော်တော်လေး ချီးကျူးသွားကြတာ၊ ဟုတ်တယ် သူပဲဟ" ထိုဖောက်သည်က လေသံကို နှိမ့်ကာ လျှို့ဝှက်ချက်တစ်ခုကို ဖောက်သည်ချသည့်အလား ပြောလိုက်သည်။
"ဒီလူစုက တော်တော်လေး ဩဇာရှိမယ့်ပုံပဲ"
"ဘယ်လိုပဲဖြစ်ဖြစ် သူဌေးယွမ်က သူတို့ကို ကြောက်မှာ မဟုတ်ပါဘူး၊ သူဌေးယွမ်ရဲ့ လက်ရာက သူတို့ထက် အစစအရာရာ သာလွန်နေလို့ သူတို့က ဒီမှာ လာပြီး စုံစမ်းရေး ဆင်းကြတာဖြစ်ရမယ်" ၎င်းတို့အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေသော ထန်ရှီက ရုတ်တရက် ဝင်ရောက်ပြောလိုက်သည်။
"ဟုတ်တယ်" ဖောက်သည်နှစ်ဦးမှာ အနည်းငယ် လန့်ဖျပ်သွားသော်လည်း သူမစကားကို ချက်ချင်းပင် ခေါင်းညိတ်သဘောတူကြသည်။
ထို့နောက်မှသာ ထန်ရှီသည် သူမ၏ နေရာသို့ ပြန်သွားပြီး အရသာရှိသော အစားအစာများကို မြည်းစမ်းရန် ကျေနပ်စွာ ထိုင်စောင့်နေလိုက်လေသည်။
ထိုတီးတိုးဆွေးနွေးမှုများကို မီးဖိုချောင်ထဲရှိ ယွမ်ကျိုးကမူ လုံးဝ ကြားသိမည် မဟုတ်ပေ။
အမှန်တွင် ဆောင်းဝတ်စုံ၀တ်ပြီး ပိုးကတ္တီပါရက်လုပ်ခြင်းဟူသော နာမည်မှာ ခမ်းနားလှသော်လည်း အမှန်တွင် ငါးအရေခွံသုပ်ပင် ဖြစ်သည်။ သို့သော် ဤရိုးရှင်းလှသော ဟင်းလျာလေးအတွက် ငါးအရေခွံ ပြင်ဆင်သည့် လုပ်ငန်းစဉ်က အလွန်တရာ သိမ်မွေ့နက်နဲလှသည်။
ယွမ်ကျိုးသည် ပိုက်ကွန်ငယ်တစ်ခုကို ယူကာ ရေကန်ထဲမှ အလေးချိန် ၁.၅ ကီလိုဂရမ်ခန့်ရှိသော မြက်စားငါးကြင်း ကြီးတစ်ကောင်ကို ခပ်ယူလိုက်သည်။ ထို့နောက် ငါးကို ခြောက်သွေ့အောင် သုတ်ပြီးသည်နှင့် တစ်ပြိုင်နက် သွက်လက်ကျွမ်းကျင်စွာ စတင် ပြင်ဆင်လေတော့သည်။
ညစာစားပွဲတစ်ခုတွင် ပထမဆုံး ဟင်းလျာသည် အမြဲတစေ အအေးစာဟင်းလျာ ဖြစ်လေ့ရှိသည်။ ထိုအရာမှာ အဓိက ဟင်းလျာများကို စောင့်ဆိုင်းနေစဉ်အတွင်း ဖောက်သည်များ၏ ငြီးငွေ့မှုကို ပြေပျောက်စေရုံသာမက ဆာလောင်နေသော အစာအိမ်ကိုလည်း အနည်းငယ် ဖြည့်ဆည်းပေးနိုင်သည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ပထမဆုံး အအေးစာဟင်းလျာသည် ခံတွင်းမြိန်စေသည့် အာနိသင် အပြည့်အ၀ရှိရမည် ဖြစ်သည်။
ဖောက်သည်များ ခံတွင်းတွေ့မှသာလျှင် နောက်ထပ် လာမည့် ဟင်းလျာများကို ပိုမို ကောင်းမွန်စွာ ခံစားမြည်းစမ်းနိုင်မည်ပင် ဖြစ်သည်။
"ဆောင်းဝတ်စုံ၀တ်ပြီး ပိုးကတ္တီပါရက်လုပ်ခြင်းဆိုတဲ့ အအေးစာဟင်းလျာ ရပါပြီ၊ အေးအေးဆေးဆေး သုံးဆောင်ကြပါ" ယွမ်ကျိုးကိုယ်တိုင် ပန်းကန်ကို လာရောက်ချပေးလိုက်သည်။
ပန်းကန်၏ ပုံပန်းသဏ္ဍာန်မှာ အလွန် သေသပ်ချောမွေ့သည့် စတုရန်းပုံစံ ဖြစ်သည်။ ပုံမှန်အားဖြင့် အအေးစာ ဟင်းလျာအား အရည်များဖြင့်သာ တည်ခင်းလေ့ရှိသောကြောင့် ပြားချပ်သော ပန်းကန်ကို အသုံးပြုရန် ခက်ခဲသော်လည်း ယွမ်ကျိုးက ထိုပြားချပ်ချပ် ပန်းကန်ပြားကိုသာ ရဲတင်းစွာ အသုံးပြုထားသည်။
ပန်းကန်၏ အောက်ခြေတွင် နှင်းပွင့်ကဲ့သို့ ဖြူဖွေးပြီး ထောင့်စွန်းများတွင် အမည်မသိ သစ်ရွက်အချို့ကို ပန်းချီကားတစ်ချပ်ပမာ ရေးဆွဲထားသည်။ ပန်းကန်ပေါ်ရှိ ဟင်းလျာမှာ တက်ကြွ ထင်ရှားသော အရောင်အသွေးများဖြင့် တောင်တန်းငယ်တစ်ခုပမာ လှပစွာ နေရာယူထားလေသည်။
ငါးအရေခွံ၏ ကျောက်ကျောကဲ့သို့ အနှစ်များမှာ ဖန်သားအလား အလင်းဖောက်မြင်နေရပြီး အမည်းနှင့် အဖြူကြားတွင် အလွန်ပင် ကွဲပြားနေလေသည်။ ၎င်းနဘေးရှိ အရောင်အသွေးစုံလင်သည့် ဟင်းသီးဟင်းရွက်များပင်လျှင် ထိုငါးအရေခွံထံမှ အာရုံစိုက်ခံရမှုကို လုယူနိုင်စွမ်း မရှိချေ။
"ဒါက ငါးအရေခွံသုပ်လား" ကျိုးရှီကျဲက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ဟုတ်ပါတယ်၊ သုံးဆောင်ကြည့်ပါဦး" ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။
"ရယ်ရလိုက်တာ... သူက တကယ်ပဲ ရိုးရိုး ငါးအရေခွံသုပ်ကို ဒီလို နာမည်ကြီး ပေးထားတာကိုး" လျူထုန်သည် စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြောင်လိုက်သော်လည်း နှုတ်မှ ထုတ်မပြောရဲပေ။
သို့သော် လီမင်ဟွေ့က ပန်းကန်ပြားထဲရှိ အရည်များ စားပွဲပေါ်သို့ လျှံကျလာမည်ကို စိုးရိမ်သဖြင့် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်ထားမိသည်။
"စားကြရအောင် ဥက္ကဋ္ဌကျိုး" ချူရှောင်က တူကို ကောက်ကိုင်ကာ ပြောလိုက်သည်။
ယွမ်ကျိုးသည် ပန်းကန်တစ်ချပ်တည်းသာ လာချပေးသဖြင့် ၎င်းတို့အနေဖြင့် ဟင်းလျာများကို ခွဲတမ်းချ၍ စားသောက်နိုင်မည် မဟုတ်ပေ။
"ဒီအဘိုးကြီး အရင် စစားကြည့်မယ်" ကျိုးရှီကျဲသည် တူကိုကိုင်ကာ စတင် စားသောက်လေတော့သည်။
ချူရှောင်လည်း လက်သွက်ခြေသွက်ဖြင့် ငါးအရေခွံ တစ်ဖတ်ကို ညှပ်ယူလိုက်လေသည်။
"ငါးအရေခွံ ငါ စောင့်နေတာ ကြာပြီ" ၎င်းသည် ပုံဆောင်ခဲလေးနှင့်တူသော လှပသည့် ငါးအရေခွံကို တစ်ချက် စူးစိုက်ကြည့်လိုက်ပြီးနောက် ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
"ဟင်..." ချူရှောင်နှင့် ကျိုးရှီကျဲတို့ မျက်လုံးအပြူးသားဖြစ်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ လီမင်ဟွေ့နှင့် လျူထုန်တို့အား အတူတူစားရန်ပင် ပြောရန်သတိမရနိုင်တော့ဘဲ ငါးအရေခွံအချို့ကို အလုအယက် ထပ်မံ ညှပ်ယူကြလေသည်။
ထိုအခြေအနေကို မြင်သောအခါ လီမင်ဟွေ့နှင့် လျူထုန်တို့မှာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ လျူထုန်မှာ ပို၍ပင် အတင့်ရဲစွာဖြင့် "ခင်ဗျားက ဧည်ြခံတာဆိုတော့ လက်ဖက်ရည်များ ရနိုင်မလား၊ ကျွန်တော်က စားပြီးရင် လက်ဖက်ရည် သောက်ရတာ ကြိုက်လို့ပါ"
"တောင်းပန်ပါတယ်၊ မရပါဘူး" ယွမ်ကျိုသည် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေဘဲ ငြင်းပယ်လိုက်သည်။
ရယ်စရာကောင်းလိုက်တာ၊ စနစ်မှ ထောက်ပံ့ပေးထားသော ချင်မင်ရာသီအကြို လက်ဖက်ခြောက်မှာ ၄၀၀ ဂရမ်သာ ရှိပြီး မနေ့က ၅၀ ဂရမ် သောက်ထားပြီး ဖြစ်သည်။ ယခုကဲ့သို့အချိန်မျိုးတွင် သူစိမ်းတစ်ယောက်အား အလကားပေးသောက်မည်မှာ မည်သို့မျှ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။
"ကျစ်... ကျစ်..." လျူထုန်မှာ မကျေနပ်စွာ စုပ်သပ်လိုက်သည်။ သို့သော် ယွမ်ကျိုးက ၎င်းတို့နှင့် စကားဆက်ပြောချင်စိတ် လုံးဝ မရှိပေ။ ၎င်းတို့လက်ဖက်ရည်အကြောင်း ဆက်မပေးသ၍ သူ ဂရုမစိုက်တော့ချေ။
"ကဲပါ... မြည်းကြည့်ကြရအောင်" လီမင်ဟွေ့သည် လျူထုန်၏ မကျေမနပ် ဖြစ်နေမှုကို ကြားဖြတ်ဟန့်တားလိုက်လေသည်။
"ဟုတ်ကဲ့"
ထိုအခါမှသာလျှင် ၎င်းတို့နှစ်ယောက်သည် တူများကို ဆန့်တန်းကာ ဟင်းလျာကို စတင် ညှပ်ယူကြသည်။ ဖောက်သည်များစွာမဏ္ဍာ ဤစားသောက်ဆိုင်လေးရှေ့တွင် တိုးဝှေ့ တန်းစီနေကြသော်လည်း ၎င်းတို့မှာ ဤဟင်းလျာ၏ အရသာနှင့် ပတ်သက်၍ ကြီးမားသော မျှော်လင့်ထားခြင်းမရှိကြပေ။
တစ်ချိန်တည်းမှာပင် ချူရှောင်မှာ ၎င်းတို့နှင့် စကားပြောရန်ပင် အချိန်မရှိတော့ပဲ သူ၏ ပါးစပ်ထဲရှိ အံ့မခန်း အရသာကို ခံစားစူးစမ်းရန်သာ အာရုံစိုက်နေလေသည်။
ပုံမှန်အားဖြင့် ငါးအရေခွံသည် မည်သည့် အရသာကိုမဆို စုပ်ယူရန် အလွန် ခက်ခဲလေသည်။ သို့ဖြစ်ရာ စားဖိုမှူးများသည် ငါးအရေခွံကို အရသာဝင်စေရန် ပြစ်နှစ်သော ဆော့စ်တစ်ခု ဖန်တီးကာ တွဲဖက် စားသုံးစေလေ့ရှိကြသည်။ သို့သော် ယွမ်ကျိုး၏ ဟင်းလျာက ထိုရိုးအီနေသော နည်းလမ်းကို အသုံးပြုထားခြင်းမဟုတ်ပေ။
ချူရှောင်မှာ ယွမ်ကျိုးသည် ငါးအရေခွံကို မည်သို့ ပြင်ဆင်ခဲ့သည်ကို အတိအကျ မသိရသော်လည်း အနှစ်များနှင့် ပြည့်နှက်နေကာ ဆွဲဆန့်နိုင်စွမ်းရှိသော ငါးအရေခွံတစ်လုတ်မှ အနည်းငယ် ငန်ပြီး ချဉ်သော အရသာကို ထင်ရှားစွာ ခံစားလိုက်ရသည်။ ထို့အပြင် ထူးခြားသော ရနံ့တစ်ခုမှာ ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး အနည်းငယ် စပ်ဖျဉ်းဖျဉ်း အရသာမှာ ငါးအရေခွံ၏ အရသာကို ပိုမိုပေါ်လွင်သွားစေသည်။
"ကျွတ်... ကျွတ်..."
ချူရှောင်သည် ငါးအရေခွံကို ပျော်မွေ့စွာ ဝါးစားလိုက်လေသည်။ သူ့ ပါးစပ်ထဲတွင် နူးညံ့ပြီး စေးကပ်ကာ ဝါးလို့ကောင်းသော အရာတစ်ခု ရှိနေသော်လည်း ဝါးလိုက်သောအခါတွင် အံ့သြဖွယ်ကောင်းလောက်အောင် ကြွပ်ရွနေသည်။ ဆော့စ်၏ ချဉ်စပ်စပ် အရသာလေးမှာလည်း ချူရှောင်၏ ခံတွင်းကို ပို့လို့ပင် ရှင်းလင်းသွားစေခဲ့သည်။
"စိတ်ဝင်စားစရာပဲ" ချူရှောင်သည် တူဖြင့် ဟင်းလျာကို ထပ်မံ ညှပ်ယူလိုက်ကာ မနေနိုင်အောင်။ ရေရွတ်လိုက်မိသည်။
"တကယ်ကို စိတ်ဝင်စားစရာပဲ၊ အရသာက တကယ် ခံတွင်းမြိန်စေတယ်" ကျိုးရှီကျဲသည်လည်း ထောက်ခံလိုက်သည်။ သူ၏ လက်များက ဟင်းလျာကို အဆက်မပြတ် ညှပ်ယူနေဆဲဖြစ်သည်။
"အရသာက ကွဲပြားနေတယ်" ချူရှောင်က ယွမ်ကျိုးအား လှမ်းကြည့်လိုက်ပြီးနောက် လေးနက်စွာ ပြောလာသည်။
မှန်ပေသည်။ ဒုတိယမြောက် တစ်လုတ်တွင် ချူရှောင်သည် အရသာ အနည်းငယ် ပြောင်းလဲသွားကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သူ ဝါးနေစဉ်အတွင်း ဂျယ်လီတစ်ခုကို ကိုက်ဖောက်လိုက်ရသည့်အလား ငါးအရေခွံထဲမှ အရည်များလည်း ပန်းထွက်လာသည်။ ထိုအရည်၏ အရသာမှာ လတ်ဆတ်ပြီး သဘာဝကျစွာ အနည်းငယ် ချိုမြိန်နေသဖြင့် လတ်ဆတ်မှုနှင့် ကြွပ်ရွမှုတို့သည် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည်။ ထိုကဲ့သို့ သိမ်မွေ့သော အရသာကြောင့် သူ့ပါးစပ်ထဲတွင် ငါးအရှင်တစ်ကောင် ကူးခတ်နေသည့်အလားပင် ခံစားလိုက်ရသည်။
"ဒါငါးအရေခွံ ဟုတ်ရောဟုတ်ရဲ့လား" ချူရှောင်က မျက်မှောင်ကြုတ်ကာ ထိုအကြောင်းကို အဆက်မပြတ် တွေးတောနေမိလေသည်။
"နာမည်ပေးထားသလို ဒါက တကယ်ကို ပိုးကတ္တီပါနဲ့ တူတာပဲ၊ ငါးအရေခွံရဲ့ အရသာက ပိုးကတ္တီပါလိုမျိုး နူးညံ့ချောမွေ့နေတယ်" ကျိုးရှီကျဲသည်လည်း ပွင့်လင်းလင်းပင် ချီးကျူးလာသည်။ သူ၏ တူများသည်တော့ မထိန်းချုပ်နိုင်စွာ ငါးအရေခွံကို ထပ်ညှပ်နေဆဲဖြစ်သည်။
ပထမဆုံးဟင်းလျာ - ဆောင်းဝတ်စုံ၀တ်ပြီး ပိုးကတ္တီပါရက်လုပ်ခြင်း
ယွမ်ကျိုး အပိုင်း (၄၉၃)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း (၄၉၄) စားဖိုမှူး ၉၅ ရာခိုင်နှုန်းကို မှင်တက်အံ့ဩသွားစေခဲ့သော ဓားချက်တစ်ချက်
ချူရှောင်သည် နောက်တစ်လုတ်ကို ထပ်မံ မြည်းစမ်းလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ အနည်းငယ် စဉ်းစားခန်းဝင်သွားလေသည်။ ဒီကိစ္စရဲ့ လျှို့ဝှက်ချက်ကို သူ ဖော်ထုတ်နိုင်မှ ဖြစ်မယ်။
ထိုအချိန်တွင် လီမင်ဟွေ့နှင့် လျူထုန်တို့မှာ အံ့ဩမှင်တက်စွာဖြင့် ဘာပြောရမှန်းပင် မသိတော့ချေ။
"ဒါက ရိုးရိုး ငါးအရေခွံပဲလေ၊ ဘာလို့ ဒီလောက်တောင် အရသာရှိနေရတာလဲ" လျူထုန်သည် မယုံကြည်နိုင်လောက်အောင် အံ့ဩတကြီး ရေရွတ်လိုက်သည်။
"အရသာက လတ်ဆတ်နေတာပဲ၊ ပြီးတော့ ဟင်းချိုမှုန့်လိုမျိုး အရသာမျိုးလည်း လုံးဝမရဘူး" လီမင်ဟွေ့လည်း ထောက်ခံလိုက်သည်။
"ကဲ... မင်းတို့ကောင်တွေ အခုလောက်ဆို သဘောပေါက်လောက်ပြီမလား" ကျိုးရှိကျဲက သူ၏ တပည့်များကို လှည့်ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလျက် မေးလိုက်သည်။
"ဆရာ့ရဲ့ အကဲဖြတ်နိုင်စွမ်းက အရင်လိုပဲ ထက်မြက်နေဆဲပါပဲ" လီမင်ဟွေ့သည် ခေါင်းကို အနည်းငယ်ငုံ့ကာ ရိုသေစွာ ဖြေလိုက်လေသည်။ သို့သော် လီမင်ဟွေ့၏ မျက်နှာပေါ်တွင် ယွမ်ကျိုးအား အထင်ကြီးလေးစားသွားသည့် အရိပ်အယောင်များ မရှိသေးပေ။
"ငါးအရေခွံက လတ်ဆတ်ပြီး အရသာရှိတာ မှန်ပေမယ့် သူ့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကတော့ သုညပဲ" လျူထုန်သည် ဟင်းများကို တရစပ် နှိုက်စားနေရင်းကပင် မကျေမနပ် ပွစိပွစိလုပ်လေသည်။
စားသောက်ဆိုင်အပြင်ဘက် လမ်းမပေါ်တွင် နာရီဝက်ခန့် ရပ်စောင့်ခဲ့ရသည့် ကိစ္စကို သူ နာကြည်းနေဆဲပင်။
"ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ လူမှုဆက်ဆံရေးက မင်းထက်တော့ သာသေးတယ်" ကျိုးရှီကျဲက ၀င်ထေ့ငေါ့လေသည်။
ထိုအရာမှာ အမှန်ပင်ဖြစ်သည်။ လျိုတုန်းသည် မွေးရာပါ ဟင်းချက်ပါရမီ ထူးချွန်သူဖြစ်ရာ အနည်းငယ် လမ်းပြပေးလိုက်သည်နှင့် လွယ်ကူစွာ နားလည်သဘောပေါက်လေ့ရှိပြီး အပြင်းအထန် ကြိုးစားအားထုတ်ရန်ပင် မလိုအပ်ချေ။ ထို့ကြောင့် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး လီမင်ဟွေ့၊ သူ့ဆရာနှင့် ပါရမီရှင် ချူရှောင်တို့မှလွဲ၍ အခြားမည်သူ့ကိုမှ အဖတ်လုပ်လေ့ မရှိပေ။ ဤသို့သော မောက်မာမှုများကြောင့် သူ၏ လူမှုဆက်ဆံရေးမှာလည်း သဘာဝကျစွာပင် အဆင်မပြေလှချေ။
"ကျွန်တော်က ဆရာ့ကိုတော့ အမြဲ လေးစားပါတယ်နော်" လျူထုန်က စနောက်သံလေးဖြင့် ပြောလာသည်။ သူက အခြားသူများအား ဂရုစိုက်မစိုက်တက်ချေ။
"စကားတတ်တဲ့ ကောင်စုတ်လေး" ကျိုးရှီကျဲသည် သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်ကာ ထိုကိစ္စကို ဆက်မပြောတော့ဘဲ လွှတ်ထားလိုက်သည်။
"လီမင်ဟွေ့... နေဦးလေ၊ မင်း တိတ်တိတ်လေးနဲ့ ငါးတွေအကုန် စားပစ်တော့မလို့လား၊ ငါ့အတွက်လည်း ချန်ထားဦးဟ" ကျိုးရှီကျဲသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ နောက်ဆုံးကျန်နေသေးသော ငါးအရေခွံသုပ် ပန်းကန်ဆီသို့ လက်ကို အလုအယက် လှမ်းလိုက်လေတော့သည်။
"ဟုတ်ကဲ့ပါ ဆရာ" လီမင်ဟွေ့သည် တူကို ရိုသေစွာ ချလိုက်ပြီး အနည်းငယ် ရှက်ရွံ့သွားဟန်ပေါ်သည်။
လီမင်ဟွေ့သည် အစားအစာကို သူတစ်ပါးထံမှ လုစားလေ့ရှိသူ မဟုတ်ပေ။ အနည်းဆုံးတော့ ချူရှောင်လောက် အစားမက်သူ မဟုတ်ချေ။ ချူရှောင်မှာ နောက်မှ စားသော်လည်း လက်သွက်လွန်းလှသည်။ ထို့ကြောင့် ကျိုးရှီကျဲတစ်ယောက် သူ့ကို အံ့ဩတကြီး စိုက်ကြည့်နေစဉ်မှာပင် သူက ပန်းကန်ထဲမှ နောက်ဆုံးကျန်နေသော ဟင်းအနည်းငယ်ကို ဇွန်းဖြင့်ကော်ကာ ပါးစပ်ထဲသို့ ခပ်တည်တည်ဖြင့် ပစ်သွင်းလိုက်သည်။
"သြော်... အခုမှပဲ သဘောပေါက်တော့တယ်" သူ စားပြီးသွားသောအခါ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် အလွန်လေးနက်သော လေသံဖြင့် ဆိုလိုက်၏။
"မင်းက ဘာကို သဘောပေါက်သွားလို့ အဲ့လို အသံဖမ်းနေရတာလဲ၊ လူကြီးကို ရိုသေရမယ်၊ လူငယ်ကို သနားညှာတာရမယ် ဆိုတဲ့ အသိတရား မင်းမှာ မရှိဘူးလား" ကျိုးရှီကျဲက ဟင်းလုစားခံရသဖြင့် ဒေါသတကြီးဖြင့် အော်လိုက်လေသည်။
"သူဌေးယွမ်... ခင်ဗျားရဲ့ ဓားရေးစွမ်းရည်က တကယ်ကို ကြောက်ခမန်းလိလိ အထွတ်အထိပ် ရောက်နေတာပဲ" ချူရှောင်သည် ကျိုးရှီကျဲ၏ အပြစ်တင်စကားများကို လျစ်လျူရှုထားကာ ယွမ်ကျိုးကိုသာ စူးရှစွာ ကြည့်ရင်း လေးနက်စွာ ပြောလိုက်၏။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးသည် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ပြီး ထိုချီးကျူးစကားကို အေးအေးဆေးဆေးပင် လက်ခံလိုက်လေသည်။ သို့သော် သဘာဝကျစွာပင် သူ၏ ရင်ထဲ၌ ဂုဏ်ယူကျေနပ်မှုများက လှိုင်းထန်နေခဲ့သည်။
ငါ့ရှေ့မှာ လာပြီး ဟန်မလုပ်ပနဲ့၊ ဒီနေ့ ငါ့ပိုင်နက်ထဲကို ရောက်လာပြီဆိုမှတော့ မင်းအတွက် အခွင့်အရေး မရှိတော့ဘူး...
ယွမ်ကျိုးသည် စိတ်ထဲမှ ကြိတ်ကာ အောင်ပွဲခံလိုက်လေသည်။
"ဘာကိုဆိုလိုတာလဲ" ကျိုးရှီကျဲသည် ဥက္ကဋ္ဌတစ်ဦး ဖြစ်သော်လည်း ဟင်းလျာ၏ အရသာကိုသာ အာရုံနစ်ဝင်နေခဲ့ပြီး ချက်ပြုတ်သည့် နည်းလမ်းကို မတွေးမိခဲ့ပေ။ ထို့ကြောင့် သူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲပင်။
"ဆရာချူ... ခင်ဗျား သူ့ကို အရမ်း အထင်ကြီးလွန်းနေပြီ ထင်တယ်" လီမင်ဟွေ့သည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် စောဒကတက်လိုက်၏။
"ဟုတ်တယ် ဆရာချူ၊ ခင်ဗျားရဲ့ အကဲဖြတ်ချက်က တကယ့်ကို ချဲ့ကားလွန်းနေတယ်" လျူထုန်ကလည်း ချူးရှောင်၏ စကားကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။
"ဥက္ကဋ္ဌကျိုး... ခင်ဗျားရဲ့ ဟင်းချက်စွမ်းရည်က အံ့မခန်းဆိုပေမယ့် ဒီဟင်းပွဲနောက်ကွယ်က လျှို့ဝှက်ချက်ကိုတော့ ခင်ဗျား မမြင်နိုင်ခဲ့ဘူး ထင်တယ်" ချူရှောင်သည် တပည့်နှစ်ယောက်ကို အဖတ်ပင်မလုပ်ဘဲ ကျိုးရှီကျဲအား သနားကရုဏာသက်သည့် လေသံဖြင့် ခနဲ့လိုက်လေသည်။
အဟမ်း... အဟွတ် .. လူတိုင်းက မင်းလိုမျိုး ပုံမှန်မဟုတ်တဲ့ ပါရမီတွေ ပါလာတယ်လို့ ထင်နေတာလား
ကျိုးရှီကျဲက စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ သို့သော် သူ၏ တပည့်နှစ်ယောက် ဒေါသထွက်နေသည်ကို မြင်သောအခါ သူ အခြေအနေကို ထိန်းရန် ဆုံးဖြတ်လိုက်သည်။
"ငါတို့ကို မှန်းခိုင်း မနေနဲ့တော့။၊ ပြောစရာရှိတဲ့ လျှို့ဝှက်ချက်ကိုသာ ဖွင့်ပြောပြစမ်းပါ" သူက တည်ငြိမ်စွာပင် ပြောလိုက်လေသည်။
"အသေးစိတ်လေး ရှင်းပြပေးပါဦး" လီမင်ဟွေ့မှာ အသက်အနည်းငယ် ပိုကြီးသူဖြစ်၍ ဒေါသကိုထိန်းကာ တည်ငြိမ်စွာပင် မေးလိုက်လေသည်။
လျူထုန်မှာ သူ၏ မကျေနပ်မှုကို ဖော်ပြရန် ခပ်ဟဟ နှာမှုတ်လိုက်၏။
"'ဆောင်းဝတ်စုံ၀တ်ပြီး ပိုးကတ္တီပါရက်လုပ်ခြင်းဆိုတဲ့ ဒီဟင်းပွဲမှာ သုံးထားတဲ့ ငါးအရေခွံက မယုံနိုင်လောက်အောင် လတ်ဆတ်နေတယ်ဆိုတာ ခင်ဗျားတို့ သတိထားမိကြလား" ချူးရှောင်သည် သူ၏ရှေ့ရှိ ပန်းကန်အလွတ်ကို လက်ညှိုးထိုးပြကာ မေးလိုက်လေသည်။
"ဒါပေါ့၊ အရည်အချင်းရှိတဲ့ စားဖိုမှူးတိုင်း လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းကိုပဲ သုံးကြမှာပဲလေ၊ ဈေးထဲကနေ သွားဝယ်ဖို့တော့ နည်းနည်းလေး ခက်မယ်လို့တော့ ထင်တယ်"
လျူထုန်က လှောင်ပြောင်သည့်အပြုံးဖြင့် ခနဲ့လိုက်၏။ သူ့စကားထဲရှိ အရည်အချင်းရှိသည့်ဟူသော စကားက ယွမ်ကျိုးအား သွယ်ဝိုက်၍ လှောင်ပြောင်နေကြောင်း သိသာလှပေသည်။
"ကျွန်တော့်ဆိုင်က ပါဝင်ပစ္စည်းတွေ အကုန်လုံးက ထိပ်တန်းအရည်အသွေးတွေချည်းပါပဲ၊ ခင်ဗျားတို့ နှစ်ယောက်လည်း ဒါကို လွယ်လွယ်ကူကူ သိနိုင်မယ်လို့ ယုံကြည်ပါတယ်"
ယွမ်ကျိုးသည် ဟင်းပွဲများစားပွဲပေါ်သို့ လာချစဉ် လေးလေးနက်နက်ပြောပြီး လှည့်ထွက်သွားခဲ့လေသည်။ နှာခေါင်းစည်း နောက်ကွယ်မှ ယွမ်ကျိုး၏ အသံမှာ အနည်းငယ် တိုးဝင်နေသော်လည်း သူ၏ ယုံကြည်မှုအပြည့်ရှိသော လေသံမှာ အတော်ပင် လေးနက်လှသည်။
"ကျွန်တော် သိတယ်" လီမင်ဟွေ့သည် ခေါင်းညိတ်ပြလိုက်လေသည်။
"ဟား ဟား... မင်းတို့က ပါရမီလည်း မပါဘူး၊ အမြင်လည်း မစူးရှဘူး၊ ဆရာကောင်း တစ်ယောက်ရှိနေတာတောင် မင်းတို့အတွက် သိပ်အထောက်အကူ မဖြစ်ဘူးပဲ"
ချူးရှောင်သည် ထိုလူနှစ်ဦး၏ အကင်းမပါးမှုကို ကြည့်ကာ စိတ်ပျက်သွားပြီး ဝေဖန်ချလိုက်လေသည်။
"ဟုတ်ပါပြီ... ခင်ဗျား ပြောတာ မှန်ပါတယ်၊ ခင်ဗျားက ဉာဏ်ကြီးရှင်စားဖိုမှူးကောင်း တစ်ယောက်ပဲကို၊ ဒါဆို ဘယ်အချက်တွေပေါ် အခြေခံပြီး ဒီဟင်းပွဲက အထွတ်အထိပ်ကို ရောက်နေတယ်လို့ သတ်မှတ်တာလဲဆိုတာ ကျွန်တော်တို့ကို ပြောပြနိုင်မလား"
ထိုစကားကို ကြားသောအခါ လျူထုန်က ဒေါသကို မထိန်းနိုင်တော့ဘဲ ပြန်ပက်လိုက်၏။
အတိတ်က သူတို့ အကောင်းဆုံး ချက်ပြုတ်ထားသော ဟင်းလျာများကို ချူရှောင်ထံ မြည်းစမ်းရန် ယူသွားခဲ့စဉ်က ချူရှောင်သည် စားလို့တော့ ရသားပဲဟူသော စကားကိုသာ ပေါ့ပေါ့ပါးပါး ပြောခဲ့ဖူးလေသည်။ ထိုစဉ်က သူတို့အတွက် လုံးဝ လက်မခံနိုင်စရာ ဖြစ်ခဲ့ရသော်လည်း မီရှီလင် ကြယ်သုံးပွင့်အဆင့်ရှိ အသက်အငယ်ဆုံး စားဖိုမှူးဖြစ်နေသောကြောင့် အဆုံးတွင် ကျိတ်မှိတ်၍ လက်ခံခဲ့ရလေသည်။ ယခုအခါတွင် လူသိနည်းလှသော ယွမ်ကျိုးဆိုသည့် စားဖိုမှူးလေးအား ချူရှောင်က အထွတ်အထိပ်ရောက်ဟုပင် ချီးမွမ်းခန်းဖွင့်နေလေရာ သူတို့ နှစ်ဦးစလုံး ချက်ချင်းပင် မခံမရပ်နိုင် ဖြစ်သွားကြခြင်း ဖြစ်သည်။
"လတ်ဆတ်တယ်ဆိုတာ သိရက်နဲ့ မင်းတို့က မေးနေသေးတယ်နော်၊ အဲ့ဒါ မင်းတို့ နားမလည်သေးဘူး ဆိုတဲ့ သဘောပဲ၊ ငါးအရေခွံကို စခွာလိုက်တဲ့ အချိန်ကနေစပြီး ငါတို့စားပွဲပေါ် ရောက်လာတဲ့ အချိန်အထိ ဆယ်မိနစ်တောင် မကြာဘူး၊ ငါပြောတာ မှန်တယ်မလား" ချူးရှောင်က ယွမ်ကျိုးဘက်သို့ လှည့်ကာ အတည်ပြုသည့်ဟန်ဖြင့် မေးလိုက်၏။
"အင်း..."
ထိုအခါ လီမင်ဟွေးမှာ တွေးမိသွားပြီး မှင်တက်သွားလေသည်။ သို့ရာတွင် လျိုတုန်းက မြန်မြန်ဆန်ဆန်ဖြင့် "ဆယ်မိနစ်နဲ့ ပြီးတယ်ဆိုတာ တကယ်ကို မြန်ပါတယ်၊ ဒါပေမယ့်လည်း အထွတ်အထိပ်ဆိုတဲ့ စကားလုံးနဲ့တော့ မထိုက်တန်သေးဘူး"
"ဟား ဟား... မင်းတို့က အရမ်းတုံးအတာပဲ၊ ငါးကို ရေထဲက ဆယ်ယူလိုက်တဲ့ အချိန်ကနေစပြီး ငါးအရေခွံ ခွာချလိုက်တဲ့အချိန်အထိ ဒီတစ်၀က်မှ ပျက်စီးမနေတဲ့ ငါးအရေခွံ တစ်ခုလုံးကို ရဖို့အတွက် သူဌေးယွမ်က ဓားတစ်ချက်တည်းပဲ သုံးသွားတာကွ၊ မင်းတို့ အခု နားလည်ပြီလား။" ချူးရှောင်သည် ယွမ်ကျိုးကို လက်ညှိုးထိုးပြကာ အလွန်သေချာသော လေသံဖြင့် ပြေ။လိုက်လေသည်။
"စကားမစပ်... မင်းတို့ကို ပြောဖို့ မေ့သွားတယ်၊ မင်းတို့နှစ်ယောက်ကတော့ အဲ့ဒီလို ဓားချက်မျိုးကို သေချာပေါက် လုပ်နိုင်မှာ မဟုတ်ဘူး၊ ငါသိသလောက်တော့ ဒီလောကမှာရှိတဲ့ စားဖိုမှူး ၉၅ ရာခိုင်နှုန်းလောက်က ဒီလောက် မြန်ဆန်တိကျတဲ့ ဓားချက်မျိုးကို မစွမ်းဆောင်နိုင်ကြဘူး"
ချူရှောင် ထိုသို့ပြောပြီးနောက် လီမင်ဟွေ့နှင့် လျူတုန်တို့ကို လုံးဝ အဖတ်မလုပ်တော့ချေ။ ထိုအစား သူသည် ယွမ်ကျိုးကိုသာ စိတ်အားထက်သန်မှု အပြည့်ပါသော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့လေသည်။ ၎င်းမှာ ထိုက်တန်သော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင်သာ ဖြစ်ပေါ်လာတတ်သော သွေးဆူမှုမျိုး ပင်ဖြစ်သည်။
"ဓားတစ်ချက်တည်း သုံးတယ်၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" အစပိုင်းတွင် လျူထုန်သည် ထိုစကားများကို လုံးဝ မယုံကြည်နိုင်ပေ။
"တစ်ချက်တည်းလား၊ ဒီလိုနည်းလမ်းက တကယ်ပဲ ငါးအရေခွံရဲ့ အကောင်းဆုံး အရသာနဲ့ လတ်ဆတ်မှုကို အပြည့်အဝ ထိန်းသိမ်းထားနိုင်လိမ့်မယ်၊ ဒါပေမယ့်... ဓားတစ်ချက်တည်း သုံးတယ်ဆိုတာက လူသားစွမ်းအားနဲ့ တကယ်ရော ဖြစ်နိုင်လို့လား" အတည်ငြိမ်ဆုံး တပည့်ဖြစ်သူ လီမင်ဟွေးပင်လျှင် ထိတ်လန့်သွားလေသည်။
ထို့ကြောင့် သူသည် အတည်ပြုချက်ရရန် သူ၏ဆရာ ကျိုးရှစ်ကျဲ့ထံသို့ အားကိုးတကြီး လှမ်းကြည့်လိုက်လေသည်။
"အင်း... ဖြစ်နိုင်တယ်၊ သူ့လိုမျိုး အဆင့်ရောက်နေတဲ့သူ ဆိုရင်တော့ လတ်ဆတ်တဲ့ ငါးအရေခွံကို မျက်စိတစ်မှိတ်အတွင်း ရိုးရှင်းတဲ့ ဓားချက်တစ်ချက်တည်းနဲ့ ခွာချနိုင်လိမ့်မယ်"
ကျိုးရှီကျဲသည် ခေါင်းညိတ်ပြကာ လေးလေးနက်နက် ထပ်ပြောလိုက်၏။
"ဒါကြောင့်လည်း ဒီလောက်တောင် လတ်ဆတ်ပြီး အရသာရှိနေတာကိုး၊ ငါ့ပါးစပ်ထဲမှာ လတ်ဆတ်တဲ့ ငါးတစ်ကောင် အသက်ဝင်လှုပ်ရှားသွားပြီး မွှေးကြိုင်တဲ့ အရည်တွေ လျှံကျလာသလိုမျိုး ခံစားလိုက်ရတာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ"
ကျိုးရှီကျဲသည် ရင်သပ်ရှုမောစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ယခုအခါ သူသည် ယွမ်ကျိုးအား အတွေ့အကြုံနုသော စားဖိုမှူးငယ်တစ်ဦးအဖြစ် လုံးဝ မသတ်မှတ်တော့ချေ။ ထိုအစား ချူရှောင်ကဲ့သို့ ဂန္ထဝင်မြောက် ပါရမီရှင် စားဖိုမှူးကြီးတစ်ဦးအဖြစ် အသိအမှတ်ပြုလိုက်လေသည်။
"ကျွန်တော် တကယ်ပဲ ဓားတစ်ချက်တည်း သုံးခဲ့တာပါ၊ ခင်ဗျားရဲ့ လျှာက အရသာခံနိုင်စွမ်း အရမ်းကို မြင့်မားတာပဲ" ယွမ်ကျိုးက တည်ငြိမ်စွာပင် အတည်ပြုပေးလိုက်ရာ ထိုစကားက လျူထုန်၏ နောက်ဆုံးလက်ကျန် ယုံကြည်မှုကိုပါ တိုက်ရိုက်ပင် ရိုက်ချိုးဖျက်ဆီးပစ်လိုက်လေတော့သည်။
"သူက ရိုးရှင်းတဲ့ ဓားတစ်ချက်တည်းနဲ့ ငါးအရေခွံကို အပြည့်အဝ ခွာနိုင်တယ်တဲ့လား၊ သူချက်ပြုတ်နေတာကို ငါ ကိုယ်တိုင် မြင်လိုက်ရရင် သိပ်ကောင်းမှာပဲ"
လျူထုန်က မှင်တက်စွာဖြင့် သူ့ဘာသာ ရေရွတ်လိုက်လေသည်။ ထိုသို့သော ဟင်းချက်စွမ်းရည်များမှာ လူသားတစ်ယောက် လုပ်နိုင်စွမ်းထက် ကျော်လွန်နေပြီး အလွန်တရာ ကြောက်မခန်းလိလိ ဖြစ်နေပေသည်။
"ဒါပေါ့၊ အဲ့ဒါအပြင် မင်း ငါးအရေခွံကို မခွာခင် ငါးကို အရင်ပေါင်းတောင်ပေါင်းခဲ့သေးတယ်ဆိုတာ ငါသိတယ်၊ ပူလောင်နေတဲ့ အပူချိန်မှတောင် ဘာလို့ ငါးအရေခွံက နည်းနည်းလေးမှ ကျုံ့မသွားရတာလဲ။"
ချူရှောင်သည် သူ ဖြေရှင်းမရသေးသော လျှို့ဝှက်ချက်တစ်ခုကို တွေ့သွားသကဲ့သို့ ယွမ်ကျိုးအား စိတ်အားထက်သန်စွာ စိုက်ကြည့်နေလေတော့သည်။
စားဖိုမှူး ၉၅ ရာခိုင်နှုန်းကို မှင်တက်အံ့ဩသွားစေခဲ့သော ဓားချက်တစ်ချက်
ယွမ်ကျိုး အပိုင်း (၄၉၄)
ပြီးပါပြီ။