သန်းခေါင်ယံစကားဝိုင်း
Vol. 22 Ch. 310
အန်လင်း တစ်ကိုယ်တည်း နာကျင်ခံစားနေစဉ်မျာပင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး ကျက်သရေရှိ တင့်တယ်စွာဖြင့် အန်လင်းနံဘေးသို့ ဆင်းသက်လာသည်။
“အန်လင်းရေ... အဆင်ပြေရဲ့လား။” ထိုအမျိုးသားသည် မျက်မှောင်ကြုတ်ကာဖြင့် သူ၏လက်အား ရေခဲတုံးပေါ်သို့ တင်လိုက်သည်။
သူ၏ရှေ့တွင် ရှိနေသော အမျိုးသား၏ ခန့်ညားချောမောသော မျက်နှာကို ကြည့်ရင်း နွေးထွေးစိုးရိမ်သည့် အသံအား ကြားလိုက်မိသည့်အခါ အန်လင်း၏ နှလုံးသားထဲတွင် အနွေးလှိုင်းတစ်ခု စီးဆင်းလာသလို ခံစားမိလေသည်။
ထိုအမျိုးသားမှာ သူတို့၏ အတန်းခေါင်းဆောင်ဖြစ်သူ ရွှမ်ယွမ်ချန်မှလွဲ အခြားမဟုတ်ချေ။ ထိုသူသည် ယခင်အတိုင်း ကြင်နာတတ်နေဆဲဖြစ်သည်။
ရွှမ်ယွမ်ချန် ခေတ္တမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် သူ၏ ဓားရှည်အား ဆွဲထုတ်လိုက်ပြီး သူ၏ ခြေဖဝါးအောက်တွင် ယင်-ယန်စက်ဝိုင်း ပေါ်ထွက်လာသည်။
သူ၏ အသင်္ချေစိတ်ဝိညာဉ်ထိုက်ချီနည်းစနစ်အား အဆုံးစွန်အထိ အသက်သွင်းလိုက်သည့်အခါ လေနှင့် မြူခိုးများ စတင်လှုပ်ရှားလာသည်။
“အန်လင်းရေ.. ဒီရေခဲတုံးကို ဖျက်ဆီးပြီး မင်းကို ကယ်ပေးမယ်။” ရွှမ်ယွမ်ချန် သူ၏ဓားအား ခုတ်လွှဲလိုက်ပြီး ရေခဲတုံးအား ဓားသွားဖြင့် ထိကာ ရေခဲအတွင်းသို့ စွမ်းအင်အများအပြား စီးဝင်စေလိုက်သည်။
“ချန်ကော မလုပ်နဲ့...... အန်ကောက ကျင့်ကြံနေတာဗျ။ ဝုတ်”
တပိုင် အိမ်ဆောင်အတွင်းမှ အလျင်စလို ပြေးထွက်လာသည်။
“သူကျင့်ကြံနေမှန်း ငါသိတယ်။ ဒါပေမဲ့ သူ့မျက်နှာပေါ်က နာကျင်နေတဲ့ပုံစံကို မင်းမမြင်ဘူးလား။ ဖြစ်နိုင်မယ်ဆိုရင် အဲဒီနာကျင်မှုတွေက လွတ်မြောက်အောင် ကယ်တင်ပေးချင်တယ်။” ရွှမ်ယွမ်ချန် အလေးအနက် ပြောလေသည်။
အူးဝါး ချန်ကော အကောင်းဆုံး။
ရွှမ်ယွမ်ချန်၏ စကားများကြောင့် အန်လင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားမိသည်။
“စိတ်အေးအေးထားပါ အတန်းခေါင်းဆောင်။ အဲဒီဓားက အန်လင်းကို နာကျင်စေလိမ့်မယ် ဆိုရင် ဘယ်လိုလုပ်မလဲ။” စုချန်းရန် အလျင်စလို တားဆီးလာပြန်သည်။
သူမပြောသည့် စကားမှာ ခိုင်လုံသည်ဟု ရွှမ်ယွမ်ချန် ခံစားမိသည်။
ရေခဲအတွင်းသို့ စွမ်းအင်လှိုင်းများ ပို့လွှတ်လိုက်ရုံမျှဖြင့် အန်လင်းအား နာကျင်စေလိမ့်မည် မဟုတ်သော်ငြား သူ၏စွမ်းအင်သည် အန်လင်းအသုံးပြုနေသော ကျင့်ကြံခြင်းနည်းစနစ်နှင့် တွေ့ဆုံမိနိုင်သည်။ သူ၏စွမ်းအင်သည် အန်လင်းအား ချီဖောက်ပြန်မှု ဖြစ်ပေါ်စေရန် ဖိအားပေးမိမည်ဆိုလျှင် မကောင်းချေ။ သူ၏ အပြုအမူများမှာ အမှန်တကယ်ကို စဉ်းစားတွေးခေါ်မှု အနည်းငယ် လိုသွားပုံပင်။
နောက်ထပ် အရေးကြီးသည့်အရာမှာ ထိုရေခဲတုံးအား စွမ်းအားအပြည့် အသုံးပြုကာဖြင့် ခုတ်ပိုင်းလိုက်ခြင်း ဖြစ်သော်လည်း အနည်းငယ်မျှပင် ခြစ်ရာမထင်ခဲ့ချေ။
“ဟူး အန်လင်းကတော့ စံပါပဲ။” ရွှမ်ယွမ်ချန် ခေါင်းယမ်းလိုက်ပြီးနောက် သူ၏ဓားအား ပြန်သိမ်းလိုက်သည်။
စုရှောင်လန်သည်လည်း အန်လင်းထံသို့ စိတ်ပူပန်စွာဖြင့် ရောက်ရှိလာသည်။ “သူက ငါတို့တွေရဲ့ ခံစားချက်ကို ဂရုမစိုက်ဘဲ အမြဲတမ်း အခုလို ရူးနှမ်းနှမ်းတွေ လုပ်တယ်။ အခုမှတော့ စောင့်ရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ။”
စုရှောင်လန်၏ ပြောစကားကို ကြားပြီးသည့်နောက်တွင် အန်လင်း၏ ရင်ဘတ်ထဲ၌ တင်းကျပ်လာလေသည်။
သူ၏ ဖြူစင်မှုအား ကာကွယ်ရန်နှင့် ချစ်မြတ်နိုးရသူအတွက် အနမ်းဦးလေးအား ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းရခြင်းကြောင့် ဤသို့ ဖြစ်လာရခြင်းဟူသည့်အကြောင်း သူမအား ပြောပြချင်မိသည်။ ဤအဖြစ်အပျက်မှာ ရူးနှမ်းနှမ်း အဆန်းထွင်ခြင်း မဟုတ်ရပဲ ကြီးမြတ်သည့် အားထုတ်ကြိုးပမ်းမှု တစ်ခုသာလျှင် ဖြစ်သည်။ အချစ်အတွက် စတေးခံမှု။
စုရှောင်လန်၊ စုချန်းရန်နှင့် ရွှမ်ယွမ်ချန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ပြောစရာစကားများ ပျောက်ရှလျက်ရှိလေသည်။ အဆုံးတွင်မူ သူတို့အားလုံးတို့သည် အန်မင်ချွန်ထံမှ လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်ခြင်းခံလိုက်ကြရသည်။
အန်လင်းမှာမူ အထီးကျန်ရေခဲရုပ်တုဘဝဖြင့်သာ ဆက်ရှိနေလေသည်။
နေမင်းသည်လည်း မိုးကုပ်စက်ဝိုင်းအတွင်းသို့ စတင်ဆင်းသက်နေလေပြီ။
သူတို့သုံးဦး အချင်းချင်း တိုင်ပင်ဆွေးနွေးကြပြီးသည့်နောက်တွင် အန်လင်းအား တည်းခိုအိမ်တစ်လုံးအတွင်းရှိ ခန်းမအတွင်း၌ ထည့်ထားရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့သုံးဦးမှာ အန်လင်း၏ အရင်းနှီးဆုံးသော သူငယ်ချင်းများ ဖြစ်သည့်အတွက် ဤကဲ့သို့ မထားခဲ့နိုင်ကြချေ။ ထို့ကြောင့် မြောက်ဘက်မြူတောင်တွင် နေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။
ညအချိန်သို့ ရောက်ရှိလာပြီး မြောက်ဘက်မြူတောင်၏ မြူခိုးအစီအရင် ပျောက်ကွယ်သွားပြီးနောက် တောင်ထိပ်မှတစ်ဆင့် ပြင်ပကမ္ဘာ၏ ရှုခင်းများအား ခံစားကြည့်ရှုနိုင်သည်။
အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိကာ ညကောင်းကင်တွင် ကြယ်တစ်လုံးစ နှစ်လုံးစ မြင်တွေ့နိုင်လေသည်။
အန်လင်းမှာ အိပ်မပျော်နိုင်ပဲ ရှိနေလေသည်။ သူ၏မျက်လုံးများ ပွင့်နေသည့်အတွက် အသိစိတ်မှာလည်း လွန်စွာနိုးကြားလျက်ရှိသည်။ ထို့အပြင် အလွန်အေးလျက်လည် းရှိလေသည်။ ထိုအချက်များ အားလုံး ပေါင်းစပ်လိုက်သည့်အခါ သူ့အား အိပ်ပျော်စေမည့်အရေးမှ ရှောင်ဖယ်သွားစေသည်။
ညတာရှည်ပြီး ချမ်းအေးလျက်ရှိသည်။ ခန်းမတစ်ခုလုံး မီးလင်းလျက်ရှိသော်လည်း အနွေးဓာတ်မရှိချေ။
ရုတ်တရက်ဆိုသလို သူ၏အနီးဝန်းကျင်မှ ခြေသံအချို့ ထွက်ပေါ်လာသည်။
များမကြာမီတွင် အန်လင်း၏အရှေ့၌ အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ရောက်ရှိလာသည်။ သူမသည် မျက်ခုံးများတွန့်ကွေးကာဖြင့် အန်လင်းအား စိတ်ရှုပ်ထွေးလျက်ရှိသည့် အမူအရာဖြင့် ကြည့်နေလေသည်။
“အိပ်မပျော်လို့ နင့်ဆီလာလည်တာ။”
အန်လင်းထံသို့ ရောက်ရှိလာသူမှာ သူ၏ သူငယ်ချင်းဖြစ်သူ စုရှောင်လန်မှလွဲ အခြားမဟုတ်ပေ။
သူမနှင့်အတူ ခွေးခြေပုတစ်လုံးပါ ယူဆောင်လာပြီး အန်လင်း၏အရှေ့တွင် ထိုင်ချလိုက်သည်။ လက်နှစ်ဖက်ဖြင့် မေးထောက်လိုက်ပြီးနောက် သူမ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုတို့ အတိုင်းသားပင် ဖြစ်သည်။
စုရှောင်လန် ရောက်လာသည့်အတွက် အန်လင်း အလွန်စိတ်လှုပ်ရှားသွားမိလေသည်။ သနားဖို့ကောင်းသည့် အဖြစ်မှာ သူမလှုပ်ရှားနိုင်ခြင်းပင်။
“ဟဲ့ အန်လင်း.. နင် ငါ့ပြောတာကို ကြားရလား။ နင်က နိုးနေတာလား၊ အိပ်ပျော်နေတာလား။”
သူမအရှေ့ရှိ အမျိုးသားအား ကြည့်ကာဖြင့် နူးညံ့ချိုသာသည့်အသံဖြင့် ပြောလေသည်။
အန်လင်းမှာ သူမပြောသည့်စကားများအား ကြားနေရသော်ငြား ပြန်ပြောနိုင်စွမ်း မရှိချေ။
ဟူးး သူ၏ လက်ရှိအနေအထားမှာ အတော်လေး ဒုက္ခရောက်ရသည်။
ရေခဲတုံးမှ အေးစက်သည့်လေများ အဆက်မပြတ် ထုတ်လွှတ်လျက်ရှိသည့်အတွက် အခန်းအတွင်းရှိ အပူချိန်မှာ အခန်းအပြင်ရှိ အပူချိန်ထက် နိမ့်ကျလျက်ရှိသည်။ စုရှောင်လန်သည် အန်လင်းနှင့်နီးကပ်စွာ ထိုင်နေသည့်အတွက် အအေးဒဏ်ကြောင့် တုန်ယင်နေလေသည်။
“အန်လင်း နင်အေးနေတာလား။”
“အရမ်းနာကျင်မှာပဲနော်။”
ထိုသို့ပြောရင်း စုရှောင်လန်သည် သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ ရွှေရောင်ပုတီးစေ့တစ်လုံးအား ထုတ်ယူလိုက်သည်။ ထိုပုတီးစေ့အတွင်း၌ ရွှေရောင်နဂါးလေး ၉ ကောင် ကူးခပ်နေပုံရသည်။ ထို့နော်ကတွင် ချက်ချင်းဆိုသလို အခန်းအတွင်း၌ မီးစွမ်းအားများ ပျံ့နှံ့လာပြီး အပူချိန်မှာလည်း ရုတ်တရက်ဆိုသလို နွေနေ့လယ်ခင်းကဲ့သို့ ပူလောင်အိုက်စက်လာသည်။
“ဒါက နတ်မီးလျှံပုတီးစေ့လေ။ နေ့တိုင်းနေ့တိုင်း မီးစွမ်းအင်တွေ ထည့်သွင်းပေးထားတာ။ အဲဒါကြောင့် အသန့်စင်ဆုံး မီးစွမ်းအင်ကို ထုတ်လွှတ်ပေးနိုင်တယ်လေ။ အခု နင်နေရတာ နည်းနည်းသက်သာလာပြီလား။”
စုရှောင်လန်သည် ထိုပုတီးစေ့အား ရေခဲတုံးပေါ်သို့ ဖိချလိုက်ပြီးနောက် သူမ၏ ကျန်လက်တစ်ဖက်သည် ရေခဲအား အသာပွတ်သပ်နေလေသည်။
စုရှောင်လန်မှာ အအေးဒဏ်မခံနိုင်သူ ဖြစ်သည့်အတွက် ရေခဲ၏ မျက်နှာပြင်အား ပွတ်သပ်နေရင်း များမကြာမီမှာပင် သူမ၏လက် ထုံကျဉ်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲဖုံးနေတော့ အန်လင်းက အရမ်းနာကျင်နေမှာပဲနော်။
မည်သည်ကြောင့်ရယ်မသိ အန်လင်း အမှန်တကယ်ကိုပင် အတော်လေး နွေးထွေးလာလေသည်။ နွေးထွေးစွာ ပွေ့ပိုက်ထားခံရသကဲ့သို့ပင် ဖြစ်သည်။
သွား ဒီကနေ ထွက်သွားတော့။
အန်လင်း အနွေးဓာတ် မရလိုပေ။ ထို့အစား စုရှောင်လန် ထွက်ခွာသွားရန်သာ အော်ဟစ်ပစ်လိုက်ချင်မိသည်။
ရေခဲမျက်နှာပြင်အား ဖိထားသည်ကြောင့် စုရှောင်လန်၏ လက်ချောင်းလေးများ တဆတ်ဆတ်တုန်ယင်နေသည်ကို သူမြင်တွေ့နေရသည်။ စုရှောင်လန်၏ မျက်လုံးများထဲ၌ ပြတ်သားသည့် ဆုံးဖြတ်ချက်များနှင့် သူမ၏ ဆံပင်များတွင် ကပ်ငြိလျက်ရှိသော ရေခဲများကိုလည်း သူမြင်နေရသည်။
ရေခဲက တုံ့ပြန်တာလား။
အန်လင်း နောင်တရလာမိသည်။ စုရှောင်လန်မှာ သူ့အတွက် ထိုမျှလောက် ပြုလုပ်လိမ့်မည်ဟု သူထင်မထားမိခဲ့ချေ။
တပိုင်နှင့် အန်မင်ချွန်တို့အား ဤအကြောင်းကို လျှို့ဝှက်ထားရန် ပြောခဲ့သင့်သည်။
ဤနေရာမှ လွတ်မြောက်သည်နှင့် သေချာပေါက် ခွေးသားစားမှ ဖြစ်တော့မည်။
စုရှောင်လန် ပေါ့ပါးစွာ ပြုံးလိုက်ပြီးနောက် မတ်လတွင် တိုက်ခတ်သည့် နွေဦးလေပြည်နှင့်တူသော အသံလေးဖြင့် ညင်သာစွာပြောလေသည်။
“နင့်ရဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါ့မှာ နင့်အတွက် တစ်ခုခုလုပ်ပေးခွင့် မရခဲ့ဖူးဘူး။”
“နင်ကအမြဲတမ်း အန္တရာယ်များတဲ့ ရူးကြောင်ကြောင်အလုပ်တွေ လုပ်လေ့ရှိတယ်။ ဒါပေမဲ့ ငါ့မှာ တားဆီးခွင့်မရှိဘူး။ နင့်ရဲ့ ရူးနှမ်းနှမ်းလို့ ထင်ရတဲ့ အပြုအမူတိုင်းမှာ အကြောင်းအရင်း ဆိုတာရှိပြီးသား။ ဒီတစ်ကြိမ်က ရေခဲဒြပ်စင် ကျင့်ကြံခြင်းနည်းစနစ်ကို ရလိမ့်မယ်နဲ့တူတယ်။”
အန်လင်း : “…”
မှားနေပြီဟ။ ဒါက တာဝန်ကျရှုံးလို့ အပြစ်ပေးခံရတာပါပဲ။
“ဘယ်လိုပဲဖြစ်ဖြစ်လေ နင်ဒီလိုတွေ လုပ်နေတာကို တားဆီးနိုင်မှာ မဟုတ်တော့လည်း နင် နာကျင်မှုတွေ ခံစားရတိုင်း ငါ့က အမြဲတမ်း မျှဝေခံစားပေးချင်နေမိတယ်။”
“အင်းးး” စုရှောင်လန် မျက်တောင်ခတ်လိုက်ပြီးနောက် ချစ်စဖွယ်ကောင်းအောင် နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ အပြုအမူများနှင့် ပတ်သက်၍ အကြောင်းပြချက်ပေးရန် စဉ်းစားနေခြင်းဖြစ်သည်။ “ဒါက သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါလုပ်ပေးနိုင်တာလို့ ထင်တယ်လေ။”
စုရှောင်လန်၏ စကားများကြောင့် အန်လင်းမှာ အလွန်အမင်း စိတ်ထိခိုက်ပြီး နှလုံးကွဲကြေမိလေသည်။
သူ၏ စိတ်ထဲမှနေ စကားတစ်ခုကိုသာ ထပ်ကာထပ်ကာ ပြောနေမိသည်။ ရှောင်လန်ရေ.. ညက အေးလာပြီ။ သွားပြန်အိပ်တော့။ နင့်ကို စကားမပြောနိုင်တဲ့သူကို စကားပြောရင်း အချိန်ဖြုန်းမနေနဲ့။
စုရှောင်လန် ထွက်ခွာသွားခြင်း မရှိချေ။
သို့နှင့် နေထွက်ချိန်သို့ ရောက်ရှိလာလေသည်။
သူမသည် အန်လင်းအား တောင်ထိပ်သို့ ပြန်လည်သယ်ဆောင်သွားပြီး နေရောင်အောက်တွင် ထားလိုက်သည်။
“နေပူဆာ လှုံနေတော့။ ငါတော့ အနားယူလိုက်ဦးမယ်။”
စုရှောင်လန်၏ မျက်နှာ အနည်းငယ် ဖြူဖျော့လျက်ရှိနေသော်လည်း နေရောင်အောင်တွင် အလွန်လှပကြော့ရှင်းနေဆဲ ဖြစ်သည်။
အန်လင်း စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။ ဤသည်မှာ စုရှောင်လန်နှင့် အတူကုန်ဆုံးခဲ့ဖူးသော ပထမဦးဆုံး ည ဖြစ်လေသည်။
အခြေအနေအရပ်ရပ်မှာ အနည်းငယ် ကိုးရိုးကားရားနိုင်သည် ဆိုသော်ငြား သူတို့နှစ်ဦးစလုံး အိပ်စက်ခြင်း မပြုခဲ့ကြချေ။ တစ်ဦးမှာ နတ်မီးလျှံပုတီးစေ့အား လောင်စာဖြည့်ရင်းဖြင့် အလုပ်များလက်ရှိကာ ကျန်တစ်ဦးမှာမူ ရေခဲတုံးအတွင်း၌ လှုပ်ရှားမရနိုင်ပဲ ရှိနေလေသည်။
အနည်းငယ် ထူးဆန်းသော်ငြား နှလုံးသားနွေးထွေးခဲ့ရသော ည တစ်ညပင်။
များမကြာမီတွင် တပိုင်သည် ထိုရေခဲတုံးရှိရာသို့ ပြေးလာလေသည်။
“လခွမ်း အန်ကောကို ခန်းမထဲ မတွေ့တော့လို့ ကျွန်တော့်မှာ လန့်သွားတာပဲဗျာ။ ဝုတ်”
တပိုင်သည် အန်လင်းအား အံ့ဩမှုအတိုင်းသားဖြင့် ကြည့်နေလေသည်။ “အန်ကောကို ဘယ်သူရွှေ့ပေးတာလဲ။”
အန်လင်း : “…”
တိတ်ဆိတ်ခြင်းဖြင့် နှုတ်ဆက်ခံလိုက်ရသည်။
တပိုင်မှာ အရူးတစ်ယောက်လို ပြုမူမိသည့်အတွက် သူ့ခေါင်းသူ ပြန်ရိုက်လိုက်သည်။ “အန်ကော ချမ်းနေတာလား။”
အန်လင်း : “…”
တပိုင် ဆက်လက်၍ “ကျွန်တော် တစ်ညလုံး စဉ်းစားပြီးတော့ အကြံတစ်ခု ရလာတယ်။ အန်ကော မြင်နိုင်တယ်ဆိုရင် အန်ကောရဲ့ သွေးလှည့်ပတ်မှု တိုးလာစေဖို့ နည်းလမ်းကိုလေ။ အဲဒါမှ နွေးလာမှာ။”
တပိုင်၏ ယုံကြည်ချက်ရှိရှိ ပြောဆိုဟန်ကြောင့် အန်လင်းအနည်းငယ် သိလိုစိတ် ဖြစ်လာမိသည်။
ထို့နောက်တွင် တပိုင် ခေတ္တမျှ ထွက်ခွာသွားပြီးနောက် စာအုပ် တစ်အုပ်နှင့် ပြန်ရောက်လာသည်။
ထိုစာအုပ်အား ဖွင့်ကာဖြင့် အန်လင်း၏အရှေ့တွင် ချထားလိုက်သည်။
ထိုစာအုပ်မှာ ဝတ်လစ်စလစ်အမျိုးသမီးများစွာတို့၏ အဖော်အချွတ်မဂ္ဂဇင်းဖြစ်ကာ ထိုအမျိုးသမီးများသည် ညစ်ညမ်းသည့်အမူအရာတို့ဖြင့် ရှိနေကြလေသည်။
ဤသို့ဖြင့် ရေခဲတုံးအတွင်း၌ မျှော်စင်တစ်ခု စတင်ဖြစ်တည်လာသည်။
“အခု နွေးသွားပြီမလား။ အန်ကော ပူနေသေးလား။” တပိုင် စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။
အန်လင်း : “…”
ရေခဲတုံး အရည်ပျော်သွားသည်နှင့် ‘သေချာပေါက်’ ခွေးသားစားမည် ဖြစ်သည်။
***