← Chapters

ဒီနေ့ သူရဲကောင်းမဖြစ်ချင်သေးဘူး

Vol. 32 Ch. 446

ဒီနေ့ သူရဲကောင်းမဖြစ်ချင်သေးဘူး

Vol. 32 Ch. 446

အခန်း (၄၄၆) ဒီနေ့ သူရဲကောင်းမဖြစ်ချင်သေးဘူး

လုမင်နှင့်အခြားသူများမှာ မိုးကြိုးပစ်မခံရသည့်တိုင် နောက်ဆက်တွဲသက်ရောက်မှုများကြောင့် ခန္ဓာကိုယ်များ အလွန်တရာ ထုံကြဉ်နေကြသည်။

မိစ္ဆာတစ်ပိုင်းကျင့်ကြံသူ ရှောက်ဖုန်းထင်၏နောက်လိုက်ဖြစ်သော အခြား မိစ္ဆာတစ်ဝက်ကျင့်ကြံသူများမှာလည်း အလားတူအခြေအနေမှာပင် ရှိသည်။

ရှောက်ဖုန်းထင်အနားတွင်ကပ်လျှက် မတ်တတ်ရပ်နေသူများကတော့ အရိုးနှင့် ခန္ဓာကိုယ်အပိုင်းအစများပင် ကျန်ရစ်ခဲ့ခြင်း မရှိကြတော့ပေ။

သူတို့အားလုံး မြင်ကွင်းကို မှင်တက်စွာကြည့်နေမိကြပြီး အချိန်အတန်ကြာအောင် သတိပြန်ဝင်မလာခဲ့ကြပေ။ ထိုခဏတွင် သူတို့စိတ်ထဲ ထူးဆန်းသည့်အတွေးတစ်ခု ဖြစ်ပေါ်လာသည်။

သူတို့က ကောင်းကင်ဘုံမှပေးအပ်သည့် လူသားစရိုက်လက္ခဏာကိုစွန့်ပစ်လျှက် သားရဲများ၏သွေးကိုအသုံးပြု ကျင့်ကြံကြသဖြင့် ကောင်းကင်ဘုံအမျက်ရှကာ မိုးကြိုးကပ်ဘေးသင့်လေသည်လားဟူသော အတွေးပင် ဖြစ်၏။

ဤသည်က...

ရှေးယခင်က ကြားဖူးနားဝရှိခဲ့ဖူးသော နတ်ဘုရားများ၏အပြစ်ဒဏ် မိုးကြိုးဒဏ်ခတ်ခြင်းများလား။

သူတို့ ကောင်းကင်ထက်လှမ်းကြည့်လိုက်တော့ မိုးခြိမ်းသံများထွက်ပေါ်နေသေးသည်ကို တွေ့ရသည်။ သူတို့တွေးသလို မဖြစ်နိုင်ကြောင်းသိရှိကြသည့်တိုင် မည်သို့မှမတတ်နိုင်စွာ တုန်လှုပ်ချောက်ချားလျှက် ရှိနေကြဆဲပင်။

သာမန်လူသားတစ်ယောက်သာဆိုလျှင် သူတို့ရှေ့မှမြင်ကွင်းကိုတွေ့မြင်ရုံမျှဖြင့် ရပ်တည်ရန်ပင် ခက်ခဲသွားနိုင်သည်။

မိုးကြိုးမိစ္ဆာ ၊ မျောက်ဝံမိစ္ဆာတို့နှင့်အတူ မိစ္ဆာ (၃)ပါးအဖြစ် လူသိများထင်ရှားသော “ဇာမဏီမိစ္ဆာ” ရှောက်ဖုန်းထင်သည် မျောလွင့်ဝိညာဉ်ကမ္ဘာတွင် အထွတ်ထိပ်အဆင့် ရပ်တည်ခဲ့သူဖြစ်သည်။

သိုင်းဂိုဏ်းကြီး (၄) ဂိုဏ်းက ရတနာပစ္စည်းများစွာနှင့် တိုက်ပွဲအစီအရင်ကြီးများ အသုံးပြုကြသည့်တိုင် ထိုမိစ္ဆာကြီးများကို မနည်းတွန်းလှန်ခဲ့ကြရသည်။

မိစ္ဆာ (၃)ပါးဆိုသည့် အမြင့်မားဆုံးစွမ်းအားဖြင့် မျောလွင့်ဝိညာဉ်ကမ္ဘာတွင် နှစ်ပေါင်းများစွာအုပ်ဆိုးခဲ့သူများဖြစ်သည်။ ရှောက်ဖုန်းထင်သည် ထိုသူများထဲမှ တစ်ယောက်ကို ကိုယ်စားပြုသည်။

သို့သော် ယခုတော့ သူတို့မျက်စိရှေ့မှာပင် “ဇာမဏီမိစ္ဆာ” ရှောက်ဖုန်းထင်သည် မြေမြှုပ်သဂြိုလ်စရာပင်မလိုဘဲ မိုးကြိုးတစ်ချက်အပစ်ခံရကာ ပြာကျသွားခဲ့ပေပြီ။

ဤသည်ကို လူတစ်ယောက်က ပြုလုပ်သည်ပြောပါက မည်သူမှ ယုံကြည်နိုင်မည် မဟုတ်ပေ။

ထိုစဉ်မှာပင် မိုးခြိမ်းသံများနှင့် လျှပ်စီးကြောင်းများကြားမှ တည်ငြိမ်သောမျက်နှာထားဖြင့် ရန်ကျောက်ကဲ လမ်းလျှောက်ထွက်လာသည်။

ပကတိမိုးကြိုးစွမ်းအား အသုံးပြုလိုက်ပြီးနောက် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက စွမ်းအားများကုန်ဆုံးသွားကာ မီးခိုးရောင်ကျောက်တုံးကြီးအဖြစ် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲက ကျောက်သားပမာဖြစ်သွားသည့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ညာဘက်မျက်လုံးထဲတွင် ပြန်လည်သိမ်းဆည်းလိုက်ပြီး အစိမ်းရောင်ချောက်နက်ဓားကို ထုတ်ယူလိုက်၏။

ဓားရောင်က လက်ခနဲ တောက်ပသွားပြီး...

“အခု ငါ့ကို ဘယ်သူတားဆီးချင်သေးလဲ”

မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများမှာ အဝေးသို့ထွက်ပြေးလိုကြသော်လည်း ခန္ဓာကိုယ်များတုန်ယင်လျှက် မပြေးနိုင်ရှိကြလေသည်။

လုမင်သည်လည်း အလွန်တုန်လှုပ်ခြောက်ခြားလျှက်ရှိသည်။

သူက ရန်ကျောက်ကဲကိုကြည့်လိုက်ပြီး အလွန်တရာ လေးစားသောအသံဖြင့်...

“ကြီးမြတ်တဲ့သခင်... ကျွန်တော်တို့အသက်ကိုကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ တကယ်လို့ ကျွန်တော်တို့သာ ဇာမဏီမိစ္ဆာလက်ထဲကျရောက်သွားရင် သေတာထက်ဆိုးတဲ့အဖြစ်မျိုးနဲ့ ကြုံတွေ့ရပါလိမ့်မယ်”

သူက ဆက်ပြောသည်။

“မိစ္ဆာတစ်ပိုင်းကျင့်ကြံသူတွေက လူသားအဖြစ်မွေးဖွားလာကြပေမယ့် ဘိုးဘွားတွေရဲ့ကျေးဇူးတရားကို မေ့လျော့ပြီး သားရဲတွေလိုပဲ ဇာတ်တူသားစားသောက်ကြတဲ့ မကောင်းဆိုးဝါးတွေပါ ၊ သူတို့ပုံစံက ကြီးမြတ်တဲ့သခင်အတွက် ထူးခြားနေနိုင်ပေမယ့် တကယ်တမ်းကျတော့ သားရဲအစစ်တွေနဲ့ လူသားကျင့်ကြံသူတွေထက်ပိုပြီး အန္တရယ်များသလို ရွံစရာလည်းကောင်းတယ်”

“အခု ဇာမဏီမိစ္ဆာကို သုတ်သင်ရှင်းလင်းပေးတဲ့အတွက် ကြီးမြတ်တဲ့သခင်ကို ကျေးဇူးတင်ပါတယ် ၊ သခင်က ကျွန်တော်တို့ မျောလွင့်ဝိညာဉ်ကမ္ဘာက မကောင်းဆိုးဝါးတစ်ကောင်ကို ဖယ်ရှားပစ်လိုက်တာပါပဲ ၊ ဒီအဘိုးကြီးက ဇာမဏီမိစ္ဆာရဲ့လက်မှာ သေဆုံးကြရတဲ့လူသားတွေကိုယ်စား ဒီနေရာကနေ ကြီးမြတ်တဲ့သခင်ကို လေးစားစွာ ကျေးဇူးတင်အပ်ပါတယ်”

လုမင်၏စကားများကိုကြားသည့်အခါ သွေးနီတိမ်တိုက်ဂိုဏ်းမှ သိုင်းသမားများမှာ သူတို့ဂိုဏ်းချုပ်ကို အလွန်တရာ ထိတ်လန့်တုန်လှုပ်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။

အနည်းငယ် ဉာဏ်ကောင်းသူများက ချက်ချင်းသတိဝင်လာပြီး လုမင်နှင့်အတူ ရန်ကျောက်ကဲကို ကမန်းကတန်း ဦးညွှတ်ဂါရဝပြုကြလေ၏။

နဂါးစိမ်းတောင်မှလူအချို့က မီးတောက်ဂိုဏ်းမှအကြွင်းအကျန်များကို သုတ်သင်ရှင်းလင်းခဲ့ကြပြီး နဂါးစိမ်းတောင်ဂိုဏ်းချုပ် လော့ကျင်းဟောင်နှင့် အကြီးအကဲအချို့က အဖြစ်အပျက်များကို သိချင်သည့်အတွက် ရန်ကျောက်ကဲနောက်သို့ လိုက်လာကြလေသည်။

သူတို့မှာလည်း အလွန်ရိုကျိုးခယနေသော လုမင်၏ပုံစံကိုကြည့်ကာ မှင်တက်သွားကြသည်။

လုမင်၏ မျက်နှာပြောင်ကာ အရှက်မဲ့မှုကိုကြည့်ရင်း လော့ကျင်းဟောင် မနေနိုင်စွာ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ဒီလူက ‘ဇာမဏီမိစ္ဆာ’ ကိုအကြောင်းပြပြီး ရန်ကျောက်ကဲထံ အသနားခံရန် အခွင့်ရေးကို ရှာတွေ့ခဲ့သည်ပင်။

ဘာပဲဖြစ်ဖြစ် သေရေးရှင်ရေးရင်ဆိုင်ရချိန် ဤသည်က လုမင်အတွက် အခွင့်ကောင်းတစ်ခုဖြစ်ကြောင်း ဝန်ခံရမည်သာ။

လော့ကျင်းဟောင်နှင့်အခြားသူများက ရန်ကျောက်ကဲကို စိုးရိမ်တကြီးလှမ်းကြည့်ရင်း စိတ်မသက်မသာ ခံစားလိုက်ကြရသည်။

“ဇာမဏီမိစ္ဆာ” ရှောက်ဖုန်းထင်သည် သွေးနီတိမ်တိုက်ဂိုဏ်းနှင့် ရန်ဘက်ဖြစ်သည်။ ထိုသူကို သတ်လိုက်ခြင်းဖြင့် ရန်ကျောက်ကဲက သွေးနီတိမ်တိုက်ဂိုဏ်းကို ကယ်တင်လိုက်ခြင်းမည်ပေသည်။

ဤအချက်က နဂါးစိမ်းတောင်ဂိုဏ်းမှလူများ၏နှလုံးသားကို ခုန်လှုပ်သွားစေသည်။ ရန်ကျောက်ကဲက သွေးနီတိမ်တိုက်ဂိုဏ်းကို ခွင့်လွှတ်ပေးမည်ဆိုပါက နဂါးစိမ်းတောင်အနေဖြင့် ထိုသူများကို အမြစ်ပြတ် ကန်ထုတ်နိုင်မည် မဟုတ်တော့ပေ။

ဤသို့ဆိုလျှင် နဂါးစိမ်းတောင်ဂိုဏ်းချုပ်ဖြစ်သော လော့ကျင်းဟောင်အနေဖြင့် စဉ်းစားစရာများစွာ ရှိလာသည်။

ရန်ကျောက်ကဲက အလွန်တရာ စွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်သည်။ သူ့အနေဖြင့် မျောလွင့်ဝိညာဉ်ကမ္ဘာကို ချုပ်ကိုင်လိုသောဆန္ဒမရှိသည်မှာ သေချာပါရဲ့လား။

မြင့်မားသောတန်ခိုးစွမ်းအားဖြင့်အောင်ပွဲခံခြင်းသည် လွယ်ကူသော်လည်း ကမ္ဘာတစ်ခုလုံးကို အာဏာဖြင့်အုပ်ဆိုးလိုပါက နောက်လိုက်နောက်ပါမရှိဘဲ ရေရှည်အုပ်ချုပ်နိုင်ရန် မလွယ်ကူပေ။

ရန်ကျောက်ကဲက မျောလွင့်ဝိညာဉ်ကမ္ဘာကို သူ၏ထိန်းချုပ်မှုအောက်တွင်ရှိစေရန်အတွက် သွေးနီတိမ်တိုက်ဂိုဏ်းကို သိမ်းသွင်းလေမည်လား။

ဤအတွေးလမ်းကြောင်းအတိုင်း ဆက်လက်တွေးတောကြည့်မည်ဆိုလျှင် မီးတောက်ဂိုဏ်းနှင့် မိုးကြိုးဂိုဏ်းကိုလည်း ယနေ့သင်ခန်းစာပေးပြီးသည်နှင့် နာခံမှုရှိစေရန် ရန်ကျောက်ကဲက အတင်းအကျပ် စေခိုင်းနိုင်လေသည်။

လော့ကျင်းဟောင်တို့ နဂါးစိမ်းတောင်ဂိုဏ်းတွင်တော့ ရန်ကျောက်ကဲအမိန့်ကို မနာခံဘဲ နေရဲသူရှိမည် မဟုတ်ပေ။

သို့ရာတွင် ယနေ့ တိုက်ပွဲပြီးဆုံးသွားသည့်နောက် အခြားဂိုဏ်း (၃) ဂိုဏ်းက ရန်ကျောက်ကဲကို ဦးညွှတ်ကြမည်ဆိုလျှင်တောင်မှ သူတို့က နဂါးစိမ်းတောင်ဂိုဏ်းကိုတော့ အလွတ်ပေးမည် မဟုတ်ပေ။ ထိုသူများက နဂါးစိမ်းတောင်ဂိုဏ်း အထီကျန်တည်ရှိနေစေရန် ဖိနှိပ်ဖယ်ကြဉ်ထားကြမည် ဖြစ်သည်။

ထိုသို့တွေးမိသည့်အခါ လော့ကျင်းဟောင်စိတ်များ မကြည်မသာ ဖြစ်လာတော့သည်။

လုမင်၏အတွေးများကတော့ ရိုးရှင်းလေသည်။

လူငယ်ဆိုသည်က မျက်နှာသာပေးခံရသည်ကို သဘောကျသည် ၊ သူရဲကောင်းဖြစ်ချင်စိတ်ရှိသည်။ သူတို့၏အောင်မြင်မှုအတွက် အခြားသူများက ချီးကျူးမြှောက်ပင့်သည်ကို သဘောကျသည်။

“မိစ္ဆာတစ်ပိုင်းကျင့်ကြံသူတွေရဲ့ အန္တရယ်ကိုထောက်ပြပြီး ငါတို့တွေက တစ်လမ်းတည်းသွားတဲ့ လူသားတွေဖြစ်ကြောင်း အလေးပေးပြောပြလိုက်ရင် အရင်က ရန်ငြိုးတွေကို ဖြေရှင်းနိုင်မှာပဲ ၊ ဟုတ်တယ်”

ဤသည်က လုမင်၏အတွေးဖြစ်၏။

“ငါသာသူ့ကို အိမ်ခေါင်မိုးနဲ့ဆောင့်မိတဲ့အထိ စကားလုံးလှလှတွေနဲ့ မြှောက်ပေးလိုက်ရင် ငါ့စကားထဲမှာမျောပြီး သူ့ဂုဏ်သတင်းတွေထဲမှာသာယာပြီး ငါတို့ကို ဆက်ပြီးတိုက်ခိုက်မှာမဟုတ်တော့ဘူး”

လုမင်စိတ်ထဲက ထိုသို့တွေးနေလျှက် အပြင်ပန်းတွင်လည်း ရန်ကျောက်ကဲကို ရိုသေလေးစားဟန်အပြည့်ဖြင့် စကားဆက်ပြောနေလေသည်။

“မျောလွင့်ဝိညာဉ်ကမ္ဘာကလူတွေဟာ အစွမ်းထက်တဲ့သားရဲတွေနဲ့ မိစ္ဆာတစ်ပိုင်းကျင့်ကြံသူတွေရဲ့ ခြိမ်းခြောက်မှုကို အမြဲခံကြရပါတယ် ၊ ကျွန်တော်တို့လို ကျင့်ကြံသူတွေက သူတို့ကို တိုက်ခိုက်ကြပေမယ့် သူတို့က အရမ်းအစွမ်းကြီးလွန်းတာကြောင့် မအောင်မြင်နိုင်ခဲ့ကြပါဘူး”

“အခုတော့ ကံကောင်းလိုက်တာ ၊ ကြီးမြတ်တဲသခင်က ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ အစစ်အမှန် နတ်နဂါးကြီးတစ်ပါးလိုပါပဲ ၊ ကျွန်တော်တို့ ကမ္ဘာပေါ်ကို နတ်ဘုရားတစ်ပါးရောက်လာတယ်လို့တောင် ပြောလို့ရတယ် ၊ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံနဲ့ ‘ဇာမဏီမိစ္ဆာ’ ကိုသတ်ဖြတ်ပြီး မျောလွင့်ဝိညာဉ်ကမ္ဘာရဲ့ မကောင်းမှုအန္တရယ်ကို ဖယ်ရှားပစ်လိုက်တယ်”

လုမင်က...

“အခုချိန်မှာ ဒီလိုစကားပြောရတာ မထိုက်တန်လှပေမယ့်... ကျွန်တော်တို့ သွေးနီတိမ်တိုက်ဂိုဏ်းက သခင့်နောက်ကို လိုက်ချင်ပါတယ် ၊ ကြီးမြတ်သောသခင်နဲ့အတူ ဒီလောကရဲ့ မကောင်းဆိုးဝါးတွေကို သုတ်သင်ချင်ပါတယ် ၊ အရင်က မျက်စိရှိလျှက်နဲ့ မျက်ဆံမရှိလို့ သခင့်ရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို မသိမြင်ဘဲ ဆန့်ကျင်ခဲ့မိပါတယ် ၊ အခုတော့ အဲဒီအတွက် အလွန်တရာ နောင်တရနေပါပြီ ၊ အခု သခင့်ရှေ့မှာ လက်နက်ချပါတယ် ၊ ကျွန်တော်တို့ရဲ့ မသိနားမလည်မှုတွေကို ခွင့်လွှတ်ပေးပါ”

ရန်ကျောက်ကဲက လုမင်ကိုကြည့်ပြီး သူ့လက်ထဲမှ အစိမ်းရောင်ချောက်နက်ဓားကို ပြန်လည်သိမ်းဆည်းလိုက်သည်။

လုမင်က ရန်ကျောက်ကဲကို ပိုမိုဝပ်တွားလိုက်ရင်း စိတ်သက်သာရာရစွာသက်ပြင်းချလိုက်၏။

စိတ်ထဲကတော့ တွေးတောနေသည်မှာ -

“အဟက်... လူငယ်တွေက လူငယ်တွေပါပဲ ၊ ဒီကောင်လေးက ဒီလောက် ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ တန်ခိုးစွမ်းအားတွေရအောင် ဘယ်လိုကျင့်ကြံထားသလဲ မသိပေမယ့် ငါနည်းနည်းပါးပါး မြှောက်ပင့်ပေးလိုက်တော့ ဆက်ဆံရတာအရမ်းလွယ်သွားပြီ”

သူက နဂါးစိမ်းတောင်ဂိုဏ်းချုပ် ‘လော့ကျင်းဟောင်’ ကို မျက်လုံးထောင့်ကပ်ကြည့်ရင်း...

“ဒါမှမဟုတ်... အခြားတစ်ခုခုလည်း ဖြစ်နိုင်တယ်”

သူ တွေးနေစဉ်မှာပင် သူ့မျက်ဝန်းရှေ့မှ ကမ္ဘာလောကကြီး ရုတ်တရက် မှေးမှိန်သွားသလို ခံစားလိုက်ရသည်။

ရန်ကျောက်ကဲက လက်ကိုမြှောက်လျှက် လုမင်ကို လက်ဝါးဖြင့်ရိုက်ချလိုက်လေသည်။

လုမင်မျက်လုံးပြူးသွားပြီး...

“မင်း...”

သွေးနီတိမ်တိုက်ဂိုဏ်းချုပ် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားသည်။

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကို ခုခံချင်သည့်တိုင် ကောင်းကင်ကြီးပြိုကျလာသည့်ပမာ လက်ဝါးရိုက်ချက်က သူ့ဦးခေါင်းဆီသို့ ဖိနှိပ်ထားပြီ ဖြစ်လေ၏။

ကျန်လူများအားလုံးမှာလည်း အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

လုမင်အသက်ပျောက်သွားသည်နှင့် ရန်ကျောက်ကဲက သူ၏လက်ဝါးရိုက်ချက်ကို တည်ငြိမ်စွာပြန်လည်ရုတ်သိမ်းလိုက်သည်။

“ဒီနေ့ ကမ္ဘာကိုကယ်တင်တဲ့သူရဲကောင်း မဖြစ်ချင်သေးဘူး ၊ မိစ္ဆာဘုရင်ပဲ ဖြစ်ချင်တယ် ၊ ဒါမှ ဦးနှောက်မသုံးဘဲ လူသတ်လို့ရမှာ”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

လုမင် ရေးဆွဲသည့်အစီအစဉ်အားလုံးကို သူ သိရှိပြီးသားပင်။ ထိုအရာများအားလုံးက ပျင်းစရာကောင်းလွန်းလှသည်။ သူက ရှင်းလင်းကြမ်းတမ်းသောနည်းလမ်းကိုသာ လက်ကိုင်ထားချင်၏။

ထို့နောက် ရန်ကျောက်ကဲက ကျန်ရှိနေသည့် သွေးနီတိမ်တိုက်ဂိုဏ်းသားများနှင့် မိစ္ဆာတစ်ဝက်ကျင့်ကြံသူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ပြီးမှ နဂါးစိမ်းတောင်မှ လူများကို လှမ်းကြည့်ရင်း...

“သူတို့ကို မင်းတို့အတွက်ထားခဲ့တော့မယ် ၊ ပြဿနာရှိလား”

လော့ကျင်းဟောင်နှင့် အခြားသူများက ခပ်မြန်မြန်ပင် ပြန်ဖြေလိုက်ကြသည်။

“မရှိပါဘူး ၊ လုံးဝ ပြဿနာမရှိပါဘူး”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်နောက်ပစ်ကာ အေးအေးဆေးဆေး လမ်းလျှောက်ထွက်ခွာသွားသည်။

သို့သော် ခြေလှမ်းနှစ်လှမ်းခန့်လှမ်းပြီးနောက် သူက ရုတ်တရက် ရပ်တန့်လိုက်၏။

“သြော်... ဒါနဲ့... မင်းတို့ နဂါးစိမ်းတောင်တန်းက ငါ့ကို ဧည့်သည်အဖြစ် ဖိတ်ကြားထားတယ်နော် ၊ ဟုတ်တယ်မလား”

ထိုမေးခွန်းကြားသည့်အခါ လော့ကျင်းဟောင်တို့အုပ်စုမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိသည့်တိုင် ငိုချင်လျှက်ဖြင့် မျက်ရည်မထွက်နိုင်သည့်အလား ခံစားလိုက်ကြရလေသည်။

All Chapters