← Chapters

မိစ္ဆာဘုရင် ရန်ကျောက်ကဲ

Vol. 32 Ch. 447

မိစ္ဆာဘုရင် ရန်ကျောက်ကဲ

Vol. 32 Ch. 447

အခန်း (၄၄၇) မိစ္ဆာဘုရင် ရန်ကျောက်ကဲ

ရန်ကျောက်ကဲက လော့ကျင်းဟောင်တို့အုပ်စုအားတည်ငြိမ်စွာကြည့်ရင်း...

“ဒီရက်တွေ ဟိုဟိုဒီဒီ ပြေးလွှားနေရတာနဲ့ပဲ အတော်လေးပင်ပန်းနေလို့ မင်းတို့ဖိတ်ကြားတာကို မလာရောက်နိုင်ခဲ့ဘူး ၊ ပြီးတော့ မင်းတို့တွေလည်းအခု ငါနဲ့တွေ့နေကြရပြီပဲ မဟုတ်လား”

လော့ကျင်းဟောင်က အသက်ပြင်းပြင်းတစ်ချက်ရှူရင်း...

“ဟုတ်ပါတယ် ၊ သခင်လေး နဂါးတောင်ထွတ်ကို ကြွရောက်မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် တုနှိုင်းမရတဲ့ဂုဏ်ပြုမှုကို ခံစားရမှာပါ ၊ ဒါပေမဲ့ အားလုံးက သခင်လေးစိတ်ဆန္ဒအပေါ်ပဲ မူတည်ပါတယ်”

သူက ဆက်ပြောသည်။

“ဒီနေ့ ကျွန်တော်တို့ ဒီကိုရောက်လာတာက ကျူးကျော်လာတဲ့ရန်သူတွေကို တိုက်ခိုက်ဖို့အတွက်ပါ ၊ သခင်လေးအနားယူတာကို အနှောက်အယှက်မဖြစ်စေချင်လို့ တိုက်ခိုက်ပေးကြမလို့ပါ ၊ ဒါပေမဲ့ ကျွန်တော်တို့ထက်အရင် သခင်လေးက ရန်သူတွေကို သုတ်သင်ပစ်မယ်လို့ မထင်ထားဘူးလေ ၊ ဒီကိစ္စအတွက် ဒီ ‘လော့’ မျိုးနွယ်က လေးလေးနက်နက် တောင်းပန်ပါတယ်”

နဂါးစိမ်းတောင်မှ အခြားသောအကြီးအကဲများကလည်း ကြက်အစာကောက်သလို ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်ကြ၏။

“အမှန်ပါပဲ အမှန်ပါပဲ”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“ဒါဆိုရင်တော့ အဆင်ပြေပါတယ်”

ပြောပြီးသည်နှင့် သူက လှည့်ထွက်သွားသည်။

နဂါးစိမ်းတောင်ဂိုဏ်းမှ လူများအားလုံး သက်ပြင်းချလိုက်ကြ၏။

ထို့နောက် လော့ကျင်းဟောင်ဦးဆောင်ပြီး သွေးနီတိမ်တိုက်ဂိုဏ်းမှသိုင်းသမားများနှင့် မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများကို အလျှင်အမြန် သုတ်သင်ရှင်းလင်းလိုက်ကြသည်။

ထိုကိစ္စများကိုင်တွယ်ပြီးသည်နှင့် သူတို့လူများထံမှ သတင်းပို့လာလေရာ လော့ကျင်းဟောင်တို့အုပ်စု အလျှင်အမြန်ပင် အခြားနေရာတစ်ခုသို့ ထွက်ခွာသွားကြသည်။

ထိုနေရာတွင် ရန်ကျောက်ကဲ ရှိနေလေသည်။

သူက ဖန်းယွင်ရှန်း အားဟူတို့နှင့်အတူ ကောင်းကင်ထက်တွင် ပေါ့ပေါ့ပါးပါးပင် မတ်တတ်ရပ်လျှက်ရှိ၏။ သူတို့နှင့်အတူ နှင်းကြိုးကြာဂိုဏ်းချုပ် စူးယွင်လည်း ရှိနေလေသည်။

မိုးကြိုးဂိုဏ်းမှသိုင်းသမားများကတော့ သေသူသေ ၊ ဒဏ်ရာရသူရဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့ကျဲနေသည်။ မိုးကြိုးဂိုဏ်းချုပ်ကတော့ လုမင် ၊ ဖုန်းရှောက်ထင်နှင့် မီးတောက်ဂိုဏ်းချုပ်တို့နောက် လိုက်မသွားသေးဘဲ အသက်ရှင်လျှက် ရှိနေသေးသည်။

လော့ကျင်းဟောင်အနားရောက်လာတော့ ရန်ကျောက်ကဲ၏ ရယ်မောစကားဆိုသံကို ကြားရသည်။

“မတော်တဆဆိုပေမယ့် မင်းက ငါ့ကို ကြီးကြီးမားမားလက်ဆောင်တစ်ခု ပေးခဲ့တဲ့အတွက် ငါ အတော်လေး စိတ်ကောင်းဝင်နေတယ် ၊ ဒါကြောင့် မင်းကို အသက်ချမ်းသာပေးဖို့ ဆုံးဖြတ်လိုက်တာ”

မိုးကြိုးဂိုဏ်းချုပ်မှာ ငိုသည်ထက်ပင်ပိုပြီးအရုပ်ဆိုးသော အပြုံးတစ်ခု ဖြစ်ညှစ်ပြုံးရင်း...

“မင်း ကြိုက်သလိုသာလုပ်ပါ”

ဒါကိုမြင်တော့ နဂါးစိမ်းတောင်ဂိုဏ်းမှလူများ စိတ်ထဲ တောင့်တင်းသွားကြသည်။

မိုးကြိုးဂိုဏ်းချုပ်ကို ရန်ကျောက်ကဲက အသက်ချမ်းသာပေးလိုက်သည့်အတွက် ထိုသို့ခံစားကြရခြင်း မဟုတ်ပေ။

ရန်ကျောက်ကဲ၏ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားနှင့် လုပ်ရပ်များကို ထောက်ရှုပြီး ထိုလူငယ်လေးသည် မျောလွင့်ဝိညာဉ်ကမ္ဘာ၏ အာဏာကိုထိန်းချုပ်ရန် စိတ်မဝင်စားကြောင်း အပြည့်အဝ ပြသခဲ့ပြီးဖြစ်သည်။

သို့ပေသိ နဂါးစိမ်းတောင်ဂိုဏ်းမှလူအများစိုးရိမ်သည်မှာ အာဏာကိုမက်မောသူထက် ကိုယ်ထင်ရာလုပ်တတ်သူက ပို၍ ပေါင်းရသင်းရခက်သောကြောင့်ပင်။

အကယ်၍ မတော်တဆ ရန်ကျောက်ကဲ စိတ်ကွက်သွားစေရန် ပြုလုပ်မိပါက မည်သို့ဖြစ်မည်ကို မခန့်မှန်းနိုင်သဖြင့် စိတ်မသက်မသာ ခံစားကြရသည်။

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူကို ပြုံးကာ ကြည့်ရင်း...

“ဘယ်လိုနေလဲ”

ရန်ကျောက်ကဲက မေးခွန်းထုတ်တော့ ယင်လုန်ထူက တိုက်ပွဲအကြောင်းကို ပြန်စဉ်းစားရင်း...

“ဒီ မိစ္ဆာသွေးကျင့်ကြံသူတွေက တိုက်ပွဲအစီအရင်ပြုလုပ်တာ အရမ်းတော်တယ်”

ဟန်လုန်အာက နေ့စဉ်ဘဝအရေးကိစ္စများတွင် အနည်းငယ် ခပ်တုံးတုံးပုံစံဖြစ်နေသေးသော်လည်း သိုင်းတာအိုနှင့်ပတ်သက်လျှင် ဉာဏ်ရည်ဉာဏ်သွေးကျယ်ပြန့်ပြီး ကောင်းစွာနားလည်နေပြီ ဖြစ်သည်။

သူနှင့်မရင်းနှီးသော စူးယွင်သည်ပင် ယင်လုန်ထူသည် သိုင်းတာအိုကိုနားလည်ရာတွင် မည်မျှထူးခြားကြောင်းသိမြင်ခဲ့ပြီး ထိုကလေးငယ်ကို ငတုံးငအလေးတစ်ယောက်ဟု မသတ်မှတ်ဝံ့ပေ။

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အမှန်ပဲ... သူတို့ရဲ့ ကျင့်ကြံတဲ့နည်းလမ်းက ဘောင်တစ်ခုချမှတ်ပြီး ကျင့်ကြံတာမို့လို့ အဲဒီလိုဖြစ်ရတာ ၊ ဒါပေမဲ့ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အလယ်ဆင့်မှာပဲရှိနေသေးတယ် ၊ ဒါကြောင့် တိုက်ပွဲအစီအရင်တွေကလည်း အဆင့်မမြင့်သေးဘူး”

သူက ဆက်ပြောသည်။

“မိစ္ဆာသွေးကျင့်ကြံသူတွေက သူတို့နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ ကျင့်ကြံတဲ့နည်းစနစ်တွေကြောင့် တိုက်ပွဲအစီအရင်တွေကို အလေးအနက်ထားကြပေမယ့် သူတို့သွားရမယ့်လမ်းက ရှည်ပါသေးတယ်”

ပြောပြီးသည်နှင့် သူက ဖန်းယွင်ရှန်းကို လှမ်းကြည့်လိုက်သည်။

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲ၏မေးခွန်းကို မကြားသည့်အလား အတွေးလွန်နေဟန်ပင်။

သူမပုံစံကိုကြည့်ရင်း ရန်ကျောက်ကဲမျက်နှာထက် ပျော်ရွှင်သည့်အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူတို့ဘေးနားမှ အားဟူ ၊ ရွှီဖေးနှင့် စူးယွင်တို့သည်လည်း ပြုံးလိုက်မိကြ၏။

လော့ကျင်းဟောင်တို့အုပ်စုနှင့် မိုးကြိုးဂိုဏ်းသားများမှာလည်း ဖန်းယွင်ရှန်း ဘာဖြစ်သည်ကို သိချင်နေကြသော်လည်း မနှောက်ယှက်ဝံ့ဘဲ ဘေးနားတွင်သာ တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

အတန်ကြာမှ ဖန်းယွင်ရှန်းက ပြတ်ပြတ်သားသား ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး သူမခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များ တုန်ခါလျှက် ကြယ်တာရာချီစွမ်းအားများက ခန္ဓာကိုယ်အပြင်ဘက်သို့ ပေါက်ကွဲထွက်လာသည်။

များပြားလှစွာသောချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအားများက ကျောက်သားပမာ မာကျောကာ အသက်ဝင်လျှက် ရှိသည်။

သူမ၏ဦးခေါင်းထက်မှ ထင်သာမြင်သာရှိသော ဝိညာဉ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိုးကုတ်စက်ဝိုင်းနှင့် ချိတ်ဆက်သွားသည်။

သူမ ရှန်ထျန်း ကနဦးအဆင့် အောင်မြင်သွားပြီ ဖြစ်လေသည်။

စောစောက သစ်သားရုပ်တုပမာ မလှုပ်မယှက်ဖြစ်နေသော ဖန်းယွင်ရှန်း၏မျက်ဝန်းများက ယခု စတင်လည်ပတ်လာပြီး သူတို့တစ်ခါမှမမြင်ဖူးသော တောက်ပလင်းလက်မှုများဖြင့် ပြည့်နက်နေသည်။ သူမ၏ စိတ်အာရုံ ၊ ချီစွမ်းအားနှင့် ဝိညာဉ်စွမ်းအားများ ပြည့်နက်နေသည့် အလင်းတန်းတစ်ခုက ဖန်းယွင်ရှန်း၏ မျက်ဝန်းများဆီမှ ထိုးဖောက်ထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ပြုံးရင်း...

“ဂိုဏ်းတူညီမလေး’ဖန်း’ ၊ မင်း ရှန်ထျန်းကနဦးအဆင့်ကို အောင်မြင်သွားပြီ ၊ ဂုဏ်ယူပါတယ်”

အားဟူနှင့် အခြားသူများကလည်း သူမကို ဂုဏ်ပြုစကားဆိုလိုက်ကြသည်။ ဟန်လုန်အာသည်လည်း ဖန်းယွင်ရှန်း အဆင့်တက်သွားသည်ကို နားလည်သဘောပေါက်လေရာ ရိုးရှင်းစွာ ဝမ်းသာရွှင်မြူးလျှက် ထပ်ခါတလဲလဲ ဂုဏ်ပြုစကားဆိုနေတော့သည်။

စူးယွင်ကလည်း ဖန်းယွင်ရှန်းကိုကြည့်ပြီး ချီးကျူးစကားဆိုလိုက်၏။

“လူဆိုတာ တူရာစုဝေးကြတာပဲ ၊ သခင်လေးရဲ့ ဂိုဏ်းတူမောင်နှမတွေအားလုံးက ကောင်းကင်ဘုံကိုအံတုနိုင်တဲ့ ပါရမီရှင်တွေချည်းပါပဲ”

အားသစ်အင်သစ်များပြည့်ဝနေသော ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကိုကြည့်ကာ ပြုံးလိုက်ရင်း...

“တွေ့လား... ကျွန်မထင်ထားသလိုပဲ ၊ တိုက်ပွဲရင်ဆိုင်လိုက်မှ ကျွန်မ ကျင့်ကြံခြင်းတစ်ဆို့နေတာကို ‌‌ကျော်ဖြတ်နိုင်ခဲ့တာ ၊ ဒီတိုက်ပွဲက သေခြင်းရှင်ခြင်းတိုက်ပွဲ မဟုတ်ပေမယ့် ကျွန်မတို့တစ်ခါမှ မကြုံဖူးတဲ့လူတွေနဲ့ ထိပ်တိုက်တွေ့ရတာဆိုတော့ တကယ့်ကိုအကျိုးကျေးဇူးများတယ် ၊ အဲဒါကြောင့် အဆင့်တက်နိုင်ခဲ့တာ”

သူမက ဆက်ပြောသည်။

“သူတို့က သားရဲတွေနဲ့တူပေမယ့် သားရဲတွေလည်း မဟုတ်ဘူး ၊ ကျွန်မတို့ ချီစွမ်းအားကျင့်ကြံသူတွေနဲ့ လုံးဝ မတူဘူး”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

ဖန်းယွင်ရှန်း၏ သိုင်းတာအိုအပေါ် နားလည်နိုင်စွမ်းက အံ့သြစရာကောင်းလွန်းသည်။ နေ့စဉ် ကျင့်ကြံခြင်းတွင် သူမ၏နားလည်နိုင်စွမ်းက ထင်ဟပ်ခြင်းမရှိသော်လည်း တိုက်ပွဲများရင်ဆိုင်ရတိုင်း လူအများစု သတိမထားမိသောအရာများကို သူမက သတိထားမိစမြဲပင်။

ထို့ပြင် တိုက်ပွဲများမှရရှိသည့် ဉာဏ်အလင်းပွင့်ခြင်းက ဖန်းယွင်ရှန်း၏ နေ့စဉ်ကျင့်ကြံခြင်းကို အကျိုးပြုနိုင်ပြီး သူမအား ပိုမိုမြင့်မားသောအဆင့်သို့ရောက်ရှိအောင် ကူညီပေးနိုင်သည်။

သူတို့အားလုံးက အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဘာသာစကားဖြင့် ပြောဆိုနေကြသည့်အတွက် မျောလွင့်ဝိညာဉ်ကမ္ဘာမှလူများမှာ အကြောင်းအရာများကို နားမလည်ကြသည့်တိုင် ဖန်းယွင်ရှန်း အောင်မြင်မှုတစ်ခုရရှိသွားကြောင်း ရိပ်မိခဲ့ကြသည်။

ထို့ကြောင့် ကမန်းကတန်းပင် ရှေ့သို့တိုးကာ သူမကို ချီးကျူးဂုဏ်ပြုစကားဆိုလိုက်ကြ၏။

ရန်ကျောက်ကဲက လော့ကျင်းဟောင်ကို အရင်ကြည့်လိုက်ပြီးမှ မိုးကြိုးဂိုဏ်းချုပ်ကို တစ်ချက်လှမ်းကြည့်ကာ ခေါင်းညိတ်ပြလျှက် စူးယွင်နှင့် အခြားသူများကို ခေါ်ဆောင်ကာ နှင်းကျောက်စိမ်းတောင်တန်းသို့ ထွက်ခွာသွားလေသည်။

နဂါးစိမ်းတောင်ဂိုဏ်းသားများက ကမန်းကတန်းပင် သူတို့နောက်သို့ လိုက်သွားကြသည်။

သူတို့ကိုကြည့်ပြီး မိုးကြိုးဂိုဏ်းချုပ် ခဏမျှ တုံ့ဆိုင်းသွားသည်။ သို့သော် အံတင်းတင်းကြိတ်လိုက်ပြီး သူ့လူများကိုခေါ်ဆောင်ကာ ရန်ကျောက်ကဲနောက်သို့ လိုက်ပါသွားလေတော့သည်။

ဤသည်ကိုမြင်တော့ လော့ကျင်းဟောင်တို့အုပ်စုက မိုးကြိုးဂိုဏ်းမှလူများကို မကျေမနပ်ဖြင့် လှမ်းကြည့်ကြသည်။

ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ချပြီးပြီဖြစ်လေရာ မိုးကြိုးဂိုဏ်းချုပ်က နဂါးစိမ်းတောင်ဂိုဏ်းမှလူများ၏ မျက်ဝန်းများကို မသိချင်ယောင်ဆောင်လိုက်သည်။

လော့ကျင်းဟောင်တို့အုပ်စုမှာ မိုးကြိုးဂိုဏ်းချုပ်ကို သေအောင်ရိုက်ပစ်ချင်သော်လည်း ရန်ကျောက်ကဲ၏စိတ်ထားကို နားမလည်နိုင်သဖြင့် အဖုအထစ်ဖြစ်သွားမည်ကို စိတ်ပူသောကြောင့် အံကြိတ်ပြီး သည်းခံလိုက်ကြရသည်။

ယခုအချိန်တွင် သူတို့အနေဖြင့် ရန်ကျောက်ကဲကို နဂါးတောင်ထွတ်သို့ဖိတ်ခေါ်ရဲခြင်း မရှိတော့ပေ။ ရန်ကျောက်ကဲသွားမည့်အရပ်သို့သာ လိုက်ပါသွားရန် ဆုံးဖြတ်ကြရသည်။

နှင်းကြိုးကြာဂိုဏ်းသို့ ပြန်ရောက်သည့်နောက် ရန်ကျောက်ကဲနှင့် စူးယွင်တို့က ထိုင်ခုံတွင် အတူထိုင်လိုက်ကြသည်။

လေ့ကျင်းဟောင် ၊ မိုးကြိုးဂိုဏ်းချုပ်နှင့် လူအုပ်ကြီးတစ်စု သူ့အနားစုဝေးလာသည်ကိုမြင်တော့ ရန်ကျောက်ကဲက သိမ်မွေ့စွာစကားဆိုသည်။

“ငါ လိုချင်တဲ့ပစ္စည်းတွေရှိတယ် ၊ အဲဒါကို မင်းတို့တွေ ရှာဖွေပေးနိုင်မလား”

လော့ကျင်းဟောင်နှင့် အခြားသူများက စိတ်ဓာတ်ကိုမြှင့်တင်လိုက်ကြပြီး...

“သခင်လေး... ကျေးဇူးပြုပြီး ပြောပါ”

ရန်ကျောက်ကဲက...

“အဲဒါက မဟာဝိညာဉ်ကျောက်တုံးအနှစ်သာရပဲ...”

လော့ကျင်းဟောင်က...

“သခင်လေးက ဘယ်လောက်လိုချင်တာလဲ”

ရန်ကျောက်ကဲက ရယ်မောရင်း...

“အနည်းဆုံး ကျင်းနှစ်ထောင်လောက်လိုချင်တယ် ၊ များများရလေကောင်းလေပဲ”

လော့ကျင်းဟောင်နှင့် မိုးကြိုးဂိုဏ်းချုပ်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး လေထုတစ်ခုလုံး အေးစိမ့်သွားသလို ခံစားလိုက်ကြရသည်။

သူတို့က မချိပြုံးပြုံးရင်း...

“အချိန်တိုအတွင်းမှာတော့ ကျွန်တော်တို့ ဂိုဏ်း (၂) ဂိုဏ်းက ဒီလောက်များတဲ့ပမာဏ တူးဖော်ပေးဖို့ အရမ်းခဲယဉ်းပါတယ်”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“သတင်းသာဖြန့်လိုက်ပါ... ၊ တစ်ကမ္ဘာလုံးကလူတွေကိုပြောလိုက်... လိုချင်တဲ့သူကလည်း ငါပဲဆိုတာ ထည့်ပြော...”

သူက စူးယွင်ကိုလှည့်ကြည့်ရင်း...

“ဒေါ်လေး’ယွင်’ ရဲ့တပည့်တွေကိုလည်း ဒီပတ်ဝန်းကျင်က မဟာဝိညာဉ်ကျောက်တုံးတွေ ရသလောက်ရှာပေးဖို့ အကူအညီတောင်းပေးပါဦး”

စူးယွင်က ပြုံးရင်း...

“ကောင်းပါပြီ သခင်လေး”

လော့ကျင်းဟောင်က ခပ်တိုးတိုးလေသံဖြင့်...

“လက်ရှိ မျောလွင့်ဝိညာဉ်ကမ္ဘာမှာ မျောက်ဝံမိစ္ဆာနဲ့ မိုးကြိုးမိစ္ဆာတို့က လှုပ်ရှားနေကြတုန်းပဲ ၊ ပြီးတော့ နယ်မြေတွေ ထိန်းချုပ်ထားတဲ့ မိစ္ဆာသားရဲအစစ်တွေလည်း ရှိသေးတယ် ၊ အထူးသဖြင့် သွေးနီတိမ်တိုက်ဂိဏ်းမှာ အပြာရောင်ငှက် ရှိနေသေးတယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...

“သွေးနီတိမ်တိုက်ဂိုဏ်းဆိုမှ သတိရတယ်... မင်းတို့ ဒီမိန်းကလေးကို ငါ့ဆီခေါ်လာပေးဖို့ သွေးနီတိမ်တိုက်ဂိုဏ်းကို အကြောင်းကြားပေးပါလား”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ လေထဲတွင် မိန်းမပျိုတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။ မိန်းမပျိုလေးက အလွန်တရာ ကျော့ရှင်းလှပပြီး သွေးနီတိမ်တိုက်ဂိုဏ်းမှ တပည့်များဝတ်ဆင်လေ့ရှိသော ဝတ်စုံကို ဝတ်ဆင်ထား၏။

လော့ကျင်းဟောင်နှင့် အခြားသူများမှာ တံတွေးသီးလုနီးပါးဖြစ်သွားရသည်။

တစ်ကမ္ဘာလုံးကို အနိုင်ယူစွမ်းရှိသော ဒီသခင်လေးသည် သူလုပ်ချင်ရာလုပ်သူပင်။

ထိုသခင်လေးက အပြာရောင်သားရဲကိုတော့ စိတ်မဝင်စားဘဲ အလှလေးတစ်ယောက်ကို စိတ်ဝင်စားနေသည်တဲ့လား။

ဒီ သူရဲကောင်းမလုပ်ချင်တဲ့ မိစ္ဆာဘုရင်ကတော့ဖြင့်...။

All Chapters