ဒီနေ့မှ ခွေးသားမစားရရင် ဘယ်နေ့မှ မစားတော့ဘူးဟေ့
Vol. 22 Ch. 311
တပိုင်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေဟန်ရှိပြီး အန်လင်း၏ အမြင်ပသာဒ ရှိစေရေးအတွက် အဖော်အချွတ် မဂ္ဂဇင်းအား တစ်ရွက်ပြီးတစ်ရွက် လှန်နေလေသည်။
“အန်ကောရေ.. ဒါက ကျွန်တော်အကြိုက်ဆုံးပုံလေ။”
“ဒါပေမဲ့လည်း ဒီတစ်ခုကလည်း တော်တော်လေး မိုက်လွန်းတယ်။ ဒါကိုလည်း ကြိုက်တယ်လို့။ ဝုတ်”
…
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းများ ကြီးထွားလာခြင်းနှင့်ထပ်တူ ဒေါသတို့လည်း မြင့်တက်လာသည်။ ကြည့်ချင်စိတ် မရှိသော်လည်း ထိုစာအုပ်သည် သူ၏ မျက်စိရှေ့တည့်တည့်သို့ ရောက်ရှိနေခြင်းဖြစ်ကာ သူ၏မျက်လုံးများမှာ တစ်သမတ်တည်း ဖြစ်နေသည့်အတွက် အကြည့်လွှဲလို့မရချေ။
“အား”
ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို အော်သံတစ်ခု ထွက်ပေါ်လာသည်။
စုချန်းရန်မှာ ရှက်သွေးဖြာနေသည့် မျက်နှာအား ဖုံးအုပ်ကာဖြင့် အလျင်စလို ထွက်ပြေးသွားလေသည်။
အန်လင်း : “…”
တပိုင်သည် အချို့သော ထိန်းထိန်းသိမ်းသိမ်း လေ့ကျင့်ခန်းများ ပြုလုပ်ပြီးသည့်နောက်တွင် သူ၏ အဖော်အချွတ်မဂ္ဂဇင်းအား တိတ်တဆိတ် ပြန်သိမ်းလိုက်လေသည်။
“ဒီပုံတွေကို အန်ကော မြင်မြင် မမြင်မြင် ကျွန်တော်ကတော့ လုံးဝ လက်လျှော့မှာ မဟုတ်ဘူး။”
“ဒါတွေအားလုံး အန်ကောအတွက် လုပ်ပေးတာမို့လို့ ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုဘူးနော်။”
“မနက်ဖြန်လည်း လာခဲ့မယ်။ ဝုတ်”
အန်လင်း : “…”
သူ့အတွက်ရည်ရွယ်ကာ တပိုင်ပြုလုပ်ပေးခဲ့သမျှ အရာများကို အန်လည်း မည်သည့်အခါတွင်မျှ မေ့ဖျောက်ပစ်လိမ့်မည် မဟုတ်ပါ။
များမကြာမီတွင် ရွှမ်ယွမ်ချန် တရားထိုင်ရာမှ ထလာသည်။
သူသည် ရှေးဟောင်းဓားအား ကိုင်ဆောင်ထားပြီးနောက် အန်လင်း၏ရှေ့တွင် ဓားရေးလေ့ကျင်လေသည်။
သူ၏ ဓားနည်းစနစ်မှာ အလွန်အနုစိတ်လှပြီး ကမ္ဘာပေါ်ရှိ သက်ရှိများအားလုံးကို လွှမ်းခြုံတော့မတတ်ပင် ရှိလေသည်။
သူ၏ လှုပ်ရှားမှုတိုင်းမှာ စီးဆင်းနေသည့် ရေအသွင် တင့်တယ်ကြည်နူးဖွယ်ရာ ရှိလှသည်။
ထိုကဲ့သို့သော လှပသည့် ပြကွက်မှာ အလွန်မျက်စိပသာဒ ဖြစ်လေသည်။
ဤသည်မှာ မနက်ခင်းတိုင်းတွင် ကြည့်ရှုသင့်သည့်အရာမျိုး ဖြစ်လေသည်။
ချန်ကောအား ကြည့်ပြီးသည့်နောက်တွင် အန်လင်းသည် တပိုင်အား ကြည့်လိုက်သည်။ ထို့နောက်တွင် ရုတ်တရက်ဆိုသလို ခွေးသားဆာလောင်လာပြန်သည်။
အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။
နေ့လယ်ခင်းသို့ ရောက်သည့်အခါ စုရှောင်လန်သည် အန်လင်း၏အရှေ့သို့ နောက်ထပ်တစ်ဖန် ပြန်လည်ရောက်ရှိလာလေသည်။
သူမ၏ အသားအရောင် ပြန်လည်ကောင်းမွန်လာပြီး ချစ်စဖွယ်အပြုံးလေးဖြင့် အန်လင်းအား ကြည့်လိုက်သည်။ ထို့နောက်တွင် လက်ဖက်ရည်သောက်ရန်အတွက် အိမ်ဆောင်ဆီသို့ လျှောက်လှမ်းသွားလေသည်။
“ရှောင်လန်ရေ.. ဘာလို့ ဒီလောက်နောက်ကျမှ ထလာတာလဲ။” စုချန်းရန်သည် စုရှောင်လန်၏ လက်မောင်းအား ချိတ်တွဲလိုက်ပြီးနောက် သိလိုစိတ်ဖြင့် မေးလိုက်သည်။
“အာ.. အိပ်ကောင်းတဲ့နေ့ ဖြစ်နေလို့လေ။” စုရှောင်လန် သမ်းဝေလိုက်သည်။
စုချန်းရန်သည် သူမ၏ ကြွေသားနှင့်တူသည့် မျက်နှာလေးအား စုရှောင်လန်အနီးသို့ ကပ်သွားလိုက်ပြီးနောက် “ရှောင်လန်ရေ.. ငါပြောရဦးမယ် သိလား။ တပိုင်က တကယ်ကို မကောင်းတဲ့ခွေးပဲ။ သူနဲ့ဝေးဝေးမှာပဲ နေသင့်တယ်။”
“ဝုတ်.. စုချန်းရန် နင်ဘယ်လိုကြောင့်များ အခုလို ပြောထွက်တာတုံး။” တပိုင် ချက်ချင်းဆိုသလို အမှန်တရားအား လိုလားဟန်ဖြင့် ပြန်ပြောလေသည်။ “ဒီမနက်လုပ်ခဲ့တဲ့ အရာတွေက အန်ကောက သူရေခဲဘဝကို ပြောင်းမသွားခင် သေသေချာချာ မှာထားခဲ့တာတွေ သိရဲ့လား။”
အန်လင်း : “...”
တပိုင်အား ပြုတ်ရမည်လား၊ ပေါင်းရမည်လား။
စုချန်းရန်မှာ ထိတ်လန့်မှုကြောင့် သူမ၏ အပြာရောင်မျက်လုံးလေးများ ပြူးကျယ်လာလေသည်။ “တကယ်ကြီးလား။”
“ဒါပေါ့။ ငါ့ကို ဘယ်လိုခွေးလို့ ထင်နေတာလဲ။” တပိုင် တည်ကြည်လေးနက်သည့် အမူအရာဖြင့် ဖြေလေသည်။
“တပိုင်က ဘာလုပ်ခဲ့လို့လဲ။” စုရှောင်လန် သိလိုစိတ်ဖြင့် မေးလိုက်သည်။
“အဲဒါက...” စုချန်းရန်၏ နူးညံ့လှသည့် အသွင်အပြင်လေးမှာ ရှက်ရွံ့မှုကြောင့် အနီရောင်သန်းလာသည်။ သူမ မြင်တွေ့ခဲ့ရသည့် အရာအား ပြန်ပြောဖို့ရန် လွန်စွာ ရှက်ရွံ့လှသည်။
“အမျိုးသားတွေ တစ်ဦးနဲ့တစ်ဦး မကြာခဏ လုပ်လေ့ရှိတဲ့အရာလေ။ ဒါက ပုံမှန်ပါပဲ။ နင်သိဖို့မလိုဘူး။” တပိုင် အမှုမထားဟန်ဖြင့် ပြောလေသည်။
စုချန်းရန် ခေတ္တမျှ တိတ်ဆိတ်သွားသော်ငြား ထိုကိစ္စနှင့် ပတ်သက်၍ မည်သည့်စကားမျှ မဆိုတော့ချေ။
စုရှောင်လန်မှာလည်း ထပ်မေးခြင်း မပြုတော့ပဲ အိမ်ဆောင်အတွင်း၌သာ စကားစမြည် ပြောဆိုကြလေသည်။
ထိုအခါမှသာ အန်လင်း စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်နိုင်သည်။
တပိုင် ပျက်သုန်းသည့် နေ့ရောက်ရန် ၂ ရက် လိုသေး၏။
အချိန် တရွေ့ရွေ့ ကုန်ဆုံးနေလေသည်။
စုရှောင်လန်သည် ညအချိန်တွင် အန်လင်း၏အခန်းသို့ ခိုးကြောင်ခိုးဝှက် လာရောက်ဆဲဖြစ်သည်။ အန်လင်း၏ နံဘေးတွင် တိတ်တဆိတ် ထိုင်နေရင်းနှင့် သူမ၏ နတ်မီးလျှံပုတီးစေ့ကို အသုံးပြုကာဖြင့် အန်လင်း၏ခန္ဓာကိုယ်အား နွေးထွေးစေသည်။
တပိုင်သည်လည်း သူ၏ အဖော်အချွတ်မဂ္ဂဇင်းအား ယူဆောင်လာပြီး မနက်ခင်းတိုင်းတွင် အန်လင်း၏ ခန္ဓာကိုယ်အား နွေးထွေးစေသည်။
ရွှမ်ယွမ်ချန်သည် နေ့စဉ်နေ့တိုင်း အန်လင်း၏အရှေ့တွင် ဓားရေးလေ့ကျင့်နေသည်မှာ သူ၏ ပျင်းရိမှုအား ဖြေဖျောက်ပေးရန် ကြိုးစားနေခြင်း သို့တည်းမဟုတ် ဟန်လုပ်နေခြင်း ဖြစ်ပေလိမ့်မည်။
စုချန်းရန်မှာမူ တစ်ခါတစ်ရံတွင် အန်လင်း၏ အနီး၌ ကိုးရိုးကားရား အမူအရာဖြင့် လျှောက်သွားနေပြီး ပြောစရာစကား ပျောက်ဆုံးနေပုံရသည်။ သူမသည် မရည်ရွယ်ဘဲနှင့် အန်လင်းအား နာကျင်စေမည်ကို ကြောက်ရွံ့နေလေသည်။ အခြားအချိန်များတွင်မူ သူမသည် အန်လင်း လှုပ်ရှားနိုင်ခြင်း ရှိ မရှိကိုသာ မမှိတ်မသုန် စိုက်ကြည့်နေတတ်သည်။
အန်မင်ချွန်သည် မကြာခဏဆိုသလို အန်လင်းအား စကားလာပြောတတ်သည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ကျင့်ကြံခြင်းနည်စနစ်မျိုးအား ထပ်မံ လေ့ကျင့်ခြင်းမပြုရန်နှင့် မန္တန်များကိုသာ အထူးပြု လေ့လာပြီး တာဝေးအပြေးပြိုင်ပွဲကဲ့သို့ ကျင့်ကြံခြင်းအား ဖြည်းဖြည်းမှန်မှန် ပြုလုပ်သွားရန် ဖျောင်းဖျပြောဆိုလျက် ရှိသည်။
ထိုနေ့ရက်များမှာ အန်လင်းအတွက် အမှန်တကယ်ကို အထူးအတွေ့အကြုံတစ်ရပ် ဖြစ်လေသည်။
အဆက်မပြတ် အေးခဲနေဆဲ ဖြစ်သော်လည်း မိသားစုနှင့် သူငယ်ချင်းများ ရှိနေသည့်အတွက် အရိုးကွဲလုတမျှ အေးခဲမှုမှာ သိသိသာသာ လျော့နည်းသွားလေသည်။ ထိုသူများ ရှိနေသည့်အတွက် အန်လင်းမှာ အေးခဲခြင်း ခံထားရသော်ငြား ကြောက်ရွံ့ထိတ်လန့်မှု မရှိတော့ချေ။ အနည်းဆုံး သူအထီးမကျန်တော့ချေ။ စိတ်အားမငယ်တော့ချေ။
နောက်ဆုံးနေ့။
နေရောင်သည် ရေခဲထုအား ထွင်းဖောက်ကာ ဝင်ရောက်နေပြီး ရေခဲမျက်နှာပြင်တွင် ရေစက်ကလေးများ ပေါ်လာသည်။
“အန်လင်းရဲ့ရေခဲတုံး အရည်ပျော်လာပြီ။” စုချန်းရန် အံ့အားသင့်စွာဖြင့် အော်လိုက်သည်။
“ဖွီးးးး သုံးရက်ကြာပြီးမှ တကယ်ကို အရည်ပျော်လာတော့တာပဲ။ နောက်ဆုံးတော့ အေးအေးဆေးဆေး အနားယူနိုင်ပြီလေ။” ရွှမ်ယွမ်ချန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်လေသည်။
စုရှောင်လန်သည် အန်လင်း၏ပတ်လည်တွင် ပျော်ကျနေသည့် ရေခဲများအား စိုးရိမ်ပူပန်မှု မျှော်လင့်စောင့်စားမှုတို့ဖြင့် ကြည့်နေလေသည်။ သူမသည် ရေခဲပျော်ကျသည့် ဖြစ်စဉ်အား ပိုမိုမြန်ဆန်လာစေရန် မီးမြှိုက်ကာဖြင့် ကူညီလိုက်လေသည်။
တပိုင်မှာ အန်မင်ချွန်၏ နောက်ကျောတွင် ပုန်းအောင်းကာဖြင့် အန်လင်းအား မလုံမလဲ ကြည့်နေမိသည်။
အန်ကောက ငါပြောတာတွေ ကြားသွားလား။ သူ့အတွက် ရည်ရွယ်ပြီးတော့ လုပ်ပေးခဲ့တာကို သူနားလည်ဖို့ မျှော်လင့်ရမှာပဲ။
ခလွပ်
ရေခဲတုံးတွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ များမကြာမီတွင် မြေပြင်ပေါ် ပြုတ်ကျလာသည့် ဖန်ချပ်တစ်ခုသဖွယ် အက်ကွဲသွားလေသည်။
ရေခဲများ မရှိတော့သည်အခါ အန်လင်း၏ခန္ဓာကိုယ် တဖြည်းဖြည်းချင်း ပြိုလဲကျလာသည်။
ချက်ချင်းဆိုသလို ပြေးထူလိုက်ကြသည်။ စုရှောင်လန်သည် အန်လင်း၏ရင်ဘတ်အား လက်ဖြင့်ဖိလိုက်ပြီးနောက် မီးစွမ်းအင်အနည်းငယ် စီးဝင်စေလိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်း အနွေးဓာတ် စတင်လှည့်ပတ်လာပြီးနောက် အေးခဲမှုများ ပျောက်ကွယ်သွားလေသည်။
“ကျေးဇူးပဲ.. ငါအဆင်ပြေသွားပြီ။” စုရှောင်လန်အား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ပြီးနောက် မတ်တတ်ရပ်လိုက်လေသည်။
အန်လင်းခန္ဓာကိုယ်၏ ပြန်လည်ကောင်းမွန်မှုနှုန်းမှာ အလွန်မြန်ဆန်လှပြီး မည်သည့်ဆိုးကျိုးမျှ ရှိပုံမရပေ။ ထိုအခါမှသာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်နိုင်သည်။
“ကောင်းတယ်ဟေ့။ နောက်ဆုံးတော့ လင်းလေး နိုးလာပြီ။”
အန်မင်ချွန်သည် အန်လင်းအား စိတ်လှုပ်ရှားစွာဖြင့် ပွေ့ဖက်လိုက်သည်။ “အဖေပြောတာကို နားထောင်။ နောက်တစ်ခါ ဒီလိုနည်းလမ်းကို ထပ်မသုံးနဲ့။ အဖေ့မှာ နှလုံးခုန်ရပ်တော့မလိုပဲ။”
“ဟုတ်ပါပြီ။ ပြီးခဲ့တဲ့ သုံးရက်လုံးလုံးလည်း အဖေ ဒီစကားကိုပဲ ပြောနေတာ ကျွန်တော်ကြားပါတယ်နော်။ နောက်တစ်ခါ ဒီနည်းကို မသုံးတော့ဘူး။” အန်လင်း ပြုံးကာဖြင့် ပြန်ဖြေသည်။
ထိုစကားအား ကြားသည့်အခါ အန်မင်ချွန် အတော်လေး အံ့အားသင့်သွားမိသည်။ “အေးခဲနေတာတောင် အဖေတို့ ပြောတာတွေကို ကြားရတယ်ပေါ့။”
အန်လင်း ပြုံးကာဖြင့် ခေါင်းညိတ်လိုက်သည်။ “ကြားရတာပေါ့။ ကြားရရုံတင် မကဘူး မြင်လည်း မြင်ရသေတးတယ်။”
သူ၏အနီးတွင် ရှိနေသည့် လူများအား ကြည့်လိုက်ပြီးနောက် ရိုးရှင်းစွာဖြင့် ပြောလေသည်။ “မင်းတို့အားလုံး ငါ့ဘေးမှာ ရှိနေပေးတာ ကောင်းလိုက်တာ။”
စုရှောင်လန်မှာ အန်လင်း၏ စကားများကြောင့် အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေသည်။ သူမ၏ ကြွေသားနှင့်တူသည့် ပါးပြင်လေးတွင် အနည်းငယ်နီမြန်းလျက်ရှိပြီး သူမ၏ လက်များအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
အနည်းငယ် ထိတ်လန့်နေမိခြင်းဖြစ်သည်။ လွန်ခဲ့သည့် သုံးညလုံး သူမ ပြောခဲ့သည့် စကားများနှင့် ပြုလုပ်ခဲ့သည်များအား အန်လင်းသိနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
အန်လင်း၏ စကားများကို နားထောင်နေရင်းနှင့် တပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာလေသည်။ လျှာတန်းလန်းထုတ်ကာ အရည်လဲ့နေသော မျက်လုံးကြီးများဖြင့် အန်လင်းအား ကြည့်လိုက်ပြီး ဟင်းစားဘဝသို့ ရောက်ရှိမည့်အဖြစ်မှ ရှောင်လွှဲနိုင်ရန် ကြိုးပမ်းနေလေသည်။
“ကောင်းပြီလေ။ ဒါဆိုလည်း အရင်ဆုံးသွားပြီး အနားယူလိုက်ပါဦး။” ရွှမ်ယွမ်ချန် အကြုံပြုလေသည်။ အန်လင်း၏ အခြေအနေအား သူစိုးရိမ်နေဆဲဖြစ်သည်။
အန်လင်း ခေါင်းယမ်းလိုက်ပြီးနောက် တပိုင်အား ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်ကာဖြင့် ပြုံးလိုက်သည်။ “အာ ဘာမှမဖြစ်ဘူး။ ကျွန်တော် အားလုံးကောင်းတယ်။ ဒီည အားလုံးကို ခွေးသားချက်ကျွေးမယ်။”
အန်လင်း၏စကားကြောင့် အန်မင်ချွန် အနည်းငယ် ကြောင်အသွားလေသည်။ “ခွေးသားလား။ ဒီနားပတ်လည်မှာတော့ အဲလောက်များတဲ့ ခွေးသားမရဘူးကွ။”
အန်လင်းသည် တပိုင်အား စိုက်ကြည့်ကာဖြင့် ဆိုးယုတ်စွာ ပြုံးလိုက်သည်။ “တခြားကနေ ရှာစရာ မလိုပါဘူး။ တပိုင်မှာ အသားတွေ ကီလိုရာနဲ့ချီပြီးတော့ ရှိတယ်။ ကျွန်တော်တို့ လုံလုံလောက်လောက် စားလို့ရတယ်။”
အားလုံး : “…”
တပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်လာပြီးနောက် အလင်းတန်းတစ်ခု အသွင်ဖြင့် ထွက်ပြေးလေသည်။
“မင်းဘယ်မှသွားဖို့ မကြိုးစားနဲ့။” အန်လင်း အေးစက်စွာ ပြုံးလိုက်ပြီးနောက် လေတောင်ပံများ ထုတ်ကာဖြင့် တပိုင်အား လိုက်ဖမ်းလေသည်။
တပိုင်၏ နှင်းကဲ့သို့ ဖြူဖွေးနေသည့် အမြီးအား ဖမ်းဆွဲလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အား မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်သည်။
“အန်ကောရေ အသက်ချမ်းသာပေးပါလို့။ ကျွန်တော်က အန်ကောအတွက်ရည်ရွယ်ပြီး လုပ်ပေးခဲ့တာကို ဝုတ် ဝုတ် ဝုတ်” တပိုင်မျက်နှာမှ သွေးများစီးကျကာဖြင့် ငိုချင်းချနေလေသည်။
“ဟီးဟီး ငါ့ကို လာနှောင့်ဖို့ ဆုံးဖြတ်ထားရင် ဖြစ်လာမယ့် အကျိုးဆက်ကိုလည်း မင်းစဉ်းစားထားသင့်တယ်။”
အန်လင်း ရယ်မောလိုက်ပြီးနောက် တပိုင်၏ ခန္ဓာကိုယ်ပေါ်သို့ လက်သီးမိုးများ ကျဆင်းလာလေသည်။
လေထုထဲ၌ လေပြင်းများ ဝေ့ဝဲတိုက်ခတ်လျက်ရှိသည်။ ကောင်းကင်တွင် မိုးကြိုးလျှပ်စီးများလည်း လက်လက်ထနေလေသည်။ ကောင်းကင်ပြိုလဲပြီး မြေပြင်အက်ကွဲနေသည်။
ဝုန်း ဒိုင်း ဖြောင်း ခွမ်း
ဝုန်း ဒိုင်း ဖြောင်း ခွမ်း
တပိုင်၏ နောင်တတရားတို့ ပြည့်နှက်လျက်ရှိသော ငိုကြွေးသံမှာ ကောင်းကင်ယံထိအောင် ထိုးဖောက်သွားလေတော့သည်။
***