← Chapters

နောက်ဆက်တွဲ

Vol. 19 Ch. 254

နောက်ဆက်တွဲ

Vol. 19 Ch. 254

အခန်း(၂၅၄)  :  နောက်ဆက်တွဲ

ပိုင်ဟန်က ကျောင်းတော်၏ နောက်အဆောက်အဦးတစ်ခုဆီ သွားနေရင်း အထွတ်အထိပ် ဆရာများက သူ့ကို အဘယ်ကြောင့် ဆင့်ခေါ်လိုက်မှန်း စဉ်းစားနေသည်။ သူတို့ သူ့ကို တစ်ခုခု ပြောစရာရှိတာမျိုး ဒါမှမဟုတ် အကြောင်းကြားစရာမျိုး ရှိသည့်အခါ သူတို့က ကိုယ်တိုင် ရောက်လာတတ်ကြသည်။ သို့သော် ဤတစ်ကြိမ်တွင် သူတို့က သူ့ကို ဆင့်ခေါ်လိုက်၏။

ထို့ကြောင့် သူက တစ်ခုခု မှားယွင်းနေမှန်း သိလိုက်သည်။

ပိုင်ဟန်က အစည်းအဝေးအခန်းထဲ ဝင်လာပြီးနောက် ကျောင်းတော်ရှိ အထွတ်အထိပ်အဆင့် ကျင့်ကြံသူအားလုံးကို မြင်လိုက်ရသည့်အခါ နှလုံးခုန်မြန်သွားလေသည်။ ဤတစ်ကြိမ် သူတို့က သူ့အပေါ် နဂိုလေးစားမှုပင် မရှိတော့ပေ။

အခန်း၏ ဖွဲ့စည်းပုံကို မြန်မြန်သုံးသပ်လိုက်ပြီးနောက် ပိုင်ဟန်က အစည်းအဝေး၏ အကြောင်းအရင်းကို နားလည်သွားသည်။

“ပိုင်ဟန် မင်းရဲ့ ပြစ်မှုကို သိလား” အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်က မေးလိုက်သည်။

“ ကျုပ် မသိပါဘူး” ပိုင်ဟန်က ပြောလိုက်သည်။

“အခုအထိတောင် မင်းက မင်းရဲ့ အပြစ်ကြွေး လွတ်အောင်ကြိုးစားနေတုန်းလား။ ငါတို့ဂိုဏ်းရဲ့ ချီကံကောင်းမှု အများစု ပျောက်သွားပြီ။ ငါတို့တပည့်တွေရဲ့ သစ္စာရှိမှုကလည်း လှုပ်ခတ်လာပြီ။ ပိုအရေးကြီးတာက ငါတို့တွေ ခေတ်တစ်ခုရဲ့ စိတ်ဝိညာဉ်ပါ ဆုံးရှုံးသွားပြီ။ အဲဒါတွေက ငါတို့ကျောင်းတော်အတွက် ဘယ်လိုအဓိပ္ပါယ်ဆိုတာ သိရဲ့လား ”

ပိုင်ဟန်က ကျောင်းတော်သည် ခေတ်တစ်ခု၏ စိတ်ဝိညာဉ် ပျောက်ဆုံးသွားသည့် အဓိပ္ပါယ်က ဘယ်လိုအရာကို ဆိုလိုမှန်း နားလည်လေသည်။ ထိုအရာဖြင့် ကျောင်းတော်က ကိုးယောက်မြောက် ဧကရာဇ်ကို မကြာခင် မွေးထုတ်ပေးနိုင်ဖို့ အာမခံပေးနိုင်ပြီး တာအိုအခွင့်အလမ်းဂိုဏ်းနှင့် အင်အားမျှခြေညီသွားစေနိုင်သည်။

သို့သော် ယခုတွင် ဘယ်အရာမှ မတည်မြဲတော့ပေ။ သူတို့က သူတို့ဘာသာ မွေးထုတ်ကောင်း မွေးထုတ်နိုင်သေးသော်လည်း အောင်မြင်မှုမရှိဘဲ နှစ်သန်းချီ ကြာမြင့်သွားနိုင်သည်။ ဘယ်အရာကမှ မသေချာတော့ပေ။

ပိုင်ဟန်က အသက်ပြင်းပြင်းရှုကာ ဖြေလိုက်သည် “ အားလုံးက ဝမ်ဝေ့ အမှားပဲ”

“ မင်း သူ့ကို ရန်မလုပ်ရင် ဒီလိုအခြေအနေအထိ ဖြစ်လာမယ် ထင်လား” အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်က ပြန်လည်ချေပလိုက်သည်။

ပိုင်ဟန်က စကားပြောလိုက်သူကို ကြည့်ကာ သူတို့အားကောင်းသည့် ကျင့်ကြံဆင့်ကို အခွင့်ကောင်းယူကာ ကျောင်းတော်ထဲ အာဏာချုပ်ကိုင်ချင်သည့် ယခင်မျိုးဆက်မှ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ ပိုင်ဟန်က သူ့ကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ပေ။

“ ဒီလောက်နုံအနေတာကို ပြောနေစရာ မလိုပါဘူး” ပိုင်ဟန်က ပြောလိုက်သည် “ ကျုပ်ကြောင့် မဟုတ်ရင်တောင် ဝမ်ဝေ့က ကျုပ်တို့ကျောင်းတော်ကို ဆက်လက်ကြီးထွားပြီး တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် ခြိမ်းခြောက်လာမှာကို ခွင့်ပြုမှာ မဟုတ်ဘူး။ ကျုပ်အပြုအမူတွေက သူ့လုပ်ဆောင်ချက်ကို မြန်ဆန်သွားစေရုံလောက်ပဲ ”

အစစ်အမှန် အုပ်ချုပ်သူက အေးစက်စက် သရော်ကာ  “ မင်း ပြောတာ မှန်ရင်တောင် အခြေအနေက ဒီလောက်မြန်မြန် ဖြစ်လာမှာ မဟုတ်ဘူး။ တကယ်လို့ မင်းသာ သူ့ဆီကနေ တာအိုကျောက်ပြား ဝင်ခွင့် တောင်းဆိုချက်ကို လက်ခံပေးလိုက်ရင်  ငါတို့ကျောင်းတော်က အမြတ်တောင် ရဦးမယ်”

“ ကျုပ်က သူ အရမ်းအားကောင်းသွားတာမျိုး မဖြစ်အောင် တားဆီးခဲ့တာ ”

“ အဲဒါကိုက မင်းက သူ့လိုမျိုး ယုံကြည်ချက်နဲ့ စိတ်ဓာတ်မျိုး မရှိဘူးဆိုတာပြနေတာပဲ။ သူက ကျီစုန့်အတွက် တိုးတက်လာနိုင်မှန်း သိသိရက်နဲ့ သူ့မျှော်နန်းဆောင် စစ်ဆေးမှုထဲ ဝင်ခွင့်မပေးခဲ့ဘူးလား”

“ မင်းက သူ့တောင်းဆိုချက်ကို လက်ခံလို့ရတယ်။ သူ့အတွက် အချိန်ကို လျော့ချလိုက်ရင် သူ ရနိုင်တဲ့ အခွင့်ကောင်းတွေကို လျော့ချလိုက်သလို ဖြစ်သွားမှာပဲ”

ပိုင်ဟန်က ထိုအရာကို ကြားပြီး ဘာမှမပြောပေ။ တခြားအစစ်အမှန် အုပ်ချုပ်သူများကလည်း သက်ပြင်းချကာ ဘာမှမပြောကြပေ။ သို့သော်လည်း ထိုအကြီးအကဲက ဆက်ပြောနေသည်။

“ မင်း လီကျွင်းနဲ့ ကျီစုန့်အပေါ် လှည့်ကွက်သုံးပြီး ကျောင်းတော်ရဲ့ ဂုဏ်သတင်းကို အကုန်ဖျက်ဆီးလိုက်သလို ဖြစ်တာကို ထည့်မပြောရသေးဘူး။ ”

ပိုင်ဟန်က အသက်ပြင်းပြင်းရှုကာ  “ ကျုပ်ကို ဝေဖန်ဖို့ ဒီခေါ်တာလား”

“ဘယ်ဟုတ်ပါ့မလဲ” ယခု တခြားတစ်ယောက်က ဝင်ဖြေလိုက်သည် “ငါတို့ မင်းကို ဒီခေါ်လိုက်တာက မင်းကို ကျောင်းအုပ်ရာထူးကနေ ဖယ်ရှားလိုက်ပြီဆိုတာ အသိပေးဖို့ပါ ”

ပိုင်ဟန်က အစည်းအဝေးဆီ ဆင့်ခေါ်ခံရစဉ် ထိုရလဒ်ကို မှန်းဆထားပြီးသား ဖြစ်သော်လည်း  တရားဝင် ဆုံးဖြတ်ချက်ကို ကြားပြီးနောက် ဒေါသထွက်မိလာသလို စိတ်ပူလာမိသည်။ ထို့ကြောင့် သူက အလျှင်အမြန် ပြောလိုက်သည် “ခင်ဗျားတို့ အဲလိုလုပ်လို့ မရဘူး ”

“အိုး ဘာကြောင့်များလဲ” နောက်ထပ် အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်က လှောင်ပြုံးဖြင့် မေးလိုက်သည်။

ပိုင်ဟန်က ခဏတာ ရပ်တန့်သွားပြီး သူ့စိတ်ထဲ အမြန်အဆန် တွက်ဆနေကာ အံ့ကြိတ်လျက် ပြောလိုက်သည် “ကျုပ်က ဧကရာဇ်ခုံရဲ့ သားမလို့ပဲ။ ကျုပ်အဖေနဲ့ အမေက ဒီကျောင်းတော်ကို တည်ဆောက်ခဲ့တာဆိုတော့ ကျုပ်က စစ်မှန်တဲ့ အမွေဆက်ခံသူပဲ ”

အခန်းက ချက်ချင်း ငြိမ်ကျသွားသော်လည်း ပိုင်ဟန်က ထိုလူများ၏ အံ့အားသင့်သွားသည့် အရိပ်အယောင်ကို မမြင်မိပေ။ ထို့ကြောင့် သူ့ထံ ခံစားချက်ဆိုးဆိုးတစ်ခု ဝင်ရောက်လာသည်။

“ငါတို့တွေ အဲဒါကို သိထားပြီးသား” အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်က ဖြေလိုက်သည်။

“ ဘယ်လိုလုပ် ”

“ မင်း မွေးလာတော့ တည်ထောင်သူရဲ့ စိတ်စွမ်းအားက ပုံပေါ်လာပြီးတော့ မင်းတည်ရှိမှုအကြောင်း ပြောပြသွားခဲ့တယ်။ သူက မင်းကို လွတ်မထားဖို့ သတိပေးသွားသေးတယ်။ တကယ်လို့ လိုအပ်လာရင် မင်းရဲ့ အနေအထားနဲ့ ရာထူးကို ဖယ်ရှားလို့ရတယ် ”

ပိုင်ဟန်က ထိုအကြောင်းကို ကြားပြီး အမူအရာပျက်သွားသည်။

အဲဒီလူအိုကြီးကတော့ …. အားလုံးကို တွက်ချက်ထားခဲ့တာလား … သူက ငါ့ကိုယ်ငါ လူပြက်တစ်ယောက်လို လုပ်နေတာကို ထိုင်ကြည့်နေခဲ့တာပဲ …ကျစ်

ထို့နောက် သူက အစစ်အမှန် အုပ်ချုပ်သူအားလုံးကို ကြည့်လိုက်ပြီး  “ အဲကြောင့် ကျုပ်ကို လေးစားခဲ့ကြတာလား။ ကျုပ်ကို ကျောင်းအုပ်အဖြစ် ရွေးချယ်ခဲ့တာလည်း အဲဒါကြောင့်လား”

ပိုင်ဟန်က ထိုစကားကြောင့် စိတ်တိုလာကာ မျက်လုံးများပင် နီရဲလာသည်။ သူ့နဖူးပေါ်မှ သွေးကြောများလည်း ထောင်မတ်လာသည်။

“ဘယ်ဟုတ်ပါ့မလဲ” အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်က ပြောလိုက်သည် “ တကယ်လို့ မင်းသာ အရည်အချင်း မပြည့်မှီရင် ကျောင်းအုပ် ဖြစ်လာခွင့်ပြုမှာ မဟုတ်ဘူး”

“အမှန်ပဲ … ငါတို့က မင်းရဲ့ ကျင့်ကြံရေးအပေါ် နားလည်နိုင်စွမ်းနဲ့ တခြားသူတွေအပေါ် လမ်းပြသင်ကြားနိုင်စွမ်းကို လေးစားခဲ့ကြတာ”

ပိုင်ဟန်က လှောင်လိုက်သည် “ ခင်ဗျားတို့စကားတွေကို ယုံမဲ့အစား ငရဲ အေးခဲသွားတယ်ဆိုတဲ့ စကားမှ ယုံချင်စရာကောင်းဦးမယ် ”

အစစ်အမှန်အုပ်ချုပ်သူများစွာက ပိုင်ဟန်သည် သူ့အဖေနှင့် ပတ်သက်လာသည့်အခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာများစွာ ရှိနေကြောင်း သိနေရ၍ တိတ်တခိုး သက်ပြင်းချလိုက်ကြသည်။ သူတို့အင်အားနှင့် အဆင့်အတန်းဖြင့် ဒီလိုအရာမျိုး လိမ်ညာနေမည် မဟုတ်ပေ။ သူတို့က သူနှင့် ဆက်ဆံရေးကို မပြတ်တောက်လိုပေ။ သူက ဧကရာဇ်မျိုးဆက် မဟုတ်ပါလော။

ကံမကောင်းစွာဖြင့် လူအားလုံးက ထိုသို့မဟုတ်ခဲ့ပေ။

အာဏာယူချင်သူက အေးစက်စက် လှောင်ပြောင်ရင်း ပြောလိုက်သည် “ တစ်ခုခု ပြီးမြောက်ဖို့ မင်းအပေါ်ပဲ မှီခိုခဲ့ရတယ်ဆိုတဲ့ ပုံစံမျိုး ဖမ်းမနေစမ်းပါနဲ့။ ကျင့်ကြံရေးအကြောင်း နက်နက်နဲနဲ နားလည်နေတာ မင်းရဲ့ အားထုတ်မှုကြောင့်လို့ ထင်နေလား။ မင်းက တည်ထောင်သူရဲ့ တာအိုအကြောင်း ဟောပြောတာတွေ၊ ကျင့်ကြံရေးအကြောင်း နားလည်နိုင်စွမ်းတွေအကြောင်း ဘယ်လောက်တောင် နားထောင်ခဲ့ရလဲ တွေးကြည့်ပါဦး”

ပိုင်ဟန်က လက်သီးများ နီရဲလာသည့်အထိ ဆုပ်ထားလိုက်ပြီး ထိုအစစ်အမှန် အုပ်ချုပ်သူထံ မျက်လုံးနီများဖြင့် ကြည့်လိုက်သည်။

“ကံကြမ္မာက မတရားဘူး။ ဒါပေမဲ့ မင်းအပေါ် မျက်နှာသာပေးခဲ့တယ်။ မင်းကို ချမ်းသာကြွယ်ဝမှု၊ အဆင့်အတန်း၊ မွေးကတည်းက စွမ်းအားတွေ ချီးမြင့်ပေးထားခဲ့တယ်။ မင်းက အဲဒါတွေအတွက် ကျေးဇူးတင်ရမဲ့အစား  ကျောခိုင်းခဲ့တယ်။ ဒါပေမဲ့ မင်း ဘာဖြစ်ခဲ့လဲ …

အရင်မျိုးဆက်မှာ ဝမ်ထျန်းက မင်းကို ကျောသွားတယ်။ ဒီမျိုးဆက်မှာကျတော့လည်း သူ့သားရဲ့ ကစားတာကို ခံလိုက်ရတာပဲမလား ”

“ကျုပ် ဘာတွေဖြတ်ကျော်ခဲ့ရတယ်ဆိုတာ ခင်ဗျား ဘာမှမသိပါဘူး … သိသလိုတွေ လုပ်မနေစမ်းပါနဲ့” ပိုင်ဟန်က ပြန်ပြောလိုက်သည်။

အစစ်အမှန် အုပ်ချုပ်သူက တစ်ခုခု ထပ်ပြောချင်သော်လည်း နောက်တစ်ယောက်က ဝင်ပြောလိုက်သည် “တော်လောက်ပြီ။ ငါတို့ဆက်ဆံရေးကို ထပ်ဖျက်ဆီးနေစရာ မလိုဘူး။ ကျောင်းတော်မှာ အခုလိုအပ်နေတာက ဒီအခြေအနေကို ဖြေရှင်းဖို့ပဲ။ တစ်ယောက်နဲ့ တစ်ယောက် အပြစ်လှည့်တင်နေရမှာ မဟုတ်ဘူး ”

တခြားလူများကလည်း ခေါင်းညိတ်လိုက်ကြသည်။ ပိုင်ဟန်အတွက်မူ သူက ထိုလူများကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ရင်း  “ခင်ဗျားတို့တွေ နောင်တရလာလိမ့်မယ်”

ထို့နောက် သူက အစည်းအဝေးအခန်းမှ ထွက်သွားတော့သည်။

“ငါတို့တွေ သူ့ကို တစ်ယောက်ယောက်လွှတ်ပြီး စောင့်ကြည့်ခိုင်းထားတာ ပိုကောင်းမယ်။ သူက ငါတို့ကျောင်းတော်အပေါ် အပြောင်းအလဲတစ်ခုခု လုပ်လာနိုင်တယ်”

“အဲဒါအကြံကောင်းပဲ”

“အခု ဒီအခြေအနေကို ဘယ်လိုဖြေရှင်းကြမလဲ ပြောကြရအောင်”

“ငါတို့ကျောင်းတော်ရဲ့ ချီကံကောင်းမှု လျော့ကျသွားတာက ငါတို့တတ်နိုင်တာ ဘာမှမရှိဘူး”

“အဲလိုလည်း မဟုတ်ပါဘူး”

“ခင်ဗျားမှာ အကြံတစ်ခုခုများ ရှိလို့လား”

“ အင်း ကျုပ်တို့တွေ လျော့ကျသွားတဲ့ ချီကံကောင်းတွေကို ပြန်ဖြည့်တင်းနိုင်ဖို့ တခြားကမ္ဘာတွေကို အုပ်စိုးဖို့ ကြိုးစားကြည့်တာ ကောင်းမယ်”

“အဲဒါအကြံကောင်းပဲ … ဒါပေမဲ့ ဒီနည်းလမ်းက ပြဿနာတော်တော်များတယ်။ ငါတို့တွေ အဲဒီကမ္ဘာတွေကို ရှာဖို့ အချိန်လည်း ပေးရဦးမဲ့အပြင် အုပ်စိုးလွှမ်းမိုးဖို့လည်း လူတွေ စေလွှတ်ပေးရဦးမယ်။ ပြီးတော့ ငါတို့ကျောင်းတော် ချီကံကောင်းမှုနဲ့ ချိတ်ဆက်ရဦးမှာ … တွက်ကြည့်ရင် မတန်ဘူး ”

“ဒါပေမဲ့ ငါတို့လက်ရှိအခြေအနေကို ဖြန်ဖြေဖို့ နည်းလမ်းကောင်း ဖြစ်နေတုန်းပဲ”

“ဒီလိုဆို မဲပေးကြရအောင်”

“ကောင်းပြီ”

“သဘောတူတယ်”

အစစ်အမှန် အုပ်ချုပ်သူအားလုံးက ထိုအစီအစဉ်အား သဘောတူကြလေသည်။

“ တခြားအစီအစဉ် ရှိသူများ ရှိသေးလား”

“ ကမ္ဘာကြီးက ငါတို့အပေါ် အာရုံစိုက်နေတာကို တစ်ခုခုနဲ့ အာရုံလွဲသင့်တယ် တူတယ်။ အဲဒီနည်းနဲ့ ငါတို့တွေ သိုသိုသိပ်သိပ်နေပြီး အားမွေးလို့ရပြီ”

“အမှန်ပဲ …. ဒါပေမဲ့ ငါတို့ ဘယ်လိုလုပ်ကြမလဲ”

“ကျီစုန့်နဲ့ ဝမ်ဝေ့တို့ တိုက်ပွဲရှိတယ်မလား။ အခုလတ်တလော ဝမ်ဝေ့ရဲ့ အပြုအမူတွေအရဆိုရင် သူနဲ့ ပတ်သက်တာဘာမဆို ကမ္ဘာရဲ့ အဓိက အာရုံစိုက်စရာ ဖြစ်လာလိမ့်မယ်”

“ အဲလိုအလုပ်ဖြစ်လောက်တယ်။ ဒါပေမဲ့ မေးခွန်းက ငါတို့တွေ ပြိုင်ပွဲကို ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာပဲ ”

“ ငါတို့တွေ အဲဒါကို လုပ်သင့်တယ် တူတယ်” အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်က ပြောလိုက်သည်။

“အဲဒါက နည်းနည်းမပြင်းထန်လွန်းဘူးလား”

“ပြီးတော့ ဒီလိုလုပ်ဖို့ အစဉ်အလာ မရှိဘူး”

“ဒီလိုအခြေအနေမှာ ငါတို့တွေ အစဉ်အလာတွေအကြောင်း စိုးရိမ်နေဖို့ အချိန်မရှိဘူး”

“အမှန်ပဲ … အဲဆို မဲပေးကြရအောင် ”

အများစုက ထိုအစီအစဉ်အတွက် မဲပေးကြပြီး တချို့က ကန့်ကွက်မဲ ပေးခဲ့ကြသည်။

“အခု အမွေခံသားတော် ဝမ်ဝေ့ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဆွေးနွေးရအောင် …. အကြံအစည်များ ရှိကြလား ”

All Chapters