← Chapters

နောက်ဆက်တွဲ

Vol. 19 Ch. 255

နောက်ဆက်တွဲ

Vol. 19 Ch. 255

အခန်း(၂၅၅) :  နောက်ဆက်တွဲ

တစ်ယောက်ယောက်က ထိုခေါင်းစဉ်ကို ပြောလိုက်သည့်အခါ အခန်းက ချက်ချင်း တိတ်ဆိတ်သွားလေသည်။

“ငါတို့တွေ ပိုင်ဟန်လောက် သဘောထားကြမ်းပြရဦးမှာလား” အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်က မေးလိုက်သည်။

“အဲလို မလိုပါဘူး”

“အဲဆို ငါတို့ဘာလုပ်ကြမလဲ”

“ ဘာမှမလုပ်ဘဲနေတာ ဘယ်လိုလဲ”

“ဘာကိုပြောချင်တာလဲ”

“ ဝမ်ဝေ့က ကျီစုန့်ကို အနိုင်ယူပြီးရင် တာအိုကျောက်ပြား လျို့ဝှက်နယ်မြေ ဝင်ခွင့်ကို ယူမယ်ဆိုတာ သိနေတာပဲ။ ငါတို့က သူ့ကို ဝင်ခွင့်ပြုလိုက်ဖို့ပဲ ”

“အဟမ်း … အဲဒါအကြံကောင်းပဲ။ ဒါပေမဲ့ အဲဒီအစီအစဉ်တစ်ခုလုံးက ဝမ်ဝေ့ အနိုင်ရတဲ့သူ ဖြစ်လာတာအပေါ်  မှန်းဆထားတာနော်။ အဲဒါနဲ့ ပတ်သက်ပြီး သံသယမဝင်ဘူးလား။ ပိုင်ဟန် ကျီစုန့်ကို မိစ္ဆာနတ်ဘုရားအရိုး မပေးခင်တုန်းကတော့ ဖြစ်နိုင်ပေမဲ့ အခုကျ ….”

“ ကျုပ်အမြင်တော့ အရိုးက သူ့ကို ချက်ချင်း မရှုံးနိမ့်သွားစေဖို့ပဲ ထောက်ပံ့ပေးနိုင်မယ် ထင်တယ်။ ခင်ဗျားတို့အားလုံးလည်း ဝမ်ဝေ့က ကောင်းကင်အဆင့် အစီအရင်ကို လက်ဗလာနဲ့ ဖျက်ဆီးပစ်လိုက်တာကို မြင်ကြတာပဲ”

ထိုအစစ်အမှန် အုပ်ချုပ်သူများက ထိုလူ ပြောသည်က မှန်ကန်ကြောင်း သတိပြုမိသွားကြသည်။

“ပြီးတော့ လူတော်တော်များများက တစ်ခုခု မေ့နေပုံပဲ။ သူ့ရုပ်ခန္ဓာလေ … လူတိုင်းက ဝမ်ဝေ့ရဲ့ ခွန်အားအကြောင်း ပြောတိုင်း သူ့အသိဉာဏ်၊ ဝိညာဉ်နဲ့ ခန္ဓာကိုယ်အကြောင်း ပြောကြပေမဲ့ သူ့တမူထူးရုပ်ခန္ဓာအကြောင်း  မပြောဖူးကြဘူး”

“အမှန်ပဲ ”နောက်ထပ် အစစ်အမှန် အုပ်ချုပ်သူက ပြောလိုက်သည်။

“သဘောတရားအရပြောရရင် ကံကြမ္မာတာအိုက ဟွင်သွမ်းတာအိုနဲ့ တန်းတူလိုက်နိုင်တယ်။ သူက ပထမအဆင့်နဲ့ ဒုတိယအဆင့် မဟုတ်တာက ကောင်းကင်တာအိုက သူ့ကို ဟော်သဲ့ရုပ်ခန္ဓာလို့ သတ်မှတ်ထားလို့ပဲ ”

“သူ့ရုပ်ခန္ဓာအကြောင်း မပြောကြတဲ့အချက်က သင့်တော်တဲ့ ကျင့်စဉ်မရှိတာရော၊ စည်းမျဉ်းစွမ်းအား ထိန်းချုပ်နိုင်တဲ့ လေဟာနယ်ဖြိုခွင်းခြင်း အဆင့် မရောက်သေးတော့ အရေးသာချက်က အကန့်အသတ်နဲ့လို ဖြစ်နေမှာ။ မိုရှင်းယွင်ရဲ့ ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာလိုပေါ့”

“မဟုတ်သေးဘူး … ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာက မိုရှင်းယွင်ကို တိုက်ခိုက်စွမ်းရည် ချီးမြင့်ပေးထားသေးတယ်။ ပြီးတော့ သူမမှာ ရှေ့လူ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်တစ်ယောက်လုံး ရှိသေးတော့ သူမခန္ဓာကိုယ်ကို ဘယ်လိုဆင့်ကဲတိုးတက်အောင် လုပ်ရမလဲ စီမံချက် ရှိသေးတယ်။ ဒါပေမဲ့ ဝမ်ဝေ့က အစကနေ စရမှာ ”

“ လူတော်တော်များများက ဒီကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာက ပိုင်ရှင်ကို လျို့ဝှက်ကောင်းကင်မျှော်နန်းက လူတွေနဲ့ မတူဘဲ မိုးမြေကြားက လျို့ဝှက်ချက်တွေကို တန်ကြေးကြီးကြီးမားမား ပေးစရာမလိုဘဲ တွက်ချက်နိုင်စွမ်း ရှိလိမ့်မယ်လို့ ထင်ထားကြတယ်။”

“မင်းတို့တွေ တစ်ခုခု မျက်စိလျှမ်းသွားသေးတယ် ” ဝမ်ဝေ့က အလွယ်လေး နိုင်သွားလိမ့်မည်ဟု တွေးထားသည့် အစစ်အမှန် အုပ်ချုပ်သူက ပြောလိုက်သည် “ ချီကံကောင်းမှု စစ်ဆေးပွဲတုန်းက သူက နောက်ဆုံးအနိုင်ရရှိသူ … ပြီးတော့ သက်တံရောင်ချီကံကောင်းမှုလည်း ရလာခဲ့တာ။ အဲဆိုတော့ သူက သဘာဝလွန်အဆင့် တက်လှမ်းပြီးတာနဲ့ သူ့ရုပ်ခန္ဓာအတွက် ကိုက်ညီတဲ့ ပင်ကိုစွမ်းရည်တစ်မျိုးမျိုးတော့ ရလာမှာပဲ ”

အစစ်အမှန် အုပ်ချုပ်သူများက ထိုအကြောင်း မျက်စိလျှမ်းသွားခဲ့ကြောင်း သိသွားသည့်အခါ အကြည့်များ တောက်ပလာသည်။ ပင်ကိုစွမ်းရည်က မိုးမြေမှ ထိုက်တန်သူထံ ချီးမြင့်ထားသည့် ဆုလာဘ် ဖြစ်၏။ ထို့ကြောင့် ပုံမှန်အားဖြင့် လူတစ်ယောက်၏ ရုပ်ခန္ဓာ (အကယ်၍ သူတို့တွင် ကောင်းကင်ရုပ်ခန္ဓာ ရှိထားလျှင်)၊ သဘောထား၊ အိပ်မက်၊ ရည်မှန်းချက် သို့မဟုတ် လိုအင်ဆန္ဒတို့နှင့် ပြည့်စုံစွာ ကိုက်ညီနေတတ်သည်။

ဝမ်ဝေ့အကြောင်း လူတွေ သိထားသလောက်နှင့် ရုပ်ခန္ဓာနာမည်ပေါ် အခြေခံ၍ သူတို့က ဝမ်ဝေ့သည် ထိုရုပ်ခန္ဓာကို ဂမ္ဘီရအတွက် အသုံးပြုဖို့ စီစဉ်ထားမည့်လူ မဟုတ်ကြောင်း သိထားကြသည်။ အဖြစ်နိုင်ဆုံးက သူက သူ့ကံကြမ္မာကို အသင်္ချေသက်ရှိများ၏ ကံကြမ္မာနှင့်အတူတူ ထိန်းချုပ်လိုခြင်းသာ ဖြစ်ရမည်။ ရုပ်သေးဆရာနှင့် ရုပ်သေးရုပ်များလို ဖြစ်၏။ စစ်ဆေးပွဲအတွင်း သူ ရရှိထားသော ချီကံကောင်းမှု အမြောက်အများပါ ထည့်ပေါင်းလိုက်လျှင် သူ့ပင်ကိုစွမ်းရည်က အလွန်အားကောင်းနိုင်ခြေ ရှိသည်။

ကျီစုန့်၏ ပင်ကိုစွမ်းရည်အတွက်မူ သူတို့က အလွန်အားကောင်းမှန်း မှန်းဆထားမိပြီးသား ဖြစ်သော်လည်း စစ်ဆေးပွဲအပြီး သူ့တွင် ခရမ်းရွှေရောင်အဆင့် ချီကံကောင်းမှု ရှိသည့် အကြောင်းကို မပြောင်းလဲနိုင်ပေ။

“ တာအိုအခွင့်အလမ်းဂိုဏ်းကို ရန်မစဘဲ ဒီကိစ္စကို အဆုံးသတ်လိုက်တာ နည်းလမ်းကောင်းလို့ ထင်တယ်။ ဒါပေမဲ့ ကျုပ်တို့တွေ မိစ္ဆာနတ်ဘုရားအရိုး ဆုံးရှုံးသွားနိုင်တယ်”

“အဲလိုလည်း မဟုတ်ပါဘူး။ တကယ်လို့ လင်းဖန်အတွက် ကျုပ်တို့အစီအစဉ်တွေသာ အလုပ်ဖြစ်ရင် ပိုင်ဟန်‌ ပြောသလိုမျိုး သူက ကျီစုန့်ဆီကနေ ပြန်ယူနိုင်မှာပါ”

“အဟုတ်ပဲ … ဒီလိုဆိုရင် ဒီကိစ္စကို မဲပေးကြရအောင် ”

“ကျုပ် သဘောတူတယ်”

“ ကျုပ်လည်း သဘောတူတယ်”

အစစ်အမှန် အုပ်ချုပ်သူအားလုံးက သဘောတူလိုက်ကြသည်။

“ နောက်ဆုံးတော့ နောက်ကျောင်းအုပ်ကို ဘယ်သူကို ရွေးချယ်မလဲဆိုတာနဲ့ ကမ္ဘာကြီးဆီ ဘယ်အချိန်ကြေညာမလဲဆိုတာ ဆုံးဖြတ်ရအောင်”

“ ငါတို့တွေ အဲဒီလူတွေကို ကျောင်းတော်ရဲ့ အာဏာကို ထိန်းချုပ်ခွင့် မပေးလိုက်သင့်ဘူးလို့ ထင်နေတုန်းပဲ”

“ ဒါကို ဆုံးဖြတ်ထားပြီးပြီလေ။ အရင်မျိုးဆက်အနေနဲ့ ကျုပ်တို့တွေ ကျောင်းတော်ရဲ့ အုပ်ချုပ်ရေးအပိုင်းကို ဝင်မပါသင့်တော့ဘူး။ မဟုတ်ရင် စောစောလေးက ပိုင်ဟန်နဲ့ ဖြစ်သလိုမျိုး သူ့မျိုးဆက်ထဲက တခြားလူတွေနဲ့ပါ ကတောက်ကဆတွေ ဖြစ်ကုန်လိမ့်မယ်။ ဒါက ကျောင်းတော်အတွက် မတည်ငြိမ်မှုတွေ ဖြစ်လာစေလိမ့်မယ်”

“ငါ ကြားနေတာတော့ အကြောင်းပြချက်တွေချည်းပဲ ”

“ကောင်းပြီ … နောက်ကျောင်းအုပ်ကို ဆုံးဖြတ်ကြရအောင်။ တကယ်လို့ တစ်ယောက်ယောက်ကို အဆိုတင်သွင်းချင်ရင် အခုလုပ်ကြပါ ”

…………….....

ကြယ်တာရာနှင့်တူသော မဟူရာအရောင်များဖြင့် တန်ဆာဆင်ထားသော တန်ဖိုးကြီး အခန်းအတွင်း လူငယ်လေးက မိန်းမလှများစွာနှင့် အတူ ထိုင်နေသည်။ မိန်းမလှလေးများ အနည်းဆုံး အယောက်သုံးဆယ်လောက် ရှိ၏။

သို့သော်လည်း ထိုင်ခုံအနေအထားအရ ထိုအမျိုးသမီးများ၏ အဆင့်အတန်းကို အလွယ်တကူ ခွဲခြားနိုင်သည်။ ထိုလူငယ်လေးရှေ့တွင် ရှေ့ဆုံးမှ ထိုင်နေသူနှစ်ဦး ရှိ၏။ တစ်ယောက်က ဗျပ်စောင်း တီးခတ်နေပြီး တစ်ယောက်က လူငယ်လေးအတွက် အစာအစားများ ကျွေးနေသည်။ ကံဆိုးစွာဖြင့် ထိုလူငယ်လေး ကြည့်ရသည်မှာ စိတ်ဗျာများနေပုံရပြီး သာယာခံစားနိုင်သည့် စိတ်အခြေအနေမျိုး မဟုတ်ချေ။

လူငယ်လေးက ငေးမောနေရာမှ အသိဝင်လာကာ သိုလှောင်လက်စွပ်ထဲမှ အဆောင်တစ်ရွက်ကို ထုတ်လိုက်သည်။ ထို့နောက် သူ့မျက်နှာထားက ပြောင်းလဲသွားကာ အော်ပြောလိုက်သည် “ဘယ်လို … ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ လောင်ကုန်း ဘာဖြစ်လို့လဲဟင်” လက်ထဲတွင် အစာအစား ကိုင်ထားသည့် မိန်းမလှလေးက မေးလိုက်သည်။

(လောင်ကုန်း - ယောက်ျား/ ခင်ပွန်း)

လူငယ်လေးက လင်းဖန် ဖြစ်၏။ သူက အံ့ကြိတ်ကာ “ကျောင်းတော်က ကျန်ရှိနေတဲ့ ပွဲစဉ်တွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပြီ ”

အစာအစား ကိုင်ထားသည့် မိန်းကလေးက လေးလံရေစင်ဂိုဏ်းမှ မူချွမ်းဟွာ ဖြစ်ပြီး အလွှာနိမ့်မှ လင်းဖန် မိသားစုနှင့်အတူ ပါလာခြင်း ဖြစ်၏။

“အဲဆို ပြိုင်ပွဲဝင်တွေကရော ဘာဖြစ်သွားမှာလဲ ”

“ ထိပ်တန်းအယောက်သုံးဆယ်လုံး ရွေးချယ်ပြီပြီဆိုတော့ သူတို့နာမည်ကို ကောင်းကင်ကာကွယ်ရေးစာအုပ်ပေါ် ရေးထွင်းလို့ ရပြီလေ။ အဲဒါဆို တာအိုကျောက်ပြား လျို့ဝှက်နယ်မြေထဲ ဝင်ခွင့်ရပြီ။ ပြီးတော့ တရားဝင် အဆင့်ဇယား မရှိတော့ ဒီတစ်ခါ လူအားလုံး အထဲမှာ အချိန်အတူတူ ရလိမ့်မယ် ”

မူချွမ်းဟွာက မျက်မှောင်ကြုတ်ကာ “လောင်ကုန်း ကျွန်မ နားမလည်ဘူး။ ပြိုင်ပွဲ ဖျက်သိမ်းလိုက်တာ ကောင်းတာ မဟုတ်ဘူးလား။ အဲဒါဆို ရှင်ရဲ့ လျို့ဝှက်ကတ်တွေ နောင်အတွက် သိမ်းထားလို့ ရတာပေါ့”

“ ငါ့စွမ်းအားကို ဖုံးကွယ်ထားဖို့ ဂရုမစိုက်ဘူး။ ငါ ဘာလုပ်နိုင်တယ်ဆိုတာကိုပဲ ပြချင်တာ” လင်းဖန်က ပြန်ဖြေလိုက်သည် “ငါ ဒီကမ္ဘာကို ရောက်လာကတည်းက အားလုံးက ငါ့နောက်ခံကြောင့် အထင်သေးခဲ့ကြတယ်။ ငါ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်မှာ ရှိတဲ့ နံပါတ်တစ် အရင် တပည့်ဟောင်းကို အနိုင်ယူပြီး ကျောင်းတော်ရဲ့ အမွေဆက်ခံသူ ဖြစ်လာတော့လည်း လူတော်တော်များများက အထင်သေးနေကြတုန်းပဲ။

အထူးသဖြင့် ဟိုလျို့ဝှက်ကောင်းကင်မျှော်နန်းက ထုတ်ထားတဲ့ အဆင့်ဇယားပဲ။ သူက ငါ့ကို ထိပ်တန်းကောင်းကင်ရုပ်ခန္ဓာ ငါးခုလုံးရဲ့ အောက်မှာထားထားတယ်။ ငါ့အောက်မှာ ရှိတဲ့ နံပါတ် ၆ ရုပ်ခန္ဓာ ကျန်းပိယုကိုတောင် ငါ့ထက် အားကောင်းတယ်လို့ ထင်နေကြတာ။

ဝမ်ဝေ့ကိုလည်း မေ့မထားနဲ့ဦး။ အားလုံးက ငါ့အင်အား၊ ပါရမီနဲ့ စွမ်းဆောင်ရည်တို့ကို သူနဲ့ လိုက်ယှဉ်နေတာ။ သူက ကောင်းကင်ရွေးချယ်ခံတစ်ယောက်အတွက် အပြီးပြည့်စုံဆုံး စံနှုန်းပဲ။ လတ်တလော သူ့အပြုအမူတွေအရ ငါ ဘယ်နေရာသွားသွား သူ့အကြောင်း ပြောနေတာချည်း ကြားနေရတယ်”

အခန်းက ခဏတာ တိတ်ဆိတ်သွားပြီး ငြိမ့်ငြိမ့်ညောင်းညောင်း ဗျပ်စောင်းသံသာ ကြားနေရသည်။

ထို့နောက် မူချွမ်းဟွာက ပြောလိုက်သည်  “ လောင်ကုန်း ဒါတွေကို စိုးရိမ်နေစရာ မလိုပါဘူး။ ကျောင်းတော်က ရှင့်အတွက် အဲဒီလူတွေကို အမီလိုက်နိုင်ဖို့ အစီအစဉ်ဆွဲပေးထားတယ် မဟုတ်ဘူးလား။ ရှင်သာ အဲဒါလိုက်လုပ်ရင် သူတို့အားလုံးကို အလွယ်လေးကို ကျော်လွှားနိုင်မှာပါ … ကျွန်မတို့ကမ္ဘာမှာ လုပ်ခဲ့သလိုမျိုးပေါ့ ”

လင်းဖန်က ခဏတာ တန့်သွားပြီး မူချွမ်းဟွာအား စက္ကန့်ပိုင်းမျှ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်တို့က နောက်တစ်ယောက်ဆီ ကူးပြောင်းသွား၏။ သူ့အကြည့်ထဲ  ကမ္ဘာပေါ်ရှိ အလှပဆုံးအရာကို မြင်လိုက်ရသလိုမျိုး နှစ်သက်မှု၊ ကြင်နာမှုအပြည့် ဖြစ်နေသည်။

“ရှစ်အာရော ဘယ်လိုထင်လဲ ”

ဗျပ်စောင်းတီးခတ်နေသည့် ရှီရှစ်က ပြုံးလိုက်သောကြောင့် အခန်းတစ်ခုလုံး လင်းထိန်သွားသလို ခံစားလိုက်ရစေသည်။ ထို့နောက် သူမက တုံ့ပြန်လိုက်၏  “ ကျွန်မ ဘယ်လိုတွေးတယ်ဆိုတာ အရေးမကြီးပါဘူး။ လောင်ကုန်း ဘာလိုချင်လဲဆိုတာပဲ အရေးကြီးတာလေ”

“ကိုယ် ဘာလိုချင်လဲ … ကမ္ဘာကြီးကို ကိုယ် ဘာလုပ်နိုင်တယ်ဆိုတာ ပြချင်တယ် ”

“အဲဒါဆို အဲလိုလုပ်ဖို့ပဲ လိုတယ်လေ”

“ဒါပေမဲ့ ပြိုင်ပွဲက ဖျက်သိမ်းလိုက်ပြီလေ ”

“အမှန်ပါပဲ။ အဲဒီမတိုင်ခင် ကျောင်းတော်က ကမ္ဘာကြီးကို ကြေညာရဦးမယ်လေ။ အဲဒီအချိန်အတွင်း ပွဲစင်မြင့် ရှိနေဦးမှာ ဖြစ်သလို ပွဲကြည့်ပရိသတ်လည်း ရှိနေဦးမှာပဲ”

လင်းဖန်က မျက်မှောင်ကြုတ်ကာ ခပ်သွက်သွက် စဉ်းစားလိုက်သည် “ ဟုတ်တယ် … လူအများကြီး ကြည့်နေတာဆိုတော့ ငါ လုပ်ဖို့လိုတာက ထိပ်တန်း ကောင်းကင်ရွေးချယ်ခံတချို့ကို စိန်ခေါ်ပြီး ကမ္ဘာကြီးဆီ ငါ့စွမ်းဆောင်ရည် ပြလိုက်ရုံပဲ။ သူတို့ ငြင်းပယ်ရင်  ဝမ်ဝေ့ ကျီစုန့်ကို လုပ်ခဲ့သလိုမျိုး လှုံ့ဆော်လိုက်ရုံပဲ”

ထိုအရာကို တွေးမိပြီးနောက် လင်းဖန်က ချက်ချင်း စိတ်လှုပ်ရှားလာပြီး ရှီရှစ်အား ပြေးဖက်ကာ ပြောလိုက်သည် “ ရှစ်အာ … မင်းက ကိုယ့်ကို အသိဆုံးပဲ”

ထိုစဉ် မူချွမ်းဟွာက ထိုအရာကို ကြည့်ရင်း တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။ ယခု သူမက အသားကျနေလေပြီ။

All Chapters