နောက်ဆက်တွဲ
Vol. 19 Ch. 256
အခန်း (၂၅၆) နောက်ဆက်တွဲ
လင်းဖန်က သူ့ဇနီးချောလေးကို ပျော်ရွှင်စွာ ထွေးပွေ့ထားစဉ် အခန်းရှိ ကျန်လူများက သဝန်တိုအားကျနေကြသည်။ ထိုစဉ် ရှီရှစ်က သူမဘာသာ တွေးလိုက်မိသည်။
အခု ဒါကို သူ့အတွေးလို့ ထင်နေပေမဲ့ တစ်ခုခုသာ မှားယွင်းသွားခဲ့ရင် ငါ့ကို အပြစ်လာတင်မှာတော့ မဟုတ်ဘူးမလား…
ဝမ်ဝေ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အမူအရာနဲ့ ယှဉ်လိုက်ရင် ဒီလင်းဖန်က တော်တော်လေးကို လိုအပ်သေးတယ်။ သူ့ ဟွင်သွမ်းရုပ်ခန္ဓာနဲ့ဆိုရင် သူ့ အလားအလာက တကယ်ကို အံ့ဖွယ်ပဲ။ သူ့မှာ ဆက်လက်ကြီးထွားနိုင်မဲ့ အခွင့်အရေးတွေ ရှိနေသေးတယ်။
ရှီရှစ်က ဝမ်ဝေ့နှင့် ပထမဆုံး တွေ့ဆုံမှုအကြောင်း အံကြိတ်ကာ စဉ်းစားလိုက်သည်။
ငါ့ကို အဖိုးမတန်တဲ့ အလှပန်းအိုးဆိုပြီး ထင်နေတာမလား။ ရှင့်ကို ကောင်းကောင်း ပြရသေးတာပေါ့။ တစ်ရက်ကျရင် ရှင် ဒီစကားတွေပြောခဲ့လို့ နောင်တရစေရမယ်။
……………
မြောက်ပိုင်း လိပ်နက်ကုန်းမြေ၊ နတ်ဆိုးအဖွဲ့အစည်း၏ လျှို့ဝှက်အစည်းအဝေး
“ ဒီအစည်းအဝေးက လတ်တလော စာသင်ကျောင်း ဖန်တီးမှုအကြောင်းလား” နတ်ဆိုးမျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်က မေးလိုက်သည်။
“ ဟုတ်တယ်” ရွှေရောင်ခြင်္သေ့ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။ ပင်မခေါင်းဆောင်လေးဦးအနက် တစ်ဦးအနေနှင့် သူမက အစည်းအဝေးတွင် ကိစ္စများစွာ တာဝန်ယူထားလေသည်။
“ အဲဒါဆို ငါတို့လည်း နတ်ဆိုးစာသင်ကျောင်း တည်ထောင်ပြီးတော့ ကုသိုလ်နဲ့ ချီကံကောင်းမှုတွေကို ရယူကြမှာလား။ ငါတို့ရရှိမဲ့ ပမာဏက လူသားတွေနဲ့ ယှဉ်ရင် သနားစဖွယ် နည်းပါးပေမဲ့ ဘာမှမရှိတာထက်တော့ ပိုကောင်းပါသေးတယ်”
“ ဒါပေမဲ့ ကံဆိုးတာက ငါတို့ လုပ်လို့မရဘူး” ကျားနက်မျိုးနွယ် ခေါင်းဆောင်က စိတ်ပျက်လက်ပျက် ပြန်ပြောလိုက်သည်။
“ ဘာလို့လဲ”
“ လူသားတွေက ငါတို့ကို ဘာမှမလုပ်ဖို့ သတိပေးထားပြီးသား။ ငါတို့ကို သူတို့အကျိုးအမြတ် ယူသွားတာကို မဖြစ်စေချင်ဘူး။ အများစုက မြောက်ပိုင်းလာပြီးတော့ သူတို့ဘာသာသူတို့ စာသင်ကျောင်း တည်ထောင်ချင်ကြတယ်။ ပြီးတော့ လူသားဆရာတွေကို လွှတ်ပြီး သင်ကြားပေးချင်ကြတယ်”
“ ဘယ်လို”
“ လူသားတွေက စက်ဆုပ်ဖို့ကောင်းလိုက်တာ”
“ အဲဒါဆိုတော့ ခင်ဗျား လက်ခံလိုက်လား”
“ ဘယ်ဟုတ်ပါ့မလဲ” တိုက်ပွဲဝင် လူဝံမျိုးနွယ်ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
“ ငါတို့ နတ်ဆိုးမျိုးနွယ်က အားနည်းပြီး ဆက်တိုက်ဖိနှိပ်ခံရပေမဲ့ လူသားတွေ မြောက်ပိုင်း ကုန်းမြေကို ဝင်စွက်ဖက်လာနိုင်အောင်ထိတော့ မဟုတ်သေးဘူး။”
“ ခင်ဗျားပြောတာသာ အမှန်ဆိုရင် စာသင်ကျောင်းတည်ထောင်ဖို့ လူသားတွေရဲ့ သတိပေးချက်ကို ဘာလို့ နားထောင်နေရမှာလဲ”
“ အဲဒါက ဧကရာဇ်မျိုးနွယ်အများစုက တစ်ချိန်တည်း တစ်ပြိုင်နက် သတိပေးလာလို့ပဲ။ အဲဒါကြောင့် ငါတို့က သူတို့စကားကို အလေးအနက် မှတ်ယူရမယ်”
“ မင်းတို့ သိထားတဲ့အတိုင်း အချိန်အများစုမှာ လူသားတွေက သူတို့အချင်းချင်း တိုက်ခိုက်ယှဉ်ပြိုင်နေကြပြီးတော့ ကျွန်မတို့ကို လျစ်လျူရှုထားတယ်။ ဒါပေမဲ့ သူတို့ အကျိုးအမြတ်နဲ့ ပတ်သက်လာတဲ့အခါမှာ ကျွန်မတို့ကို ရင်ဆိုင်ရအောင် ပူးပေါင်းဖို့ ဝန်လေးနေမှာ မဟုတ်ဘူး” ဒေါင်းမျိုးနွယ် ခေါင်းဆောင်က ပြောလိုက်သည်။
အခန်းက သက်ပြင်းချသံနှင့်အတူ တိတ်ဆိတ်သွားလေသည်။ နောက်ဆုံးတွင် တစ်ယောက်က ထုတ်မေးလာ၏ “ငါတို့ ဘာလုပ်ကြမှာလဲ”
“ ငါတို့တွေ ကိုယ့်ပိုင်နက်ထဲမှာ စာသင်ကျောင်း ဖွင့်နိုင်သေးတယ်။ ဒါပေမဲ့ ငါတို့တွေ ကောင်းကင်တာအိုဆီက အသိအမှတ်ပြုမှုတော့ ရယူနိုင်မှာ မဟုတ်ဘူး”
“ အဲလိုဆိုရင် ငါတို့က ကုသိုလ်တွေ၊ ချီကံကောင်းမှုတွေကို မရဘူးဆိုတာနဲ့ အတူတူပဲ မဟုတ်ဘူးလား”
“ ငါတို့တွေ ဧကရာဇ်ခုံ ကျောင်းတော်သဘောတရားကို မိတ်ဆက်ခဲ့တုန်းကလိုမျိုး ငါတို့ဘိုးဘေးတွေ လုပ်သလို လုပ်ရမှာမလား”
အခန်းက တစ်ဖန် ထပ်မံတိတ်ဆိတ်သွားပြီး ဤတစ်ခါ ပို၍ ကြာမြင့်လေသည်။ ခေါင်းဆောင်အားလုံးက နှစ်များစွာ နာကြည်းလာရပြီး ခေတ်နှစ်ခေတ်နှင့် မျိုးဆက်များစွာ ကုန်ဆုံးသွားသည့်နောက်တွင် သူတို့ နတ်ဆိုးမျိုးနွယ်၏ အခြေအနေက နည်းနည်းလေးမှ တိုးတက်မလာခဲ့ပေ။
“ ငါ သိချင်နေတာ တစ်ခုရှိတယ်” ခေါင်းဆောင်တစ်ယောက်က မေးလိုက်သည် “ စာသင်ကျောင်းကို ဖန်တီးလို့ ဘာအကျိုးရှိလဲ။ ကျောင်းတော်ကို တည်ထောင်ပြီး ငါတို့မျိုးနွယ်တွေဆီ ကျင့်ကြံနိုင်ဖို့ ဗဟုသုတ ဝေမျှတာကို နားလည်တယ်။ ဒါပေမဲ့ စာသင်ကျောင်းက နတ်ဆိုးသားရဲတွေအတွက် ဘာလုပ်ရမှာလဲ။ သူတို့ရဲ့ နိမ့်ကျတဲ့ ဉာဏ်ရည်နဲ့ ငါတို့ဘာလုပ်လုပ် သူတို့ သင်ရော သင်ယူနိုင်မှာလား”
“ ရှင် ပြောတာ မှန်တယ်” ရွှေရောင်ခြင်္သေ့ခေါင်းဆောင်က ပြောလိုက်သည် “ ဒါပေမဲ့ ကျွန်မတို့ နတ်ဆိုးကျောင်းတော်က နတ်ဆိုးသားရဲတွေကို လူသားတွေလိုမျိုး ဘယ်လိုရေးဖတ်ရမယ်ဆိုတာ သင်ကြားပေးမှာ မဟုတ်ဘဲနဲ့ သူတို့ရဲ့ ဉာဏ်ရည်မြင့်လာပြီး နတ်ဆိုးဖြစ်လာအောင် တာအိုကို ဟောပြောပို့ချပေးကြမယ်”
လူတော်တော်များများ ထိုအရာကို ကြားပြီး အမူအရာ ပျက်ယွင်းသွားကြသည်။ အသင်္ချေအင်ပါယာကမ္ဘာ၌ နတ်ဆိုးဟူ၍ သတ်မှတ်နိုင်သည့် နည်းလမ်းတစ်မျိုးသာ ရှိလေသည်။ နှစ်များစွာကြာ ဝိညာဉ်ချီဖြင့် ဆေးကြောသန့်စင်ခံရခြင်း သို့မဟုတ် ကံကောင်းမှုအပြောင်းအလဲ တစ်ခုနှင့် တွေ့ဆုံပြီးနောက် သာမန်တိရစ္ဆာန်တစ်ကောင်က ဉာဏ်အလင်းပွင့်ကာ သွေးမျိုးဆက်နိုးထလာပြီး မိုးမြေကြားမှ ဝိညာဉ်ချီကို စုပ်ယူ၍ ဆင့်ကဲတိုးတက်လာခြင်း ဖြစ်၏။
သဘောတရားအရပြောရလျှင် ထိုတိရစ္ဆာန်များကို နတ်ဆိုးမျိုးနွယ်ဟု ယူဆနိုင်ပေသည်။ ကံဆိုးသည်က သွေးမျိုးဆက် သဘောတရားက နတ်ဆိုးမျိုးနွယ်ကြား ခေတ်ကာလများစွာကြာ ကိန်းအောင်းနေပြီ ဖြစ်၏။ ထို့ကြောင့် သူတို့က ထိုနတ်ဆိုးမျိုးနွယ်များကို အထင်သေးကြပြီး သူတို့ကို နတ်ဆိုးသားရဲဟုသာ ခေါ်တွင်ကြသည်။
ထိုနတ်ဆိုးသားရဲက ဉာဏ်အလင်းပွင့်ကာ စတင်ကျင့်ကြံနိုင်သည့်နောက်ပိုင်း သဘာဝလွန်အဆင့် ရောက်သည့်အခါမှ ကောင်းကင်စမ်းသပ်ချက် ခံယူကာ လူသားအသွင်သို့ ပြောင်းလဲနိုင်ကြသည်။ ထိုအခါမှ သူတို့ကို နတ်ဆိုးသားရဲအစား နတ်ဆိုးမျိုးနွယ်အဖြစ် တရားဝင်လက်ခံကြသည်။
ကံဆိုးစွာဖြင့် ထိုနတ်ဆိုးမျိုးနွယ် အမျိုးအစားက သူတို့မျိုးနွယ်ကြားတွင်ပင် ပြင်းထန်သော ရှုတ်ချမှုကို ခံရတတ်သည်။ ပို၍ကောင်းမွန်သော သွေးမျိုးဆက်ရှိသည့် နတ်ဆိုးမျိုးနွယ်တို့က သူတို့ကို ကျွန်အဖြစ် သို့မဟုတ် အစေခံအဖြစ် သတ်မှတ်ကြသည်။ သူတို့က အရင်းအမြစ် အနည်းငယ်သာ ရရှိပြီး အညစ်ပတ်ဆုံး အလုပ်များကို လုပ်ကိုင်ကြရသည်။ ယေဘုယျအားဖြင့် သူတို့က မစင်ထက်ပင် ဆိုးဆိုးရွားရွား ဆက်ဆံခံရသည်။
ဗဟုသုတမျှဝေရန် နတ်ဆိုးများ ဖွင့်လှစ်ထားသော ကျောင်းတော်များတွင်ပင် သူတို့က တန်းတူညီမျှ ဆက်ဆံမခံရပေ။
“ ရှင်တို့တွေ နတ်ဆိုးသားရဲနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားနေရတယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ အခုချိန်က ဂျီးများနေရမဲ့အချိန်မဟုတ်ဘူး။ ဒီနည်းနဲ့ဆိုရင် နတ်ဆိုးအရေအတွက်က အများအပြား တိုးတက်လာလိမ့်မယ်။ အဲဒါကြောင့် ကျွန်မတို့ လူသားတွေနဲ့ ယှဉ်နိုင်မဲ့ အခွင့်အရေး ရလာစေလိမ့်မယ်။ အနည်းဆုံးတော့ လူဦးရေအရပေါ့။ ကျွန်မတို့တွေ အရေအတွက် နည်းနေတော့မှာ မဟုတ်ဘူး”
“ ကျုပ် သဘောမတူဘူး။ ကျုပ်တို့လိုအပ်တာက ထာဝရဧကရာဇ်ကို ပြုစုပျိုးထောင်ပြီး အခြေအနေကို ကောင်းတဲ့ဘက် ပြောင်းလဲလိုက်ဖို့ပဲ။”
“ ကျုပ်တို့က ဒါကို အရန် အစီအစဉ်အနေနဲ့ လုပ်နေတာ။ တကယ်လို့ ကျုပ်တို့ စီစဉ်ထားတဲ့အတိုင်း တစ်ခုခုများ ဖြစ်မသွားခဲ့တဲ့ အခြေအနေများဆိုရင်ပေါ့” ရွှေငှက်ကြီး မျိုးနွယ်ခေါင်းဆောင်က ပြောလိုက်သည်။
“ အဲဒါဆိုတော့ ခင်ဗျားတို့ ပြောနေတာက သူ့ကို ထာဝရဧကရာဇ်ဖြစ်လာမယ်လို့ ယုံကြည်ချက် မရှိဘူးလို့ ပြောနေတာလား။”
“ ကျုပ်တို့ ဒီလိုဆိုလိုတာမဟုတ်မှန်း ခင်ဗျားလည်း သိမှာပါ” သူက ပြန်ပြောလိုက်သည်။
“ ခင်ဗျား ပြောချင်တာကို ကျုပ်က ဘယ်လိုလုပ်သိမှာလဲ”
ရွှေရောင်ခြင်္သေ့မျိုးနွယ်က ချောင်းအသာဟန့်လိုက်သည့်အခါ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
“ တကယ်တော့ ထာဝရဧကရာဇ်ဆိုတာ အကြွင်းမဲ့ မဟုတ်ဘူး။ လူသားတွေဆီမှာလည်း သူတို့ကို ပြန်ဆန့်ကျင်ခဲ့တဲ့ တစ်ယောက် ရှိခဲ့တယ် မဟုတ်ဘူးလား။ သူရော ဘာဖြစ်သွားလဲ။ သူ့ကို နှင်ထုတ်ခံရပြီးနောက်ပိုင်း ဘယ်တော့မှ မတွေ့ရတော့ဘူး။
သူလည်း တာအိုကို သက်သေပြပြီးရင် ဒီလို မလုပ်ပါဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။ အဲဒါကြောင့် ကျွန်မတို့တွေ တစ်ခုခုမှားယွင်းသွားရင်ဆိုတဲ့ အရန်အစီအစဉ်တစ်ခုထားရှိဖို့ လိုတယ်။ ဘာဖြစ်ဖြစ် ကျွန်မတို့ တစ်မျိုးနွယ်စုလုံးရဲ့ ကံကြမ္မာက ဆုံးဖြတ်ချက်တွေပေါ်မှာ မူတည်နေတယ်လေ”
ထိုနတ်ဆိုးမျိုးနွယ်များက သူမ၏ စကားများ အကျိုးအကြောင်းသင့်သည်ကို သိထားသော်လည်း သူတို့၏ ယဉ်ကျေးမှုနှင့် အသိုက်အဝန်းက သွေးမျိုးဆက် ထူးခြားမှုအပေါ် တည်ဆောက်ထားသည့်အတွက် ထိုနတ်ဆိုးသားရဲများအပေါ် သူတို့၏အမြင်ကို ပြောင်းလဲပစ်ဖို့က ထိုမျှမရိုးရှင်းပေ။
ထိုခေါင်းဆောင်များက ရွေးချယ်ဖို့ တုံ့ဆိုင်းနေကြစဉ် မိုးမြေကြားမှ စည်းချက်ညီသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက မိုးမြေကြားရှိ အရာအားလုံးနှင့် လူအားလုံးကို ဆွဲဆောင်နိုင်သည့် ထူးခြားစွမ်းအင်တို့ ပါရှိနေပုံပေါ်သည်။
“ အထက်မှ ကောင်းကင်တာအို … နတ်ဆိုးမျိုးနွယ်က အားနည်းရူးမိုက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ကပ်ဘေး ဖြစ်စေခဲ့တော့ ဝဋ်ကြွေးတွေ စုပုံနေတယ်။ အဲဒါတွေ အကုန်လုံးက သူတို့ ဘာမှမသိလို့ပါ။ အဲဒါကြောင့် ကျွန်မက သူတို့ရဲ့ ဉာဏ်ပညာကို တိုးမြှင့်ပေးဖို့အတွက် နတ်ဆိုးစာသင်ကျောင်း ဖွင့်လှစ်ချင်ပါတယ်။ လူသားတွေနဲ့ အတူတကွ သဟဇာတဖြစ်စွာ နေထိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးဖြစ်အောင် လမ်းညွှန်ပေးချင်ပါတယ်”
ထိုစကားများ ကမ္ဘာကြီးတစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားပြီးနောက် ကောင်းကင်တာအိုမျက်လုံးက ပေါ်မလာခဲ့ပေ။ သို့သော် ရွှေရောင်ကုသိုလ်က ကောင်းကင်မှ ကျဆင်းလာကာ အသံရှိရာဆီ ဦးတည်လာသည်။ သို့သော်လည်း ဤတစ်ကြိမ်ကုသိုလ်က ခွဲဝေမသွားပေ။
ထို့နောက် အဖြူစွတ်စွတ် ချီကံကောင်းမှုနဂါးလည်း ပေါ်လာကာ ဉာဏ်အလင်းပွင့် ဧကရာဇ်ကျောင်းတော်၏ နောက်ထပ် ကံကောင်းမှု အသေးလေးကို ဖြတ်ကာ ယခင်လားရာအတိုင်း လွင့်ပျံသွားသည်။
“ကျစ်…”
ပင်မမျိုးနွယ်စုခေါင်းဆောင်လေးယောက်လုံးက တစ်ပြိုင်တည်း ရေရွတ်လိုက်ကြသည်။ ထိုစဉ် နတ်ဆိုးမျိုးနွယ်ခေါင်းဆောင်တချို့က အမူအရာ ပျက်ယွင်းနေကြ၏။
“ အဲဒါက မြေခွေးနတ်ဆိုးမျိုးနွယ် ခေါင်းဆောင် စုရှန့် မဟုတ်ဘူးလား”
“ ခင်ဗျားပြောတာ သစ္စာဖောက်ကို ပြောတာလား”
“ ဘာတွေ ဖြစ်နေတာတုန်း။ တစ်ယောက်ယောက် ရှင်းပြကြပါဦး”
“ တာအိုအခွင့်အလမ်းဂိုဏ်းက သစ္စာဖောက် စုရှန့်ကို နတ်ဆိုးစာသင်ကျောင်း တည်ထောင်ခွင့် ပြုလိုက်တာပဲ။ အဲဒီနည်းနဲ့ သူတို့က အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံးရဲ့ စာသင်ကျောင်းနဲ့ ပတ်သက်တဲ့ ချီကံကောင်းမှုအားလုံးကို ထိန်းချုပ်နိုင်ပြီလေ။ ချီကံကောင်းမှု နဂါးအသစ်က သူတို့ဂိုဏ်းက ချီကံကောင်းမှုနဲ့ ပေါင်းစပ်သွားတာကို မမြင်လိုက်ဘူးလား။ ကုသိုလ်ကောင်းမှုတွေအကုန်လုံး သူတို့လက်ထဲ ကျရောက်သွားပြီ”
ဒေါင်းမျိုးနွယ်ခေါင်းဆောင်က အံကြိတ်ကာ ပြောလိုက်သည်။
ထိုအရာကို ကြားပြီး ထိုမျိုးနွယ်ခေါင်းဆောင်များ၏ မျက်နှာထားက ပျက်ယွင်းသွားကြသည်။ သူတို့က လူသားများ သတိပေးထားသောကြောင့် မလုပ်ခဲ့သော်လည်း သူတို့က တခြားလူများကို လုပ်စေချင်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အထူးသဖြင့် သူတို့၏ ရန်သူဖြစ်သည့် လူသားမျိုးနွယ်ကို ဖြစ်၏။
“ ဒီလိုဆိုရင် ငါတို့လည်း ငါတို့ ပိုင်နက်ထဲမှာ စာသင်ကျောင်း ဖန်တီးလို့ မဖြစ်တော့ဘူး။ မဟုတ်ရင် ငါတို့အပြုအမူက ကုသိုလ်နဲ့ ချီကံကောင်းမှုတွေအားလုံးကို တာအို အခွင့်အလမ်းဂိုဏ်းဆီ ရောက်သွားလိမ့်မယ်။ ငါတို့ ဘာမှရမှာ မဟုတ်ဘူး” ခေါင်းဆောင်တစ်ယောက်က ပြောလိုက်သည်။
“ ဒါပေမဲ့ တကယ်ကို ကျွန်မတို့ လုပ်သင့်တယ်။ တတ်နိုင်ရင်တော့ ဖြစ်နိုင်သမျှ မြန်မြန်ပေါ့” ရွှေရောင်ခြင်္သေ့ခေါင်းဆောင်က ပြောလိုက်သည်။
“ ဘာလို့လဲ”
“ ဒီလှုပ်ရှားမှုနဲ့ လူသားမျိုးနွယ်တွေက သူတို့ပိုင်နက်ထဲမှာ နတ်ဆိုးမျိုးနွယ်အရေအတွက်ကို သိသိသာသာတိုးမြင့် သွားနိုင်လိမ့်မယ်”
“ အဲဒါက ကျုပ်တို့အတွက် ကောင်းတာ မဟုတ်ဘူးလား”
“ အရူး ငတုံး … အဲဒီနတ်ဆိုးမျိုးနွယ်တွေက လူသားမျိုးနွယ်တွေဆီမှာ ခစားဖို့ ဦးနှောက်ဆေးခံရမှာပဲ။ သူတို့က ငါတို့ကို မှတ်မိနေမှာ မဟုတ်ဘူး။ ငါတို့ကိုတောင် တိုက်ခိုက်လာဦးမယ်။ အခုကစပြီး မြောက်ပိုင်းလိပ်နက်ကုန်းမြေက လူသားတွေကို သခင်မျိုးနွယ်အဖြစ် သတ်မှတ်ထားတဲ့ နတ်ဆိုးမျိုးနွယ်တွေနဲ့ ပြည့်နှက်နေတော့မယ် ထင်တယ်”
“ အဲဒါဆိုရင် အဲဒီနတ်ဆိုးမျိုးနွယ်အသစ်က ငါတို့နဲ့ ငါတို့နေရာကို ဝင်ယူဖို့ တိုက်ခိုက်လာကြမှာလား။ အဲလိုဆိုရင် စစ်ပွဲကြီး ဖြစ်လာနိုင်တယ်။ လူသားမျိုးနွယ်ရဲ့ ထောက်ခံမှုနဲ့ ဆိုရင် သူတို့က စစ်ပွဲကိုနိုင်ပြီး ငါတို့ကို လုံးဝ အစားထိုးသွားလိမ့်မယ်”
“ ဒီနည်းနဲ့ လူသားမျိုးနွယ်က အသင်္ချေအင်ပါယာတစ်ခုလုံးကို ဘာမှမဆုံးရှုံးလိုက်ရဘဲ ထိန်းချုပ်သွားနိုင်လိမ့်မယ်”
“ ဒီအကြံအစည်ကို တွေးမိတဲ့သူကတော့ တကယ်ကိုကြောက်ဖို့ကောင်းတဲ့သူပဲ”