လီကျွင်း၏ အစီအစဉ်
Vol. 19 Ch. 258
အခန်း (၂၅၈) : လီကျွင်း၏ အစီအစဉ်
ဝမ်ဝေ့က လီကျွင်းကို အဖော်ပြုရင်း ရက်အနည်းငယ်ကြာ အချိန်ကုန်ဆုံးခဲ့သည်။ သူ ရောက်ရှိလာပြီးနောက် တတိယမြောက်နေ့တွင် လီကျွင်းက မျက်လုံးပြန်ပွင့်လာ၏။ သူ့အကြည့်ထဲ အနည်းငယ် စိတ်ရှုပ်ထွေးမှုတို့ ဖြတ်ပြေးသွားပြီးနောက် တည်ငြိမ်ပြတ်သားမှုတို့က အစားထိုး ဝင်ရောက်လာလေသည်။ သူက သူ့ကိုယ်သူ ရေရွတ်လိုက်၏။
“ သတ်ဖြတ်ခြင်းရဲ့ အထူးကဲဆုံး ပုံစံက နာကျင်မှု၊ စိတ်ဓာတ်ကျမှု၊ အော်ဟစ်မှု၊ အရာအားလုံးကို ဆုံးရှုံးမှုတို့ကို ခြုံငုံထားတာမျိုးပဲ။ တစ်ဖက် ရန်သူတွေကို သေခြင်းတရားလို့ခေါ်တဲ့ ဗလာနတ္ထိအမှောင်ထုထဲကို ပို့ဆောင်နိုင်တဲ့ စွမ်းရည်ပဲ။”
လီကျွင်းက ထိုစကားများကို ပြောပြီးနောက် သူ့မျက်လုံးက အနီရင့်ရောင် သန်းသွားလေသည်။ ထို့နောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ နောက်ဆုံးတွင် သူက ခေါင်းလှည့်လာကာ “ လင်းအာ မင်းလား”
“ ဟုတ်တယ် ကျွန်မပါ” ယန်းလီလင်းက မျက်ရည်များ စီးကျလာသော်လည်း အလျင်အမြန် သုတ်လိုက်သည်။
ထို့နောက် လီကျွင်းက ဝမ်ဝေ့အား ကြည့်လိုက်ကာ ပြောလိုက်၏
“ အစ်ကိုကြီးအတွက် အမှတ်အသားပြား ရအောင် မယူနိုင်တာ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် စိတ်မကောင်းပါဘူး။”
“ မင်းကိုယ်မင်း အပြစ်တင်ဖို့ မလိုဘူး။ ဒါက မင်းအပြစ် မဟုတ်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
လီကျွင်းက ထိုအရာကို ကြားပြီး မျက်ခုံးပင့်ကာ မေးလိုက်၏ “ ကျွန်တော်ရဲ့ မူလအဆီအနှစ်တွေ အလျင်အမြန် လျော့ကျသွားတာနဲ့များ ပတ်သက်နေလား”
“ ဟုတ်တယ်။ ကျောင်းတော်က လှည့်ဖျားထားတာ။ သူတို့က မင်းရဲ့ မူလအဆီအနှစ်ကို စုပ်ယူဖို့ လျှို့ဝှက်အစီအရင်တစ်ခု လုပ်ထားတယ်။ အဲဒါက ဖန်းလီကျွမ်းအတွက် အရေးသာသွားစေတယ်လေ”
“ အဲလိုလား” လီကျွင်းက ပြန်ဖြေလိုက်သည်။ သို့သော်လည်း ထိုစကားများက သူ့အား စိတ်သက်သာရာ မရစေပေ။ သူ့အနေနှင့် ကျောင်းတော်က ဝင်မစွက်ဖက်လျှင်ပင် သူမကို အနိုင်ရနိုင်ချေက အလွန်နည်းပါးကြောင်း ကောင်းကောင်းသိထား၏။
ထိုစဉ် လီကျွင်း၏ လက်ရှိစိတ်အခြေအနေကို ခန့်မှန်းမိပြီးနောက် ဝမ်ဝေ့က သူ့ပုခုံးအား ပုတ်လိုက်ကာ ပြောလိုက်သည် “ကျရှုံးမှုတစ်ခုက အရာအားလုံး မဟုတ်ဘူးဆိုတာကို မင်းလည်း သိမှာပါ။ အဲဒါကြောင့် အားတင်းထား။ ပြီးတော့ မင်း ဒီကနေ တစ်ခုခု မရခဲ့ဘူးလား။ မင်းရဲ့ စွမ်းရည်အသစ်ကို စမ်းကြည့်တာ ဘယ်လိုလဲ”
လီကျွင်းက ထိုစကားကို ကြားပြီး အကြည့်များ တောက်ပသွားကာ ယန်းလီလင်း၏ လက်ထဲမှ ဆေးလုံးကို ယူကာ မျိုချလိုက်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူက ပြန်လည်မတ်တပ်ရပ်နိုင်သွားသည်။
သူ့ရှေ့တွင် ရပ်နေသည်က ကြံ့နှင့်တူသည့် ဧရာမနတ်ဆိုးသားရဲကြီး ဖြစ်သည်။ လီကျွင်းက တုံ့ဆိုင်းခြင်း မရှိဘဲ လှံကို ဝှေ့ယမ်းလိုက်သည့်အခါ ထိပ်ဖျားတွင် အနီရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ထိုအနီရောင် အလင်းတန်းက သတ်ဖြတ်ရေးချီ ဖြစ်၏။
လီကျွင်း၏ ထိန်းချုပ်မှုအောက်တွင် အနီရောင်အလင်းက ရုတ်ချည်းဆိုသလို မီးခိုးရင့်ရောင်အဖြစ် ပြောင်းလဲသွားသည်။ သူ့ လှံဖျားအဝှေ့တစ်ချက်တွင် မီးခိုးရောင်အလင်းက ထိုနတ်ဆိုး၏ ခန္ဓာကိုယ်ထဲ ထိုးစိုက်ဝင်သွား၏။ ထိုကြံ့ကြီးက စာရွက်ဖြူကဲ့သို့ ဖြူဖျော့သွားကာ မြေပေါ်သို့ တုံးကနဲ လဲကျသွား၏။
ထို့နောက် သုံးယောက်သား လာရောက်စစ်ဆေးကြည့်ကြသည်။
“ သေသွားပြီ” ယန်းလီလင်းက ကြောင်အမ်းစွာ ပြောလိုက်သည်။
“ ဟုတ်တယ်။ အတိအကျဆိုရင် သူ့ အသတ်ဓာတ်က ငါ့ မရဏချီကြောင့် လုံးဝ ပျက်ဆီးသွားတာ” လီကျွင်းက ထပ်ပြောလိုက်သည်။
“ အဲဒါဆိုတော့ မင်းရဲ့ စွမ်းအားအသစ်က သတ်ဖြတ်ရေးချီကို မရဏချီအဖြစ် ပြောင်းလဲနိုင်တာလား” ဝမ်ဝေ့က စူးစမ်းစွာ ကြည့်ရင်း မေးလိုက်သည်။
“ ဟုတ်တယ်”
“ အဲဒါဆို မရဏချီအဖြစ် တိုက်ရိုက်ထုတ်ဖော်နိုင်လား”
“ သတ်ဖြတ်ရေးချီကနေ ပြောင်းဖို့တော့ လိုအပ်သေးတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ တိုက်ပွဲရူးရုပ်ခန္ဓာနဲ့ ကောင်းကင်တိုက်ခိုက်ရေးကျမ်းတို့က သတ်ဖြတ်ရေးချီကို ဖန်တီးနိုင်ခွင့် ပေးထားတယ်ဆိုတော့ မရဏချီအမြောက်အများ ချီးမြင့်ပေးထားတာနဲ့ အတူတူပဲလေ။
ဒါပေမဲ့ အစ်ကိုကြီး စိုးရိမ်နေတာကို ကျွန်တော် နားလည်တယ်။ တိုက်ပွဲအတွင်းမှာ ဒီလောက် ကွာဟချက်အသေးလေးက တစ်ဖက်လူက ကျွန်တော်ကို အခွင့်ကောင်းယူဖို့ လုံလောက်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်။ အဲဒါကြောင့် ကျွန်တော် သတိထားပါမယ်။”
“ မင်း သိရင် ပြီးတာပဲ” ဝမ်ဝေ့က ခေါင်းညိတ်ကာ “ အခု အဲဒီစွမ်းရည်ကို ငါ့အပေါ် စမ်းကြည့်”
လီကျွင်းက ဘာမှမပြောဘဲ လှံဖျားဖြင့် ဝမ်ဝေ့၏ လက်မောင်းအား ထိုးစိုက်လိုက်သည်။
ဒေါင် …
သတ္တုနှစ်ခု ထိတွေ့သံသာ ထွက်လာပြီးနောက် လီကျွင်း၏ တိုက်ခိုက်မှုက သူ့အရေပြားကို မချိုးဖောက်နိုင်ပေ။ မရဏချီအတွက်မူ သူ့ကို ကာကွယ်ထားပေးသည့် ပင်ကိုယ်စက်ကွင်းက တားဆီးထား၏။
ဝမ်ဝေ့က သေချာအနီးကပ်လေ့လာပြီးနောက် မရဏချီသည် သူ့စက်ကွင်းကို ဖြည်းဖြည်းချင်း တိုက်စားနေကြောင်း သတိထားလိုက်မိသည်။ အကယ်၍ ပမာဏသာ လုံလုံလောက်လောက် ကြီးမားပြီး အချိန်သာ လုံလုံလောက်လောက် ရှိပါက သူ့ စက်ကွင်းသည် ကြာရှည်စွာ ခံနိင်ရည်ရှိမည်မဟုတ်ကြောင်း ပြောနိုင်လေသည်။
သူက ခေါင်းညိတ်လိုက်ပြီးနောက် စက်ကွင်းကို ဖယ်ရှားကာ လီကျွင်းအား ထပ်တိုက်ဖို့ အမူအရာ ပြလိုက်သည်။ လီကျွင်းက ကူကယ်ရာမဲ့စွာဖြင့် သူတော်စင်အဆင့် လက်နက်ကို ထုတ်ကာ သူ့အစ်ကို၏ လက်ကို ထပ်မံထိုးစိုက်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် ဝမ်ဝေ့၏ အရေပြားက ထိုးပေါက်သွားပြီး မရဏချီက သူ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ သို့သော်လည်း သူ ဘာမှမလုပ်လိုက်ရဘဲ သူ့ သွေးထဲမှ အားကောင်းသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ မရဏချီ စွမ်းအားကို ခုခံထားသည်။ ဝမ်ဝေ့က သူ့သွေးကို မလေ့ကျင့်ပေးရသေးသော်လည်း ခန္ဓာကိုယ်၏ တခြားအစိတ်အပိုင်းများပြောင်းလဲမှုကြောင့် အလွန်အားကောင်းနေပြီဖြစ်၏။
ထိုစဉ် အံ့ဖွယ်အသိစိတ်ကို အသုံးပြုထားသောလီကျွင်းက ဝမ်ဝေ့၏ ခန္ဓာကိုယ်ထဲဝင်ရောက်သွားသော မရဏချီ၏ အသေးစိတ် တုံ့ပြန်မှုကို လေ့လာနေသည်။ ထို့နောက် သူက ပြောလိုက်သည် “ အစ်ကိုကြီးလိုမျိုး အားကောင်းတဲ့ ခန္ဓာကိုယ်သန့်စင်ထားတဲ့သူတွေနဲ့ဆိုရင် တိုက်ပွဲကို ကြာရှည်တိုက်တာက အကောင်းဆုံးနည်းလမ်းပဲ။ သူတို့ကို ဖြည်းဖြည်းချင်းစီ တုံ့ပြန်တာက ပိုပြီးအဆင်ပြေလိမ့်မယ်။”
ထို့နောက် ဝမ်ဝေ့နှင့် ယန်းလီလင်းတို့က လီကျွင်း၏ စွမ်းအားအသစ်နှင့် ကန့်သတ်ချက်အား သိဖို့ နာရီအနည်းငယ်ကြာ ကူညီစမ်းသပ်ပေးခဲ့သည်။ နောက်ဆုံးတွင် အဖွဲ့က အနားယူသွားကြပြီး ဝမ်ဝေ့က လီကျွင်းအား ပြောလိုက်သည်
“ မင်းအတွက် သတင်းကောင်းရှိတယ်။ ဒါပေမဲ့ သတင်းဆိုးလည်း ဖြစ်နေနိုင်တယ်” သူက ယန်းလီလင်းကို ကြည့်ရင်း စကား နောက်ပိုင်းကို ပြောလိုက်ခြင်းဖြစ်၏။
သူမက မပျော်မရွှင် ရှိုက်လိုက်သည်။ သူမက သူ ဘာပြောတော့မည်ဆိုတာကို အတိအကျသိနေဟန် ပေါ်သည်။
“ ဘာဖြစ်လို့လဲ” လီကျွင်းက မေးလိုက်သည်။
ဝမ်ဝေ့က ပြောမပြခင် သူ မေ့မြောနေသည့် ရက်ပိုင်းအတွင်း ဘာဖြစ်ခဲ့သည်ဆိုတာကို ရှင်းပြလိုက်၏။
“ ကျွန်တော်နဲ့ အဲဒါက ဘာဆိုင်လို့လဲ”
“ ငါတို့ကို လုံးဝ ကူညီပေးဖို့ မဆုံးဖြတ်ခင် မြေခွေးနတ်ဆိုးမျိုးနွယ်ခေါင်းဆောင်က ငါတို့ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ချင်နေတာ။ အတိအကျပြောရရင် သူတို့က မဟာမိတ်လက်ထပ်ပွဲ လုပ်ချင်နေတာ”
လီကျွင်းက ချက်ချင်းမှန်းဆမိသွားကာ သူ့အလိုလိုသိစိတ်က တစ်ခုခုဖြစ်လာတော့မည်မှန်း အသိပေးနေလေသည်။
“ မင်းသိတဲ့အတိုင်း” ဝမ်ဝေ့က လီကျွင်းအား လျစ်လျူရှုထားရင်း ထပ်ပြောလိုက်သည် “ငါက ငါ့ဘဝရဲ့ အချစ်ကို ရှာတွေ့သွားပြီဆိုတော့ တခြားသူကိုယူဖို့ စိတ်ကူးလည်းမရှိဘူး။ အစီအစဉ်လည်း မရှိဘူး။ အဲဒါကြောင့် ဂိုဏ်းက ဒီမဟာမိတ်အတွက် မင်းကို ရွေးချယ်လိုက်တယ်”
လီကျွင်းက ထိုအရာကို ကြားကြားချင်း သူ့အနားမှ ယန်းလီလင်းဆီက ဒေါသကို ခံစားမိသည့်အတွက် မဲ့ရွဲ့သွားလေသည်။ ပိုပြီးအရေးကြီးသည်က သူမက သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး အားပြင်းပြင်းအပူဓာတ်က သူ့လက်အား ပြာအဖြစ် ပြောင်းပစ်ချင်နေဟန်တူသည်။
သူက လက်မှ နာကျင်မှုကို လျစ်လျူရှုထားရင်း မေးလိုက်သည်။ “ ကျွန်တော် ငြင်းလို့ရလား” သူက အားတင်းကာ ပြုံးလိုက်သည်။
“ ကံဆိုးတာက မရဘူး။ မင်းအမေနဲ့ မင်းအဖေက အကောင်းဆုံး အကုန်အားလုံး စီစဉ်ပြီးနေပြီ”
လီကျွင်းက အသက်ပြင်းပြင်းရှူကာ “ ဒီတစ်ကြိမ် ကျွန်တော် ဘယ်သူ့ကို လက်ထပ်ရမှာလဲ”
“ စုအိုက်ကို”
“ ကျွန်တော်တို့ ချီကံကောင်းမှု စစ်ဆေးပွဲမှာ တွေ့ခဲ့တဲ့ မြေခွေးနတ်ဆိုးမျိုးနွယ်က သခင်မလေးကိုလား”
“ ဟုတ်တယ် သူမပဲ”
“ အနည်းဆုံးတော့ သူမက လှတာပဲလေ။”
ထို့နောက် လီကျွင်း၏ လက်က ချက်ချင်းဆိုသလို လောင်မြိုက်သွားလေသည်။ ဝမ်ဝေ့က သူတို့နှစ်ဦးကို လျစ်လျူရှုထားကာ မတ်တပ်ရပ်ပြီး ပြောလိုက်သည်
“ မင်းတို့ အချစ်ငှက်နှစ်ကောင်ကိုပဲ အချိန်ပေးလိုက်တော့မယ်။ မင်းတို့ အချစ်ငှက်နှစ်ကောင်ပဲ ကြည့်ဖြေရှင်းလိုက်ကြတော့” ထို့နောက် သူက နောက်မှ တစ်ခုခုအလိုက်ခံရသလိုမျိုး အခန်းထဲမှ ခပ်သွက်သွက် ထွက်သွားလေသည်။
“ ရှင့်မှာ တစ်ခုခု ပြောစရာရှိသေးလား” ယန်းလီလင်းက အံကြိတ်ကာ မေးလိုက်သည်။
“ လင်းအာ ဒီလိုအရာမျိုးက ကိုယ်တို့ထိန်းချုပ်မှုအောက် မရှိဘူးဆိုတာ မင်းလည်း သိတာပဲလေ”
ယန်းလီလင်းက ထိုအရာကို ကြားပြီး တိတ်ဆိတ်သွားလေသည်။ သူ ပြောနေတာ အမှန်ဖြစ်ကြောင်း သူမလည်း သိ၏။ ဂိုဏ်းက ဆုံးဖြတ်ချက် ချလိုက်စဉ်အခါက သူမကိုပင် မတိုင်ပင်ခဲ့ပေ။ သူမဆီ ရလဒ်ကိုသာ အသိပေးခဲ့၏။ သူမအဒေါ်ဖြစ်သူ မဟာအကြီးအကဲယန်းမိန်သာ သူမအား အချိန်ယူ၍ အဆင်ပြေလား မေးမြန်းပေးခဲ့သည်။
“ ဒါပေမဲ့လည်း ကျွန်မ ရှင့်ကို လွယ်လွယ်ကူကူ ခွင့်လွှတ်မယ်လို့ ပြောတာ မဟုတ်ဘူးနော်”
“ ကောင်းပြီလေ။ မင်း ဆိုးချင်သလောက် ဆိုးလို့ရပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် မင်းဆီက အကူအညီတစ်ခု လိုတယ်” လီကျွင်းက ပြောလိုက်သည်။
“ ရှင် စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားနေတာလား။”
“ မဟုတ်ရပါဘူးကွာ”
ယန်းလီလင်းက လီကျွင်း၏ လေးလေးနက်နက် မျက်နှာထားကို မြင်ပြီး သူက စနောက်နေတာ မဟုတ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူမကလည်း အလေးအနက် သဘောထားကာ မေးလိုက်၏။
“ကျွန်မ အကူအညီ ဘာလိုအပ်တာလဲ”
“ မင်းရဲ့ ပင်ကိုစွမ်းရည်နဲ့ ကိုယ့်အတွက် သီးသန့်ဆေးလုံးဖော်ပေးလို့ ရမလား”
“ သီးသန့်ဆေးလုံးလား။ ဘယ်လိုဆေးလုံးမျိုးလဲ။”
“ မှတ်ဉာဏ်တွေကို ဖတ်နိုင်တဲ့ ဆေးလုံးမျိုး”
“ အဲဒါနဲ့ ရှင်က ဘာလုပ်မှာလဲ”
လီကျွင်းက ခဏရပ်လိုက်ပြီး သူ့အစီအစဉ်များကို သူမအား အားလုံး ရှင်းပြလိုက်၏။ ယန်းလီလင်းက ရုတ်ချည်းထအော်ကာ “ ရှင်ရူးနေလား။ ရှင် ကိုယ့်ကိုယ်ကို သတ်သေချင်နေတာလား။”
“ ကိုယ် ဒီလိုလုပ်ဖို့ လိုတယ်” လီကျွင်းက ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည်။ “ လတ်တလော ကျရှုံးမှုအပြီးမှာ အစ်ကိုကြီးအတွက် ကိုယ် ပေးနိုင်တဲ့ အကူအညီဆိုတာ အတော်လေး သေးငယ်တယ်ဆိုတာ သတိထားမိလိုက်တယ်။ အဲဒါကြောင့် ကိုယ်အများကြီး တွက်ချက်ပြီးတဲ့နောက်မှာ ဒီနည်းလမ်းက သူ့ကို ကူညီဖို့ အကောင်းဆုံးနည်းလမ်းလို့ ကိုယ်ထင်တယ်”
ယန်းလီလင်းက ထိုစကားကို ကြားပြီးနောက် တိတ်ဆိတ်သွားကာ မေးလိုက်၏။ “ ရှင် ဒီဟာကို စဉ်းစားထားတာ ဘယ်လောက်ကြာပြီလဲ”
“ အချိန်တချို့တော့ ကြာပြီ”
“ ဒါပေမဲ့ ရှင့် အစီအစဉ်က ကံအပေါ် အရမ်းမှီခိုလွန်းတယ်” ယန်းလီလင်းက ထပ်ပြောလိုက်သည် “ ကျွန်မတို့က ဝိညာဉ်ကျွမ်းကျင်သူတစ်ယောက်နဲ့ ရင်ဆိုင်နေရတာနော်။ ရှင်က သူတို့သတိမထားမိစေဘဲ မှတ်ဉာဏ်ဖတ်ချင်နေတာလား”
“ အစ်ကိုကြီး ဝမ်ဝေ့က မှတ်ဉာဏ်တွေက နေရာနှစ်ခုမှာ တည်ရှိတယ်ဆိုပြီး တစ်ခါက ပြောဖူးတယ်။ ဦးနှောက်နဲ့ ဝိညာဉ်တဲ့။ သေမျိုးအများစုက အားနည်းတဲ့ ဝိညာဉ်ရှိပြီးတော့ သူတို့ရဲ့မှတ်ဉာဏ်အများစုကို ဦးနှောက်မှာ သိမ်းဆည်းထားတတ်ကြတယ်။ ကျင့်ကြံသူအများစုက အားကောင်းတဲ့ ဝိညာဉ်ရှိတော့ သူတို့ရဲ့ဝိညာဉ်တွေထဲမှာ မှတ်ဉာဏ်တွေ သိုလှောင်ထားတတ်ကြတယ်။
ဒါပေမဲ့ အဲဒီသေမျိုးရဲ့ ဝိညာဉ်က မှတ်ဉာဏ် မရှိဘူးလို့ ဆိုလိုတာ မဟုတ်သလို ကျင့်ကြံသူရဲ့ ဦးနှောက်ထဲမှာလည်း မှတ်ဉာဏ် မရှိဘူးလို့ ဆိုလိုတာမျိုးတော့ မဟုတ်ဘူး။ သူတို့က အဲဒီအပေါ် အများကြီး မမှီခိုတာ တစ်ခုပဲ။
အဲဒါကြောင့် ကိုယ်တို့သာ ဝိညာဉ်အစား ဦးနှောက်ကို ပစ်မှတ်ထားမယ်ဆိုရင် ကိုယ်တို့ရဲ့ အောင်မြင်နိုင်ချေကလည်း အများကြီးတိုးလာလိမ့်မယ်။”