← Chapters

အစစ်အမှန် အုပ်ချုပ်သူများ

Vol. 19 Ch. 260

အစစ်အမှန် အုပ်ချုပ်သူများ

Vol. 19 Ch. 260

အခန်း (၂၆၀) : အစစ်အမှန် အုပ်ချုပ်သူများ

တာအိုအခွင့်အလမ်းဂိုဏ်း၊ စမ်းသပ်ချက် တောင်ထိပ်…

တောင်ထိပ်ပေါ်တွင် ဂိုဏ်း၏ အကြီးအကဲတစ်ယောက်က ရွှေရောင်အလင်းကို ကိုင်ထားရင်း ရပ်နေသည်။ သူ့အပြုအမူကို စောင့်ကြည့်နေသည့် အကြည့်များစွာကို ခံစားမိသော်လည်း သူက ဂရုမစိုက်ပေ။ ထို့နောက် သူက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ထိုရွှေရောင်ကုသိုလ်ကို စုပ်ယူလိုက်၏။

ထိုအခါ သူ့ခန္ဓာကိုယ်မှ စွမ်းအားပြင်း အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါက သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါ ဖြစ်၏။ ပို၍အရေးကြီးသည်က သူ့အရှိန်အဝါက ဆက်တိုက် တိုးပွားလာသည်။ ကံကောင်းစွာဖြင့် တောင်ပေါ်ရှိ အစီအရင်များက သူ့အရှိန်အဝါကို ဂိုဏ်းရှိ တခြားတပည့်များအပေါ် သက်ရောက်မှု မရှိအောင် ကာကွယ်ပေးထားသည်။

သိပ်မကြာခင် ထိုသူတော်စင်အဆင့် ကျင့်ကြံသူရှိနေသည့် ပတ်လည်အတွင်း မိုးမြေစည်းမျဉ်းများက သူ့ထိန်းချုပ်မှုအောက်သို့ ရောက်သွားသည်။ အတိအကျဆိုရလျှင် မီးဓာတ်စည်းမျဉ်း ဖြစ်၏။ ထိုနေရာလေးအတွင်း သူက မိုးမြေကြားရှိ မီးထိန်းချုပ်မှုနှင့် ပတ်သက်လာသည့်အခါ  အကြွင်းမဲ့ ချုပ်ကိုင်သူ ဖြစ်လာသည်။ ဤသည်က သူ၏ ပိုင်နက် ဖြစ်၏။

သူ့ပိုင်နက် ထွက်ပေါ်လာပြီးသည့်နောက် ထူးထူးဆန်းဆန်း စတင်ပြောင်းလဲမှု ဖြစ်ပေါ်လာသည်။ ထိုအရာက ပုံသဏ္ဌာန်တစ်ခုအဖြစ် စတင် ပြောင်းလဲသွားပြီး တဖြည်းဖြည်းချင်း ရုပ်လုံးကြွလာသည်။ ထိုအရာက အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဓမ္မခန္ဓာ ဖြစ်သည်။

ဓမ္မခန္ဓာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသောကြောင့် စည်းမျဉ်းများစွာက သူ့စိတ်ထဲ ဝင်ရောက်သွားကာ သူက ဉာဏ်အလင်းပွင့်အခြေအနေသို့ ကျရောက်သွားသည်။ အချိန်ကုန်လွန်သွားသည့်အခါ ဓမ္မခန္ဓာက မျက်နှာမှလွဲ၍ ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။

ထိုအကြီးအကဲက မျက်နှာ မဖြစ်ပေါ်ခင် စမ်းသပ်ချက်တစ်ခုကို အောင်မြင်ဖို့ လိုလေသည်။ ထိုစမ်းသပ်ချက်တွင် သူ့ကိုယ်ပိုင်တာအို ပါဝင်နေသည်။

သိပ်မကြာခင် ဓမ္မခန္ဓာ၏ မျက်နှာ ထွက်ပေါ်လာသည်။ သို့သော် ထိုအကြီးအကဲ၏ မျက်နှာ မဟုတ်ဘဲ ဧကရာဇ်ချီယွမ်၏ မျက်နှာ ဖြစ်နေသည်။ ဆိုလိုသည်မှာ ထိုအကြီးအကဲက မူလလမ်းစဉ်ကျမ်းကို ကျင့်ကြံနေသည်။

ထိုအရာကို မြင်ပြီးနောက် အကြီးအကဲက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ သူက ဤရလဒ် ဖြစ်နိုင်ခြေ များမှန်း သိထားပြီးသား ဖြစ်သော်လည်း ရွှေရောင်ကုသိုလ်က ကူညီပေးလိမ့်မလားဟု မျှော်လင့်နေခဲ့မိသေးသည်။

အထွတ်အထိပ် နယ်ပယ်အဆင့်တွင် အဆင့် ၃ခု ပြန်လည်ခွဲခြားထားသည်။ သူတို့ ကျင့်စဉ်အပေါ် မူတည်၍ အဆင့်ချိုးဖောက်ကြသူများသည် သူတို့၏ ဘိုးဘေးလမ်းစဉ်ကိုသာလိုက်၍ သူတို့၏ အနာဂတ်က မျှော်လင့်ချက် နည်းပါးလာသဖြင့် အောက်ဆုံးအခြေအနေတွင် တည်ရှိသည်။

ဒုတိယအဆင့်မှာ လူအများက သူတို့၏ ကိုယ်ပိုင်တာအို သို့မဟုတ် သူတို့၏ ကိုယ်ပိုင်လမ်းစဉ်အပေါ် အနည်းငယ် နားလည်ထားသူများ ဖြစ်ကြသည်။ ထိုအဆင့်က သူတို့၏ ကျင့်စဉ်ကို သူတို့နှင့် အသင့်တော်ဆုံးဖြစ်အောင် မွမ်းမံပြုပြင်နိုင်ကြသည်။ ထိုအဆင့်ကို အသင်္ချေအင်ပါယာကမ္ဘာ၏ အဓိကအဖြစ် သတ်မှတ်ထားကြပြီး ပါရမီရှိသူ အများစုက ထိုအဆင့်တွင် ရှိကြသည်။

မည်သို့ပင်ဆိုစေကာမူ ထိုအဆင့်နှစ်ခုလုံး၏ ဓမ္မခန္ဓာများက သူတို့ကျင့်ကြံထားသည့် ကျင့်စဉ်ကို ဖန်တီးထားသည့်လူများသာ ဖြစ်ကြသည်။

နောက်ဆုံးအဆင့်အနေနှင့်မူ သူတို့ကိုယ်ပိုင်တာအို၊ ကိုယ်ပိုင်လမ်းစဉ် ရှိကြသည့် ထူးကဲသော ပါရမီရှင်များ ဖြစ်ကြသည်။ ထိုအဆင့်ရှိ လူများအားလုံးက သူတို့၏ ကျင့်စဉ်ကို အထွတ်အထိပ်နယ်ပယ်အဆင့် မရောက်ခင်ကတည်းက သူတို့နှင့် သင့်တော်သည့် ကျင့်စဉ်ကို ပြီးပြည့်စုံစွာ ဖန်တီးထားနိုင်သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ ဓမ္မခန္ဓာများက သူတို့၏ မျက်နှာနှင့် ခန္ဓာကိုယ်သာ ဖြစ်ကြသည်။

သူတို့က ကောင်းကင်အလိုဆန္ဒကို ခံယူနိုင်သည့်သူများဖြစ်ကြပြီး တာအိုကို သက်သေပြနိုင်ကြသည်။ ထို့အပြင် ထိုအဆင့်ရှိလူများက တာအိုကို သက်သေ မပြနိုင်ခဲ့လျှင်ပင် ပါရမီရှိသူ တချို့က ဧကရာဇ်တစ်ပိုင်းဟူသော ကျင့်ကြံဆင့်ကို ဝင်ရောက်နိုင်ကြသေးသည်။

နာမည်အတိုင်း ထိုအစစ်အမှန် အုပ်ချုပ်သူများက မဟာဧကရာဇ်တစ်ယောက်၏ အရည်အသွေးတချို့ ပိုင်ဆိုင်ထားသောကြောင့် အလွန်အင်မတန် အားကောင်းကြသည်။ သူတို့၏ သက်တမ်းကလည်း အတော်လေး မြင့်မားသွားသည်။ သို့သော် အဆုံးသတ်၌ သူတို့က သေမျိုးများသာ ဖြစ်နေသေး၍ တစ်ရက်ရက်တွင် သေဆုံး ရမည်သာ ဖြစ်သည်။

…………..

စမ်းသပ်ချက်တောင်ထိပ်၌

ဧကရာဇ်ချီယွမ်၏ မျက်နှာဖြစ်ပေါ်လာပြီးနောက် ထိုအကြီးအကဲအနားရှိ အရှိန်အဝါများက သူတော်စင်အဆင့်မှ အထွတ်အထိပ် နယ်ပယ်အဆင့်သို့ ပြောင်းလဲသွားသည်။ နောက်ဆုံး၌ ကောင်းကင်တွင် တိမ်တိုက်တစ်ခုပေါ်လာကာ ကောင်းကင်စမ်းသပ်ချက် ကျရောက်လာသည်။ သို့သော်လည်း ထိုအရာက မဆင်းသက်လာနိုင်ခင် အကြီးအကဲ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်သွားကာ ကောင်းကင်ရှိ တိမ်တိုက်များက လွင့်ပြယ်သွားစေသည်။

ဤသည်မှာ ရွှေရောင်ကုသိုလ်၏ စွမ်းအား ဖြစ်၏။ မှန်ကန်သင့်တော်သည့် ပမာဏဖြင့် သူတော်စင်အဆင့်ကို အထွတ်အထိပ်နယ်ပယ်အဆင့် ပြောင်းလဲနိုင်ရုံသာမက ကောင်းကင်စမ်းသပ်ချက်ပင် ပြဿနာ မဟုတ်တော့ပေ။

ထို့နောက် ဓမ္မခန္ဓာက အကြီးအကဲ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ သူ့ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း စတင်ပြောင်းလဲလာသည်။ ထိုဖြစ်စဉ်အတွင်း တာအိုအခွင့်အလမ်းဂိုဏ်းရှိ ပိုင်နက်ဝန်းကျင်အတွင်း အမြင်အာရုံများစွာ ဖြစ်တည်လာသည်။

ကောင်းကင်၌ ရွှေရောင်ကြာပန်းများ ပွင့်လန်းလာသလို ကောင်းကင်သံစဉ်လည်း ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်မိန်းမပျိုများက ကခုန်ရင်း ပညာရှိများက သံပြိုင်ရွတ်ဖတ်နေကြသည်။

လူများစွာက အပြောင်းအလဲများကို သတိထားမိကာ စတင်၍ လေ့လာစူးစမ်းလာကြသည်။

အမြင်အာရုံက ထိုအထွတ်အထိပ် အကြီးအကဲအသစ် ကူးပြောင်းမှု မပြီးဆုံးမချင်း နာရီအနည်းငယ် ကြာမြင့်ခဲ့သည်။

သူက သက်ပြင်းချလိုက်သည်။ ထို့နောက် သူက လက်ဝှေ့လိုက်သည့်အခါ သူ့ရှေ့တွင် မီးဓာတ်စည်းမျဉ်း ဖြစ်ပေါ်လာသည်။ ထိုစွမ်းအားက ယခင်ထက်အားကောင်းနေသော်လည်း သူက ကွဲပြားမှုကို ပြောနိုင်နေသည်။ ထိုအရာထဲတွင် မူလစွမ်းအား ပါရှိနေ၏။

ထိုအထွတ်အထိပ် အကြီးအကဲအသစ်က သူသည် အထွတ်အထိပ်အဆင့် ပထမအလွှာသို့ ရောက်ရှိသွားကြောင်း သိလိုက်သည်။ ထို့ကြောင့် မူလလမ်းစဉ်ကျမ်း၏ သက်ရောက်မှု ခံရသောကြောင့် သူ့ စည်းမျဉ်းများက အခြေခံအားဖြင့် ပြောင်းလဲသွားလေသည်။

မူလတာအိုက သူ ယခင်ကျင့်ကြံသည့် ဓာတ်ငါးပါးထက် အလွန်အားကောင်းသည်ဟု ထင်ကြမည် ဖြစ်သော်လည်း သူ့အနေနှင့် မပျော်ရွှင်နိုင်ပေ။ ထိုတာအိုက သူ့အပိုင် မဟုတ်သည့်အတွက် ထိုစွမ်းအား အစစ်အမှန်၏ ဆယ်ပုံတစ်ပုံပင် မထိန်းချုပ်နိုင်ပေ။

အထွတ်အထိပ် အကြီးအကဲအသစ်က ထိုအရာသည် သူ့အတွက် အကောင်းဆုံးရလဒ်မှန်း သိထားသောကြောင့် အကြာကြီး စိတ်ပျက်နေခြင်း မရှိပေ။ သူ့ပါရမီက အလွန်ကို နိမ့်ကျပြီး သူတော်စင်အဆင့်သို့ ရောက်ရှိခဲ့သည်မှာလည်း ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုကြောင့်သာ ဖြစ်၏။

အထွတ်အထိပ် နယ်ပယ်အဆင့်သို့ ဝင်ရောက်နိုင်သည့် အကြောင်းအရင်းမှာလည်း ဂိုဏ်းက အန္တရာယ်များသည့် စမ်းသပ်ချက်တစ်ခု လုပ်စေချင်ပြီး သူက တုံ့ဆိုင်းခြင်းမရှိ နေရာဝင်ယူခဲ့၍ ဖြစ်သည်။ ထို့ကြောင့် သူက အထွတ်အထိပ်အဆင့်တွင် ရှိနေသရွေ့ အနိမ့်ဆုံး ဖြစ်နေလျှင်ပင် ကိစ္စမရှိပေ။

……….

ထျန်းဝေတောင်ထိပ်

မဟာအကြီးအကဲများနှင့် အကြီးအကဲအားလုံးက အစီအရင်မှတဆင့် စောင့်ကြည့်နေကြသည်။

“ ကုသိုလ်ကို သုံးလိုက်တာက အထွတ်အထိပ် နယ်ပယ်အဆင့်ကို အတင်းအကြပ် တက်လှမ်းနိုင်စေတာလား … ငါတို့ အထွတ်အထိပ် လမ်းစဉ်က ဖြတ်တောက်ခံထားရတာတောင်လေ”

“ ဒါပေမဲ့ သူက အဲလိုလုပ်လို့ ဘာကုသိုလ်မှတော့ မရလိုက်ဘူး”

“ သူက သူ့ဘာသာသူ လုပ်တာ မဟုတ်ဘူးလေ။ အဲဒါကြောင့် ကောင်းကင်တာအိုက သူ့ကို ဆုလာဘ်ပေးမှာ မဟုတ်ဘူး”

“ ဒါပေမဲ့ ကိစ္စမရှိဘူး” မဟာအကြီးအကဲ ယန်းမိန်က ပြောလိုက်သည် “ တကယ်တမ်း အရေးကြီးတာက ဒီနည်းလမ်းက အထွတ်အထိပ်လမ်းစဉ်ကို ဖွင့်နိုင်ပြီး ငါတို့ စွမ်းရည်နဲ့ အဆင့်တက်နိုင်ခွင့် ပြုလား မပြုဘူးလားဆိုတာကိုပဲ”

ထိုအရာကို ကြားပြီး သူတော်စင်အဆင့် ကျင့်ကြံသူများက မိုးမြေ၏ လျှို့ဝှက်ချက်များကို စတင်တွက်ချက်ကြည့်ကြသည်။ ကံဆိုးစွာဖြင့် သူတို့ရရှိသည့်အဖြေက အဆိုးဘက်သာ ဖြစ်နေသည်။ သူတို့အတွက် ကုသိုလ်ကို မသုံးမချင်း အစစ်အမှန်အုပ်ချုပ်သူများ ဖြစ်လာဖို့ မဖြစ်နိုင်သေးပေ။

“ အဲဒါဆိုတော့ ငါတို့ အစီအစဉ် ကျရှုံးသွားတာလား”

“ အဲလိုလည်း မဟုတ်ဘူး” ဂိုဏ်းချုပ် ဝမ်ထျန်းက ရုတ်တရက် ပြောလိုက်သည် “ အဖေ့ဆီကနေ အထွတ်အထိပ်လမ်းစဉ်က ဖြတ်တောက်ခံထားရသေးတယ် ဆိုပေမဲ့ ပြန်ဖွင့်ဖို့ အချိန်က အတော်လေး လျော့ကျသွားပြီဆိုပြီး သတင်းရလိုက်တယ်”

“ အစစ်အမှန် အုပ်ချုပ်သူဖြစ်လာဖို့ အတင်းအကြပ်လုပ်မဲ့ လူအရေအတွက် များလာမယ်ဆိုရင် လမ်းစဉ်က ဖွင့်ဖို့ ပိုမြန်မလာနိုင်ဘူးလား” ယန်းမိန်က မေးလိုက်သည်။

“ မှန်တယ်”

“ ဒီလိုဆိုရင် ငါတို့လုပ်ရမှာ စောင့်ရုံပဲ။ ငါတို့က ပထမဆုံး လှုပ်ရှားထားတာဆိုတော့ တခြားဧကရာဇ်မျိုးနွယ်တွေကလည်း နောက်ကနေ လိုက်လာကြမှာ အသေအချာပဲ”

“ အဟုတ်ပဲ” ဝမ်ထျန်းက ပြောလိုက်သည် “ဒါပေမဲ့ အဲဒီမတိုင်ခင် ငါတို့တွေ ကုသိုလ်နဲ့ ဘယ်သူ အဆင့်တက်ချင်လဲဆိုတာကို ဆုံးဖြတ်ရအောင်”

သို့သော်လည်း အခန်းတွင်းရှိ မည်သူကမှ မလုပ်ချင်ကြပေ။ တာအိုအခွင့်အလမ်းဂိုဏ်း၏ အထက်ပိုင်းများအနေနှင့် အားလုံးက ပါရမီနှင့် ပတ်သက်လာသည့်အခါ ထိပ်ဆုံးထဲမှ ထိပ်ဆုံးသာဖြစ်ကြသည်။ ထို့ကြောင့် မည်သူကမှ သူတို့ အစစ်အမှန် အုပ်ချုပ်သူ ဖြစ်လာဖို့အတွက် အကူအညီ လိုအပ်သည်ဟု မယုံကြည်ကြပေ။

ထို့အပြင် ကုသိုလ်အသုံးပြုခြင်းက ဖြတ်လမ်းတစ်ခုဖြစ်ပြီး ထိုနည်းလမ်းကို အသုံးပြုသူတို့တွင် အလွန်နိမ့်ကျသော အခြေခံအုတ်မြစ်တို့ ရှိကြသည်။ ထို့ကြောင့် ကုသိုလ်ကို အသုံးပြု၍ ကျင့်ကြံဆင့် တက်လှမ်းခြင်းက အဆင်မပြေပေ။ အကောင်းဆုံးအသုံးပြုမှုက ကျင့်ကြံသူအား တာအိုဉာဏ်အလင်းပွင့်ဖို့ ကူညီပေးမည့် နေရာရာ၌သာ ဖြစ်၏။

မည်သူကမှ ဖြတ်လမ်းကို မလုပ်ချင်ကြကြောင်း မြင်သည့်အခါ ဝမ်ထျန်းက တိတ်တဆိတ် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “ဒီလိုဆိုရင် ငါတို့ ကုသိုလ်တွေ ခွဲဝေပြီးတဲ့အခါ မင်းတို့တွေ အထွတ်အထိပ် လမ်းစဉ် ပွင့်လာတဲ့အခါထိ သိမ်းထားလိုက်။ ကျန်တဲ့ဟာကိုတော့ တခြားသူတော်စင်တွေက အကျိုးပြုမှတ်နဲ့ လဲလှယ်ပြီး အဆင့်တက်လှမ်းလို့ရတယ်”

အစည်းအဝေးပြီးဆုံးသွားပြီး သိပ်မကြာခင် ကမ္ဘာကြီးက ရုတ်ရုတ်ချည်းချည်း ပြောင်းလဲသွားသည်။

ကုသိုလ် လုံလောက်သည့် ဧကရာဇ်မျိုးနွယ်အများစုရှိ သူတော်စင်များက အထွတ်အထိပ် နယ်ပယ်အဆင့်သို့ စတင်တက်လှမ်းလာကြသည်။ ကုသိုလ် မလုံလောက်သည့်သူများအနေဖြင့် သူတို့က မဟာမိတ်ဖြင့် ပူးပေါင်းခြင်း သို့မဟုတ် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခြင်း သို့မဟုတ် စာသင်ကျောင်းများအပေါ် အာရုံစိုက်ထားပြီး သေမျိုးများကို စာသင်ပေးခြင်းဖြင့် ကုသိုလ်များ စုဆောင်းကြသည်။

ထို့ကြောင့် နောက်လအနည်းငယ်အတွင်း အသင်္ချေအင်ပါယာကမ္ဘာအထက် ကောင်းကင်တစ်ဝှမ်းတွင် အမြင်အာရုံများစွာကို မြင်တွေ့နိုင်လေသည်။

နောက်ပိုင်းတွင် အားလုံးက ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးပွဲကို သတိရသွားသည့်အခါမှသာ ငြိမ်ကျသွားလေ၏။ ထိုအခါ သူတို့၏ အာရုံက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်ဆီ ရောက်ရှိလာသည်။

နောက်ဆုံးတွင် သိုသိုသိပ်သိပ်နေဖို့ ကြိုးစားသည့် ကျောင်းတော်က လက်ရှိအခြေအနေကို ပါဝင်ယှဉ်ပြိုင်သူများနှင့် သူတို့နောက်မှ ဂိုဏ်းများအား ထွက်၍ ရှင်းပြရတော့မည် ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲ၏ ကြီးကျယ်ခမ်းနားသော ဖွင့်ပွဲကဲ့သို့ ရုပ်သံလွှင့်လိုက်သည်။

All Chapters