← Chapters

မျောလွင့်ဝိညာဉ်ကမ္ဘာက ရတနာပစ္စည်းသုံးမျိုး

Vol. 32 Ch. 448

မျောလွင့်ဝိညာဉ်ကမ္ဘာက ရတနာပစ္စည်းသုံးမျိုး

Vol. 32 Ch. 448

အခန်း (၄၄၈) မျောလွင့်ဝိညာဉ်ကမ္ဘာက ရတနာပစ္စည်းသုံးမျိုး

လော့ကျင်းဟောင်နှင့် အခြားသူများက ရန်ကျောက်ကဲဘေးတွင်ရှိနေသော စူးယွင်ကို လှမ်းကြည့်လိုက်ကြသည်။

စူးယွင်က လေထဲတွင်ရှိနေသည့် မိန်းမျိုလေး၏ပုံရိပ်ကိုလှမ်းကြည့်ရင်း...

“သခင်လေးနဲ့ အတော့်ကို လိုက်ဖက်ညီမယ့် မိန်းမပျိုပဲ ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ စရိုက်လက္ခဏာ ဘယ်လိုရှိမလဲ သိချင်လိုက်တာ”

ထိုစကားကိုကြားတော့ လော့ကျင်းဟောင်မှာ ကိုယ့်နဖူးကိုယ် ရိုက်မိမလို ဖြစ်သွားသည်။

စူးယွင်လေသံက နန်းတော်မှမယ်တော်ကြီးက ဘုရင်မင်းမြတ်အတွက် ကြယ်ယာတော်ရှာပေးသော လေသံမျိုးဖြစ်နေလေရာ သူတို့အားလုံး စကားမပြောနိုင်လောက်အောင် ဆွံ့အသွားကြရသည်။

ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် ယင်လုန်ထူတို့ကတော့ လေထဲမှပုံရိပ်ကိုကြည့်ရင်း အလွန်တရာ အံ့အားသင့်သွားကြ၏။

ရန်ကျောက်ကဲ ပုံဖော်လိုက်သည့်မိန်းကလေးက သူတို့နှင့် အတော်လေးရင်းနှီးသူတစ်ယောက် ဖြစ်နေသည်။ သို့သော် သူမက မျောလွင့်တိညာဉ်ကမ္ဘာရှိ သွေးနီတိမ်တိုက်ဂိုဏ်းမှသိုင်းသမားတစ်ယောက်၏ အဝတ်အစားများ ဝတ်ဆင်ထားသဖြင့် သူတို့၏ ဂိုဏ်းတူညီမလေး ‘စစ်ခုန်ချင်း’ မဟုတ်သည်မှာ သေချာသည်။

ရွှီဖေးနှင့် ယင်လုန်ထူကိုအသာထား ၊ ဖန်းယွင်ရှန်းက ဖူအန်းစု၏တပည့်အဖြစ် စစ်ခုန်ချင်းနှင့် အချိန်များစွာကုန်ဆုံးခဲ့ပြီး အတူတကွ ပညာသင်ကြားခဲ့သူဖြစ်သည်။ သို့ဖြစ်ရာ သူမက မျက်လုံးမှိတ်ထားလျှင်တောင်မှ စစ်ခုန်ချင်းကို အမှတ်မှားစရာ အကြောင်းမရှိပေ။

ဖန်းယွင်ရှန်းနှင့် အခြားသူများ အံ့အားသင့်သွားသည်ကိုတွေ့တော့ ရန်ကျောက်ကဲက ပြုံးရင်း ရှင်းပြသည်။

“သူက ဂိုဏ်းတူညီမ‌လေး’စစ်ခုန်’ မဟုတ်ပါဘူး”

ရွှီဖေးက မျက်မှောင်ကြုတ်ရင်း...

“ဒါဖြင့် အမွှာတွေလား ၊ အမွှာတွေဆိုရင်လည်း ကမ္ဘာခြားပြီး ဘယ်လိုလုပ်ကွဲကွာသွားရတာလဲ ၊ အဲဒီလိုတော့ မဖြစ်နိုင်ဘူး မဟုတ်လား”

ရန်ကျောက်ကဲက...

“တကယ်တော့ ဒီမိန်းကလေးက ဂိုဏ်းတူညီမလေး’စစ်ခုန်’ နဲ့ ဘာမှ မတော်ပါဘူး”

ရွှီဖေးက...

“မင်းက ဘယ်လိုလုပ်သိတာလဲ ၊ သူတို့က သွေးသားမတော်ဆပ်ရင် ဘယ်လိုဖြစ်လို့ ဒီ‌လောက် ရုပ်ချင်းဆင်နေရတာလဲ ၊ သွေးသားမတော်စပ်ဘဲ ရုပ်ချင်းဆင်တူတဲ့သူတွေရှိပေမယ့် ဒီလောက်အထိ မတူနိုင်ဘူးလေ ၊ အခု ဒီမိန်းကလေးက ဂိုဏ်းတူညီမလေး’စစ်ခုန်’ တခြားအဝတ်အစားတွေ ပြောင်းဝတ်ထားတဲ့အတိုင်းပဲ”

ရန်ကျောက်ကဲက...

“ဒါက အရမ်းလျှို့ဝှက်ဆန်းကျယ်တဲ့ ဆက်နွယ်မှုတစ်ခုကြောင့်ပဲ ၊ အတိအကျတော့ ငါလည်း နားမလည်သေးဘူး”

သူက ဆက်ပြောသည်။

“ငါတို့ဂိုဏ်းမှာ ဒီအကြောင်းကိုသိတဲ့သူ နည်းနည်းပဲရှိတယ် ၊ ပြီးတော့ မင်းတို့ထဲမှာလည်း ဒီအကြောင်းကိုသိခွင့်ရှိတဲ့သူဆိုလို့  ဂိုဏ်းတူအစ်ကို’ရွှီဖေး’ တစ်ယောက်ပဲရှိတယ် ၊ ဒါပေမဲ့ အခုက မျောလွင့်ဝိညာဉ်ကမ္ဘာကိုရောက်နေတော့ ထူးခြားအခြေအနေမို့လို့ ချွင်းချက်လို့ ပဲ သဘောထားလိုက်တော့မယ်”

ယင်လုန်ထူကတော့ လေထဲမှပုံရိပ်ကို စူးစမ်းဟန်ဖြင့်ကြည့်နေစဉ် ဖန်းယွင်ရှန်းက စကားဆိုသည်။

“ဒါဆို ဒီကိစ္စက ကျွန်မတို့ မသိသင့်တဲ့ကိစ္စဖြစ်ရမယ် ၊ ရှင့်ကို အခက်တွေ့အောင် မလုပ်တော့ဘူး ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ ကျွန်မနဲ့ ဟန်လုန်အာ ခဏအပြင်သွားနေလိုက်မယ်”

ရန်ကျောက်ကဲက လက်ကာပြရင်း...

“ငါ မင်းကိုအများကြီး ပြောမပြနိုင်သေးပေမယ့်... ဒီလိုလုပ်စရာ မလိုပါဘူး”

သူက လေထဲတွင်တည်ရှိနေဆဲဖြစ်သော စစ်ခုန်ချင်းနှင့်ဆင်တူသည့် မိန်းကလေး၏ပုံရိပ်ကို လှမ်းကြည့်ရင်း...

“ဒါပေမဲ့ မင်းကိုလည်းမှာထားရမယ် ၊ အပြင်လောကမှာ ဂိုဏ်းတူညီမလေး ‘စစ်ခုန်’ နဲ့ဆင်တူတဲ့သူတွေ့ရင် နည်းလမ်းရှာပြီး တောင်ပေါ်ကိုခေါ်လာပေးပါ ၊ အဲဒီလူက မိန်းကလေးဖြစ်စေ ယောကျ်ားလေးဖြစ်စေ တောင်ပေါ်ခေါ်လာနိုင်အောင် ကြိုးစားပါ ၊ ဒီကိစ္စက အတော်လေး အရေးကြီးတယ်”

ဖန်းယွင်ရှန်းက ခေါင်းညိတ်လိုက်သည်။

ယင်လုန်ထူကလည်း ဖန်းယွင်ရှန်းလိုပင် နာခံစွာဖြင့် လိုက်ပြီးခေါင်းညိတ်သည်။

ရန်ကျောက်ကဲက...

“အဲဒီလူကို တောင်ပေါ်ခေါ်မလာနိုင်ဘူးဆိုရင်တောင်မှ တတ်နိုင်သမျှ အမြန်ဆုံးနည်းနဲ့ တောင်ပေါ်ကို သတင်းပို့ပါ”

ရွှီဖေးက လေထဲမှ မိန်းကလေးပုံရိပ်ကို စူးစိုက်ကြည့်ရင်း...

“မင်းဆိုလိုတဲ့အဓိပ္ပါယ်က အစွန်းရောက်ရှစ်ပါးကမ္ဘာမှာရော အလားတူကိစ္စတွေ ရှိနေပြီလား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“စစ်ခုန်ချင်းနဲ့ ဆင်တူတဲ့ လူ (၃)ယောက်ကို အတည်ပြုပြီးသွားပြီ”

ရွှီဖေးက သက်ပြင်းရှည်တစ်ချက်ချရင်း...

“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာရော မျောလွင့်ဝိညာဉ်ကမ္ဘာမှာရော ဒီလို ဆင်တူတဲ့သူတွေရှိနေတာ အ‌တော်လေး ထူးခြားတာပဲ ၊ ငါတို့ဂိုဏ်းက အကြီးအကဲတွေ ဒီကိစ္စကို အရေးကြီးတယ်လို့ယူဆတာ မအံ့သြတော့ပါဘူး”

ထိုစဉ် လော့ကျင်းဟောင် သတိပြန်ဝင်လာပြီး ဖြည်းညင်းသည့်လေသံဖြင့်...

“ဒီကိစ္စက သွေးနီတိမ်တိုက်ဂိုဏ်းရဲ့ အောက်ခြေအထိ ထိခိုက်သွားနိုင်တယ်”

လုမင်နှင့် သွေးနီတိမ်တိုက်ဂိုဏ်းသားအများအပြားကို သတ်ဖြတ်လိုက်သဖြင့် သူတို့ကြားမှ ရန်ငြိုးဖွဲ့မှုက သမုဒ္ဒရာကဲ့သို့နက်ရှိုင်းသည်ဟု ဆိုနိုင်သည်။

သို့သော် တိုက်ပွဲတစ်ခုလုံးတွင် ရန်ကျောက်ကဲအနိုင်ရယူခဲ့ခြင်းက တကယ့်ကို အံ့သြဖွယ်ရာကိစ္စဖြစ်သည်။ တစ်ယောက်တည်းဖြင့် သွေးနီတိမ်တိုက်ဂိုဏ်းချုပ် ၊ မီးတောက်ဂိုဏ်းချုပ်နှင့် ဇာမဏီမိစ္ဆာရှောက်ဖုန်းထင်တို့ကို သတ်ဖြတ်ခဲ့ခြင်းက လူတိုင်းကို အမှန်တကယ် တုန်လှုပ်စေသည်ပင်။

ဤသို့သောအခြေအနေမျိုးတွင် သွေးနီတိမ်တိုက်ဂိုဏ်းအနေဖြင့် ရန်ကျောက်ကဲအပေါ်ထားရှိသော အမုန်းတရားများကိုမြိုသိပ်ပြီး ငြိမ်နေမည်သာဖြစ်သည်။

ရန်ကျောက်ကဲ မဟာဝိညာဉ်ကျောက်တုံးအနှစ်သာရ တောင်းဆိုခြင်းက ပြဿနာမရှိပေ။ နဂါးစိမ်းတောင်ဂိုဏ်းနှင့် မိုးကြိုးဂိုဏ်းသာမက သွေးနီတိမ်တိုက်ဂိုဏ်းနှင့် မီးတောက်ဂိုဏ်းများသည်ပင် သူ့အတွက် လိုက်လျောပေးနိုင်ပေသည်။

သိုင်းဂိုဏ်းကြီး (၄) ဂိုဏ်းသာမဟုတ်ဘဲ မိုးကြိုးမိစ္ဆာနှင့် မျောက်ဝံမိစ္ဆာတို့သည်လည်း ရန်ကျောက်ကဲကို ကြောက်ရွံ့သဖြင့် ရန်စရဲမည် မဟုတ်ပေ။

သို့သော် သွေးနီတိမ်တိုက်ဂိုဏ်းမှ အလှပဂေး မိန်းမပျိုလေးတစ်ယောက်ကို တောင်းဆိုသည်က လက်ခံရန် ခက်ခဲသည့်ကိစ္စပင်။

သွေးနီတိမ်တိုက်ဂိုဏ်းသာ ဤကိစ္စကိုလက်ခံလိုက်ပါက ဂိုဏ်းတစ်ခုလုံး အရှက်တကွဲဖြစ်ရမည့်အပြင် ဂိုဏ်းတွင်း စည်းလုံးညီညွတ်မှုနှင့် ဗဟိုမဏ္ဍိုင်အင်အားသည်လည်း ပြိုလဲသွားနိုင်သည်။

ထို့ပြင် သွေးနီတိမ်တိုက်ဂိုဏ်းတွင် အပြာရောင်ငှက် ရှိနေသေးသည်။ ထိုငှက်သားရဲက ရန်ကျောက်ကဲကို အနိုင်ယူမည်ဟု မယုံကြည်သည့်တိုင် အဟန့်အတားတစ်ခုတော့ ဖြစ်မည်သာ။

လော့ကျင်းဟောင်ကတော့ သွေးနီတိမ်တိုက်ဂိုဏ်းအကြောင်း လုံးဝထည့်မစဉ်းစားပေ။ သွေးနီတိမ်တိုက်ဂိုဏ်းက ရန်ကျောက်ကဲလိုချင်သည့်အရာကို ငြင်းဆိုလိုက်၍ ဤကမ္ဘာမှ အမြစ်ပြတ်သုတ်သင်ဖယ်ရှားခံရလျှင် ပို၍ပင်ကောင်းသေးသည်ဟု သူကတွေးတောသည်။

သို့သော် ရန်ကျောက်ကဲက သူ့ကိုကြည့်ရင်း ရုတ်တရက် ပြုံးလိုက်၏။

“သြော်... ဒါနဲ့... ‘လော့’ ဂိုဏ်းချုပ်ရဲ့သားက ညီမလေး’ရုန်အာ’ နဲ့ လက်ထပ်ထားတာမဟုတ်လား”

လော့ကျင်းဟောင်က ပြုံးရင်း...

“ရုန်အာက ကောင်းကင်ဘုံအချစ်ခံရတဲ့ သမီးတော်လေးတစ်ပါးပါ ၊ ကျွန်တော့်ရဲ့ မိုက်မဲတဲ့သားက ရုန်အာနဲ့ လက်ထပ်ခွင့်ရတာ တကယ်ကံကောင်းတာပါပဲ”

လော့ကျင်းဟောင်၏စကားကို သူ့နောက်မှ နဂါးစိမ်းတောင်ဂိုဏ်းသားများသည်လည်း ပြုံးရယ်လျှက် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

ထိုခဏတွင် မိုးကြိုးဂိုဏ်းချုပ်နှင့် မိုးကြိုးဂိုဏ်းသားများကတော့ မျက်နှာအမူအရာများ ခါးသီးလျှက် ရှိကြ၏။

နှင်းကြိုးကြာဂိုဏ်းချုပ် စူးယွင်တွင် သခင်တစ်ယောက်ရှိကြောင်း ရှေးယခင်ကပင် သူတို့အားလုံး ကြားသိဖူးခဲ့ကြသည်။ သို့သော် ထိုပုဂ္ဂိုလ်က ထင်ရှားကျော်ကြားခြင်းမရှိသလို သူ၏အရိပ်ကိုပင် တွေ့မြင်ဖူးသူမရှိလေရာ မည်သူမှ အထူးတလည် ခေါင်းထဲမထည့်ခဲ့ကြပေ။

ယခု ရန်ကျောက်ကဲထွက်ပေါ်လာသည့်အခါ စူးယွင်၏နောက်ခံသည် ထိုမျှအင်အားကောင်းလိမ့်မည်ဟု သူတို့အားလုံး တွေးထင်မထားခဲ့ကြပေ။

နဂါးစိမ်းတောင်ဂိုဏ်းကတော့ ကံကောင်းခြင်းမိုးများ ရွာသွန်းဖြိုးနေသည့်အလား အလွန်တရာ ကံ‌ကောင်းလှပေသည်။

ရန်‌ကျောက်ကဲက ပြုံးလျှက်ပင် လော့ကျင်းဟောင်ကို ကြည့်နေရင်း...

“လော့ဂိုဏ်းချုပ်က ရုန်အာကို တန်ဖိုးထားတယ်ဆိုရင် သူ့အတွက် တစ်ခုခုလုပ်ပေးသင့်တယ်လို့ မထင်ဘူးလား”

ရန်ကျောက်ကဲ၏ သိမ်မွေ့သောအသံကို ကြားလိုက်ရတော့ လော့ကျင်းဟောင် ရင်ထိတ်သွားသည်။

ရန်ကျောက်ကဲက ဆက်ပြောသည်။

“မင်းတို့ဂိုဏ်းမှာ နဂါးအရိုးဆက်လို့ခေါ်တဲ့ ရတနာပစ္စည်းတစ်ခုရှိတယ်ဆို ၊ အဲဒီပစ္စည်းက အတော်လေးကောင်းမွန်တယ်ဆိုပဲ ၊ နောက်ပိုင်း ဒီပစ္စည်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းနိုင်ဖို့နဲ့ မိသားစုကိုကာကွယ်ဖို့အတွက် ရုန်အာကို လွှဲပြောင်းပေးသင့်တယ်”

ထိုစကားကိုကြားတော့ နဂါးစိမ်းတောင်မှလူများအားလုံး တုန်လှုပ်ခြောက်ခြားသွားပြီး အော်ဟစ်ငို‌ကြွေးမိလုမတတ် ဖြစ်သွားကြရသည်။

ဒေါသကြီးသူတစ်ယောက်က ပါးစပ်ဟကာ စကားပြောရန်ဟန်ပြင်လိုက်စဉ် သူ့ဘေးမှလူက တံတောင်ဖြင့်အသာတွတ်ရင်း မျက်နှာထားတင်းတင်းဖြင့် ပါးစပ်ပိတ်နေရန် အချက်ပြလိုက်၏။

ရန်ကျောက်ကဲက ဤအရာများအားလုံးကို တွေ့မြင်လိုက်သော်လည်း စိတ်မဝင်စားဟန်ဖြင့် စားပွဲကို လက်ဖြင့်ပေါ့ပေါ့ပါးပါးတစ်ချက်ပုတ်ရင်း ခန်းဆောင်မျက်နှာကြက်ကို ခေါင်းမော့ကြည့်လိုက်သည်။

“မျောလွင့်ဝိညာဉ်ကမ္ဘာမှာ ရတနာပစ္စည်း (၃)မျိုးရှိတယ်လို့ သတင်းကြားထားတယ် ၊ အဲဒီရတနာတွေထဲကတစ်ခုက နဂါးအရိုးဆက် မဟုတ်လား ၊ ဒီတော့ ကျန်တဲ့နှစ်ခုကရော ဘာတွေလဲ”

ထိုမေးခွန်းကိုကြားတော့ အကြီးအကဲ’ချီ’ နှင့် အကြီးအကဲ’ထုန်’ တို့၏မျက်နှာများ ကြေကွဲရိပ်ဖြင့်ယှက်သမ်းသွားသည်။

အခြားရတနာပစ္စည်းနှစ်ခုဖြစ်သော အနီရောင်ဘူးသီးခြောက်နှင့် မိုးကြိုးကျောက်ပြားနှစ်ခုလုံး ရန်ကျောက်ကဲလက်ချက်ဖြင့် ပျက်ဆီးခဲ့ရပြီ မဟုတ်လား။

လော့ကျင်းဟောင်မှာ ခန္ဓာကိုယ်ပင် တုန်တုန်ယင်ယင် ဖြစ်သွားရ၏။

ထိုခဏတွင် ရန်ကျောက်ကဲ၏ပုံရိပ်သည် အကန့်အသတ်မရှိသော အမှောင်ထုပမာ မျောလွင့်ဝိညာဉ်ကမ္ဘာတစ်ခုလုံး၏ ကောင်းကင်ယံကို ဖုံးလွှမ်းသွားသည်ဟု ခံစားလိုက်ရသည်။

ရန်ကျောက်ကဲနှုတ်ခမ်းများက ပြုံးနေသော်လည်း သူ့မျက်ဝန်းများက ရေခဲပမာအေးစက်နေပြီး အပြုံးရိပ်ဆို၍တစ်စွန်းတစ်မရှိဘဲ နဂါးစိမ်းတောင်ဂိုဏ်းမှလူအများကို တိတ်တဆိတ် အကဲခတ်နေသည်။

စူးယွင်က သူမ၏သခင်လေးနှင့် စိတ်တူကိုယ်တူ တစ်သားတည်းဖြစ်လေရာ စောစောက နဂါးစိမ်းတောင်တန်း၏ အကြံအစည်မှန်သမျှကို ရန်ကျောက်ကဲသိရှိစေရန် ပြောပြထားပြီး ဖြစ်၏။

လော့ကျင်းဟောင်နှင့်အခြားသူများမှာ နဂါးစိမ်းတောင်ဂိုဏ်း၏ အကျိုးအမြတ်တစ်ခုတည်းကိုသာ စဉ်းစားပြီး အမြင်ကျဉ်းခဲ့သလို အမှားများလည်းပြုလုပ်ခဲ့သည်။

ယခု ရန်ကျောက်ကဲနှင့် ရင်ဆိုင်ရသည့်အခါ သူတို့ ဘာတတ်နိုင်ပါသနည်း။

ကိုယ်တိုင်တွက်ချက်ဆုံးဖြတ်ခဲ့သောကိစ္စအတွက် ဖြစ်လာမည့်အကျိုးဆက်များကိုလည်း ခံနိုင်ရည်ရှိရန် အသင့်ပြင်ထားရမည်သာ။

မည်သို့ပင်ဖြစ်စေ မထင်မှတ်သည့်အဖြစ်အပျက်များ မျှော်လင့်မထားသောရှုထောင့်မှ ဖြစ်ပေါ်လာသည့်အခါ မည်သူမှ စိတ်အေးလက်အေး ပျော်ရွှင်နိုင်ခြင်း မရှိတော့ပေ။

နဂါးစိမ်းတောင်ဂိုဏ်းချုပ်၏သားဖြစ်သူသည် နှင်းကြိုးကြာဂိုဏ်းချုပ်၏သမီးနှင့် လက်ဆက်ထားခြင်းမရှိပါက ရန်ကျောက်ကဲအနေဖြင့် အခြားဂိုဏ်း (၃) ဂိုဏ်းကဲ့သို့ပင် သူတို့နဂါးစိမ်းတောင်ဂိုဏ်းကိုလည်း ဖျက်ဆီးပစ်မည်မှာ မလွဲဧကန်ဖြစ်ပေ၏။

ရန်ကျောက်ကဲက စကားတစ်ခွန်းမှမပြောဘဲ လော့ကျင်းဟောင်တို့အုပ်စုကို ကြည့်နေရုံသာဖြစ်သော်လည်း သူတို့အားလုံးမှာတော့ ကျောပြင်တစ်ခုလုံး ချွေးများရွှဲနစ်လျှက် ရှိတော့သည်။

စောစောကပင် သွေးနီတိမ်တိုက်ဂိုဏ်း၏‌ဘေးဒုက္ခကို ဝမ်းမြောက်ဝမ်းသာ ကြည့်နေခဲ့ကြသူများသည် ယခုတော့ ဘေးဒုက္ခက သူတို့ထံသို့ ပြောင်းလဲရောက်ရှိလာပြီဖြစ်ကြောင်း နားလည်လိုက်ရလေတော့၏။

All Chapters