ငါးကြီးတစ်ကောင်ဖမ်းမိခြင်း
Vol. 23 Ch. 312
တပိုင်က မကြာခင်မှာပင် အန်လင်း၏ ရိုက်နှက်ထုထောင်းမှုကြောင့် ဝန်ချတောင်းပန်လိုက်ရတော့သည်။
နောက်ဆုံးတွင်တော့ အန်လင်းသည် ခွေးသားစားသောက်ပွဲကြီး တည်ခင်းလိုသည့် စိတ်အားသန်မှုကို တပိုင်၏ ငိုကြွေးတောင်းပန်မှုများကြောင့် လက်လျော့လိုက်တော့၏။
လူတိုင်းက အားအင်ပြည့်ဝနေသည့် အန်လင်းကို မြင်ပြီးမှသာ ပေါ့ပေါ့ပါးပါး သက်ပြင်းချနိုင်တော့၏။
တပိုင်ကို ထိုမျှလောက်ထိ ထိုးနှက်နိုင်သည်ကိုကြည့်ရသည်မှာ အန်လင်းမှာ အမှန်တကယ်ပင် အပြည့်အဝ ကောင်းမွန်လာပြီဖြစ်မည်။
ထို့ကြောင့် ညစာမှာ ခွေးသားအစား အမဲသား စားသောက်ပွဲကြီးဖြစ်လေသည်။ ညစာမှာ တောင်ပေါ်ရှိ မီးပုံတစ်ခု၏ဘေးတွင်း ဝိုင်းဝန်းစားသောက်ကြတာဖြစ်ပြီး လူတိုင်းအတွက် ပျော်ရွှင်ဖွယ် အခိုက်အတန့်လေးပင် ဖြစ်၏။
နောက်တစ်နေ့မနက်သည်တော့ လူတိုင်းက ချန်ပိုင်တောင်တွင် စုကြရမည်ဖြစ်သည်။
တပိုင်တွင် သူ့အားဝင်ခွင့်ပြုမည့် ကျောက်စိမ်းအဆောင်မရှိပါချေ။ ထို့ကြောင့် အန်လင်းက သူ့အား မြောက်ဘက်မြူတောင်ထိပ်မှာ ချန်ထားခဲ့ရ၏။
မခွဲခွာခင်မှာ အန်လင်က လျှိုချင်ဟွမ်၊တန်ရှီမန်၊ဟူကွမ်၊ယောင်မင်ရှီ နှင့် မြွေဖြူဝိညာဥ်ကို ခေါ်ဆိုပြီး ချန်ပိုင်တောင်တွင် စုစည်းရန် သတိပေးလိုက်လေ၏။
ထို့နောက်မှာတော့ သူသည် သူ့၏ အုတ်ခဲပေါ်သို့ ခုန်တက်ကာ စုရှောင်လန်အပါအဝင် တခြားသူများနှင့်အတူ ချန်ပိုင်တောင်သို့ ပြန်သန်းလာခဲ့တော့သည်။
ချန်ပိုင်တောင် နယ်နမိတ်အတွင်း...
ဝတ်ရုံနီများ ဝတ်ဆင်ထားသော လူသုံးယောက်သည် ခေါင်းစွပ်များဖြင့် ၄င်းတို့၏ မျက်နှာကို ကာကွယ်ထားကာ တောအုပ်အတွင်း သွားလာနေကြ၏။
ထိုသူများထဲမှ တစ်ယောက်သည် ရုတ်တရက် ရန့်တန့်သွားသည်။
“ဘာဖြစ်လို့လဲ မာစတာ ဒူခေး” အနီရောင် ဝတ်ရုံနှင့် အမျိုးသမီးက မေးလာ၏။
“ဝံပုလွေတွေ ရှိတယ်” ဒူခေး ဟုအမည်ရသော လူကြီးက သူ့လက်များကို ဆန့်တန်းပြီး ဖြန့်လိုက်သည့်အခါ ကြက်သွေးရောင်လှံတံတစ်ခုက သူ့လက်ထဲ၌ ပေါ်လာ၏။
ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဥ် စွမ်းအင်များသည် လှံတံ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီး သွေးနှင့် သတ်ဖြတ်ခြင်း ရနံ့များက စူးစူးရှရှပေါ်ထွက်လာကာ ပတ်ဝန်းကျင်ရှိ တော့အုပ်တစ်ခုလုံးအတွင်း လေနှင်ရာပျံ့နှံ့သွားတော့သည်။
ထိုအချိန်မှာပင် မြောက်များစွာသော အန္တရာယ် အငွေ့အသက်များက ထိုအနီရောင်ဝတ် လူသုံးဦးဆီသို့ ဘက်ပေါင်းစုံမှ ချဥ်းကပ်လာခဲ့လေသည်။ ထို့နောက်တွင်တော့ အနက်ရောင် အရိပ်များစွာက ၄င်းတို့ပတ်ပတ်လည်တွင် ပေါ်ထွက်လာပြီး အရိပ်တစ်ခုစီတိုင်းကလည်း အလွန်ကို အစွမ်းထက်သော အငွေ့အသက်များ ထုတ်လွှတ်နေပေတော့သည်။
“ဆန်ကုန်မြေလေး သွေးညစ်မျိုးနွယ်တွေ ဒီတောင်က ထွက်သွားကြစမ်း” ဩဇာအပြည့်နှင့် အသံတစ်သံထွက်လာပေ၏။
ပေ၃၀ခန့်မြင့်သည့် ဝံပုလွေတစ်ကောင်က ဝံပုလွေအုပ်စု၏ အလယ်တွင် ပေါ်လာခြင်းပင်။ ၄င်းကရွှေရောင် မျက်လုံးများဖြင့် သူ့ရှေ့ရှိ လူသုံးယောက်ကို စိုက်ကြည့်နေပြီး ရက်စက်သည့် ရှေးဟောင်းသားရဲ တစ်ကောင်ဆီမှ အသက်ရှုကြပ်ဖွယ် အငွေ့အသက်ကို ထုတ်လွှတ်နေပေတော့သည်။
“ဝံပုလွေနက် မျိုးနွယ်စု၊ငါ မှတ်မိတာ သေချာသလောက်ဆို မင်တို့ရဲ့ ပိုင်နက်က ဆိုက်ဘေးရီးယား ရေခဲကျွန်းတွေပေါ်မှာ မဟုတ်ဘူးလား။ ငါတို့ကို နှင်ထုတ်ဖို့ မင်းမှာ ဘာအခွင့်အရေးများရှိလို့လဲ” ဒူခေးက အေးစက်စွာ ပြန်ပြောလာ၏။
“ဟား...ဟား... ချန်ပိုင်တောင်က အမြဲတမ်း ဝံပုလွေနက်မျိုးနွယ်ရဲ့ ပိုင်နက်ဖြစ်နေပြီးသား။ ငါ့အချိန်တွေကို လာမဖြုန်းစမ်းနဲ့။ မင်းတို့ကို ၁၀စက္ကန့် အချိန်ပေးမယ်။ ထွက်သွားမလား အသေခံမလား” မျိုးနွယ်စုအလယ်ရှိ ဝံပုလွေကြီးက မထီမဲ့မြင်နှင့် တစ်ဟားဟားရယ်မောတော့သည်။
ဒူခေး “...”
သူက သူ၏ အနီရောင်ဝတ်ရုံမှ အမှန်တကယ် မတည်ရှိသော ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး
“ဒါဆိုရင်တော့ ငါတို့က စကားနဲ့ပြောလို့ မရတော့ ပုံပဲ။ “
ဘုန်း...
မရေမတွက်နိုင်သော သွေးစည်းလှိုင်းများက အလွန်အမင်း တိုက်စားပြင်းထန်သည့် အရှိန်အဝါဖြင့် သူ့၏ ပတ်ပတ်လည်မှ ပေါ်ထွက်လာတော့သည်။ သွေးစည်းလှိုင်းများ၏ အောက်ဖက်ရှိ သက်ရှိအပင်များကတော့ ချက်ချင်းပင် ခြောက်သွေ့သွားကာ မြေပြောင်ပြောင်သာကျန်ရစ်ခဲ့လေတော့သည်။
“ဟား ဟား မင်းလို အစားကောင်းမျိုး မစားရတာတောင် အတော်ကြာပြီ”
ခေါင်းဆောင် ဝံပုလွေက စူးစူးဝါးဝါးအော်ရယ်ကာ သူ့၏ နက်စွေးစွေးကိုယ်လုံးအား ရယ်သံများနှင့် ဖုံးလွမ်းစေလိုက်သည်။ သူ့၏ အနက်ရောင် ခြေသည်းလက်သည်းတို့က သွေးစည်းလှိုင်းများကို စုတ်ဖြဲပစ်ကာ ဒူခေး၏ ကြက်သွေးရောင် လှံတံထိပ်ဖြားနှင့် တိုက်မိတော့သည်။
ဘုန်း...
ကြီးမားသောတိုက်ခတ်မှုကြီးက လေပြင်းမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေပြီး ပတ်ဝန်းကျင်ရှိအရာအားလုံးကို ပျံသန်းစေကာ သစ်ပင်များကိုလည်း ပေးပေါင်းထောင်ချီ ကွေးညွှတ်စေတော့လေသည်။
ကမ္ဘာမြေ အက်ကွဲစေလောက်သော တိုက်ပွဲကြီးက ချန်ပိုင်တောင်၏ တောအုပ်အတွင်း ထွက်ပေါ်လာပေတော့သည်။
ထိုအချိန်မှာပင် နင်ဂျာများနှင့် ဂျပန်၏ ယင်နှင့်ယန် ဆရာသခင်များ၊မီနိုင်ငံမှ DNA စစ်သည်များနှင့် ချန်ပိုင်တောင် နယ်နမိတ်အတွင်းသို့ တိတ်တဆိတ် ခရီးထွက်လာကြပြီး ပုန်းနေတာကြာပြီဖြစ်သော မှော်ဆရာများအာလုံးမှာ ဤဧရိယာတစ်ဝိုက်တွင် ပေါ်လာမည့် အလွန်အမင်းရှားပါးသော ရတနာအတွက် ရောက်ရှိနေကြလေသည်။
ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဥ်စွမ်းအင်များ ပုံမှန်မဟုတ်သည်မှာ အလွန်အမင်း သိသာလွန်းလှပေသည်။ ဟွားနိုင်ငံရှိ ကျင့်ကြံသူများ သွေးရူးသွေးတန်း ဖြစ်ရုံမက တိုင်းတစ်ပါးမှ ကျင့်ကြံသူများကပါ အဝေးမှ ရောက်ရှိလာပေတော့သည်။
ယခုရက်ပိုင်းအတွင်း အင်မော်တယ် ဂိုဏ်အားလုံးမှ ကျင့်ကြံသူများကို တပ်ဖြန့်ချထားရာ ချန်ပိုင်တောင်တန်းနယ်ပယ်သည် အဓိက အားများပေါင်းစုံရာ စစ်တလင်းဖြစ်လာပေသည်။
ရတနာမှာ ယခုထိတိုင် ပေါ်မလာသေးပေ။ သို့သော် တိုက်ပွဲမှာတော့ စနှင့်နေချေပြီ။
ဟွားနိုင်ငံရှိ ကျင့်ကြံသူများ အနေဖြင့် တိုင်းတစ်ပါးမှ ကျင့်ကြံသူများ အားလုံးသည် သူတို့ဆီမှ ရတနာအား ခိုးယူမည့် ယုတ်ညံ့သည့်ရည်ရွယ်ချက်ဖြင့် ရောက်ရှိနေသည်ဖြစ်ရာ တိုင်းတစ်ပါးမှ အင်အားတစ်ခုတွေ့သည်နှင့် တိုက်ပွဲများပေါ်ပေါက်လာပေတော့သည်။
တိုင်းတစ်ပါး အင်အားများအနေနှင့်လည်း တူညီသော သဘောထားပင်ရှိသော်လည်း ၄င်းတို့မှာ ပိုမို လျှို့ဝှက်ကာ အများစုမှာ အင်အားထိန်ချန်ရန် ပုန်းနေကြလေသည်။ ကြမ်းကြုတ်သော ဝံပုလွေနက် မျိုးနွယ်စုမှာ ကျိုးကြောင်းမဆင်ခြင်သော အနည်းစုထဲမှ တစ်ခု ဖြစ်သည်။
တောင်၁၆လုံးဝန်းရံနေသော မီးတောင်၏ မီးတောင်ဝတွင် ရေကန်ကြီးတစ်ကန်ရှိနေပြီး တောင်များ ဝန်းရံနေသော ကျောက်စိမ်းသဖွယ် ဖြစ်နေလေတော့သည်။
ထိုသည်မှာ အထူး ဂုဏ်သတင်းကျော်ကြားသော ချန်ပိုင်တောင် ကောင်ကင်ဘုံရေကန်ပင်ဖြစ်လေသည်။
ပတ်ဝန်ကျင်တစ်ဝိုက်ရှိ ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဥ်စွမ်းအင်များ မတည်ငြိမ်မှုများကြောင့် ချန်ပိုင်တောင်ရှိ ကောင်းကင်ဘုံရေကန်မှာ ဩဇာရှိသူများ၏ ချိတ်ပိတ်ခြင်းကိုခံရပြီး အလည်အပတ်လာသူများကို တားမြတ်ထားခဲ့ခြင်းဖြစ်သည်။
ကောင်းကင်တွင် သက်တန့် ၄ခုပေါ်ထွန်းလာပြီး ကောင်းကင်ဘုံ ရေကန်ဆီသို့ နိမ့်ဆင်းသွားလေသည်။
၄င်းမှာ မြောက်ဘက် မြူတောင်ထိပ်မှ ရောက်ရှိလာကြသော အန်လင်း၊စုရှောင်လန်၊စုချန်းရန်နှင့်ရွှမ်ယွမ်ချန်တို့ ဖြစ်၏။
“ဝိုး... ရှုခင်းက လှလိုက်တာ”
စုချန်းရန်၏ မျက်လုံးလှလှလေးများက ပြူးကျယ်ကာ အံ့ဩမှုကြောင့် မှင်သက်နေ၏။
“ဟင် ရှုခင်းက တကယ်ကို အတော်လေးကောင်းပါတယ်။ သူတို့ရောက်လာဖို့စောင့်ကြတာပေါ့” အန်လင်းက လက်ခုတ်တီးလိုက်ပြီးနောက် ထိုင်ချလိုက်လေသည်။
ရွှမ်ယွမ်ချန်က ပတ်ဝန်ကျင်ကို သတိကြီးစွာ လှည့်ပတ်ကြည့်ရှုပြီးနောက် ”ငါတို့ ပတ်ပတ်လည်မှာ ကျင့်ကြံသူတွေ အများကြီး ပုန်းနေကြတယ်”
“ပြဿနာမရှိဘူး။ ချန်ပိုင်တောင်နယ်နမိတ်ထဲက မူမမှန်တာတွေက ကျင့်ကြံသူတွေ အများအပြားကို ဆွဲဆောင်မယ်ဆိုတာ သံသယဝင်စရာကိုမလိုတာ။ သူတို့ကို သွားမရှုပ်သရွေ့ သူတို့ကလဲ ငါ့တို့ကို လာစမှာမဟုတ်ဘူး” အန်လင်းက မသိလိုက် မသိဘာသာပြန်ဖြေလာ၏။
“ငါတို့ ပတ်ဝန်းကျင်မှာ လူတွေအများကြီး ရှိနေလို့ မတော်တဆမှုတွေဖြစ်လာနိုင်တယ်။ ငါတို့ ပတ်ပတ်လည်ကို ကာကွယ်ရေး မန္တာန်တစ်ခု ဆွဲလိုက်မယ်” ရွှမ်ယွမ်ချန်က သူ့ရဲ့ သတိကြီးတဲ့ ပင်ကိုယ် စရိုက်အတိုင်း ရှိနေဆဲပင်ဖြစ်သည်။
“ငါမင်းကို ကူပေးမယ်” စုရှောင်လန်က မန္တာန် နယ်ပယ်မှာ အထူးကျွမ်းကျင်သည့်အပြင် ထိုင်နေရသည်ကို ပျင်းရိလာသည်ဖြစ်ရာ ကာကွယ်ရေးမန္တာန်ရေးဆွဲရာတွင် ရွှမ်ယွမ်ချန်ကို ကူညီပေးလေ၏။
ထို့ကြောင့် အန်လင်းနှင့် စုချန်းရန်တို့သာ ထိုင်ကျန်နေခဲ့ပေတော့သည်။
စုချန်းရန်က အလွန်တိတ်ဆိတ်နေကာ မကြာမီမှာပင် တရားထိုင်နေလေတော့သည်။
အန်လင်းသည်လည်း မည်သည့်အရာနှင့်မျှ မသက်ဆိုင်သကဲ့သို့ဖြစ်နေသည်ကို သည်းမခံနိုင်တော့သည်ဖြစ်ရာ သူတို့၏ နောက်ထပ် အစာအတွက် ရေကန်ထဲမှ ငါးအချို့ကိုဖမ်းရန် ဆုံးဖြတ်လိုက်တော့၏။
ကောင်းကင်ဘုံရေကန်မှာ သက်ရှိစွမ်းအင်များ စုစည်းနေသော ရေကန်ဖြစ်လေရာ ထိုကန်ထဲရှိ ငါးများမှာလဲ အလွန်ပင် အရသာရှိလှ၏။ တရားဝင် အသိအမှတ်ပြု အစားအသောက် ခုံမင်သူတစ်ယောက်အနေနှင့် သူကသေချာပေါက် ဤအခွင့်အရေးကို လက်လွတ်ခံ၍
မဖြစ်ပါချေ။
ဗွမ်း...
အန်လင်းက အင်မော်တယ် မန္တာန်ဖြင့် သူ့၏ ပတ်ပတ်လည်တွင် ရေမစိမ့်ဝင်နိုင်သော အကာအရံတစ်ခု ဖန်တီးလိုက်ပြီးနောက် ရေကန်ထဲသို့ ခုန်ဆင်းလိုက်၏။
အန်လင်းက စွမ်းအင်စီးကြောင်းများကို အသာအယာထုတ်လွှတ်လိုက်ပြီးနောက် ငါတစ်ကောင်စီကို စွမ်းအင်စီးကြောင်းတစ်ခုဖြင့်ရိုက်ခတ်ပြီးနောက် သူ့၏ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းလိုက်လေတော့သည်။
သူသည် နက်သထက်နက်အောင် ရေငုပ်လာပြီးနောက်တွင်တော့ မီတာ ၁၀၀ ကျော်အနက်သို့ရောက်လာသည့်အခါ အလင်းရောင်မှာအလွန်မှိန်ဖြော့လာတော့၏။
သူသည် သူ့၏ ရေငုပ်သည့်အာရုံကိုသာ အသုံးပြု၍ ငါးများနှင့် တခြား တိုက်ခိုက်မှုများကို အာရုံခံနေရလေသည်။
“ဟင်…ဒီငါးက သူ့ရဲ့ အရှိန်အဝါကို ကောင်းကောင်းကြီးကို ချိတ်ပိတ်ထားတာပဲ ဘာငါးပါလိမ့်”
အမှောင်ထဲသို့ စွမ်းအင်စီးကြောင်း တစ်ခု အသာအယာထုတ်လွှတ်ပြီးနောက်တွင်တော့ အန်လင်း၏ မျက်လုံးများက အရောင်လက်လာလေတော့၏။
မပီမသ ညည်းညူသံတစ်ခုက ကန်၏ အောက်ခြေမှ ထွက်ပေါ်လာခဲ့လေသည်။
သူသည် သူ့ဆီသို့ တိုးဝင်လာသော ငါးတစ်ကောင်ကို တွေတွေဝေဝေနှင့် ဆွဲယူလိုက်လေ၏။
အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားတာဖြစ်သည္။ သူ ငါးမြှားရန် အသုံးပြုနေသော ရေကြိုးမျှင်လေးသည် ရုတ်တရက် ဖြတ်တောက်ခြင်းခံလိုက်ရ၏။
အမှောင်ထုထဲမှ အသံတစ်သံက ရုတ်တရက် ပေါ်ထွက်လာလေ၏။ “baka”(ဂျပန်လို အရူးလို့ပြောတာပါ)
အန်လင်း “....”
သူက စွမ်းအင်စီးကြောင်းများကို အဆက်မပြတ်ထုတ်လွှင့်လိုက်ရာ ရေကြိုးမျှင်လေးများက ပိုက်ကွန်သဖွယ်ဖြစ်လာပြီး အသံလာရာ နေရာဆီသို့ အတည်ပြုလိုက်သည်။
တခြားသော မပြီမသ ညည်းသံနှင့်အတူအန်လင်းက မထင်မရှား အနက်ရောင် အရိပ်တစ်ခုကို သူ့ထဲသို့ ဆွဲယူလိုက်၏။
“baka yaru”
ဒေါသတကြီး ငိုကြွေးသံကြီးက အမှောင်ထုထဲမှ ထပ်မံပေါ်ထွက်လာ၏။
“ငလူး... အဲဒါက ဂျပန်ကောင်ကြီး... မင်းသေချင်လို့လား” အန်လင်းက ချက်ချင်းပင် ရက်စက် ကြမ်းကြုတ်သော မျက်နှာအမူအရာ တစ်ခုပြုလုပ်လိုက်၏။
ပြင်းထန်စွာသတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် ဓားရှည်တစ်လက်သည် အမှောင်ထုကို ဖြစ်၍ အန်လင်း၏ ခန္ဓာကိုယ်ဆီသို့ ဦးတည်လာနေသည်။
အန်လင်းက ဓားချက်ကို အလိုလိုသိမြင်ကာ အေးဆေးစွာပင် ရှောင်တိမ်းလိုက်ပြီးနောက် သူ့လက်ချောင်းထိပ်များမှ အားပြင်းလှသည့် လျှပ်စီးကြောင်းများ ထွက်ပေါ်လာလေတော့သည်။
ချက်ချင်းပင် လျှပ်စီးကြောင်းတစ်ခုက မည်းနက်သော ရေကန်၏ အောက်ဖက်အနက်တွင် တောက်ပလာပြီး ကြောက်မက်ဖွယ်လျှပ်စစ်စွမ်းအားတစ်ခုက ရေကန်ထဲရှိရေများကို ဖြတ်သန်းသွားလေတော့သည်။
စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့မှာမူ ကာကွယ်ရေးမန္တာန် တည်ဆောက်နေဆဲဖြစ်ကာ ငါးအမြောက်အမြားက ရေကန်ပေါ်တွင် ပေါ်လာပြီး တစ်ဖြတ်ဖြတ် လူးလွန့်နေကြသည်ကို မြင်လိုက်ရလေသည်။
ဗွမ်း...
ပုံရိပ်တစ်ခုက ရေမျက်နှာပြင်ကို ဖြတ်သန်းပေါ်ထွန်းလာပေသည်။ ၄င်းမှာတော့ ငါးဖမ်းရန် ရေထဲသို့ဆင်းသွားသည့် အန်လင်းမှ လွဲ၍ တခြားသူမဟုတ်ပါချေ။
“ဟားဟား ငါ ငါးအကြီးကြီး တစ်ကောင်မိလာတယ်”
သူက လူကြီးတစ်ယောက်ကို မြေပေါ်ပစ်တင်ရင်း ကြည်ကြည်နူးနူးရယ်လာတော့သည်။ လူကြီးမှာ ပါးစပ်မှ အမြုပ်များထွက်နေပြီး ၄င်း၏ မျက်နှာမှာတော့ ဓာတ်လိုက်မှုကြောင့် မဲမှောင်နေ၏။
“ဝိုး အတန်းဖော် အန်လင်း ဒါက ဘာငါးမျိုးလဲဟင် အရမ်းကို လူနဲ့တူတာပဲ” စုချန်းရန်က ငါးဆိုသော အရာကြီးအား ကြောင်ငေးကြည့်နေကာ အံ့ဩတကြီး ပင့်သက်ရှိုက်လေ၏။
အန်လင်း “...အတန်းဖော် စု၊ငါက ငါးအကြီးကြီးဆိုတာ တကယ်တော့ စကားအဖြစ်နှိုင်းပြောလိုက်တာပါ။ ဒါက တကယ်တော့ လူကြီးလေ။ သူက ဂျပန်နင်ဂျာပဲ”
“အဲဒါဆို ဒီမှာ နင်ဂျာတွေက တကယ်ရှိတယ်ပေါ့။ သူတို့ရဲ့ မန္တာန်တည်ဆောက်ရေးနည်းလမ်းတွေက အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ကြားတယ်” စုရှောင်လန်က သိလိုမှုအပြည့်နှင့် လျှောက်လာခဲ့၏။
အန်လင်းက ခေါင်းညိမ့်ပြလိုက်ပြီး
“သူက ကန်ရဲ့အောက်ခြေမှာ ပုန်းနေတာဆိုတော့ သေချာပေါက် လှုပ်ရှားမှု တစ်ခုခုတော့ ရှိလိမ့်မယ်။ သူနိုးလာမှ ငါတို့ စစ်မေးကြည့်ရမယ်”
ထိုအခိုက်မှာပင် မြေပြင်ပေါ်မှ လူကြီးသည် မျက်လုံးဖွင့်လာ၏။
“မင်းက ဘယ်သူလဲ။ ငါတို့မှာ အချင်းချင်း ဘာသွေးကြွေးမှ မရှိပါဘူး။ မင်းက ဘာလို့ငါ့ကို ဖမ်းထားရတာလဲ”(ဂျပန်လိုပြော)
စုရှောင်လန်နှင့် စုချန်ရန်တို့က စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်တဖြတ်ဖြတ်ခတ်ပြီးနောက် ဘာသာပြန်ရန် အန်လင်းကိုကြည့်လိုက်၏။
အန်လင်း၏ နှုတ်ခမ်းများမှာ အနည်းငယ်တွန့်သွားကာ “မင်း တရုတ်လို ပြောတတ်လား”
“ငါ့ကိုချက်ချင်းလွတ်ပေးစမ်း။ ဒါမှမဟုတ်လို့ ငါတို့နင်ဂျာခေါင်းဆောင် ဟတခဲ ရွှန်းရွှန်းရှိက မင်းတို့ကို ရှာတွေ့သွားရင်တော့ မင်းတို့ အားလုံးသေပြီပဲ” (ဂျပန်လိုပြော)လူကြီးက အော်ဟစ်လာတော့၏။
စုရှောင်လန်က ဒီတစ်ကြိမ်တွင်တော့ မမေးပဲ မနေနိုင်ပါတော့ချေ။
“အတန်းဖော် အန်လင်း၊သူ ခုဏက ဘာပြောလိုက်တာလဲ”
အန်လင်း၏ ရင်ဘတ်များ တင်းကြပ်လာတော့၏။ သူက ဘယ်လိုလုပ်ပြီး သိမှာတဲ့လဲ။
သို့သော် သူက နင်ဂျာဘာပြောနေသလဲဆိုတာကို မသိဘူးဟု ဝန်မခံနိုင်ပေ။ ထိုသူအား စစ်ဆေးမေးမြန်းမယ်ဟု ပြောခဲ့သည်ဖြစ်ရာ ထိုသူပြောသမျှ တစ်လုံးမှ နားမလည်ပါဟု ဝန်ခံရမည်မှာ အလွန်ပင် ရှက်စရာကောင်းလှ၏။
အန်လင်းက နှာခေါင်းကို ကုတ်လိုက်ပြီးနောက် သူ့၏ တစ်စုံတစ်ရာကို ဖျစ်ညစ်စဥ်းစားလိုက်၏။ “သူပြောတာက သူက ငါတို့ကို သူတို့ရဲ့အစီအစဥ်ကို ပြောပြမယ့်အစား အသေခံလိုက်မယ်တဲ့”
“အရူးတွေ ငါ့ကို ချက်ချင်းလွတ်စမ်း” နင်ဂျာက ထပ်မံအော်ဟစ်လာပြန်၏။
ဒီတစ်ကြိမ်တွင်တော့ အန်လင်းက စာကြောင်း၏ ပထမတစ်ဝက်ကို နားလည်လိုက်ပေသည်။
“သူက ငါတို့က ကောင်စုတ်လေးတွေလို့ခေါပြီး သူ့ကိုကြိုက်သလိုလုပ်လို့ရတယ်လို့ပြောတယ်”
စုရှောင်လန်နှင့် စုချန်ရန်က တည်ငြိမ်သော မျက်နှာ အမူအရာနှင့် ခေါင်းညိမ့်နေပေ၏။
အန်လင်းက သူ့လည်ပင်းကို ဓားနှင့်မခုတ်မီ သူ၏ မကောင်းဆိုးဝါး နှိမ်နင်းဓားကို လက်လှမ်းလိုက်သည်ကို မြင်သည်နှင့် နင်ဂျာ၏ မျက်နှာအမူအရာမှာတောင့်တင်းသွားတော့၏။
သွေးများ ပန်းထွက်လာပြီးနောက် သူသည် ဘာဖြစ်သွားသည်ကိုတောင် မသိလိုက်ခင်မှာပင် အသတ်ခံလိုက်ရပေသည်။
နောက်ဆုံးမှာတော့ အန်လင်းက ထိုလူကြီး၏ အလောင်းကို ကောင်းကင်ဘုံရေကန်ထဲသို့ ထပ်မံ ပစ်ချလိုက်၏။
လာရာဆီသို့ ပြန်ရစမြဲဆိုသည့် လှပသော စကားပုံတစ်ခုရှိပေသည်။
***