အခန်း (၂၄၀၅-၂၄၀၆)
Vol. 172 Ch. 2405-2406
အပိုင်း(၂၄၀၅)
"ပထမအချီမှာ ဆေးဖော်စပ်ဖို့ မကြိုးစားခဲ့တဲ့အတွက် မိုးကုပ်စက်ဝိုင်း တွေ နောင်တရနေမယ်လို့ ဆရာ ထင်လား... သူတို့ရဲ့ အလွန်အမင်း ယုံကြည်မှုလွန်ကဲနေတာကပဲ သူတို့ကို ပျက်စီးစေတော့မယ် ထင်တယ်... တော်တော် ရယ်ရတာပဲ..."
လူငယ်တပည့်လေးသည် ဆရာစွန်း ကို ပြောလိုက်သည်။ သူ၏ စကားများကြောင့် ဆရာစွန်း သည် သွေးများ အန်ထွက်လုနီးပါး ဖြစ်သွားခဲ့ရပြီး အကြောက်တရားသည် သူ၏ နှလုံးသားကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ရိုက်ခတ်သွားခဲ့သည်။ သို့သော်လည်း သူ၏ တပည့်လေးမှာ အသား၊ အရိုးနှင့် သွေးများအဖြစ် ပေါက်ကွဲထွက်သွားမည့် ကြောက်မက်ဖွယ်ကောင်းသော ရလဒ်မျိုး ဖြစ်မလာခဲ့ပေ။
သူ အထက်သို့ မော့ကြည့်လိုက်ရာ ဝိညာဉ် ကွန်ရက် မှတစ်ဆင့် ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော အကြည့်တစ်ခုက သူတို့အပေါ် ကျရောက်နေကြောင်း ခံစားလိုက်ရပြီး အေးစက်သွားခဲ့သည်။ သို့သော် နူးညံ့သိမ်မွေ့သော နွေးထွေးမှုတစ်ခုက အတင်းအကျပ် ထိုးဖောက်ဝင်ရောက်လာမည့် မည်သည့် အကြမ်းဖက်စွမ်းအင်ကိုမဆို ချေဖျက်ရန် အသုံးပြုလိုက်သည်။
ဝေ့ဝူယင်သည် စူးခိုင်မင် ၏ တာအို တရားဥပဒေ ထိန်းသိမ်သူ ဖြစ်သော မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင် ထံမှ စူးရဲသော အကြည့်ကို လက်ခံရရှိချိန်တွင် ပွင့်လင်းစွာပင် ရယ်မောလိုက်သည်။
"ဒီကောင်လေးရဲ့ စကားတွေကို အလေးအနက် မထားသင့်ပါဘူး..."
“ဟမ့်...”
မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သို့သော် သူမသည် ထိုလူငယ်တပည့်လေးအား ဆက်လက် ပညာပေးရန် မကြိုးစားခဲ့ချေ။ ထို့အပြင် အခြားသော တာအို တရားဥပဒေ ထိန်းသိမ်သူ များသည်လည်း မိမိတို့ကိုယ်ကို ထိန်းချုပ်ထားခဲ့ကြသည်။
မိုးကုပ်စက်ဝိုင်း တစ်ဦးကို မကောင်းပြောဆိုခြင်းသည် သေဒဏ်ပေးထိုက်သော အပြစ်ဖြစ်သည်။ သတ်မှတ်ထားသော စည်းမျဉ်းများအရ သူတို့သည် ထိုလူငယ်လေး၏ သေးငယ်သော အသက်အတွက် အဖိုးအခ အနည်းငယ်သာ ပေးဆောင်ရမည် ဖြစ်သည်။ သို့သော် ဝေ့ဝူယင် က သူ့ကို ပွင့်ပွင့်လင်းလင်း ကာကွယ်ပေးနေသဖြင့် သူတို့သည် တိတ်ဆိတ်စွာ နေခဲ့ကြသည်။
မည်သို့ပင်ဆိုစေ ဝေ့ဝူယင် သည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးသာမက အထွတ်အထိပ် သူတော်စင် တစ်ပါး၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုပါ ဖျက်ဆီးနိုင်စွမ်း ရှိသည်။ သူကိုယ်တိုင်က အထွတ်အထိပ် သူတော်စင် တစ်ပါး မဟုတ်သော်လည်း အထွတ်အထိပ် တည်ရှိမှု တစ်ခုနှင့် တန်းတူရှိနေသည်မှာ သေချာလှသည်။ ဤအရာက သူ့ကို ထူးခြားသော ချွင်းချက်တစ်ခု ဖြစ်စေခဲ့သည်။ အထူးသဖြင့် သူ ပြသခဲ့သော တိုက်ခိုက်လိုစိတ်များကြောင့်ပင် ဖြစ်သည်။ သူတို့ထဲမှ မည်သူကမျှ သူ၏ ပြင်းထန်သော ဒေါသကို မရင်ဆိုင်လိုကြသဖြင့် သူ အဆက်မပြတ် ထုတ်လွှတ်နေသော ပြဿနာများကို ရှောင်ရှားနေခဲ့ကြသည်။
ဝေ့ဝူယင်သည် ကျေနပ်သွားဟန်ဖြင့် ပို၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သို့သော် သူ၏ စိတ်အတွင်း၌မူ စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။
'ငါ့ရဲ့ အမိန့်တော်ဆေးရည် ရဲ့ ထူးကဲတဲ့ အရည်အသွေးကို သူတို့ မဆုံးဖြတ်နိုင်ကြပေမယ့် ကောင်းကင်ဘုံ၊ ဟင်းလင်းပြင် ဒါမှမဟုတ် လောကကြီးနဲ့ ဆက်သွယ်ပြီး အရိပ်အမြွက်တစ်ခုကို ကောက်ချက်ချနိုင်မယ့် အမြင့်မြတ်ဆုံး အနာဂတ်ဟောပြောသူတွေ၊ အမြင့်မြတ်ဆုံး နတ်ဆရာတွေ၊ ဒါမှမဟုတ် အမြင့်မြတ်ဆုံး ဗေဒင်ဆရာတွေ သေချာပေါက် ရှိနေမှာပဲ...'
သူသည် သူ၏ အပြစ်သား သွေးမျိုးဆက်ကြောင့် တိုက်ရိုက် ဟောကိန်းထုတ်မှုများမှ ကာကွယ်ခံထားရသည်။ သို့သော် သူနှင့် ပတ်သက်ဆက်နွယ်နေသောအရာများမှာမူ လုံးဝအပြည့်အဝ ကင်းလွတ်ခွင့် ရရှိထားခြင်း မဟုတ်ပေ။
ထို့ကြောင့် သူ့ အနေဖြင့် သတိထားရမည် ဖြစ်သည်။ အမိန့်တော်ဆေးရည် သည် ၎င်း၏ တန်ဖိုးထက် ပိုမိုကြီးမားသော ပြဿနာများကို ဆောင်ကြဉ်းလာနိုင်ပေသည်။
သို့သော်လည်း တစ်ဖန် ပြန်တွေးကြည့်လျှင်... ၎င်းသည် သာလွန်ခြင်းအဆင့် အရည်အသွေး ရှိသော လျှို့ဝှက် ကောင်းကင်အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖြစ်ပေသည်။ ဤကိစ္စ ပြီးဆုံးသွားသောအခါ သူသည် ၎င်းကို သောက်သုံးနိုင်ပေလိမ့်မည်။ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ် ကြောင့် လျှို့ဝှက် အာဏာရှင် အဆင့် အတွင်း၌ သူတစ်ဦးတည်းသာလျှင် ထိုသို့ ပြုလုပ်နိုင်စွမ်း ရှိသူ ဖြစ်နိုင်သည်။ ထာဝရ အော်ရာ ရောနှောနေသော စွမ်းအင်များကို သူ ချေဖျက်ပြီး သန့်စင်နိုင်ပေသည်။
မကြာမီမှာပင် ကြေညာသူများနှင့် ပရိသတ်ကြီးသည် ရလဒ်များကို နားလည်သဘောပေါက်ကာ ဆွေးနွေးရန် အချိန်ရသွားကြသည်။ သူတို့သည် သက်ဆိုင်ရာ မိုးကုပ်စက်ဝိုင်း များ အတွက် ဆုတောင်းပေးနေစဉ် ယခင်က မကြုံဖူးသော ဖိအားများကို ခံစားနေကြရသည်။ ဤသူများသည် သူတို့ နတ်ဘုရားများကဲ့သို့ ကိုးကွယ်ယုံကြည်ထားသော အဂ္ဂိရတ်ပညာရှင် များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ နယ်ခြားသား တစ်ဦးကို ရှုံးနိမ့်သွားသည်ကို မြင်တွေ့ရခြင်းမှာ မတွေးဝံ့စရာ ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။ သို့သော် တစ်ချိန်က မတွေးဝံ့စရာ ဖြစ်ခဲ့သောအရာသည် ယခုအခါ သူတို့၏ လက်တွေ့ဘဝတွင် ဖြစ်နိုင်ခြေတစ်ခု အဖြစ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူတို့၏ နှလုံးသားများ၊ စိတ်ဝိညာဉ်များနှင့် အာရုံခံစားမှုများသည် ရှုပ်ထွေးသော ခံစားချက်များကြောင့် ဆိုးရွားစွာ ထိခိုက်နေခဲ့လေတော့သည်။
...
များမကြာခင်မှာပင် အလွန်အမင်း အချိန်အရှိန်မြှင့်တင်ထားသော ဇုံကို မိုင်တစ်ရာကျယ်ဝန်းသည့် သီးခြားနယ်မြေများနှင့်အတူ ပြန်လည်တည်ဆောက်ပြီးခဲ့ပြီ ဖြစ်သည်။
"တတိယအချီ စတင်ပါတော့မယ်... ကောင်းကင်ရှန့်ထို အာရုဏ်ဦး ၊ ကျေးဇူးပြုပြီး သင့်ရဲ့ ဆေးလုံး ဆေးညွှန်းကို ရွေးချယ်ပေးပါ..."
ဆေးလုံးများ...
ဆေးလုံးများမှာ ဂလက်ဆီ အစုအဝေး တစ်ခုလုံးရှိ အဂ္ဂိရတ်ပညာရှင် များ အများဆုံး ဖော်စပ်လေ့ရှိသော ထုတ်ကုန်ဖြစ်သည်။ အခြားထုတ်ကုန်များထက် ဆေးညွှန်းများ ပိုမိုများပြားရုံသာမက ၎င်းတို့၏ အာနိသင်များသည် အချိန်ကာလအားဖြင့် ရှည်လျားမှု၊ တိုတောင်းမှု၊ ချက်ချင်းဖြစ်ပေါ်မှုများမှစ၍ မျိုးရိုးဗီဇဆိုင်ရာ စွမ်းရည်များ ပေးစွမ်းနိုင်သည်အထိ ကွဲပြားခြားနားကြသည်။
ဤသည်မှာ မိုးကုပ်စက်ဝိုင်း များ အနေဖြင့် အမြင့်ဆုံးသော ယုံကြည်မှု ရှိသင့်သည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။ သို့တိုင်အောင် ဝေ့ဝူယင် သည် အံ့ဩစရာကောင်းလှစွာဖြင့် ဆေးတောင့် များအစား ၎င်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ယခု ၂-၀ ဟူသော ရမှတ်နှင့်အတူ ဤဆုံးဖြတ်ချက်သည် မိုးကုပ်စက်ဝိုင်း များ ဘက်မှ ပြန်လည်သုံးသပ်ကြည့်ပါက အလွန်တရာ ကြီးမားသော တွက်ချက်မှုအမှားတစ်ခု ဖြစ်လာခဲ့သည်။ သူတို့သည် ဆေးလုံး များကို အရင် ရွေးချယ်ခဲ့သင့်ပေသည်။
အကယ်၍ ဝေ့ဝူယင်သာ သူ၏ ကိုယ်ပိုင် ထုတ်ကုန်ကို ရွေးချယ်ခဲ့ပါက သူတို့သည် လုံးဝကို... အင်း... ဒုက္ခလှလှ တွေ့ကြတော့မည် ဖြစ်သည်။
လူတိုင်းသည် ထိုအရာကို အဝေးကပင် မြင်တွေ့နိုင်ကြသည်။ စူးခိုင်မင် ပင်လျှင် ဤအခြေအနေကို မည်သို့ ကျော်လွှားရမည်ကို သိရှိရန် ဦးနှောက်စားနေခဲ့ရသည်။ သူမ တစ်ယောက်တည်းတော့ မဟုတ်ပေ။ အခြားသော မိုးကုပ်စက်ဝိုင်း များ သည်လည်း ပြင်းထန်စွာ တင်းမာနေကြပြီး သူတို့၏ ဝိညာဉ်များနောက်ကျောတွင် ချွေးပြန်နေခဲ့ကြသည်။
“ဟား... ဟား... ဟား... ကောင်းပြီလေ...ဂ
အလွန်အမင်း ပေါ့ပါးလွတ်လပ်နေသော ဝေ့ဝူယင် ၏ ရယ်မောသံသည် ရက်စက်ကြမ်းကြုတ်သော ရလဒ်တစ်ခု၏ လက္ခဏာတစ်ခုပင် ဖြစ်သည်။ သူတို့ ရှုံးနိမ့်သွားကြတော့မည်လော။
ပထမအချီက အရူးလုပ်ရပ်တစ်ခုသည ဖြစ်သည်။ ဒုတိယအချီမှာလည်း... ဝေ့ဝူယင် ကို ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး ဖြစ်လာစေရန်နှင့် သူတို့နှင့် တန်းတူ အဆင့်အတန်း တစ်ခုထဲသို့ ဝင်ရောက်လာစေရန် တွန်းအားတစ်ခု ဖြစ်လာလိမ့်မည်ဟု သူတို့ မည်သို့များ မျှော်လင့်ထားခဲ့ပါသနည်း။
စူးဟောင်ရန် သည် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
"တကယ့်ကို အံ့ဩစရာပဲ... ကောင်းကင်ရှန့်ထို အာရုဏ်ဦး က ဒါကို ပြီးပြည့်စုံအောင် ကစားသွားတယ်လို့တောင် ငါ မပြောနိုင်ဘူး... တစ်နည်းအားဖြင့် သူ ကံကောင်းသွားတာပဲ၊ အဲဒါလည်း နှစ်ကြိမ်တိတိပဲ... မိုးကုပ်စက်ဝိုင်း တွေက အနိုင်ရဖို့အတွက် သူတို့ရဲ့ သက်တမ်းကို စတေးဖို့ ငြင်းဆန်ခဲ့ကြတယ်... အဲဒီတော့ သူတို့ရဲ့ ယုံကြည်မှုလွန်ကဲနေတာကပဲ ရှုံးနိမ့်မှုကို လက်ခံလိုက်ရတဲ့ အခြေအနေကို ရောက်သွားစေခဲ့တာပဲ... အဲဒီနောက်မှာ ဖိအားတွေက သူ့ကို ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်လာစေဖို့ တွန်းပို့ပေးလိုက်သလို ဖြစ်သွားပြီး၊ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ရဲ့ အဂ္ဂိရတ် တာအို အဓိက ထုတ်ကုန်တစ်ခုနဲ့ သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ကဏ္ဍမှာ နယ်ခြားသား တစ်ယောက်ကို ရှုံးနိမ့်သွားခဲ့တယ်ပေါ့... တကယ့်ကို ကြောက်စရာကောင်းတဲ့ ရွေးချယ်မှု အမှားတွေ ဆက်တိုက်ပဲ..."
အကယ်၍ မိုးကုပ်စက်ဝိုင်းများ အနေဖြင့ပ် လျှို့ဝှက် ကောင်းကင်အဆင့် ထုတ်ကုန်ကို မရွေးချယ်ဘဲ သတိကြီးစွာဖြင့် လျှို့ဝှက် လောကအဆင့် ရှိ အဂ္ဂိရတ် တာအို ၏ အဓိက ထုတ်ကုန်တစ်ခုကိုသာ ရွေးချယ်ခဲ့ပါက ကျိန်းသေ အနိုင်ရရှိလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင် ကို အပြတ်အသတ် အနိုင်ယူလိုပြီး သူ၏ အားနည်းချက်ကို လူသိရှင်ကြား ဖော်ထုတ်လိုသော မောက်မာမှုကပင် ထိုနယ်ခြားသားအား ထိုကန့်သတ်ချက်များထက် များစွာ ကျော်လွန်၍ တက်လှမ်းသွားနိုင်ရန် အခွင့်အရေး ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
"အင်ပါယာ တာအို ကျင့်ကြံသူ တွေကို ငါ မုန်းတယ်..."
စူးဟောင်ရန်သည် ရူးကြောင်ကြောင် နိုင်သော အရိပ်အယောင်တစ်ခုဖြင့် ရယ်မောလိုက်သည်။ အင်ပါယာ တာအို နှင့် စစ်တာအို ကျင့်ကြံသူ များသည် အလွန်သေးငယ်သော အခွင့်အရေးလေးတစ်ခုကို ရှာဖွေတွေ့ရှိပြီး မိမိတို့အတွက် ဆုပ်ကိုင်ကာ မဖြစ်နိုင်သလောက် ရှိသော အခက်အခဲများကို အမြဲတမ်း ကျော်လွှားနိုင်ခဲ့ကြသည်။ ဤနေရာတွင်၊ ၎င်းသည်လည်း အဂ္ဂိရတ် တာအို နှင့်အတူ ဖြစ်ပေါ်လာလိမ့်မည်ဟု တွေးကြည့်ရန်ပင် ခက်ခဲလှသည်။
သူသည် မိုးကုပ်စက်ဝိုင်းများကို လူမိုက်များအဖြစ် တိုက်ရိုက် စော်ကားချင်ခဲ့သော်လည်း ထိုသို့ ပြုလုပ်ခြင်းမှ မိမိကိုယ်ကိုယ် ထိန်းချုပ်ထားခဲ့သည်။ ၎င်းသည် သူတို့၏ အမှားဖြစ်သော်လည်း သူတို့ မည်သို့များ ထိုသို့ လုပ်ဆောင်နိုင်ခဲ့သနည်း။
ရုတ်တရက် ဝေ့ဝူယင် စကားပြောရန် ပြင်လိုက်ချိန်တွင် ဂိုလိုင်ယက်ငှက် အရှင်သခင် ၏ အသံသည် ပိုးသားကဲ့သို့ ချောမွေ့စွာ စီးဆင်းလာခဲ့သည်။
"ဒီ ဥဿုံ အဂ္ဂိရတ် ပြိုင်ပွဲ က ကောင်းကင်ရှန့်ထို တွေ... ကျွန်မ ပြောစရာ စကားအချို့ ရှိပါတယ်... ရှင်တို့တွေ ကျွန်မ စကားကို နားထောင်ပေးဖို့ ဆန္ဒရှိမလားလို့ သိချင်ပါတယ်..."
ဝေ့ဝူယင်သည် ဤအထွတ်အထိပ် တည်ရှိမှု ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ အပြစ်ကင်းစင်စွာ မျက်တောင်ခတ်လိုက်သည်။ သူ လုပ်ရမည့်အရာမှာ အာရုဏ်ဦး မျိုးဆက် ထုတ်ကုန်တစ်ခုကို ရွေးချယ်လိုက်ရုံသာ ဖြစ်ပြီး အရာအားလုံး ပြီးဆုံးသွားမည် ဖြစ်သည်။ ၎င်း၏ ဆေးညွှန်းကို သူတို့ သိသွားလျှင်တောင်မှ သူ ဂရုမစိုက်ပေ။ ဤပြိုင်ပွဲကို အနိုင်ရရှိခြင်းမှ ရရှိလာမည့် အကျိုးအမြတ်များသည် သူ၏ မျိုးဆက်မှ လျှို့ဝှက် လောကအဆင့် ဆေးညွှန်းတစ်ခုတည်းထက် များစွာ သာလွန်နေမည် ဖြစ်သည်။
"ငါ နားထောင်ဖို့ ဆန္ဒရှိပါတယ်..."
ကောင်းကင်ရှန့်ထို ဝိညာဉ်ပေါင်းစပ်ခြင်း က စကားပြောလာခဲ့ပြီး သူ၏ နယ်မြေပတ်လည်ရှိ အသံကာကွယ်သော အစီအရင် ကို ပိတ်လိုက်သည်။ သူသည် ဤအရာကို မျှော်လင့်ထားကြောင်း သိသာထင်ရှားနေသည်။
အခြားသူများသည်လည်း သူတို့၏ အသံကာကွယ်သော အစီအရင်များကို ပိတ်လိုက်ကြသဖြင့် ဝေ့ဝူယင် ကိုလည်း ထိုသို့ပြုလုပ်ရန် ဖိအားပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
အရှင်မ ဂိုလိုင်ယက်ငှက် ပြောမယ့်စကားကို ငါ နားထောင်ဖို့ ဆန္ဒရှိပါတယ်..."
ကောင်းကင်ရှန့်ထို နတ်ဘုရား ထုတ်ယူခြင်း က ထပ်မံ၍ ပြောလိုက်သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် အခြားသူများသည်လည်း သူတို့၏ သဘောတူလက်ခံမှုများကို ထုတ်ဖော်ပြောဆိုလာကြတော့သည်။
***
အပိုင်း(၂၄၀၆)
ဂိုလိုင်ယက်ငှက် အရှင်သခင် သည် ဝိညာဉ် ကွန်ရက် မှတစ်ဆင့် သူမ၏ ပုံရိပ်ကို ထုတ်လွှင့်ပြသကာ အပြုံးတစ်ခုကို ဖော်ထုတ်လိုက်သည်။ သူမသည် ပရိသတ်ကြီးကို အတိုချုပ် မိတ်ဆက်ပြီးနောက် ဤပွဲအတွက် ရွေးချယ်ထားသော ဘက်မလိုက်သည့် ကြီးကြပ်သူ သုံးဦးထဲမှ တစ်ဦးဖြစ်ကြောင်း သတိပေးပြောဆိုကာ စတင်လိုက်သည်။
"ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းက အဂ္ဂိရတ်ပညာရှင် တွေကြားက ကျွမ်းကျင်မှုနဲ့ စွမ်းရည်စစ်စစ်တွေရဲ့ ယှဉ်ပြိုင်မှုကို လိုလားနေကြမယ်ဆိုတာ ကျွန်မ သေချာပါတယ်... ဒါပေမယ့် ပထမအချီက အရမ်းရုတ်တရက်ဆန်လွန်းလို့ အများကြီး လိုအပ်ချက်တွေ ရှိနေခဲ့တယ်... ဒုတိယအချီမှာတော့ အလွန်အမင်း ကြီးကျယ်ခမ်းနားခဲ့ပြီး၊ ကောင်းကင်ရှန့်ထို အာရုဏ်ဦး ရဲ့ တက်လှမ်းမှုကို မျက်မြင်တွေ့ရှိရတာ အံ့ဩစရာကောင်းလှပေမယ့်၊ ဒီပွဲကို အနည်းငယ် မတရားသလို ဖြစ်သွားစေခဲ့တယ်..."
"တစ်ယောက်ယောက်ရဲ့ အဂ္ဂိရတ် တက်လှမ်းခြင်း အချိန်အတွင်း ဖော်စပ်လိုက်တဲ့ ထုတ်ကုန်ဟာ အဲဒီသူရဲ့ အစစ်အမှန် ကျွမ်းကျင်မှုတွေက သက်သေပြနိုင်တာထက် အများကြီး ပိုမြင့်မားတဲ့ စံနှုန်းတစ်ခုမှာ ရှိနေလေ့ရှိတယ်ဆိုတာ လူတိုင်း သိကြပါတယ်... မမျှော်လင့်ဘဲ ရုတ်တရက် ဉာဏ်အလင်းရသွားမှုက အဲဒီရလဒ်အတွက် အဓိက အကြောင်းရင်း ဖြစ်လေ့ရှိတယ်လေ..."
မည်သူကမျှ ထိုအချက်ကို သဘောမတူဘဲ မနေခဲ့ကြချေ။ အများစုက ခေါင်းညိတ်ပြခဲ့ကြရာ ၎င်းသည် သူမ၏ စကားများရှိ အမှန်တရားကို သက်သေပြနေခြင်းပင် ဖြစ်သည်။ သူမသည် သူမ၏ မျက်လုံးများဖြင့် ဝေ့ဝူယင် ကို တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။
"ဒါကြောင့် ကျွန်မမှာ အကြံပြုချက် တစ်ခု ရှိပါတယ်... ကောင်းကင်ရှန့်ထိုတွေ အနေနဲ့ နောက်တစ်ချီမှာ အားလုံးရဲ့ အစစ်အမှန် ကျွမ်းကျင်မှုတွေကို ပြသသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်..."
"ဘယ်လိုမျိုးလဲ..."
တောက်ပသောကြယ် နန်းတော်သခင် က အလိုက်တသိ မေးလိုက်သော်လည်း တကယ်တမ်းတွင် သူသည် စိတ်ရှုပ်ထွေးနေခဲ့သည်။
အစောပိုင်းက မိုးကုပ်စက်ဝိုင်း များ ခုနစ်ဦးထဲမှ ငါးဦးက ဝေ့ဝူယင် နှင့် သူ၏ 'ပတ်သက်မှု' ကြောင့် ဘက်မလိုက်ဘဲ နေရန် သူ့အား တီးတိုး သတိပေးခဲ့ကြသည်။ သူတို့သည် ဝေ့ဝူယင် အား အားနည်းချက် ဖြစ်စေမည့် တိကျသော လုပ်ရပ်တစ်ခုဆီသို့ အတင်းအကျပ် တွန်းပို့ရန် ကြိုးစားနေကြကြောင်း သိသာထင်ရှားလှသည်။
"မေးတဲ့အတွက် ဝမ်းသာပါတယ်၊ ကြီးကြပ်သူ တောက်ပသောကြယ်... လုံးဝ အသစ်စက်စက် ဆေးညွှန်း တစ်ခုကို သုံးရင်ကော ဘယ်လိုလဲ... ပါဝင်ယှဉ်ပြိုင်သူ ရှစ်ဦးလုံး မရင်းနှီးတဲ့ ဆေးညွှန်းတစ်ခုပေါ့... အဲဒီလို လုပ်ခြင်းအားဖြင့် အနိုင်ရတဲ့သူပဲဖြစ်ဖြစ်၊ ရှုံးနိမ့်တဲ့သူပဲဖြစ်ဖြစ် သူတို့ရဲ့ နေရာနဲ့ ထိုက်တန်တယ်ဆိုတဲ့အပေါ်မှာ မေးခွန်းထုတ်စရာ ရှိလာမှာ မဟုတ်တော့ဘူး..."
တောက်ပသောကြယ် နန်းတော်သခင် သည် လှောင်ပြောင်ရယ်မောချင်စိတ် ပေါက်သွားခဲ့သည်။ ထိုအရာက မည်မျှ ရယ်စရာ ကောင်းလိုက်သနည်း။ မိုးကုပ်စက်ဝိုင်းများက လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးကို ယှဉ်ပြိုင်ရာမှာ လျှို့ဝှက် ကောင်းကင်အဆင့် ထုတ်ကုန်တစ်ခုကို ရွေးချယ်ခဲ့တာ မဟုတ်ဘူးလော။ သူတို့ အားလုံး ဖော်စပ်ဖူးသည့် သူတို့၏ အဂ္ဂိရတ် တာအို အဓိက ထုတ်ကုန် လေးခုထဲက တစ်ခုကို ရွေးချယ်ပြီး မတရားသည့် အားသာချက်ကို ရယူခဲ့ကြခြင်း မဟုတ်သည်လော။ ၎င်းက အဘယ်မျှ အဓိပ္ပာယ် မရှိသည့် စကားနည်း။
ဝေ့ဝူယင်က သူတို့၏ ကိုယ်ပိုင်ကစားပွဲမှာတင် သူတို့ကို အနိုင်ယူခဲ့ပြီးပြီ ဖြစ်သည်။ အခု သူ သေချာပေါက် အနိုင်ရနေသည့်အချိန်ကျမှ သူမက ဘက်မလိုက်သည့် ကျွမ်းကျင်မှု ကစားပွဲတစ်ခုကို အကြံပြုချင်နေသည်လော။
သို့သော် သူမ၏ စကားများသည် ဝေ့ဝူယင်၏ ရင်ထဲမှ သီးခြား ကြိုးတစ်ချောင်းကို ဆွဲကိုင်လှုပ်ခါလိုက်သကဲ့သို့ ရှိသည်။
ဂုဏ်သတင်း...
သူသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ တွင် မိမိကိုယ်ကို အခိုင်အမာ နေရာချထားရန် ရည်ရွယ်ထားသည်။ သူတို့နှင့် တန်းတူအဖြစ် သူ့ကို မြန်မြန်ဆန်ဆန် လက်ခံလာလေ၊ အတိုတောင်းဆုံး အချိန်အတွင်း ပေါင်းစပ်ဝင်ရောက်ရန် ပို၍ လွယ်ကူလေ ဖြစ်မည်။ အထူးသဖြင့် လူအများ၏ နှလုံးသားထဲတွင်.... ဂလက်ဆီ များစွာတစ်လျှောက် ယှဉ်ပြိုင်မှု ပြင်းထန်လှသော ဈေးကွက်အတွင်း၌ သူ၏ ကိုယ်ပိုင်နေရာတစ်ခုကို ဖန်တီးနိုင်ရန် သူ ကြိုးစားရမည် ဖြစ်သည်။
အကယ်၍ သူ ဤနည်းလမ်းဖြင့် အနိုင်ရသွားပါက အမည်းစက်ငယ်လေးတစ်ခု ကျန်ရစ်သွားနိုင်ပေသည်။
သို့သော်လည်း...
‘နေပါစေလေ... ဒီပွဲကို အလွယ်တကူ အနိုင်ယူပြီး အဆုံးသတ်လိုက်တာပဲ ကောင်းပါတယ်...’
သူ ငြင်းဆန်ပြီး သူ၏ ထုတ်ကုန်ကို ဖော်ပြကာ တိုက်ရိုက် ချေပရန် ပြင်လိုက်ချိန်တွင် နောက်ဆုတ်မည် မဟုတ်သော ဆန္ဒများ ရောယှက်နေသည့် အားကောင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အသံတစ်သံသည် ဗလာနယ်မြေ တစ်ခုလုံးတွင် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။
"ဟင်..."
ဟောင်ချန်းရွှယ် သည် သူ၏ မှတ်ချက်ပြုပြောဆိုမှုကို ရပ်တန့်လိုက်ရသည်။ သူသည် ဝေ့ဝူယင်၏ အနိုင်ရရှိနိုင်ခြေကို အမည်မဲ့ ဂလက်ဆီ၏ အဂ္ဂိရတ် တာအို ဟူသော အမည်နာမည် အပေါ် ဘက်လိုက်မှုများဖြင့် တတ်နိုင်သမျှ ဖုံးကွယ်ထားကာ အလွန်တရာ စိတ်အားထက်သန်စွာ ခြုံငုံသုံးသပ်ချက်များဖြင့် ရှင်းပြနေစဉ် ရပ်တန့်သွားရခြင်း ဖြစ်သည်။
နယ်ခြားသား တစ်ဦးက မိုးကုပ်စက်ဝိုင်း များကို အနိုင်ယူသွားမည့် အနာဂတ်အတွက် မရေမတွက်နိုင်သော လူများက ရုန်းကန်နေရချိန်တွင် ဂိုလိုင်ယက်ငှက် အရှင်သခင် ၏ အကြံပြုချက်သည် သူတို့၏ ဒဏ်ရာရနေသော မာနများအတွက် ကောင်းကင်ဘုံမှ တေးဂီတတစ်ခုကဲ့သို့ ဖြစ်ပြီး၊ ခန်းခြောက်နေသော သူတို့၏ မျှော်လင့်ချက်များအတွက် မီးပွားလေးတစ်ခုကဲ့သို့ ဖြစ်သွားခဲ့သည်။
အားလုံးထိုကဲ့သို့ စိတ်လှုပ်ရှားနေကြချိန်မှာပင် အသံသည် ဝိညာဉ် ကွန်ရက် နှင့် ဗလာနယ်မြေ တစ်လျှောက် ပေါက်ကွဲထွက်ပေါ်လာလေရာ ဒေသခံ ပရိသတ်ကြီး၏ မျက်လုံးများနှင့် နှလုံးသားများသည် စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်သွားခဲ့ကြသည်။ သူတို့မှာ အခွင့်အရေး ရှိလာလေပြီ။
အဘယ်ကြောင့်နည်း။
စကားပြောဆိုလာသူမှာ အလွန်အမင်း မြင့်မားသော အဆင့်အတန်းရှိသူ ဖြစ်သောကြောင့်ပင်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ နှင့် ဂလက်ဆီ အစုအဝေး တစ်ခုလုံးရှိ ဂလက်ဆီ တိုင်းမှ လူတိုင်းက ရိုသေလေးစားရသော ကြီးမြတ်လှသည့် ပုဂ္ဂိုလ်ကြီး ဖြစ်သောကြောင့်ပင်။ အဂ္ဂိရတ် တာအို ၏ အထွတ်အထိပ် တည်ရှိမှုကြီး ဖြစ်သောကြောင့်ပင်။
ထျန်းရှီယာ တစ်ယောက် မယုံကြည်နိုင်မှုကြောင့် အသက်ရှူမှားသွားခဲ့သည်။
"သူ(မ)ပဲ..."
မေ့ရှောင်ယန် ၏ နှလုံးသားသည် အလွန်အမင်း ကျယ်လောင်စွာ ခုန်ပေါက်နေသဖြင့် အပြင်ဘက်မှပင် ကြားနိုင်ပြီး သူမ၏ ရင်ဘတ်ထဲတွင် လှိုင်းများ ရိုက်ခတ်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
လော့နင် ၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။ အရောင်ခုနစ်မျိုးရှိသော အရည်လှိုင်းလုံးကြီးတစ်ခုသည် ဗလာနယ်မြေ ၏ ဖန်တီးထားသော ဝင်ပေါက်တံခါး အစွန်းတွင် လှည့်ပတ်စီးဆင်းနေခဲ့သည်။ ၎င်းသည် အစွမ်းကုန် သန့်စင်မှုရှိသော ပြိုင်ဘက်ကင်း အော်ရာ တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ အဂ္ဂိရတ် ချီ ၏ အတက်အကျများသည် ၎င်းအတွင်း၌ ပျံ့နှံ့နေပြီး အဂ္ဂိရတ် ဝိညာဉ် ပိုင်ဆိုင်ထားသော တည်ရှိမှုတိုင်းကို သူတို့၏ အတွင်းစိတ်၌ လှုပ်ရှားနိုးကြွလာစေသော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။
သူမ၏ အစောပိုင်း စကားများသည် နတ်ဘုရားဧကရာဇ် တစ်ပါးက ထုတ်ပြန်လိုက်သော အင်ပါယာ အမိန့်တော်တစ်ခုကဲ့သို့ သူတို့၏ နှလုံးသားများထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ငါ သဘောတူတယ်..."
ဗလာနယ်မြေ၏ အာကာသ နယ်မြေ အပြင်ဘက်ရှိ အရောင်ခုနစ်မျိုးရှိသော အရည်သည် တုန်ခါသွားပြီးနောက် အမျိုးသမီးတစ်ဦး၏ မှုန်ဝါးဝါး ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
သူမသည် မျက်နှာသွင်ပြင်ကို ဖုံးကွယ်ထားသော်လည်း သူမ၏ လက်မောင်းများနှင့် ခြေထောက်များအထိ ရှည်လျားသော ဝတ်ရုံများသည် နေရာတိုင်းမှ လေတိုက်ခတ်နေသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များဖြင့် မှော်ဆန်စွာ လွင့်ဝဲနေခဲ့သည်။ ၎င်းက အမှားအယွင်းမရှိနိုင်သော သာလွန်သည့် တည်ရှိမှုတစ်ခုကို ထုတ်ဖော်နေခဲ့သည်။
"အဲဒါ ဘယ်သူလဲ..."
လော့နင် က အံ့ဩတုန်လှုပ်စွာ မေးလိုက်သည်။
"ခင်... ခင်ဗျား မသိဘူးလား..."
ဟောင်ချန်းရွှယ် သည် ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီး ပေါ်လာခြင်းထက် လော့နင် ၏ မသိနားမလည်မှုအပေါ် ပို၍ အံ့ဩသွားခဲ့သည်။
ထျန်းရှီယာ ပင်လျှင် လော့နင် ၏ မသိနားမလည်မှုကြောင့် သူမအား အထင်အမြင်သေးသော အကြည့်ဖြင့် တစ်ချက်စောင်းကြည့်လိုက်ပြီး ထိုမိန်းကလေးနှင့် ပတ်သက်နေရခြင်းအပေါ် စိတ်ပျက်နေသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
မည်သို့ပင်ဆိုစေ... နယ်ခြားသား ဝေ့ဝူယင်သည် ပြိုင်ပွဲအား အနိုင်ယူရန် အတွက် သက်တမ်းကို စတေးရန် ပြိုင်ဘက်များ၏ ဆန္ဒမရှိခြင်းကို အသုံးချခဲ့သည်။ ထို့နောက် ဒုတိယအချီတွင် သူ၏ အမှန်တကယ် စွမ်းရည်ထက် များစွာ သာလွန်သော ထုတ်ကုန်တစ်ခုကို ဖန်တီးရန် မမျှော်လင့်ဘဲ ရုတ်တရက် ဉာဏ်အလင်းရသွားမှုကို အားကိုးခဲ့သည်။ မည်သည့် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အသစ်ကများ အထွတ်အထိပ် အဆင့် လျှို့ဝှက် ကောင်းကင်အဆင့် ထုတ်ကုန်ကို ယုံကြည်စိတ်ချစွာဖြင့် ဖော်စပ်နိုင်မည်နည်း။ ဒုတိယအစုံနှင့် တတိယအစုံကို သူ စွန့်လွှတ်လိုက်ခြင်းက သူမ၏ ယုံကြည်ချက်ကို ပိုမို ခိုင်မာသွားစေခဲ့သည်။
"ကျွန်မ မသိဘူး..."
လော့နင် က ရိုးသားစွာ ဖြေလိုက်သည်။
"အဲဒါ အစွမ်းကုန် သန့်စင်ခြင်း ရှေးဟောင်း မိုးကုပ်စက်ဝိုင်း ပဲ..."
ဟောင်ချန်းရွှယ်က ကြေညာလိုက်လေတော့၏။
***