ထိပ်တန်းများ၏ တိုက်ပွဲ
Vol. 19 Ch. 262
အခန်း (၂၆၂) : ထိပ်တန်းများ၏ တိုက်ပွဲ
စုယာက အဝါရောင်မြားကို ပစ်လွှတ်လိုက်ပြီးနောက် ထိုအရာက ပစ်မှတ်ကို မရောက်ခင် မြားများစွာအဖြစ် ပြောင်းလဲသွားသည်။ လေးသမားများစွာက တစ်ပြိုင်တည်း ပစ်လွှတ်လိုက်သလိုမျိုး ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ လင်းဖန်က ထိုတိုက်ကွက်ကို မြင်ပြီး နှာခေါင်းရှုံ့လိုက်သည်။ ထိုမြားများ ကျရောက်လာသည့်အခါ သူ့အရေပြားမှ ကန်ထွက်သွားပြီး သတ္တုနှစ်ခု ထိတိုက်သံသာ ထွက်ပေါ်လာသည်။ ဟွင်သွမ်းရုပ်ခန္ဓာက အလွန်အားကောင်းသော ခန္ဓာကိုယ်ကို ချီးမြှင့်ပေးထား၏။
ထိုစဉ် သူက တစ်ဖက်လူဆီ အပြေးသွားလိုက်သည်။
သူ့အတွက် ကံဆိုးသည်က လမ်းတစ်ဝက်တွင် ရုတ်ချည်း သွေးအန်လိုက်ရသည်။ သူက ဒဏ်ရာ ရသွားလေ၏။ သူက စိတ်ရှုပ်ထွေးသွားပြီး ဒဏ်ရာက မည်သည့်နေရာမှ ဖြစ်ပေါ်လာကြောင်း မသိလိုက်ပေ။
စုယာက သူ့အား တွေးနေဖို့ အချိန်မပေးဘဲ နောက်ထပ်မြားများ ထပ်လွှတ်လိုက်ပြီး လင်းဖန်အား ဖြူးကောင်အဖြစ် ပြောင်းလဲပစ်ချင်နေဟန်ပေါ်သည်။
သူက ဤတစ်ကြိမ် သတိလက်လွတ်မနေတော့ဘဲ မူလအဆီအနှစ်များဖြင့် သူ့ဘေးပတ်လည်တွင် အကာအရံတစ်ခု ဖန်တီးထားလိုက်သည်။ ထို့ကြောင့် မြားများက သူ့အကာအရံမှ ပြန်ကန်ထွက်သွားသည်။ သို့သော် သူက နောက်ထပ်သွေးတစ်ပွက် အန်လိုက်ရသေးသည်။ ဤတစ်ကြိမ်လင်းဖန်က သူ့ဒဏ်ရာများ၏ ဇစ်မြစ်သည် အသည်းမှ ဖြစ်ကြောင်း သိရှိသွားသည်။
ကြည့်ရသည်မှာ စုယာ၏ တိုက်ကွက်က သူ၏အပြင်ဘက်ပိုင်း အကာအကွယ်ကို ထိုးဖောက်ကာ သူ့အတွင်းအင်္ဂါသို့ တိုက်ရိုက် တိုက်ခိုက်လိုက်ဟန်ပေါ်သည်။
ထိုအရာကို သိထားသော်လည်း နောက်ထပ် ပြဿနာတစ်ခု ထွက်ပေါ်လာသည်။
သူမက ဘယ်လိုလုပ်လိုက်တာလဲ…
လင်းဖန်၏ စိတ်ထဲ ထိုအတွေးများ ဖြတ်ပြေးသွားစဉ် နောက်ထပ်မြားများက သူ့ဆီ ထပ်မံပြေးဝင်လာသည်။ ဤတစ်ကြိမ် သူက အရှိန်ဖြင့် ရှောင်ရှားလိုက်၏။ တိုက်ပွဲစင်မြင့်ထက်တွင် နေရာကျဉ်းသော်လည်း သူက ထိုမြားများကို အလျင်အမြန် ရှောင်ရှားနိုင်လေသည်။
ကံဆိုးစွာဖြင့် လင်းဖန်က တစ်ဖက်လူနှင့် တိုက်ရိုက်မထိတွေ့ဘဲ ဒဏ်ရာရနေသည်။
“ အိုး…နံပါတ်တစ် ရုပ်ခန္ဓာပိုင်ရှင်ကိုလည်း ကြည့်ကြပါဦး။ တိုက်ပွဲမှာ ထွက်ပြေးနေတယ်တဲ့။ ဘယ်လိုများဖြစ်ပါလိမ့်” စုယာက လှောင်ပြောင်သည့်အသံဖြင့် ပြောလိုက်သည်။
ထိုစဉ် ထိုအရာကိုကြားပြီး လင်းဖန်၏ စိတ်ထဲတွင် အကြောက်တရားတစ်ခု ထပ်မံထွက်ပေါ်လာသည်။
လူမသိခြင်း၏ အကြောက်တရား၊ ရှုံးနိမ့်ခြင်း၏ အကြောက်တရား…
ထိုစိတ်ခံစားချက်များ သူ့စိတ်ထဲ ဖြစ်ပေါ်လာသည်နှင့် နောက်ထပ်သွေးတစ်ပွက် အန်လိုက်ရသည်။ သို့သော် ဤတစ်ကြိမ် အလျင်အမြန် ရှာဖွေတွေ့ရှိသွားသည်။ သူ့ ကျောက်ကပ်က ဒဏ်ရာ ရသွားလေပြီ။
သူ့စိတ်ထဲ ဆိုရိုးတစ်ခု ပြေးဝင်လာသည်။ ဒေါသက အသည်းကို ထိခိုက်စေပြီး အကြောက်တရားက ကျောက်ကပ်ကို ထိခိုက်စေသည်။ ထို့အပြင် စုယာ၏ ရုပ်ခန္ဓာက စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒများကို ထိန်းချုပ်နိုင်သည်ဖြစ်ရာ သူမသည် သူ့ကို တိုက်ပွဲအစကတည်းက ဒေါသထွက်အောင် လုပ်ခဲ့သည်။ လင်းဖန်သည် သူမ၏ တိုက်ကွက်များ မည်သို့ အလုပ်လုပ်ကြောင်း ရှာဖွေတွေ့ရှိသွားသည်။
ထို့ကြောင့် လင်းဖန်က သူ့အသိစိတ်ပင်လယ်အတွင်းရှိ စိတ်ဝိညာဉ်ကို ငြိမ်းချမ်းသည့် အခြေအနေသို့ ဝင်ရောက်စေလိုက်သည်။ ထိုအရာက လောကီကိစ္စများနှင့် စိတ်လိုအင်ဆန္ဒများမှ ကွဲထွက်နေသည့် စိတ်အခြေအနေမျိုးဖြစ်ပြီး တာအိုဂိုဏ်းများ၏ မလှုပ်မယှက် ပြိုင်ဘက်ကင်း ကျင့်ကြံသည့် အခြေအနေနှင့် တူညီလေသည်။
လင်းဖန်၏ လက်ရှိအခြေအနေကို မြင်ပြီး စုယာက နှာခေါင်းရှုံ့ကာ သူမဘာသာ တွေးလိုက်သည်။
ဒီလောက်မြန်မြန်သိသွားတာလား။ ရှင့်အတွက် ကံဆိုးတာက ရှင့်စိတ်အခြေအနေက အဲဒီတာအိုဆရာတွေနဲ့ ဘာမှနှိုင်းယှဉ်လို့မရဘူး။
ထိုစိတ်အခြေအနေအတွင်း ဝင်ရောက်ပြီးနောက် စုယာ၏ တိုက်ကွက်များက သိပ်ပြီး သက်ရောက်မှု မရှိတော့ပေ။ မြားများက လင်းဖန်အား တိုက်ရိုက်ထိမှန်လျှင်ပင် သူတို့က သူ့ကာကွယ်မှုကို မချိုးဖောက်နိုင်တော့ပေ။
လင်းဖန်က ယုံကြည်မှုအသစ်ဖြင့် ထပ်မံတိုက်ခိုက်လိုက်သည်။ ထို့နောက် သူက ဓားတစ်လက်ကို ထုတ်ယူလိုက်၏။ ဟွင်သွမ်းရုပ်ခန္ဓာပိုင်ရှင်အနေနှင့် လင်းဖန်က အရာအားလုံးကို ကောင်းချီးပေးခံထားရသည်။ သူ ဘာကိုသင်ယူချင်ချင် တတ်နိုင်လေသည်။ သူ၏ ရုပ်ခန္ဓာဖြင့် သူ့အတွက် ဘာမဆို လွယ်ကူလာသည်။
ဟွင်သွမ်းက အရာအားလုံး၏ ပြယုဒ်တစ်ခုဖြစ်ပြီး တာအို၏ မူလအရင်းအမြစ်လည်း ဖြစ်ပေသည်။ ထို့ကြောင့် အရာအားလုံးဖြစ်နိုင်သလို ဗလာနတ္ထိလည်း ဖြစ်နိုင်သည်။
ထို့ကြောင့် လင်းဖန်အနေနှင့် ဓားသမားစစ်စစ် မဟုတ်လျှင်ပင် ဓားရေးကို သင်ယူဖို့ အလွန်လွယ်ကူလှသည်။
သူ့ ဓားတစ်ချက်အဝှေ့တွင် အားကောင်းသော ခရမ်းရောင်မိုးကြိုးတစ်ခုက စုယာဆီ ပြေးဝင်သွားသည်။ ပို၍ ထူးခြားသည်က ထိုမိုးကြိုးကို မီးတောက်ဖြင့် ရစ်ပတ်ထားလေ၏။
စုယာက တုံ့ဆိုင်းခြင်း မရှိဘဲ ထိုတိုက်ကွက်ကို ရှောင်ရှားလိုက်သည်။ သူမက ထိုသို့အားပြင်းသော တိုက်ကွက်မျိုးဖြင့် ထိပ်တိုက် မရင်ဆိုင်လိုပေ။ သူမ၏ အလိုလိုသိစိတ်ကလည်း မှန်ကန်နေခဲ့၏။
ဝုန်း
မိုးကြိုးမီးတောက် တိုက်ခိုက်ခံရသည့်နေရာတွင် ပေါက်ကွဲမှုအကြီးကြီး ဖြစ်ပွားသွားပြီး နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။ တိုက်ပွဲစင်မြင့် ဘေးပတ်လည်တွင် အစီအရင်များ အသက်ဝင်လာသောကြောင့် သင်္ကေတ မြောက်များစွာ ထွက်ပေါ်လာသည်။ ထိုအရာက တိုက်ကွက်အား ပွဲကြည့်ပရိသတ်ဆီ မရောက်စေရန် တားဆီးပေးထားပြီး တိုက်ပွဲစင်မြင့်အား ထို အားကြီးတိုက်ကွက်များကြောင့် မပျက်ဆီးအောင် ခုခံပေးထားသည်။
လင်းဖန်က တစ်ဖက်လူကို အသက်ရှူဖို့ အချိန်မပေးဘဲ ဟွင်သွမ်းမိုးကြိုးမီးတောက်ဖြင့် ဆက်တိုက် တိုက်ခိုက်နေသည်။ သူမကလည်း သူနှင့် ထိပ်တိုက် ရင်မဆိုင်လိုပေ။
စုယာက သူမ တားဆီးလျှင်ပင် ဒဏ်ရာအနည်းငယ်မျှ ရမည်ဟု သိထားလေသည်။ သို့သော် ထိပ်တန်းကောင်းကင်ရုပ်ခန္ဓာပိုင်ရှင် လေးယောက်နှင့်မတူဘဲ သူမတွင် အားကောင်းသည့် ရုပ်ခန္ဓာမျိုး မပါရှိသလို စိတ်ကူးယဉ် မကြည့်နိုင်လောက်သည့် ကုသနိုင်စွမ်းမျိုးလည်း မပိုင်ဆိုင်ထားပေ။ သူမတွင် သူမဘာသာ ဒဏ်ရာကို အလျင်အမြန် ပျောက်အောင်ကုနိုင်သည့် နည်းလမ်းများရှိသော်လည်း တခြားလူများလောက် လွယ်ကူနေခြင်းမျိုး မဟုတ်ပေ။ ထို့ကြောင့် သူမက တိုက်ကွက်များကို ဆက်တိုက်သာ ရှောင်ရှားနေသည်။
ထိုစဉ် လင်းဖန်က သူ့တိုက်ကွက်များ အလုပ်မဖြစ်သည်ကို တွေ့ပြီး နည်းဗျူဟာကို ပြောင်းလဲလိုက်သည်။ သူ့ ဓားတစ်ချက် အဝှေ့တွင် ဟွင်သွမ်းမိုးကြိုးမီးတောက်က ဓားငယ်ထောင်ချီအဖြစ် ပြောင်းလဲသွားပြီး စုယာ၏ မြားများကဲ့သို့ သူမဆီ ပြေးဝင်သွားသည်။
ထိုဓားများက လမ်းဝင်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်ချင်လိုသည့် ဆန္ဒဖြင့် သူမဆီ တိုက်ရိုက်တိုးဝင်သွားသည်။
ပထမ သူမက ထိုတိုက်ကွက်များကို ရှောင်ရှားဖို့ ကြိုးစားသော်လည်း မိုးကြိုးမီးတောက်၏ အရှိန်က သူမ တုံ့ပြန်နိုင်သည်ထက် ကျော်လွန် နေလေသည်။ ထို့ကြောင့် သူမက ခုခံတားဆီးလိုက်ရ၏။ သူမက အစောင့်အကြပ် နှလုံးသားဟုခေါ်သည့် ကျင့်စဉ်ကို အသုံးပြုလိုက်သည်။ ထိုကျင့်စဉ်က တစ်စုံတစ်ယောက်က တစ်ယောက်ယောက်ကို အမှန်တကယ် ချစ်မြတ်နိုးသည်နှင့် အသက်ကို စတေးရလျှင်ပင် ချစ်ရသူကို ကာကွယ်ပေးပြီး ဘာမဆိုလုပ်မည့် အတွေးမျိုးပေါ် အခြေခံထားသည်။
သူမ ဘေးနားတွင် ပန်းရောင်ဒိုင်းကာ တစ်ခုပေါ်လာသည်နှင့် တိုက်ကွက် ကျရောက်လာပြီး ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားသည်။ ပေါက်ကွဲမှုဗဟိုမှ အားကောင်းသည့် လှိုင်းများ ထွက်ပေါ်လာသည်။
ပထမတိုက်ကွက်လှိုင်း ပြီးဆုံးသွားသည်နှင့် စုယာက ယခင်ထက်စာလျှင် ဖြူဖျော့သွားလေ၏။ သူမက ထိုတိုက်ကွက်အတွင်း အသက်ရှင်ကျန်ခဲ့သော်လည်း သူမ၏ အကာအကွယ်က ကြာရှည်ခံမည် မဟုတ်ကြောင်း သိထားလေသည်။ ထို့ကြောင့် သူမက နောက်ထပ် နည်းလမ်းကို ထုတ်သုံးလိုက်သည်။
သူမအနားတွင် လူတစ်ယောက် ရုတ်ချည်းပေါ်လာသည်။ ထိုလူက မျက်နှာထက်တွင် ထူးဆန်းသည့် မျက်နှာဖုံး တပ်ထားပြီး လက်နှင့် ခြေထောက်များတွင် သံကြိုးများရှိကာ ဆူးချွန်များ ပါသည့် ချပ်ဝတ်ကို ဝတ်ဆင်ထားလေသည်။ သို့သော်လည်း ထိုဆူးချွန်များက အတွင်းဘက်သို့ ဝင်နေပြီး သူ့အသားထဲသို့ ထိုးဖောက်နေလေသည်။ သူ့ကြည့်ရသည်မှာ အလွန်နာကျင်နေဟန်ပေါ်သော်လည်း သူက မအော်ပေ။ အကြောင်းမှာ သူ့မျက်နှာဖုံးက ပါးစပ်ကို ကာထား၍လည်း ဖြစ်နိုင်သည်။
စုယာ၏ ဒိုင်းက ထိုမျက်နှာဖုံးနှင့်လူအား ခြုံလွှမ်းသွားလေသည်။ လင်းဖန်၏ ဒုတိယတိုက်ကွက်လှိုင်း ရောက်ရှိလာသည့်အခါ နှစ်ယောက်လုံးကို ကာကွယ်ပေးထားသည်။ ထူးဆန်းသည်က ထိုတိုက်ကွက်အပြီးတွင် သူမ၏ ဖြူဖျော့နေသော အသားအရည်က ပုံမှန်ပြန်ဖြစ်သွားလေသည်။ သို့သော်လည်း သူမက ချက်ချင်းမတုံ့ပြန်နိုင်ခင် တတိယတိုက်ကွက် ရောက်ရှိလာလေသည်။ ဤတစ်ခေါက်တွင် သူမ၏ အကာအကွယ်က ကျိုးပျက်သွားပြီး မိုးကြိုးမီးတောက်ဓားများက သူမဆီ ပြေးဝင်လာသည်။
နျူးကလီးလက်နက်နှင့်တူသည့် ပေါက်ကွဲမှုမျိုး ဖြစ်ပေါ်သွားပြီး လူများစွာက စုယာသည် ဤတိုက်ပွဲကို ရှုံးနိမ့်သွားလိမ့်မည်ဟု ထင်ထားကြသည်။
သို့သော်လည်း သူတို့ မှားယွင်းသွားကြသည်။ ပေါက်ကွဲမှု တည်ငြိမ်သွားသည်နှင့် စုယာက အဆင်ပြေပြေ ပေါ်ထွက်လာသည်။ သူမအပေါ်တွင် ခြစ်ရာတစ်ခုပင် မရှိပေ။ သို့သော် သူမအနားရှိ မျက်နှာဖုံးနှင့် လူသားအား အတူတူတော့ မပြောနိုင်ပေ။ ထိုလူက ခန္ဓာကိုယ်အနှံ့ မီးလောင်ကျွမ်းခံထားရပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေပြီ။
အံ့ဖွယ်အသိစိတ်ဖြင့် ကြည့်ရှုနေသည့်သူများက စုယာသည် သူမ၏ ဒဏ်ရာအားလုံးကို ထိုမျက်နှာဖုံးနှင့် လူဆီ ကူးပြောင်းပေးလိုက်ကြောင်း သိလိုက်သည်။ ထို့အပြင် ထိုလူက နာကျင်မှုများ ခံစားနေရသည်ကို ပျော်ရွှင်နေဟန်ပေါ်၏။ တချို့လူများက ထိုလူ၏ အရှိန်အဝါသည် ဤတိုက်ကွက်ခံစားပြီးသည့်နောက်တွင် အနည်းငယ် တိုးမြင့်လာကြောင်း ခံစားမိလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ လင်းဖန်က ဂရုမစိုက်ဘဲ ဆက်တိုက် တိုက်ခိုက်နေသည်။ ဤတစ်ကြိမ် မိုးကြိုးမီးတောက်က ဓားအဖြစ် ပြောင်းလဲသွားခြင်းမျိုး မဟုတ်ဘဲ နဂါးနှင့် ဇာမဏီကဲ့သို့သော တိရစ္ဆာန်များအဖြစ် ပြောင်းလဲသွားသည်။
သူက ဆက်လက်တိုက်ခိုက်စဉ် စုယာကလည်း သူမဘာသာ ဆက်လက်ကာကွယ်နေသည်။ ထိုစဉ်ဖြစ်စဉ်တစ်ခုလုံး လင်းဖန်က ခပ်ယဲ့ယဲ့အပြုံးမျိုး ပန်ဆင်ထားပြီး တစ်ဖက်လူက သူ့တိုက်ခိုက်မှုအောက် ချောင်ပိတ်ခံရပြီး ရှောင်ရှားနေရသည်ကို သဘောကျစွာ ကြိတ်ရယ်နေသည်။ အထူးသဖြင့် သူမက ထိုစကားများ သူ့အပေါ် ပြောထားပြီးသည့်နောက်တွင် ဖြစ်၏။
သို့သော် သူက ယခုက တိုက်ပွဲဖြစ်ကြောင်း သိ၍ တစ်ဖက်လူကို အလျင်မြန်ဆုံး အဆုံးသတ်သင့်ကြောင်း သိလေသည်။ ထို့ကြောင့် သူက လှောင်ပြုံးဖြင့် နောက်တိုက်ကွက်ကို ဧရာမမိုးကြိုးမီးတောက်ဓားအဖြစ် ပြောင်းလဲလိုက်သည်။
“ ဒါက မင်း ငါ့ကို အထင်သေးလို့ ဖြစ်တာပဲ” လင်းဖန်က ပြုံးရင်း ပြောလိုက်သည်။ သူ့လက်တစ်ချက် အဝှေ့တွင် အရာအားလုံးကို တစ်ခါတည်း ဖျက်ဆီးဖို့ ကြံစည်ထားလေသည်။
ကံဆိုးစွာဖြင့် ကိစ္စများက သူ ထင်ထားသလို ဖြစ်မလာခဲ့ပေ။
ဧရာမဓားကြီး ဆင်းသက်လာတော့မည့် လမ်းတစ်ဝက်တွင် လင်းဖန်က ရုတ်ချည်းဆိုသလို သွေးတစ်ပွက် အန်လိုက်ရပြီး သူ့တိုက်ကွက်က ပစ်မှတ်ကို မထိခင် လေထဲတွင် ပေါက်ကွဲထွက်သွားသည်။
လင်းဖန်က အလျင်အမြန် စစ်ဆေးလိုက်ပြီးနောက် ဤတစ်ကြိမ်တွင် သူ့နှလုံးသားက ဒဏ်ရာရသွားကြောင်း သိလိုက်ရသည်။ ယခု ထိခိုက်မှုက ယခင်ထက် ပို၍ ပြင်းထန်လေသည်။ လင်းဖန်က ဆိုရင်းတစ်ခုကို သတိရလိုက်သည်။
ပျော်ရွှင်မှုက နှလုံးသားကို အားဖြည့်ပေးတယ် … ဒါပေမဲ့ များပြားလွန်းတယ်ဆိုရင် နာကျင်စေနိုင်တယ်
လင်းဖန်က ခေါင်းမော့ကာ စုယာ၏ မျက်နှာထက်မှ ခပ်ညစ်ညစ် အပြုံးမျိုး မြင်လိုက်သည့်အခါ သူ ကစားခံလိုက်ရပြီ ဖြစ်ကြောင်း သိလိုက်သည်။