ထိပ်တန်းများ၏ တိုက်ပွဲ
Vol. 19 Ch. 263
အခန်း (၂၆၃) : ထိပ်တန်းများ၏ တိုက်ပွဲ
ဤတစ်ကြိမ် လင်းဖန်က သူ့ဒဏ်ရာများ အလွန်ပြင်းထန်ကြောင်း သိလိုက်သည်။ သူ့နှလုံးသားက တိုက်ခိုက်ခံလိုက်ရသည် မဟုတ်ပါလော။ သို့သော်လည်း သူက နည်းနည်းလေးမှ မစိုးရိမ်မိပေ။ ထိုအကြောင်းအရင်းက သူ့အားကောင်းသည့် ခန္ဓာကိုယ်ကြောင့် မဟုတ်ဘဲ ကျောင်းတော်မှ သူ့ကိုပေးအပ်ထားသော ဟွင်သွမ်းချီမျှင်က သူ့နှလုံးသားထဲတွင် ရှိနေ၍ ဖြစ်သည်။
သိပ်မကြာခင် သူ့နှလုံးသားမှ ထူးခြားအံ့ဖွယ်စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ကုသသွားလေ၏။ မည်သို့ပင်ဆိုစေကာမူ လင်းဖန်က သူ့အသိစိတ်ပင်လယ်အတွင်း အနီရောင်မီးတောက် ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်ကို မြင်လိုက်ရ၍ စိတ်ခုသွားမိသည်။
သူက စိတ်ဝိညာဉ်စွမ်းအား သို့မဟုတ် ဝိညာဉ်စွမ်းအားဖြင့် ထိုမီးတောက်ကို ငြှိမ်းသက်ဖို့ ကြိုးစားလိုက်သော်လည်း အသုံးမဝင်ပေ။ အချုပ်အားဖြင့် သူ့အပြုအမူက မီးတောက်၏ ကြီးထွားမှုကို လှုံ့ဆော်ပေးသလို ဖြစ်သွားလေ၏။
လင်းဖန်က စုယာအား လှည့်ကြည့်လိုက်ကာ “ မင်းဘာလုပ်လိုက်တာလဲ”
စုယာက ပြန်မဖြေခင် လှောင်ပြုံး ပြုံးလိုက်ပြီး “ ရှင်က မီးနဲ့ကစားရတာ ကြိုက်တယ် မဟုတ်ဘူးလား။ ကျွန်မရဲ့ ဒေါသမီးတောက်ကို မြည်းစမ်းကြည့်ပါဦး”
စက္ကန့်အနည်းငယ်အကြာတွင် မီးတောက်သည် မီးစငယ်လေးမှ တောမီးအဖြစ် စတင်ပြောင်းလဲလာသည်။ လင်းဖန်အတွက်မူ သူ့ကိုယ်သူ ဒုက္ခရောက်နေကြောင်း သိလိုက်ရသည်။ သူက သူ့စိတ်ထဲ ဖြည်းဖြည်းချင်း လွှမ်းမိုးလာသည့် ဒေါသတရားကို ခံစားမိလိုက်သည်။ သူက ထိုဒေါသကို ခံစားမိလိုက်သည့်အချိန်တိုင်း သူ့ရာစုနှစ်ကြာ သက်တမ်းက ခေတ္တမျှသာ ကြာမြင့်သည်ဟု ခံစားလိုက်ရသည်။ သူက ထိုအရာကို ကြုံတွေ့ခံစားနေရ၏။
သူ့ဘဝတစ်လျှောက်လုံး၏ ဒေါသတရားကို ခံစားနေရရုံသာမက နောင်အနာဂတ်တွင် သူ ခံစားရမည့်အရာများလည်း ပါဝင်ပေသည်။ ထိုအရာက မဖြစ်နိုင်သော်လည်း သူက ထိုသို့သာ ခံစားနေရသည်။ သူက စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ကြိုးစားသော်လည်း အသုံးမဝင်ပေ။ သိပ်မကြာခင် သူ့စိတ်က လွှမ်းမိုးခံလိုက်ရပြီး အသိစိတ်ပျောက်သွားလေသည်။
ပြိုင်ပွဲစင်မြင့်တစ်ခုလုံးတွင် အားပြင်းပြင်း အော်သံသာ ပဲ့တင်ထွက်လာသောကြောင့် ပွဲကြည့်ပရိသတ်များက လန့်ဖြန့်သွားကြသည်။ ထိုအသံက စိတ်ခံစားချက် မရှိသလို အကြောင်းအရင်းလည်း မရှိဘဲ လမ်းရှိအရာအားလုံးကို ဖျက်ဆီးပစ်ချင်သည့် စိတ်ဆန္ဒသာ ပါဝင်လေသည်။
လင်းဖန်က ထိုသို့ ကွက်တိပြုမူခဲ့သည်။ သူ့ ဘေးပတ်ဝန်းကျင်တွင် ဟွင်သွမ်းမိုးကြိုးမီးတောက်များဖြင့် ပြုလုပ်ထားသည့် ပုံသဏ္ဌာန်မျိုးစုံ ပေါ်ထွက်လာသည်။ ဓားများ၊ နဂါးများ၊ ဇာမဏီများ၊ မျှော်နန်းဆောင်များ၊ ကျောင်းတော်၏ မဟာဧကရာဇ်များ အစရှိသဖြင့် ပါဝင်သည်။
ထို့နောက် သူတို့က ပြိုင်ပွဲစင်မြင့်တစ်ခုလုံးကို လက်လွတ်စပယ် ဖောက်ခွဲပစ်ကြသည်။ နျူးကလီးယား ပေါက်ကွဲမှုနှင့်တူညီသော ပေါက်ကွဲမှုများက ထောင်ချီမဟုတ်လျှင်ပင် ရာချီတော့ ရှိသည်။ နေရာတိုင်းတွင် မှိုပွင့်တိမ်တိုက်များလို မီးခိုးငွေ့များကိုသာ မြင်တွေ့နေရ၏။ ထိုတိုက်ကွက်ကြောင့် အားကောင်းသည့် တန်ပြန်အားများကလည်း လွင့်ထွက်လာကာ ပို၍ပျက်စီးစေသည်။
ပြိုင်ပွဲ၏ ဘေးတွင် ကာရန်ထားသော အစီအရင်များကလည်း အလျင်အမြန် အသက်ဝင်လာကြပြီး ပွဲကြည့်ပရိသတ်များအား မထိခိုက်အောင် ကာကွယ်ပေးထားသော်လည်း အစီအရင်တစ်ခုလုံးက ငလျင်ဒဏ် ၁၀ နှင့် အထက်လောက်ထိ တုန်ခါနေလေ၏။ ထို့ကြောင့် ကျင့်ကြံဆင့်နိမ့်သူများက အစီအရင်သည် ကြာရှည်မခံနိုင်လောက်ကြောင်း စိုးရိမ်လာကြသည်။
ထိုဖြစ်စဉ်အတွင်း လင်းဖန်က ပြိုင်ပွဲစင်မြင့်အပေါ်သာ ရပ်နေလျက်ရှိသည်။ သူ့ရူးသွပ်သွားမှုကြောင့် သူ့တိုက်ကွက်ကိုပင် မရှောင်ရှားတော့ပေ။ ထို့ကြောင့် သူက ဒဏ်ရာ ရရှိသွားသည်။ သူ့အတွက် ကံကောင်းသည်က သူ့ မူလအဆီအနှစ်သည် အလိုအလျောက် အကာအရံ တစ်ခု ပေါ်ထွက်လာစေသည်။ ကံဆိုးစွာဖြင့် ထိုအရာက သူရရှိလိုက်သည့် ထိခိုက်မှုအနည်းငယ်မျှသာ လျှော့ချပေးနိုင်သည်။
လောင်ကျွမ်းခံထားရသည့် လင်းဖန်က ပြိုင်ပွဲစင်မြင့်တွင် ရပ်နေသည်။ ပို၍အရေးကြီးသည်က သူက ပထမတိုက်ကွက်အပြီးတွင် မရပ်တန့်ဘဲ ဆက်လက်၍သာ တိုက်ခိုက်နေသည်။ သူ့အတွက် ကံကောင်းသွားသည်မှာ ဟွင်သွမ်းရုပ်ခန္ဓာက အလွန်အားကောင်းသည့် ရုပ်ခန္ဓာကို ထောက်ပံ့ပေးထားပြီး ခန္ဓာကိုယ်အတွင်းရှိ ဟွင်သွမ်းချီများကလည်း သူ့ ခန္ဓာကိုယ်ကို အလျင်အမြန် ကုသပေးနေသည်။
သူ့အတွက် ကံဆိုးသည်မှာ သူ့မူလ အဆီအနှစ်က ထိုတိုက်ကွက်များကြောင့် အလျင်အမြန် ကုန်ဆုံးနေလေ၏။ သူက ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို စုပ်ယူ၍ ပြန်လည်အားဖြည့်နိုင်သော်လည်း ထိုအားပြင်းပြင်း တိုက်ကွက်ကြီးများ၏ ကုန်ဆုံးနှုန်းနှင့် ယှဉ်လိုက်လျှင် သူက ကြာရှည်ခံမည် မဟုတ်ပေ။
ထိုစဉ် ဖြစ်စဉ်တစ်ခုလုံးအတွင်း စုယာက ဝေဟင်မှ ဝဲပျံကာ လင်းဖန်အား ကြည့်နေသည်။ သူမ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ချိတ်ဆွဲထားလေ၏။
ချီယွီလျှိုချင်ရုပ်ခန္ဓာက ကောင်းကင်ရုပ်ခန္ဓာအတွင်း အဆင့် ၃ ဖြစ်နေသည့် အကြောင်းအရင်း ရှိလေသည်။ လူ သို့မဟုတ် ကျင့်ကြံသူ ဖြစ်နေစေကာမူ သူတို့က စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒများ၏ အတားအဆီးများမှ မလွတ်မြောက်နိုင်ပေ။
ထိုကျင့်ကြံသူများက ခံစားချက် ကင်းမဲ့သောတာအိုကို ကျင့်ကြံပြီး စိတ်ခံစားချက်များကို ပစ်ပယ်ထားသည့် ကျင့်ကြံသူများ ဖြစ်စေကာမူ သို့မဟုတ် စကြဝဠာအတွင်း ဖြစ်ပျက်လာသမျှ အရာအားလုံး သေခြင်းရှင်ခြင်း အပါအဝင် ကိစ္စများသည် အကြောင်းအရင်း ရှိရမည်ဟု ယုံကြည်ထားသော မထူးမခြားနား တာအိုကို ကျင့်ကြံသည့် တာအိုဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်စေကာမူ အားလုံးတွင် လိုအင်ဆန္ဒတစ်ခုတော့ ရှိကြသည်။ တာအိုလမ်းစဉ်နောက် လျှောက်လှမ်းရန် လိုအင်ဆန္ဒ ဖြစ်၏။
ထို့ကြောင့် သူတို့က စုယာ၏ စွမ်းအားကို ခံနိုင်ရည် မရှိကြပေ။ သူမကို တိုက်ခိုက်ခြင်းက ကိုယ့်ကိုယ်ကို ပြန်တိုက်ခိုက်နေခြင်း သို့မဟုတ် စိတ်နှလုံးသားနတ်ဆိုးကို ပြန်လည်တိုက်ခိုက်နေရသည်နှင့် တူညီသည်။
သူမက မိမိ၏ စိတ်ထဲမှ ပြစ်ချက်အနည်းငယ် တွေ့သည်နှင့် အခွင့်ကောင်း ယူသွားလိမ့်မည်။ ထို့ကြောင့် လောကတွင် ပြီးပြည့်စုံသော သက်ရှိ မရှိ၍ မည်သူကမှ သူမ၏ စွမ်းအားအောက်မှ မလွတ်မြောက်နိုင်ပေ။ ပြိုင်ပွဲစင်မြင့်အောက်တွင် လင်းဖန်က ငါးကြိမ်မြောက် တိုက်ကွက်အပြီးတွင် သူ့အသားအရည်က ဖြူဖျော့လာပြီး အသက်ကို လုရှူနေရသည်။ သူ့ဒဏ်ရာများ ပြန်လည်ကောင်းမွန်ဖို့ အချိန်ကလည်း ကြာမြင့်လာသည်။
လင်းဖန်က ခြောက်ကြိမ်မြောက် တိုက်ခိုက်တော့မည်ဆဲဆဲတွင် သူ့အသိစိတ်ပင်လယ်အတွင်း ခေါင်းလောင်းသံတစ်သံ ပျံ့လွင့်လာသည်။ ထို့နောက် လင်းဖန်က အသိစိတ်ဝင်သွားလေ၏။ သူက ထိုအခွင့်အရေးကို မဖြုန်းတီးဘဲ ဟွင်သွမ်းချီကို ထိန်းချုပ်ကာ အသိစိတ်ပင်လယ်အတွင်းဝင်၍ ဒေါသမီးတောက်အား ငြိမ်းသက်လိုက်သည်။
လင်းဖန်က အသက်ပြင်းပြင်းရှူရင်း တိုက်ပွဲစင်မြင့်ထက် ဒူးထောက်လျက် လဲကျသွားသည်။
ဝေဟင်တွင် စုယာက ထိုအရာကို မြင်ပြီး မျက်မှောင်ကြုတ် ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။ “ဝိညာဉ်ကာကွယ်ရေး ရတနာလား”
သူမက ဝိညာဉ်ကာကွယ်ရေးရတနာနှင့် မစိမ်းသက်ပေ။ သူမတွင်လည်း တစ်ခုရှိ၏။ ပြောရလျှင် ဧကရာဇ်မျိုးနွယ်မှ ကောင်းကင်ရွေးချယ်ခံအားလုံးသည် သဘာဝလွန် နယ်ပယ်အဆင့်သို့ ရောက်သည်နှင့် ဝိညာဉ်ကာကွယ်ရေး ရတနာတစ်ခု ချီးမြှင့်ခံထားရသည်။
ထိုနာမည်အတိုင်း ထိုရတနာသည် သူတို့၏ ဝိညာဉ်များ တိုက်ရိုက် တိုက်ခိုက်ခံရခြင်း၊ ဖျက်ဆီးခံရခြင်းမှ ကာကွယ်ပေးဖို့ ဖြစ်ပြီး တခြားကျင့်ကြံသူများမှလည်း မလုယူနိုင်အောင် ကာကွယ်ပေးထားသည်။ သူတို့ ကမ္ဘာဦးဝိညာဉ်အဆင့် ရောက်သွားသည့်အခါ ဝိညာဉ် ကာကွယ်ရေး ရတနာက သူတို့ခန္ဓာကိုယ် ဖျက်ဆီးခံရလျှင်ပင် သူတို့၏ ကမ္ဘာဦးဝိညာဉ်ကို ကယ်တင်နိုင်သေးသည်။ ဤနည်းဖြင့် သူတို့ဂိုဏ်းက သူတို့အတွက် ခန္ဓာကိုယ်အသစ်တစ်ခု ဖန်တီးပေးနိုင်သရွေ့ သို့မဟုတ် သူတို့အတွက် ခန္ဓာကိုယ် ရှာပေးနိုင်သရွေ့ အသက်ပြန်ရှင်လာနိုင်သည်။
ဝမ်ဝေ့အတွက်မူ သူ့တွင် ထိုရတနာ မရှိရသည့် အကြောင်းအရင်းမှာ သူ့ ဝိညာဉ်က ထူးခြားလွန်းနေ၍ ဖြစ်သည်။ သူ့စံပြဝိညာဉ်က သူ့အား ဝိညာဉ်တိုက်ခိုက်မှု အများစုမှ ကာကွယ်ပေးပြီး သူ့အသိစိတ်ပင်လယ်အတွင်း ဝင်လာသူမှန်သမျှကို ဖျက်ဆီးပစ်နိုင်သည်။
တာအိုအခွင့်အလမ်းဂိုဏ်းမှ ပြုလုပ်ထားသော စမ်းသပ်ချက်အရ သာမန်အထွတ်အထိပ်ကျင့်ကြံသူအနေနှင့် ဝမ်ဝေ့၏ ဝိညာဉ်ကို ဒဏ်ရာရနိုင်ဖို့အတွက် တစ်နာရီလုံးလုံး ဆက်တိုက် တိုက်ခိုက်နေဖို့ လိုအပ်လေသည်။
ထိုအကြောင်းအရင်းက သူ့ဝိညာဉ်အရည်အသွေးသည် မြင့်မားသော်လည်း ဝိညာဉ်စွမ်းအား ပမာဏက အထွတ်အထိပ်နယ်ပယ်အဆင့်နှင့် မယှဉ်နိုင်သေး၍ ဖြစ်သည်။
နောက်အကြောင်းအရင်းတစ်ခုမှာ သူ့ဝိညာဉ်က အနည်းငယ် မောက်မာလေသည်။ သူ့အသိစိတ်ပင်လယ်အတွင်း သူတော်စင်အဆင့် ဝိညာဉ်ကာကွယ်ရေးရတနာ ထားရှိပြီးသည့်နောက်တွင် သူ့ဝိညာဉ်က ကန်ထုတ်လိုက်ပြီး ထိုအရာသည် သူနှင့် နေရာအတူတူနေဖို့ မတန်ကြောင်း ပြောနေလေသည်။
ထို့ကြောင့် ဝမ်ဝေ့က အထွတ်အထိပ်ရတနာတစ်ခုကို စမ်းသပ်ကြည့်လိုက်သည်။ ဤတစ်ခေါက်သူ ကန်ထုတ် မခံရသော်လည်း အကြောင်းအရင်းတချို့ကြောင့် မသက်မသာ ခံစားနေရသည်။ ထို့ကြောင့် သူက ထိုရတနာကို သိုလှောင်လက်စွပ်အတွင်းမှာသာ သိမ်းထားလိုက်ရသည်။ တစ်ရက် ထိုရတနာကို အသုံးပြုဖို့ လိုလာခဲ့လျှင် သိုလှောင်လက်စွပ်မှ ထုတ်ယူဖို့ အချိန်ရလိမ့်မည်ဟုသာ မျှော်လင့်ထားရ၏။
ထိုစမ်းသပ်ချက်အပြီးတွင် ဝမ်ဝေ့၏ အဖိုးက သူ့အား သတိလက်လွတ်မနေဖို့၊ အရမ်းမမောက်မာဖို့ သတိပေးခဲ့သည်။ ဝမ်ချန်က သူ့မြေးအား သူ့မျိုးဆက်တွင် ဖြစ်ပျက်ခဲ့သည့် ဇာတ်ကြောင်းတစ်ခုကို ပြောပြခဲ့သည်။
တကယ်တော့ သေမျိုးတစ်ယောက်က အထွတ်အထိပ် နယ်ပယ်အဆင့်ကျင့်ကြံသူကို သတ်ဖြတ်ခဲ့ဖူးသည်။ အထွတ်အထိပ်အဆင့် ကျင့်ကြံသူသည် ထိုသေမျိုး၏ မိသားစုကို တိုက်ပွဲအတွင်း မတော်တဆ သတ်ခဲ့မိသည်။ ရလဒ်အနေဖြင့် ထိုသေမျိုးက သူ့အပေါ် အမုန်းတရား ကြီးမားခဲ့သည်။ နှစ်ရာချီကြာပြီးသည့်နောက်တွင် ထိုသေမျိုးတို့က သေခြင်းတရားနှင့် နီးကပ်လာသည့်အခါ ထိုအထွတ်အထိပ်ကျင့်ကြံသူ နောက်ကို လိုက်နိုင်ခဲ့သည်။ ထို့နောက် သူ့ ရှေ့မှောက်တွင် သေမျိုးက လည်ပင်းကို လှီးကာ အထွတ်အထိပ်ကျင့်ကြံသူအား ဆိုးဆိုးရွားရွား သေဆုံးဖို့အတွက် ကျိန်စာတိုက်ခဲ့သည်။
သေမျိုး၏ အမုန်းတရားက ပြင်းထန်လွန်းသည့်အတွက် သူ့အသက်ကို စတေးပြီးသည့်နောက်တွင် အားပြင်းသည့် ကျိန်စာတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ အစစ်အမှန်အုပ်ချုပ်သူက နှစ်ရာချီ ထိုကျိန်စာ၏ သက်ရောက်မှုကို ခံရပြီး ဆိုးဆိုးရွားရွား သေဆုံးသွားလေသည်။
ထိုအဖြစ်အပျက်က ဝမ်ချန်၏ မျိုးဆက်အတွင်းတွင် ကျော်ကြားခဲ့သည်။ အကြောင်းမှာ ကျင့်ကြံသူများက သေမျိုးတစ်ယောက်သည် အစာကွင်းဆက်၏ ထိပ်ဆုံးတွင်ရှိသည့် ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်လိမ့်မည်ဟု ဘယ်သူကမှ ထင်မထားကြ၍ ဖြစ်သည်။
ထိုစဉ် တိုက်ပွဲကို ပြန်ပြောရလျှင် လင်းဖန်က သူ့ရူးသွပ်မှုမှ နိုးထလာပြီးနောက် စုယာအား အမုန်းတရားဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း တစ်ဖက်လူက သူ့ ခံစားချက်ဖြင့် ပြန်လည်တိုက်ခိုက်နိုင်ကြောင်း သိ၍ ဟွင်သွမ်းချီဖြင့် မြန်မြန်တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
ထို့နောက် လင်းဖန်၏ ခန္ဓာကိုယ်အနှံ့တွင် သင်္ကေတများ သို့မဟုတ် အမှတ်အသားများ ပေါ်ထွက်လာပြီး သူ့ ပင်ကိုစွမ်းရည်ကို စတင်အသုံးပြုလိုက်သည်။
သူ့ခန္ဓာကိုယ်က ခရမ်းနက်ရောင်အဖြစ် ပြောင်းလဲသွားပြီး အရှိန်အဝါလိုမျိုး တူညီသည့် စွမ်းအားက သူ့အား လွှမ်းခြုံသွားသည်။ ထို့နောက် ကြယ်တာရာများ၊ စကြဝဠာနှင့် ကမ္ဘာတို့က သူ့ဘေးပတ်လည်ရှိ အရှိန်အဝါထဲတွင် မြင်တွေ့နေရသည်။ သူ့မျက်လုံးက လုံးဝ အဖြူစွတ်စွတ် ပြောင်းလဲသွားလေသည်။ ထိုအဖြူရောင်က စကြဝဠာထဲ တည်ရှိသည့် အဖြူစင်ဆုံး အဖြူရောင်ဖြစ်၏။
သူ့ခန္ဓာကိုယ်မှ မိုးမြေကြားရှိ မြင့်မြတ်သော သက်ရှိများ၏ အရှိန်အဝါကဲ့သို့ အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ သူ့အသွင်ပြောင်းမှုအပြီးတွင် လင်းဖန်က စုယာအား ကြည့်ရင်း ခပ်ပြင်းပြင်း ပြောလိုက်သည် “ အခု မင်း ငါ့ရဲ့ ဟွင်သွမ်းနတ်ဆိုးနတ်ဘုရား ခန္ဓာကိုယ်ရဲ့ စွမ်းအားကို ခံစားကြည့်လိုက်တော့”