← Chapters

ပြင်ဆင်ခြင်း

Vol. 19 Ch. 265

ပြင်ဆင်ခြင်း

Vol. 19 Ch. 265

အခန်း (၂၆၅) ပြင်ဆင်ခြင်း

စုယာနှင့် လင်းဖန်တို့၏ တိုက်ပွဲအပြီးတွင် နောက်ထပ်စိန်ခေါ်မှုတစ်ခု ဖြစ်ပွားလာသည်။ ဤသည်က ကျီစုန့်ကို စိန်ခေါ်လိုက်သည့် ကျန့်ဝူရွှမ်း ဖြစ်၏။ ကံဆိုးစွာဖြင့် ကျီစုန့်က စိန်ခေါ်မှုအား ငြင်းပယ်ခဲ့သည်။

“ ဘာလို့ ငါ့စိန်ခေါ်မှုကို ငြင်းတာလဲ” ဓားသမား ကျန့်ဝူရွှမ်းက မေးလိုက်သည်။

“ ဒါပြီးရင် ငါ့အတွက် ပိုအရေးကြီးတဲ့ တိုက်ပွဲ ရှိသေးတယ်”

ထိုအခါမှ ကျန့်ဝူရွှမ်းက ကျီစုန့်နှင့် ဝမ်ဝေ့တို့ လွန်ခဲ့သော ဆယ်စုနှစ်က ကတိပြုထားသည့် တိုက်ပွဲအကြောင်း အမှတ်ရသွားလေသည်။ ထို့ကြောင့် သူက ပြောလိုက်၏ “ ဒီလိုဆိုရင် ငါတို့တွေ တိုက်ကွက် တစ်ကွက်တည်းနဲ့ တိုက်ပွဲရလဒ်ကို ဆုံးဖြတ်ရင် ဘယ်လိုလဲ”

အစက ကျီစုန့်က ထိုအကြံပြုချက်ကို သဘောမကျသော်လည်း တစ်ဖက်လူ၏ ဆုံးဖြတ်ချက်နှင့် တိုက်ခိုက်လိုစိတ်ကို မြင်မိပြီး လက်ခံလိုက်သည်။ ထို့ကြောင့် သူတို့နှစ်ဦးက တိုက်ပွဲစင်မြင့်ပေါ်သို့ ပျံသန်းသွားလိုက်ကြသည်။

ကျန့်ဝူရွှမ်းက အချိန်မဆွဲဘဲ ဓားကို ထုတ်လိုက်သည်။ သူ၏ တည်ငြိမ်အေးဆေးသော အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ဓားတစ်ချောင်းလို ထက်ရှလာသည်။ သူ့ခန္ဓာကိုယ်မှ အထွတ်အထိပ် ဓားဆန္ဒတစ်ခု ဖြစ်တည်လာကာ ထိုဓားဆန္ဒက အဆုံးမဲ့ ကန့်သတ်ချက်မဲ့ဟန်ပေါ်သည်။

ဓားဆန္ဒကို ဆယ်စက္ကန့်လောက် စုစည်းပြီးသည့်နောက်တွင် ကျန့်ဝူရွှမ်းက အေးဆေးနေသည့် ကျီစုန့်အား ကြည့်လိုက်သည်။ ကျန့်ဝူရွှမ်းက ဘာမှမပြောဘဲ ဓားဖြင့် ခုတ်ချလိုက်၏။

လခြမ်းကွေးသဏ္ဌာန် ဓားချက်က ကျီစုန့်ဆီ တိုးဝင်သွားပြီး စင်မြင့်ကိုပင် နှစ်ပိုင်း ပိုင်းတော့မလိုမျိုး အမှတ်ရာကြီးတစ်ခု ချန်ထားရစ်ခဲ့သည်။

ထိုစဉ် တည်ငြိမ်အေးဆေးနေသည့် ကျီစုန့်က လက်ကိုမြှောက်ကာ ထိုတိုက်ကွက်ကို လက်ဗလာဖြင့် တားဆီးလိုက်သည်။ ထိုဓားချက် သူ့လက်ကို ထိမှန်သွားသည့်အခါ ပေါက်ကွဲသွားခြင်း မရှိသလို၊ ဖျက်ဆီးခံလိုက်ရခြင်းလည်း မရှိပေ။ ထိုအရာက ကျီစုန့်လက်အား စက္ကန့်ပိုင်းကြာ တိုက်ခိုက်နေပြီးနောက် အလိုလိုပျက်ပြယ်သွားသည်။

ကျန့်ဝူရွှမ်းက ကျီစုန့်၏ လက်ဝါးမှ ဖြတ်ရာအသေးလေးကို ကြည့်လိုက်သည်။

ငါ့အလိုလိုသိစိတ်က မှန်နေတာပဲ။ တတိယပွဲစဉ်ပြီးကတည်းက ကျီစုန့်ဆီက ခြိမ်းခြောက်မှုကို ခံစားနေရတာ။ ကြည့်ရတာ သူ့အင်အားတိုးသွားဖို့ ကံအပြောင်းအလဲ အခွင့်အရေးနဲ့ တွေ့ခဲ့ပုံပဲ။ ငါက ပင်ကိုစွမ်းရည်နဲ့ လျှို့ဝှက်ကတ်တွေ အကုန်ထုတ်သုံးရင်တောင် သူ့ပြိုင်ဘက် မဖြစ်လောက်ဘူး…

“ အတူ ယှဉ်ပြိုင်ပေးလို့ ကျေးဇူးတင်ပါတယ်” ကျန့်ဝူရွှမ်းက ပြောလိုက်ပြီးနောက် သူ့ မျှောလွင့်ရုံဆီ ပျံသန်းသွားလေသည်။

ထိုစဉ် ကျီစုန့်က သူ့လက်မှ ဒဏ်ရာကို ကြည့်လိုက်ပြီး ကုသဖို့ ငြင်းဆန်လိုက်သည်။ သူ့ခန္ဓာကိုယ်ဖြင့် ထိုသို့သော ဒဏ်ရာမျိုးက ချက်ချင်းပျောက်ကွယ်သွားသင့်ပေသည်။ သို့သော်လည်း ဓားဆန္ဒက သူ့ခန္ဓာကိုယ်အတွင်း တည်ရှိနေပြီး သူ့အလိုလိုပြန်ကောင်းနိုင်စွမ်းကို ဟန့်တားထားသည်။

မည်သို့ပင်ဆိုစေကာမူ သူက အချိန်ယူလျှင် ပျောက်ကင်းသွားမည် ဖြစ်သည့်အတွက် ဂရုမစိုက်တော့ပေ။

ကျီစုန့်က လက်မြှောက်ကာ ရုပ်သံလွှင့်နေသည့် အစီအရင်ကို လှမ်းကြည့်ရင်း ပြောလိုက်သည် “ ဝမ်ဝေ့ မင်း အခု ငါ့လက်ထဲမှာ ရှုံးနိမ့်ဖို့ အချိန်ပဲ။ ငါတို့ တိုက်ပွဲအကြောင်း ဆွေးနွေးရအောင်”

ရက်အနည်းငယ်ကြာပြီးနောက် မဟာကျိုးတော်ဝင်မြို့တော်အတွင်း ကျီစုန့်၏ လက်က အပြည့်အဝ ပြန်လည်ကောင်းမွန်သွားပြီး အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။ သူက ထိုတိုက်ပွဲအတွက် အကောင်းဆုံးအခြေအနေသို့ ရောက်ရန် တရားထိုင်နေ၏။

သိပ်မကြာခင် သူ့အစ်ကိုဖြစ်သူ ကျီစုက အခန်းအတွင်း ဝင်လာသည်။ ထိုအခါ သူက မျက်လုံးဖွင့်ကာ ပြောလိုက်၏ “ အစ်ကိုတော် ဘာဖြစ်လို့လဲ”

“ ခမည်းတော်ဆီကနေ မင်းက နာမည်ကို ကောင်းကင်တာအို ကာကွယ်ရေးစာအုပ်ထဲမှာ ရေးဖို့ ငြင်းဆန်နေတယ်လို့ ကြားတယ် ဟုတ်လား”

“ အမှန်ပါပဲ”

“ ဘာလို့လဲ။ ဒီတိုက်ပွဲက ဘယ်လောက် အန္တရာယ်များနိုင်တယ်ဆိုတာကို မသိဘူးလား။ တစ်ခုခု မှားယွင်းသွားခဲ့ရင် ဘယ်လိုလုပ်မလဲ” ကျီစုက မေးလိုက်သည်။

“ ဒီတိုက်ပွဲက ဝမ်ဝေ့ကို ကျွန်တော်ရဲ့ စိတ်နတ်ဆိုး အဖြစ် ဖယ်ရှားပစ်ဖို့ နည်းလမ်းပဲ။ တကယ်လို့ သူက သာမန်ဖြစ်နေတုန်း ကျွန်တော်က မသေမျိုးဖြစ်နေရက်နဲ့ အနိုင်ရသွားခဲ့မယ်ဆိုရင် ဒီစိတ်နတ်ဆိုးကို ဘယ်လိုဖယ်ရှားနိုင်မှာလဲ။ ကျွန်တော့်ဆီ ဒီနည်းလမ်းကို ကာကွယ်ရေးအဖြစ်သုံးဖို့ လာပြီးပြောနေတာက ကျွန်တော် ဒီတိုက်ပွဲကို နိုင်လိမ့်မယ်လို့ ယုံကြည်ချက် မရှိဘူးလို့ ပြောနေတာနဲ့ အတူတူပဲ။ အစ်ကိုတို့ရဲ့ အပြုအမူတွေက ကျွန်တော်ရဲ့ စိတ်ကို ကူညီပေးတယ်လို့များ ထင်နေတာလား။ ဒီလိုအရေးကြီးတဲ့ ပြိုင်ပွဲရှေ့မှာလေ”

ကျီစုက ထိုအရာကို ကြားပြီးနောက် သက်ပြင်းချကာ “ မင်း ပြောတာမှန်တယ်။ ငါ နည်းနည်း စိုးရိမ်သွားရုံပါ”

“ အစ်ကိုတော် စိုးရိမ်တာကို နားလည်ပါတယ်” ကျီစုန့်က ပြောလိုက်သည် “ ဒါပေမဲ့ ကျွန်တော် ခွန်အားနဲ့ စွမ်းရည်အပေါ် ယုံကြည်ချက်ကို ထားသင့်တယ်။ ပြီးတော့ ကျွန်တော့် တာအိုကာကွယ်သူလည်း ရှိနေမှာဆိုတော့ ကျွန်တော် အဆင်ပြေမှာပါ”

ကျီစုက ခေါင်းညိတ်ကာ “ တာအိုအခွင့်အလမ်းဂိုဏ်းက ငါတို့ရဲ့ အခြေအနေကို လက်ခံလိုက်ပြီ”

“ ကောင်းတယ်”

………

အသင်္ချေအင်ပါယာကမ္ဘာအပြင်ရှိ အဆုံးမဲ့လေဟာနယ်ထဲတွင် လူနှစ်ယောက်က မျှောလွင့်နေသည်။ ထိုလူနှစ်ဦးက ဝမ်ဝေ့နှင့် ကျီစုန့်တို့၏ တာအိုကာကွယ်သူများဖြစ်သည့် ယန်းချန်နှင့် ကျီဟန်တို့ ဖြစ်ကြသည်။ သူတို့နှစ်ဦးက ဘောလုံးအရွယ်ရှိ အနက်ရောင်ကျောက်တုံးကို ကိုယ်စီ ထုတ်ယူလိုက်ကြသည်။ ထိုကျောက်တုံးထဲတွင် အာကာပြင် မတည်ငြိမ်မှု အနည်းငယ် ပါဝင်နေလေ၏။ သူတို့၏ ထိန်းချုပ်မှုအောက်တွင် ကျောက်တုံးနှစ်ခုက အတူတူပေါင်းစပ်သွားပြီး နဂိုထက် အရွယ်အစားနှစ်ဆ ကြီးမားလာသည်။

ထို့နောက် နှစ်ယောက်သား လက်မြှောက်ကာ သူတို့ခန္ဓာကိုယ်ထဲမှ စည်းမျဉ်းစွမ်းအားများကို ကျောက်တုံးဆီ ရွေ့လျားကာ ပေါင်းစပ်စေလိုက်သည်။ သိပ်မကြာခင် ကျောက်တုံးက အလျင်အမြန် ကြီးထွားလာသည်။ အတိအကျဆိုရလျှင် ကမ္ဘာတစ်ခု စတင်ကြီးထွားလာလေပြီ။

ရက်အနည်းငယ်ကြာပြီးနောက် အစစ်အမှန် အုပ်ချုပ်သူနှစ်ယောက်က သူတို့ရှေ့တွင် ရှိသော ကမ္ဘာအသစ်ကို ကျေကျေနပ်နပ် ကြည့်လိုက်ကြသည်။

“ ကြည့်ရတာ ငါတို့တွေ လေဟာနယ်ကျောက်တုံးနဲ့ အလယ်အလတ်ကမ္ဘာ အရွယ်ဖြစ်အောင် လုပ်နိုင်တယ်ဆိုတော့ မဆိုးဘူးပဲ” ကျီဟန်က ပြောလိုက်သည်။

“ ဟုတ်တယ်။ ဒါပေမဲ့ သူတို့တိုက်ပွဲကို ခံနိုင်ရည်ရှိမှာတော့ မဟုတ်ဘူး။” ယန်းချန်က ပြောလိုက်သည်။

“ အဲဒါ ပြဿနာပဲ။ ဒီလိုဆိုရင် ဒီကမ္ဘာကို အသင်္ချေအင်ပါယာကမ္ဘာနဲ့ ဆက်နွယ်ထားလိုက်ရအောင်။ ဒီနည်းနဲ့ဆိုရင် အာကာပြင်က ပိုတည်ငြိမ်လာပြီးတော့ သူ့ဘာသာသူ ပြန်ကောင်းအောင် လုပ်နိုင်လိမ့်မယ်။ သူတို့ တိုက်ပွဲအတွင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာဖြစ်မှာ မဟုတ်တော့ဘူး”

ယန်းချန်က ထိုအဆိုပြုချက်ကို သဘောတူကာ ကူညီပေးလိုက်သည်။ ထို့နောက် သူတို့က ကမ္ဘာပြင်ဆင်ခြင်း ပြီးဆုံးသွားကြလေပြီ။ ဤအသစ်ဖန်တီးထားသော ကမ္ဘာသည် ဟွင်သွမ်းအခြေအနေတွင် တည်ရှိ၏။ သက်ရှိဟူ၍ မရှိဘဲ တစ်ကမ္ဘာလုံးက ချော်ရည်များ၊ အခိုးအငွေ့များဖြင့် ပြည့်နှက်နေသည်။ တိမ်တိုက်များကလည်း မဲမှောင်နေသည်။ တောအုပ်လည်း မရှိသလို တောင်တန်းလည်း မရှိပေ။ လေထုကလည်း အသက်ရှူဖို့ရာ မသင့်တော်ပေ။

ယန်းချန်က ထွက်သွားချင်ပြီ ဖြစ်သော်လည်း ကျီဟန်က သူတို့သည် အထဲတွင် သက်ရှိများ မထားသော်လည်း သေမျိုးများ နေနိုင်အောင်လုပ်ဖို့ တစ်ပြားမှ မလျှော့ပဲ ငြင်းဆန်နေလေသည်။

ထိုဖြစ်စဉ်က သူတို့အတွက် တစ်လတာ အချိန်ကြာမြင့်ခဲ့သည်။ ထိုအရာများ ပြီးဆုံးသွားသည့်နောက်တွင် သူတို့က နောက်ဆုံးအဆင့်အနေနှင့် ကမ္ဘာပတ်လည်တွင် အစီအရင်များ ချထားပေးလိုက်သည်။

…………………

ဝမ်ဝေ့က တိုက်ပွဲအတွက် အရာအားလုံး အဆင်သင့်ဖြစ်ပြီဟူ‌သော သတင်းကို ရရှိပြီးသည်နှင့် တရားထိုင်ရာမှ မျက်လုံးဖွင့်ကာ ခြေလက်အကြောဆန့်လိုက်သည်။ သူက ပြီးပြည့်စုံသော အခြေအနေတွင် ရှိနေကြောင်း သေချာအောင် လုပ်ပြီးနောက် အခန်းတွင်းမှ ထွက်လာလိုက်၏။

သူက သူ့မိသားစုကို နှုတ်ဆက်ကာ တိုက်ပွဲနေရာသို့ ပို့ဆောင်ပေးမည့် ယန်းချန်နှင့် တွေ့ဆုံလိုက်သည်။ ထိုစဉ် တစ်ကမ္ဘာလုံးရှိ ကျင့်ကြံသူများက စောင့်ကြည့်နေကြ၏။

ကျောင်းတော်တွင် ရှိနေဆဲဖြစ်သည့် ကောင်းကင်ရွေးချယ်ခံများကလည်း ဤအဖြစ်အပျက်ကို စောင့်ကြည့်နေကြသည်။ သူတို့က တာအိုကျောက်ပြားများဆီ ဝင်ဖို့ရာ ဤပြိုင်ပွဲ၏ နောက်ဆုံးရလဒ်ကို စောင့်နေရမည်ဟု သိပြီးနောက် မပျော်ရွှင်ကြသော်လည်း ဤတိုက်ပွဲကို ကြည့်ခြင်းအားဖြင့် များစွာ အထောက်အကူ ဖြစ်နိုင်သေးသည်။

ထိုတိုက်ပွဲမှ တစ်ခုခုသင်ယူနိုင်၍ ဖြစ်စေ သို့မဟုတ် အင်အားအဆင့်ကို ဆုံးဖြတ်နိုင်၍ ဖြစ်စေ သို့မဟုတ် ပြိုင်ပွဲဝင်နှစ်ယောက်၏ ခြိမ်းခြောက်မှုကို သိ၍ ဖြစ်စေ စောင့်ကြည့်ဖို့ တန်လေသည်။

ထိုစဉ် တိုက်ပွဲနေရာသို့ ရောက်ရှိလာပြီးနောက် ဝမ်ဝေ့က ကျီစုန့်၏ အငွေ့အသက်ကို ချက်ချင်းခံစားမိလိုက်သည်။ သို့သော်လည်း သူက ချက်ချင်းသွား၍ မတွေ့ဆုံသေးပေ။ ထိုအစားက သူက  ထိုကမ္ဘာရှိ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။

သူက ဤကမ္ဘာသည် တောအုပ်များ၊ တောင်တန်းများ၊ မြစ်များ၊ ပင်လယ်နှင့် ပြည့်နေသည့် ကမ္ဘာဖြစ်ကြောင်း သိလိုက်ရသည်။ သူက မီးတောင်ပမာဏအများစုကိုလည်း သတိထားမိလိုက်ပြီး ထိုကမ္ဘာ၏ မြေဆွဲအားကလည်း ပုံမှန် မဟုတ်ကြောင်း သတိပြုမိလိုက်သည်။

သူက ထိုအရာကို တွေ့ရှိပြီးနောက် ခနဲ့ပြုံး ပြုံးလိုက်၏။

ဝမ်ဝေ့ သတိပြုမိသည့်အရာတစ်ခုမှာ ဤကမ္ဘာသည် အသင်္ချေအင်ပါယာကမ္ဘာသို့မဟုတ် တိုက်ပွဲတိုင်းပြည်ကမ္ဘာနှင့် ယှဉ်လိုက်သည့်အခါ ထူးဆန်းနေလေသည်။ ပြောရလျှင် စည်းမျဉ်းများက မပြည့်စုံဘဲ အရာတချို့ လစ်ဟာနေသလိုမျိုး ဖြစ်၏။

ဝမ်ဝေ့က စုံစမ်းလိုက်ပြီးနောက် မျက်လုံးမှိတ်ကာ စောင့်ဆိုင်းနေသည့် ကျီစုန့်နှင့် သွား၍ တွေ့ဆုံလိုက်သည်။

“ မင်းက တိုက်ပွဲကို လူအများရှေ့ ဘာလို့ လုပ်တာလဲ သိချင်နေတာ” ဝမ်ဝေ့က မေးလိုက်သည် “ မင်းက လင်းဖန်လိုမျိုး အာရုံစိုက်ခံချင်တဲ့သူ ဖြစ်လာတာလား”

ကျီစုန့်က တည်တည်ငြိမ်ငြိမ် မျက်လုံးဖွင့်လိုက်ရင်း ပြန်ဖြေလိုက်သည် “ ငါ့ကို သူ့လိုမျိုးနဲ့ လိုက်ယှဉ်ပြီး မစော်ကားနဲ့။ ငါ့တိုက်ပွဲကို လူအများရှေ့ တိုက်ခိုက်ချင်တဲ့ အကြောင်းအရင်းက မင်း ငါ့လက်ထဲ ရှုံးနိမ့်သွားတာကို တစ်ကမ္ဘာလုံးဆီ ပြချင်လို့ပဲ။ ချီကံကောင်းမှု စစ်ဆေးပွဲတုန်းကလိုပေါ့”

“ မင်းမျက်နှာကို ပြန်အဖတ်ဆယ်ချင်တယ်ပေါ့။ ကောင်းပြီလေ အားလုံးက သူတို့ စိတ်ကူးယဉ်ချင်တာကို ယဉ်လို့ရတာပဲ။ မင်း ယူလာခဲ့လား”

“ အင်း” ကျီစုန့်က သူ့ သိုလှောင်လက်စွပ်အတွင်းမှ အမှတ်အသားပြားကို ထုတ်ရင်း ပြောလိုက်သည် “ မင်းရော”

ဝမ်ဝေ့က အနီရောင် သွေးတစ်စက်ကို ထုတ်လိုက်သည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ပတ်ဝန်းကျင်၏ အပူချိန်က အနည်းငယ် မြင့်တက်သွားလေသည်။ သိပ်မကြာခင် ထိုသွေးနှင့် အမှတ်အသားပြားတို့က ကောင်းကင်ထက် ပျံ့နှံ့သွားပြီးနောက် အစီအရင်တစ်ခုထဲဝင်ကာ ပျောက်ကွယ်သွားသည်။

ထို့နောက် ဝမ်ဝေ့က ကျီစုန့်အား ကြည့်လိုက်ကာ “ ငါ မင်းကို ပြောလိုက်ဦးမယ်။ ဒီနေ့က မင်းဘဝအတွက် အဆိုးဆုံး နေ့ရက်တွေထဲက တစ်ရက်ဖြစ်လာလိမ့်မယ်”

ထို့နောက် သူက တစ်ဖက်လူဆီ တဟုန်ထိုး ပြေးဝင်သွားသည်။

All Chapters