အဆုံးသတ် တိုက်ပွဲ
Vol. 19 Ch. 266
အခန်း (၂၆၆) : အဆုံးသတ် တိုက်ပွဲ
ဝမ်ဝေ့က တစ်ဖက်လူဆီ အပြေးသွားစဉ် သူ့ခန္ဓာကိုယ်မှ ရှေးကျသော ကမ္ဘာဦးသတ္တဝါ၏ အရှိန်အဝါက ထွက်ပေါ်လာသည်။
ကျီစုန့်က မတုံ့ပြန်နိုင်ခင် သူ့ခေါင်းဆီ ဦးတည်လာသည့် လက်သီးချက်ကို မြင်လိုက်ရသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် မြေဆွဲအားဓာတ်များ ဖြစ်ပေါ်လာသောကြောင့် အနားရှိ အာကာပြင်က အနည်းငယ် လှုပ်ခတ်သွားသည်။
ကံဆိုးစွာဖြင့် အသုံးမဝင်ပေ။ ဝမ်ဝေ့၏ လက်သီးက ဒိုင်းကာကို အလွယ်တကူ ချိုးဖျက်ပြီး ကျီစုန့်၏ ခန္ဓာကိုယ်ကို အဝေးသို့ လွင့်ထွက်သွားစေသောကြောင့် သူ့ ဦးခေါင်းခွံလည်း အက်သွားလေသည်။ သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။
ဝမ်ဝေ့က သက်တံအဖြစ် ပြောင်းလဲသွားကာ လွင့်စင်သွားသည့် ကျီစုန့်ရှေ့တွင် ချက်ချင်းပေါ်လာသည်။ သူ့အရှိန်က အင်မတန် မြန်ဆန်လှပြီး အသံနှုန်းကို ချိုးဖောက်သည့် အသံပင် မကြားရသလို သူ့အရှိန်ကြောင့် တုန်ခါနှုန်းကိုလည်း မခံစားမိပေ။ မျက်စိတစ်ဖြတ်အတွင်း ဝမ်ဝေ့က ပေါ်ထွက်လာသလိုမျိုး ဖြစ်၏။ ထို့အပြင် အာကာပြင် ချိုးဖျက်သည့် အရိပ်အယောင်လည်း မရှိပေ။
ဝမ်ဝေ့ တုံ့ဆိုင်းမနေဘဲ ကျီစုန့်ကို မြေပေါ်သို့ ထိုးချလိုက်သည့်အတွက် ကျီစုန့်၏ ခန္ဓာကိုယ်မှ တုန်ခါလှိုင်းများ ပေါ်ထွက်လာသည်။ သူ ပြုတ်ကျရာနေရာတွင် အာရှကုန်းမြေထက်ကြီးသည့် အက်ကြောင်းကြီး ပေါ်လာလေ၏။
ကျီစုန့်၏ အရိုးများအားလုံး ပျက်စီးသွားပြီး မရပ်မနား သွေးအန်နေရသည်။ မည်သို့ပင်ဆိုစေကာမူ သူက အလျင်အမြန် ပြန်လည်ကောင်းမွန်လာသည်။ သူက မတ်တပ်ရပ်လိုက်ပြီးနောက် တစ်ကမ္ဘာလုံး၏ မြေဆွဲအားကို ထိန်းချုပ်ကာ ဝမ်ဝေ့အပေါ် ထားလိုက်သည်။
ရလဒ်အနေဖြင့် ဝမ်ဝေ့ ခြေလှမ်း လှမ်းလိုက်သည့်အချိန်တိုင်း ခြေရာနက်ကြီးများ ကျန်ရှိခဲ့လေသည်။ သူ့တွက်ချက်မှုအရ ထိုမြေဆွဲအားနှင့် ဖိအားသည် သူ ပင်လယ်အောက် ကျင့်ကြံစဉ်အခါက အဆင့်လောက်သာ ရှိလေသည်။ ထို့ကြောင့် သူက ကျီစုန့်ဆီသာ အပြေးသွားလိုက်သည်။
ကျီစုန့်က ဝမ်ဝေ့နှင့် လက်သီးချင်း ယှဉ်ထိုးကာ ထိပ်တိုက်ရင်ဆိုင်လိုက်သော်လည်း သူ့ညာဘက်လက်က ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားလေသော်လည်း သူက တုံ့ဆိုင်းမနေဘဲ ဘယ်ဖက်လက်ဖြင့် ထိုးချလိုက်ပြီး ညာဖက်လက် ပြန်လည်ကောင်းလာဖို့ အချိန်ဆွဲလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဘယ်ဖက်လက်လည်း ညာဖက်လက်လိုမျိုး တူညီစွာ ခံစားသွားရသည်။
ကျီစုန့်က ခြေထောက်ကို အသုံးပြုချင်သော်လည်း အချိန်လုံလုံလောက်လောက် မရလိုက်ပေ။ ဝမ်ဝေ့က သူ့အား ခေါင်းမှဆွဲကာ အနီးဆုံး တောင်တန်းတွေဆီ ပျံသန်းသွားလေ၏။
ဝုန်း… ဝုန်း… ဝုန်း…
ဝမ်ဝေ့က ကျီစုန့်၏ ခန္ဓာကိုယ်ကို ဒိုင်းအဖြစ်သုံးကာ တောင်အလုံးနှစ်ဆယ်ကျော်ကို ဆက်တိုက် မရပ်မနား ဖြိုခွင်းလာသည်။ ထို့နောက် သူက ကျီစုန့်၏ ခန္ဓာကိုယ်အား ကြည့်လိုက်ကာ တွေးထားသလောက် မဆိုးရွားကြောင်း သိလိုက်ရသည်။ ထို့အပြင် သူ့ လက်နှစ်ဖက်က ပြန်ကောင်းမွန်နေသည့် တစ်ဝက်တစ်ပျက် အခြေအနေတွင် ရှိနေသေးလေသည်။
ဝမ်ဝေ့က ကျေနပ်စွာ ကြည့်လိုက်ပြီးနောက် ကျီစုန့်၏ ခန္ဓာကိုယ်အား မြေတူးစက်အဖြစ်သုံးကာ မြေအောက်ထဲသို့ လျှိုဝင်သွားသည်။ သူက ဤကမ္ဘာ၏အလယ်တွင် ဘာရှိနေကြောင်း သိချင်မိသည်။
မိနစ်အနည်းငယ် တူးပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ဦးတည်ရာသို့ ရောက်ရှိသွားသည်။ သူက မြေအောက်ရှိ သတ္တုများ၊ ကျောက်စရစ်ခဲများကြောင့် အရေပြားကွာနေသည့် ကျီစုန့်ကို ကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက အသက်ရှင်ဆဲ ဖြစ်၏။
ဝမ်ဝေ့က ပတ်ဝန်းကျင်ကို အာရုံစိုက်လိုက်သည့်အခါ သူ မြင်ရသည်က ချော်ရည်များသာ ဖြစ်၏။ ဘေးပတ်ဝန်းကျင်ရှိ အပူချိန်က သံမဏိ သို့မဟုတ် စိန်ကိုပင် အရည်ပျော်နိုင်စေသည်။ သူက ထိုအရာကို မြင်ပြီးနောက် တစ်ဖက်လူသည် ဤပတ်ဝန်းကျင်မှ အကျိုးအမြတ် ရရှိနေကြောင်း သိလိုက်ရ၍ မျက်မှောင်ကြုတ်မိလိုက်သည်။
ထို့ကြောင့် ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ မှုတ်ထုတ်လိုက်သည်။ ထိုစဉ် သူ့ပါးစပ်မှ အေးခဲမတတ် အအေးဓာတ်တစ်ခု ထွက်လာပြီး ထိုချော်ရည်များအား ချက်ချင်းဆိုသလို ရေခဲပြင်အဖြစ် ပြောင်းလဲလိုက်လေသည်။ နောက်ဆုံးတွင် သူက ကျီစုန့်အား ထိုအပေါ် ပစ်ချလိုက်၏။
ထို့နောက် သူက ကျီစုန့်အား ခြေထောက်မှ ကိုင်ဆွဲကာ ကလေးများ သူတို့အရုပ်နှင့် ကစားသလိုမျိုး ရိုက်ချနေသည်။ တစ်ဖက်လူက သေလုနီးပါးဖြစ်နေသည်ကို မြင်သည့်အခါ ဝမ်ဝေ့က ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။
“ ဒီတိုက်ပွဲက ငါ ထင်ထားတာထက်ကို စိတ်ပျက်ဖို့ကောင်းတာပဲ။ မင်းအတွက် ကံကောင်းသွားတာက ငါ စိတ်ကြီးဝင်မိတော့မလို့ အခု မင်းရဲ့ အစစ်အမှန် အင်အားကို ကြည့်ရအောင်”
ထို့နောက် ဝမ်ဝေ့က ကျီစုန့် ပြန်ကောင်းလာသည်အထိ မိနစ်ပိုင်းကြာ စောင့်ဆိုင်းလိုက်သည်။ ကျီစုန့်က သူ့အား အမုန်းတရားအပြည့်ဖြင့် ကြည့်နေသော်လည်း ဘာမှမပြောပေ။ ကျီစုန့်က ဝေဟင်အထက် ပြန်တက်သွားလိုက်ပြီး နောက်တိုက်ကွက်အတွက် ပြင်ဆင်လိုက်သည်။
သူက နေမင်းကို ကြည့်ကာ လက်ဖြင့်မြှောက်လိုက်ပြီး ပစ်ချလိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ ကျဆင်းနေမင်း”
ဤကမ္ဘာ၏ နေမင်းထံ အားပြင်းသည့် မြေဆွဲအားတစ်ခု သက်ရောက်လာပြီးနောက် ဝမ်ဝေ့ထံ ပြုတ်ကျလာသည်။ သို့သော်လည်း သူက ဘာမှမလုပ်ဘဲဖြင့် ဆက်သာကြည့်နေသည်။
ဝမ်ဝေ့နှင့် ထိပ်တိုက်တွေ့ရာတွင် ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားပြီး ကမ္ဘာ၏ လေးပုံတစ်ပုံလောက်ကို လွှမ်းခြုံသွားကာ သစ်ပင်များ၊ မြစ်များ၊ တောင်တန်းနှင့် သမုဒ္ဒရာမကျန် လမ်းတွင် ရှိသမျှအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။
သိပ်မကြာခင် တစ်ကမ္ဘာလုံးက မဲမှောင်သွားပြီး အပူချိန်ကလည်း သိသိသာသာ လျော့ဆင်းသွားသည်။ မည်သို့ပင်ဆိုစေကာမူ ဤကမ္ဘာရှိ အပင်များအားလုံးက နေရောင်ပြတ်လပ်မှုကြောင့် သေဆုံးသွားခြင်း မဟုတ်ပေ။ မိုးမြေကြားရှိ ဝိညာဉ်ချီ တည်ရှိနေသရွေ့ ထိုအပင်များက ရူပဗေဒ သဘောတရားကို လိုက်နာမည် မဟုတ်ပေ။
ထိုစဉ် ပေါက်ကွဲမှု အဝေးတွင် ကျီစုန့်က သူ့အံ့ဖွယ်အသိစိတ်ထဲ ထိုပေါက်ကွဲမှုအလယ်တွင် တစ်ယောက်ယောက် ရပ်နေသည်ကို သတိထားမိလိုက်၍ အမူအရာ ပျက်ယွင်းသွားလေသည်။
အရာအားလုံး ရှင်းလင်းသွားသည့်နောက်တွင် ဝမ်ဝေ့က ခြစ်ရာတစ်ခုမျှပင် မရှိဘဲ အကောင်းအတိုင်း ကျန်ရှိနေသေးသည်။ သူ့အမွေခံသားတော်ဝတ်ရုံပင် ပျက်စီးသွားခြင်း မရှိပေ။
ဝမ်ဝေ့က ခနဲ့ပြုံး ပြုံးကာ “ ကောင်းပြီ။ ဒါက တကယ့် အလယ်အလတ်ကမ္ဘာဆိုရင်တော့ ဒီတိုက်ကွက်က အလုပ်ဖြစ်ချင် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကံဆိုးတာက အံ့ဖွယ်ပလ္လင်အဆင့်တုန်းကတောင် သေမျိုးမီးတောက်က ငါ့အပေါ် သက်ရောက်မှု မဖြစ်စေဘူး။
အဲဒါကြောင့် ဒီနေမင်းက အပူချိန်သန်းချီပြီး မြင့်မားနေရင်တောင် ဝိညာဉ်မီးတောက် မရှိဘဲ ဘာမှအသုံးမဝင်ဘူး။
အာ…ခဏနေပါဦး။ ငါ့ စွမ်းရည်ကို ဘာလို့ ရှင်းပြနေတာလဲ။ ငါလည်း အဲဒီအရူး လင်းဖန်ဆီနေ ကူးသွားပြီလား။ ငါ့အမေက ရူးနှမ်းတတ်တာကို ကူးစက်တတ်တယ်တဲ့။ သူမပြောတာ မှန်နေပုံပဲ။ အရင်မျိုးဆက်ရဲ့ စကားတွေကို တကယ်ကို မှတ်သားစရာပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်ရင်း သူ့အမေ၏ စကားကို ပို၍ နားထောင်ဖို့ ဆုံးဖြတ်လိုက်လေသည်။
ထိုစဉ် ကျောင်းတော်အတွင်း လင်းဖန်က ထိုတိုက်ပွဲကို ကြည့်ရင်း အမူအရာ ပျက်ယွင်းသွားလေသည်။ ဤသည်မှာ လူအများရှေ့ မိနစ်ပိုင်းတိုက်ပွဲအတွင်း ဒုတိယအကြိမ်မြောက် အရှက်ခွဲခံလိုက်ရခြင်း ဖြစ်၏။
သူ့အတွက်က ကံဆိုးသည်က ဝမ်ဝေ့သည် လတ်တလော လီကျွင်းနှင့် လင်းဖန်အပေါ် မနှစ်သက်မှုတချို့ ဖြစ်ပေါ်လာခဲ့သည်။ အကြောင်းမှာ သူတို့နှစ်ယောက်လုံးက မိန်းမလှများ ခြံရံထားသည့် မောင်းမဆောင်ရှိနေ၍ သူ့အနေနှင့် အနည်းငယ် အားကျမိလေသည်။
သူက တစ်လင်တစ်မယားစနစ်ကို ရွေးချယ်ခဲ့သော်လည်း အားတော့ကျမိသေးသည်။ ယခုတွင် သူ့စိတ်ကို ပြောင်းလဲချင်သည်မျိုးတော့ မဟုတ်ပေ။ ဝူဟုန်က သူ့ကို ချက်ချင်းသတ်ပစ်လိမ့်မည်။
လီကျွင်းက သူ့ညီဖြစ်၍ သူ့ကို ဘာမှမလုပ်နိုင်သောကြောင့် သူ့အာရုံက လင်းဖန်အပေါ်သာ ရောက်ရှိသွားလေသည်။
ထိုစဉ် နောက်ထပ် အရှက်ခွဲခံလိုက်ရသည်ဟု ခံစားနေရသည့်သူမှာ ကျီစုန့် ဖြစ်၏။ သို့သော် သူက သူ့ခံစားချက်များကို လွှတ်မပေးလိုက်ဘဲ ထိန်းချုပ်ထားလေသည်။ သူ့အတွက် ဒီတိုက်ပွဲက လျှို့ဝှက်ကတ်များပြဖို့ များစွာ ကျန်ရှိနေသေးသည်။
ထို့နောက် သူ့ခန္ဓာကိုယ်မှ ရုတ်ချည်းဆိုသလို အနက်ရောင် ဝဲကတော့များစွာ ထွက်ပေါ်လာပြီး သူ့အနားတွင် လှည့်ပတ်နေလေသည်။
ထို့နောက် ထိုအနက်ရောင်ဝဲကတော့များက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေ၏။ ထူးထူးဆန်းဆန်း သိသိသာသာ အမြင်အာရုံပြောင်းလဲမှု ဖြစ်ပေါ်မလာခဲ့ပေ။
သို့သော် ကျီစုန့်၏ ယုံကြည်ချက်ပြည့်ဝသော မျက်နှာထားအရ တစ်ခုခုအံ့ဖွယ်ဖြစ်တော့မည်မှန်း မှန်းဆလို့ ရလေသည်။ ထို့နောက် သူက လက်ဝှေ့လိုက်သည့်အခါ ဧရာမဝဲကတော့ကြီး ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို စတင်ဝါးမျိုပစ်လေသည်။
ဝမ်ဝေ့အတွက်မူ သူက မြေပြင်၊ တောအုပ်၊ ကျောက်တုံးများသည် စုပ်ယူအားကြောင့် ကျီစုန့်ဆီ လွင့်ပျံသွားသည်ကိုသာ စိုက်ကြည့်နေလေသည်။ ထိုစွမ်းအား သူ့အပေါ် လွှမ်းခြုံသွားသော်လည်း ဘာသက်ရောက်မှုမှ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူက တစ်ဖက်လူဆီ ပြေးသွားလိုက်သည်။ သူ့လမ်းကြောင်းကို သူ့ ထိုစုပ်ယူအားကြောင့် ဖြစ်ပေါ်လာသည့် ဧရာမမီးလျှံဥက္ကာပျံများဖြင့် တားဆီးပိတ်ပင်ခံထားရသော်လည်း သူ့ခြေလှမ်းကို မရပ်တန့်နိုင်ပေ။
သူက ထိုဥက္ကာပျံများဆီ အပြေးသွားကာ အရှိန်ပင်မလျှော့ဘဲ ဖျက်ဆီးပစ်လိုက်သည်။ သူက ကျီစုန့်ရှေ့ ရောက်သွားသည့်အခါ လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။ သူ့လက်သီးက လေဟုန်ကိုခွင်းကာ ဦးတည်ရာသို့ ရောက်ရှိသွားလေ၏။
ကံဆိုးစွာဖြင့် ထိုတိုက်ကွက်က ထင်ထားသလောက် ထိရောက်မှု မရှိပေ။ ကျီစုန့်၏ ခန္ဓာကိုယ်တွင် အနက်ရောင် အလင်းတန်း ပေါ်လာပြီးနောက် တိုက်ကွက်က ပျောက်ကွယ်သွားလေသည်။ ချက်ချင်းဆိုသလို ဝမ်ဝေ့က သူ့နောက်မှ အန္တရာယ်ကို ခံစားမိကာ ချက်ချင်းရှောင်ရှားလိုက်သည်။
အားပြင်းသည့် တိုက်ကွက်က သူ ယခင် ရပ်နေသည့်နေရာသို့ ကျရောက်လာသည်။
ထိုတိုက်ကွက်က သူ့တိုက်ကွက်နှင့် တူညီနေကြောင်း သတိပြုမိလိုက်သည်။ ဝမ်ဝေ့က ဖြစ်နိုင်ချေတစ်ခုကို တွေးမိကာ သူ့ ယူဆချက်ကို စမ်းသပ်ကြည့်လိုက်သည်။ သူက ကျီစုန့်ဆီ နောက်တစ်ခေါက် ပြေးသွားရင်း လက်သီးဖြင့် ထပ်မံ ထိုးလိုက်ပြန်သည်။
ဤတစ်ကြိမ် ယခင်တိုက်ကွက်ကဲ့သို့ အတူတူဖြစ်ပွားခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ် ဝမ်ဝေ့က အရာအားလုံးကို သိရှိသွားလေပြီ။ သူ့အနောက်တွင် အနက်ရောင်ဝဲကတော့ငယ် တစ်ခု ပေါ်လာပြီး သူ့တိုက်ကွက်က သူ့ဆီ ပြန်ရောက်လာလေ၏။ ထို့နောက် ဝမ်ဝေ့က အကြိမ်အနည်းငယ် ကြိုးစားပြီးသည့်နောက် ထိရောက်မှု မရှိကြောင်း သိပြီးသည့်နောက်တွင် ထိုနည်းစနစ်ကို သဘောပေါက်သွားလေသည်။
တွင်းနက်ကြီးကို ကာလံဒေသံ ဆက်နွယ်မှု အပေါက်လုပ်ဖို့ သုံးထားတာပဲ။ ဒါ ငါ့တိုက်ကွက်ကို အာကာပြင်ကတဆင့် ပြန်လွှတ်လိုက်တယ်ဆိုတဲ့ သဘောပဲ။ နည်းဗျူဟာတော့ ကောင်းပါရဲ့။ ဒါပေမဲ့ သူ စုပ်ယူနိုင်တဲ့ ပမာဏက ကန့်သတ်ချက်တော့ ရှိရမယ်။
ထို့နောက် ဝမ်ဝေ့က ကျီစုန့်ဆီ အားပါးတရ လက်သီးချက်များဖြင့် ထိုးတော့သည်။ ပြန်လည်ရောက်ရှိလာသည့် တိုက်ကွက်များအတွက်မူ သူက ပင်ကိုယ်စက်ကွင်းကိုသာ အသက်သွင်းထားလေသည်။ ထိုအရာက သူ့အရေပြားကို ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်အောင် လေ့ကျင့်ပြီးသည့်နောက်ဖြစ်ပေါ်လာသည့် စွမ်းရည်အသစ် ဖြစ်ပြီး အားလုံးကို တားဆီးပေးထားနိုင်သည်။