အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း ၆၁ အပြစ်ရှိတယ်
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒီဂေါ်ဘလင်က ငါတို့ရဲ့အကာအကွယ်ကို ဘယ်လိုလုပ်ချိုးဖျက်နိုင်ရတာလဲ"
ဒေါ်နယ်လ်က အကာအကွယ်ကို ချိုးဖျက်သွားသော လှံရှည်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိလေ၏။
"ဂေါ်ဘလင်တစ်ကောင်က ဒီလောက်စွမ်းအားကြီးတဲ့ လက်နက်ကို ဘယ်လိုလုပ်ပိုင်ဆိုင်ထားနိုင်ရတာလဲ"
"အဖွဲ့ခေါင်းဆောင်၊ ငါတို့တွေ ထွက်ပြေးကြရအောင်၊ အကာအကွယ်လည်း ပျက်သွားပြီဆိုတော့ ငါတို့သူတို့ကို သေချာပေါက် တားဆီးနိုင်တော့မှာ မဟုတ်ဘူး"
"ကျက်သရေတုန်းတဲ့ ဂေါ်ဘလင်တွေ၊ သူတို့ပြေးလာနေကြပြီ"
"အား၊ ဒီကိုမလာခဲ့နဲ့"
ဂေါ်ဘလင်ကောင်ရေ ငါးထောင်ခန့်သည် စိမ်းလန်းသောရေလှိုင်းကြီးတစ်ခုအလား ရွာလေးဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြလေတော့သည်။
အဆိုပါဂေါ်ဘလင်များကြားတွင် အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားသော အရပ်မောင်းကောင်းကောင်း ဂေါ်ဘလင်ဗိုလ်ချုပ်တစ်ကောင်က အလယ်ဗဟို၌ထိုင်လျက် ၎င်း၏လက်ကို အရှေ့သို့ဆန့်ထုတ်လိုက်လေ၏။ လက်ကောက်ဝတ်ရှိ အဝါရောင်လက်ကောက်လေးက တောက်ပသွားကာ လျှပ်စီးများစီးဆင်းနေသော လှံရှည်ကြီးသည် ၎င်း၏လက်ထဲသို့ ပြန်လည်ရောက်ရှိလာချေပြီ။
ဂေါ်ဘလင်ဗိုလ်ချုပ်က စွန့်စားသူအဖွဲ့ကိုကြည့်ကာ လှောင်ပြောင်ပြုံးရယ်လိုက်ပြီးနောက် ၎င်းတို့နှင့်မဝေးလှသောနေရာရှိ ရထားကို ရုတ်တရက် သတိပြုမိသွားလေသည်။ ၎င်း၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုတစ်ခုက ခဏတာဖြတ်ပြေးသွားပြီး အလိုအလျောက် ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်မိသော်လည်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မူလကတည်းက အရုပ်ဆိုးနေသော မျက်နှာကြီးသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာတော့သည်။
လှံဖျားက ရထားရှိရာသို့ ချိန်ရွယ်သွား၏။
"ဂျီလီ ဂူလူ ဂွာလာ"
ဂေါ်ဘလင်တပ်ကြီး၏ ထက်ဝက်ခန့်သည် ဦးတည်ရာပြောင်းသွားပြီး ရထားဆီသို့ တိုက်ရိုက်ပြေးဝင်လာကြလေသည်။
"ငါတို့တော့ ပစ်မှတ်ထားခံလိုက်ရပြီထင်တယ်"
ရဲချီယန်က မေးစေ့ကိုပွတ်သပ်လိုက်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးယောင်ယောင်လေးတစ်ခု ချိတ်ဆွဲလျက် ဂေါ်ဘလင်ဗိုလ်ချုပ်၏လက်ထဲရှိ လှံရှည်ကြီးကို စိုက်ကြည့်နေမိလေ၏။
"ဒါက ငါ့ရဲ့အမဲလိုက်ဆုလာဘ်များလား"
"တော်တော်လေးကောင်းမယ့်ပုံပဲ"
မီတာ ၁၅၀ အကွာအဝေး။
ဂေါ်ဘလင်တပ်ကြီးသည် ဤအကွာအဝေးသို့ ချဉ်းကပ်လာသည့်အချိန်၌ပင်။
ပိတ်ထားသော နိုးကြားသော ကင်းစောင့်သည် ပြန်လည်အသက်ဝင်လာလေတော့သည်။
"ဖျက်ဆီးပစ်လိုက်"
အမိန့်ပေးချက် ထွက်ပေါ်လာ၏။
အနီရောင် ပစ်မှတ်လော့ခ်ချသည့် အမှတ်အသားများက တဆက်တည်း ပြန့်ကျဲထွက်ပေါ်လာသည်။ တစ်ခု၊ နှစ်ခု၊ ထောင်ပေါင်းများစွာသော အနီရောင်ပစ်မှတ်များသည် ဂေါ်ဘလင်များ၏ ခြေအောက်တွင် လေထဲမှနေ၍ ရုတ်တရက် ထွက်ပေါ်လာကြလေ၏။ ကိုယ်ဖျောက်ထားခြင်း၊ ရုပ်ဖျက်ထားခြင်း သို့မဟုတ် အရှိန်တင်ထားခြင်းဖြစ်စေကာမူ မည်သူမျှ ကင်းစောင့်၏ ပစ်မှတ်လော့ခ်ချခြင်းမှ မလွတ်မြောက်နိုင်ပေ။
"ကျည်ဆန်ကတော့ လုံလောက်ပါတယ်လေ"
စိတ်စွမ်းအား ကျည်အိမ်ကို ပြန်လည်ဖြည့်တင်းလိုက်သည်။
ထို့နောက် ရထားဒင်္ဂါးတစ်ခုသည် သူ၏လက်ချောင်းထိပ်တွင် မှောင်မိုက်သော ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကင်းစောင့်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားလေသည်။
"အကန့်အသတ်ကျော်လွန် မုဒ်ကို စတင်လိုက်"
ကင်းစောင့်၏ အနီရောင်မျက်လုံးများမှ စူးရှတောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး စက္ကန့် ၃၀ စာ နှစ်ဆပစ်ခတ်မှုနှုန်းက စတင်အသက်ဝင်လာတော့သည်။ နှစ်ဆပစ်ခတ်မှုနှုန်းရှိသော မဟာကရုဏာ စက်သေနတ်ကြီး၏ မီးဟုန်းဟုန်းတောက်နေသည့် စွမ်းအားသည် မီတာတစ်ရာ့ငါးဆယ်အတွင်းရှိ နေရာအနှံ့အပြားကို သွေးလွှမ်းနေသော အသူရာစစ်မြေပြင်အဖြစ်သို့ ပြောင်းလဲပစ်လိုက်လေ၏။
ဂေါ်ဘလင်တစ်ကောင်မျှ ဤအကွာအဝေးအတွင်းသို့ ဝင်ရောက်ပြီးနောက် တစ်စက္ကန့်ပင် မခံလိုက်ရဘဲ အပိုင်းပိုင်းအစစအမြွှာမြွှာ ပေါက်ကွဲထွက်သွားကြလေသည်။
ဂေါ်ဘလင်ဗိုလ်ချုပ်သည် သူ၏ရှေ့မှောက်တွင် ဖြစ်ပျက်နေသမျှကို မယုံကြည်နိုင်စွာဖြင့် ကြည့်ရှုနေမိပြီး သူသာမက ရထားနောက်ကွယ်ရှိ စွန့်စားသူများပင် အလားတူ မှင်သက်အံ့ဩနေကြပေသည်။
ဒါက စစ်ပွဲလား၊ မဟုတ်ဘူး၊ ဒါက တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးပါတကား။
ဂေါ်ဘလင်များမှာ ထွက်ပြေးချင်နေကြပြီဖြစ်သည်။
သို့သော်လည်း ဂေါ်ဘလင်ဗိုလ်ချုပ်က အကြိမ်အနည်းငယ်မျှ ဟိန်းဟောက်လိုက်သောအခါ ထွက်ပြေးနေကြသော ဂေါ်ဘလင်များသည် သူ၏လွှမ်းမိုးမှုကို ခံလိုက်ရပြီး မျက်လုံးများ နီရဲလာကာ အူသံများပေးလျက် ဆက်လက်တိုက်ခိုက်ရန် ပြေးဝင်လာကြလေ၏။
"ဒီဂေါ်ဘလင်တွေ ရူးနေကြတာလား၊ ဒီလိုအခြေအနေကြီးကို သူတို့ဘယ်လိုလုပ် ဖြတ်ကျော်နိုင်မှာလဲ"
စွန့်စားသူတစ်ဦးက လူတိုင်း၏ ရှုပ်ထွေးနေသော စိတ်အခြေအနေကို ကိုယ်စားပြုကာ မိမိကိုယ်ကိုယ် တီးတိုးရေရွတ်လိုက်လေသည်။
"အိုး တော်တော်လေး ပါးနပ်တာပဲ၊ ငါ့ရဲ့ကျည်ဆန်တွေကို ကုန်သွားအောင် လုပ်ရမယ်ဆိုတာ သိနေတယ်ပေါ့၊ တခြားလူတစ်ယောက်သာဆိုရင်တော့ ကျည်ဆန်ပြဿနာကို တကယ်စဉ်းစားရလိမ့်မယ်၊ ဒါပေမဲ့လည်းလေ"
ကျွီ
လေနုအေးနှင့်အတူ ပါလာသော သွေးညှီနံ့များကို ဗိုက်စင်သီး၏ ချိုမြိန်သောရနံ့က ဖုံးကွယ်သွားလေ၏။ ကျည်အိမ်နှစ်ခုလုံး ကုန်ခမ်းသွားသောအခါ သေနတ်သံများသည် ကမ္ဘာကြီးထဲတွင် တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။
ဂေါ်ဘလင်ဗိုလ်ချုပ်၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှုများ ပေါ်လွင်လာပြီး ၎င်း၏လှံရှည်ကို ဝှေ့ယမ်းကာ ဆက်လက်တိုက်ခိုက်ရန် အမိန့်ပေးလိုက်လေ၏။
"ဟင့်အင်း၊ ကျည်ဆန်မရှိတော့ဘူးလား၊ အဖွဲ့ခေါင်းဆောင် သွားကြရအောင်၊ သူကျည်ကုန်သွားပြီ"
"ဟုတ်တယ် အဖွဲ့ခေါင်းဆောင်၊ ငါတို့ စောစောကတည်းက ထွက်သွားခဲ့သင့်တာ၊ ကျက်သရေတုန်းလိုက်တာ၊ မွန်မြတ်တဲ့ သခင်လေးတစ်ယောက်က ဂေါ်ဘလင် ငါးထောင်ကို ရှင်းပစ်နိုင်မယ်လို့ ငါကဘယ်လိုလုပ် ယုံကြည်မိခဲ့တာလဲ၊ ငါရူးနေတာပဲဖြစ်ရမယ်"
ဒေါ်နယ်လ်က သွားကြိတ်လိုက်ကာ သူ၏ရှေ့မှရထားကိုကြည့်ရင်း တုံ့ဆိုင်းမှုများကြားထဲသို့ ကျရောက်သွားလေ၏။
"ရဲချီယန်က ငါတို့ကို ကူညီပေးခဲ့တယ်၊ သူ့ကိုသွားခေါ်ပြီး ငါတို့အတူတူ ထွက်သွားကြမယ်"
"အဖွဲ့ခေါင်းဆောင် အချိန်မရှိတော့ဘူး၊ အဲ့ဒီကောင်လေးမှာ ရထားရှိတယ်၊ သူ့ဘာသာသူ ဘယ်လိုထွက်သွားရမလဲဆိုတာ စဉ်းစားပါစေ၊ ငါတို့နဲ့ ဘာဆိုင်လို့လဲ"
"အရူးရဲ့၊ RUN ကုမ္ပဏီက ရောင်းတဲ့ရထားတွေက စတင်မောင်းနှင်တိုင်း အင်ဂျင်အပူပေးဖို့ မိနစ်သုံးဆယ် အချိန်ယူရတယ်၊ တိုက်ပွဲစတင်ကတည်းက အခုဘယ်လောက်ကြာသွားပြီလဲ"
ဒေါ်နယ်လ်က အခြားသူများ၏ တားဆီးမှုများကို လျစ်လျူရှုကာ ရထားရှိရာသို့ အလျင်အမြန် ပြေးသွားလေ၏။
ဂေါ်ဘလင်များ မရောက်လာမီ ထိုလူကို အပြင်သို့ ခေါ်ထုတ်သွားချင်နေခဲ့သည်။
ရထားအတွင်းရှိ ရဲချီယန်က ၎င်းတို့၏ စကားဝိုင်းကို ကြားလိုက်ရသဖြင့် အနည်းငယ်ပြုံးလိုက်ကာ ပြတင်းပေါက်ကိုဖွင့်ပြီး အပြင်သို့ မှီချလျက် ချွေးသံတရွဲရွဲဖြစ်နေသော ဒေါ်နယ်လ်ကို ပေါ့ပေါ့ပါးပါး လက်လှမ်းပြလိုက်လေ၏။
"အစ်ကိုဒေါ်နယ်လ်၊ ခင်ဗျားက လူကောင်းတစ်ယောက်ပဲ"
"မြန်မြန်ဆင်းခဲ့၊ ရထားက ဘယ်လောက်ပဲ အဖိုးတန်နေပါစေ မင်းရဲ့အသက်လောက်တော့ အရေးမကြီးပါဘူး၊ အဲ့ဒီအပေါ်မှာ ဆက်မနေနဲ့တော့၊ မင်းရဲ့လက်နက်က ကျည်ကုန်သွားပြီမလား၊ အဲ့ဒီလိုလက်နက်မျိုးအတွက် ကျည်ဆန်တွေကို RUN ကုမ္ပဏီဆီကပဲ ဝယ်လို့ရတာ၊ မင်းမိသားစုက ဘယ်လောက်ပဲ ချမ်းသာနေပါစေ မင်းကို ထပ်ပေးနိုင်မှာမဟုတ်ဘူး၊ သွားရအောင် အချိန်ရှိပါသေးတယ်"
ဝါး ဝါး ဝါး
ရဲချီယန်က သူ့ကိုပြုံးပြလိုက်ကာ ပါးစပ်ထဲမှ ဗိုက်စင်သီးကို မျိုချလိုက်လေ၏။
"စိတ်မပူပါနဲ့၊ ကျည်ဆန်တွေ အများကြီးကျန်ပါသေးတယ်"
မီတာ ၈၀။
တောက်
သူ့လက်ချောင်းလေးကို ခေါက်လိုက်သည့်အသံ ထွက်ပေါ်လာပြီးနောက် ဗလာဖြစ်နေသော စိတ်စွမ်းအား ကျည်အိမ်သည် ချက်ချင်းပင် ပြန်လည်ပြည့်နှက်သွားလေတော့သည်။
မီတာ ၅၀။
နောက်ထပ် ရထားဒင်္ဂါးတစ်ခုက ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။
"အကန့်အသတ်ကျော်လွန် မုဒ်၊ ပြန်လည်အသက်သွင်းလိုက်"
ပစ်
စစ်မြေပြင်တွင် ဂေါ်ဘလင်များသည် ကျည်ဆန်များထိမှန်ကာ သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားကြလေ၏။ အဆင့် ၆ စက်သေနတ်ကြီးနှင့် အထူးစိတ်စွမ်းအားကျည်ဆန်များ ပေါင်းစပ်လိုက်သောအခါ မကောင်းဆိုးဝါးများ ပြည့်နှက်နေသော နေရာများတွင် ကျည်တစ်တောင့်တည်းဖြင့်ပင် ရန်သူအများအပြားကို သတ်ဖြတ်နိုင်စွမ်းရှိပေသည်။
အနိုင်မယူနိုင်သော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်နေရချိန်တွင် ရူးသွပ်မှုထဲသို့ တွန်းပို့ခံထားရသော ဂေါ်ဘလင်များပင် အသိစိတ် ပြန်လည်ဝင်လာကြတော့သည်။ သူတို့သည် သံချပ်ကာများနှင့် လက်နက်များကို လွှင့်ပစ်လိုက်ကြပြီး ၎င်းတို့၏ မွေးရာပါအသိစိတ်က ဤမကောင်းဆိုးဝါးများကို ဂေါ်ဘလင်ဗိုလ်ချုပ်၏ အမိန့်များကို လျစ်လျူရှုကာ လှည့်ထွက်ပြေးရန် တွန်းအားပေးနေလေ၏။
"သူတို့ကို လိုက်ဖမ်း"
စစ်မြေပြင်တွင် ရယ်စရာကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေသည်။ ကင်းစောင့်စက်သည် လေထဲတွင် ဝဲပျံနေကာ စက်သေနတ်ကြီးကို ကိုင်ဆောင်လျက် ကျန်ရှိနေသော ဂေါ်ဘလင်ကောင်ရေ နှစ်ထောင်အောက်ကို တစ်ကိုယ်တော် ဝိုင်းရံဖိနှိပ်ထားလေ၏။ ကျည်အိမ်နှစ်ခုလုံး ထပ်မံကုန်ခမ်းသွားသောအခါမှသာ ကင်းစောင့်သည် ၎င်း၏လိုက်လံတိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ရထားပေါ်သို့ ပြန်လည်ရောက်ရှိလာတော့သည်။
ရထားပြတင်းပေါက်ဘောင်တွင် ထိုင်နေသော ရဲချီယန်သည် ဗိုက်စင်သီးကို ဆက်လက်စားသုံးနေကာ အကြိမ်ပေါင်းမည်မျှမှန်းမသိ ဆွံ့အမှင်သက်နေသော ဒေါ်နယ်လ်ကို လျစ်လျူရှုလျက် ရထားအပြင်သို့ တိုက်ရိုက်လမ်းလျှောက်ထွက်လာခဲ့လေ၏။
ရထားရှေ့ မီတာသုံးရာအတွင်းရှိ စိမ်းလန်းသောမြက်ခင်းပြင်သည် သွေးရောင်အဖြစ်သို့ စွန်းထင်းနေလေပြီ။ ဤအသူရာစစ်မြေပြင်တွင် ဂေါ်ဘလင်တပ်ကြီးတစ်ခုလုံး လုံးဝပြိုလဲပျက်စီးသွားခဲ့ချေပြီ။ ဂေါ်ဘလင်ဗိုလ်ချုပ်သာလျှင် နေရာတွင် ကျန်ရစ်ခဲ့ပြီး ဒေါသတကြီးဖြင့် မည်မျှပင် ဟိန်းဟောက်နေစေကာမူ ဂေါ်ဘလင်တပ်ကြီး၏ ပျက်စီးသွားသော စိတ်ဓာတ်ခွန်အားကို ပြန်လည်ဆယ်တင်နိုင်စွမ်း မရှိတော့ပေ။
သေချာသည်မှာ သူကိုယ်တိုင်ပင်လျှင် ကင်းစောင့်၏ တိုက်ခိုက်မှုအောက်တွင် ကြောက်ရွံ့မှုကို ခံစားနေရခြင်းပင်။ သူ၏တပ်နှင့်အတူ ထွက်ပြေးရန် ပြင်ဆင်နေစဉ် လက်နက်မဲ့လူသားတစ်ဦးက တော်တော်လေး အရသာရှိမည့်ပုံစံဖြင့် ရထားထဲမှ လမ်းလျှောက်ထွက်လာသည်ကို သူရုတ်တရက် သတိပြုမိသွားလေ၏။
"ဂျီလီ ဂူလူ၊ ဂျီလီ ဂူလူ"
သူက ချက်ချင်းပင် ဝမ်းသာအားရဟန်ကို ပြသလိုက်သည်။ သူ၏ ဖွံ့ဖြိုးမှုအားနည်းသော ဦးနှောက်ဖြင့်ပင် ဤအရသာရှိသော လူသားသည် ထိုရထား၏ ပိုင်ရှင်ဖြစ်နိုင်ကြောင်း သူခန့်မှန်းသိရှိနိုင်ပေသည်။ သူ့ကိုသတ်လိုက်နိုင်သရွေ့ ထိုရထားသည် ကြီးမြတ်သော ဂေါ်ဘလင်ဗိုလ်ချုပ် တူအိုလော့၏ ပိုင်ဆိုင်မှု ဖြစ်လာလိမ့်မည်တကား။
လောဘစိတ်က သူ၏ကြောက်ရွံ့မှုကို စွန့်လွှတ်သွားစေခဲ့သည်။ ဒီအကွာအဝေးမှာ သူဒီအရသာရှိတဲ့ လူသားရဲ့နှလုံးသားကို သေချာပေါက် ထိုးဖောက်နိုင်လိမ့်မယ်၊ ပြီးရင်တော့ သူဟာ အစောက အကာအကွယ်လိုပဲ အပိုင်းပိုင်းအစစ ကွဲကြေသွားလိမ့်မည်။
"ဂျီလီ ဂူလူ ဂွာလာ"
ဂေါ်ဘလင်ဗိုလ်ချုပ်သည် ၎င်း၏လှံရှည်ကို မြင့်တင်လိုက်ရာ တောက်ပသောအဝါရောင် လျှပ်စီးများက လှံပေါ်တွင် ရစ်ပတ်တွယ်ကပ်လာလေ၏။
သို့သော် သူလှံကိုမပစ်လွှတ်နိုင်မီမှာပင်။
ဒိုင်း
ကျည်ဆန်တစ်တောင့်က သူ၏မျက်ခုံးနှစ်ခုကြား ဗဟိုတည့်တည့်ကို ဖောက်ဝင်သွားလေတော့သည်။
သေနတ်သံ တရားစီရင်ခြင်း — အသက်ဝင်လေပြီ။
အပြစ် တရားစီရင်ခြင်း —
အပြစ်ရှိတယ်
အခန်း ၆၂ ဒေါသကြမ်း လျှပ်စီးလှံရှည်
ကျည်တစ်တောင့် ပစ်ခတ်လိုက်သည်နှင့် လောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေ၏။
"ဖူး"
ရဲချီယန်က အီဘိုနီ သေနတ်ပြောင်းဝမှ မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ကာ ရွှင်လန်းသော သံစဉ်တစ်ခုကို ညည်းတွားရင်း ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားသော ဂေါ်ဘလင်ဗိုလ်ချုပ်၏ အလောင်းဆီသို့ တည့်မတ်စွာ လျှောက်သွားကာ ဘေးသို့ ကန်ထုတ်လိုက်လေတော့သည်။
ဒါက သေနတ်သံ တရားစီရင်ခြင်း၏ တက်ကြွစွမ်းရည်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းပင် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်။
၎င်းက အလွန်တရာ အစွမ်းထက်လှပေသည်။
မြေပြင်ပေါ်သို့ လိမ့်ကျသွားသော လှံရှည်ကြီးကို သူကောက်ယူလိုက်၏။
၎င်းကို အကဲဖြတ်ရန်အတွက် အလင်းဖန်သားပြင်ကို ဆွဲဖွင့်လိုက်လေသည်။
(ဒေါသကြမ်း လျှပ်စီးလှံရှည်) (အဆင့် ၅)
(အားပြင်းသော လျှပ်စီးတိုက်ခိုက်မှုတစ်ခုကို ပစ်လွှတ်ရန် ကိုယ်ခံစွမ်းအားကို စားသုံးသည်)
(တွဲဖက်တပ်ဆင်ရမည့် ကိရိယာ၊ လှံပြန်လည်ရုပ်သိမ်းရေးကိရိယာ)
လှံပြန်လည်ရုပ်သိမ်းရေးကိရိယာဆိုသည်မှာ ဂေါ်ဘလင်ဗိုလ်ချုပ် ယခင်က အသုံးပြုခဲ့သော ပစ္စည်းပင် ဖြစ်တန်ရာ၏။
ရဲချီယန်က ၎င်း၏လက်ကောက်ဝတ်မှ ထိုပစ္စည်းကို ချွတ်ယူလိုက်ကာ ထင်ရှားသော နည်းပညာမြင့်ပုံစံရှိသည့် ဤကိရိယာကို သေချာစွာ စစ်ဆေးရင်း တွေးတောခန်းဖွင့်နေမိလေတော့သည်။
"ဂေါ်ဘလင်တစ်ကောင်က ဒါကို တကယ်ကြီး ရနိုင်ပါ့မလား၊ ဒါမှမဟုတ် တခြားတစ်နေရာရာက ရတနာသေတ္တာကို ဖွင့်လိုက်မိတာများလား၊ မဟုတ်သေးဘူး၊ ဒေါ်နယ်လ်က ငါ့ကို လိမ်ညာစရာ အကြောင်းမရှိဘူး၊ ဒီပလက်ဖောင်းကမ္ဘာတွေက ဒေသခံတွေဟာ ရတနာသေတ္တာတွေဖွင့်ရင် ရထားဒင်္ဂါးတွေကိုပဲ ရနိုင်တာလေ၊ တခြားဆုလာဘ်တွေကို သူတို့မရနိုင်ဘူး၊ ဒါဆိုရင် RUN ကုမ္ပဏီများလား"
ဒီလှံပြန်လည်ရုပ်သိမ်းရေးကိရိယာပဲဖြစ်ဖြစ်၊ လှံရှည်ကြီးကိုယ်တိုင်ပဲဖြစ်ဖြစ် ဒီပစ္စည်းတွေအားလုံးက RUN ကုမ္ပဏီဆီကနေ ဝယ်ယူထားတာလို့ ရဲချီယန် ခံစားနေရ၏။
ဂေါ်ဘလင်ဗိုလ်ချုပ်က သူ၏ရထားကို မည်မျှအထိ တမင်ပစ်မှတ်ထားခဲ့သည်ကို ကြည့်ရုံဖြင့် ခန့်မှန်းသိရှိရန် မခက်ခဲလှပေ။
ဒီမကောင်းဆိုးဝါးက အရင်တုန်းက တခြားရထားတွေနဲ့ သေချာပေါက် ဆုံတွေ့ဖူးခဲ့တာဖြစ်ပြီး ဒေသခံတွေဝယ်ထားတဲ့ ရထားမျိုးမဟုတ်ဘဲ အစစ်အမှန် ရထားမောင်းနှင်သူတွေ ပိုင်ဆိုင်တဲ့ ရထားမျိုး ဖြစ်ရပေမည်။
"RUN ကုမ္ပဏီဆိုတာလည်း ရထားမောင်းနှင်သူတွေ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ မဟုတ်လား၊ သူတို့က ဒေသခံတွေကို ပစ္စည်းတွေရောင်းတယ်၊ ပြီးတော့ ဒီဒေသခံတွေ လုပ်သမျှက ပလက်ဖောင်းအသစ်တွေ ဖြစ်လာတာလား"
RUN ကုမ္ပဏီကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ရသေးသရွေ့ ရဲချီယန်၏ ခန့်မှန်းချက်များကို အတည်မပြုနိုင်သေးချေ။
သို့သော်လည်း မကြာမီ သိလာရနိုင်ပေသည်။
ကြေညာချက်အရဆိုလျှင် ဒသမမြောက် ပလက်ဖောင်းကို ဖြတ်ကျော်ပြီးနောက် ဤရထားမောင်းနှင်သူများ အသုတ်သည် အတွေ့အကြုံသစ်ကာလကို ကျော်လွန်သွားမည်ဖြစ်သည်။ ထိုအချိန်ကျလျှင် ယခင်သုတ်မှ ရထားမောင်းနှင်သူများနှင့် တွေ့ဆုံရန် အခွင့်အရေး သေချာပေါက် ရှိလာပေလိမ့်မည်။ သူတို့၏ RUN ကုမ္ပဏီနှင့် ပတ်သက်သော နားလည်သဘောပေါက်မှုက သူ့ထက် သေချာပေါက် ပိုများပြားမည်ဖြစ်ပြီး တစ်နေရာရာသော ဘူတာရုံတွင် RUN ကုမ္ပဏီမှ လူများနှင့် ဆုံတွေ့လာနိုင်ခြေလည်း ရှိလေ၏။
လှံရှည်ကို သိမ်းဆည်းလိုက်ပြီးနောက် ခဏတာ တုံ့ဆိုင်းနေပြီးမှ ရဲချီယန်က ဂေါ်ဘလင်ဗိုလ်ချုပ်၏ ကိုယ်ပေါ်မှ သံချပ်ကာကိုလည်း ချွတ်ယူလိုက်လေသည်။
ဒီကောင်က ဘယ်နှစ်နှစ်လောက် ရေမချိုးရသေးမှန်း မသိရဘဲ သံချပ်ကာမှ ထွက်ပေါ်နေသော အနံ့ဆိုးကြီးက လုံးဝသည်းခံနိုင်စရာ မရှိပေ။
သို့သော်လည်း ဤပစ္စည်းကို လွှင့်ပစ်လိုက်ရန် နှမြောစရာကောင်းပြီး ပြန်လည်အသုံးပြုရေး လုပ်ငန်းစဉ်သို့ ပို့လိုက်ပါကလည်း သယံဇာတပစ္စည်းများ သိပ်ရလာမည်မဟုတ်ချေ။ ၎င်းကို ကုန်သွယ်ရေး ပလက်ဖောင်းပေါ်သို့ တင်ရောင်းလိုက်ခြင်းက ပို၍ကောင်းမွန်ပြီး အနံ့ဆိုးကို ဂရုမစိုက်ဘဲ ဝယ်ယူမည့်သူ သေချာပေါက် ရှိနေလိမ့်မည်ဖြစ်သည်။ ပြန်သယ်သွားရန် အလွန်ဒုက္ခများလှသဖြင့် ရဲချီယန်က သံချပ်ကာကို ရထားဒင်္ဂါး ၈ ပြား ဈေးဖြတ်ကာ ကုန်သွယ်ရေး ပလက်ဖောင်းပေါ်သို့ တိုက်ရိုက်တင်ရောင်းလိုက်လေတော့သည်။
"ငါ့လို ရက်ရောတဲ့ ကုန်သည်မျိုးကို ဘယ်နေရာမှာ ရှာတွေ့နိုင်မှာလဲ"
အဆင့် ၃ သံချပ်ကာတစ်ထည်အတွက် ရထားဒင်္ဂါး ၈ ပြား။
၎င်းက ရက်ရောစိတ်ရှိခြင်းနှင့် မည်သို့မျှ သက်ဆိုင်ပုံမပေါ်ပေ။
သူက တိုက်ပွဲဝင်ဆုလာဘ်များနှင့်အတူ ရထားဆီသို့ ပြန်လာခဲ့လေ၏။
ဒေါ်နယ်လ်နှင့် သူ၏ဘေးရှိ စွန့်စားသူများကို ကြည့်လိုက်သောအခါ သူတို့၏ အကြည့်များတွင် အထင်ကြီးလေးစားမှုနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေသည်ကို တွေ့ရသည်။
နိုးကြားသော ကင်းစောင့်၏ တိုက်ခိုက်မှုက လက်နက်စွမ်းအားကြီးမားသောကြောင့်ဟုသာ ဤစွန့်စားသူများကို တွေးထင်စေခဲ့လျှင်ပင်၊ ဂေါ်ဘလင်ဗိုလ်ချုပ်ကို ချက်ချင်းအသေသတ်လိုက်နိုင်သော ရဲချီယန်၏ ယခုလေးတင် ပစ်ခတ်လိုက်သည့် ကျည်တစ်တောင့်က သံသယအားလုံးကို လုံးဝပျောက်ကွယ်သွားစေရန် လုံလောက်နေပေပြီ။
"သခင်လေးရဲ၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဂေါ်ဘလင်တပ် ငါးထောင်ကို တစ်ယောက်တည်း တွန်းလှန်နိုင်ခဲ့တဲ့ သခင်လေးရဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော်တို့ သေချာပေါက် သတင်းဖြန့်ပေးပါ့မယ်၊ သန့်ရှင်းသော ဘုရားသခင်ရဲ့ နာမတော်ကို တိုင်တည်ပြီး ကျွန်တော် ဒေါ်နယ်လ် ဒီလိုစွမ်းဆောင်ရည်တွေကို လုံးဝ ဖုံးကွယ်မထားပါဘူးလို့ ကတိပြုပါတယ်"
"ဒါက အရေးမကြီးပါဘူး၊ ဒါပေမဲ့ ခင်ဗျားတို့ရဲ့တာဝန် ပြီးဆုံးသွားပြီမလား၊ ကျွန်တော်က ဒီမှာ ခဏလောက် ဆက်နေဖို့ လိုသေးတယ်၊ ခင်ဗျားတို့ကရော"
"ကျွန်တော်တို့ အခုပဲ ထွက်သွားတော့မှာပါ"
သူ၏စကားများထဲမှ သွယ်ဝိုက်သော နှင်ထုတ်လိုသည့် အဓိပ္ပာယ်ကို နားလည်လိုက်သဖြင့် ဒေါ်နယ်လ်က သူ၏စွန့်စားသူအဖွဲ့ကို ခေါ်ဆောင်ကာ တုံ့ဆိုင်းမှုမရှိဘဲ ထွက်ခွာသွားလေတော့သည်။
သူထွက်ခွာသွားစဉ် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ မျက်နှာကို ခေါင်းစွပ်ဖြင့် ဖုံးကွယ်ထားသော အမျိုးသမီး ဝတ်ပြုသူတစ်ဦး၏ ငွေရောင်ရုပ်တုလေးကို ကျောပိုးအိတ်ထဲမှ ဆွဲထုတ်ကာ ကမ်းပေးလာလေ၏။
"သခင်လေးရဲ၊ သခင်လေးက ကျွန်တော်တို့ကို အများကြီး ကူညီပေးခဲ့ပြီး အားလုံးရဲ့အသက်ကိုလည်း ကယ်တင်ပေးခဲ့တယ်၊ ကျွန်တော်တို့ဆီမှာ အဖိုးတန်တာ ဘာမှမရှိပေမဲ့ ဒါလေးကိုတော့ ယူထားပေးပါ၊ ဒါရှိရင် သန့်ရှင်းသော ဘုရားသခင်က သခင်လေးကို ကောင်းချီးပေးပါလိမ့်မယ်"
စွန့်စားသူအဖွဲ့၏ ကျောပြင်များက တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။
ရဲချီယန်က သူ၏လက်ထဲရှိ ရုပ်တုလေးကို ကြည့်ရှုရင်း အနည်းငယ် တွေးတောနေမိ၏။
"ဒီကမ္ဘာမှာ တကယ်ပဲ နတ်ဘုရားတွေ ရှိနေတာလား၊ မဟုတ်သေးဘူး၊ ငါဘာတွေတွေးနေတာလဲ၊ နတ်ဘုရားတွေ မရှိဘူးဆိုမှသာ တကယ်ကို ထူးဆန်းနေတော့မှာ"
(သူတော်စင် ရုပ်တု)
(ဆုတောင်းပြီး မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေပါ၊ သန့်ရှင်းသော ဘုရားသခင်က သင့်အပေါ် အကြည့်ရောက်လာကောင်း ရောက်လာနိုင်ပါတယ်)
(၎င်းက အသုံးဝင်ချင်မှ ဝင်လိမ့်မည်)
မရေမတွက်နိုင်သော လူများကို ဤရထားရှင်သန်ရေးကမ္ဘာထဲသို့ အဆက်မပြတ် ဝင်ရောက်စေပြီး အသက်စွန့်ကာ စူးစမ်းရှာဖွေစေနိုင်သည်မှာ နတ်ဘုရားမှလွဲ၍ အခြားမည်သည့်အရာ ရှိနိုင်ဦးမည်နည်း။
မဟုတ်ဘူး။
သို့မဟုတ် အခြားတစ်နည်းဖြင့် ပြောရမည်ဆိုလျှင်။
ဒီလိုကိစ္စမျိုးကို လုပ်နိုင်စွမ်းရှိသူကို နတ်ဘုရားဟုသာ ခေါ်ဆိုရပေမည်။
ရဲချီယန်က ရုတ်တရက် ရှာယာကို သတိရသွားလေ၏။
ထိုမိန်းမက သီလရှင်အသွင်ကို ယူထားခဲ့သည်။
သူမက ဘယ်နတ်ဘုရားကို ယုံကြည်ကိုးကွယ်တာလဲ။
"အခွင့်အရေးရရင် သူမကို မေးကြည့်ရမယ်"
ရုပ်တုကို ချထားလိုက်ပြီးနောက် သူ၏အကြည့်များက ဤဘူတာရုံအတွက် အမဲလိုက်ဆုလာဘ်ပေါ်သို့ ကျရောက်သွားလေ၏။
"အဆင့်မြင့် အသွင်ကူးပြောင်းခြင်း"
(ကိုယ်ခံစွမ်းအား - ၁၁၇ -> ၇၃)
(အဆင့်မြင့် အသွင်ကူးပြောင်းခြင်း အောင်မြင်သည်)
(ဒေါသကြမ်း လျှပ်စီးလှံရှည် -> ဒေါသကြမ်း လျှပ်စီးလှံရှည် (အဆင့် ၆))
(ကြမ်းကြုတ်သော မိုးကြိုးပစ်လွှတ်မှု - ကိုယ်ခံစွမ်းအားကို သုညအထိ စားသုံးပြီး အားပြင်းသော တိုက်ခိုက်မှုတစ်ခုကို ပစ်လွှတ်သည်)
(တပ်ဆင်နိုင်သည် - လှံပြန်လည်ရုပ်သိမ်းရေးကိရိယာ)
အားပြင်းတယ်ဆိုတာ ဘယ်လောက်အထိ ပြင်းထန်တာလဲ။
ရဲချီယန်က အလွယ်တကူ စမ်းသပ်မကြည့်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ဤဆိုးကျိုးသက်ရောက်မှုက အနည်းငယ် ပြင်းထန်လွန်းပုံပေါ်နေသည်။ ကိုယ်ခံစွမ်းအား သုညအထိ ကျဆင်းသွားပြီးနောက် အလွန်တရာ နှေးကွေးလေးလံသော အခြေအနေသို့ ရောက်ရှိသွားမည်ကို သိထားသင့်ပေသည်။ သူ၏စွမ်းအား အမှတ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်သာ ကျန်ရှိချိန်တွင်ပင် အတော်လေး နေရခက်နေခဲ့ပြီဖြစ်ရာ သုညသာဆိုလျှင် မည်သို့ဖြစ်လာမည်ကို တွေးကြည့်ရန်ပင် ခက်ခဲလှ၏။
သို့သော်ငြားလည်း သူက ၎င်းကိုအသုံးပြုရန် ကိုယ်ခံစွမ်းအား မကုန်ဆုံးချင်သော်လည်း နိုးကြားသော ကင်းစောင့်ဆိုလျှင်ကော မည်သို့ရှိမည်နည်း။
နိုးကြားသော ကင်းစောင့်တွင် ကိုယ်ခံစွမ်းအားကဲ့သို့သော အရာမျိုး မရှိပေ။
ဤသို့တွေးမိလိုက်သည်နှင့် ရဲချီယန်က ရထားခေါင်မိုးပေါ်သို့ စိတ်အားထက်သန်စွာ တက်သွားကာ ဤပစ်လွှတ်ရသော လှံရှည်နှင့် ပြန်လည်ရုပ်သိမ်းရေးကိရိယာကို နိုးကြားသော ကင်းစောင့်၌ တိုက်ရိုက်တပ်ဆင်လိုက်လေတော့သည်။
ထို့နောက် အမိန့်ပေးလိုက်၏။
"လက်နက်ပြောင်း၊ ဒေါသကြမ်း လျှပ်စီးလှံရှည်"
"ကြမ်းကြုတ်သော မိုးကြိုးပစ်လွှတ်မှုကို အသက်သွင်းလိုက်"
အမိန့်ပေးချက် ထွက်ပေါ်လာလေပြီ။
နိုးကြားသော ကင်းစောင့် စတင်လှုပ်ရှားလာ၏။
လှံကိုယ်ထည်ပေါ်တွင် ရွှေရောင်လျှပ်စီးများက အဆက်မပြတ် စုစည်းလာပြီး ခရုပတ်ပုံစံ လည်ပတ်နေသော မိုးကြိုးလှံဖျားတစ်ခု ဖြစ်ပေါ်လာလေသည်။ အကန့်အသတ်တစ်ခုသို့ ရောက်ရှိသွားပြီးနောက် ၎င်းသည် ကောင်းကင်မှ မြေကြီးဆီသို့ ကျဆင်းလာသော ရွှေရောင်ဥက္ကာပျံတစ်ခုအသွင် ပြောင်းလဲကာ ပျံသန်းထွက်ခွာသွားလေတော့သည်။
ထို့နောက်တွင်တော့...
"ဝုန်း"
ပြင်းထန်သော လှိုင်းလုံးကြီးနှင့်အတူ ကြီးမားသော ပေါက်ကွဲမှုကြီးက အပြင်ဘက်သို့ ပြန့်ထွက်သွားလေ၏။
"သေစမ်း"
ပြင်းထန်သော ရိုက်ခတ်မှုကို ခံစားလိုက်ရသဖြင့် ရဲချီယန်က လွင့်စဉ်မသွားစေရန် ရထားအတွင်းသို့ အလျင်အမြန် ဝင်ပုန်းလိုက်ရသည်။
လျှပ်စီးများ ပျောက်ကွယ်သွားသောအခါ သူ၏ရှေ့တွင် ပေါ်လာသော ခရုပတ်ပုံစံ ဧရာမ မီးတောင်ဝကဲ့သို့ မြေပြင်အချိုင့်ကြီးကို ကြည့်လိုက်မိလေ၏။
"မဆိုးဘူးပဲ"
ရဲချီယန်သည် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ပြီးနောက် လှံ၏စွမ်းအားအပေါ် အလွန်တရာ ကျေနပ်သွားခဲ့သည်။ ထို့အပြင် နိုးကြားသော ကင်းစောင့်က လှံတွင်ပါရှိသော စွမ်းရည်ကို အသုံးပြုသောအခါ ဖော်ပြထားသည့်အတိုင်း ကိုယ်ခံစွမ်းအားကို စားသုံးမည်မဟုတ်ဘဲ ပြန်လည်အသုံးပြုနိုင်ရန် တစ်မိနစ်ခန့် အားပြန်သွင်းရန်သာ လိုအပ်ပေသည်။ လှံပြန်လည်ရုပ်သိမ်းရေးကိရိယာမှတစ်ဆင့် အဆက်မပြတ် ပြန်လည်ခေါ်ယူနိုင်သောကြောင့် ၎င်းသည် မဟာကရုဏာ စက်သေနတ်ကြီးထက် လျော့နည်းမှုမရှိသော နောက်ထပ် ကြီးမြတ်သည့် လက်နက်တစ်ခု လုံးဝဖြစ်လာခဲ့လေပြီ။
ထိုမျှမက နိုးကြားသော ကင်းစောင့်သည် ဤလှံကို အနီးကပ်တိုက်ခိုက်မှုများအတွက်လည်း အသုံးပြုနိုင်ရာ နိုးကြားသော ကင်းစောင့်၏ အနီးကပ်တိုက်ခိုက်ရေး အားနည်းချက်ကို များစွာ ဖြည့်ဆည်းပေးနိုင်လေသည်။
စဉ်းစားကြည့်လိုက်ပါ၊ တကယ်လို့ ရန်သူတစ်ဦးက နိုးကြားသော ကင်းစောင့်အနီးသို့ ရောက်လာခဲ့လျှင် စက်သေနတ်ဖြင့် အရေးကြီးသောနေရာများကို ပစ်ခတ်ခံရမည့်အပြင် လှံရှည်၏ နှောင့်ယှက်မှုကိုပါ ခံရဦးမည်ဖြစ်သည်။
တကယ်လို့ သူတို့က အဝေးသို့ ထွက်ပြေးသွားခဲ့လျှင်ပင် ဒေါသကြမ်း လျှပ်စီးလှံရှည်၏ လိုက်လံတိုက်ခိုက်မှုကို ခံရဦးမည်တကား။
ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ မရောက်ရှိမီအချိန်အထိ နိုးကြားသော ကင်းစောင့်တွင် မည်သည့်ပြိုင်ဘက်မျှ ရှိလာနိုင်မည် မဟုတ်ချေ။
မီတာ ၁၅၀ အကျယ်အဝန်းရှိသော သတိပေးနယ်မြေသည် ရန်သူများ၏ အိပ်မက်ဆိုး ဖြစ်လာစေရန် ကံကြမ္မာက ဖန်တီးထားပြီး ဖြစ်လေတော့သည်။