အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း ၆၃ နတ်ဆိုး ကတ်ပြား၊ သွေးဆောင်ဖြားယောင်းခြင်း
ဒါဗေးလ်ရွာ၏ မြေအောက်အနက် မီတာ ၂၀၀၀ တွင်။
သပ်ရပ်လှပသော သံချပ်ကာများကို ဝတ်ဆင်ထားသည့် စစ်သားများသည် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို ဝိုင်းရံထားကာ ဤမြေအောက်ကမ္ဘာတွင် စောင့်ဆိုင်းနေကြလေ၏။
သူတို့၏ရှေ့မှောက်ရှိ တစ်ပိုင်းပွင့်လင်းမြင်သာသော အလင်းတန်းအကာအကွယ်အတွင်းတွင် ပြောင်းပြန်ကြက်ခြေခတ်ပုံစံ အဆောက်အအုံတစ်ခုက မားမားမတ်မတ် ရပ်တည်နေသည်။
ထိုအမျိုးသမီးက ဆလင်ဒါပုံစံ သော့တစ်ချောင်းကို ကိုင်ဆောင်ထားကာ အလင်းတန်းအကာအကွယ်ရှေ့ရှိ ကျောက်သားပလက်ဖောင်းထဲသို့ အားကုန်သုံး၍ ထိုးထည့်လိုက်ပြီး သူမ၏ခြေလှမ်းများမှာ ယိမ်းယိုင်နေကာ အချိန်ကြာမြင့်စွာ ရပ်နေခဲ့ရသည့်အလား ပင်ပန်းနွမ်းနယ်နေပုံပေါ်လေသည်။
"အဆွေတော်မင်းသမီး၊ အနားယူပြီး ကျွန်တော်တို့ကို လွှဲပေးပါလား၊ အခုဆိုရင် တစ်ရက်လောက်တောင် ရှိနေပြီဆိုတော့ ဒီအတိုင်းဆက်သွားရင် မင်းသမီးရဲ့ ခန္ဓာကိုယ်က ဒဏ်ခံနိုင်မှာ မဟုတ်ဘူး"
စစ်သားတစ်ဦးက ရှေ့သို့ထွက်လာကာ မျက်နှာလိုမျက်နှာရ ပြုလုပ်ရန် ကြိုးစားလိုက်လေ၏။
"ထွက်သွားစမ်း"
ထိုအမျိုးသမီးက စစ်သားကို ရက်စက်ကြမ်းကြုတ်စွာဖြင့် ကန်ထုတ်လိုက်တော့သည်။
"ဒီကပစ္စည်းတွေအကုန်လုံးက ငါ့ဟာတွေချည်းပဲ၊ နင်တို့လို သာမန်အရပ်သားတွေက လက်ဖျားနဲ့တောင် ထိခွင့်မရှိဘူး"
သူမ၏စကားများကြောင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြပြီး ဘေးသို့ကန်ထုတ်ခံရကာ သွေးအန်နေသော စစ်သားကို ထူပေးလိုက်ပြီးနောက် မည်သည့်စကားမျှ ဆက်မပြောရဲတော့ဘဲ ဘေးဘက်သို့သာ ရှောင်ဖယ်သွားကြလေ၏။
သူမ၏ပတ်ဝန်းကျင်ရှိ ဖိနှိပ်ချုပ်ချယ်လွန်းသော လေထုကို ခံစားလိုက်ရသော်လည်း ထိုအမျိုးသမီးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်ပြီး အလင်းတန်းအကာအကွယ်အတွင်းရှိ ပြောင်းပြန်ကြက်ခြေခတ် ယဇ်ပလ္လင်ဆီသို့သာ ပြင်းပြသော စိတ်အားထက်သန်မှုများဖြင့် စိုက်ကြည့်နေမိလေသည်။
"ရောက်တော့မယ်၊ နီးနေပြီ"
အမှောင်ထုထဲတွင် မည်သူမျှ သတိမထားမိလိုက်ကြပေ။ ခေါင်းကိုဝှက်ထားသော လေးထောင့်ပုံစံ စက်ရုပ်ငယ်လေးတစ်ရုပ်က အနီးအနားတွင် လျှို့ဝှက်စွာ ပုန်းကွယ်နေပြီး ဖြစ်ပျက်သမျှကို စောင့်ကြည့်နေခဲ့၏။
ဝေါလီက ခိုးကြောင်ခိုးဝှက်ဖြင့် ပတ်ပြေးကာ အလင်းတန်းအကာအကွယ်၏ အခြားတစ်ဖက်တွင် ရပ်တန့်လိုက်ပြီး သူ၏စက်ရုပ်လက်တံလေးဖြင့် ထိုးဆွကြည့်လိုက်ရာ ပျော့အိအိခံစားမှုကို ရရှိလိုက်လေသည်။
ထို့ကြောင့် ဝေါလီက ၎င်းထဲသို့ တိုက်ရိုက် ပြေးဝင်တိုက်ချလိုက်တော့သည်။
"ဒိုင်း"
သူ၏သံခေါင်းလေးကို ဆုပ်ကိုင်ထားရင်း စက်ရုပ်ငယ်လေးမှာ နာကျင်သွားဟန်ကို ပြသနေလေ၏။
သူဒီထဲကို ဝင်လို့မရဘူးဆိုတာ သေချာသွားခဲ့ချေပြီ။ သူသခင်ကြီးဆီ ပြန်သွားပြီး ဒီအကြောင်းကို ပြောပြရပေမည်။ သူဒီပလက်ဖောင်းပေါ်မှာ ရှာတွေ့ခဲ့တဲ့ အဖိုးတန်ဆုံးအရာကို သခင်ကြီးကိုယ်တိုင် လာရောက်ယူဆောင်နိုင်ဖို့ လုပ်ဆောင်ရမည်တကား။
"ဝေါလီ၊ မင်းတော်တော်မြန်မြန် ပြန်ရောက်လာတာပဲ"
"ပစ္စည်းကို မရခဲ့ဘူးပေါ့လေ၊ ကိစ္စမရှိပါဘူး၊ မရခဲ့ရင်လည်း ပြဿနာမရှိပါဘူး၊ မင်းကို အားပြန်သွင်းပေးပါ့မယ်"
"အိုး မင်းက မြေပုံတောင် ဆွဲလာတာလား၊ ဒီအောက်မှာ ရတနာတွေရှိတယ်လို့ ဆိုလိုချင်တာလား"
မြေအောက်ဝင်ပေါက်ဆီသို့ ဝေါလီ၏ လမ်းပြမှုဖြင့် ရောက်ရှိလာခဲ့လေသည်။ ရဲချီယန်က အလင်းရောင်ရရှိရန်အတွက် သန့်စင်သော မြေစွဲကျောက်တုံးကို ထုတ်ယူလိုက်ပြီး ဝေါလီ၏နောက်မှ လိုက်ပါသွားလေ၏။
"ဒီတော့ နေရာက ဒီဘက်မှာပေါ့"
နာရီဝက်ခန့် ကြာပြီးနောက် နက်ရှိုင်းပြီး လူသူကင်းမဲ့သော လမ်းလေးတစ်ခုကို ဖြတ်သန်းသွားသောအခါ သူ၏ရှေ့မှ မြင်ကွင်းက ရုတ်တရက် ပွင့်လင်းကျယ်ပြန့်သွားလေတော့သည်။
မြစိမ်းရောင် ကျောက်မျက်ရတနာများကို နေရာအနှံ့အပြားတွင် မြှုပ်နှံထားလေ၏။
၎င်းတို့ထံမှ ထွက်ပေါ်နေသော နူးညံ့သောအလင်းရောင်က ဤကျယ်ပြောလှသော မြေအောက်ကမ္ဘာကြီးဆီသို့ အလင်းတန်းများ သယ်ဆောင်လာပေးနေသည်။
သူတို့ ဆက်လက်လျှောက်လှမ်းလာခဲ့ကြသည်။ မကြာမီမှာပင် မဝေးလှသောနေရာမှ ထွက်ပေါ်လာသော စကားပြောသံများကို ရဲချီယန် ကြားလိုက်ရလေ၏။
"မင်းအဆင်ပြေရဲ့လား၊ မင်းသမီးဆီက အကန်ခံလိုက်ရတာ သိပ်ပြီးမပေါ့ဘူးနော်"
"ငါ့နံရိုးတွေတော့ ကျိုးကုန်ပြီထင်တယ်"
"မင်းကလည်း ဘာဖြစ်လို့ သွားပြီး သေလမ်းရှာရတာလဲ၊ သူက သာမန်နောက်ခံကလာတဲ့ စစ်သားတွေကို အမုန်းဆုံးဆိုတာ သိရဲ့သားနဲ့"
"ငါက ရာထူးတိုးချင်ရုံလေးပါ၊ ဒီလိုမျိုး အစောင့်အဖြစ်နဲ့ပဲ တစ်သက်လုံး မနေသွားချင်ဘူးလေ"
"အခုတော့ မရသေးဘူးလေ၊ မင်းသမီးက အဲ့ဒီအပျက်အစီးတွေထဲက ပစ္စည်းကို ရသွားတဲ့အထိ စောင့်လိုက်ပါဦး၊ ပြီးမှ ငါတို့တစ်နည်းနည်းနဲ့..."
"ငါတို့ တကယ်ကြီး အဲ့ဒီလိုလုပ်ကြမှာလား"
"ဒါမှမဟုတ်ရင်ရော ဘာလုပ်လို့ရမှာလဲ၊ အဲ့ဒီမိန်းမက အပျက်အစီးတွေထဲက ပစ္စည်းကို ရသွားပြီးတာနဲ့ ငါတို့သိနေတာကို သူဘယ်လိုလုပ် သည်းခံနိုင်မှာလဲ၊ သူမက ငါတို့ကို သေချာပေါက် နှုတ်ပိတ်ပစ်လိမ့်မယ်"
စကားဝိုင်းက တဖြည်းဖြည်းနှင့် အဝေးသို့ ပျောက်ကွယ်သွားလေတော့သည်။
နောက်ထပ် ဆယ်မိနစ်ခန့် လမ်းလျှောက်သွားပြီးနောက် ရဲချီယန်က အစောင့်နှစ်ဦး ပြောဆိုနေခဲ့သော ရှေးဟောင်းအပျက်အစီးများကို မြင်တွေ့လိုက်ရလေ၏။
အသက် ၃၀ ကျော်အရွယ်ရှိပြီဖြစ်ကာ အဘွားအိုတစ်ဦးနှင့်ပင် တူနေသော မင်းသမီးကို အကဲခတ်ကြည့်ပြီးနောက် ရဲချီယန်၏ ဒဏ္ဍာရီပုံပြင်များထဲမှ မင်းသမီးများနှင့် ပတ်သက်သော စိတ်ကူးယဉ်မှုများ လုံးဝ ပျက်စီးသွားခဲ့ချေပြီ။
"အရုပ်ဆိုးလိုက်တာ"
သူက တိုက်ရိုက် ထွက်မသွားဘဲ ဝေါလီ ယခင်က လုပ်ခဲ့သကဲ့သို့ ပတ်ပြေးကာ အလင်းတန်းအကာအကွယ်၏ အခြားတစ်ဖက်သို့ ရောက်ရှိလာခဲ့လေသည်။
၎င်းကို သူ၏လက်ဖြင့် ထိတွေ့ကြည့်လိုက်ရာ ပျော့အိအိ ခံစားမှုကြောင့် ဤအရာကို ချိုးဖျက်ရန် ခက်ခဲလိမ့်မည်ဟု ယုံကြည်ရန်ပင် ခဲယဉ်းနေတော့သည်။
"ငါဒီထဲကို ဘယ်လိုဝင်ရမလဲ"
ရဲချီယန်က တွေးတောခန်းဖွင့်နေမိ၏။
တကယ်လို့ ထိုမင်းသမီး ဖွင့်လိုက်ပြီးနောက်မှ သူက သေနတ်ဖြင့်ပစ်ကာ လုယူလိုက်လျှင်ကော ဘယ်လိုနေမလဲ။ အဲ့ဒါက နည်းလမ်းတစ်ခုပဲ၊ ပိုကောင်းတဲ့ ရွေးချယ်စရာ မရှိဘူးဆိုရင်တော့ သူဒီနည်းကိုပဲ စမ်းကြည့်ရပေလိမ့်မည်။
"နေပါဦး၊ ငါ့မှာ အကြံတစ်ခုရှိတယ်"
ရဲချီယန်က ကောင်းမွန်သော အကြံဉာဏ်တစ်ခုကို ရုတ်တရက် တွေးမိသွားလေ၏။
"ကျောက်ဆူးချသူ"
မှောင်မိုက်သော ရွှေရောင် ဘုရားစူး ကတ်ပြားက သူ၏လက်ချောင်းနှစ်ချောင်းကြားတွင် ထွက်ပေါ်လာလေသည်။
"ကျောက်ဆူး တည်နေရာအမှတ်ချလိုက်"
စိတ်စွမ်းအားများ ကုန်ဆုံးသွားလေ၏။
အလင်းတန်းအကာအကွယ်၏ အတွင်းပိုင်းတွင် ကျောက်ဆူးအမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက်။
"ရွက်လွှင့်လိုက်"
ရေနစ်နေသကဲ့သို့ ခံစားမှုမျိုးက သူ၏အပေါ်သို့ လွှမ်းခြုံလာလေ၏။ နားထဲတွင်လည်း အသံများက ဝင်ချည်ထွက်ချည် ဖြစ်နေတော့သည်။
သူမျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်သောအခါ အပျက်အစီးများအတွင်းသို့ ရောက်ရှိနေခဲ့ချေပြီ။
"အဆင်ပြေသွားပြီ၊ တကယ်ကြီး အလုပ်ဖြစ်သွားတာပဲ"
ရဲချီယန်က သူ၏လက်ထဲရှိ ဘုရားစူး ကတ်ပြားကို ကစားလိုက်ရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။
ကျောက်ဆူးအမှတ်အသားများနှင့် နေရာရွှေ့ပြောင်းခြင်း စွမ်းရည်တို့ပေါင်းစပ်လိုက်သောအခါ မည်သည့်အကာအကွယ် သို့မဟုတ် အလားတူအရာဝတ္ထုမျိုးကိုမဆို သူလုံးဝ ဖြတ်ကျော်နိုင်စွမ်း ရှိသွားခဲ့ပြီဖြစ်သည်။ ဘုရားစူး ကတ်ပြား၏ စွမ်းရည်များသည် ကြည့်လေကြည့်လေ ပိုမိုအစွမ်းထက်လာလေပင်။
"တကယ်လို့ ဘုရားစူး ကတ်ပြားကိုသာ နောက်ထပ်တစ်ကြိမ် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း လုပ်နိုင်ခဲ့မယ်ဆိုရင်..."
ရဲချီယန်က ခဏတာ စိုက်ကြည့်နေပြီးနောက် ခေါင်းခါယမ်းလိုက်လေသည်။
"မရသေးဘူး၊ အဆင့် ၄ အထက် ပစ္စည်းတွေကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း လုပ်လို့မရခဲ့တုန်းက ခံစားချက်မျိုးနဲ့ အတူတူပဲ၊ ငါ့ရဲ့လက်ရှိစွမ်းရည်က အခုထိ လုံလောက်အောင် မသန်မာသေးဘူး"
"ထားလိုက်ပါတော့၊ အပျက်အစီးတွေထဲမှာ တကယ်တမ်း ဘာတွေရှိနေလဲဆိုတာ အရင်ဆုံး ကြည့်ကြရအောင်"
ကတ်ပြားကို သိမ်းဆည်းလိုက်ပြီးနောက် ရဲချီယန်က သူ၏ရှေ့ရှိ ဧရာမ ပြောင်းပြန်ကြက်ခြေခတ် ယဇ်ပလ္လင် အဆောက်အအုံကြီး၏ အောက်ခြေဆီသို့ လျှောက်သွားလိုက်လေ၏။
"မြင့်လိုက်တာဟ"
မော့ကြည့်လိုက်သောအခါ ဤအဆောက်အအုံမှာ အထပ်ဆယ်ထပ်ခန့် မြင့်မားနေလေသည်။
သူက လှေကားထစ်များအတိုင်း အဆက်မပြတ် တက်သွားခဲ့သည်။ အမြင့်ဆုံးနေရာရှိ ကျယ်ဝန်းလှသော အဖြူရောင် ပလက်ဖောင်းဆီသို့ ရောက်ရှိသွားသည်အထိပင်။
လူတစ်ရပ်စာကျော်ခန့်သာရှိသော အခြားပြောင်းပြန်ကြက်ခြေခတ် ပလက်ဖောင်းတစ်ခုသာ ထိုနေရာတွင် တည်ရှိနေလေ၏။ အနီးသို့ လျှောက်သွားကြည့်လိုက်သောအခါ ဤကျယ်ပြောလှသော ယဇ်ပလ္လင်ကြီးသည် ပလက်ဖောင်းပေါ်ရှိ ပစ္စည်းတစ်စုံတစ်ရာအတွက် သီးသန့်တည်ရှိနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ဒါက ဘာကြီးလဲ"
အလင်းရောင်ခပ်ဖျော့ဖျော့ ခရမ်းရောင် ကတ်ပြားတစ်ခုက လေထဲတွင် ဝဲပျံနေလေ၏။
ကတ်ပြားပေါ်တွင် တံစဉ်းတစ်လက်ကို ကိုင်ဆောင်ထားကာ မျက်နှာကို ခေါင်းစွပ်ဖြင့် ဖုံးကွယ်ထားသော နတ်ဆိုးတစ်ကောင်၏ ပုံရိပ်မှာ အသက်ဝင်နေလေသည်။
"ဘာလို့ ဘုရားစူး ကတ်ပြားနဲ့ ခပ်ဆင်ဆင် တူနေတယ်လို့ ခံစားနေရတာလဲ၊ မဖြစ်နိုင်တာ"
ရဲချီယန်က တံတွေးမျိုချလိုက်ကာ ကတ်ကိုယူရန် လက်လှမ်းလိုက်လေ၏။ ကတ်ပြားကို ဆုပ်ကိုင်လိုက်မိသည့်အခိုက်အတန့်တွင် မရေမတွက်နိုင်သော သွေးဆောင်ဖြားယောင်းသည့် တီးတိုးစကားသံများကို သူ၏နားထဲ၌ ပဲ့တင်ထပ်နေသကဲ့သို့ ခံစားလိုက်ရတော့သည်။
သို့သော် ဤခံစားမှုမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။ ရဲချီယန်က ခေါင်းခါယမ်းလိုက်ကာ သူ၏နဖူးကို ပုတ်လိုက်လေသည်။
"အခုနက ဘာကြီးလဲ၊ စိတ်ကူးယဉ် အာရုံချောက်ချားတာများလား"
သူ၏ကိုယ်ပိုင် အခြေအနေပြကိန်းများကို ဆွဲဖွင့်ကြည့်လိုက်လေ၏။ ကျောက်ဆူးအမှတ်အသား ချထားရန်နှင့် နေရာရွှေ့ပြောင်းခြင်းအတွက် ကုန်ဆုံးသွားသော စိတ်စွမ်းအားများအပြင် သူ၏စိတ်စွမ်းအားမှာ ထက်ဝက်ခန့် ထပ်မံကျဆင်းသွားခဲ့သည်ကို တွေ့လိုက်ရသည်။
"ဒီကတ်ပြားက..."
"အကဲဖြတ်စမ်း"
သူက ရထားစနစ်ကို ဆွဲဖွင့်လိုက်ကာ သူ၏လက်ထဲရှိ ကတ်ပြားကို အကဲဖြတ်ကြည့်လိုက်လေ၏။
(နတ်ဆိုး ကတ်ပြား၊ သွေးဆောင်ဖြားယောင်းခြင်း)
(သွေးဆောင်ဖြားယောင်းခြင်း - စိတ်စွမ်းအားကို စားသုံးသည်။ သင်၏ လိမ်ညာမှုများကို ယုံကြည်လာစေလိမ့်မည်။)
(နတ်ဆိုး - ကိုယ်ခံစွမ်းအားကို စားသုံးသည်။ သင်၏ လုပ်ရပ်များက ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေလိမ့်မည်။)
"ဒီလောက် အစွမ်းထက်တဲ့ စွမ်းရည်တွေ ပါနေတာကို အဆင့်သတ်မှတ်ချက်တောင် မရှိဘူးလား၊ ဒီအရာက ဘုရားစူး ကတ်ပြားနဲ့ အမျိုးအစားတူ ပစ္စည်းမျိုးများ ဖြစ်နေမလား"
"မဟုတ်သေးဘူး၊ ဒါက ဘုရားစူး ကတ်ပြားလောက်တော့ စွမ်းအားကြီးမှာ မဟုတ်ဘူး"
"ကံကောင်းလိုက်တာ၊ ဒီမှတ်တိုင်မှာ အပိုဆုလာဘ်တစ်ခုတောင် ရှိနေတာပဲ"
ရဲချီယန်မှာ အတော်လေး စိတ်အခြေအနေ ကောင်းမွန်နေလေ၏။
အောက်ဘက်တွင် သော့နှင့်တူသော အရာတစ်ခုဖြင့် အလင်းတန်းအကာအကွယ်ကို ဖွင့်ရန် ကြိုးပမ်းနေဆဲဖြစ်သည့် အသက် ၃၀ ကျော်အရွယ် အရုပ်ဆိုးဆိုး မင်းသမီးကို သူတစ်ချက် လှမ်းကြည့်လိုက်လေသည်။
"သူမက ဒီလောက်တောင် ကြိုးစားနေတာဆိုတော့ အထဲကို ဝင်လာပြီး ဘာမှမတွေ့ရရင် သနားစရာကောင်းနေမှာပေါ့"
သူက အဆင့် ၃ ကျည်ဆန်တစ်တောင့်ကို ထုတ်ယူကာ ယဇ်ပလ္လင်ပေါ်သို့ ပေါ့ပေါ့ပါးပါးပင် တင်ထားပေးလိုက်လေ၏။
"အဆင့် ၃ ကျည်ဆန်ဆိုတော့လည်း မဆိုးပါဘူးလေ"
သူက ချက်ချင်း ထွက်မသွားခဲ့ပေ။ တကယ်တော့ သူချက်ချင်း ထွက်သွား၍လည်း မရနိုင်သေးချေ။ ကျောက်ဆူး၏ နေရာရွှေ့ပြောင်းခြင်း စွမ်းရည်က ပြန်လည်အသုံးပြုနိုင်ရန်မှာ တစ်နာရီကြာ လိုအပ်နေသေးသောကြောင့်ပင်။
ဤအချိန်အတွင်း ရဲချီယန်က အောက်သို့ပြန်ဆင်းသွားကာ ဝေါလီကို အရင်ပြန်လွှတ်လိုက်လေသည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွား၏။
"ကျောက်ဆူးချသူ"
"ရွက်လွှင့်လိုက်"
နောက်ထပ်တစ်ကြိမ် ရေနစ်နေသကဲ့သို့ ခံစားမှုမျိုး။ နောက်ထပ်တစ်ကြိမ် တီးတိုးအသံများ။
သို့သော် ဤတစ်ကြိမ်တွင်မူ ရဲချီယန်က မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ သူ၏ရထားအတွင်းသို့ ပြန်လည်ရောက်ရှိနေခဲ့ပြီ ဖြစ်လေတော့သည်။
အခန်း ၆၄ ဒသမမြောက် ဘူတာရုံမှ ထွက်ခွာခြင်း၊ အတွေ့အကြုံသစ် အကျိုးခံစားခွင့်များ ပိတ်သိမ်းခြင်း
"နောက်ဆုံးတော့ ပွင့်သွားပြီ"
မြေအောက်ကမ္ဘာတွင်။
မင်းသမီးသည် သူမ၏ရှေ့တွင် ပေါ်လာသော ခွေးဝင်ပေါက်နှင့်တူသည့် အဟပ်လေးကို ကြည့်ကာ ချက်ချင်းပင် ကိုယ်ကိုကိုင်းညွတ်၍ ၎င်းထဲသို့ တွားသွားဝင်ရောက်လိုက်လေ၏။
သူမ၏နောက်မှ အစောင့်များသည်လည်း လိုက်ပါဝင်ရောက်ရန် ပြင်ဆင်လိုက်ကြသော်လည်း မင်းသမီးက သူတို့ကို မလိုမုန်းတီးသော အကြည့်များဖြင့် ပြန်လည်စိုက်ကြည့်လိုက်တော့သည်။
"နင်တို့လို သာမန်အရပ်သားတွေက ဒီထဲကို ဝင်ဖို့မတန်ဘူး၊ အဲ့ဒီမှာပဲ အလိမ္မာလေးတွေလို စောင့်နေကြစမ်း၊ ငါဒီပစ္စည်းကို ရသွားတာနဲ့ ဒီကမ္ဘာကြီးက ငါ့ဟာဖြစ်လာတော့မှာ"
သူမသည် လေးလံသော စကတ်ကို မတင်လိုက်ကာ ခြေလှမ်းကျဲကြီးများဖြင့် အပေါ်ဘက်ရှိ ပြောင်းပြန်ကြက်ခြေခတ် ယဇ်ပလ္လင်ဆီသို့ လှမ်းတက်သွားလေ၏။ အချိန်အတော်ကြာ တက်လာပြီးနောက် အမြင့်ဆုံးအထပ်သို့ ရောက်ရှိသွားကာ ပိုမိုသေးငယ်သော ပြောင်းပြန်ကြက်ခြေခတ် ယဇ်ပလ္လင်ကို မြင်လိုက်ရသောအခါ မင်းသမီးသည် စိတ်အားထက်သန်သော အကြည့်များဖြင့် အပြေးအလွှား သွားရောက်ကြည့်ရှုလိုက်လေသည်။
"ဒါက ကျည်ဆန်လား၊ ကျည်ဆန်တစ်တောင့်တည်းလား၊ RUN ကုမ္ပဏီက ငါ့ကိုယူခိုင်းတဲ့အရာက ဒါလား"
ယဇ်ပလ္လင်ပေါ်တွင် ပြန့်ကျဲနေသော ကျည်ဆန်ကို ကောက်ယူလိုက်ရင်း မင်းသမီးက ဇဝေဇဝါဖြစ်သွားလေ၏။
"ဘယ်သူဂရုစိုက်မှာလဲ၊ ငါရရင် ပြီးတာပဲ"
သူမသည် ခေါင်းပေါ်မှ ဆံထိုးတစ်ချောင်းကို ယူကာ မြေကြီးပေါ်သို့ ပစ်ချလိုက်လေသည်။ ၎င်းထဲမှ သေးငယ်သော သလင်းကျောက်တစ်ခု ထွက်ပေါ်လာ၏။ သလင်းကျောက်သည် မှိန်ဖျော့သော အပြာရောင်အလင်းတန်းကို ထုတ်လွှင့်နေလေသည်။
RUN တံဆိပ်ကို တပ်ဆင်ထားကာ မျက်ကွင်းညိုကြီးများနှင့် အမျိုးသမီးတစ်ဦးက ရုံးခန်းသုံး ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး အလွန်တရာ ငြီးငွေ့ပျင်းရိနေသော လေသံဖြင့် စကားပြောလာလေ၏။
"နင်က ဘယ်သူလဲ၊ အော် ငါမှတ်မိပြီ၊ အမြင့်ဆုံး အဆင့် ၅ ပလက်ဖောင်းရှိတဲ့ ကမ္ဘာကြီးက မင်းသမီးပဲ၊ ကဲ ငါရှာခိုင်းထားတဲ့ ပစ္စည်းကို နင်ရပြီလား၊ အခုငါ့ကို ပေးလိုက်တော့"
"ရပြီ၊ ဒီမှာပါ"
သလင်းကျောက်အထက်ရှိ လေထဲတွင် ပလက်ဖောင်းနှင့်တူသော အရာဝတ္ထုတစ်ခု ထွက်ပေါ်လာလေ၏။ မင်းသမီးက ကျည်ဆန်ကို ၎င်းပေါ်တွင် လိမ္မာစွာ တင်ပေးလိုက်သည်။ မကြာမီမှာပင် အခြားတစ်ဖက်ရှိ အမျိုးသမီး၏လက်ထဲသို့ ထိုကျည်ဆန်လေး ရောက်ရှိသွားတော့သည်။
သူမသည် အလွန်တရာ ရိုးရှင်းလှသော ဤအဆင့် ၃ ကျည်ဆန်ကို ကြည့်ကာ တိတ်ဆိတ်သွားလေ၏။ အချိန်အတော်ကြာပြီးနောက် အမျိုးသမီးက ခေါင်းမော့လာကာ မင်းသမီးကို အေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်လိုက်လေတော့သည်။
"နင်ငါ့ကို ကစားနေတာလား"
အသက်အရွယ်ရနေပြီဖြစ်သော မင်းသမီး၏မျက်နှာတွင် အံ့အားသင့်သွားဟန် ပေါ်လာပြီး သူမက အလျင်အမြန် ခေါင်းခါယမ်းကာ လက်ကာပြလိုက်လေ၏။
"ဘယ်လိုလုပ် အဲ့ဒီလိုဖြစ်နိုင်မှာလဲ၊ RUN ကုမ္ပဏီက အရာရှိတစ်ယောက်ကို ကျွန်မဘယ်လိုလုပ် လိမ်ရဲမှာလဲ၊ အဲ့ဒီသော့ကိုယူပြီး နိုင်ငံတော်ရဲ့ နယ်စပ်ဒေသက မြေအောက်အပျက်အစီးတစ်ခုကို ရှာဖို့ ရှင်ပဲပြောခဲ့တာ မဟုတ်ဘူးလား၊ သော့နဲ့ကိုက်ညီတဲ့ ဒီအပျက်အစီးကို တွေ့ဖို့အတွက် ကျွန်မ တစ်နှစ်လုံးလုံး ရှာဖွေခဲ့ရတာပါ၊ ပြီးတော့ အပျက်အစီးရဲ့ ယဇ်ပလ္လင်ပေါ်မှာ ဒီကျည်ဆန်တစ်တောင့်ပဲ ရှိနေတာလေ၊ တခြားဘာမှ တကယ်မရှိတာပါ"
အမျိုးသမီးက သူမကို အေးစက်သော အကြည့်များဖြင့် ဆက်လက်စိုက်ကြည့်နေဆဲပင်။ ၎င်းတို့သည် သေနေသော ငါးတစ်ကောင်၏ မျက်လုံးများနှင့်တူနေသော်လည်း အဘွားအိုမင်းသမီးကို ထိတ်လန့်သွားစေရန် လုံလောက်နေကာ သူမမှာ မြေကြီးပေါ်သို့ ခွေခွေလေး လဲကျသွားလေတော့သည်။
"တော်တော့၊ အဲ့ဒီမှာ ကတ်ပြားတစ်ခု ရှိနေရမှာ၊ ကျည်ဆန်မဟုတ်ဘူး၊ အဲ့ဒီပစ္စည်း တကယ်ဘယ်မှာလဲ၊ နင့်ကို နောက်ဆုံးအခွင့်အရေး ပေးမယ်၊ အမှန်အတိုင်းပြောစမ်း"
"ကျွန်မ တကယ်မသိတာပါ၊ ဒီကျည်ဆန်တစ်တောင့်ပဲ တကယ်ရှိတာပါ၊ ရှင့်ကို မလိမ်ပါဘူး၊ တကယ်မလိမ်တာပါ"
ရှဲ
အပြာရောင်သလင်းကျောက်က ပေါက်ကွဲသွားလေ၏။ ချွန်ထက်သော အပိုင်းအစတစ်ခုက မင်းသမီး၏လည်ပင်းကို ရှပ်ထိသွားတော့သည်။
သွေးများ အလွန်အမင်း ထွက်လာသဖြင့် သူမက အကူအညီတောင်းခံရန် အသည်းအသန် လက်လှမ်းနေသော်လည်း အမှောင်ထုက ရေလှိုင်းကြီးတစ်ခုအလား သူမကို လုံးဝလွှမ်းခြုံသွားလေတော့သည်။
ငါးသေတစ်ကောင်၏မျက်လုံးများနှင့် အမျိုးသမီးသည် လက်ထဲရှိ အဆင့် ၃ ကျည်ဆန်ကို ကြည့်ကာ အတွေးများထဲ နစ်မျောနေလေ၏။
"ဒီဒေသခံက လိမ်နေတာ မဟုတ်ဘူး၊ ဒါပေမဲ့ နတ်ဆိုး ကတ်ပြားကို သိမ်းဆည်းထားတဲ့ အကာအကွယ်ကို သော့နဲ့ပဲ ဖွင့်လို့ရတာလေ၊ ဘာဖြစ်လို့ အထဲမှာ ကျည်ဆန်တစ်တောင့် ရောက်နေရတာလဲ"
"တစ်ယောက်ယောက်က ကတ်ပြားကို ကြိုပြီး လဲလှယ်သွားတာများလား"
"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ တကယ်လို့ အပျက်အစီးကို တစ်ယောက်ယောက်က ဖွင့်ခဲ့ပြီးပြီဆိုရင် နောက်တစ်ကြိမ်ဖွင့်ဖို့ သော့လိုမှာမဟုတ်ဘူး၊ ဒါဆိုရင် ဒါက တကယ်တော့ ဘာကြီးလဲ"
သူမသည် ကျည်ဆန်ကို ဘေးဘက်တွင်ချထားလိုက်ကာ အမှောင်ထုထဲတွင် ရှင်သန်နေသော တစ်စုံတစ်ခုကို စကားလှမ်းပြောလိုက်လေ၏။
"မကြာသေးခင်က အဲ့ဒီပလက်ဖောင်းကို သွားရောက်ခဲ့တဲ့ အဆင့် ၃၀ အထက် ရထားမောင်းနှင်သူ ဘယ်သူလဲဆိုတာကို သွားစုံစမ်းချေ"
"ဟုတ်ကဲ့"
ရပ်နားချိန် ရေတွက်ခြင်း (၁:၃၃:၄၅)
"ဝေါလီ၊ ပြန်လာခဲ့တော့"
ရထားခေါင်မိုးပေါ်တွင် ရဲချီယန်က နေပူဆာလှုံရင်း လှဲလျောင်းနေလေ၏။ ထိုစဉ် ဝေါလီကတော့ သေဆုံးသွားသော ဂေါ်ဘလင်များထံမှ လက်နက်များနှင့် သားရေသံချပ်ကာများကို အဆက်မပြတ် ဆွဲခွာနေခဲ့သည်။
ထို့နောက် ဤပစ္စည်းများကို ရဲချီယန် အပြင်ဘက်တွင်ချထားသော လုပ်ငန်းစဉ်ခုံမှတစ်ဆင့် ပြန်လည်အသုံးပြုကာ သိုလှောင်ခန်း ရထားတွဲအတွင်းသို့ ထည့်သွင်းရမည့် သယံဇာတတုံးများအဖြစ် ဖန်တီးလိုက်လေသည်။
"ဟား သွားရမယ့်အချိန်တောင် နီးနေပြီပဲ"
သမ်းဝေလိုက်ရင်း ရဲချီယန်က ဝေါလီကို ပြန်ခေါ်လိုက်လေ၏။
နောက်ဆုံးအသုတ် သယံဇာတများကို သိုလှောင်ခန်း ရထားတွဲအတွင်းသို့ ထည့်သွင်းလိုက်သည်။ ဤမှတ်တိုင်မှ ရရှိသော အကျိုးအမြတ်များသည် ယခုအခါ ပြည့်စုံသွားခဲ့ချေပြီ။
ရထားထဲသို့ ပြန်ရောက်သောအခါ ဝေါလီသည် ရဲချီယန်နှင့် အားသွင်းစက်ကြားတွင် စိတ်အားထက်သန်စွာဖြင့် လှည့်ပတ်သွားလာနေလေ၏။ စောင့်ကြည့်ရေးစက်၏ မျက်လုံးကြီးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကာ တုံးတိတိပုံစံဖြင့်ပင် အံ့ဩစရာကောင်းလောက်အောင် ချစ်စရာကောင်းနေတော့သည်။
"သွားတော့၊ မင်းဘယ်လောက်တောင် ကြိုးစားပန်းစား အလုပ်လုပ်ထားလဲဆိုတာ မြင်ပြီးပြီမို့ ဒီနေ့ မင်းကို အားအပြည့်သွင်းပေးပြီး ဆုချလိုက်မယ်"
နေ့တိုင်း အားအပြည့်သွင်းပေးနေသည် မှန်သော်လည်း ရဲချီယန်၏ ချီးကျူးစကားများကြောင့် ဝေါလီမှာ အလွန်တရာ ပျော်ရွှင်သွားလေ၏။
အပူချိန်ထိန်း ရထားတွဲထဲသို့ ပြန်ရောက်သောအခါ ရဲချီယန်သည် ၎င်းကို သင့်လျော်သော အခန်းတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲပြီးဖြစ်လေသည်။
သူသည် ကုန်သွယ်ရေး ပလက်ဖောင်းပေါ်မှ ထမင်းစားစားပွဲတစ်ခုကိုပင် ဝယ်ယူခဲ့ပြီး ရုပ်ပြစာအုပ်အချို့နှင့် ယခင်က သူရရှိခဲ့သော ဂိမ်းစက်ပါဝင်သည့် စာအုပ်စင်တစ်ခုကိုလည်း တပ်ဆင်ထားခဲ့သည်။ ဤရထားတွဲသည် အိမ်တွင်းအောင်းသူတစ်ဦးအတွက် လုံးဝသုခဘုံတစ်ခုဟု ဆိုနိုင်ပေသည်။
"ကောင်းပြီ၊ ထွက်ခွာရမယ့်အချိန် ရောက်ပြီ"
ဦးစားပေး ထွက်ခွာခွင့်မှာ အရောင်ပြောင်းသွားသည်မှာ ကြာလှပြီဖြစ်သည်။
သူက လက်မြှောက်ကာ ၎င်းကို ရိုက်ချလိုက်လေ၏။
ဦးစားပေးစွမ်းရည် အသက်ဝင်လေပြီ။
(ထွက်ခွာမည်)
ရထားလမ်းက ရှေ့သို့ ရွေ့လျားသွား၏။ လေဟာနယ်ကြီး ထွက်ပေါ်လာသည်။
ဟင်းလင်းပြင်ကို ဖြတ်သန်းသွားကာ ရင်းနှီးနေသည့်နေရာသို့ ပြန်လည်ရောက်ရှိလာလေ၏။ ပြတင်းပေါက်အပြင်ဘက်တွင်မူ ရင်းနှီးကျွမ်းဝင်နေသော အဆုံးအစမရှိသော လွင်တီးခေါင်ပြင်ဆီသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။
ရဲချီယန် လွင်တီးခေါင်ပြင်သို့ ပြန်လည်ရောက်ရှိလာသည့် အချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ဤဇုန်အတွင်းရှိ ရထားမောင်းနှင်သူ အားလုံးက ကြေညာချက်ကို မော့ကြည့်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းထံမှ အသံတစ်ခု ထွက်ပေါ်လာသောကြောင့်ပင်။
(ဂုဏ်ယူပါတယ်၊ ရထားမောင်းနှင်သူ အားလုံး ဒသမမြောက် ပလက်ဖောင်းမှ ထွက်ခွာလာနိုင်ခဲ့ပါပြီ)
(မနက်ဖြန်မှစ၍ သင်သည် အတွေ့အကြုံသစ် ကာကွယ်ရေး အကျိုးခံစားခွင့်များကို ရရှိတော့မည် မဟုတ်ပါ)
(လွင်တီးခေါင်ပြင်တွင် ရာသီဥတုများ နေ့စဉ် ပြောင်းလဲနေမည်ဖြစ်ပြီး ယခင်ကဲ့သို့ တစ်သမတ်တည်း ဖြစ်နေတော့မည် မဟုတ်ပါ)
(ဇုန်ဖြတ်ကျော် သူငယ်ချင်းဖွဲ့ခြင်းကို ဖွင့်လှစ်လိုက်ပါပြီ)
(ကစားသမားအများအပြား ပါဝင်နိုင်သော ပလက်ဖောင်းများကို ဖွင့်လှစ်လိုက်ပါပြီ)
(မဟာမိတ်အဖွဲ့များကို ဖွင့်လှစ်လိုက်ပါပြီ)
(အဖွဲ့လိုက်မုဒ်ကို ဖွင့်လှစ်လိုက်ပါပြီ)
(ကုန်သွယ်ရေး ပလက်ဖောင်းသည် ဤဇုန်အတွက်သာ ကန့်သတ်ထားခြင်းမျိုး ရှိတော့မည် မဟုတ်ပါ)
(ရထားအမြန်နှုန်း လိုအပ်ချက်မှာ အနည်းဆုံး တစ်နာရီလျှင် ကီလိုမီတာ ၆၀ အထိ တိုးမြှင့်လိုက်ပြီး ဤအမြန်နှုန်းအောက် လျော့နည်းသော ရထားများသည် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်)
(ရထားမောင်းနှင်သူများအားလုံး)
(သင့်ကို ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်)
(သင် ရှင်သန်နိုင်ပါစေလို့ ကျွန်ုပ်တို့ ဆုတောင်းပေးပါတယ်)
(သတိရပါ၊ သင့်ရဲ့ရထားကို စွန့်ပစ်မသွားပါနဲ့)
ဆက်တိုက်ထွက်ပေါ်လာသော ကြေညာချက်ရှည်ကြီးကြောင့် လူတိုင်းမှာ အနည်းငယ် တွေဝေသွားကြလေ၏။
(၆၈၃၁/၁၀၀၀၀)
"ဘာတွေလဲဟ၊ ဒီကြေညာချက်က ဘာလို့ အချိန်ဇယားနဲ့ ပိုပိုလွဲလာရတာလဲ၊ ငါတို့က ဘူတာရုံကနေ ထွက်လာခဲ့တာတောင် ကြာလှပြီ၊ အခုမှ လာပြောနေတယ်၊ ငါတောင် အိပ်ပျော်တော့မယ်"
"ထူးဆန်းတယ်နော်၊ အရင်တုန်းက ဇုန် E-3 ကလူတွေပြောတာ ကြားဖူးတယ်၊ ကြေညာချက် အချိန်တွေက တစ်ခါတလေ သူတို့နဲ့ မကိုက်ဘူးတဲ့၊ အခုသူတို့နဲ့ ပေါင်းပြီးသွားတော့ ကြေညာချက်ကလည်း အချိန်ဇယားနဲ့ လွဲနေတာပဲ၊ ဟေး E-3 ကလူတွေ မင်းတို့မှာ ပြဿနာ တစ်ခုခုများ ရှိနေလို့လား"
"ဘာ၊ တစ်ယောက်ယောက်က ပလက်ဖောင်းပေါ်မှာ ကိုးနာရီနီးပါးလောက် နေလို့ရတယ်လို့ မင်းပြောချင်တာလား၊ အဲ့ဒါက အဆင့် ၄ ရောက်ဖို့ လိုတယ်လေ၊ အာ မဟုတ်ဘူး၊ အဆင့် ၅ မလား"
"မင်းတို့ အာရုံစိုက်နေတာ ဒီဟာမဟုတ်ဘူးမလား၊ အဓိကက ကြေညာချက်ထဲမှာ ပြောသွားတဲ့ အရာတွေလေ"
"ကစားသမားအများအပြား ပါဝင်နိုင်တဲ့ ပလက်ဖောင်းတွေ၊ မဟာမိတ်အဖွဲ့တွေ၊ ကုန်သွယ်ရေး ပလက်ဖောင်း အပြည့်အဝ ဖွင့်လှစ်လိုက်တာတွေက ဘာကိုဆိုလိုတာလဲ၊ အရင်တုန်းက ကစားသမားအများအပြား ပါဝင်နိုင်တဲ့ ပလက်ဖောင်းတွေ မရှိခဲ့ဘူးလား"
"အဲ့ဒါတွေက အများသုံး ကုန်သွယ်ရေး ပလက်ဖောင်းတွေလေ၊ မင်းက ကြေညာချက်ကို သေချာနားမထောင်ခဲ့တာ သိသာပါတယ်၊ မဟာမိတ်အဖွဲ့တွေဆိုတာက မင်းဂိမ်းမဆော့ဖူးဘူးလား"
"ဟင်၊ မေးလ်ကဏ္ဍကို ကြည့်လိုက်ဦး၊ ဒီလူက ဘယ်သူလဲ၊ ငါတို့ကို ကြယ်တစ်ထောင်မြို့တော်ဆီကို လာဖို့ အများကြီး ဖိတ်စာတွေ ပို့နေတာ"
"တခြားမေးလ်တွေလည်း ရှိသေးတယ်၊ ဟာကွာ၊ ဘာလို့ ပိုပိုများလာရတာလဲ"
စကားပြောခန်းမှာ အသက်ဝင်လှုပ်ရှားလာလေတော့သည်။
ရဲချီယန်သည်လည်း သူတို့ပြောနေသော အီးမေးလ်များကို လက်ခံရရှိခဲ့လေ၏။